အပျက်အယွင်းများကြား ကယ်ဆယ်ရေးဆောင်ရွက်ခြင်း
ဘးဒဏ်သင့်သင့်ချင်း ကယ်ဆယ်ရေးဆောင်ရွက်ရန် လူ့ကြိုးပမ်းမှုသည် အမှန်ပင်ချီးမွမ်းထိုက်ဖွယ်ဖြစ်ပါသည်။ ကယ်ဆယ်ရေးအစီအစဉ်များစွာသည် အိမ်များကို ပြန်ဆောက်လုပ်ပေးရန်၊ မိသားစုများကို ပြန်စုစည်းပေးရန်၊ အားလုံးတို့ထက် အသက်ကယ်ဆယ်ပေးရန် အကူအညီဖြစ်ခဲ့ပြီ။
ဘေးဒုက္ခကျရောက်သည့်အခါ ယေဟောဝါသက်သေများသည် ဤလောကကယ်ဆယ်ရေးအစီအစဉ်များ၏ စီမံမှုရှိသမျှတို့ကို ကျေးဇူးတင်စွာဖြင့် အသုံးပြုကြသည်။ တစ်ချိန်တည်းတွင် “ယုံကြည်ခြင်း၌ဆွေမျိုးတော်သူအပေါင်းတို့ကို အထူးသဖြင့်ကောင်းမှုပြု” ရန်ကျမ်းပေးတာဝန် ရရှိထားကြသည်။ (ဂလာတိ ၆:၁၀၊ ကဘ) မှန်ပါ၏၊ သက်သေခံများသည် အချင်းချင်းအမျိုးတော်သည်ဟု ခံစားရပြီး တစ်ဦးကိုတစ်ဦး “မိသားစု” ကဲ့သို့ယူမှတ်ကြပါသည်။ ယင်းကြောင့် အချင်းချင်း တစ်ဦးကိုတစ်ဦး “ညီအစ်ကို”၊ “ညီအစ်မ” ဟူ၍ခေါ်ဝေါ်ကြခြင်းဖြစ်သည်။—မာကု ၃:၃၁-၃၅; ဖိလေမုန် ၁၊ ၂ နှိုင်းယှဉ်။
ထို့ကြောင့်ရပ်ကွက်တစ်ခုကို ဘေးသင့်သည့်အခါ ယေဟောဝါသက်သေများမှ အကြီးအကဲတို့သည် အသင်းသားတစ်ဦးစီ၏ အခြေအနေနှင့်လိုအပ်ရာများကို ကြိုးစားပမ်းစားစုံစမ်းမေးမြန်းပြီး လိုအပ်သောအကူအညီကိုပေးရန် စီစဉ်ကြပါသည်။ ဂါနာနိုင်ငံ၊ အကရာမြို့; ယူအက်စ်အေ၊ စန်အဲန်ဂျီလိုမြို့; ဂျပန်နိုင်ငံ၊ ကိုဘေးမြို့များတွင် ထိုအတိုင်း မည်သို့ဖြစ်ပျက်ခဲ့သည်ကို သုံးသပ်ကြည့်ကြစို့။
အကရာမြို့—“နောဧခေတ် အသေးစား”
ညနေ ၁၁ နာရီအချိန်ခန့်တွင် မိုးစတင်ရွာလေသည်။ နာရီပိုင်းများစွာ မိုးသည်းထန်စွာ အဆက်မပြတ်ရွာသွန်းခဲ့သည်။ “မိုးသည်းလွန်းလို့ တစ်အိမ်ထောင်လုံး မအိပ်နိုင်ဘူး” ဟုအကရာမြို့မှယေဟောဝါသက်သေတစ်ဦးဖြစ်သူ ဂျောန် တဝူမာစီပြောပြသည်။ ဒေးလီး ဂရက်ဖစ်သတင်းစာက ယင်းကို “နောဧခေတ် အသေးစား” ဟုခေါ်ခဲ့သည့်။ “တန်ဖိုးရှိပစ္စည်းတချို့ကို အပေါ်ထပ်ကိုပို့ထားဖို့ လှေကားတံခါးကို ဖွင့်လိုက်တဲ့အခါ ရေတွေဒလဟောဝင်လာတော့တာပဲ” ဟုဂျောန်ကဆက်ပြောပြသည်။
အာဏာပိုင်များက ထိုအရပ်မှထွက်ခွာသွားကြရန် သတိပေးသော်လည်း အိမ်တွင်—ရေပြည့်နေသည့်တိုင်—လူမရှိလျှင် သူခိုးဝင်ခိုးမည်ကိုစိုးရိမ်ပြီး လူအများက ထွက်ခွာရန် ဝန်လေးနေကြသည်။ အချို့မူကား ထွက်ခွာသွားလိုသည့်တိုင် မထွက်နိုင်ကြပါ။ “ကျွန်မနဲ့ကျွန်မအမေဟာ တံခါးကို ဖွင့်လို့မရဘူး” ဟုပေါလီနာအမည်ရှိသော လုံမငယ်တစ်ဦးကပြောသည်။ “ရေဆက်တက်လာတော့ သစ်သားစည်တွေပေါ်ရပ်ပြီး အိမ်ဒိုင်းကို ကျွန်မတို့ကိုင်ထားကြရတယ်။ နောက်ဆုံး နံနက်ငါးနာရီလောက်ကျမှ ကျွန်မတို့ကို အိမ်နီးနားချင်းတွေ လာကယ်တယ်။”
ယေဟောဝါသက်သေများသည် ဖြစ်နိုင်သည်နှင့် အမြန်ဆုံးရောက်လာပြီး ကူညီပေးကြသည်။ ဗီအက်ထရစ္စအမည်ရှိသူ ခရစ်ယာန်ညီအစ်မတစ်ဦးက “ကျွန်မတို့ကို အသင်းတော်အကြီးအကဲတွေ လာရှာကြတယ်။ ဒါနဲ့ ကျွန်မတို့ခိုလှုံနေတဲ့ သက်သေခံချင်းတစ်ယောက်အိမ်မှာ ကျွန်မတို့ကိုတွေ့ကြရော။ ရေကြီးပြီး သုံးရက်အကြာမှာပဲ အကြီးအကဲတွေနဲ့ အသင်းတော်ကလူငယ်တွေရောက်လာကြပြီး ကျွန်မတို့ရဲ့ အိမ်ထဲနဲ့ အိမ်ပြင်က ရွှံ့တွေကို ခြစ်ခွာပေးကြတယ်။ ကင်းမျှော်စင်အသင်းက ကြေးချွတ်ဆေး၊ ပိုးသတ်ဆေး၊ သုတ်ဆေး၊ မွေ့ရာတွေ၊ စောင်တွေ၊ ပိတ်စတွေနဲ့ ကလေးတွေအတွက် အဝတ်အစားတွေ ပို့ပေးပါတယ်။ ညီအစ်ကိုတွေက လေးငါးရက်စာ စားစရာတွေပို့ပေးတယ်။ ကျွန်မအရမ်းစိတ်ထိခိုက်ခဲ့ရတယ်။”
အစပိုင်းတွင်ဖော်ပြထားသော ဂျောန် တဝူမာစီကဤသို့ပြောပြသည်– “ကျွန်တော်တို့အသင်းက တစ်အိမ်လုံးကို သန့်ရှင်းဆေးကြောဖို့ ကြေးချွတ်ဆေးနဲ့ ပိုးသတ်ဆေးတွေ ပို့ပေးလိုက်တယ်လို့ တခြားအိမ်ငှားတွေကိုပါ ပြောပြလိုက်တယ်။ အိမ်ငှားအယောက် ၄၀ ဝိုင်းဝန်းကူညီသန့်ရှင်းဆေးကြောပေးကြတယ်။ ကျွန်တော်တို့ရပ်ကွက်က ချာ့ချ်တစ်ခုရဲ့ဓမ္မဆရာတစ်ဦးအပါအဝင် ကျွန်တော့်အိမ်နီးနားချင်းတွေကိုလည်း ကြေးချွတ်ဆေးနည်းနည်းစီ ပေးသေးတယ်။ ယေဟောဝါသက်သေတွေဟာ သူတို့အချင်းချင်းကိုပဲ ကူညီပေးကြတယ်လို့ ကျွန်တော့်လုပ်ဖော်ကိုင်ဖက်တွေက အထင်အမြင်မှားနေကြတာ။”
ခရစ်ယာန်ညီအစ်ကိုညီအစ်မများသည် မေတ္တာနှင့်ပေးသောကူညီမစမှုကို အလွန်ကျေးဇူးတင်လေးစားကြသည်။ ညီအစ်ကိုတဝူမာစီက ဤသို့နိဂုံးချုပ်သည်– “ရေကြီးလို့ ကျွန်တော်ဆုံးရှုံးခဲ့တဲ့ပစ္စည်းတွေဟာ ကယ်ဆယ်ရေးပစ္စည်းတွေထက် ပိုတန်ဖိုးကြီးပေမဲ့ အသင်းမပို့ပေးလိုက်တဲ့ပစ္စည်းတွေက ကျွန်တော်တို့မိသားစုရင်နင့်စရာဖြစ်ခဲ့လို့ ပြန်ရရှိတာဟာ ဆုံးရှုံးတာထက် ပိုတန်ဖိုးရှိတယ်လို့ ကျွန်တော်ခံစားမိတယ်။”
စန်အဲန်ဂျီလိုမြို့—“အသံဗလံတွေက ကမ္ဘာကုန်ဆုံးနေသလိုပဲ”
၁၉၉၅ ခု၊ မေ ၂၈ ရက်တွင် စန်အဲန်ဂျီလိုမြို့ကို ဖျက်ဆီးခဲ့သော လေဆင်နှာမောင်းသည် သစ်ပင်များကို အမြစ်မှကျွတ်ထွက်စေသည်၊ ဓာတ်တိုင်များကိုကျိုးသွားစေ၍ လျှပ်စစ်စီးနေသောဓာတ်ကြိုးများကို လမ်းများပေါ် ပြန့်ကျဲစေခဲ့သည်။ လေအရှိန်သည် တစ်နာရီလျှင် မိုင် ၁၀၀ နှုန်းအထိတိုက်ခတ်ခဲ့ရာ ဝန်ဆောင်လုပ်ငန်းဌာနများကို ပျက်စီးသွားစေခဲ့သည်။ အိမ်ပေါင်း ၂၀,၀၀၀ ကျော်အမှောင်ကျသွားသည်။ ထို့နောက် မိုးသီးများရွာကျလာလေသည်။ နိုင်ငံတော်မိုးလေဝသဌာနမှကြေညာချက်အရ “ဂေါက်သီးအရွယ် မိုးသီးများ၊” ထိုနောက် “တင်းနစ်ဘောလုံးအရွယ် မိုးသီးများ” နှင့် နောက်ဆုံး “ဂရိတ်ဖရုသီးအရွယ် မိုးသီးများ” ရွာသွန်းခဲ့သည်ဟုသိရသည်။ နားကွဲလုမတတ် သဲကြီးမဲကြီး ရွာသွန်းခဲ့သည်။ မြို့သားတစ်ဦးက “အသံဗလံတွေက ကမ္ဘာကုန်ဆုံးနေသလိုပဲ” ဟူ၍ပြောဆိုခဲ့သည်။
မုန်တိုင်းပြီးနောက် အလွန်တိတ်ဆိတ်ငြိမ်သက်သွားလေသည်။ လူတို့သည် ပျက်စီးသွားသည့် မိမိတို့၏အိမ်များမှ တဖြည်းဖြည်းထွက်လာကြပြီး ဆုံးရှုံးပျက်စီးမှုကို ကြည့်ရှုစစ်ဆေးကြသည်။ မလဲသောသစ်ပင်များပေါ်တွင် အပွင့်အရွက်အလက်များ မရှိတော့ချေ။ မပြိုခဲ့သောအိမ်များသည် အရေဆုတ်ခွာခံရသကဲ့သို့ဖြစ်နေသည်။ အချို့နေရာများတွင် မိုးသီးများသည် မြေပြင်ကို သုံးပေအမြင့်အထိဖုံးလွှမ်းနေ၏။ မုန်တိုင်းကြောင့် အိမ်နှင့်ကားမှန် မြောက်မြားစွာ ကြေမွခဲ့ရာ ယခုမြေကြီးကို ခြုံလွှမ်းထားသောမိုးသီးများကြားတွင် မှန်ကွဲစများ ဖိတ်ဖိတ်တောက်နေ၏။ “ကျွန်မအိမ်ပြန်ရောက်တော့ ကားဝင်ထွက်တဲ့လမ်းပေါ်မှာ ကားထဲထိုင်ပြီး ငိုချတော့တာပဲ။ အပျက်အစီး များလွန်းလို့ ကျွန်မမခံမရပ်နိုင်အောင်ဖြစ်သွားတယ်” ဟုအမျိုးသမီးတစ်ဦးပြောသည်။
ကယ်ဆယ်ရေးအစီအစဉ်များနှင့် ဆေးရုံများက ငွေကြေးထောက်ပံ့မှု၊ ဆောက်လုပ်ရေးပစ္စည်းများ၊ ဆေးဝါးနှင့် ညွှန်ကြားလမ်းပြမှုတို့ကို ချက်ချင်းပေးပါသည်။ ချီးကျူးစရာကား မိမိတို့ကိုယ်တိုင်မုန်တိုင်းဒဏ်ခံခဲ့ရသူ မြောက်မြားစွာတို့သည် အခြားသူများကို ကူညီပေးကြခြင်းဖြစ်သည်။
ယေဟောဝါသက်သေများ၏ အသင်းတော်များကလည်း ချက်ချင်းအရေးယူ ဆောင်ရွက်ပေးကြသည်။ စန်အဲန်ဂျီလိုမြို့တွင် အကြီးအကဲတစ်ဦးဖြစ်သူ ဩဘရီ ကာနာက ဤသို့ပြောပြသည်– “မုန်တိုင်းပြီးတာနဲ့ ကျွန်တော်တို့အချင်းချင်း တစ်ယောက်ကိုတစ်ယောက်ဖုန်းဆက်စုံစမ်းကြတယ်။ အိမ်ပြတင်းပေါက်တွေကို သစ်သားပြားတွေနဲ့ အလုံပိတ်ထားဖို့၊ အိမ်မိုးကို ပလတ်စတစ်တွေနဲ့အုပ်ပေးဖို့၊ အိမ်တွေကို ရေလုံ၊ လေလုံအောင် အတတ်နိုင်ဆုံးပြုလုပ်ကြဖို့ ကျွန်တော်တို့အချင်းချင်းကိုရော သက်သေခံမဟုတ်တဲ့ အိမ်နီးနားချင်းတွေကိုပါ ကူညီပေးခဲ့တယ်။ အဲ့ဒီနောက် အိမ်ပျက်စီးခဲ့ရတဲ့ အသင်းသားတိုင်းရဲ့ နာမည်စာရင်းကိုယူခဲ့တယ်။ အိမ်ပေါင်းတစ်ရာလောက်ကို ပြန်ပြုပြင်ပေးဖို့လိုနေလို့ ကယ်ဆယ်ရေးအဖွဲ့တွေကနေရတဲ့ ဆောက်လုပ်ရေးပစ္စည်းတွေက မလောက်ငဘူး။ ဒါနဲ့ပစ္စည်းထပ်ဝယ်ပြီး အလုပ်စဖို့ စီစဉ်လိုက်တယ်။ စနေတနင်္ဂနွေပတ်စဉ်သက်သေခံ ၂၅၀ လောက်၊ စုစုပေါင်း ၁,၀၀၀ နီးပါးစေတနာ့ဝန်ထမ်းကြတယ်။ မိုင် ၄၆၀ ကနေတောင် လာကူညီပေးတဲ့လူတွေရှိတယ်။ အများအားဖြင့် အပူချိန် ၁၀၀ ဒီဂရီထဲမှာ အားလုံး မမောမပန်းဘဲ အလုပ်လုပ်ကြတယ်။ အသက် ၇၀ ရှိတဲ့ညီမတစ်ယောက်တောင် စနေ၊ တနင်္ဂနွေတစ်ပတ်တည်းကလွဲရင် ကျွန်တော်တို့နဲ့အတူ လုပ်အားပေးခဲ့တယ်။ အဲ့ဒီစနေ၊ တနင်္ဂနွေအပတ်မှာ သူမရဲ့အိမ် ပြင်တဲ့အပတ်ဖြစ်ပြီး အဲ့ဒီအချိန်မှာလည်း သူမကိုယ်တိုင်အိမ်ခေါင်မိုးပေါ်တက်ပြီး ဝိုင်းပြုပြင်နေပါရော!
“ဘေးဗန်းကနေကြည့်ရှုသူတွေက ‘အခြားဘာသာတွေလည်း သူတို့အသင်းသားတွေကို ဒီလိုလုပ်ပေးရင်ကောင်းမှာပဲ’ လို့မကြာခဏပြောသံ ကြားရတယ်။ သောကြာနေ့ နံနက်စောစော (ညီအစ်မတွေပါ အပါအဝင်) လုပ်အားပေးအဖွဲ့ ၁၀ ယောက်က ၁၂ ယောက်အထိ၊ သက်သေခံချင်းတစ်ယောက်အိမ်ကို ရောက်လာပြီး သူ့အိမ်အမိုးတစ်ခုလုံးကို အခမဲ့ပြန်ပြင်ပေးဖို့၊ ဒါမှမဟုတ် လိုအပ်ရင်ပြန်ဆောက်ပေးဖို့ အသင့်ရှိတာကို အိမ်နီးနားချင်းတွေက အတော်စွဲမှတ်လေးစားသွားတယ်။ အများအားဖြင့် အလုပ်တစ်ခုကို စနေ၊ တနင်္ဂနွေတစ်ပတ်တည်းနဲ့ ပြီးခဲ့ကြတယ်။ တစ်ခါတလေ အိမ်မိုးတဲ့အလုပ်တစ်ခုကို အပြင်ကန်ထရိုက်တာတစ်ဦး အတော်ပြင်ပြီးမှ ကျွန်တော်တို့အဖွဲ့က အဲဒီအိမ်ရဲ့ဘေးချင်းကပ်အိမ်ကို ရောက်လာကြတယ်။ ကျွန်တော်တို့က အဲ့ဒီအိမ်အမိုးကိုခွာပြီး အသစ်ပြန်ဆောက်ပြီးလို့ ခြံဝင်းကို သန့်ရှင်းပြီးတာတောင် သူတို့အလုပ် မပြီးကြသေးဘူး။ တစ်ခါတလေ သူတို့အလုပ်ကိုရပ်နားပြီး ကျွန်တော်တို့ကို ရပ်ကြည့်နေတတ်ကြတယ်။”
ညီအစ်ကိုကာနာက ဤသို့နိဂုံးချုပ်သည်– “အတူတူပူးပေါင်းတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေကို သတိရမှာအမှန်ပဲ။ တစ်ခါနဲ့မှမတူအောင် ညီအစ်ကိုချင်းမေတ္တာကို အပြန်အလှန်ပြကြတဲ့အခါ တစ်ယောက်ကိုတစ်ယောက် အခြားတစ်နည်းဖက်ကနေ သိကျွမ်းလာကြတယ်။ ဘုရားသခင်ရဲ့ကမ္ဘာသစ်ထဲမှာ ဒီလိုပဲညီအစ်ကိုညီအစ်မတွေ တစ်ယောက်ကိုတစ်ယောက် တကယ်ကူညီချင်တဲ့စိတ်နဲ့ ကူညီပေးကြမှာပါပဲ။”—၂ ပေတရု ၃:၁၃။
ကိုဘေးမြို့—“သစ်သား၊ အင်္ဂတေနှင့် လူအသေကောင် အပျက်အယွင်းများ”
ကိုဘေးမြို့သူမြို့သားများသည် မိမိတို့အသင့်ရှိနေသည်ဟုယူမှတ်ကြသည်။ အမှန်မှာ စက်တင်ဘာ ၁ ရက်နေ့တိုင်း ဘေးဒဏ်ကာကွယ်ရေးနေ့ကို သူတို့ကျင်းပလေ့ရှိသည်။ ကျောင်းသူကျောင်းသားများသည် မြေငလျင်လေ့ကျင့်ခန်းများယူတတ်ကြသည်၊ စစ်တပ်ကလည်း ရဟတ်ယာဉ်ဖြင့်ကယ်ဆယ်ရေးအစီအစဉ်များကို လေ့ကျင့်ကြသည်၊ မီးသတ်ဌာနများက ငလျင်အတုဖန်တီးပေးစက်များကိုထုတ်လာကြ၍ တကယ်ငလျင်လှုပ်သကဲ့သို့ တုန်ခါလှုပ်ယမ်းသည့် အခန်းတစ်ခန်းအရွယ်ရှိသေတ္တာတစ်လုံးတွင် စေတနာ့ဝန်ထမ်းများအား သူတို့၏ကျွမ်းကျင်မှုများကို တင်ပြစေကြသည်။ သို့သော် ၁၉၉၅၊ ဇန်နဝါရီ ၁၇ ရက်တွင် တကယ်ငလျင်လှုပ်သည့်အခါ ပြင်ဆင်ခဲ့သမျှသည် အချည်းနှီးသက်သက်ဖြစ်ပုံရှိလေသည်။ အတုဖန်တီးစက်များတွင် တစ်ခါမျှမဖြစ်ဖူးခဲ့သော အိမ်မိုးထောင်ပေါင်းများစွာ ပြုတ်ကျကုန်ကြလေသည်။ ရထားတွဲများ ကျွမ်းပြန်ကုန်သည်; အဝေးပြေးလမ်းမကြီး၏ အပိုင်းများစွာ အစိတ်စိတ်အမြွှာမြွှာအက်ကွဲကုန်သည်; ဓာတ်ငွေ့နှင့်ရေ အဓိကပိုက်လိုင်းများ ပေါက်ကွဲကုန်သည်; အိမ်များသည် ကတ်ထူပြားများကဲ့သို့ ပြိုလဲကြလေသည်။ တိုင်းမ်မဂ္ဂဇင်းက ထိုမြင်ကွင်းကို “သစ်သား၊ အင်္ဂတေနှင့် လူအသေကောင် အပျက်အယွင်းများ” ဟူ၍ဖော်ပြထားသည်။
ထိုနောက် မီးဘေးများဖြစ်လေသည်။ မိုင်ချီ၍ ကားများပိတ်ဆို့နေရာ မီးသတ်အဖွဲ့များ ကြိုးစားလေသမျှ မအောင်မြင်နိုင်ဘဲဖြစ်နေစဉ် တိုက်ကြီးတာကြီးများ မီးလောင်ကုန်သည်။ မီးလောင်ပြင်များသို့ရောက်လာနိုင်သူများက မြို့တော်၏ ပျက်စီးကုန်သောရေပိုက်စနစ်မှ ရေမရနိုင်ကြောင်း မကြာခဏတွေ့ရှိရကြသည်။ အရာရှိတစ်ဦးက ဤသို့ပြောပြသည်– “ပထမနေ့ရက်က တကယ့်ကို အထိတ်တလန့်ပဲ။ မီးလောင်နေတဲ့အိမ်တွေထဲမှာ လူအတော်များများ ပိတ်လှောင်နေတာကိုသိရက်နဲ့ သူတို့ကို ဘယ်လိုနည်းနဲ့မှ မကူညီနိုင်ဘူး၊ ခုလို ကျွန်တော့်မှာ ဘာအာဏာမှမရှိ လက်ပိုက်ကြည့်နေရတဲ့အဖြစ်မျိုး တစ်ခါမှမကြုံဖူးဘူး။”
စုစုပေါင်း လူ ၅,၀၀၀ ခန့်သေပြီး တိုက်အိမ် ၅၀,၀၀၀ နီးပါးပျက်စီးခဲ့သည်။ ကိုဘေးမြို့တွင် စားသုံးရန်လိုအပ်သည့်အစာ သုံးပုံတစ်ပုံသာရှိတော့သည်။ သုံးစွဲစရာအတွက်ရေကို ပေါက်နေသော ရေပိုက်များအောက်မှ ရေညစ်ကို အချို့ကြံဖန်ကုတ်ခြစ်ယူပြီး သုံးစွဲကြရသည်။ အိုးအိမ်မဲ့သူများစွာတို့သည် စခန်းများ၌ ဝင်ခိုလှုံနေကြသည်။ အချို့စခန်းများတွင် တစ်ဦးလျှင် တစ်နေ့ ဝေစုကျ ထမင်းလက်တစ်ဆုပ်စာသာပေးသည်။ မကြာမီပင် မကျေမနပ်မှုဖြစ်ပွားလာသည်။ “အာဏာပိုင်တွေက ဘာမှမလုပ်ပေးသေးဘူး။ သူတို့ကိုသာ ဆက်အားကိုးနေရရင် အစာငတ်ပြီး သေကုန်ကြတော့မယ်” ဟုအမျိုးသားတစ်ဦးကညည်းညူသည်။
ကိုဘေးမြို့နှင့် အနီးအနားရှိ ယေဟောဝါသက်သေများ၏အသင်းတော်များက ချက်ချင်းစနစ်တကျဖွဲ့စည်းလိုက်သည်။ သူတို့၏လုပ်ငန်းကို ကိုယ်တိုင်တွေ့ရှိသူ ရဟတ်ယာဉ်မောင်းတစ်ဦးက ဤသို့ပြောပြသည်– “ငလျင်လှုပ်တဲ့နေ့မှာ ဘေးဒဏ်သင့်တဲ့အရပ်ကို ကျွန်တော်သွားပြီး တစ်ပတ်နေခဲ့တယ်။ စခန်းတစ်ခုကို ကျွန်တော်ရောက်တော့ အားလုံးဗရုတ်သုတ်ခဖြစ်နေတယ်။ ဘာကယ်ဆယ်ရေးအစီစဉ်မှ မတွေ့ရဘူး။ ယေဟောဝါသက်သေတွေပဲ အဲ့ဒီနေရာကို ရုတ်ခြည်းရောက်လာပြီး ကိစ္စတစ်ခုပြီးတစ်ခုကို ဆောင်ရွက်သွားကြတယ်။”
အမှန်ပင် လုပ်ကိုင်စရာများစွာရှိပါသည်။ ဘုရားသခင်၏နိုင်ငံတော်ခန်းမ ဆယ်ခုကို ဆက်အသုံးမပြုနိုင်တော့ကြောင်းနှင့် သက်သေခံ ၄၃၀ ကျော်တို့သည် အိုးအိမ်မဲ့ဖြစ်နေကြောင်း တွေ့ရှိရသည်။ သူတို့နေထိုင်သောအိမ်ပေါင်း ၁,၂၀၆ လုံးကိုလည်း ပြုပြင်ပေးရန် လိုအပ်နေသည်။ ထို့ပြင် ဘေးသင့်ချိန်တွင် သေဆုံးခဲ့သော သက်သေခံ ၁၅ ဦးတို့၏မိသားစုကို နှစ်သိမ့်ပေးရန်လည်း အလွန်လိုအပ်နေပါသည်။
ပြုပြင်ရေးလုပ်ငန်းတွင် ကူညီပေးရန် တစ်နိုင်ငံလုံးမှ သက်သေခံ ၁,၀၀၀ ခန့်သည် အချိန်ပေး စေတနာ့ဝန်ထမ်းခဲ့ကြသည်။ “နှစ်ခြင်းမခံရသေးတဲ့ ကျမ်းစာကျောင်းသားတွေအိမ်ကို ပြန်ဆောက်ပေးတဲ့အခါ ‘ဒါအားလုံးဘယ်လောက်ကျမလဲ’ လို့အမြဲအမေးခံရတယ်။ အသင်းတော်တွေရဲ့ ထောက်ပံ့မှုပဲလို့ သူတို့ကိုပြောပြတဲ့အခါ ‘ကျွန်တော်တို့လေ့လာခဲ့တာတွေ အခုတကယ်ဖြစ်နေပြီ’” ဆိုပြီးကျေးဇူးတင်စကားပြောဆိုကြတယ်။
ဘေးသင့်သည်နှင့် အလျင်အမြန်လာရောက်ကူညီပေးသော သက်သေခံများ၏ တုံ့ပြန်မှုကို လူများစွာ အထင်ကြီးလေးစားကြသည်။ အထက်တွင်ဖော်ပြခဲ့သော ရဟတ်ယာဉ်မောင်းက “ခင်ဗျားတို့ကို ကျွန်တော်တကယ်အထင်ကြီးလေးစားတယ်။ တစ်ယောက်ကိုတစ်ယောက် ‘ညီအစ်ကို’ ‘ညီအစ်မ’ လို့ခေါ်ကြပြီး တစ်ယောက်ကိုတစ်ယောက် ကူညီပေးတာကိုတွေ့ရတယ်။ ခင်ဗျားတို့ဟာ တကယ့်မိသားစုကြီးပဲ” ဟုပြောသည်။
သက်သေခံများကိုယ်တိုင် မြေငလျင်ဖြစ်ပြီးမှ တန်ဖိုးရှိသင်ခန်းစာမြောက်မြားစွာရရှိလိုက်ကြသည်။ ညီအစ်မတစ်ယောက်က “အဖွဲ့အစည်းတစ်ခုဟာ ကြီးလာလေ တစ်ယောက်ကိုတစ်ယောက် အရေးစိုက်ဖို့ မလွယ်ကူလေဘဲလို့ ကျွန်မအမြဲထင်မိတယ်” ဟုဝန်ခံပါသည်။ သို့သော် သူမရရှိခဲ့သည့် ဂရုစိုက်မှုက သူမ၏အထင်အမြင်ကို ပြောင်းလဲစေခဲ့သည်။ “ယေဟောဝါဟာ အဖွဲ့အစည်းလိုက်ပဲမဟုတ်ဘူး တစ်ဦးချင်းစီကိုလည်း ဂရုစိုက်တယ်ဆိုတာကို ကျွန်မအခုသိရပါပြီ။” သို့သော် အနာဂတ်တွင် ဘေးဒဏ်များမှ အမြဲသက်သာရာရရှိကြတော့မည်။
မကြာမီ အမြဲသက်သာရာရရှိတော့မည်!
ဘေးဒဏ်များကြောင့် လူ့အသက်တာနှင့် အသက်မွေးမှုပြတ်တောက်မခံရတော့မည့်အချိန်ကို ယေဟောဝါသက်သေများ စောင့်မျှော်နေကြသည်။ ဘုရားသခင်၏ကမ္ဘာသစ်တွင် ကမ္ဘာ့ဝန်းကျင်နှင့်ပူးပေါင်းဆောင်ရွက်တတ်ရန် လူသားအပေါင်းသွန်သင်ခံရကြလိမ့်မည်။ လူတို့သည် အတ္တဆန်သောအကျင့်များကို ပယ်ရှားပစ်ကြလေလေ သဘာဝဘေးဒဏ် သင့်စရာအကြောင်း လျော့နည်းလေလေဖြစ်လိမ့်မည်။
ထို့ပြင် သဘာဝစွမ်းအင်များကိုဖန်ဆင်းတော်မူသော ယေဟောဝါဘုရားသခင်သည် ကိုယ်တော်၏လူ့မိသားစုကြီးနှင့် မြေကြီးဆိုင်ရာဖန်ဆင်းခြင်းကို သဘာဝစွမ်းအင်ဒဏ် နောက်တစ်ဖန်မသင့်စေရန် အရေးယူဆောင်ရွက်ပေးတော်မူမည်။ ထိုအခါကမ္ဘာမြေကြီးသည် အမှန်တကယ်ပင် ပရဒိသုဖြစ်ပါလိမ့်မည်။ (ဟေရှာယ ၆၅:၁၇၊ ၂၁၊ ၂၃; လုကာ ၂၃:၄၃) ဗျာဒိတ် ၂၁:၄ ၏ ပရောဖက်ပြုချက်သည် ဘုန်းအသရေရှိစွာ ပြည့်စုံလာလိမ့်မည်– “ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ။”
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဗီအက်ထရစ္စ ဂျုံးစ် (ဝဲ) သည် ရေကြီးနေစဉ် မိမိနှင့်အခြားသူများ မည်သို့လက်တွဲ ဖြတ်ကူးခဲ့ကြောင်းတင်ပြ
[စာမျက်နှာ ၆ ပါ ရုပ်ပုံ]
မုန်တိုင်းများတိုက်ခတ်ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်း