ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၇ ၅/၁၅ စာ. ၃-၄
  • ဝင်စားခြင်းကိုအသင်ယုံကြည်ပါသလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝင်စားခြင်းကိုအသင်ယုံကြည်ပါသလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • လူဝင်စားခြင်း
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • လူဝင်စားခြင်းအကြောင်း ကျမ်းစာမှာ သွန်သင်သလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ဝင်စားခြင်းကိုသင်ယုံကြည်သင့်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • အတိတ်ဘဝမှာ သင်အသက်ရှင်ခဲ့တယ်လို့ ယုံကြည်ပါသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
က၉၇ ၅/၁၅ စာ. ၃-၄

ဝင်စားခြင်းကိုအသင်ယုံကြည်ပါသလော

“သားဒီမှာနေတုန်းက သားနဲ့အရူးအမူးချစ်ခဲ့တဲ့ အိမ်ဘေးကမိန်းကလေးကို သားမှတ်မိသလား။ သူကလေးက အပတ်အနည်းငယ်အတွင်းမှာ မင်္ဂလာဆောင်တော့မှာ၊ ဒါကိုသားသိသင့်တယ်လို့ အဖေထင်တယ်” ဟူ၍ အမေရိကန်ပြည်ထောင်စုတွင် ပညာသင်ကြားနေသည့် သားဖြစ်သူထံ အိန္ဒိယနိုင်ငံမှဖခင်ဖြစ်သူ မူခန်းဗိုင်ကစာရေးလိုက်သည်။

ထိုအကြောင်းကို ဖခင်ကသားဖြစ်သူထံ အဘယ့်ကြောင့် အကြောင်းကြားရသနည်း။ အမှန်ဆိုလျှင် လွန်ခဲ့သည့်နှစ်များက ၎င်းဆယ်ကျော်သက်အချစ်ဇာတ်လမ်းကို မူခန်းဗိုင်ကိုယ်တိုင် မရမကဖြတ်တောက်ခဲ့ပြီးဖြစ်သည်။ ထို့အပြင် သူ့သားဖြစ်သူမှာ အမေရိကန်ပြည်ထောင်စုတွင် အဆင့်မြင့်ပညာကို ဆည်းပူးနေခဲ့သည်မှာ ခြောက်နှစ်ပင်ရှိပေပြီ။ ထိုအချိန်အတောအတွင်း သူ့သားသည် ၎င်းမိန်းကလေးနှင့် အဆက်အသွယ်မရှိတော့သည်ကို မူခန်းဗိုင်သိထားသည်။

သို့ဖြစ်လျှင် အဘယ်ကြောင့်စိုးရိမ်ရသနည်း။ မူခန်းဗိုင်သည် ဝင်စားခြင်း သို့မဟုတ် ဘဝကူးခြင်းကို ယုံကြည်သောကြောင့်ဖြစ်သည်။a ယခင်ဘဝက အိမ်ထောင်ဖက်များဖြစ်ခဲ့သောကြောင့် ယခုဘဝ၌တွယ်တာသွားရခြင်းဖြစ်လျှင် ယခုအချိန်တန်အရွယ်ရောက်မှ သူတို့ကိုခွဲလိုက်ပါက ရက်စက်ရာကျပေမည်။ ထိုမိန်းကလေးသည် ယခုဘဝတွင်အခြားသူ၏ဇနီးမဖြစ်မီ အခြေအနေအားလုံးကို မူခန်းဗိုင်က မိမိသားကိုသိစေချင်သည်။

အခြားအဖြစ်အပျက်တစ်ခုကိုလည်း စဉ်းစားကြည့်ပါလေ။ အသက်လေးနှစ်အရွယ်ရှိသော မိန်းကလေးတစ်ဦးသည် ပြင်းထန်သောဝေဒနာခံစားရသောကြောင့် အိန္ဒိယနိုင်ငံ၊ မွန်ဘိုင်မြို့တွင် ဆေးရုံတက်လိုက်ရသည်။ သူမ၏နှလုံးအဆို့ရှင်မှာ ချို့ယွင်းနေသည်။ ကြွယ်ဝချမ်းသာသောမိဘများမှာ မိမိတို့သမီးကလေး ဝေဒနာခံစားရသည်ကို မကြည့်ရက်ကြပါ။ သို့သော်ငြားလည်း “ဒါကိုဒို့လက်ခံရမှာပဲ။ ခုလိုဖြစ်အောင် အရင်ဘဝတုန်းက ဒို့သမီးလေးက တစ်ခုခုလုပ်ခဲ့လို့ ဖြစ်ရမယ်” ဟူ၍ သူတို့သုံးသပ်ကြသည်။

ဝင်စားခြင်းကို ယုံကြည်ခြင်းသည် ဟိန္ဒူဘာသာ၊ . . . ဂျိန်းဘာသာ၊ ဆစ်ခ်ဘာသာနှင့် အိန္ဒိယနိုင်ငံမှ မြစ်ဖျားခံသော အခြားဘာသာများရှိ သန်းပေါင်းများစွာသော သူတို့၏ဘဝတွင် အရေးကြီးသည့်အခန်းကဏ္ဍမှပါဝင်နေသည်။ ဘဝအတွေ့အကြုံများ—မေတ္တာမျှခြင်းမှအစ အကြီးအကျယ်ဒုက္ခဝေဒနာခံရခြင်းအထိ—သည် ယခင် သို့မဟုတ် ဘဝများက လုပ်ရပ်များ၏အကျိုးဆက်များဖြစ်သည်ဟု ယူဆကြသည်။

အနောက်နိုင်ငံများ၌လည်း ဝင်စားခြင်းအယူဝါဒ၏ ဆွဲဆောင်ခြင်းကိုခံရကြသည်။ အမေရိကန်ရုပ်ရှင်သရုပ်ဆောင် ရှယ်လီ မက္ကလိန်းသည် ၎င်းအယူဝါဒကို မိမိယုံကြည်ကြောင်းဝန်ခံသည်။ ကနေဒါနိုင်ငံ၊ ဗြိတိသျှကိုလံဘီယာခရိုင်၊ ဗဲန်ကူးဗားမြို့မှ စာရေးဆရာမ လော်ရာ ဖယ်လင်သည် လွန်ခဲ့သောဘဝပေါင်း ၅၀ မှအကြောင်းများကို အမှတ်ရသေးသည်ဟုဆိုသည်။ စီအဲန်အဲန်သတင်းဌာနနှင့် ယူအက်စ်အေတူဒေး နေ့စဉ်သတင်းစာဌာနအတွက် ပြုလုပ်သည့် ၁၉၉၄ ခုနှစ်၊ ဂဲလပ်ဆန္ဒခံယူပွဲတစ်ရပ်၌ လူပေါင်း ၁,၀၁၆ ယောက်တွင် ၂၇၀ ကျော်မှာ ဝင်စားခြင်းကိုယုံကြည်ကြောင်း ထုတ်ဖော်ပြောဆိုကြသည်။ ဝင်စားခြင်းကိုယုံကြည်ခြင်းသည်ခေတ်သစ်လှုပ်ရှားမှု၏ အခန်းကဏ္ဍတစ်ခုဖြစ်သည်။ သို့သော် ယင်းယုံကြည်ချက်ကို အဘယ်သက်သေအထောက်အထားက ပံ့ပိုးပေးသနည်း။

“ယခင်ဘဝကိုပြန်၍ အမှတ်ရခြင်း” ဖြစ်သည်ဟု ဝင်စားခြင်းကိုယုံကြည်သူများက ဖြေဆိုကြသည်။ ရလဒ်အနေဖြင့်၊ ဗန်ကောက်မြို့မှ အသက်သုံးနှစ်အရွယ်ရှိ ရတ္တနာသည် “အသက် ၆၀ ကျော်အရွယ်၌သေဆုံးသွားသော ဘာသာရေးကိုင်းရှိုင်းသည့် အမျိုးသမီးတစ်ဦးအဖြစ် သူမ၏အတိတ်ဘဝကို ပြန်အမှတ်ရ” လာပြီး လေ့လာသူအများစုက သူမ၏ဖြစ်ရပ်ကို ဝင်စားခြင်း၏ ခိုင်လုံသောအထောက်အထားအဖြစ် လက်ခံကြသည်။

မည်သို့ပင်ဖြစ်စေကာမူ ယင်းသည် သံသယသဘောထားကို ပျံ့နှံ့စေသည်။ ယခင်ဘဝများကို အမှတ်ရကြောင်းပြသည့် ရှင်းလင်းချက်များ ရှိကောင်းရှိနိုင်ပါသည်။b မိမိ၏ ဟိန္ဒူအယူဝါဒ– ဝိညာဉ်လွတ်မြောက်မှု၏အဓိပ္ပာယ် ဟူသည့်စာအုပ်တွင် ဟိန္ဒူအတွေးအခေါ်ပညာရှင် နီခီလန်းနတ်က ‘တမလွန်ဘဝမှ အဖြစ်အပျက်များကို ဆင်ခြင်တုံတရားနှင့် သက်သေမထူနိုင်’ ဟုဆိုသည်။ သို့သော် “သံသရာလည်ခြင်းအယူဝါဒသည် မဖြစ်နိုင်ခြေထက် ဖြစ်နိုင်ခြေကပိုများသည်” ဟုသူအခိုင်အမာပြောဆိုသည်။

သို့သော် ၎င်းအယူဝါဒကို သမ္မာကျမ်းစာက ထောက်ခံပါသလော။ ဘုရားသခင့်မှုတ်သွင်းခံ နှုတ်ကပါဌ်တော်၌ သေလွန်သူများအတွက် အဘယ်မျှော်လင့်ချက်ကို ကမ်းလှမ်းထားသနည်း။

[အောက်ခြေမှတ်ချက်များ]

a “ဝင်စားခြင်း” ဆိုသည်မှာ “စိုးလ်သည် လူဘဝသို့ဖြစ်စေ၊ တိရစ္ဆာန်ဘဝသို့ဖြစ်စေ၊ အချို့မှာမူ အပင်ဘဝသို့ ကူးပြောင်းခြင်း” ကိုဆိုလိုသည်ဟု ဗြိတဲန်နီကာစွယ်စုံကျမ်းသစ် ကဆိုသည်။ ၎င်းသဘောတရားကို ဖော်ပြရန်အတွက် “ဘဝကူးခြင်း” ဟူသည့်ဝေါဟာရကိုလည်း အသုံးပြုလေ့ရှိသော်လည်း “ဝင်စားခြင်း” ဟူသောစကားလုံးကို ပို၍လက်ခံကြသည်။ အိန္ဒိယဘာသာစကားများနှင့် ထုတ်ဝေထားသောအဘိဓာန် အမြောက်အမြားတွင် ယင်းစကားလုံးများကို အလဲအလှယ်အသုံးပြုထားသည်။

b ဇွန်လ ၈ ရက်၊ ၁၉၉၄ ခုနှစ်ထုတ် နိုးလော့! မဂ္ဂဇင်း [လိပ်] စာမျက်နှာ ၅-၇ ကိုရှု။

[စာမျက်နှာ ၄ ပါ ရုပ်ပုံ]

ယခင်ဘဝ၌ သူမကျူးလွန်မိခဲ့သည့်အပြစ်များအတွက်ဒဏ်ခံနေရခြင်းလော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ