ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
ယေဟောဝါ၏ သီအိုကရက်တစ်အဖွဲ့အစည်းသို့ ပြေးဝင်ခြင်း
ရှေးအချိန်က ပရောဖက်ဟေရှာယသည် ဤသို့ပြောကြားရန် လှုံ့ဆော်ခံခဲ့ရသည်– ‘ပင်လယ်တစ်ဖက် တစ်ကျွန်းတစ်နိုင်ငံအရပ်တို့၌ ထာဝရဘုရားကို ချီးမွမ်းကြလော့။’ (ဟေရှာယ ၂၄:၁၅) ကျွန်းများကို ယေရှု၏မိန့်တော်မူခဲ့သော “ဧဝံဂေလိတရား” ဟောရမည့် “လောကီနိုင်ငံအရပ်ရပ်၏” အစိတ်အပိုင်းအဖြစ် ယေဟောဝါသက်သေတို့ ယူမှတ်ကြသည်။—မဿဲ ၂၄:၁၄; မာကု ၁၃:၁၀။
မာဂွီဆက်ကျွန်းစုသည် တဟီတီ၏အရှေ့မြောက်ဘက် မိုင်ပေါင်း ၉၀၀ ခန့်တွင် တည်ရှိသည်။ တောင်ပစိဖိတ်ရှိ ဝေးခေါင်သောကျွန်းအုပ်စုတစ်စု၏အပိုင်းဖြစ်၍ ဖရဲ့န်ချ်ပိုလနီးရှားဟုခေါ်သည်။ ယင်းကျွန်းစုများတွင် မြေသြဇာကောင်းမွန်သော မီးတောင်မြေ၊ ပူအိုက်စွတ်စိုသောရာသီဥတုတို့ကြောင့် အသီးအရွက်များဖြစ်ထွန်းအောင်မြင်သည်။ ထို့အပြင် မာဂွီဆက်တွင် အခြားအသီးအနှံလည်း ပေါက်ရောက်သည်။ ဟီဗာအိုဝါကျွန်းစုပေါ်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကို တုံ့ပြန်ခဲ့သည့် မိသားစုတစ်စု၏ အဖြစ်အပျက်ကို ဆင်ခြင်ကြည့်ပါ။
ဇန်းနှင့်သူ၏ဇနီးနဒီးန်တို့သည် မိမိတို့နေထိုင်ကြသည့် ယဉ်ကျေးပါသည်ဟုဆိုသော အနောက်ဥရောပ၏လူ့အသိုင်းအဝိုင်းတွင် မပျော်ပိုက်တော့ချေ။ ထို့ကြောင့် ရှုပ်ထွေးနေသောဘဝပုံစံကို ကျောခိုင်းကာ ကလေးနှင့်အတူ မာဂွီဆက်ကျွန်းစုများသို့ ထွက်ခွာသွားရန် သူတို့ဆုံးဖြတ်ချက်ချလိုက်ကြသည်။ ဝါးဖြင့်ဆောက်ထားသော အိမ်သစ်သည် ဝေးခေါင်လှသော တောင်ကြားတွင် တည်ရှိသည်။ အနီးဆုံးအိမ်နီးနားချင်းများထံရောက်ရန် ခက်ခဲကြမ်းတမ်းသောတောင်လမ်းကို နှစ်နာရီကြာ လျှောက်ရသည်။ ဆရာဝန်၊ ကျောင်း၊ ကုန်မျိုးစုံဆိုင်ရှိ အနီးဆုံးရွာကို ဂျစ်ကားဖြင့် သုံးနာရီကြာမောင်းရသည်။
ဇန်းနှင့်နဒီးန်တို့သည် ဘာသာတရားကို စိတ်မဝင်စားကြချေ။ သို့ဖြစ်စေကာမူ အသက်၏မူလအစနှင့်ပတ်သက်၍ ဆွေးနွေးခြင်းများ ပြုခဲ့ကြသည်။ ရှုပ်ထွေးသော ဆင့်ကဲသီအိုရီများကို မကြာခဏ ဆွေးနွေးခဲ့ကြသော်လည်း မည်သည့်သီအိုရီကမျှ သူတို့ကို စိတ်ကျေနပ်မှုမပေးချေ။
လူသူမရှိဝေးခေါင်လှသောနေရာတွင် ခြောက်နှစ်ကြာနေထိုင်ပြီးနောက် ယေဟောဝါသက်သေနှစ်ဦးရောက်ရှိလာကြသည့်အတွက် သူတို့အံ့သြကြသည်။ ဇန်းနှင့်နဒီန်းတို့ရှိသောနေရာကို အနီးအနားရှိ ရွာသားများမှတစ်ဆင့် သက်သေခံတို့ သိရှိခဲ့သည်။ စကားဝိုင်းသည် တဖြည်းဖြည်း ဆင့်ကဲသီအိုရီအကြောင်းကို ရောက်ရှိသွားသည်။ ယေဟောဝါသက်သေတို့ ထုတ်ဝေထားသည့် အသက်—ဤတွင် မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်းအားဖြင့်လော[လိပ်] စာအုပ်သည် သက်သေခံများနှင့်ပါလာရာ ထိုဇနီးမောင်နှံသည် ဝမ်းသာသွားသည်။ ဤတွင်အသက်မည်သို့ရောက်ရှိခြင်းကို နှိုက်နှိုက်ချွတ်ချွတ်သုံးသပ်ထားသည့် စာအုပ်ရရှိလိုက်သောကြောင့် ဇန်းနှင့်နဒီးန်တို့ ဝမ်းသာပီတိဖြစ်ခဲ့ကြသည်။
မကြာမီ ကျမ်းစာသင်အံမှုစသည်။ ဇန်းနှင့်နဒီးန်တို့သည် သုံးနှစ်တာကာလ ကျော်လွန်ပြီးနောက် မှန်မှန်တိုးတက်လာသည်။ မကြာမီ မြေကြီးတစ်ခုလုံး ပရဒိသုဖြစ်လာမည်ကို သူတို့လက်ခံယုံကြည်လာကြသည်။ သားသမီးသုံးယောက်ထွန်းကားပြီးနောက် ခရစ်ယာန်အစည်းအဝေးများတက်ရောက်ရန် ဘုရားသခင့်နိုင်ငံတော်ခန်းမသို့ လေးနာရီကြာခရီးသွားရခြင်းသည် အမှန်ပင် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ သို့ရာတွင် ထိုစိန်ခေါ်ချက်သည် အစည်းအဝေးတက်ရောက်ခြင်းကို မရပ်တန့်စေပါ။ နောက်ဆုံးတွင် ဇန်းနှင့်နဒီးန်တို့သည် ယေဟောဝါထံ ဆက်ကပ်အပ်နှံခြင်းကို ရေတွင်နှစ်ခြင်းခံခြင်းအားဖြင့် ပြသခဲ့ကြသည်။ အချက်အချာကျသောရွာတွင် ကျင်းပသောစည်းဝေးကြီးတစ်ခု၌ နှစ်ခြင်းခံခဲ့ကြပြီး အများဆုံးတက်ရောက်သူမှာ ၃၈ ယောက်ရှိခဲ့သည်!
ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူအုပ်စုငယ်လေးကို ကူညီပေးဖို့အတွက် သူတို့၏ သီးခြားအိမ်မှ စွန့်ခွာဖို့ မိသားစုက ဆုံးဖြတ်လိုက်သည်။ လူဦးရေ တစ်ထောင်ခန့်ရှိသည့် ရွာသို့ပြောင်းရွှေ့လိုက်ကြပြီး ထိုတွင် ဒေသခံယေဟောဝါသက်သေတို့၏အသင်းတော်၌ ဇန်းသည် ဓမ္မအမှုထမ်းတစ်ယောက်အဖြစ် အမှုထမ်းဆောင်နေပြီ။ ယခင်က မြို့ပြယဉ်ကျေးမှုမှလွတ်မြောက်ဖို့ ကျွန်းများဆီရှောင်ပြေးခဲ့သည့် ဤမိသားစုသည် ယေဟောဝါ၏သီအိုကရက်တစ်အဖွဲ့အစည်းတည်းဟူသော တစ်ခုတည်းသော စစ်မှန်သောသန့်ရှင်းရာဌာနကို တွေ့ရှိရခြင်းကို အခွင့်အရေးတစ်ခုအဖြစ် ယူမှတ်ကြသည်။