ယေဟောဝါသည် သစ္စာစောင့်သိစွာ စီရင်တော်မူသည်
ပီတာ ပယ်လစာပြောပြသည်
၁၉၈၅ ခုနှစ်၊ ဒီဇင်ဘာလမှာပေါ့။ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့က အပြည်ပြည်ဆိုင်ရာလေဆိပ်ကို စပြီးဆင်းတဲ့အခါမှာ ကျွန်တော်တို့ အရမ်းစိတ်လှုပ်ရှားနေကြတယ်။ မြို့ထဲကိုကားမောင်းပြီး ဝင်သွားတဲ့အခါ ရင်းနှီးပြီးသားရှုခင်းတွေနဲ့အသံတွေရဲ့ နှိုးဆွမှုကြောင့် အရင်ကအကြောင်းတွေကို ပြန်ပြီးသတိရမိပါတယ်။
ယေဟောဝါသက်သေများရဲ့ “သမာဓိစောင့်သိသူများ” ခရိုင်စည်းဝေးကြီးကို တက်ရောက်ဖို့ ကျွန်တော်တို့ကင်ညာနိုင်ငံကို လာခဲ့ကြပါတယ်။ လွန်ခဲ့တဲ့ဆယ့်နှစ်နှစ်လောက်က ကျွန်တော်တို့ရဲ့ ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်လိုက်တဲ့အတွက် ကျွန်တော်နဲ့ကျွန်တော့်ဇနီးကို ကင်ညာနိုင်ငံကနေ အတင်းအဓမ္မထွက်ခွာခိုင်းပါတယ်။ ဗေသလလို့အမည်ပေးထားတဲ့ ယေဟောဝါသက်သေများရဲ့ ဌာနခွဲအဆောက်အဦမှာ ကျွန်တော်တို့နေခဲ့ကြပါတယ်။ အဲဒီကိုအလည်ပြန်သွားတဲ့အခါ ကြည်နူးဖွယ်ဖြစ်စေတဲ့ မမျှော်လင့်တဲ့ဖြစ်ရပ်များက ကျွန်တော်တို့ကိုစောင့်နေတော့တာပါပဲ!
ဗေသလမှာ နေ့လယ်စာ ဝိုင်းကူပြင်ပေးနေတဲ့သူကတော့ နှစ်နှစ်အရွယ်ကတည်းက ကျွန်တော်တို့သိကျွမ်းခဲ့ကြတဲ့ သက်သေခံမိန်းမငယ်လေးပါ။ အနည်းဆုံး ဗေသလမိသားစုဝင်ခြောက်ယောက်ဟာ သူတို့ငယ်ငယ်လေးကတည်းက ကျွန်တော်တို့သိခဲ့တဲ့သူဖြစ်တယ်။ အခုအချိန်မှာ သူတို့ရဲ့မိသားစုများနဲ့အတူ ဓမ္မအမှုမှာအားလုံး တက်တက်ကြွကြွပါဝင်နေဆဲဖြစ်တဲ့ လူလတ်ပိုင်းများအဖြစ် မြင်တွေ့ရတာပျော်ရွှင်စရာပါပဲ! “သစ္စာစောင့်သိသူနှင့် ကိုယ်တော်သည် သစ္စာစောင့်သိစွာစီရင်မည်” ဆိုတဲ့ သမ္မာကျမ်းစာကတိတော်နဲ့အညီ ကျွန်တော်တို့ရဲ့ဘုရားသခင် ယေဟောဝါဟာသူတို့ကို ဂရုစိုက်စောင့်ရှောက်ခဲ့ပါတယ်။ (၂ ဓမ္မရာဇဝင် ၂၂:၂၆၊ ကဘ) ကျွန်တော့်ရဲ့ ငယ်စဉ်တောင်ကျေးကလေးဘဝနဲ့ ဒီကလေးတွေဖြတ်သန်းကျော်လွှားနေတဲ့ ကျေနပ်စရာကောင်းတဲ့ဘဝဟာ တခြားစီပါပဲ!
ရည်ရွယ်ချက်ကင်းမဲ့သော ကလေးဘဝ
၁၉၁၈ ခုနှစ်၊ ဩဂုတ်လ ၁၄ ရက်၊ အင်္ဂလန်နိုင်ငံ၊ စကာဘရယ်မြို့မှာ ကျွန်တော်မွေးဖွားလာပါတယ်။ နောက်နှစ်နှစ်လောက်မှာ ကျွန်တော့်အမေနဲ့ အမေတူအဖေကွဲအစ်မတို့ဟာ ကနေဒါနိုင်ငံကိုထွက်သွားတဲ့အတွက် နောက်ထပ်သုံးနှစ်လောက် ကျွန်တော့်အဖေ၊ အဖွား၊ အဒေါ်တို့နဲ့ အတူနေရပါတယ်။ ကျွန်တော်ငါးနှစ်အရွယ်မှာ အမေကကျွန်တော့်ကိုခိုးထုတ်သွားပြီး ကနေဒါနိုင်ငံက မွန်ထရီရောမြို့ကို ခေါ်သွားပါတယ်။ လေးနှစ်လောက်ကြာပြီးတဲ့နောက် အဖေနဲ့နေပြီးကျောင်းတက်ဖို့ အမေက ကျွန်တော့်ကိုအင်္ဂလန်ပြန်ပို့လိုက်တယ်။
အမေနဲ့ကျွန်တော့်ရဲ့ အမေတူအဖေကွဲအစ်မဟာ ကျွန်တော့်ဆီကို ခြောက်လတစ်ခါစာရေးကြတယ်။ သူတို့ရဲ့စာအဆုံးမှာဆိုရင် ကျွန်တော့်ကို နိုင်ငံသားကောင်းတစ်ယောက်ဖြစ်ဖို့ ဘုရင်နဲ့တိုင်းပြည်ကိုသစ္စာရှိဖို့ ဆန္ဒပြုကြောင်းရေးလေ့ရှိတယ်။ ကျွန်တော့်ရဲ့ပြန်စာက သူတို့ကိုစိတ်ပျက်စေကောင်း စိတ်ပျက်စေနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ မျိုးချစ်စိတ်ဓာတ်နဲ့ စစ်ဟာမှားတယ်လို့ကျွန်တော်ယုံကြည်တယ် ဆိုပြီးရေးလိုက်တဲ့အတွက်ဖြစ်တယ်။ ဒါပေမဲ့ ကျွန်တော့်ရဲ့ဆယ်ကျော်သက်ဘဝမှာ ရည်ရွယ်ချက်မယ်မယ်ရရမရှိဘဲ လေလွင့်နေခဲ့ပါတယ်။
ဒါနဲ့ ဒုတိယကမ္ဘာစစ်မစခင် ခြောက်ပတ်အလို၊ ၁၉၃၉ ခုနှစ်၊ ဇူလိုင်လမှာ ကျွန်တော့်ကို ဥပဒေအရ ဗြိတိသျှတပ်ထဲမှာ စစ်မှုထမ်းခိုင်းတယ်။ ကျွန်တော့်အသက် ၂၀ ပဲရှိသေးတယ်။ မကြာခင် ကျွန်တော့်တပ်မဟာဟာ ပြင်သစ်မြောက်ပိုင်းကို ပြောင်းရွှေ့ရပါတယ်။ ဂျာမန်လေတပ်က ကျွန်တော်တို့ကို တိုက်ခိုက်တဲ့အခါမှာ ကျွန်တော်တို့လူငယ်တွေက ရိုင်ဖယ်တွေနဲ့ချိန်ပြီး သူတို့ကိုပစ်ကြပါတယ်။ ထိတ်လန့်စရာကောင်းတဲ့ဘဝတစ်ခုပါပဲ။ ထိုးစစ်ဆင်နေတဲ့ဂျာမန်စစ်တပ်ရှေ့က ကျွန်တော်တို့ဆုတ်ခွာခဲ့ကြပြီး ကျွန်တော်ကတော့ ၁၉၄၀ ပြည့်နှစ်၊ ဇွန်လ ပထမအပတ်အတွင်းမှာ ဒန်ကတ်ကမ်းခြေကို ဆုတ်ခွာတဲ့အဖွဲ့မှာပါဝင်ပါတယ်။ ကမ်းခြေတစ်လျှောက် တပ်ရင်းတစ်ခုလုံးက အလောင်းတွေပြန့်ကျဲနေတဲ့ ထိတ်လန့်စရာမြင်ကွင်းကို ခုထက်ထိမြင်ယောင်မိပါသေးတယ်။ အဲဒီအိပ်မက်ဆိုးကြီးကနေ ကျွန်တော်လွတ်မြောက်ပြီး ကုန်တင်သင်္ဘောငယ်တစ်စီးနဲ့ အရှေ့ပိုင်းအင်္ဂလန်က ဟားဝိစ်ချ်ဒေသကို ရောက်ရှိသွားပါတယ်။
နောက်တစ်နှစ်ဖြစ်တဲ့ ၁၉၄၁ ခုနှစ်၊ မတ်လမှာ ကျွန်တော့်ကို အိန္ဒိယနိုင်ငံမှာတာဝန်ချပေးပါတယ်။ အဲဒီမှာ လေယာဉ်ပဲ့ထိန်းစနစ် စက်ကိရိယာပြုပြင်ရေးသင်တန်းတက်ခဲ့ပါတယ်။ ရောဂါကူးစက်ခံရတဲ့အတွက် ဆေးရုံတက်ပြီးတဲ့နောက် ကျွန်တော်ဟာ အိန္ဒိယနိုင်ငံရဲ့မြို့တော် ဒေလီမြို့မှာရှိတဲ့စစ်တပ်ကို ပြောင်းရွှေ့ရပါတယ်။ အိမ်နဲ့အလှမ်းဝေးနေတဲ့အပြင် နေထိုင်မကောင်းလည်းဖြစ်နေပြန်တော့ အနာဂတ်နဲ့ပတ်သက်လို့ စပြီးတွေးတောမိပါတယ်။ အထူးသဖြင့် ကျွန်တော်တို့သေဆုံးတဲ့အခါ ဘာဖြစ်သွားမလဲဆိုတာ သိချင်လာပါတယ်။
သစ္စာစောင့်သိမှုအသစ်ကို လက်တွေ့အသုံးချခြင်း
ဒေလီမြို့မှာ ကျွန်တော့်ရဲ့အခန်းဖော်ကတော့ ဘတ်ဂေးလ်အမည်ရှိတဲ့ အင်္ဂလိပ်လူမျိုးတစ်ဦးဖြစ်ပါတယ်။ တစ်နေ့ကျတော့ သူက “ဘာသာတရားက စာတန်မာရ်နတ်ဆီကလာတာ” ဆိုပြီးထုတ်နုတ်ပြောလိုက်တဲ့အချက်ကြောင့် ကျွန်တော်စိတ်ဝင်စားသွားတယ်။ သူ့အမျိုးသမီးက ယေဟောဝါသက်သေတစ်ဦးဖြစ်သွားပြီး အလျဉ်းသင့်ရင်သင့်သလို သူ့ဆီကိုကျမ်းစာစာအုပ်စာတမ်းတွေ ပို့ပေးတတ်ပါတယ်။ အဲဒီအထဲက မျှော်လင့်ခြင်း ဆိုတဲ့စာအုပ်ကလေးတစ်အုပ်က ကျွန်တော့်စိတ်ဝင်စားမှုကို ညှို့ဖမ်းလိုက်တယ်။ အဲဒီစာအုပ်ထဲက ရှင်ပြန်ထမြောက်ခြင်းမျှော်လင့်ချက်အကြောင်း ဆွေးနွေးချက်က တကယ်စိတ်အေးချမ်းစေပါတယ်။
၁၉၄၃ နှစ်ဦးပိုင်း အချိန်တစ်ချိန်မှာ ဘတ်ဟာ စစ်အခြေစိုက်စခန်းမှာ ကျွန်တော်တို့နဲ့အတူအလုပ်လုပ်တဲ့ တယ်ဒီ ဂရူးဘတ်ဆိုတဲ့ အင်္ဂလို-အင်းဒီးယန်းအရပ်သားတစ်ဦးနဲ့ စကားပြောပါတယ်။ တယ်ဒီဟာ ယေဟောဝါသက်သေတစ်ဦးဖြစ်တာကို သိလိုက်ရတဲ့အခါ ကျွန်တော်တို့တအံ့တသြဖြစ်သွားတယ်။ ၁၉၄၁ ခုနှစ်မှာ ယေဟောဝါသက်သေများရဲ့ စာအုပ်စာတမ်းတွေကို ပိတ်ပင်ထားပေမဲ့လည်း ကျွန်တော်တို့ကိုဒေလီမြို့မှာ သက်သေခံတွေကျင်းပတဲ့ အစည်းအဝေးတွေကို ခေါ်သွားပါတယ်။ ကျွန်တော့်ရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် တကယ်စစ်မှန်ပြီး ရင်းနှီးတဲ့ပေါင်းဖော်မှုကို အဲဒီအသင်းတော်ကလေးမှာ ရှာတွေ့ခဲ့ပါတယ်။ ဂရိနိုင်ငံက ဘယ်စဲလ် စဲလ်တော့စ်အမည်ရှိတဲ့ အသက်ကြီးသူခရစ်ယာန်ညီအစ်ကိုတစ်ဦးဟာ ကျွန်တော့်ကို စိတ်ဝင်တစားရှိပြီး ကျွန်တော့်မေးခွန်းတွေကို အဖြေပေးပါတယ်။ ကျွန်တော်တို့ ဘာကြောင့်အိုပြီး သေရတဲ့အကြောင်း၊ ရှင်ပြန်ထမြောက်ခြင်းအကြောင်းနဲ့ ဘုရားသခင်ကတိပေးထားတဲ့ ဖြောင့်မတ်တဲ့ကမ္ဘာသစ်နဲ့ ပတ်သက်တဲ့မေးခွန်းတွေအတွက် ရှင်းလင်းတဲ့ကျမ်းစာအဖြေတွေကို သူဖြေကြားပေးပါတယ်။—တမန်တော် ၂၄:၁၅; ရောမ ၅:၁၂; ၂ ပေတရု ၃:၁၃; ဗျာဒိတ် ၂၁:၃၊ ၄။
အထူးသဖြင့် ၁၉၄၂ ခုနှစ်မှာ ထုတ်ဝေတဲ့ ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော ဆိုတဲ့စာအုပ်ငယ်က ကျွန်တော့်စိတ်ဝင်စားမှုကို ဖမ်းစားလိုက်ပါတယ်။ အဲဒီထဲမှာ နိုင်ငံပေါင်းချုပ်အသင်းကို “ကြက်သွေးရောင်သားရဲ” အဖြစ်ဖော်ပြထားတယ်။ (ဗျာဒိတ် ၁၇:၃၊ ကဘ) အဲဒီစာအုပ်ကလေးက ဗျာဒိတ်ကျမ်း အခန်းကြီး ၁၇၊ အငယ် ၁၁ ကိုကိုးကားပြီး “ယခုအချိန်တွင် ထိုအသင်းသည် ‘ဖြစ်ဖူး၍ ဖြစ်ဆဲမရှိ’ ဟုဆိုနိုင်သည်” လို့ပြောပြီး “ကမ္ဘာ့နိုင်ငံများအစည်းအရုံးသည် တစ်ကျော့ပြန်ပေါ်လာမည်” ဆိုပြီး ဆက်ရေးထားတယ်။ သုံးနှစ်ကျော်ကျော်ကြာပြီးတဲ့နောက် ၁၉၄၅ ခုနှစ်မှာ ယူအဲန်ကို ဖွဲ့စည်းလိုက်တဲ့အခါ ပြောတဲ့အတိုင်းဖြစ်ပျက်လာခဲ့ပါတယ်!
သက်သေခံတွေရဲ့ စာအုပ်စာတမ်းတွေကို ပိတ်ပင်ထားတဲ့အတောအတွင်း မိတ်ဆွေသစ်တွေကို ကျွန်တော်အကူအညီပေးနိုင်ခဲ့တယ်။ ငြိမ်းချမ်းရေး—တည်မြဲတည်နိုင်မည်လော ဆိုတဲ့စာအုပ်သေတ္တာတစ်ခု ရောက်လာပြီဆိုရင် လုံလုံခြုံခြုံထိန်းသိမ်းဖို့အတွက် အသင်းတော်က ကျွန်တော့်လက်ထဲအပ်လိုက်ပါတယ်။ ပိတ်ပင်ထားတဲ့စာအုပ်စာတမ်းကို စစ်စခန်းမှာလာရှာဖို့ ဘယ်သူက တွေးမိပါ့မလဲ။ ကျွန်တော် အစည်းအဝေးသွားတက်တဲ့အခါတိုင်း ညီအစ်ကိုတွေဆီမှာရှိနေစေဖို့အတွက် စာအုပ်တချို့ကို ယူသွားရပါတယ်။ သူတို့ရဲ့အိမ်မှာ ရှာဖွေခံရမှာကိုကြောက်တဲ့အခါ သူတို့ရဲ့ကိုယ်ပိုင်ကျမ်းစာစာပေတွေကိုတောင် ကျွန်တော်ဖွက်ထားပေးပါတယ်။ နောက်ဆုံး ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာ ၁၁ ရက်နေ့မှာ ပိတ်ပင်မှုကိုရုပ်သိမ်းလိုက်ပါတယ်။
၁၉၄၃ ခုနှစ်အတွင်း ကျွန်တော်တို့တပ်ခွဲအတွက်စီစဉ်ပေးတဲ့ ခရစ္စမတ်ပွဲရောက်တဲ့အခါ ခရစ်ယာန်သွန်သင်ချက်များအပေါ် ကျွန်တော့်ရဲ့သစ္စာစောင့်သိမှု စမ်းသပ်ခံရပါတယ်။ ယေရှုဟာ ဒီဇင်ဘာလရဲ့ချမ်းအေးတဲ့ကြားမှာ မွေးဖွားတာမဟုတ်ကြောင်းနဲ့ ကနဦးခရစ်ယာန်တွေဟာ ခရစ္စမတ်ပွဲကို မကျင်းပကြတဲ့အကြောင်းကို ကျွန်တော်သိထားတဲ့အတွက် အဲဒီမှာပါဝင်ဖို့ငြင်းဆိုခဲ့ပါတယ်။—လုကာ ၂:၈-၁၂ နှိုင်းယှဉ်။
“စည်းလုံးသောကြေညာသူများ” စည်းဝေးကြီးကို ၁၉၄၄ ခုနှစ်၊ ဒီဇင်ဘာ ၂၇ ကနေ ၃၁ ရက်အထိ၊ ဂျဘဲလ်ပူးမြို့မှာကျင်းပတဲ့အခါ တက်ရောက်သူ ၁၅၀ လောက်အထဲမှာ ကျွန်တော်လည်းပါဝင်ပါတယ်။ စည်းဝေးကြီးကို တက်ရောက်သူအများဟာ ဒေလီမြို့ကနေမိုင် ၄၀၀ ကျော်ခရီးကို ရထားနဲ့သွားကြပါတယ်။ ကွင်းပြင်ကြီးထဲမှာ ယေဟောဝါရဲ့အဖွဲ့အစည်းက လှုပ်ရှားဆောင်ရွက်နေတဲ့ အံ့မခန်းဖွယ်မြင်ကွင်းကို ကျွန်တော်ဘယ်တော့မှမေ့မှာမဟုတ်ပါဘူး။
စည်းဝေးကြီးကို တက်ရောက်လာတဲ့သူတွေကို ကျောင်းအိပ်ခန်းဆောင်မှာ နေရာချထားပေးတယ်၊ အဲဒီမှာကျွန်တော်တို့ ဘုရားသခင့်နိုင်ငံတော်သီချင်းကိုသီဆိုကြပြီး ပျော်စရာကောင်းတဲ့ ခရစ်ယာန်ပေါင်းသင်းမှုမှာ မွေ့လျော်ခဲ့ကြတယ်။ အဲဒီစည်းဝေးကြီးအတောအတွင်း အဲ့ဒီအချိန်ကတည်းက ကျွန်တော်ရင်မှာ စွဲကျန်ရစ်ခဲ့တဲ့ လူသိရှင်ကြားဟောပြောခြင်းလုပ်ငန်းမှာ ကျွန်တော်စတင်ပါဝင်ခဲ့ပါတယ်။
အင်္ဂလန်နိုင်ငံ၌ အချိန်ပြည့်ဓမ္မအမှု
၁၉၄၆ ခုနှစ်မှာ အင်္ဂလန်ကိုပြန်ပြီး မကြာခင် ဝိုလ်ဗာတန်အသင်းတော်နဲ့ စတင်ပူးပေါင်းပါတယ်။ ကျွန်တော်တို့မှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ဆယ်ယောက်လောက်ပဲရှိပေမဲ့ ကျွန်တော့်အတွက် ကိုယ့်အိမ်လိုပဲသဘောထားပြီး အိန္ဒိယနိုင်ငံက ညီအစ်ကိုတွေနဲ့နေတုန်းက ရရှိခဲ့တဲ့အားရကျေနပ်မှုမျိုးကို တွေ့ ကြုံခံစားရပါတယ်။ အသင်းတော်မှာဆိုရင် ဗီရာ ကလစ်ဖ်တန်ကို ရိုးသားပြီး ချစ်ခင်ကြင်နာတတ်သူတစ်ဦးအဖြစ် လူသိများပါတယ်။ သူမလည်းကျွန်တော့်လိုပဲ ရှေ့ဆောင်လို့ခေါ်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင် ဖြစ်လိုတဲ့ဆန္ဒရှိတာကိုတွေ့ရတဲ့အခါ ၁၉၄၇ ခုနှစ်၊ မေလ ၂၄ ရက်နေ့မှာ ကျွန်တော်တို့ လက်ထပ်လိုက်ကြပါတယ်။ စခန်းချယာဉ်ခေါ် အိမ်မော်တော်ကားတစ်စီးကို ကျွန်တော်ပြုပြင်လိုက်ပြီး နောက်တစ်နှစ်မှာ တောမြို့လေးဖြစ်တဲ့ ဟန်တင်ဒန်မြို့မှာ ကျွန်တော်တို့ရဲ့ ပထမဆုံးရှေ့ဆောင်တာဝန်ကို ရရှိခဲ့ပါတယ်။
အဲဒီအချိန်တုန်းက ကျွန်တော်တို့ဟာ မနက်အစောကြီးစက်ဘီးနဲ့ ကျေးလက်တောရွာတွေကို ထွက်ခဲ့ကြတယ်။ တစ်နေကုန်ဟောပြောကြတာ နေ့လယ်ပိုင်း အသားညှပ်ပေါင်မုန့်စားတဲ့အချိန်လောက်ပဲ ခဏနားကြတယ်။ လေဘယ်လောက်ပဲဆန်ဆန်၊ မိုးဘယ်လောက်ပဲသည်းသည်း သခင်အရှင်ရဲ့လုပ်ငန်းတော်မှာ ပျော်ပျော်ရွှင်ရွှင် ကျေကျေနပ်နပ်နဲ့ အိမ်ကိုပြန်နင်းလာကြတယ်။
ဒီလိုလုပ်ရင်းနဲ့ပဲ ကျွန်တော်တို့ရဲ့ဓမ္မအမှုကို တိုးချဲ့ချင်တဲ့စိတ်၊ တခြားနိုင်ငံတွေမှာရှိတဲ့ လူတွေဆီ “သတင်းကောင်း” ဝေမျှချင်တဲ့ ဆန္ဒပြင်းပြလာတယ်။ (မဿဲ ၂၄:၁၄) ဒါကြောင့် အမေရိကန်ပြည်ထောင်စု၊ နယူးယောက်ပြည်နယ်၊ လဲန်စင်းမြို့တောင်ပိုင်းမှာရှိတဲ့ ဂိလဒ်သာသနာပြုသင်တန်းကျောင်းကိုတက်ဖို့ လျှောက်လွှာတင်ကြပါတယ်။ နောက်ဆုံးကျွန်တော်တို့ဟာ ၁၉၅၆၊ ဖေဖော်ဝါရီလမှာ ကျောင်းဆင်းပွဲကျင်းပတဲ့ ၂၆ ကြိမ်မြောက်သင်တန်းကျောင်းကို တက်ရောက်ခွင့်ရရှိခဲ့ပါတယ်။
အာဖရိကတွင် ဓမ္မအမှုကိုတိုးချဲ့ခြင်း
ကျွန်တော်တို့ဟာ အာဖရိကမှာရှိတဲ့ မြောက်ပိုင်းရိုဒီးရှား (အခုဇမ်ဘီယာ) မှာ [ခရစ်ယာန်] သာသနာပြုတာဝန်ပေးအပ်ခံရပါတယ်။ အဲဒီကိုရောက်ပြီးသိပ်မကြာခင် အဲဒီနိုင်ငံက ဗေသလအိမ်မှာအမှုထမ်းဖို့ ဖိတ်ခေါ်ခံရပါတယ်။ ကျွန်တော့်ရဲ့ ဗေသလလုပ်ငန်းထဲမှာ အရှေ့အာဖရိကနဲ့ စာအဆက်အသွယ်လုပ်ရတာလည်း ပါဝင်ပါတယ်။ ၁၉၅၆ ခုနှစ် မြောက်ပိုင်းရိုဒီးရှားမှာ သက်သေခံ ၂၄,၀၀၀ တော်တော်ကျော်နေတဲ့အချိန်မှာ ကင်ညာနိုင်ငံ—အရှေ့အာဖရိကနိုင်ငံတစ်ခု—မှာတော့ သက်သေခံလေးဦးပဲရှိတယ်။ ဗီရာနဲ့ကျွန်တော်ဟာ ပိုပြီးလိုအပ်တဲ့နေရာမှာ အမှုဆောင်ရခြင်းဟာ တော်တော့်ကို ကောင်းပါလားဆိုတဲ့ အတွေးဝင်လာတယ်။
ဒါနဲ့ မမျှော်လင့်ဘဲ ကြီးကြပ်ရေးမှူးတွေအတွက် ဆယ်လကြာဂိလဒ်သင်တန်းကျောင်းကို တက်ရောက်ဖို့ဖိတ်ခေါ်ခံရပြန်တယ်။ မြောက်ပိုင်းရိုဒီးရှားမှာ ဗီရာကိုထားခဲ့ပြီး အဲဒီအချိန်တုန်းက ဂိလဒ်ကျောင်းတည်ရှိခဲ့ကဲ့ နယူးယောက်မြို့ကို သွားလိုက်တယ်။ ၁၉၆၂၊ နိုဝင်ဘာလမှာ သင်တန်းပြီးဆုံးတဲ့နောက် ကျွန်တော်ဟာ ကင်ညာနိုင်ငံမှာ ဌာနခွဲရုံးတစ်ရုံးတည်ထောင်ဖို့ တာဝန်ပေးအပ်ခံရပါတယ်။ အဲဒီအချိန်တုန်းက ကင်ညာနိုင်ငံမှာ သက်သေခံတစ်ရာကျော်ရှိနေပြီ။
ဗီရာကိုတွေ့ဖို့အတွက် မြောက်ပိုင်းရိုဒီးရှားကိုအပြန်မှာ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာ ခဏညအိပ်ရပ်နားဖို့ စိတ်ကူးမိပါတယ်။ ဒါပေမဲ့ ကျွန်တော်ရောက်သွားတဲ့အခါ ၂၅ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းဆင်းဖြစ်တဲ့ ဘေးလ် နိစ်ဘက်က ကင်ညာနိုင်ငံကို ချက်ချင်းဝင်ရောက်နိုင်ဖို့ တရားဝင်ခွင့်ပြုချက်ရရှိနိုင်တယ်ဆိုတဲ့ သတင်းကိုပြောပြတယ်။ လူဝင်မှုကြီးကြပ်ရေးအာဏာပိုင်တွေဆီ ကျွန်တော်တို့ချဉ်းကပ်တဲ့အခါ မိနစ်အနည်းငယ်အတွင်း ငါးနှစ်ကြာအလုပ်လုပ်ခွင့်ကို ကျွန်တော်ရရှိခဲ့ပါတယ်။ ဒါကြောင့် မြောက်ပိုင်းရိုဒီးရှားကို လုံးဝပြန်မရောက်တော့ဘဲ ဗီရာကပဲ ကျွန်တော်ရှိတဲ့နိုင်ရိုဘီမြို့ကို ရောက်လာပါတယ်။
ဆွာဟီလီဘာသာစကားကို လက်တန်းသင်ပြီးတဲ့နောက် နိုင်ရိုဘီအသင်းတော်ကလေးနဲ့ ဓမ္မအမှုမှာပူးပေါင်းပါတယ်။ တစ်ခါတလေ ကျွန်တော်တို့ရဲ့ ဆွာဟီလီဟောပြောချက်ကို ဖတ်ပြပြီးတဲ့အခါ အိမ်ရှင်က “အင်္ဂလိပ်စကားမတတ်ဘူး!” ဆိုပြီးပြောတယ်။ အဲဒီကြားထဲက ကျွန်တော်တို့ဇွဲနပဲနဲ့ကြိုးစားပြီး ဘာသာစကားအခက်အခဲကို တဖြည်းဖြည်းကျော်လွှားနိုင်ခဲ့တယ်။
ကျွန်တော်တို့ရပ်ကွက်မှာ ယေရုရှလင်နဲ့ယေရိခေါတို့လို ကျမ်းစာနာမည်တပ်ထားတဲ့ စုပေါင်းအိမ်ရာစခန်းကြီးတွေပါဝင်ပါတယ်။ စိတ်ဝင်စားမှုတွေ အလျင်အမြန်တိုးများလာပြီး အဲဒီအရပ်ဒေသကနေ ဘုရားသခင့်နိုင်ငံတော်ကြေညာသူအသစ် အများကြီးဖြစ်လာကြတယ်။ သမ္မာကျမ်းစာဟာ အဲဒီလူတွေအပေါ်မှာ မှတ်သားဖွယ်ကောင်းလောက်အောင် အကျိုးသက်ရောက်ခဲ့ပါတယ်! ဘုရားသခင့်နိုင်ငံတော်အပေါ်မှာ သစ္စာစောင့်လိုက်တဲ့အတွက် ယေဟောဝါရဲ့လူမျိုးအလယ်မှာ စည်းလုံးမှုဖြစ်လာတာနဲ့အမျှ မိမိအနွယ်ကသာတယ်ဆိုတဲ့ သဘောထားတွေပျောက်သွားပါတော့တယ်။ သက်သေခံမဟုတ်တဲ့ အသိုင်းအဝိုင်းမှာ လုပ်လေ့လုပ်ထမရှိတဲ့ လူမျိုးကွဲအိမ်ထောင်ပြုတာတွေတောင်ရှိတယ်။
ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူသစ်တွေဟာ သမ္မာတရားကို စိတ်အားထက်သန်စွာနဲ့ ခံယူကြပါတယ်။ ဥပမာတစ်ခုအနေနဲ့ ဆမ်မဆမ်ဟာ သူ့မွေးရပ်မြေကို ကျမ်းစာသမ္မာတရားပျံ့နှံ့စေဖို့ စိတ်ပြင်းပြလွန်းတဲ့အတွက် အဲဒီနေရာကိုရှေ့ဆောင်ပို့ပေးဖို့ တစ်ချိန်လုံးတောင်းနေတော့တာပါပဲ။ အမှန်ဆိုရင် ရှေ့ဆောင်တွေကို နေရာချထားပေးဖို့အတွက် အူကမ်ဘာနီးဒေသက သူ့အိမ်မှာဆောင်ကပ်ကို ဆောက်လုပ်ပေးခဲ့ပါတယ်။ မကြာခင်အဲဒီနေရာမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများရဲ့ အသင်းတော်သစ်တစ်ခု တည်ထောင်လိုက်တယ်။
အာဖရိကအရှေ့ပိုင်းက အီသီယိုးပီးယားနိုင်ငံမှာရှိတဲ့ ညီအစ်ကိုတွေဆီ ကျွန်တော်မကြာခဏ အလည်အပတ်သွားပါတယ်။ သူတို့တစ်တွေဟာ ထောင်ချခံရ၊ အရိုက်ခံရပြီး အဆက်မပြတ်စောင့်ကြည့်ခံရတဲ့ကြားထဲက ဓမ္မအမှုမှာ တစ်လတစ်လကို ပျမ်းမျှနာရီ ၂၀ ကျော်သုံးခဲ့ကြတယ်။ တစ်ခါတုန်းက ဘတ်စကားနှစ်စီးစာရှိတဲ့ အီသီယိုးပီးယားညီအစ်ကို၊ ညီအစ်မတွေဟာ ကင်ညာနိုင်ငံမှာကျင်းပတဲ့ ခရိုင်စည်းဝေးကြီးကို တက်ရောက်ဖို့ ဘေးအန္တရာယ်များတဲ့ တောင်ကြားလမ်းတွေကို ဖြတ်သွားကြရပါတယ်။ မိမိတို့ရဲ့နိုင်ငံမှာ ဘုရားသခင့်နိုင်ငံတော် စာအုပ်စာတမ်းတွေရှိနိုင်အောင်လုပ်တတ်တဲ့ သူတို့ရဲ့ကြံရည်ဖန်ရည်ဟာ တကယ်မှတ်သားစရာကောင်းတယ်။ ကင်ညာနိုင်ငံမှာနေပြီး သူတို့ကိုကူညီထောက်ပံ့ပေးရတာကို ကျွန်တော်တို့ဝမ်းမြောက်မိပါတယ်။
၁၉၇၃ ခုနှစ်မှာ ကျွန်တော်တို့ရဲ့လုပ်ငန်းကို တရားဝင်ပိတ်ပင်ပြီး [ခရစ်ယာန်] သာသနာပြုတွေကို ကင်ညာနိုင်ငံကနေ အတင်းထွက်ခွာခိုင်းတယ်။ အဲဒီအချိန်တုန်းက ကင်ညာနိုင်ငံမှာ သက်သေခံ ၁,၂၀၀ ကျော်ရှိနေပြီး သူတို့တော်တော်များများက ကျွန်တော်တို့ကိုလေဆိပ်လိုက်ပို့တာ တကယ်မမေ့နိုင်စရာပါပဲ။ သူတို့ရောက်လာကြတဲ့အတွက် ခရီးသွားဖော်တစ်ယောက်က ပွဲတစ်ခုခုလုပ်နေသလားလို့ မေးရတဲ့အထိပါပဲ။ ဗီရာနဲ့ ကျွန်တော်ဟာ အင်္ဂလန်နိုင်ငံကိုပြန်ပြီး အဲဒီမှာပဲတာဝန်ခန့်အပ်ခံရပေမဲ့ အာဖရိကကိုပြန်ဖို့ ကျွန်တော်တို့တောင့်တနေမိတယ်။
အာဖရိကသို့ပြန်သွားခြင်း
ဒါကြောင့် လအနည်းငယ်ကြာပြီးတဲ့နောက် အနောက်အာဖရိကမှာရှိတဲ့ ဂါနာနိုင်ငံရဲ့မြို့တော် အက်ကရာမြို့ကဗေသလအိမ်မှာ အမှုထမ်းဖို့တာဝန်အသစ်ရရှိခဲ့ကြတယ်။ ကျွန်တော့်ရဲ့တာဝန်တစ်ခုက အဲဒီကညီအစ်ကိုတွေ ကြုံတွေ့နေရတဲ့အကျပ်အတည်းတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ရစေပါတယ်။ ဗေသလမိသားစုအတွက် ရိက္ခာပစ္စည်းတွေကို ကျွန်တော်ဝယ်တဲ့အခါမှာ အဆမတန်မြင့်မားနေတဲ့ ကုန်ဈေးနှုန်းတွေက ကျွန်တော့်ကိုအံ့အားသင့်စေပါတယ်။ မကြာခဏဆိုသလို လိုအပ်နေတဲ့ပစ္စည်းတွေကို မဝယ်နိုင်ပါဘူး။ ဓာတ်ဆီမရှိတာတို့၊ အပိုပစ္စည်းမရှိတာတို့က ထပ်ဆင့်ပြဿနာတွေကို ဖြစ်စေပါတယ်။
ကျွန်တော်တို့ရဲ့ ဂါနာညီအစ်ကိုတွေ ကျင့်ယူထားကြသလို စိတ်ရှည်ဖို့အရေးကြီးတယ်ဆိုတာကို ကျွန်တော်နားလည်လာတယ်။ လာဘ်ထိုးပြီး ဘဝရဲ့လိုအပ်ရာတွေကို ရယူလှည့်ပါဆိုတဲ့သွေးဆောင်မှုကို ငြင်းပယ်လိုက်လျက်နဲ့ ဆက်ပြီးပျော်ပျော်ရွှင်ရွှင်ဖြစ်နေတာကိုမြင်ရတာ တကယ့်ကိုအားရှိစရာပါ။ အကျိုးဆက်အနေနဲ့ ဂါနာနိုင်ငံမှာရှိတဲ့ ယေဟောဝါရဲ့လူများဟာ သူတို့ရဲ့ရိုးသားမှုကြောင့် လူသိများလာပြီး အရာရှိတွေရှေ့မှာ နာမည်ကောင်းရလာကြပါတယ်။
ဒါပေမဲ့ ရုပ်ပစ္စည်းချို့တဲ့ကြားထဲက ဝိညာဉ်ရေးရာမှာတော့ တိုးတက်ကြီးပွားနေပါတယ်။ အဲဒီနိုင်ငံအနှံ့မှာ ကျွန်တော်တို့ရဲ့ ကျမ်းစာစာအုပ်စာတမ်းတွေကို အိမ်တိုင်းနီးပါးမှာတွေ့ရပါတယ်။ ပြီးတော့ ဂါနာနိုင်ငံက ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူတွေ အရေအတွက်ဟာ ကျွန်တော်တို့ရောက်သွားတဲ့ ၁၉၇၃ ခုနှစ်မှာ ၁၇,၁၅၆ ဦးရှိရာက ၁၉၈၁ ခုနှစ်မှာတော့ ၂၃,၀၀၀ ဦးအထိတိုးသွားတာကို တွေ့ရပါတယ်။ အဲဒီနှစ်မှာပဲ အိန္ဒိယနိုင်ငံနဲ့ အာဖရိကမှာ နှစ်ချီပြီးနေပူထဲသွားရတဲ့အတွက် ပိုဆိုးသွားစေတဲ့ အရေပြားကင်ဆာရောဂါ ရုတ်တရက်ပေါ်လာတာကြောင့် ပုံမှန်ဆေးကုသမှုခံယူဖို့ ဂါနာနိုင်ငံကနေ အင်္ဂလန်နိုင်ငံကို မဖြစ်မနေပြန်သွားရပါတယ်။
အင်္ဂလန်နိုင်ငံတွင် အခြေအနေသစ်
အဲလိုပြန်သွားရတာက ကျွန်တော့်အတွက် ဓမ္မအမှုမှာအတော်အတန် အပြောင်းအလဲဖြစ်စေပါတယ်။ ဘုရားသခင်နဲ့ သမ္မာကျမ်းစာကို ရိုသေလေးစားကြတဲ့သူတွေနဲ့ ကျွန်တော်အလွယ်တကူစကားပြောခဲ့ရလေ့ရှိတယ်။ ဒါပေမဲ့ လန်ဒန်မြို့မှာကျတော့ အဲလိုသဘောထားရှိတဲ့သူတွေကို တွေ့ရခဲတယ်။ ဗြိတိန်နိုင်ငံမှာရှိတဲ့ ညီအစ်ကိုတွေရဲ့ဇွဲကို ကျွန်တော်အံ့သြမိပါတယ်။ အဲဒါကကျွန်တော့်ကို ဝိညာဉ်ရေးအရ “ထိန်းသူမရှိဘဲ ပစ်ထားသောသိုး” လိုလူမျိုးကို ပိုပြီးနားလည်ဖို့လိုအပ်တယ်ဆိုတာ သိလာစေပါတယ်။—မဿဲ ၉:၃၆။
အာဖရိကနေ ကျွန်တော်တို့ ပြန်လာပြီးတဲ့နောက် ဗီရာနဲ့ကျွန်တော်ဟာ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ၊ သူမအသက် ၇၃ နှစ်အရွယ်မှာ သေဆုံးသွားတဲ့အချိန်အထိ လန်ဒန်မြို့ကဗေသလအိမ်မှာ အတူတူအမှုထမ်းခဲ့ကြပါတယ်။ နှစ်ပေါင်းများစွာ ဓမ္မအမှုမှာ ကျွန်တော်နဲ့အတူ ပခုံးချင်းယှဉ်ပြီးလုပ်ဆောင်ခဲ့တဲ့ သစ္စာရှိအဖော်အဖက်တစ်ယောက်ကို ဆုံးရှုံးရတာအခံရခက်လှပါတယ်။ သူ့ကိုကျွန်တော် သိပ်သတိရလွမ်းဆွတ်မိပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ဗေသလမိသားစုဝင် ၂၅၀ လောက်ဆီကရတဲ့ ကောင်းတဲ့အားပေးမှုအတွက် ဝမ်းမြောက်မိပါတယ်။
ယေဟောဝါရှင်ရဲ့အဖွဲ့အစည်းက တိုးတက်နေတာရယ် လူတော်တော်များများက အချိန်ပြည့်ဓမ္မအမှုကို သူတို့ရဲ့အသက်တာလမ်းစဉ်ဖြစ်အောင် လုပ်နေကြတာတွေကိုတွေ့ရတာ တကယ့်အခွင့်ထူးတစ်ခုလို ကျွန်တော်ယူမှတ်မိပါတယ်။ ဒီထက်ကောင်းတဲ့ အသက်တာလမ်းစဉ်မရှိတော့ဘူးဆိုတာ ကျွန်တော်အာမခံနိုင်ပါတယ်၊ ဘာကြောင့်လဲဆိုတော့ ‘ယေဟောဝါသည် . . . မိမိအားသစ္စာစောင့်သည့်လူစုကို စွန့်ပယ်တော်မမူ’ တဲ့အတွက်ကြောင့် ဖြစ်ပါတယ်။—ဆာလံ ၃၇:၂၈၊ သတင်းကောင်း။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၄၇ မှ ၁၉၅၅ အထိအင်္ဂလန် နိုင်ငံတွင် ကျွန်တော်တို့ရှေ့ဆောင် လုပ်ခဲ့ကြ
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
အိန္ဒိယနိုင်ငံတွင်ကျင်းပသော စည်းဝေးကြီးအတွင်း ဓမ္မအမှုပထမဦးဆုံးအကြိမ်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မြောက်ပိုင်းရိုဒီးရှားတွင် [ခရစ်ယာန်]သာသနာပြုများအဖြစ်ရှိနေကြစဉ်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၈၅ ခုနှစ်တွင် မတွေ့ရသည်မှာ၁၂ နှစ်လောက်ကြာပြီဖြစ်သော မိတ်ဆွေများနှင့်အတူ