နှစ်သိမ့်မှု
သင့်အသက်တာတစ်လျှောက် သတင်းစာခေါင်းစဉ်များတွင် အချို့စကားလုံးများ ထပ်ခါတလဲ ပါတတ်သည်ကို သတိပြုမိသလော။ စစ်မှု၊ ရာဇဝတ်မှု၊ ဘေးဆိုးကျရောက်မှု၊ ငတ်ပြတ်မှုနှင့် ဒုက္ခဆင်းရဲ အစရှိသည့်စကားလုံးများကို ဖတ်မြဲဖတ်နေရ၍ ငြီးငွေ့နေပြီလော။ သို့ရာတွင် သတင်းမှတ်တမ်းများတွင် စကားလုံးတစ်လုံးမပါကြောင်း သိသာထင်ရှားလှသည်။ သို့တိုင် ယင်းသည် လူသားအပေါင်း များစွာလိုအပ်သည့်အရာကို ဖော်ပြသည့်စကားလုံးဖြစ်သည်။ ၎င်းမှာ “နှစ်သိမ့်မှု” ဟူသောစကားလုံးဖြစ်သည်။
“နှစ်သိမ့်ပေးရန်” ၏အဓိပ္ပာယ်မှာ တစ်ဦးတစ်ယောက်ကို “ခွန်အားရှိစေပြီး မျှော်လင့်ချက်ပေးရန်” နှင့် “စိတ်ကြေကွဲမှု သို့မဟုတ် ဒုက္ခလျော့နည်းစေရန်” ဖြစ်သည်။ ၂၀ ရာစုအတွင်း ဖြစ်ပျက်ခဲ့သမျှ ဗရုန်းဗရင်းဖြစ်မှုများကြောင့် မျှော်လင့်ချက်နှင့် စိတ်သက်သာမှု ရရှိရန် အကြီးအကျယ်လိုအပ်နေပါသည်။ မှန်၏၊ ယနေ့ အချို့သူများသည် ကျွန်ုပ်တို့၏ဘိုးဘေးများ စိတ်ကူးနိုင်သည်ထက်သာလွန်သော သာယာနှစ်လိုဖွယ်ရာများကို ပိုင်ဆိုင်ကြသည်။ ယင်းသို့ဖြစ်ရခြင်းသည် များသောအားဖြင့် သိပ္ပံပညာ တိုးတက်မှုကြောင့်ဖြစ်သည်။ သို့သော် သိပ္ပံပညာနှင့် စက်မှုအတတ်ပညာသည် လူ့ဒုက္ခဆင်းရဲ၏ အကြောင်းတရားအားလုံးကို မရှင်းပစ်နိုင်သောကြောင့် ကျွန်ုပ်တို့ကို စိတ်သက်သာမှုမပေးနိုင်ပါ။ ထိုအကြောင်းများကား အဘယ်နည်း။
ရာစုနှစ်များစွာအချိန်က “လူသည်တစ်ဦးပေါ်တစ်ဦး အကျိုးနစ်နာအောင် အုပ်စိုးလာခဲ့ကြ၏” ဟုပညာရှိ ရှောလမုန်ပြောဆိုခဲ့ချိန်တွင် ဆင်းရဲဒုက္ခ၏ အဓိကအကြောင်းတစ်ခုကို သူဖော်ပြခဲ့သည်။ (ဒေသနာ ၈:၉၊ ကဘ) သိပ္ပံပညာနှင့် စက်မှုအတတ်ပညာသည် လူလူချင်း အုပ်စိုးလိုစိတ်ကို မပြောင်းလဲပေးနိုင်ခဲ့ပါ။ ယင်းကြောင့် ၂၀ ရာစုအတွင်းတွင် နိုင်ငံများစွာ၌ ရက်စက်ကြမ်းကြုတ်သော အာဏာရှင်စနစ်များ ဖြစ်ပေါ်လာကာ တိုင်းနိုင်ငံအချင်းချင်း ဆိုးဝါးစွာ စစ်ဆင်နွှဲလာခဲ့ကြသည်။
၁၉၁၄ ခုနှစ်ကတည်းကစ၍ စစ်မှုကြောင့်သေဆုံးသူ သန်းတစ်ရာကျော်ရှိလေပြီ။ ဤအရေအတွက်ဖော်ပြသည့် ပူဆွေးသောကနှုန်း—နှစ်သိမ့်မှုရလိုသူ ကြေကွဲဝမ်းနည်းသော မိသားစု သန်းပေါင်းများစွာကို စဉ်းစားကြည့်ပါ။ စစ်မှုက မရှုမလှသေဆုံးမှုအပြင် အခြားအခြားသော ဆင်းရဲဒုက္ခများကိုပါ ဖြစ်ပွားစေသည်။ ဒုတိယကမ္ဘာစစ် ဖြစ်ပြီးနောက် ဥရောပတိုက်တွင် ဒုက္ခသည် ၁၂ သန်းကျော်ရှိလာသည်။ မကြာမီ နှစ်အနည်းငယ်က အရှေ့တောင်အာရှ၌ စစ်ဖြစ်သောဒေသများမှ လူတစ်သန်းခွဲကျော် ထွက်ပြေးခဲ့ကြသည်။ ဘော်လ်ကန်နယ်မြေတွင် ဖြစ်ပွားသောစစ်မှုကြောင့် လူနှစ်သန်းကျော်တို့သည် မိမိတို့အိုးအိမ်များကို—နေရာများစွာတွင် “လူမျိုးစုသန့်စင်ရေး” မှလွတ်မြောက်ရန်—စွန့်ခွာထွက်ပြေးခဲ့ရကြပြီ။
ဒုက္ခသည်များ၊ အထူးသဖြင့် ဘယ်ကိုသွား၍ ဘာဖြစ်မည်ကို မသိကြရှာဘဲ ကိုယ်ပိုင်ပစ္စည်းလက်တစ်ဆွဲစာဖြင့် မိမိတို့အိမ်မှ ထွက်ပြေးခဲ့ရသောသူတို့ခမျာ အမှန်ပင်နှစ်သိမ့်ခံလိုကြပါမည်။ ဤသူတို့သည် နှစ်သိမ့်မှုလိုအပ်နေသော ဖိစီးနှိပ်ကွပ်ခံရသူ၊ သနားစဖွယ်အကောင်းဆုံးသူများအဝင်ဖြစ်သည်။
ပိုမိုငြိမ်းချမ်းသာယာသည့် ကမ္ဘာ့ဒေသအချို့တွင် သန်းပေါင်းများစွာသောသူတို့သည် ကမ္ဘာ့စီးပွားရေးစနစ်၏ကျွန်ဖြစ်မှန်းမသိဖြစ်နေကြချေပြီ။ မှန်ပါသည်၊ အချို့တို့မှာ စည်းစိမ်ဥစ္စာ ကြွယ်ဝပေသည်။ လူအများစုမှာမူ အသက်ရှင်ရေးအတွက် ရုန်းကန်နေကြရသည်။ သင့်တင့်သောနေအိမ် ရှာဖွေနေရသူများလည်း မရှားပါ။ အလုပ်လက်မဲ့ အရေအတွက်သည် တိုး၍တိုး၍များနေသည်။ အာဖရိက သတင်းစာတစ်ခုက “ဤလောကကြီးသည် တစ်ချိန်တစ်ခါနှင့်မျှမတူသော လုပ်ငန်းအကြပ်အတည်းဖြစ်နေသည်။ သက္ကရာဇ် ၂၀၂၀ တိုင်လေသော် အလုပ်လိုက်လံရှာဖွေသူ ၁.၃ ဘီလီယံမက ရှိလိမ့်မည်” ဟုခန့်မှန်းထားသည်။ စီးပွားရေးဒဏ်ခံနေရသူများသည် အမှန်တကယ်ပင် ‘ခွန်အားနှင့် မျှော်လင့်ချက်’—နှစ်သိမ့်မှု—ရရှိရန်လိုအပ်နေပါသည်။
အချို့သူများသည် ကြံရာမရဖြစ်သည့်အဆုံး ရာဇဝတ်သားဘဝသို့ ရောက်ရကြလေသည်။ ယင်းကြောင့် သူတို့၏သားကောင်များသည် အကြပ်အတည်း ပိုမိုကြုံရရုံသာရှိပြီး ရာဇဝတ်မှုဖြစ်နှုန်း တိုးများလာခြင်းက ဖိစီးမှုများကို တိုးများစေပါသည်။ မကြာမီက တောင်အာဖရိကနိုင်ငံ၊ ဂျိုဟန်နစ္စဘာ့ဂ်မြို့၏ သည်စတားသတင်းစာတွင် “‘ကမ္ဘာပေါ် လူသတ်မှုအဖြစ်ဆုံးနိုင်ငံ’ ၌တစ်နေ့တာ” ဟူသောခေါင်းစဉ်ကို ဖတ်ရှုခဲ့ရသည်။ ထိုဆောင်းပါးက ဂျိုဟန်နစ္စဘာ့ဂ်မြို့တွင်းနှင့် ၎င်းဝန်းကျင်၏ တစ်နေ့တာအခြေအနေကို ဖော်ပြပါသည်။ ထိုနေ့ရက်တွင် လူလေးဦး အသတ်ခံရပြီး ရှစ်ဦးတို့၏ကားများမှာ အပိုင်စီးခံရသည်။ အလယ်အလတ်တန်းစား ဆင်ခြေဖုံးရပ်ကွက်တစ်ခုတွင် ဖောက်ထွင်းမှု ဆယ့်ခုနစ်ခုဖြစ်ခဲ့ကြောင်း တိုင်ကြားပါသည်။ ထို့ပြင် ဓားပြတိုက်မှု များစွာလည်းဖြစ်သေးသည်။ ထိုသတင်းစာအရ ၎င်းနေ့ရက်ကို “အတော်အေးချမ်း” သည့်နေ့တစ်နေ့ဟု ရဲတို့ကဆိုကြောင်း သိရသည်။ ယင်းကြောင့် အသတ်ခံရသူတို့၏ ဆွေမျိုးများနှင့် ဖောက်ထွင်းမှု၊ ကားအပိုင်စီးမှု ခံရသူများသည် တကယ်စိတ်သောကရောက်ရကြသည်မှာ အံ့ဩစရာ မဟုတ်ပေ။ ဤသူတို့ခမျာ စိတ်ချနိုင်သောမျှော်လင့်ချက်—နှစ်သိမ့်မှု—လိုအပ်နေကြပါသည်။
အချို့တိုင်းနိုင်ငံများတွင် မိမိသားသမီးကို ပြည့်တန်ဆာလုပ်ငန်းထဲသွင်းသော မိဘများရှိသည်။ “လိင်ခရီး” လှည့်လည်ရန် ကမ္ဘာလှည့်ခရီးသည်များ စီတန်းရောက်ရှိနေကြသော အာရှနိုင်ငံတစ်ခုတွင် ပြည့်တန်ဆာ နှစ်သန်းရှိကြောင်း၊ ဤသူတို့ခမျာ ကလေးဘဝကတည်းက ရောင်းစားခံခဲ့ရကြောင်း၊ သို့မဟုတ် ပြန်ပေးဆွဲခံခဲ့ရကြောင်း သိရှိရသည်။ ဤသနားစဖွယ်ကောင်းသော သားကောင်များထက် နိုင်ထက်စီးနင်းပြုခံရသူများ ရှိပါဦးမည်လော။ အရှေ့တောင်အာရှအမျိုးသမီးများအဖွဲ့၏ ၁၉၉၁ ခုနှစ်ညီလာခံကို တိုင်းမ်စ်မဂ္ဂဇင်းက တင်ပြရာတွင် ဤစက်ဆုပ်ရွံရှာဖွယ်စီးပွားကို ဆွေးနွေးဖော်ပြထားသည်။ “၁၉၇၀ ပြည့်လွန်နှစ်များ၏အလယ် ကတည်းက အမျိုးသမီးသန်း ၃၀ သည်ကမ္ဘာတစ်ဝန်း ရောင်းချခံခဲ့ရကြောင်း” ထိုတွင် ခန့်မှန်းတင်ပြထားသည်။
ကလေးများသည် ပြည့်တန်ဆာလုပ်ငန်းထဲ သွင်းခံရမှ အနှိပ်စက်ခံရရှာသည် မဟုတ်ပါ။ မိမိတို့၏အိမ်ထဲတွင်ပင် မိဘများနှင့် ဆွေမျိုးများတို့၏ အကြမ်းဖက်မှု၊ ဗလက္ကာရပြုမှုကို ခံရသော ကလေးများအရေအတွက်သည် တိုးများလာနေပါပြီ။ ဤသို့ပြုမူခံရသောကလေးများသည် ကာလအတန်ကြာ စိတ်ဒဏ်ရာခံကြရရှာသည်။ ဖိစီးနှိပ်ကွပ်ခံရသော ဤသနားစဖွယ်သားကောင်တို့သည် နှစ်သိမ့်မှု အမှန်လိုအပ်နေကြပါသည်။
ဖိစီးနှိပ်ကွပ်မှုကို လေ့လာခဲ့သော ရှေးခေတ်သားတစ်ဦး
ရှောလမုန်မင်းကြီးသည် လူလူချင်း ဖိစီးသည့်အတိုင်းအတာကို အလွန်ထိတ်လန့်ခဲ့သည်။ သူက “နေအောက်မှာပြုသမျှသော ညှဉ်းဆဲခြင်းတို့ကို ငါထပ်၍ ဆင်ခြင်၏။ ညှဉ်းဆဲခြင်းကို ခံရသော သူတို့သည် ငိုကြွေးသော်လည်း ချမ်းသာ [“နှစ်သိမ့်၊” ကဘ] ပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာ [“နှစ်သိမ့်၊” ကဘ] ပေးနိုင်သောသူမရှိ။”—ဒေသနာ ၄:၁။
ဖိစီးနှိပ်ကွပ်ခံရသူများသည် နှစ်သိမ့်ပေးမည့်သူ လိုအပ်နေကြောင်းကို လွန်ခဲ့သော နှစ်ပေါင်း ၃,၀၀၀ ကထိုပညာရှင်မင်းကြီး အသိအမှတ်ပြုသည်ဆိုလျှင် ယနေ့ သူဘာပြောမည် ထင်သနည်း။ မည်သို့ဆိုစေကာမူ မိမိကိုယ်တိုင်အပါအဝင် မစုံလင်သူ မည်သူတစ်ဦးတစ်ယောက်မျှ လူသားလိုအပ်နေသော နှစ်သိမ့်မှုကို မပေးနိုင်ကြောင်း ရှောလမုန်သိပါသည်။ ဖိစီးနှိပ်ကွပ်သူများ၏တန်ခိုးအာဏာကို ချိုးဖျက်နိုင်သော ပိုမိုအစွမ်းထက်သူတစ်ဦး လိုအပ်နေသည်။ ထိုသို့သောသူတစ်ဦး ရှိပါသလော။
သမ္မာကျမ်းစာ၌ ဆာလံ ၇၂ တွင် လူအပေါင်းတို့၏ မဟာနှစ်သိမ့်ပေးရှင်တစ်ဦးအကြောင်း ဖော်ညွှန်းထားသည်။ ၎င်းဆာလံကို ရှောလမုန်၏ဖခင် ဒါဝိဒ်မင်းကြီး ရေးသားခဲ့ပါသည်။ ယင်း၏အထက်ခေါင်းစီးတွင် “ရှောလမုန်နှင့်ပတ်သက်၍” ဟုဖတ်ရသည်။ မိမိ၏နန်းကို ဆက်ခံမည့်သူအကြောင်း ဇရာအို ရှင်ဘုရင်ဒါဝိဒ်ကိုယ်တိုင် ၎င်းကိုရေးသားခဲ့ကြောင်း ထင်ရှားသည်။ ၎င်းဆာလံအရ ဤသူသည် ဖိစီးမှုဒဏ်မှ အစဉ်သက်သာမှုပေးမည်ဖြစ်သည်။ “လက်ထက်တော်၌ လသည် ပပျောက်ခြင်းသို့ မရောက်မီတိုင်အောင် တရားသောသူသည် ပွင့်လန်း၍ ချမ်းသာများပြားလိမ့်မည်။ ပင်လယ်တစ်ပါးမှ တစ်ပါးတိုင်အောင်လည်းကောင်း၊ . . . မြေစွန်းတိုင်အောင်လည်းကောင်း အစိုးရတော်မူလိမ့်မည်။”—ဆာလံ ၇၂:၇၊ ၈။
ဤစကားများကို ဒါဝိဒ်ရေးခဲ့ချိန်တွင် သူသည် သားတော်ရှောလမုန်ကို ရည်စူးခဲ့ပေမည်။ သို့သော် ဆာလံတွင် ဖော်ပြထားသည့်အတိုင်း လူသားတစ်ရပ်လုံးကို ကူညီပေးနိုင်စွမ်း မိမိ၌မရှိကြောင်း ရှောလမုန်သိရှိသည်။ သူသည် ကမ္ဘာတစ်ဝန်းအတွက်မဟုတ်၊ ဣသရေလလူမျိုး တစ်မျိုးတည်းအတွက်သာ သေးငယ်သောနည်းဖြင့် ထိုဆာလံစကားကို ပြည့်စုံစေနိုင်မည်ဖြစ်သည်။ မှုတ်သွင်းခြင်းအားဖြင့် ပရောဖက်ပြုထားသော ဤဆာလံသည် ရှောလမုန်ထက် ကြီးမြတ်တော်မူသော သူတစ်ဦးကို ရည်ညွှန်းကြောင်း ထင်ရှားပါသည်။ ထိုအရှင်ကား မည်သူဖြစ်ပါသနည်း။ ယေရှုခရစ်တော်သာ ဖြစ်နိုင်သည်။
ယေရှုဖွားမြင်မည့်အကြောင်း ကောင်းကင်တမန်တစ်ဦးကြေညာစဉ် သူက “သူ့အဘဒါဝိဒ်မင်း၏နန်းမွေကို ဘုရားသခင်ပေးတော်မူမည်” ဟုပြောဆိုခဲ့သည်။ (လုကာ ၁:၃၂၊ ကဘ) ထို့ပြင် ယေရှုက မိမိကိုယ်တော်တိုင်ကို “ရှောလမုန်ထက် သာ၍ကြီးမြတ်သောသူ” ဟုဖော်ညွှန်းတော်မူခဲ့သည်။ (လုကာ ၁၁:၃၁) ဘုရားသခင်၏လက်ယာတော်ဘက်သို့ ယေရှုရှင်ပြန်ထမြောက်ခဲ့တော်မူကတည်းက ကိုယ်တော်သည် ဆာလံ ၇၂ ပါစကားကို ပြည့်စုံစေနိုင်မည့် လျောက်ပတ်သောနေရာ၊ ကောင်းကင်အရပ်တွင် ရောက်ရှိနေတော်မူသည်။ ထို့အပြင် ဖိစီးနှိပ်ကွပ်သူလူသားများ၏ ထမ်းပိုးကို ချိုးဖျက်ရန် ဘုရားသခင့်ထံတော်မှ တန်ခိုးအာဏာကို လက်ခံရရှိထားတော်မူပြီ။ (ဆာလံ ၂:၇-၉; ဒံယေလ ၂:၄၄) ထို့ကြောင့် ယေရှုသည် ဆာလံ ၇၂ ပါစကားကို ပြည့်စုံစေတော်မူမည့်အရှင် ဖြစ်တော်မူသည်။
ဖိစီးနှိပ်ကွပ်မှု များမကြာမီ အတောသတ်မည်
ယင်းအဓိပ္ပာယ်ကား အဘယ်နည်း။ လူ့ဖိစီးနှိပ်ကွပ်နည်းအားလုံးမှ များမကြာမီလွတ်မြောက်တော့မည်ဟူ၍ဖြစ်သည်။ “ဤစနစ်ဆုံးခန်း” ၏အမှတ်တံဆိပ်လက္ခဏာအဝင်အဖြစ် ဤ ၂၀ ရာစုအတွင်း တွေ့မြင်နေရသည့် တစ်ချိန်တစ်ခါနှင့်မျှမတူသော ဆင်းရဲဒုက္ခနှင့် ဖိစီးနှိပ်ကွပ်မှုကို ယေရှုကြိုတင်ဟောပြောထားတော်မူသည်။ (မဿဲ ၂၄:၃၊ ကဘ) အခြားအရာများအနက် “လူတစ်မျိုးနှင့်တစ်မျိုး တစ်နိုင်ငံနှင့်တစ်နိုင်ငံ ရန်ဘက်ပြုကြလိမ့်မည်” ဟူ၍လည်း ကိုယ်တော်ဟောတော်မူသည်။ (မဿဲ ၂၄:၇) ပရောဖက်ပြုချက်၏ ထိုအခြင်းအရာသည် ပထမကမ္ဘာစစ်ဖြစ်ချိန် ၁၉၁၄ ခုနှစ်ခန့်တွင် စတင်ပြည့်စုံခဲ့သည်။ “မတရားသောအမှုတို့သည် များပြားသဖြင့် အများသောသူတို့၏ချစ်ခြင်းမေတ္တာသည် ခေါင်းပါးလိမ့်မည်” ဟုယေရှုထပ်ဆင့်မိန့်တော်မူသည်။ (မဿဲ ၂၄:၁၂) မတရားသောအမှုတို့နှင့် ချစ်ခြင်းမေတ္တာခေါင်းပါးမှုသည် ဆိုးညစ်၍ ဖိစီးနှိပ်ကွပ်သောလူမျိုးဆက်ကို မွေးထုတ်ပေးခဲ့ပြီ။ သို့ဖြစ်၍ ယေရှုခရစ်သည် ကမ္ဘာ့မင်းမြတ်အသစ်အဖြစ် ကြားဝင်အရေးယူရမည့်အချိန် အလွန်နီးကပ်နေပေပြီ။ (မဿဲ ၂၄:၃၂-၃၄) ယင်းက ယေရှုခရစ်တော်ကို ယုံကြည်၍ လူသားအပေါင်း၏ နှစ်သိမ့်ပေးရှင်အဖြစ် ဘုရားသခင်ခန့်အပ်ထားတော်မူသောသူကို အားထားမျှော်ကိုးသည့် ဖိစီးနှိပ်ကွပ်ခံရသူများအတွက် အဘယ်အဓိပ္ပာယ်ရှိသနည်း။
ထိုမေးခွန်း၏အဖြေကိုရရှိရန် ခရစ်တော်ယေရှု၌ ပြည့်စုံခဲ့သော ဆာလံ ၇၂ ၏အခြားစကားများကို ဆက်ဖတ်ရှုကြည့်ကြစို့။ “ငတ်မွတ်သောသူ အော်ဟစ်သောအခါ ထိုသူကိုလည်းကောင်း၊ ကိုးကွယ်ရာမရှိ၍ ဆင်းရဲသောသူကိုလည်းကောင်း ချမ်းသာပေးတော်မူလိမ့်မည်။ ဆင်းရဲသောသူနှင့် ငတ်မွတ်သောသူကို သနား၍ ငတ်မွတ်သောသူတို့၏အသက်ကို ကယ်တင်တော်မူလိမ့်မည်။ သူတို့အသက်ကို လှည့်စားခြင်းနှင့် ညှဉ်းဆဲခြင်း၏လက်မှ ရွေးနုတ်၍ သူတို့အသွေးကို နှမြောတော်မူလိမ့်မည်။” (ဆာလံ ၇၂:၁၂-၁၄) သို့ဖြစ်သောကြောင့် ဘုရားသခင့်ခန့်အပ်ခံဘုရင် ယေရှုခရစ်တော်သည် ဖိစီးနှိပ်ကွပ်မှုဒဏ်ကို မည်သူမျှမခံရစေရန် စီမံတော်မူမည်။ ကိုယ်တော်၌ အမျိုးမျိုးသော မတရားမှုများကို အဆုံးသတ်နိုင်သောတန်ခိုး ရှိတော်မူသည်။
တစ်ဦးတစ်ယောက်က ‘တယ်ကောင်းပါလား။ ဒါပေမဲ့ အခုကော။ လောလောဆယ် ဒုက္ခဆင်းရဲခံနေရသူတွေအတွက် ဘာနှစ်သိမ့်မှုရှိသလဲ’ ဟူ၍ပြောမည်။ အမှန်မှာ ဖိစီးနှိပ်ကွပ်ခံနေရသူများအတွက် နှစ်သိမ့်မှုရှိပါသည်။ ဤမဂ္ဂဇင်းပါ နောက်ဆောင်းပါးနှစ်ခုက စစ်မှန်သောဘုရားသခင် ယေဟောဝါနှင့် ကိုယ်တော်နှစ်သက်မြတ်နိုးသောသားတော် ယေရှုခရစ်တို့နှင့် ရင်းနှီးသောဆက်ဆံမှုကိုမွေးမြူခြင်းကြောင့် လူသန်းပေါင်းများစွာတို့သည် မည်သို့နှစ်သိမ့်မှုခံစားနေရပြီဖြစ်ကြောင်း ဖော်ပြပါလိမ့်မည်။ ထိုသို့သောဆက်ဆံမှုမျိုးသည် ဤဖိစီးနှိပ်ကွပ်မှုများပြားသောအခါသမယတွင် ကျွန်ုပ်တို့ကို နှစ်သိမ့်မှုပေးနိုင်ပြီး ဖိစီးနှိပ်ကွပ်မှုလုံးဝမရှိဘဲ ထာဝစဉ်အသက်ရှင်နိုင်စေမည်ဖြစ်သည်။ ဘုရားသခင်ထံဆုတောင်းရာတွင် ယေရှုက “ထာဝရအသက်ဟူမူကား၊ တစ်ဆူတည်းသော ဘုရားမှန်ဖြစ်သော ကိုယ်တော်နှင့် စေလွှတ်တော်မူသော ယေရှုခရစ်နှင့်ဆိုင်သော အသိပညာကို သူတို့ဆည်းပူးယူခြင်းတည်း” ဟုမြွက်ဆိုတော်မူခဲ့သည်။—ယောဟန် ၁၇:၃၊ ကဘ။
[စာမျက်နှာ ၄၊ ၅ ပါ ရုပ်ပုံ]
ဘုရားသခင်၏ကမ္ဘာသစ်တွင် မည်သူမျှတစ်ဦးကိုတစ်ဦး ဖိစီးနှိပ်ကွပ်တော့မည်မဟုတ်