ခရစ်တော်မတိုင်မီက ပညတ်တရား
“ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံး ဆင်ခြင်အောက်မေ့လျက်နေပါ၏။”—ဆာလံ ၁၁၉:၉၇။
၁။ ကောင်းကင်တန်ဆာများ၏ရွေ့ရှားမှုကို အဘယ်အရာက ထိန်းချုပ်ထားသနည်း။
ကလေးဘဝကပင် ယောဘသည် ကြယ်များကို အံ့သြမိန်းမောစွာဖြင့် ငေးမောကြည့်ရှုခဲ့မိ၏။ သူ၏မိဘများက ကြယ်တာရာစုများကို အမည်မှည့်ခေါ်ခြင်းနှင့် ကောင်းကင်ပြင်တစ်ခွင် ကြယ်တာရာစုများ၏ရွေ့ရှားမှုများကိုထိန်းချုပ်ထားသော နိယာမတရားများနှင့်ပတ်သက်၍ သူတို့သိရှိထားရာများကို သူ့အား သွန်သင်ပေးခဲ့ကောင်းသွန်သင်ပေးခဲ့ပေမည်။ အမှန်သော် ရှေးအချိန်ကလူများသည် ရာသီဥတုပြောင်းလဲခြင်းကို မှတ်သားရန် ဤကြီးကျယ်ခမ်းနားလှသော ကြယ်တာရာစုများ၏ ပုံမှန်ရွေ့ရှားမှုကို အသုံးပြုခဲ့ကြခြင်းဖြစ်၏။ ၎င်းတို့ကို မှင်တက်ငေးမောမိသည့်အခါတိုင်း အင်အားကြီးမားလှသော အဘယ်စွမ်းအားကများ ဤကြယ်အဖွဲ့အစည်းများကို စုစည်းထားကြောင်း ယောဘမသိရှိခဲ့ချေ။ ထို့ကြောင့် သူ့ကို ယေဟောဝါဘုရားသခင်က “မိုးကောင်းကင်၏ဓမ္မတာတရားများကို နားလည်သလော” ဟု မေးခဲ့စဉ်က သူမဖြေဆိုနိုင်ခဲ့ချေ။ (ယောဘ ၃၈:၃၁-၃၃၊ သမ္မာ) မှန်သည်၊ မျက်မှောက်ခေတ် သိပ္ပံပညာရှင်များ အပြည့်အဝနားမလည်ကြသေးသော အလွန်တိကျပြီး နက်နဲရှုပ်ထွေးလှသည့် နိယာမတရားများဖြင့် ကြယ်များကို ထိန်းချုပ်ထားခြင်းဖြစ်လေသည်။
၂။ ဖန်ဆင်းရာအားလုံးတို့ကို ပညတ်အားဖြင့် ထိန်းချုပ်ထားသည်ဟု အဘယ်ကြောင့်ပြောနိုင်သနည်း။
၂ ယေဟောဝါသည် စကြဝဠာ၌ အကြီးမြတ်ဆုံးသော ပညတ်ပေးရှင်ဖြစ်တော်မူ၏။ ကိုယ်တော်၏လုပ်ဆောင်မှုမှန်သမျှသည် ပညတ်တရားအားဖြင့် ထိန်းချုပ်ထားလျက်ရှိ၏။ “ဝေနေယျသတ္တဝါအပေါင်းတို့တွင်လည်း သားဦးဖြစ်တော်မူ” သော ကိုယ်တော်၏အချစ်ဆုံးသားတော်သည် ဤစကြဝဠာကြီး မတည်ရှိမီကပင် သစ္စာရှိစွာဖြင့် သူ့ခမည်းတော်၏ပညတ်ချက်ကို နာခံခဲ့ခြင်းဖြစ်သည်တကား! (ကောလောသဲ ၁:၁၅) ကောင်းကင်တမန်များသည်လည်း ပညတ်တရားအားဖြင့် ညွှန်ကြားခြင်းခံရကြ၏။ (ဆာလံ ၁၀၃:၂၀) တိရစ္ဆာန်များပင် သူတို့အထဲ၌ ဖန်ဆင်းရှင်ထည့်သွင်းပေးထားတော်မူသော ပင်ကိုအသိစိတ်အတိုင်း လိုက်နာလုပ်ဆောင်သောအခါများ၌ ပညတ်တရား၏ ထိန်းချုပ်ခြင်းကိုခံရလေသည်။—သု. ၃၀:၂၄-၂၈; ယေရမိ ၈:၇။
၃။ (က) လူသားများသည် အဘယ်ကြောင့် ပညတ်ဥပဒေများကို လိုအပ်ရသနည်း။ (ခ) ယေဟောဝါသည် ဣသရေလလူမျိုးများကို မည်သည့်နည်းအားဖြင့် ထိန်းချုပ်ခဲ့သနည်း။
၃ လူသားများနှင့်ပတ်သက်၍ကော အသို့နည်း။ ကျွန်ုပ်တို့တွင် ဉာဏ်စွမ်းရည်၊ ကိုယ်ကျင့်တရားနှင့် စိတ္တစွမ်းရည်ကဲ့သို့သော လက်ဆောင်များ ပေးအပ်ထားခြင်းခံရသော်လည်း ဤအစွမ်းသတ္တိများကို အသုံးပြုရာတွင် ကျွန်ုပ်တို့ကိုညွှန်ကြားရန် ဘုရားပေးပညတ်ချက် အတော်အတန်လိုအပ်နေဆဲပင်ဖြစ်သည်။ ကျွန်ုပ်တို့၏ကနဦးမိဘများဖြစ်သော အာဒံနှင့် ဧဝတို့သည် စုံလင်မှုရှိကြသောကြောင့် သူတို့ကိုညွှန်ကြားရန် ပညတ်ချက်အနည်းငယ်သာ လိုအပ်ခဲ့၏။ သူတို့၏ကောင်းကင်ခမည်းတော်ကို ချစ်မြတ်နိုးခြင်းက ဝမ်းမြောက်ဝမ်းသာနာခံကြရန် သူတို့ကို ခိုင်လုံသောအကြောင်းရင်း ပေးခဲ့သင့်သည်။ သို့သော် သူတို့နာခံမှုမဲ့ခဲ့ကြသည်။ (ကမ္ဘာဦး ၁:၂၆-၂၈; ၂:၁၅-၁၇; ၃:၆-၁၉) ရလဒ်အဖြစ် သူတို့၏သားသမီးများသည် ညွှန်ကြားချက်များပေးရန် ပညတ်ချက်များစွာလိုအပ်သော အပြစ်သားများဖြစ်သွားလေသည်။ အချိန်များ ကုန်လွန်သွားသည်နှင့်အမျှ ဤလိုအပ်ချက်ကို မေတ္တာပါစွာဖြင့် ယေဟောဝါဖြည့်ဆည်းပေးခဲ့၏။ မိမိ၏မိသားစုကို လက်ဆင့်ကမ်းရမည့် တိကျသောပညတ်ချက်များကို နောဧအား ကိုယ်တော်ပေးသနားခဲ့သည်။ (ကမ္ဘာဦး ၉:၁-၇) ရာစုနှစ် များစွာကြာညောင်းပြီးနောက် ဘုရားသခင်သည် တိကျသော အက္ခရာတင်ပညတ်ဥပဒေပေါင်းချုပ်ကို မောရှေမှတစ်ဆင့် ဣသရေလလူမျိုးသစ်အား ပေးသနားတော်မူခဲ့သည်။ ဤသည်မှာ လူမျိုးတစ်မျိုးလုံးကို မြင့်မြတ်သောပညတ်အားဖြင့် ပထမဦးဆုံးအကြိမ် ယေဟောဝါထိန်းချုပ်ခဲ့ခြင်းဖြစ်လေသည်။ ပညတ်တရားကို စဉ်းစားသုံးသပ်ခြင်းက မျက်မှောက်ခေတ်ခရစ်ယာန်များ၏ဘဝအသက်တာ၌ မြင့်မြတ်သောပညတ်ချက်၏ အရေးကြီးသောအခန်းကဏ္ဍကို နားလည်ရန် ကျွန်ုပ်တို့အားကူညီပေးလိမ့်မည်ဖြစ်သည်။
မောရှေပညတ်—၎င်း၏ရည်ရွယ်ချက်
၄။ အာဗြဟံ၏ ရွေးချယ်ခံသားစဉ်မြေးဆက်များအတွက် ကတိထားရာမျိုးနွယ်တော်ကို မွေးထုတ်ရန်မှာ အဘယ်ကြောင့် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သနည်း။
၄ ပညတ်တရားနှင့်ပတ်သက်၍ ရင့်ကျက်သောကျောင်းသားတစ်ဦးဖြစ်သည့် တမန်တော်ပေါလုက “ထိုသို့ဖြစ်ပါမူ ပညတ်တရား၏ရည်ရွယ်ချက်ကား အဘယ်နည်း” ဟု မေးမြန်းခဲ့သည်။ (ဂလာတိ ၃:၁၉၊ သတင်းကောင်း) ဖြေဆိုရမည်ဆိုလျှင် မိမိ၏မိတ်ဆွေအာဗြဟံအား သူ၏မျိုးရိုးမှနေ၍ လူမျိုးအပေါင်းအတွက် ကြီးစွာသောကောင်းချီးမင်္ဂလာများကို သယ်ဆောင်လာမည့် မျိုးနွယ်တော် ပေါ်ထွန်းလိမ့်မည်ဖြစ်ကြောင်း ယေဟောဝါကတိပေးခဲ့သည်ကို ပြန်အမှတ်ရဖို့လိုသည်။ (ကမ္ဘာဦး ၂၂:၁၈) သို့သော် ဤနေရာ၌ စိန်ခေါ်ချက်တစ်ခုမှာ အာဗြဟံ၏ရွေးချယ်ခံသားစဉ်မြေးဆက်များဖြစ်သော ဣသရေလလူမျိုးအားလုံးသည် ယေဟောဝါကိုချစ်မြတ်နိုးကြသူများ မဟုတ်ကြခြင်းပင်ဖြစ်သည်။ အချိန်များကုန်လွန်သွားသည်နှင့်အမျှ အများစုတို့သည် လည်ပင်းခိုင်မာ၍ ပုန်ကန်တတ်သောသူများဖြစ်ပြီး အချို့တို့သည် ထိန်းမနိုင်သိမ်းမရသောသူများဖြစ်ကြောင်း ထင်ရှားလာလေသည်တကား! (ထွက်မြောက်ရာ ၃၂:၉; တရားဟောရာ ၉:၇) ထိုသို့သောသူများ ဘုရားသခင်၏လူမျိုးတော်အတွင်း၌ရှိနေခြင်းမှာ သူတို့၏ရွေးချယ်မှုကြောင့်မဟုတ်ဘဲ ထိုအထဲ၌ သူတို့မွေးဖွားလာခဲ့ခြင်းကြောင့်သာဖြစ်သည်။
၅။ (က) ယေဟောဝါသည် မောရှေပညတ်အားဖြင့် ဣသရေလလူမျိုးများကို အဘယ်အရာ သွန်သင်ပေးသနည်း။ (ခ) လိုက်နာသူများ၏ပြုမူကျင့်ကြံမှုအပေါ် အကျိုးသက်ရောက်မှုရှိရန် ပညတ်တရားကို မည်သို့ဖန်တီးထားသနည်း။
၅ ထိုကဲ့သို့သောပုဂ္ဂိုလ်မျိုးသည် ကတိထားရာမျိုးနွယ်တော်ကို ပေါ်ထွန်းစေပြီး မည်သို့အကျိုးရရှိစေနိုင်မည်နည်း။ စက်ရုပ်များကဲ့သို့ သူတို့ကိုထိန်းချုပ်မည့်အစား ပညတ်ချက်များအားဖြင့် ယေဟောဝါသွန်သင်ပေးတော်မူခဲ့သည်။ (ဆာလံ ၁၁၉:၃၃-၃၅; ဟေရှာယ ၄၈:၁၇) အမှန်သော် “ပညတ်တရား” ဟူသည့် ဟေဗြဲစကားလုံး တိုရာသည် “ညွှန်ကြားချက်” ဟု အဓိပ္ပာယ်ရလေသည်။ ၎င်းက အဘယ်အရာကို သွန်သင်ပေးသနည်း။ ဦးဆုံးအနေနှင့် အပြစ်ရှိသောအခြေအနေမှ သူတို့ကိုရွေးနုတ်မည့်သူဖြစ်သော မေရှိယကို သူတို့လိုအပ်ကြောင်း ဣသရေလလူမျိုးများအား ၎င်းကသွန်သင်ပေးသည်။ (ဂလာတိ ၃:၂၄) ပညတ်တရားသည် ဘုရားရေးရာကြောက်ရွံ့မှုနှင့် နာခံမှုရှိဖို့လည်း သွန်သင်ပေးသည်။ အာဗြဟံနှင့်ပတ်သက်သော ကတိတော်နှင့်အညီ ဣသရေလလူမျိုးများသည် အခြားလူမျိုးအားလုံးသို့ထံ ယေဟောဝါ၏သက်သေများအဖြစ် အမှုထမ်းရမည်ဖြစ်သည်။ ထို့ကြောင့် ယေဟောဝါပေါ်၌ ကောင်းသောထင်ဟပ်မှုရှိစေမည့် ပြုမူကျင့်ကြံမှုဆိုင်ရာ မြင့်မြတ်သောစည်းမျဉ်းဥပဒေသများကို ပညတ်တရားက သူတို့ကို သွန်သင်ပေးရမည်ဖြစ်သည်; ပတ်ဝန်းကျင်နိုင်ငံများ၏ ယိုယွင်းသောအမူအကျင့်များမှ သီးခြားဖြစ်စေရန် ဣသရေလလူမျိုးများအား ၎င်းကကူညီလိမ့်မည်ဖြစ်သည်။—ဝတ်ပြုရာ ၁၈:၂၄၊ ၂၅; ဟေရှာယ ၄၃:၁၀-၁၂။
၆။ (က) မောရှေပညတ်တွင် ပြဋ္ဌာန်းထားသောဥပဒေအရေအတွက် မည်မျှရှိသနည်း။ ၎င်းကို များလွန်းသည်ဟု အဘယ်ကြောင့် မယူမှတ်သင့်သနည်း။ (အောက်ခြေမှတ်ချက်ကို ရှု။) (ခ) မောရှေပညတ်ကို လေ့လာခြင်းမှ အဘယ်ထိုးထွင်းသိမြင်မှုကို ကျွန်ုပ်တို့ရရှိနိုင်မည်နည်း။
၆ သို့ဖြစ်၍ မောရှေပညတ်တွင် ၆၀၀ ကျော်သော ဥပဒေများပါဝင်ခြင်းဖြစ်လေသည်။a အက္ခရာတင်ထားသော ဤစည်းမျဉ်းဥပဒေများသည် ဝတ်ပြုရေးနယ်ပယ်၊ အုပ်ချုပ်ရေးနယ်ပယ်၊ အကျင့်စာရိတ္တနယ်ပယ်၊ တရားရေးနယ်ပယ်၊ အစားအစာနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးနယ်ပယ်တို့တွင်ပင် ထိန်းကျောင်းပေး၏။ သို့သော် ယင်းက ပညတ်တရားသည် သနားခြင်းကရုဏာကင်းမဲ့သော စည်းမျဉ်းများနှင့် တိုတိုနှင့်ထိမိသော အမိန့်များသာဖြစ်သည်ဟု ဆိုလိုပါသလော။ လုံးဝမဟုတ်ပါ! ဤပညတ်ပေါင်းချုပ်ကို လေ့လာခြင်းက ယေဟောဝါ၏မေတ္တာပါသော ဥပဓိရုပ်တော်ကို ကောင်းစွာထိုးထွင်းသိမြင်စေလေသည်။ ဥပမာအချို့ကို သုံးသပ်ကြည့်ပါ။
ကရုဏာနှင့် ထောက်ထားစာနာမှုကို ရှင်းလင်းစွာဖော်ပြထားသောပညတ်ချက်တစ်ရပ်
၇၊ ၈။ (က) ပညတ်တရားသည် ကရုဏာနှင့် ထောက်ထားစာနာမှုကို မည်သို့အလေးပေးဖော်ပြသနည်း။ (ခ) ဒါဝိဒ်၏ကိစ္စရပ်တွင် ယေဟောဝါသည် ပညတ်တရားကို ကရုဏာပါစွာဖြင့် မည်သို့လိုက်လျှောက်ခဲ့သနည်း။
၇ ပညတ်တရားသည် အထူးသဖြင့် နိမ့်ကျသူနှင့် အကူအညီမဲ့သူတို့အတွက် ကရုဏာနှင့် ထောက်ထားစာနာမှုကို အလေးပေးဖော်ပြသည်။ မုဆိုးမနှင့် မိဘမဲ့ကလေးများသည် ကာကွယ်မှုအတွက် ရွေးထုတ်ထားခြင်းခံရ၏။ (ထွက်မြောက်ရာ ၂၂:၂၂-၂၄) အလုပ်လုပ်သော တိရစ္ဆာန်များသည် ရက်စက်ကြမ်းကြုတ်မှုမှ ကာကွယ်ခံရ၏။ မူပိုင်ဥစ္စာပစ္စည်းများကို လေးစားမှုရှိကြရ၏။ (တရားဟောရာ ၂၄:၁၀; ၂၅:၄) လူသတ်မှုအတွက် ပြစ်ဒဏ်အဖြစ် သေမိန့်ချသော်လည်း မတော်တဆသတ်မိသည့်ကိစ္စရပ်များ၌ ကရုဏာပြ၏။ (တောလည်ရာ ၃၅:၁၁) ထင်ရှားနေသည်မှာ ဣသရေလတရားသူကြီးများသည် အပြစ်ပြုသူ၏သဘောထားအပေါ်အခြေပြုလျက် အချို့အမှားများအတွက် ပြဋ္ဌာန်းထားသော ပြစ်ဒဏ်နှင့်ပတ်သက်၍ ဆုံးဖြတ်ချက်ချရန် လွတ်လပ်မှုရှိကြခြင်းပင်ဖြစ်သည်။—ထွက်မြောက်ရာ ၂၂:၇ နှင့် ဝတ်ပြုရာ ၆:၁-၇ နှိုင်းယှဉ်။
၈ ယေဟောဝါရှင်သည် လိုအပ်သည့်နေရာ၌ ပညတ်တရားကို ခိုင်မာစွာ ကျင့်သုံးပါသော်လည်း ဖြစ်နိုင်မည့်နေရာတိုင်း၌ ကရုဏာတင်ပြခြင်းအားဖြင့် တရားသူကြီးများအတွက် ပုံနမူနာတင်ပြလေသည်။ သူ့မယားပြစ်မှားမှုအပြင် လူသတ်မှုကိုကျူးလွန်ခဲ့သော ဒါဝိဒ်မင်းသည် ကရုဏာပြခြင်းခံခဲ့ရလေသည်။ သူသည် အပြစ်မှ လွတ်ခဲ့ခြင်းတော့မရှိပေ။ အကြောင်းမှာ သူ၏အပြစ်၌မြစ်ဖျားခံသောခါးသီးသည့်အကျိုးဆက်များမှ သူ့ကို ယေဟောဝါမကာကွယ်ပေးခဲ့သောကြောင့်ဖြစ်၏။ သို့သော် နိုင်ငံတော်ပဋိညာဉ်အတွက်ကြောင့်လည်းကောင်း၊ ဒါဝိဒ်သည် ကရုဏာထားတတ်သော စိတ်သဘောမျိုးရှိပြီး နှလုံးမှ လှိုက်လှိုက်လှဲလှဲနောင်တယူခဲ့သောကြောင့်လည်းကောင်း အသေသတ်ခြင်းမခံခဲ့ရပေ။—၁ ဓမ္မရာဇဝင် ၂၄:၄-၇; ၂ ဓမ္မရာဇဝင် ၇:၁၆; ဆာလံ ၅၁:၁-၄; ယာကုပ် ၂:၁၃။
၉။ မောရှေပညတ်တွင် မေတ္တာသည် အဘယ်ကဏ္ဍ၌ ပါဝင်သနည်း။
၉ ထို့အပြင် မောရှေပညတ်သည် မေတ္တာကို အလေးပေးဖော်ပြသည်။ မေတ္တာကို တောင်းဆိုသော ဥပဒေတစ်ရပ် ပြဋ္ဌာန်းထားသည့် ယနေ့ခေတ်ရှိ နိုင်ငံတစ်နိုင်ငံကို မှန်းဆကြည့်ပါလေ! ထို့ကြောင့် မောရှေပညတ်သည် လူသတ်မှုကို တားမြစ်သည်သာမကဘဲ ၎င်းက “ကိုယ်နှင့်စပ်ဆိုင်သောသူကို ကိုယ်နှင့်အမျှချစ်ရမည်” ဟု အမိန့်ပေးထား၏။ (ဝတ်ပြုရာ ၁၉:၁၈) တိုင်းတစ်ပါးသားများအား တရားမမျှတစွာဆက်ဆံမှုကို တားမြစ်ထားသည်သာမကဘဲ ၎င်းက “သင်တို့သည် အိဂျစ်ပြည်တွင် ဝင်နေသူအဖြစ်နှင့်နေခဲ့ရဖူးသည်နှင့်အညီ ဝင်နေသူ့ကို . . . ကိုယ်နှင့်အမျှ ချစ်ကြရမည်” ဟု အမိန့်ပေးထား၏။ (ဝတ်ပြုရာ ၁၉:၃၄၊ သမ) သူ့မယားပြစ်မှားခြင်းကို မြစ်တားထားသည်သာမကဘဲ ၎င်းက လင်ယောက်ျားကို မိမိ၏ဇနီးအား ပျော်ရွှင်အောင်ထားရန် အမိန့်ပေးထားသည်တကား! (တရားဟောရာ ၂၄:၅) တရားဟောရာကျမ်းစောင်တစ်စောင်တည်း၌ပင် မေတ္တာ၏အရည်အသွေးကိုဖော်ပြသော ဟေဗြဲစကားလုံးကို အကြိမ်ပေါင်း ၂၀ ခန့်အသုံးပြုထား၏။ ယေဟောဝါသည် အတိတ်၊ ပစ္စုပ္ပန်နှင့် အနာဂတ်၌ မိမိ၏မေတ္တာနှင့်ပတ်သက်၍ ဣသရေလလူမျိုးများကို အာမခံထားလေသည်။ (တရားဟောရာ ၄:၃၇; ၇:၁၂-၁၄) အမှန်ပင် မောရှေပညတ်၌ အကြီးမြတ်ဆုံးသော အမိန့်တော်မှာ “သင်၏ဘုရားသခင် ထာဝရဘုရားကို စိတ်နှလုံးအကြွင်းမဲ့၊ အစွမ်းသတ္တိရှိသမျှနှင့်ချစ်လော့” ဟူသည့်ပညတ်ပင်ဖြစ်သည်။ (တရားဟောရာ ၆:၅) ယေရှုက ကိုယ်နှင့်စပ်ဆိုင်သူကို ချစ်ရန်ဟူသော ပညတ်ချက်အပါအဝင် အဆိုပါပညတ်ချက်သည် ပညတ်တရားတစ်ခုလုံး၏အချုပ်အခြာပင်ဖြစ်သည်ဟု မိန့်တော်မူခဲ့၏။ (ဝတ်ပြုရာ ၁၉:၁၈; မဿဲ ၂၂:၃၇-၄၀) “ကိုယ်တော်၏တရားကို အကျွန်ုပ်သည် အလွန်နှစ်သက်ပါ၏။ တစ်နေ့လုံးဆင်ခြင်အောက်မေ့လျက်နေပါ၏” ဟူ၍ ဆာလံဆရာရေးသားခဲ့ခြင်းသည် အံ့ဩစရာမဟုတ်ပေ။—ဆာလံ ၁၁၉:၉၇။
ပညတ်တရားကို တလွဲအသုံးပြုခြင်း
၁၀။ ဂျူးအများစုတို့သည် မောရှေပညတ်ကို မည်သို့ထင်မြင်ယူမှတ်ကြသနည်း။
၁၀ သို့ဖြစ်၍ ဣသရေလလူမျိုးများ မောရှေပညတ်ကို လေးမြတ်မှု လွန်စွာကင်းမဲ့ခဲ့ကြခြင်းသည် မည်မျှဝမ်းနည်းဖွယ်ရာဖြစ်သည်တကား! ထိုလူမျိုးသည် ပညတ်တရားကို မနာခံ၊ ၎င်းကို လျစ်လျူရှုကာ မေ့ပျောက်ပစ်လိုက်ကြသည်။ သူတို့သည် စင်ကြယ်သောဝတ်ပြုရေးကို အခြားလူမျိုးများ၏ ရွံရှာဖွယ်သောဘာသာရေးအလေ့အထများဖြင့် ညစ်ညမ်းစေခဲ့ကြ၏။ (၄ ဓမ္မရာဇဝင် ၁၇:၁၆၊ ၁၇; ဆာလံ ၁၀၆:၁၃၊ ၃၅-၃၈) ထို့အပြင် အခြားသောနည်းများဖြင့်လည်း ပညတ်တရားကို သူတို့ချိုးဖောက်ခဲ့ကြသည်။
၁၁၊ ၁၂။ (က) ဧဇရ၏လက်ထက်နောက်ပိုင်း ဘာသာရေးခေါင်းဆောင်အုပ်စုများသည် ယိုယွင်းပျက်ပြားမှုကို မည်သို့ပြုခဲ့ကြသနည်း။ (လေးထောင့်ကွက်ရှု) (ခ) ရှေးအချိန်မှ ရဗ္ဗိများသည် “ပညတ်တရားကို စောင်ရန်းကာ” ရန် လိုအပ်သည်ဟု အဘယ်ကြောင့်ယူမှတ်ခဲ့ကြသနည်း။
၁၁ ပညတ်တရားကို အထိခိုက် အပျက်စီးစေဆုံးသောသူအချို့မှာ ၎င်းကို သွန်သင်၍ စောင့်ထိန်းသည်ဟု ဆိုသူများပင်ဖြစ်ကြသည်။ ဘီ.စီ.အီး. ငါးရာစုမှ သစ္စာရှိကျမ်းပြုဆရာဧဇရ၏ လက်ထက်နောက်ပိုင်း ၎င်းအခြင်းအရာဖြစ်ပျက်ခဲ့၏။ ဧဇရသည် အခြားလူမျိုး၏ ဖောက်ပြန်ယိုယွင်းသောသြဇာလွှမ်းမိုးမှုကို အပြင်းအထန်တိုက်လှန်ခဲ့ပြီး ပညတ်တရားကို ဖတ်ရွတ်ခြင်းနှင့် သင်ကြားခြင်းကို အလေးအနက်ဖော်ပြခဲ့သည်။ (ဧဇရ ၇:၁၀; နေဟမိ ၈:၅-၈) ပညတ်တရားကို သွန်သင်ပေးသော ဆရာအချို့တို့က ဧဇရ၏ခြေရာကို လိုက်လျှောက်သည်ဟု ဆိုကြပြီး “မဟာပညာရှင်အဖွဲ့” ဟု ခေါ်တွင်လာသည့် အုပ်စုကို ဖွဲ့စည်းခဲ့ကြ၏။ ၎င်းတို့၏အဆိုအမိန့်များ၌ “ပညတ်တရားကို စောင်ရန်းကာ” ရမည်ဟူသည့် ညွှန်ကြားချက်ပါဝင်သည်။ ဤဆရာများက ပညတ်တရားသည် အဖိုးတန်ဥယျာဉ်တစ်ခုနှင့်တူကြောင်း ဆင်ခြင်ကြ၏။ ပညတ်ချက်များကို ပြစ်မှားခြင်းအားဖြင့် အဆိုပါဥယျာဉ်ကို ကျူးကျော်ခြင်းမျိုး မည်သူမျှမဖြစ်စေရန်အလို့ငှာ ထိုသို့သောအမှားမျိုး အနီးသို့ရောက်ရှိသွားခြင်းမှ လူများကိုကာကွယ်ဖို့ရန်အတွက် “နှုတ်တိုက်ပညတ်” ဟူသည့် ထပ်ဆင့်ပညတ်ချက်များကို သူတို့ဖန်တီးခဲ့ကြသည်။
၁၂ ဂျူးခေါင်းဆောင်များ ဤသို့ယူဆခြင်းသည် တော်လျော်မှန်ကန်မှုရှိသည်ဟု အချို့ကစောဒကတက်ကြမည်။ ဧဇရလက်ထက်ပြီးနောက် ဂျူးများသည် အထူးသဖြင့် ဂရိကဲ့သို့သော တိုင်းတစ်ပါးသားအာဏာပိုင်များ၏ အုပ်စိုးမှုကို ခံခဲ့ကြရ၏။ ဂရိအတွေးအခေါ်နှင့် ယဉ်ကျေးမှု၏သြဇာလွှမ်းမိုးမှုကို တွန်းလှန်ရန် ဂျူးများအထဲ၌ ဘာသာရေးခေါင်းဆောင်အုပ်စုများ ပေါ်ထွက်လာလေသည်။ (စာမျက်နှာ ၁၀ မှ လေးထောင့်ကွက် ရှု။) နောက်ပိုင်း၌ ဤအုပ်စုများမှ အချို့သောသူတို့သည် ပညတ်တရားကိုသွန်သင်ပေးသောဆရာများအဖြစ် လေဝိယဇ်ပုရောဟိတ်အတန်းအစားနှင့်အပြိုင်ဖြစ်လာကြပြီး ကျော်၍ပင် သာလွန်သွားလေသည်။ (မာလခိ ၂:၇ နှိုင်းယှဉ်။) ဘီ.စီ.အီး. ၂၀၀ ခုနှစ်ရောက်သောအခါ နှုတ်တိုက်ပညတ်ချက်များသည် ဂျူးတို့၏ဘဝအသက်တာအတွင်းသို့ ဝင်ရောက်လာလေသည်။ ပထမ၌ ဤပညတ်ချက်များကို အက္ခရာတင်ပညတ်တရားနှင့်တန်းတူဖြစ်သွားမည်စိုးသောကြောင့် အက္ခရာတင်ရေးသားခဲ့ခြင်းမရှိပေ။ သို့သော် တဖြည်းဖြည်းနှင့် လူ့အတွေးအခေါ်ကို ဘုရားသခင်၏အတွေးအခေါ်ထက် ရှေ့တန်းတင်လာကြသောကြောင့် နောက်ဆုံးတွင် “စောင်ရန်း” သည် ၎င်းကာကွယ်ရမည့် “ဥယျာဉ်” ကို ဖျက်ဆီးခဲ့လေသည်။
ဖာရိရှဲအယူဝါဒ၏ညစ်ညမ်းမှု
၁၃။ ဂျူးဘာသာရေးခေါင်းဆောင်အချို့သည် စည်းမျဉ်းမြောက်မြားစွာထုတ်ခြင်းအတွက် မည်သို့အကြောင်းပြကြသနည်း။
၁၃ တိုရာ သို့မဟုတ် မောရှေပညတ်သည် စုံလင်သည်ဖြစ်၍ ပေါ်ပေါက်လာသောပြဿနာရပ်တိုင်းအတွက် ၎င်း၌ အဖြေပါရှိရမည်ဟု ရဗ္ဗိများက ဆင်ခြင်ကြ၏။ ဤအခြေအမြစ်မရှိသော တွေးခေါ်မှုသည် ကြည်ညိုလေးစားမှု သိပ်မခံခဲ့ရပေ။ အမှန်သော် ၎င်းက ရဗ္ဗိများအား ပါးနပ်သည့်လူ့ဆင်ခြင်ဉာဏ်ကိုသုံးရန် ခွင့်ပြုလိုက်ခြင်းသာဖြစ်ပြီး ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ကိုယ်ရေးကိုယ်တာကိစ္စအတွက်ဖြစ်စေ၊ အခြားအသေးအဖွဲကိစ္စအတွက်ဖြစ်စေ၊ ကိစ္စရပ်အားလုံးတို့နှင့်ပတ်သက်သော စည်းမျဉ်းများအတွက် အခြေခံအဖြစ်သာ ဖြစ်ပုံပေါက်သွားစေလေသည်။
၁၄။ (က) ဂျူးဘာသာရေးခေါင်းဆောင်များသည် တစ်ပါးအမျိုးသားများနှင့် သီးခြားနေရမည်ဟူသည့် ကျမ်းစာပညတ်ချက်ကို ကျမ်းစာနှင့်မညီညွတ်လောက်အောင် တရားလွန်ဖြစ်သည့်အထိ မည်သို့ အကျယ်ချဲ့ခဲ့ကြသနည်း။ (ခ) ရဗ္ဗိစည်းမျဉ်းဥပဒေများသည် ဂျူးလူမျိုးများအား ဗာဗုလုန်သြဇာလွှမ်းမိုးမှုများမှ ကာကွယ်ပေးရန် မတတ်နိုင်ခဲ့ကြောင်း အဘယ်အရာကတင်ပြသနည်း။
၁၄ ထပ်ခါထပ်ခါပင် ဘာသာရေးခေါင်းဆောင်များသည် ကျမ်းစာပညတ်ချက်များကိုယူပြီး ၎င်းတို့ကို အလွန်အမင်းအကျယ်ချဲ့ကြသည်။ ဥပမာအနေနှင့် မောရှေပညတ်က တစ်ပါးအမျိုးသားများထံမှ သီးခြားနေရန် အားပေးထားသော်လည်း ရဗ္ဗိများက ဂျူးယဉ်ကျေးမှုနှင့်မဆိုင်သော အရာရှိသမျှကို အဆင်အခြင်ကင်းမဲ့စွာ အထင်သေးသည့်ပုံစံမျိုး ဟောပြောကြသည်။ . . . ။ ဂျူးအမျိုးသမီးတစ်ဦးသည် တိုင်းတစ်ပါးသားအမျိုးသမီးတစ်ဦး မီးဖွားခြင်းကို ကူညီခွင့်မရှိပေ။ အကြောင်းမှာ ထိုသို့ကူညီခြင်းအားဖြင့် သူမသည် “မှောက်မှားသောဝတ်ပြုရေးလိုက်စားမည့် ကလေးတစ်ယောက်မွေးဖွားလာရန် ကူညီပေးရာကျ” သောကြောင့်ဖြစ်သည်။ ဂရိအားကစားရုံများနှင့်ပတ်သက်၍ အယုံအကြည်ကင်းမဲ့သောကြောင့် ရဗ္ဗိများသည် အားကစားလေ့ကျင့်မှုမှန်သမျှကို တားမြစ်ကြသည်။ ဤအရာအားလုံးတို့သည် ဂျူးများကို တစ်ပါးအမျိုးသားတို့၏ယုံကြည်ချက်များမှ ကာကွယ်မှုအနည်းငယ်သာဖြစ်စေကြောင်း သမိုင်းကသက်သေထူလျက်ရှိ၏။ အမှန်သော် ဖာရိရှဲများကိုယ်နှိုက်က ဝိညာဉ်မသေဟူသော ဂရိတို့၏အယူဝါဒကို သွန်သင်လာခဲ့ကြသည်တကား!—ယေဇကျေလ ၁၈:၄။
၁၅။ ဂျူးဘာသာရေးခေါင်းဆောင်များသည် သန့်ရှင်းမှုနှင့် သွေးသားနီးစပ်သူနှင့် ကာမဆက်ဆံခြင်းဆိုင်ရာ ပညတ်ချက်များကို မည်သို့ထင်မှတ်မှားစေခဲ့ကြသနည်း။
၁၅ ဖာရိရှဲများသည် သန့်ရှင်းမှုဆိုင်ရာပညတ်ချက်များကိုလည်း အဓိပ္ပာယ်လွဲမှားအောင်ပြုခဲ့ကြသည်။ ဖာရိရှဲများသည် အခွင့်အရေးသာရခဲ့မည်ဆိုပါက နေကိုပင် သန့်စင်ပေးလိမ့်မည်ဟု အဆိုရှိ၏။ သူတို့၏ပညတ်ချက်က “ခင်းကြီးခင်းငယ်သွား” ရာတွင် ကြာနေခြင်းသည် လူတစ်ဦးကို ညစ်ညူးသွားစေလိမ့်မည်ဟု ခံယူထားသည်တကား! အဘယ်လက်ကို အရင်ဆေးရမည်၊ မည်သို့ဆေးရမည်ဟူသည့် စည်းမျဉ်းများဖြင့် လက်ဆေးကြောခြင်းသည်ပင် ရှုပ်ထွေးသောဓလေ့ထုံးတမ်းတစ်ခုဖြစ်လာလေသည်။ အမျိုးသမီးများသည် စင်ကြယ်မှုမရှိဟု အထူးသဖြင့် မှတ်ယူခြင်းခံရကြ၏။ (အမှန်အားဖြင့် သွေးသားနီးစပ်သူနှင့် ကာမဆက်ဆံခြင်းကို တားမြစ်ခြင်းဖြစ်သော) အဘယ်ဆွေမျိုးနီးစပ်သူအနီးသို့မျှ မ “ချဉ်းရ” ဟူသည့် ကျမ်းစာအဆိုအမိန့်ကိုအခြေပြု၍ ရဗ္ဗိများက လင်ယောက်ျားများသည် မိမိ၏ဇနီးနောက်တွင် လမ်းမလျှောက်ရ၊ ဈေး၌ သူမနှင့်စကားပြောခြင်းကို မပြုသင့်ဟု စည်းမျဉ်းထုတ်ကြသည်။—ဝတ်ပြုရာ ၁၈:၆၊ သမ။
၁၆၊ ၁၇။ နှုတ်တိုက်ပညတ်သည် အပတ်စဉ်ဥပုသ်စောင့်ခြင်းဆိုင်ရာအမိန့်တော်ကို မည်သို့အကျယ်ချဲ့ခဲ့ပြီး အဘယ်ရလဒ်ရှိစေခဲ့သနည်း။
၁၆ အထူးသဖြင့် ဆိုးဝါးသည်မှာ နှုတ်တိုက်ပညတ်က ဥပုသ်ပညတ်ကို ဝိညာဉ်ရေးသဘောအရ ကဲ့ရဲ့သရော်စရာဖြစ်စေခြင်းပင်ဖြစ်သည်။ ရက်သတ္တပတ်၏ ခုနစ်ရက်မြောက်နေ့တွင် အဘယ်အလုပ်မျှမပြုလုပ်ရဟူသည့် ရိုးရှင်းသောမိန့်မှာချက်ကို ဣသရေလတို့အား ဘုရားသခင်ပေးထား၏။ (ထွက်မြောက်ရာ ၂၀:၈-၁၁) သို့ရာတွင် နှုတ်တိုက်ပညတ်က ကွဲပြားခြားနားသော တားမြစ်ထားသည့်အလုပ်ပုံစံ ၃၉ မျိုးခန့်ကို ဆက်၍အနက်ဖွင့်ထားသည်။ ၎င်းတွင် ကြိုးချည်ခြင်း သို့မဟုတ် ကြိုးထုံးကိုဖြေခြင်း၊ ချုပ်ရိုးနှစ်ကြောင်းချုပ်ခြင်း၊ ဟေဗြဲစာနှစ်လုံးကို ရေးသားခြင်း စသောအရာများပါဝင်လေသည်။ ထိုနောက် ဤပုံစံတစ်ခုစီ၌ မဆုံးနိုင်သော ထပ်ဆင့်စည်းမျဉ်းများကို တောင်းဆိုထားပြန်သည်။ ဘယ်ကြိုးထုံးကို တားမြစ်ထားပြီး အဘယ်ကြိုးထုံးကို ခွင့်ပြုထားသနည်း။ နှုတ်တိုက်ပညတ်က ကိုယ့်အထင်ကိုအခြေပြုသောစည်းမျဉ်းဖြင့် အဖြေပေး၏။ ဆေးကုသခြင်းကို တားမြစ်ထားသည့်အလုပ်တစ်ခုအဖြစ်ယူမှတ်လာကြသည်။ ဥပမာအနေနှင့် ဥပုသ်နေ့၌ ကိုယ်အင်္ဂါတစ်ခုကျိုးသွားခြင်းကို ပြန်ဆက်ပေးခြင်းအား တားမြစ်ထားသည်။ သွားကိုက်သောသူတစ်ဦးသည် သူ၏အစားအသောက်ကို အရသာရှိစေရန် ရှာလကာရည်ကို အသုံးပြုနိုင်သော်လည်း သူ၏သွားများမှတစ်ဆင့် ရှာလကာရည်ကို စုပ်ယူခြင်းမပြုရပေ။ ၎င်းက သူ၏သွားနာခြင်းကို ပျောက်သွားစေနိုင်သောကြောင့်ဖြစ်၏!
၁၇ သို့ဖြင့် ဥပုသ်ပညတ်သည် ရာပေါင်းများစွာသော လူ့ဥပဒေအောက်၌ ဖုံးကွယ်နေသောကြောင့် ၎င်း၏ [ဝိညာဉ်ရေး] ရည်ရွယ်ချက်သည် ဂျူးအများစိုးရိမ်ခဲ့သည်ထက်ပင် ပို၍ပျောက်ပျက်ခဲ့ရသည်။ “ဥပုသ်နေ့၏အရှင်” ဖြစ်တော်မူသော ယေရှုခရစ်သည် ရင်သပ်ရှုမော၍ ပျော်ရွှင်ကြည်နူးဖွယ်ကောင်းသော အံ့ဖွယ်အမှုများကို ဥပုသ်နေ့၌ပြုလုပ်ခဲ့သောအခါက ကျမ်းတတ်နှင့် ဖာရိရှဲတို့ လှုံ့ဆော်မှုမခံခဲ့ကြရပေ။ ကိုယ်တော်သည် သူတို့၏စည်းမျဉ်းများကို လျစ်လျူရှုနေဟန်ရှိခြင်းကိုသာ သူတို့အာရုံစိုက်ခဲ့ကြသည်။—မဿဲ ၁၂:၈၊ သမ၊ ၁၀-၁၄။
ဖာရိရှဲတို့၏မိုက်မဲမှုမှ သင်ခန်းစာရယူခြင်း
၁၈။ မောရှေပညတ်၌ နှုတ်တိုက်ပညတ်ချက်များနှင့် ဓလေ့ထုံးစံများကို ထပ်ဖြည့်စွက်ခြင်း၏အကျိုးဆက်ကား အဘယ်နည်း။ ဥပမာတင်ပြပါ။
၁၈ အချုပ်ဖော်ပြရလျှင် သင်္ဘောကိုယ်ထည်၌ ခရင်းကောင်တွယ်ကပ်လာသကဲ့သို့ပင် ဤထပ်ဆင့်ပညတ်ချက်များနှင့် ဓလေ့ထုံးစံများသည် မောရှေပညတ်၌ စွဲကပ်လာသည်ဟု ကျွန်ုပ်တို့ဆိုနိုင်ပေသည်။ အနှောင့်အယှက်ပေးသော ဤအကောင်လေးသည် သင်္ဘောကို နှေးကွေးစေပြီး သံချေးကာကွယ်သည့်သုတ်ဆေးများကို ပျက်စီးစေတတ်သောကြောင့် သင်္ဘောပိုင်ရှင်သည် သူ၏သင်္ဘောမှ ၎င်းတို့ကို ခြစ်ထုတ်ပစ်ရန် များစွာအချိန်ကုန်ခံကြိုးစားရသည်။ ထို့နည်းတူ နှုတ်တိုက်ပညတ်နှင့် ဓလေ့ထုံးစံများသည် ပညတ်တရားကို ဝန်လေးစရာဖြစ်စေပြီး ၎င်းကို တလွဲသုံးခြင်းအားဖြင့် တဖြည်းဖြည်းလုံးပါးပါးသွားစေသည်။ သို့ရာတွင် ရဗ္ဗိများသည် အပိုဖြစ်သော အဆိုပါပညတ်ချက်များကို ခြစ်ထုတ်ပစ်မည့်အစား ထပ်၍ပင် ဖြည့်စွက်လိုက်ကြသေးသည်။ ပညတ်တရားကို ပြည့်စုံစေရန် မေရှိယကြွလာတော်မူသောအခါ “သင်္ဘော” သည် “ခရင်းကောင်များ” ဖြင့် အလွန်ပင်ဖုံးအုပ်လျက်ရှိရကား ၎င်းသည် ပေါလောမျောရုံလောက်သာရှိလေတော့သည်တကား! (သု. ၁၆:၂၅ နှိုင်းယှဉ်။) ဤဘာသာရေးခေါင်းဆောင်များသည် ပညတ်ပဋိညာဉ်ကို ကာကွယ်မည့်အစား မိုက်မိုက်မဲမဲပင် ၎င်းကို ဖောက်ဖျက်ခဲ့ကြသည်။ သို့သော် ၎င်းတို့၏ “စောင်ရန်း” ဥပဒေများသည် အဘယ်ကြောင့်ရှုံးနိမ့်ခဲ့ရသနည်း။
၁၉။ (က) ‘ပညတ်တရားကိုကာသော စောင်ရန်း’ သည် အဘယ်ကြောင့်ရှုံးနိမ့်ခဲ့ရသနည်း။ (ခ) ဂျူးဘာသာရေးခေါင်းဆောင်များသည် စစ်မှန်သောယုံကြည်မှု ကင်းမဲ့ခဲ့ကြကြောင်း အဘယ်အရာကတင်ပြသနည်း။
၁၉ ဖောက်ပြန်ယိုယွင်းမှုကို တိုက်လှန်သောစစ်ပွဲသည် ဥပဒေစာအုပ်၏စာမျက်နှာများပေါ်၌ မဟုတ်ဘဲ နှလုံးထဲ၌ တိုက်ခိုက်ခြင်းဖြစ်ကြောင်း ယုဒဘာသာရေးခေါင်းဆောင်များ နားမလည်ခဲ့ကြပေ။ (ယေရမိ ၄:၁၄) အောင်ပွဲခံနိုင်ရေးအတွက် သော့ချက်မှာ ယေဟောဝါ၊ ကိုယ်တော်၏ပညတ်ချက်နှင့် ကိုယ်တော်၏ဖြောင့်မတ်သည့်မူများကို ချစ်သည့်မေတ္တာပင်ဖြစ်၏။ ထိုကဲ့သို့သောမေတ္တာမျိုးသည် ယေဟောဝါမုန်းတီးသောအရာကို အလားတူပင်မုန်းတီးစေတတ်သည်။ (ဆာလံ ၉၇:၁၀; ၁၁၉:၁၀၄) သို့ဖြင့် မေတ္တာဖြင့်ပြည့်ဝနေသော နှလုံးသားပိုင်ရှင်များသည် ဤဖောက်ပြန်ယိုယွင်းလျက်ရှိသောလောကအလယ်၌ ယေဟောဝါ၏ပညတ်တော်များကို သစ္စာရှိစွာဖြင့် ဆက်လက်စောင့်ထိန်းတတ်ကြသည်။ ဂျူးဘာသာရေးခေါင်းဆောင်များသည် ထိုကဲ့သို့သောမေတ္တာမျိုးကို ပြုစုပျိုးထောင်၍ ပြည့်ဝနေစေခြင်းငှာ လူများကိုသွန်သင်ပေးဖို့အတွက် အခွင့်အရေးကြီးရှိလေသည်။ ထိုသို့ပြုလုပ်ရန် အဘယ်ကြောင့် သူတို့ပျက်ကွက်ခဲ့ကြသနည်း။ သူတို့ ယုံကြည်ခြင်းကင်းမဲ့သောကြောင့်ဖြစ်ကြောင်း ထင်ရှားပါသည်။ (မဿဲ ၂၃:၂၃၊ ကဘ၊ အောက်ခြေမှတ်ချက်) သစ္စာရှိလူသားများ၏နှလုံးသားထဲ၌ လုပ်ဆောင်သော ယေဟောဝါ၏ဝိညာဉ်တော်တန်ခိုးကို သူတို့ယုံကြည်ခဲ့ကြမည်ဆိုလျှင် အခြားသူများ၏ဘဝအသက်တာကို အတင်းအကျပ်ချုပ်ကိုင်ရန်လိုအပ်သည်ဟု သူတို့ထင်မှတ်ခဲ့ကြလိမ့်မည်မဟုတ်ချေ။ (ဟေရှာယ ၅၉:၁; ယေဇကျေလ ၃၄:၄) ယုံကြည်ခြင်းကင်းမဲ့ခဲ့သည့်အတွက်ကြောင့် ယုံကြည်ခြင်းကို သူတို့မပေးဝေခဲ့ကြ; လူ့ပညတ်ချက်များအားဖြင့် လူများကို သူတို့ဝန်လေးစေကြသည်။—မဿဲ ၁၅:၃၊ ၉; ၂၃:၄။
၂၀၊ ၂၁။ (က) ဓလေ့ထုံးစံများအပေါ်အခြေခံ၍ဖြစ်လာသော စိတ်သဘောထားသည် ယုဒဘာသာတရားအပေါ် အဘယ်လွန်ကဲသောအကျိုးဆက် သက်ရောက်ခဲ့သနည်း။ (ခ) ယုဒဘာသာတရား၌ ဖြစ်ပျက်ခဲ့သည့်အရာများမှ အဘယ်သင်ခန်းစာကို ကျွန်ုပ်တို့သင်ယူရရှိခဲ့သနည်း။
၂၀ ထိုဂျူးခေါင်းဆောင်များသည် မေတ္တာကို ပြုစုပျိုးထောင်ပေးခဲ့ကြခြင်းမရှိပေ။ သူတို့၏ဓလေ့ထုံးစံများသည် အပြင်ပန်းမျှဖြစ်ပြီး ဟန်ပြအတွက် စက်ရုပ်ဆန်ဆန်နာခံခြင်းသာဖြစ်သော ဘာသာရေးစွဲလမ်းမှုမျိုးကို ဖြစ်ပေါ်စေလေသည်။ ၎င်းမှာ အရေခြုံမှုကြီးထွားရန်အတွက် အကောင်းဆုံးသောအခြေအနေပင်ဖြစ်သည်။ (မဿဲ ၂၃:၂၅-၂၈) သူတို့၏စည်းမျဉ်းဥပဒေများက အခြားသူများကို တရားစီရင်ရန်အတွက် မရေမတွက်နိုင်သောအကြောင်းရင်းများကို ဖြစ်ပေါ်စေသည်။ ထို့ကြောင့် မာနကြီး၍ အာဏာရှင်ဆန်သော ဖာရိရှဲများသည် ယေရှုခရစ်ကိုယ်တော်တိုင်ကို ပြစ်တင်ဝေဖန်ရာ၌ တရားမျှတသည်ဟု ထင်မှတ်ခဲ့ကြခြင်းပင်ဖြစ်၏။ ပညတ်ချက်၏ အဓိကရည်ရွယ်ချက်ကို သူတို့မျက်ခြည်ပြတ်သွားပြီး စစ်မှန်သောမေရှိယကို ငြင်းပယ်ခဲ့ကြသည်။ ရလဒ်အနေနှင့် ဂျူးလူမျိုးများကို ကိုယ်တော်က “သင်တို့နေသောအိမ်သည် သင်တို့၌ လူဆိတ်ညံလျက်ကျန်ရစ်ရ၏” ဟု မိန့်တော်မူခဲ့ရလေသည်။—မဿဲ ၂၃:၃၈; ဂလာတိ ၃:၂၃၊ ၂၄။
၂၁ ကျွန်ုပ်တို့အတွက် သင်ခန်းစာကား အဘယ်နည်း။ တင်းကျပ်လွန်းပြီး ထုံးစံဓလေ့ကို အခြေခံ၍ဖြစ်ပေါ်လာသော စိတ်သဘောထားသည် ယေဟောဝါအား စင်ကြယ်စွာဝတ်ပြုကိုးကွယ်ခြင်းကို မဖြစ်စေကြောင်း ရှင်းလှပေသည်! သို့သော် ယင်းက မျက်မှောက်ခေတ်တွင်ရှိသော ယေဟောဝါကို ဝတ်ပြုကိုးကွယ်သူများသည် သမ္မာကျမ်းစာအတွင်း၌ ရှင်းလင်းစွာဖော်ပြထားခြင်းမရှိပါက အဘယ်စည်းမျဉ်းမျှ ရှိရန်မလိုတော့ဟု ဆိုလိုပါသလော။ မဟုတ်ပါ။ ပို၍ပြည့်စုံသောအဖြေအတွက် ယေရှုခရစ်သည် မောရှေပညတ်ချက်ကို သာ၍ကောင်းသော ပညတ်ချက်အသစ်တစ်ခုဖြင့် မည်သို့အစားထိုးခဲ့ကြောင်း နောက်ထပ်ဆင်ခြင်သုံးသပ်ကြည့်ကြစို့။
[အောက်ခြေမှတ်ချက်များ]
a မျက်မှောက်ခေတ်နိုင်ငံများ၏ တရားဥပဒေများနှင့်နှိုင်းစာလျှင် ၎င်းသည် အလွန်နည်းသောအရေအတွက်ပင်ဖြစ်ဆဲရှိ၏။ ဥပမာအနေနှင့် အမေရိကန်နိုင်ငံ၏အခြေခံဥပဒေများသည် ၁၉၉၀ ပြည့်လွန်နှစ်များအစောပိုင်းသို့ရောက်သောအခါ နှစ်စဉ်ထောင်ပေါင်းများစွာသော ဥပဒေအသစ်များကို ထည့်သွင်းနေရသည့်အတွက်ကြောင့် စာမျက်နှာပေါင်း ၁၂၅,၀၀၀ ကို ပြည့်လျှံသွားလေသည်။
သင်ရှင်းပြနိုင်မည်လော
◻ ဖန်ဆင်းရာအားလုံးသည် ဘုရားသခင်၏ပညတ်တရားအားဖြင့် မည်သို့ထိန်းချုပ်ထားခြင်းခံရသနည်း။
◻ မောရှေပညတ်၏အဓိကရည်ရွယ်ချက်ကား အဘယ်နည်း။
◻ မောရှေပညတ်သည် ကရုဏာနှင့် ထောက်ထားစာနာမှုကို အလေးပေးဖော်ပြကြောင်း အဘယ်အရာကတင်ပြသနည်း။
◻ ဂျူးဘာသာရေးခေါင်းဆောင်များသည် မောရှေပညတ်၌ မရေမတွက်နိုင်သော ဥပဒေများကို အဘယ်ကြောင့်ထပ်ဖြည့်စွက်ခဲ့ကြသနည်း။ အဘယ်ရလဒ်ရရှိခဲ့သနည်း။
[စာမျက်နှာ ၁၀ ပါ လေးထောင့်ကွက်]
ဂျူးဘာသာရေးခေါင်းဆောင်များ
ကျမ်းပြုဆရာ– သူတို့သည် မိမိတို့ကိုယ်ကိုမိမိ ဧဇရ၏ဆက်ခံသူများ၊ ပညတ်တရားကို ရှင်းလင်းဖော်ပြသူများအဖြစ် ရှုမြင်ယူမှတ်ကြသည်။ A History of the Jews စာအုပ်အရ “ကျမ်းပြုဆရာတိုင်းသည် မြင့်မြတ်သောစိတ်သဘောရှိသူများမဟုတ်ကြပါ။ ပညတ်ချက်မှ ဖုံးကွယ်နေသော အဓိပ္ပာယ်များကို ထုတ်ဖော်ရန် သူတို့၏ကြိုးစားအားထုတ်မှုများသည် အဓိပ္ပာယ်မရှိသော စည်းမျဉ်းများနှင့် အနှစ်သာရမဲ့သော ချုပ်ချယ်မှုများအဖြစ်သို့သာ ရောက်သွားလေ့ရှိသည်။ ၎င်းတို့က မကြာမီအချိန်တွင်း၌ပင် ကြင်နာမှုကင်းမဲ့သော မင်းတစ်ပါးကဲ့သို့ဖြစ်လာသည့် ဓလေ့ထုံးစံများဖြစ်သွားလေသည်။”
ဟက်စီဒင်းမ်– ထိုနာမည်၏အဓိပ္ပာယ်မှာ “ဘာသာရေးကိုင်းရှိုင်းသူများ” သို့မဟုတ် “သူတော်စင်များ” ဟူ၍ဖြစ်၏။ ဘီ.စီ.အီး. ၂၀၀ ဝန်းကျင်ခန့်တွင် အုပ်စုတစ်စုအဖြစ် ပထမဆုံးအကြိမ်ဖော်ပြခံရကာ သူတို့သည် နိုင်ငံရေးအရ ဩဇာရှိကြပြီး ပညတ်တရား၏သန့်စင်မှုအတွက် ဂရိတို့၏မတရားသြဇာလွှမ်းမိုးမှုကို ဆန့်ကျင်ဘက်ပြုသော တစ်ယူသန် ဆန့်ကျင်ရေးသမားများဖြစ်ကြသည်။ ဟက်စီဒင်းမ်များသည် ဖာရိရှဲများ၊ ဇဒ္ဒုကဲများနှင့် အက်ဆင်းများဟူ၍ အုပ်စုသုံးစုကွဲသွားခဲ့သည်။
ဖာရိရှဲ– ကျမ်းပညာရှင်အချို့က ထိုနာမည်သည် “သီးသန့်လူများ” သို့မဟုတ် “ခွဲထွက်သူများ” ဟူသည့်စကားလုံးတို့မှ ဆင်းသက်လာသည်ဟု ယူဆကြသည်။ သူတို့သည် တစ်ပါးအမျိုးသားများနှင့် သီးခြားနေရန် သူတို့၏အားထုတ်မှုတွင် အမှန်ပင် တစ်ဖက်စွန်းရောက်ကြသော်လည်း နှုတ်တိုက်ပညတ်၏နက်နဲရှုပ်ထွေးမှုများကို မသိရှိနားမလည်သော သာမန်ဂျူးလူမျိုးများနှင့် သူတို့၏လူစုသည် သီးခြားဖြစ်သည်၊ ပို၍မြင့်မြတ်သည်ဟုလည်း သူတို့ယူဆကြသည်။ ဖာရိရှဲတို့နှင့်ပတ်သက်၍ သမိုင်းဆရာတစ်ဦးက “အားလုံးကိုခြုံကြည့်မည်ဆိုလျှင် သူတို့သည် လူများကို ကလေးများကဲ့သို့ ဆက်ဆံကြပြီး ပွဲလမ်းသဘင်အခမ်းအနား ကျင်းပခြင်းများဆိုင်ရာ အသေးစိတ်အချက်အလက်များကို လိုက်လျှောက်ကြ၊ အနက်အဓိပ္ပာယ်ဖွင့်ကြသည်” ဟု ဆို၏။ နောက်ကျမ်းပညာရှင်တစ်ဦးက “ဖာရိရှဲအယူဝါဒသည် အခြေအနေရပ်အားလုံးနှင့်စပ်လျဉ်းသည့် မြောက်မြားလှစွာသော တရားဥပဒေဆိုင်ရာစည်းမျဉ်းကို ပေါ်ပေါက်စေခြင်းအားဖြင့် အသေးအဖွဲကိစ္စများကို ပုံကြီးချဲ့ကာ အရေးပါသည့်ကိစ္စများကို မှေးမှိန်သွားစေသော ရှောင်လွှဲ၍မရသည့်အကျိုးဆက်များကို ဖြစ်ပေါ်စေသည် (မ. ၂၃:၂၃)” ဟုဆိုသည်။
ဇဒ္ဒုကဲ– အထက်တန်းလွှာ၊ ယဇ်ပုရောဟိတ်အတန်းအစားတို့နှင့် အနီးကပ်ဆက်နွှယ်နေသော အုပ်စုတစ်စုဖြစ်သည်။ နှုတ်တိုက်ပညတ်၌ အက္ခရာတင်ပညတ်တရားကဲ့သို့သော ခြေမြစ်ခိုင်လုံမှုမျိုးမရှိဟုဆို၍ ကျမ်းပြုဆရာများနှင့် ဖာရိရှဲများကို သူတို့အကြီးအကျယ်ဆန့်ကျင်ဘက်ပြုကြသည်။ ဤငြင်းခုံမှု၌ သူတို့၏ရှုံးနိမ့်မှုကို မစ်ရှ်နာကိုယ်နှိုက်က “သာ၍စည်းကမ်းတင်းကျပ်ခြင်းသည် [အက္ခရာတင်] ပညတ်တရား၏စကားရပ်များ [ကို လိုက်လျှောက်ခြင်း] ထက် ကျမ်းပြုဆရာများ၏စကားရပ်များ [ကို လိုက်လျှောက်ခြင်း] နှင့် သက်ဆိုင်သည်” ဟု ဖော်ပြခြင်းအားဖြင့် ထင်ရှားပြလေသည်။ နောက်ပိုင်း၌ နှုတ်တိုက်ပညတ်ချက်နှင့်ပတ်သက်သော မှတ်ချက်များ ပို၍ပါဝင်သည့် တာလမွဒ်က တစ်ဆင့်တက်၍ “ကျမ်းပြုဆရာများ၏စကားရပ်များသည် . . . တိုရာ၏စကားရပ်များထက် ပို၍တန်ဖိုးရှိသည်” ဟု ဆိုထားလေသည်။
အက်ဆင်း– သီးခြားဖြစ်သော အခြေခံတူသူလူစုများ၌ မိမိတို့ကိုယ်ကိုမိမိ သီးသန့်နေထိုင်ကြသော ခြိုးခြံနေထိုင်တတ်သူ လူအုပ်စုတစ်စုဖြစ်သည်။ The Interpreter’s Dictionary of the Bible အလိုအရ အက်ဆင်းများသည် ဖာရိရှဲများထက်ပင် ပို၍သီးသန့်နေထိုင်ကြပြီး “တစ်ခါတစ်ရံ ဖာရိရှဲများကိုယ်နှိုက်ထက်ပင် ဖြောင့်မတ်နိုင်လွန်းကြသည်။”
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
ကြယ်တာရာစုများကိုထိန်းချုပ်သော နိယာမတရားများအကြောင်း ယောဘကို သူ၏မိဘများက သင်ကြားပေးခဲ့ကောင်းသင်ကြားပေးခဲ့မည်