ရည်ရွယ်ချက်မှားသည်ဟု ယိုးစွပ်တတ်ခြင်းကို သတိပြု
ကျော်ကြားသော ရုပ်မြင်သံကြား ဧဝံဂေလိဆရာတစ်ဦးသည် မတရားမေထုန်ကျူးလွန်မိခဲ့သော တရားဟောဆရာချင်းတစ်ဦးကို ပျစ်ပျစ်နှစ်နှစ်ပြစ်တင်ရှုတ်ချခဲ့သည်။ သို့ရာတွင် တစ်နှစ်အတွင်းပင် ပြစ်တင်ပြောဆိုသော ဧဝံဂေလိဆရာကို ပြည့်တန်ဆာတစ်ဦးနှင့် လက်ပူးလက်ကြပ်မိခဲ့လေသည်။
အခြားအဖြစ်အပျက်တစ်ခုတွင် နာမည်ကြီးကမ္ဘာ့အာဏာစက်တစ်ခုသည် ငြိမ်းချမ်းရေးစေ့စပ်ဆွေးနွေးပွဲပြုရန် စစ်မက်ဖြစ်ပွားနေသောအုပ်စုများထံသို့ ကိုယ်စားလှယ်များ စေလွှတ်ခဲ့သည်။ တစ်ကြိမ်တည်းတွင် ထိုနိုင်ငံသည် ဒေါ်လာသန်းပေါင်းများစွာတန်သော လက်နက်များကို ရောင်းချရေးအတွက် တိုင်းတစ်ပါးနိုင်ငံများထံ လက်နက်ကုန်ကူးသူများကို တိတ်တဆိတ်စေလွှတ်ခဲ့သည်။
အရှက်ကင်းမဲ့သော ကြောင်သူတော်ပြုမှုသည် မြင်နေကျ တွေ့နေကျဖြစ်နေရာ ယုံကြည်စိတ်ချမှုအစား သံသယဝင်ခြင်း အနှံ့အပြားရှိနေခြင်းသည် အံ့ဩစရာမဟုတ်ပါလေ။ များစွာသောသူတို့သည် သူတစ်ပါး၏ရည်ရွယ်ချက်ကို မယုံသင်္ကာဖြစ်တတ်သည့်အကျင့် ရှိကြပါသည်။
ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့သည် ဤသဘောထားများကြောင့် သစ္စာရှိယုံကြည်သူချင်းတို့နှင့် ဆက်ဆံရေးထိခိုက်မသွားစေရန် ဂရုစိုက်သင့်သည်။ ရန်သူများစပ်ကြားတွင် “မြွေကဲ့သို့လိမ္မာ” ရမည်ဟု ကျွန်ုပ်တို့အား ယေရှုခရစ် တိုက်တွန်းထားသည်မှန်သော်လည်း ကိုယ်တော်၏စစ်မှန်သောတပည့်တော်များကို မယုံသင်္ကာဖြစ်သင့်သည်ဟု မှာကြားထားတော်မမူချေ။ (မဿဲ ၁၀:၁၆) ထိုသို့ဆိုလျှင် သူတစ်ပါး၏ရည်ရွယ်ချက်များကို မှားသည်ဟု ယိုးစွပ်ခြင်း၏ အန္တရာယ်များကား အဘယ်နည်း။ ဤသဘောထားမျိုးကိုရှောင်ရန် အထူးသဖြင့် အဘယ်ကဏ္ဍများတွင် သတိပြုရမည်နည်း။ ခရစ်ယာန်ချင်းတို့နှင့် ကျွန်ုပ်တို့၏ တန်ဖိုးရှိဆက်ဆံရေးကို မည်သို့ကာကွယ်နိုင်မည်နည်း။
အတိတ်မှသင်ခန်းစာ
သူတစ်ပါး၏ရည်ရွယ်ချက်များကို မှားသည်ဟု အကြောင်းမဲ့ယိုးစွပ်ခြင်းသည် သူတို့အားတရားစီရင်ခြင်းနှင့် အတူတူပင်ဖြစ်သည်။ ၎င်းမှာ သူတို့၏စကား၊ သူတို့၏အပြုအမူများသည် မရိုးသားမှု၊ မလိုတမာမှုတစ်မျိုးမျိုးကို ဖုံးကွယ်ထားသော မာယာတစ်ခုမျှဖြစ်သည်ဟု အစောတလျင်စီရင်ဆုံးဖြတ်လိုက်သကဲ့သို့ဖြစ်သည်။ ပြဿနာအစစ်အမှန်မှာ ယောရှုအခန်းကြီး ၂၂ ပါ ကျမ်းစာမှတ်တမ်း၌ တွေ့ရသကဲ့သို့ပင် အထင်အမြင်လွဲမှားခြင်းသာဖြစ်သည်။
ဣသရေလလူမျိုးသည် ကတိထားရာပြည်ကို လုံးဝသိမ်းပိုက်ပြီး မျိုးနွယ်စုလိုက် ပိုင်ဆိုင်ရာနယ်မြေတို့ကို ခွဲဝေရရှိခါစဖြစ်သည်။ “ထင်ရှားစွာသော ယဇ်ပလ္လင်ကြီး” ကိုရုဗင်အမျိုး၊ ဂဒ်အမျိုး၊ မနာရှေအမျိုးတစ်ဝက်တို့သည် ယော်ဒန်မြစ်နားမှာ တည်ကြ၏။ အခြားအမျိုးအနွယ်တို့က ယင်းကိုအယူဖောက်ပြန်မှုဟု ယိုးစွပ်ကြသည်။ ဝတ်ပြုရေးအတွက်သတ်မှတ်ထားသည့် ရှိလောမြို့ရှိ စည်းဝေးရာတဲတော်သို့ သွားကြမည့်အစား ထိုအမျိုးအနွယ်သုံးနွယ်တို့သည် ၎င်းယဇ်ပလ္လင်ကြီးကို အသုံးပြုကြတော့မည်ဟု သူတို့ယူမှတ်ခဲ့ကြသည်။ ချက်ချင်းလက်ငင်းပင် ယိုးစွပ်သောအမျိုးအနွယ်တို့သည် စစ်ချီတက်ဖို့ အသင့်ပြင်ဆင်ကြသည်။—ယောရှု ၂၂:၁၀-၁၂။
ဣသရေလညီအစ်ကိုများနှင့် အဆက်အသွယ်ပြုရန် ဖိနဟတ်ဦးစီးသော တရားဝင်ကိုယ်စားလှယ်အုပ်စုကို သူတို့ထံစေလွှတ်ခဲ့ခြင်းကား ချီးကျူးစရာဖြစ်ပါသည်။ သစ္စာဖျက်မှု၊ ပုန်ကန်မှု၊ ယေဟောဝါအပေါ် အယူဖောက်ပြန်မှုပြုသည်ဟု စွပ်စွဲခံရကြကြောင်း အထင်မှားခံရသောအမျိုးအနွယ်တို့ ကြားသည့်အခါ ထိုယဇ်ပလ္လင်ကြီးကို ဆောက်လုပ်ခဲ့ရသည့်အကြောင်းကို ရှင်းပြလေသည်။ ယင်းသည် မီးရှို့ရာယဇ်ပလ္လင်အတွက်မဟုတ် ယေဟောဝါအားဝတ်ပြုရာတွင် ဣသရေလလူမျိုးတို့၏စည်းလုံးမှုကို “သက်သေဖြစ်စေ” ဖို့အတွက်ဖြစ်ပါသည်။ (ယောရှု ၂၂:၂၆၊ ၂၇) ကိုယ်စားလှယ်အုပ်စုသည် မိမိတို့၏ညီအစ်ကိုများမှာ အပြစ်စိုးစဉ်းမျှမရှိသောကြောင့် ကျေနပ်စွာဖြင့် ပြန်သွားကြလေသည်။ သို့ဖြင့် ပြည်တွင်းစစ်နှင့် အကြီးအကျယ်သတ်ဖြတ်မှုကို ရှောင်လွှဲခဲ့ကြသည်။
သူတစ်ပါး၏ရည်ရွယ်ချက်ကို မှားသည်ဟု ဘယ်သောအခါမျှ အလျင်အမြန်မယိုးစွပ်ရန် ကျွန်ုပ်တို့အတွက် သင်ခန်းစာတစ်ခုပါတကား! များသောအားဖြင့် အပေါ်ယံကြည့်ရုံမျှနှင့် ဟုတ်မှန်ပုံရှိသောအရာကို အသေအချာစစ်ဆေးလိုက်သော် လုံးဝမဟုတ်ကြောင်း တွေ့ရှိရသည်။ ယင်းသည် ခရစ်ယာန်တစ်ဦး၏အသက်တာ ကဏ္ဍအသီးသီးတွင် ဤသို့ပင်ဖြစ်သည်။
အကြီးအကဲများအပေါ် ကျွန်ုပ်တို့၏အမြင်
“ဘုရားသခင် အပိုင်ရတော်မူသော အသင်းတော်ကို ထိန်းကျောင်း” ကြရန်တာဝန်ကို ထမ်းဆောင်ရာတွင် တစ်ခါတစ်ရံ အသင်းတော်ရှိသူအသီးသီးကို ဆုံးမပေးဖို့လိုကြောင်း အကြီးအကဲများတွေ့ရှိကြသည်။ (တမန်တော် ၂၀:၂၈၊ သမ) ဥပမာ၊ အကြီးအကဲတစ်ဦးက ကျွန်ုပ်တို့သားသမီးများ၏ မကောင်းသောအပေါင်းအသင်း၊ လိင်ခြားသူတစ်ဦးနှင့် မသင့်လျော်စွာပြုမူခြင်းအကြောင်း ပြောပြသည့်အခါ ကျွန်ုပ်တို့မည်သို့တုံ့ပြန်သနည်း။ သူ့မှာလျှို့ဝှက်ရည်ရွယ်ချက်တစ်ခုရှိသည်ဟုယူမှတ်ပြီး ‘ကျုပ်မိသားစုကို တစ်ခါမှသူမကြိုက်ခဲ့ဘူး’ ဟုမိမိကိုယ်ကိုပြောဆိုပါသလော။ ဤစိတ်ထားမျိုးလွှမ်းမိုးခံမည်ဆိုလျှင် နောင်တွင် ဝမ်းနည်းရလိမ့်မည်။ သားသမီးများ၏ ဝိညာဉ်ရေးအကျိုးအတွက် စိုးရိမ်စရာရှိနေရာ ကျမ်းစာမှ အကျိုးပြုဆုံးမစကားကို ကျွန်ုပ်တို့တန်ဖိုးထားသင့်သည်။—သု. ၁၂:၁၅။
အသင်းတော်အကြီးအကဲတစ်ဦးက ကျွန်ုပ်တို့ကို ဆုံးမသည့်အခါ ကွယ်ဝှက်ထားသည့်ရည်ရွယ်ချက်တစ်ခုကို ရှာကြံမကြည့်ပါနှင့်။ ယင်းအစား သူ၏ကျမ်းစာအခြေခံသော ဆုံးမစကားမှ အကျိုးရနိုင်မည့်နည်းရှိမည်လောဟု မိမိကိုယ်ကို မေးမြန်းပါ။ တမန်တော်ပေါလုက ဤသို့ရေးသားသည်– “ဆုံးမခြင်းမည်သည်ကား၊ ခံရစဉ်အခါဝမ်းမြောက်စရာမထင်၊ ဝမ်းနည်းစရာထင်တတ်၏။ သို့သော်လည်း၊ ဆုံးမခြင်းကိုခံရသောသူတို့သည်၊ နောက်မှငြိမ်သက်ခြင်းနှင့်စပ်ဆိုင်သော ဖြောင့်မတ်ခြင်းအကျိုးကို ခံရကြ၏။” (ဟေဗြဲ ၁၂:၁၁) ထို့ကြောင့် ကျေးဇူးတင်စွာဖြင့် ကိစ္စရပ်များကို ဓမ္မဓိဋ္ဌာန်ကျကျ တွေးတောကြစို့။ ဆုံးမစကားကို ကျွန်ုပ်တို့ခံယူရန်ခဲယဉ်းသကဲ့သို့ပင် ကျွန်ုပ်တို့ကို ဆုံးမပေးရန် အကြီးအကဲများအတွက် ခဲယဉ်းတတ်လေ့ရှိကြောင်း သတိရပါ။
မိဘများနှင့်စပ်လျဉ်းသော ခံစားချက်များ
မိဘ၏စည်းကမ်းသတ်မှတ်ချက်အချို့ကို ခံရသည့်အခါ အချို့လူငယ်များသည် သူတို့မိဘများ၏ ရည်ရွယ်ချက်ကို သံသယဝင်တတ်ကြသည်။ အချို့လူငယ်များက ‘ငါ့မိဘတွေ ဘာကြောင့်ဒီလောက် စည်းကမ်းထုတ်ရတာလဲ။ ငါပျော်တာကို သူတို့မကြိုက်လို့ဘဲ’ ဟုယူမှတ်ပေမည်။ သို့သော် ဤသို့ဆုံးဖြတ်မည့်အစား ငယ်ရွယ်သူများသည် အခြေအနေကို ဓမ္မဓိဋ္ဌာန်ကျကျ ခွဲခြမ်းစိတ်ဖြာကြည့်ရန်လိုသည်။
မိဘများသည် သားသမီးများကို နှစ်ချီ၍ကြည့်ရှုပြုစုပေးခဲ့ပြီ။ ယင်းကို ငွေသာမက အဘက်ဘက်မှ အနစ်နာခံ ပြုမူခဲ့ကြသည်။ ယခု သူတို့၏ဆယ်ကျော်သက် ကလေးများကို စိတ်ဆင်းရဲစေလိုသည်ဟု တွေးတောရန် အကြောင်းရှိပါသလော။ သားသမီးများကို ကာကွယ်စောင့်ရှောက်ပေးရန် ဤမိဘများကို မေတ္တာက တိုက်တွန်းသည်ဟု စဉ်းစားခြင်းသည် ပိုယုတ္တိတန်သည်မဟုတ်ပေလော။ ယခု ဘဝတွင် စိန်ခေါ်ချက်အသစ်များ ရင်ဆိုင်နေရသော သူတို့၏သားသမီးများအပေါ် စည်းကမ်းချက်များ ချမှတ်ပေးခြင်းသည် ၎င်းမေတ္တာ၏တွန်းအားကြောင့် မဖြစ်နိုင်ပေလော။ ချစ်ခင်ကြင်နာတတ်သောမိဘ၏ရည်ရွယ်ချက်ကို မှားသည်ဟု ယိုးစွပ်ခြင်းသည် မည်မျှအကြင်နာကင်းမဲ့ပြီး ကျေးဇူးကန်းလှသည်တကား။—ဧဖက် ၆:၁-၃။
ခရစ်ယာန်ချင်းများအပေါ် ကျွန်ုပ်တို့၏စိတ်ထား
လူအများသည် သူတစ်ပါးအပေါ် အစောတလျင် စီရင်ဆုံးဖြတ်တတ်ကြပြီး ဒီပုတ်ထဲက ဒီပဲပဲဟုယူမှတ်တတ်ကြသည်။ ကျွန်ုပ်တို့ကိုယ်တိုင် ဤသဘောမျိုးရှိပြီး လူအချို့အပေါ် သံသယအနည်းငယ်ရှိနေမည်ဆိုလျှင်ကော။ ယင်းနှင့်ပတ်သက်၍ လောကစိတ် လွှမ်းမိုးခံနေရခြင်း ဖြစ်နိုင်သလော။
ဥပမာ၊ ဝိညာဉ်ရေးအရ ညီအစ်ကိုဖြစ်သူတစ်ဦး၌ ကောင်းမွန်သောအိမ်တစ်လုံးနှင့် တန်ဖိုးကြီးသောကားတစ်စီးကို ပိုင်ဆိုင်ထားသည် ဆိုပါစို့။ ဤသူသည် ဘုရားသခင့်နိုင်ငံတော်ရေးရာကို ရှေးဦးမထားသည့် ဥစ္စာမက်သူဟု အလိုလိုဆုံးဖြတ်သင့်သလော။ ခရစ်ယာန်အချို့သည် တန်ဖိုးရှိပစ္စည်းများကို ပိုင်ဆိုင်နိုင်တိုင်း သူတို့စိတ်ရင်းမကောင်း၊ “ဘုရားသခင်၏ နိုင်ငံတော် . . . ကို ရှေးဦးစွာ” မရှာဟူ၍ မယူဆနိုင်ပါ။ ဝိညာဉ်ရေးလုပ်ငန်းများတွင် သူတို့အလွန်အလုပ်များကောင်းများနေကြမည်ဖြစ်ပြီး ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားကို ငွေအင်အားဖြင့်လည်း မထင်မရှား ရက်ရက်ရောရော သယ်ပိုးနေကြပေမည်။—မဿဲ ၆:၁-၄၊ ၃၃။
ပထမရာစု ခရစ်ယာန်အသင်းတော်သည် သူဌေးနှင့်ဆင်းရဲသား အစရှိသည့် လူအမျိုးမျိုးဖြင့်ဖွဲ့စည်းထားသည်။ (တမန်တော် ၁၇:၃၄; ၁ တိမောသေ ၂:၃၊ ၄; ၆:၁၇; ယာကုပ် ၂:၅) ဘုရားသခင်သည် လူတို့၏ငွေအင်အားအခြေအနေအရ လူကိုအကဲဖြတ်တော်မူသည်မဟုတ်သည့်နည်းတူ ကျွန်ုပ်တို့လည်း ထိုသို့မဖြစ်သင့်ပေ။ စမ်းသပ်မှုအမျိုးမျိုးကြား သစ္စာရှိသည့် ယုံကြည်သူချင်းတို့ကို ‘ရှေ့မဆွကမစီရင်၊ ငဲ့ကွက်သောစိတ်အလျှင်းမရှိဘဲ’ ကျွန်ုပ်တို့ချစ်သင့်သည်။—၁ တိမောသေ ၅:၂၁။
စာတန်၏လက်ထဲရှိ ဤလောကတွင် ဒီပုတ်ထဲက ဒီပဲပဲဟူ၍ သံသယအမြင်ရှိခြင်းကို နည်းအမျိုးမျိုးဖြင့် တင်ပြတတ်ကြသည်။ ဥပမာ၊ လူတစ်ဦး၏နောက်ခံကြောင့် သူသည် စိတ်ကြမ်းသည်၊ သို့မဟုတ် ပစ္စည်းမက်သည်ဟူ၍ ယူမှတ်ထားခံရပေမည်။ သို့သော် ခရစ်ယာန်များအနေနှင့် ကျွန်ုပ်တို့၌ ဤစိတ်ထားမျိုး မရှိသင့်ပေ။ ယေဟောဝါ၏အဖွဲ့အစည်းတွင် အယူသီးခြင်း၊ သံသယဝင်ခြင်းတို့ မရှိနိုင်ပါ။ စစ်မှန်သောခရစ်ယာန်အားလုံးသည် “မတရားသောအမှုကိုလက်ခံခြင်း၊ လူမျက်နှာကိုထောက်ခြင်း” ရှိတော်မမူသော ယေဟောဝါဘုရားသခင်အား တုပရန်လိုသည်။—၂ ရာဇဝင်ချုပ် ၁၉:၇; တမန်တော် ၁၀:၃၄၊ ၃၅။
ချစ်ခြင်းမေတ္တာ၏ လှုံ့ဆော်မှုကို ခံပါ
“လူအပေါင်းတို့သည် ဒုစရိုက်ကိုပြု၍ ဘုရားသခင့်ရှေ့တော်၌အသရေပျက်ကြပြီ” ဟုကျမ်းစာက ရှင်းရှင်းဖော်ပြထားသည်။ (ရောမ ၃:၂၃) ထို့ကြောင့် ဝတ်ပြုသူချင်းတို့သည် ယေဟောဝါ နှစ်သက်တော်မူသောဝတ်ကိုပြုကြရန် ကြိုးစားနေကြသော ကျွန်ုပ်တို့နှင့် တစည်းတလုံးတည်းရှိသူများဖြစ်သည်ဟု ယူမှတ်ဖို့လိုပါသည်။ သံသယစိတ်၊ သို့မဟုတ် အခြားအပြုသဘောမပါသည့်ခံစားချက်များကြောင့် ဝိညာဉ်ရေးဘက် ညီအစ်ကို၊ သို့မဟုတ် ညီအစ်မတစ်ဦးနှင့် ကျွန်ုပ်တို့၏ဆက်ဆံရေး ထိခိုက်ရန် ခွင့်ပြုခဲ့မည်ဆိုလျှင် အပြစ်သွေးဆောင်ရာသို့ စာတန်နောက် မလိုက်မပါစေရန် ဘုရားသခင့်အကူအညီဖြင့် ဤစိတ်ထားကို တိုက်လှန်နိုင်ဖို့ ဆုတောင်းကြစို့။ (မဿဲ ၆:၁၃) ဧဝကို စာတန်က ယေဟောဝါ၌ မကောင်းသောရည်ရွယ်ချက်ရှိသည်၊ သူမ၏အကျိုးကို မလိုလားသဖြင့် အမှန်ပျော်ရွှင်နိုင်မည့် လွတ်လပ်ခွင့်များကို သူမအားမပေးခဲ့ပါဟူ၍ အယုံသွင်းခဲ့သည်။ (ကမ္ဘာဦး ၃:၁-၅) ညီအစ်ကိုများ၏ရည်ရွယ်ချက်ကို မှားသည်ဟု ကျွန်ုပ်တို့ယိုးစွပ်ခြင်းက သူ့လိုဘကို ပြည့်စေသည်။—၂ ကောရိန္သု ၂:၁၁; ၁ ပေတရု ၅:၈။
သူတစ်ပါး၏ရည်ရွယ်ချက်ကို မှားသည်ဟု ယိုးစွပ်တတ်သည့်စိတ်ထား ကျွန်ုပ်တို့တွင်ရှိကြောင်း တွေ့မည်ဆိုလျှင် ယေရှုခရစ်၏ ပုံနမူနာကို သုံးသပ်ပါ။ ကိုယ်တော်သည် ဘုရားသခင်၏ စုံလင်သောသားဖြစ်သော်လည်း တပည့်တော်များတွင် မကောင်းသောစိတ်ထားကို ရှာဖွေတော်မမူချေ။ ယင်းအစား သူတို့၌ ကောင်းသောအရာများကိုသာ ကြည့်ရှုတော်မူသည်။ ကိုယ်တော်၏တပည့်တော်များသည် ထင်ပေါ်သောရာထူးရဖို့ ငြင်းခုံခဲ့ကြသောအခါ ကိုယ်တော်က သူတို့စိတ်ထားယိုယွင်းသည်ဟု သဘောထားကာ တမန်တော်အသစ် ၁၂ ပါးနှင့် အစားထိုးတော်မမူခဲ့ပေ။ (မာကု ၉:၃၄၊ ၃၅) သူတို့သည် မစုံလင်သူများဖြစ်ကြရာ မာန်မာနထားခြင်း၊ လူတန်းစားခွဲခြင်းတို့ကို ဦးစားထားသည့် အယူဖောက်ပြန်သော ဂျူးဘာသာရေးယဉ်ကျေးမှု၏ လွှမ်းမိုးမှုကို တစ်နည်းနည်းဖြင့် ခံနေရကြပေမည်။ ကိုယ်တော့်တပည့်တော်များ၏အရင်းခံစိတ်ထားကား ယေဟောဝါအားချစ်ခြင်းဖြစ်ကြောင်း ယေရှုသိတော်မူသည်။ ဤချစ်ခြင်းကိုတင်ပြ၍ ယေရှုအပေါ် သစ္စာရှိကြသည့်အတွက် သူတို့သည် ဆုကျေးဇူးများစွာခံစားခဲ့ရကြသည်။—လုကာ ၂၂:၂၈-၃၀။
ကျွန်ုပ်တို့၏ သစ္စာရှိယုံကြည်သူချင်းတို့ကို မယုံသင်္ကာဖြစ်မည်ဆိုလျှင် ကိုးရိုးကားရားပုံထွက်စေသောမှန်ပြောင်းဖြင့် အရာရာကိုကြည့်ရှုခြင်းနှင့် တူပေမည်။ အဘယ်အရာကိုမျှ အရှိအတိုင်း တွေ့မြင်နိုင်မည်မဟုတ်ပါ။ ယင်းကြောင့် ချစ်ခြင်းမေတ္တာမှန်ပြောင်းနှင့် ကြည့်မြင်ကြပါစို့။ သစ္စာရှိခရစ်ယာန်ချင်းတို့သည် ကျွန်ုပ်တို့ကိုချစ်ကြောင်းနှင့် ကျွန်ုပ်တို့၏ ကြင်နာသည့်ထောက်ထားမှုကို ရရှိထိုက်ကြောင်း ထင်ရှားသည့်သာဓကများစွာရှိသည်။ (၁ ကောရိန္သု ၁၃:၄-၈) သူတို့အား ဤကဲ့သို့သောမေတ္တာမျိုးပြနိုင်ကြပြီး ရည်ရွယ်ချက်မှားသည်ဟု ယိုးစွပ်တတ်ခြင်းကို သတိပြုကြစို့လေ။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
ဘုရားသခင်အား သစ္စာရှိစွာ ဝတ်ပြုသူများကိုသင်မည်သို့သဘောထားသနည်း
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ယုံကြည်စိတ်ချမှုနှင့် လေးစားမှုက ယေဟောဝါသက်သေများကို ပျော်ရွှင်သောမိသားစုတစ်စုဖြစ်စေသည်