လင်သားနှင့်အကြီးအကဲ— တာဝန်များကို မျှတစေရေး
‘ကြီးကြပ်မှူးသည် မယားတစ်ယောက်တည်းရှိသော လင်သားဖြစ်ရမည်။’—၁ တိမောသေ ၃:၂၊ ကဘ။
၁၊ ၂။ ဓမ္မဆရာအိမ်ထောင်သားမွေးမပြုရခြင်းသည် အဘယ်ကြောင့် ကျမ်းစာနှင့်မညီသနည်း။
ပထမရာစုတွင် သစ္စာရှိခရစ်ယာန်များသည် မိမိတို့၏များပြားလှသော တာဝန်များကို မျှတစေရေးနှင့်ပတ်သက်၍ စိုးရိမ်မကင်းဖြစ်ခဲ့ကြသည်။ တစ်ကိုယ်ရေ ဆက်နေသော ခရစ်ယာန်တစ်ဦးသည် “သာ၍ကောင်းစွာပြု” ကြောင်း တမန်တော်ပေါလု ပြောသောအခါ ဤကဲ့သို့သောအမျိုးသားတစ်ဦးသည် ခရစ်ယာန်အသင်းတော်တွင် ကြီးကြပ်မှူးတစ်ဦးအနေနှင့်အမှုဆောင်ဖို့ သာ၍သင့်တော်မည်ဟု ဆိုလိုပါသလော။ အမှန်မှာ ထိုသူတစ်ကိုယ်ရေနေခြင်းသည် အကြီးအကဲဖြစ်ခြင်းအတွက် တောင်းဆိုချက်တစ်ခုဖြစ်ပါသလော။ (၁ ကောရိန္သု ၇:၃၈) ကက်သလစ်ဓမ္မဆရာဖြစ်ဖို့အတွက် အိမ်ထောင်သားမွေးမပြုဖို့ တောင်းဆိုထားသည်။ သို့သော် ဓမ္မဆရာအိမ်ထောင်သားမွေးမပြုရခြင်းသည် ကျမ်းစာနှင့်ညီညွတ်ပါသလော။ အရှေ့တိုင်းသြသဒေါက်စ်ချာ့ချ်များသည် ယင်းတို့၏အသင်းတော်ဓမ္မဆရာများကို အိမ်ထောင်သည်များဖြစ်ခွင့်ပေးထားသော်လည်း ယင်းတို့၏ ဘိရှော့များကိုမူ ခွင့်မပြုပါ။ ယင်းသည် ကျမ်းစာနှင့် ညီညွတ်ပါသလော။
၂ ခရစ်ယာန်အသင်းတော်၏ အုတ်မြစ်တွင်ပါဝင်ကြသော ခရစ်တော်၏တမန်တော် ၁၂ ပါးမှ အများအပြားမှာ အိမ်ထောင်သည်များဖြစ်ကြသည်။ (မဿဲ ၈:၁၄၊ ၁၅; ဧဖက် ၂:၂၀) တမန်တော်ပေါလုက “ကေဖ [ပေတရု] နှင့် သခင်ဘုရားညီများမှစ၍ ကြွင်းသောတမန်တော်များကဲ့သို့ ငါတို့သည် . . . လှည့်လည်သည်တွင် နှမဖြစ်သောမယား ပါစေခြင်းငှာအခွင့်မရှိသလော” ဟုရေးသားခဲ့သည်။ (၁ ကောရိန္သု ၉:၅) ကက်သလစ်စွယ်စုံကျမ်းသစ်က “အိမ်ထောင်သားမွေးမပြုရဥပဒေသည် ချာ့ချ်၏အစထွင်မှု” ဖြစ်ကြောင်းနှင့် “ဓ[မ္မ] သ[စ်ကျမ်း] ၏ဓမ္မအမှုဆောင်များသည် အိမ်ထောင်သားမွေးခြင်းကိုရှောင်ရန် တာဝန်မရှိ” ကြောင်း ဝန်ခံသည်။ ယေဟောဝါသက်သေတို့သည် ချာ့ချ်၏ဥပဒေကိုမလိုက်ဘဲ ကျမ်းစာပုံစံကို လိုက်နာကြသည်။—၁ တိမောသေ ၄:၁-၃။
အကြီးအကဲဖြစ်ခြင်းနှင့် အိမ်ထောင်ပြုခြင်းတို့သည် အပ်စပ်ရာများဖြစ်
၃။ ခရစ်ယာန်ကြီးကြပ်မှူးများသည် အိမ်ထောင်သည်များဖြစ်နိုင်ကြောင်း မည်သည့်ကျမ်းစာအချက်အလက်များက ပြသနည်း။
၃ ကြီးကြပ်မှူးများအဖြစ်ခန့်အပ်ထားခြင်းခံရသော အမျိုးသားများသည် အိမ်ထောင်သည်များမဖြစ်ရဟု တောင်းဆိုဖို့နေနေသာသာ တိတုထံသို့ ပေါလုက ရေးသားလိုက်သည်မှာ “ငါသည် သင့်ကိုမှာထားခဲ့နှင့်သည်အတိုင်း ကရေတေကျွန်း၌ မစုံလင်သမျှတို့ကို ပြင်ဆင်၍ မြို့ရွာများ၌ သင်းအုပ် [ဂရိ၊ ပရက်စ်ဘီတဲရော့စ်] တို့ကိုခန့်ထားစေခြင်းငှာ ထိုကျွန်း၌ သင့်ကို ငါထားခဲ့သတည်း။ အပြစ်တင်ခွင့်နှင့်ကင်းလွတ်သောသူ၊ မယားတစ်ယောက်တည်းရှိသောသူဖြစ်လျှင်လည်းကောင်း၊ သူ၏သားသမီးတို့သည် ကာမဂုဏ်၌ လွန်ကျူးသည်ဟု အပြစ်တင်ခြင်း၊ နားမထောင်ခြင်းနှင့်လွတ်၍ ယုံကြည်လျှင်လည်းကောင်း ထိုသို့သောသူကို ခန့်ထားအပ်၏။ အကြောင်းမူကား သင်းအုပ် [ဂရိ၊ အီပစ္စကိုပေါ့စ်၊ ယင်းမှ “ဘိရှော့” ဟူသည်စကားလုံး ဆင်းသက်လာသည်] သည် ဘုရားသခင်၏ဘဏ္ဍာစိုးကဲ့သို့ အပြစ်တင်ခွင့်နှင့် ကင်းလွတ်သောသူဖြစ်ရမည်” ဟူ၍တည်း။—တိတု ၁:၅-၇။
၄။ (က) အိမ်ထောင်ပြုခြင်းသည် ခရစ်ယာန်ကြီးကြပ်မှူးများဖြစ်ဖို့အတွက် တောင်းဆိုချက်တစ်ခုမဟုတ်ကြောင်း ကျွန်ုပ်တို့မည်သို့သိရသနည်း။ (ခ) အကြီးအကဲဖြစ်သော တစ်ကိုယ်ရေညီအစ်ကိုတွင် မည်သည့်အခွင့်အရေးရှိသနည်း။
၄ တစ်ဖက်တွင်မူ အိမ်ထောင်ပြုခြင်းသည် အကြီးအကဲဖြစ်ခြင်းအတွက် ကျမ်းစာတောင်းဆိုချက်တစ်ခုမဟုတ်ပြန်ပါ။ ယေရှုသည် တစ်ကိုယ်ရေနေတော်မူခဲ့သည်။ (ဧဖက် ၁:၂၂) ပထမရာစု ခရစ်ယာန်အသင်းတော်တွင် ထင်ရှားသည့်ကြီးကြပ်မှူးဖြစ်သော ပေါလုသည် ထိုအချိန်တွင် အိမ်ထောင်မရှိသူဖြစ်သည်။ (၁ ကောရိန္သု ၇:၇-၉) ယနေ့အချိန်တွင် အကြီးအကဲများအဖြစ် အမှုထမ်းကြသော တစ်ကိုယ်ရေခရစ်ယာန်များစွာရှိသည်။ သူတို့တစ်ကိုယ်ရေဘဝသည် ကြီးကြပ်မှူးများအဖြစ် မိမိတို့တာဝန်ကို ကျေပွန်စေရန် ပို၍အချိန်ပေးနိုင်ဖွယ်ရှိသည်။
‘အိမ်ထောင်သည်အမျိုးသားသည် စိတ်နှစ်ခွဖြစ်နေသည်’
၅။ ကျမ်းဆိုင်ရာမည်သည့်အဖြစ်မှန်ကို အိမ်ထောင်သည်ညီအစ်ကိုများ သိရှိထားသင့်သနည်း။
၅ ခရစ်ယာန်တစ်ဦး အိမ်ထောင်ပြုသောအခါ မိမိ၏အချိန်နှင့် ဂရုစိုက်မှုပေးဖို့လိုအပ်မည့် တာဝန်သစ်များကို ယူလိုက်ခြင်းဖြစ်ကြောင်း ထိုသူ သဘောပေါက်ထားသင့်သည်။ ကျမ်းစာက “အိမ်ထောင်မဲ့အမျိုးသားသည် သခင်ဘုရား၏အမှုတော်ကို အလေးအနက်ထားတတ်၏။ သူသည် သခင်ဘုရားနှစ်သက်တော်မူသောအမှုကို ပြုလုပ်လိုသည်။ သို့ရာတွင် အိမ်ထောင်ရှင်အမျိုးသားမူကား မိမိ၏ဇနီးနှစ်သက်စေရန် စိတ်ဆန္ဒရှိသဖြင့် လောကီမှုရေးကို အလေးအနက်ထားတတ်၏။ ထို့ကြောင့် သူသည် စိတ်နှစ်ခွဖြစ်၍နေ၏” ဟု ဖော်ပြသည်။ (၁ ကောရိန္သု ၇:၃၂-၃၄၊ သတင်းကောင်း) အဘယ်သဘောဖြင့် စိတ်နှစ်ခွဖြစ်၍နေသနည်း။
၆၊ ၇။ (က) အိမ်ထောင်သည်အမျိုးသားတစ်ဦး “စိတ်နှစ်ခွ” ဖြစ်နေသည့် နည်းတစ်နည်းကားအဘယ်နည်း။ (ခ) အိမ်ထောင်သည်ခရစ်ယာန်များကို ပေါလု မည်သည့်သြဝါဒပေးသနည်း။ (ဂ) ယင်းသည် အလုပ်တာဝန်တစ်ခုကို လက်ခံဖို့ အမျိုးသားတစ်ဦး၏ဆုံးဖြတ်ချက်ကို မည်သို့သြဇာလွှမ်းနိုင်သနည်း။
၆ အကြောင်းတစ်ခုမှာ အိမ်ထောင်သည်အမျိုးသားသည် မိမိကိုယ်ခန္ဓာအပေါ် မိမိ၏ပိုင်ဆိုင်ခွင့်ကို စွန့်လွှတ်လိုက်ရသည်။ ပေါလုက ဤသို့ရှင်းရှင်းလင်းလင်းဖော်ပြသည်– “ဇနီးဖြစ်သူသည် မိမိကိုယ်ခန္ဓာကိုမပိုင်။ လင်ယောက်ျားသာလျှင် ပိုင်၏။ ထိုနည်းတူ လင်ယောက်ျားသည် မိမိကိုယ်ခန္ဓာကိုမပိုင်။ ဇနီးဖြစ်သူသာလျှင်ပိုင်၏။” (၁ ကောရိန္သု ၇:၄၊ သတင်းကောင်း) အိမ်ထောင်ပြုဖို့စဉ်းစားနေသူတချို့က မိမိတို့အိမ်ထောင်ရေးတွင် လိင်ကိစ္စသည် သာမညအရာမျှသာဖြစ်သည့်အတွက် အဆိုပါသြဝါဒသည် အရေးမကြီးလှပါဟု ယူဆပေမည်။ သို့သော် အိမ်ထောင်မပြုမီ သန့်ရှင်းစင်ကြယ်မှုရှိဖို့အတွက် ကျမ်းစာက တောင်းဆိုထားသောကြောင့် ခရစ်ယာန်တို့သည် မိမိတို့အိမ်ထောင်ဖက်ဖြစ်လာမည့်သူ၏ ကိုယ်လက်နှီးနှောမှုဆိုင်ရာလိုအပ်ချက်များကို အမှန်တကယ်မသိရှိကြပါ။
၇ “ဝိညာဉ်တော်အလိုရှိသောအရာများကိုသာ စိတ်စွဲလမ်း” သော မောင်နှံစုံပင် အချင်းချင်း၏ လိင်ဆိုင်ရာလိုအပ်ချက်ကို သုံးသပ်ရမည်ဖြစ်ကြောင်း ပေါလုတင်ပြခဲ့သည်။ သူက ကောရိန္သုမြို့ရှိ ခရစ်ယာန်များအား “ယောက်ျားသည် ဆက်ဆံခြင်းဝတ်ကို မိမိမယားအားပြုစေလော့။ ထို့နည်းတူ မိန်းမသည်လည်း ဆက်ဆံခြင်းဝတ်ကို မိမိလင်အားပြုစေလော့။ အချင်းချင်းခင်ပွန်းဝတ်ကို မပယ်မရှောင်ကြနှင့်။ ထိုသို့ဆိုသော်၊ ဆုတောင်းခြင်းဝတ်ကိုပြုရသောအခွင့်ရှိစေခြင်းငှာ သဘောတူ၍ ခင်ပွန်းဝတ်ကို ခဏမျှမရှောင်ရဟု မဆိုလို။ ထိုသို့ရှောင်လျှင် ကိုယ်ကိုမချုပ်တည်းနိုင်သောအားဖြင့် စာတန်သည် အပြစ်သို့သွေးဆောင်ရသောအခွင့်မရှိစေခြင်းငှာ နောက်တစ်ဖန်အတူနေကြလော့” ဟု အကြံပြုခဲ့သည်။ (ရောမ ၈:၅၊ သတင်းကောင်း; ၁ ကောရိန္သု ၇:၃၊ ၅) ဝမ်းနည်းစရာကား အဆိုပါအကြံပြုချက်ကို မလိုက်သည့်အခါတွင် သူ့သားအိမ်ရာပြစ်မှားမှုများဖြစ်ခဲ့ရသည်။ ဤသို့ဖြစ်တတ်သောကြောင့် အိမ်ထောင်သည်ခရစ်ယာန်တစ်ဦးသည် မိမိဇနီးသည်နှင့်ကြာရှည်စွာ ခွဲနေရမည့်အလုပ်တာဝန်တစ်ခုကို လက်မခံမီ ကိစ္စရပ်များကို ဂရုတစိုက်တွက်ဆသင့်သည်။ တစ်ကိုယ်ရေဘဝက ရှိခဲ့သည့် လွတ်လွတ်လပ်လပ်လုပ်ဆောင်နိုင်သောအနေအထားမျိုး သူ့တွင်မရှိတော့ပါ။
၈၊ ၉ (က) အိမ်ထောင်သည်ခရစ်ယာန်များသည် “လောကီမှုရေးကို အလေးအနက်ထားတတ်” သည်ဟု ပေါလုပြောသောအခါ သူဘာကိုဆိုလိုသနည်း။ (ခ) အိမ်ထောင်သည်ခရစ်ယာန်များသည် မည်သည့်အရာများကို အလေးအနက်ထားသင့်သနည်း။
၈ အကြီးအကဲများအပါအဝင် အိမ်ထောင်သည်ဖြစ်သော ခရစ်ယာန်အမျိုးသားများသည် “လောကီ [ကော့စ်မော့စ်] မှုရေးကို အလေးအနက်ထားတတ်၏” ဟု မည်သည့်သဘောဖြင့် ဆိုနိုင်ပါသနည်း။ (၁ ကောရိန္သု ၇:၃၃၊ သတင်းကောင်း) ပေါလုသည် ခရစ်ယာန်စစ်အားလုံး ရှောင်ရမည့် ဤလောက၏ ဆိုးသွမ်းသောအမှုရေးရာများနှင့်ပတ်သက်၍ ပြောနေခြင်းမဟုတ်သည်မှာ လုံးဝရှင်းပါသည်။ (၂ ပေတရု ၁:၄; ၂:၁၈-၂၀; ၁ ယောဟန် ၂:၁၅-၁၇) ဘုရားသခင့်နှုတ်ကပါဌ်တော်က ကျွန်ုပ်တို့အား “ဘုရားမဲ့တရားမဲ့နေခြင်း၊ လောကီ [ကော့စ်မစ်ကော့စ်] တပ်မက်ခြင်းကိုပယ်ရှားလျက် ယခုဘဝ၌ ဣန္ဒြေစောင့်ခြင်း၊ တရားသဖြင့်ကျင့်ခြင်း၊ ဘုရားဝတ်၌ မွေ့လျော်ခြင်းတို့ကိုပြု” ရန် ညွှန်ကြားထားသည်။—တိတု ၂:၁၂။
၉ သူ သို့မဟုတ် သူမသည် ဖြစ်ရိုးဖြစ်စဉ်အိမ်ထောင်သည်ဘဝ၏အစိတ်အပိုင်းဖြစ်သည့် လောကီအရာများနှင့်ပတ်သက်၍ တရားသဖြင့် စိုးရိမ်ပူပင်ရသောကြောင့် အိမ်ထောင်သည် ခရစ်ယာန်တစ်ဦးသည် “လောကီမှုရေးကို အလေးအနက်ထားတတ်” ခြင်းဖြစ်သည်။ ယင်းတွင် နေရေးထိုင်ရေး၊ အစားအစာ၊ အဝတ်အစား၊ အပန်းဖြေခြင်းအပြင် သားသမီးများရှိပါက မရေတွက်နိုင်သော အခြားစိုးရိမ်ပူပင်စရာများပါဝင်သည်။ သားသမီးမရှိသော မောင်နှံစုံအတွက်ပင် အိမ်ထောင်ရေးအောင်မြင်ဖို့ဆိုလျှင် လင်မယားနှစ်ယောက်စလုံးသည် မိမိတို့အိမ်ထောင်ဖက်၏ ‘နှစ်သက်မှုရရှိစေရန်’ အလေးထားရမည်။ ယင်းသည် မိမိတို့၏တာဝန်များကို မျှတစေသည့် ခရစ်ယာန်အကြီးအကဲများအနေနှင့် အထူးစိတ်ဝင်စားသည့် အကြောင်းဖြစ်သည်။
လင်သားကောင်းများသည် အကြီးအကဲကောင်းများဖြစ်လာ
၁၀။ ခရစ်ယာန်တစ်ဦးသည် အကြီးအကဲတစ်ဦးအဖြစ် အရည်အသွေးပြည့်မီရန် မည်သည့်အရာကို မိမိ၏ညီအစ်ကိုချင်းများနှင့် အပြင်လူများ သတိပြုမိစေသင့်သနည်း။
၁၀ အိမ်ထောင်ပြုခြင်းသည် အကြီးအကဲဖြစ်ဖို့အတွက် တောင်းဆိုချက်တစ်ခုမဟုတ်သော်လည်း ခရစ်ယာန်တစ်ဦးသည် အိမ်ထောင်သည်ဖြစ်နေပါက အကြီးအကဲတစ်ဦးအဖြစ် ထောက်ခံခြင်းမခံရမီ သူသည် သင့်လျော်သော ဦးစီးဦးဆောင်မှုကို ပြုလျက် မေတ္တာရှိသော လင်သားကောင်းတစ်ဦးဖြစ်ရန် ကြိုးစားလုပ်ဆောင်ကြောင်း အထင်အရှားတင်ပြသင့်သည်။ (ဧဖက် ၅:၂၃-၂၅၊ ၂၈-၃၁) ပေါလုက “ကြီးကြပ်မှူးအရာကို လှမ်းယူနေသောသူသည် ကောင်းသောအမှုအရာကိုတောင့်တနေ၏။ ထို့ကြောင့် ကြီးကြပ်မှူးသည် မယားတစ်ယောက်တည်းရှိသော အပြစ်ဆိုဖွယ်မရှိသည့် လင်သားတစ်ဦးဖြစ်သင့်သည်” ဟုရေးသားခဲ့သည်။ (၁ တိမောသေ ၃:၁၊ ၂၊ ကဘ) ဇနီးဖြစ်သူသည် ခရစ်ယာန်ချင်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ အကြီးအကဲဖြစ်သူသည် လင်သားကောင်းတစ်ယောက်ဖြစ်ဖို့ မိမိအတတ်နိုင်ဆုံးလုပ်ဆောင်ကြောင်း အထင်အရှားပြသင့်သည်။ အမှန်မှာ သူသည် မိမိ၏ဇနီးနှင့် အခြားတာဝန်ဝတ္တရားများကို ကောင်းကောင်းဂရုစိုက်ကြောင်း အသင်းတော်ပြင်ပရှိသူများပင် သတိပြုမိသွားစေသင့်သည်။ ပေါလုက “ကဲ့ရဲ့ပြစ်တင်ခြင်း၊ [စာတန်] ဖမ်းမိခြင်းနှင့် ကင်းလွတ်မည်အကြောင်း၊ ပြင်ပလူတို့တွင် အသရေရှိသောသူဖြစ်ရမည်” ဟုထပ်ဆင့်ခဲ့သည်။—၁ တိမောသေ ၃:၇။
၁၁။ “မယားတစ်ယောက်တည်းရှိသော လင်သား” ဟူသည့်စကားစုသည် မည်သည့်အရာကို ဆိုလိုသနည်း၊ ထို့ကြောင့် အကြီးအကဲများသည် မည်သည့်အရာကို အထူးဂရုပြုသင့်သနည်း။
၁၁ “မယားတစ်ယောက်တည်းရှိသော လင်သား” ဟူသည့် စကားစုက မယားပြိုင်ယူခြင်းကို ဖယ်ရှားပစ်လိုက်ပြီး တစ်ချိန်တည်းတွင် အိမ်ထောင်ရေးသစ္စာရှိရမည်ဟူ၍လည်း ဆိုလိုပါသည်။ (ဟေဗြဲ ၁၃:၄) အထူးသဖြင့် အကြီးအကဲများသည် အသင်းတော်တွင်ရှိသော ညီအစ်မများကို အကူအညီပေးသောအခါ အထူးဂရုပြုဖို့လိုအပ်သည်။ သူတို့သည် သွန်သင်ချက်နှင့် နှစ်သိမ့်မှုလိုအပ်နေသော ညီအစ်မတစ်ဦးထံသွားရောက်လည်ပတ်သောအခါ တစ်ယောက်တည်းသွားခြင်းကို ရှောင်သင့်သည်။ နောက်အကြီးအကဲ၊ ဓမ္မအမှုထမ်းတစ်ဦးပါဝင်သင့်ပြီး အားပေးတိုက်တွန်းဖို့ အလည်အပတ်သွားရုံမျှဖြစ်လျှင် ဇနီးသည်ကိုပင် ခေါ်သွားသင့်သည်။—၁ တိမောသေ ၅:၁၊ ၂။
၁၂။ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ၏ဇနီးများသည် မည်သည့်အချက်ကို ပြည့်မီဖို့ကြိုးစားသင့်သနည်း။
၁၂ အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများအတွက် တောင်းဆိုချက်များကို တင်ပြရင်း အလျဉ်းသင့်သောကြောင့် တမန်တော်ပေါလုက အဆိုပါအခွင့်ထူးများကို စဉ်းစားနေကြသူများ၏ဇနီးသည်များအတွက် ဩဝါဒစကားကိုလည်း မြွက်ကြားခဲ့သည်။ သူက “ထို့နည်းတူ မိန်းမတို့သည် တည်ကြည်သောသူဖြစ်ရကြမည်။ ချောစားတတ်သောသူမဟုတ်။ သမ္မာသတိရှိသောသူ၊ အရာရာ၌သစ္စာရှိသောသူဖြစ်ရကြမည်” ဟုရေးသားခဲ့သည်။ (၁ တိမောသေ ၃:၁၁) ခရစ်ယာန်လင်သားဖြစ်သူများသည် ထိုအချက်ကို မိမိတို့၏ဇနီးဖြစ်သူပြည့်မီရန် အကူအညီဖြစ်စေဖို့ များစွာလုပ်ဆောင်နိုင်ပါသည်။
ဇနီးသည်တစ်ဦးအတွက် ကျမ်းပေးတာဝန်များ
၁၃၊ ၁၄။ အကြီးအကဲတစ်ဦး၏ဇနီးဖြစ်သူသည် သက်သေခံချင်းတစ်ယောက်မဟုတ်လျှင်ပင် အဘယ်ကြောင့် သူသည် သူမနှင့်အတူနေသင့်ပြီး လင်သားကောင်းတစ်ယောက်ဖြစ်သင့်သနည်း။
၁၃ အဆိုပါသြဝါဒသည် အကြီးအကဲများနှင့် ဓမ္မအမှုထမ်းများ၏ဇနီးသည်များ ကိုယ်တိုင်ကို ဆက်ကပ်အပ်နှံထားသော ခရစ်ယာန်များဖြစ်ကြောင်း ကြိုတင်မှတ်ယူ၍ပေးသောသြဝါဒဖြစ်သည်။ သာမန်အားဖြင့် ခရစ်ယာန်များသည် “သခင်ဘုရား၌သာ” အိမ်ထောင်ပြုရန် တောင်းဆိုခံထားရသောကြောင့် ယင်းသို့ပင်ယူမှတ်ခြင်းဖြစ်သည်။ (၁ ကောရိန္သု ၇:၃၉) မိမိ၏အသက်တာကို ယေဟောဝါရှင်ထံ ဆက်ကပ်အပ်နှံချိန်တွင် မယုံကြည်သူနှင့် အိမ်ထောင်ကျနှင့်ပြီးသားဖြစ်သော ညီအစ်ကိုတစ်ယောက်နှင့်ပတ်သက်၍ကော မည်သို့နည်း။ သို့တည်းမဟုတ် သူ၏ဇနီးသည် သူ၏အပြစ်ကြောင့်မဟုတ်ဘဲ သမ္မာတရားလမ်းမှ လွဲသွားလျှင်ကော မည်သို့နည်း။
၁၄ ယင်းကိုယ်နှိုက်သည် သူ့အားအကြီးအကဲတစ်ဦးမဖြစ်ဖို့ အတားအဆီးဖြစ်မည်မဟုတ်ပါ။ သို့သော် ဇနီးဖြစ်သူက သူ၏ယုံကြည်ချက်များကို မခံယူရုံမျှနှင့် သူမနှင့်ခွဲနေခြင်းသည် ခိုင်လုံသောအကြောင်းပြချက်ဖြစ်မည်မဟုတ်ပေ။ ပေါလုက “သင်သည် မယားရှိလျှင် လွတ်ခြင်းငှာ မကြံစည်နှင့်” ဟုအကြံပြုသည်။ (၁ ကောရိန္သု ၇:၂၇) သူထပ်၍ပြောသည်ကား “တစ်စုံတစ်ယောက်သော ညီအစ်ကိုသည် မယုံကြည်သောမယားရှိ၍ ထိုမယားသည် မိမိခင်ပွန်းနှင့်နေခြင်းငှာ အလိုရှိလျှင် မကွာစေနှင့်။ သို့သော်လည်း မယုံကြည်သောသူသည် ကွာသွားလိုလျှင် ကွာသွားစေ။ ထိုသို့ပြုလျှင် တပည့်တော်သည် ယောက်ျားဖြစ်စေ၊ မိန်းမဖြစ်စေ ချည်နှောင်ခြင်းမရှိ။ ငါတို့သည် အသင့်အတင့်နေစေခြင်းငှာ ဘုရားသခင်၏ပညတ်တော်ရှိ၏။ အချင်းမိန်းမ သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည် မကယ်တင်မည်ကို အဘယ်သို့သိသနည်း။ အချင်းယောက်ျား သင်သည် ကိုယ်ခင်ပွန်းကို ကယ်တင်မည် မကယ်တင်မည်ကို အဘယ်သို့သိသနည်း။” (၁ ကောရိန္သု ၇:၁၂၊ ၁၅၊ ၁၆) မိမိ၏ဇနီးဖြစ်သူသည် သက်သေခံတစ်ယောက်မဟုတ်လျှင်ပင် အကြီးအကဲဖြစ်သူသည် လင်သားကောင်းတစ်ယောက်ဖြစ်သင့်သည်။
၁၅။ တမန်တော်ပေတရုသည် ခရစ်ယာန်လင်သားများအား မည်သည့်သြဝါဒကိုပေးသနည်း၊ အကယ်၍ အကြီးအကဲဖြစ်သူသည် တာဝန်လစ်ဟင်းသောလင်သားတစ်ယောက်ဖြစ်ကြောင်း ထင်ရှားလျှင် မည်သည့်အကျိုးဆက်များ သက်ရောက်နိုင်သနည်း။
၁၅ မိမိ၏ဇနီးဖြစ်သူသည် ယုံကြည်သူချင်းဖြစ်သည်ဖြစ်စေ၊ မဖြစ်သည်ဖြစ်စေ ဇနီးသည်သည် မိမိ၏မေတ္တာပါသော ဂရုစိုက်မှုလိုအပ်ကြောင်း ခရစ်ယာန်အကြီးအကဲဖြစ်သူ သိရှိထားသင့်သည်။ တမန်တော်ပေတရုက “ယောက်ျားတို့ ဆုတောင်းခြင်းအမှုတွင် အဆီးအတားမရှိစေခြင်းငှာ အသက်ရှင်ခြင်းကျေးဇူးတော်ကို ဆက်ဆံ၍ အမွေခံရသောသူချင်းကဲ့သို့ သတိပညာနှင့်လျော်စွာ ကိုယ်ခင်ပွန်းနှင့်အတူနေ၍ အားနည်းသောသူကို ပြုသင့်သည့်အတိုင်း သူ့ကို စောင့်မပြုစုကြလော့” ဟုရေးသားခဲ့သည်။ (၁ ပေတရု ၃:၇) မိမိဇနီးသည်၏လိုအပ်ရာများကို တမင်ဂရုမစိုက်သောလင်ယောက်ျားသည် ယေဟောဝါနှင့် မိမိကိုယ်တိုင်၏ ဆက်ဆံရေးကို အန္တရာယ်ရှိစေသည်; “ပတ္ထနာစကားသည် အထံတော်သို့မပေါက်နိုင်အောင် မိုးတိမ်ဖြင့်ကိုယ်ကို ကွယ်ကာ” ထားသည့်အလား ယေဟောဝါထံသို့ သူ၏ချဉ်းကပ်မှုကို ယင်းက ပိတ်ဆို့ထားနိုင်သည်။ (ယေရမိမြည်တမ်းစကား ၃:၄၄) ယင်းက ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းရန် အရည်အချင်းမရှိဘဲဖြစ်သွားစေနိုင်သည်။
၁၆။ မည်သည့်အဓိကသော့ချက်ကို ပေါလုတင်ပြသနည်း၊ အကြီးအကဲများသည် ယင်းနှင့်ပတ်သက်၍ မည်သို့ယူမှတ်သင့်သနည်း။
၁၆ မှတ်သားခဲ့ရသည့်အတိုင်း ပေါလုအချေအတင်ပြောဆိုချက်၏ အဓိကအလေးပေးသည့်အရာမှာ လူတစ်ဦး အိမ်ထောင်ပြုလိုက်သောအခါ တစ်ကိုယ်ရေတစ်ကာယသမားတစ်ဦးအနေနှင့် “စိတ်ရှုပ်ထွေးခြင်းမရှိဘဲ သခင်ဘုရား၏ဝတ်ကို အမြဲပြု” နိုင်သည့် သူ့တွင်ရှိခဲ့သည့် လွတ်လပ်မှုအတော်အတန်ကို စွန့်လွှတ်လိုက်သည်ဟူသည့် အချက်ပင်တည်း။ (၁ ကောရိန္သု ၇:၃၅) သားမယားရှိသော အကြီးအကဲတချို့သည် ပေါလု၏မှုတ်သွင်းခံစကားများကို ကျိုးကြောင်းဆင်ခြင်ကာ ညှိယူခြင်းအမြဲမပြုခဲ့ကြကြောင်း မှတ်တမ်းများက ဖော်ပြသည်။ အကြီးအကဲကောင်းတစ်ဦးလုပ်သင့်သည်ဟု သူတို့ယူမှတ်ထားသည့်အရာကို ကျေပွန်စေလိုသည့် သူတို့၏ဆန္ဒကြောင့် မိမိတို့၏လင့်ဝတ္တရားတချို့ကို လျစ်လျူရှုခဲ့ဖွယ်ရှိသည်။ အချို့သူများသည် အသင်းတော်တာဝန်တစ်ခုကို လက်ခံလိုက်လျှင် မိမိဇနီးသည်တို့၏ဝိညာဉ်ရေးကို အကြီးအကျယ်ထိခိုက်ကြောင်း သိသာထင်ရှားနေလျှင်ပင် ယင်းကို ငြင်းလိုက်ဖို့ အခက်တွေ့ရလိမ့်မည်။ သူတို့သည် အိမ်ထောင်ပြုခြင်းမှရလာသည့် အခွင့်အရေးများကို ခံစားကြရပါသော်လည်း ယင်းနှင့်ဒွန်တွဲပါလာသည့်တာဝန်များကို ကျေပွန်စေလိုစိတ်ရှိပါသလော။
၁၇။ ကြီးကြပ်မှူးများ၏ဇနီးအချို့ မည်သို့ဖြစ်ခဲ့ကြပြီနည်း၊ ယင်းကို မည်သို့ရှောင်ရှားနိုင်ခဲ့ဖွယ်ရှိသနည်း။
၁၇ အကြီးအကဲတစ်ဦးအနေနှင့် ဇွဲရှိခြင်းသည် အမှန်ပင် ချီးမွမ်းစရာပင်ဖြစ်သည်။ သို့သော် ခရစ်ယာန်တစ်ဦးသည် အသင်းတော်တာဝန်များကို ထမ်းဆောင်ရာတွင် ဇနီးသည်အပေါ် မိမိ၏ကျမ်းပေးတာဝန်ဝတ္တရားများကို လျစ်လျူရှုမည်ဆိုလျှင် ထိုသူသည် မျှတမှုရှိသော ခရစ်ယာန်တစ်ယောက် ဖြစ်ပါ၏လော။ မျှတမှုရှိသောအကြီးအကဲတစ်ယောက်သည် အသင်းတော်တွင်ရှိသူများကို ထောက်မပေးလိုစိတ်ပြင်းပြနေစဉ် တစ်ချိန်တည်းမှာပင် မိမိဇနီး၏ဝိညာဉ်ရေးနှင့်ပတ်သက်၍လည်း စိုးရိမ်မကင်းစိတ်တင်ပြပေးမည်ဖြစ်သည်။ အချို့သော အကြီးအကဲများ၏ဇနီးတို့သည် ဝိညာဉ်ရေးအားနည်းလာရာ အချို့ဆိုလျှင် ဝိညာဉ်ရေးသင်္ဘောပျက်မှုကို တွေ့ ကြုံခဲ့ရသည်။ (၁ တိမောသေ ၁:၁၉) ဇနီးသည်တစ်ဦးသည် မိမိကယ်တင်ခြင်းရဖို့အတွက် ကြိုးစားလုပ်ဆောင်ဖို့တာဝန်ရှိသော်လည်း အချို့ကိစ္စများတွင် “ခရစ်တော်သည် အသင်းတော်ကို ကျွေးမွေးပြုစုတော်မူသကဲ့သို့” အကြီးအကဲဖြစ်သူက မိမိဇနီးသည်ကို “ကျွေးမွေးပြုစု” ခဲ့မည်ဆိုလျှင် ထိုဝိညာဉ်ရေးပြဿနာကို ရှောင်နိုင်ခဲ့မည်။ (ဧဖက် ၅:၂၈၊ ၂၉) အကြီးအကဲများမပျက်မကွက်လုပ်ရမည့်အရာမှာ ‘မိမိတို့ကိုယ်တိုင်နှင့် သိုးစုတစ်စုလုံးကို သတိနှင့်ကြည့်ရှု” ရမည်ဖြစ်သည်။ (တမန်တော် ၂၀:၂၈) သူတို့သည် အိမ်ထောင်သည်များဖြစ်ကြပါက သိုးစုတွင် သူတို့၏ဇနီးသည်များပါဝင်ပါသည်။
“ကာယဒုက္ခ”
၁၈။ အိမ်ထောင်သည်ခရစ်ယာန်များ ကြုံတွေ့ရသည့် “ကာယဒုက္ခ” ၏အသွင်အပြင်အချို့ကား အဘယ်နည်း၊ ယင်းသည် အကြီးအကဲဖြစ်သူ၏ လုပ်ဆောင်မှုများကို မည်သို့ထိခိုက်နိုင်သနည်း။
၁၈ တမန်တော်က “သမီးကညာလည်း အိမ်ထောင်ပြုလျှင် အပြစ်မရှိ၊ သို့ရာတွင် ထိုသို့ပြုသောသူတို့၌ ကာယဒုက္ခရောက်လိမ့်မည်။ ငါသည် သင်တို့ကို ဒုက္ခမရောက်စေလို” ဟုလည်းရေးသားခဲ့သည်။ (၁ ကောရိန္သု ၇:၂၈၊ သမ) အိမ်ထောင်မှုနှင့် မလွဲမသွေဒွန်တွဲပါလာသည့် သောကများမှ ကင်းဝေးသည့် မိမိ၏တစ်ကိုယ်ရေနေခြင်းနမူနာကို လိုက်နာနိုင်သူများအား ပေါလုသည် ဒုက္ခမှကင်းဝေးစေလိုသည်။ သားသမီးမရှိသော မောင်နှံများပင် ကျန်းမာရေးပြဿနာများ သို့မဟုတ် ငွေကြေးအခက်အခဲများအပြင် အိုမင်းမစွမ်းဖြစ်နေသော ယောက္ခမများအပေါ်ရှိသည့် ကျမ်းပေးတာဝန်ဝတ္တရားများသည် အဆိုပါသောကများတွင် အပါအဝင်ဖြစ်နိုင်သည်။ (၁ တိမောသေ ၅:၄၊ ၈) အကြီးအကဲဖြစ်သူသည် စံနမူနာပြသည့်အနေဖြင့် အဆိုပါတာဝန်ဝတ္တရားများကို လက်ခံရမည်ဖြစ်ရာ ယင်းက ခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးအဖြစ် မိမိ၏လုပ်ဆောင်မှုကို ရံဖန်ရံခါထိခိုက်နိုင်သည်။ ဝမ်းသာစရာမှာ အကြီးအကဲအများစုသည် မိသားစုနှင့် အသင်းတော်တာဝန်ဝတ္တရားနှစ်ရပ်စလုံးကို ကျေပွန်စေသည့် အလုပ်မွန်ကို လုပ်ဆောင်နေကြပါသည်။
၁၉။ “မယားရှိသောသူသည် မယားမရှိသကဲ့သို့ဖြစ်ရမည်” ဟု ပေါလုပြောသောအခါ သူဘာကိုဆိုလိုသနည်း။
၁၉ ပေါလုက “ကျန်ကြွင်းသောကာလသည် ကျဉ်းကျပ်သည်ဖြစ်၍၊ မယားရှိသောသူသည် မယားမရှိသကဲ့သို့ဖြစ်ရမည်” ဟု ထပ်ဆင့်ပြောသည်။ (၁ ကောရိန္သု ၇:၂၉) အမှန်မှာ ကောရိန္သုအသင်းတော်သားများထံသို့ရေးသော ဤအခန်းကြီးတွင် သူရေးသားနှင့်သည့်အရာကို ထောက်ရှုခြင်းဖြင့် အိမ်ထောင်သည်ခရစ်ယာန်များသည် မိမိတို့၏ဇနီးသည်များကို လျစ်လျူထားသင့်သည်ဟူ၍ တစ်နည်းနည်းဖြင့် သူမဆိုလိုသည်မှာ ရှင်းနေပါသည်။ (၁ ကောရိန္သု ၇:၂၊ ၃၊ ၃၃) သူဤသို့ရေးသားကာ သူ၏ဆိုလိုချက်ကို ဖော်ပြခဲ့သည်– “လောက . . . ကို သုံးစွဲသူတို့သည် အပြည့်အဝမသုံးစွဲရသကဲ့သို့ [ဖြစ်စေ] နေအပ်၏။ အဘယ်ကြောင့်ဆိုသော် ယခုလက်ရှိကမ္ဘာလောကကြီးသည် ကာလကြာမြင့်စွာတည်ရှိတော့မည်မဟုတ်သောကြောင့်တည်း။” (၁ ကောရိန္သု ၇:၃၁၊ သတင်းကောင်း) ယခုအချိန်သည် ပေါလုအချိန်က သို့မဟုတ် တမန်တော်ယောဟန်အချိန်ကထက်ပင် “လောက . . . သည် ရွေ့လျားကွယ်ပျောက်လျက်နေလေပြီ။” (၁ ယောဟန် ၂:၁၅-၁၇၊ သတင်းကောင်း) ထို့ကြောင့် ခရစ်တော်နောက်လိုက်ရာတွင် စွန့်လွှတ်မှုတချို့ပြုဖို့လိုအပ်ကြောင်း သိထားသည့် အိမ်ထောင်သည် ခရစ်ယာန်များသည် လင်ခန်းမယားခန်းဆိုင်ရာ ရွှင်လန်းမှုနှင့် အခွင့်အရေးများတွင် လုံးလုံးလျားလျားနှစ်မြှုပ်မနေနိုင်ပါ။—၁ ကောရိန္သု ၇:၅။
ကိုယ်ကျိုးစွန့်သော ဇနီးသည်များ
၂၀၊ ၂၁။ (က) ခရစ်ယာန်ဇနီးသည်များစွာ တလိုတလားလုပ်ဆောင်ကြသည့် စွန့်လွှတ်မှုများကား အဘယ်နည်း။ (ခ) လင်သားဖြစ်သူသည် အကြီးအကဲတစ်ယောက်ဖြစ်လျှင်ပင် ဇနီးဖြစ်သူသည် သူ့ထံမှ မည်သည့်အရာကို တရားနည်းလမ်းတကျ မျှော်လင့်နိုင်သနည်း။
၂၀ အကြီးအကဲများသည် အခြားသူများ၏ အကျိုးအလို့ငှာ စွန့်လွှတ်မှုများပြုရသကဲ့သို့ အကြီးအကဲများ၏ဇနီးသည်များစွာသည် အရေးကြီးသော ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားအတွက် မိမိတို့၏အိမ်ထောင်တာဝန်များကို မျှတမှုရှိစေရန် ကြိုးပမ်းခဲ့ကြရသည်။ ထောင်ပေါင်းများစွာသော ခရစ်ယာန်အမျိုးသမီးများသည် မိမိတို့လင်သားများ ကြီးကြပ်မှူးတာဝန်များကို သယ်ပိုးနိုင်ရန်အလို့ငှာ ပူးပေါင်းလုပ်ဆောင်ရခြင်းကို ပျော်ပိုက်ကြသည်။ ဤအတွက်ကြောင့် ယေဟောဝါရှင်သည် သူတို့ကို ချစ်တော်မူပြီး သူတို့တင်ပြသည့် စိတ်ထားကောင်းအတွက် ကောင်းချီးသွန်းလောင်းပေးတော်မူသည်။ (ဖိလေမုန် ၂၅) သို့ဖြစ်သည့်တိုင်၊ ပေါလု၏မျှတမှုရှိသောသြဝါဒက ကြီးကြပ်မှူးတို့၏ဇနီးသည်များသည် မိမိတို့လင်သားများထံမှ အချိန်နှင့် ဂရုစိုက်မှုအတော်အသင့်ခံရဖို့ တရားနည်းလမ်းတကျမျှော်လင့်နိုင်ကြောင်း တင်ပြပါသည်။ လင်သားအနေနှင့်လည်းကောင်း၊ ကြီးကြပ်မှူးအနေနှင့်လည်းကောင်း မိမိတို့၏တာဝန်များကို မျှတမှုရှိစေရန်အလို့ငှာ မိမိတို့၏ဇနီးသည်များအပေါ် အချိန်အလုံအလောက်ပေးရန်မှာ အိမ်ထောင်သည် အကြီးအကဲများ၏ ကျမ်းပေးတာဝန်ဖြစ်ပေသည်။
၂၁ သို့သော် လင်ယောက်ျားဖြစ်သော ခရစ်ယာန်အကြီးအကဲဖြစ်သူသည် ဖခင်တစ်ဦးလည်းဖြစ်နေပြန်လျှင်ကော အသို့နည်း။ နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့တွေ့ရမည်ဖြစ်သည့်အတိုင်း ယင်းက သူ့တာဝန်များကို ထပ်ပိုလာစေပြီး နောက်ထပ် နယ်ပယ်တစ်ရပ် သူ့ရှေ့တွင် ပွင့်သွားသည်။
ပြန်လည်သုံးသပ်ရာတွင်
◻ ခရစ်ယာန်ကြီးကြပ်မှူးများသည် အိမ်ထောင်သည်များဖြစ်နိုင်ကြောင်း မည်သည့်ကျမ်းစာအချက်အလက်များက ပြသနည်း။
◻ တစ်ကိုယ်ရေအကြီးအကဲတစ်ဦးသည် အိမ်ထောင်ပြုမည်ဆိုလျှင် မည်သည့်အရာနှင့်ပတ်သက်၍ သိရှိထားသင့်သနည်း။
◻ အိမ်ထောင်သည်ခရစ်ယာန်တစ်ဦးသည် မည်သည့်နည်းများဖြင့် “လောကီမှုရေးကို အလေးအနက်ထားတတ်” သနည်း။
◻ ကြီးကြပ်မှူးများ၏ဇနီးသည်များစွာသည် ကိုယ်ကျိုးစွန့်စိတ်ထားကောင်းကို မည်သို့တင်ပြကြသနည်း။
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
အကြီးအကဲဖြစ်သူသည် သီအိုကရက်တစ်လုပ်ငန်းဆောင်တာများနှင့် လုံးပန်းနေရလျှင်ပင် မိမိ၏ဇနီးသည်အား မေတ္တာပါပါ ဂရုစိုက်သင့်သည်