ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၉ ဇူလိုင် စာ. ၂၅-၂၉
  • ယေဟောဝါရဲ့ ကောင်းချီးတွေက မျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါရဲ့ ကောင်းချီးတွေက မျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှက်စိတ်နဲ့ တွန့်ဆုတ်မှုကို ကျော်လွှားခြင်း
  • ဂိလဒ်မှာရတဲ့ အဖိုးတန် သင်ခန်းစာ
  • သာသနာပြုတွေအတွက် အကောင်းဆုံး လေ့ကျင့်မှု
  • ကင်ညာမှာ အမှုဆောင်ခြင်း
  • အီသီယိုးပီးယားမှာ ကောင်းချီးများ ရရှိ
  • ယေဟောဝါ ရှင်သန်ကြီးထွားစေ
  • ယေဟောဝါအတွက် အမှုဆောင်ရင်း ရတဲ့ ရင်ခုန်စိတ်လှုပ်ရှားစရာတွေ၊ သင်ခန်းစာတွေ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၃
  • ဘုရားပေး ခွန်အားကြောင့် နောက်မဆုတ်ခဲ့ကြ
    ယေဟောဝါသက်သေများရဲ့ ဘဝအတ္ထုပ္ပတ္တိ
  • မဟာသွန်သင်ရှင်ဆီက ရတဲ့ သင်ခန်းစာအပြည့်နဲ့ အသက်တာ
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • ယေဟောဝါသည် သစ္စာစောင့်သိစွာ စီရင်တော်မူသည်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
က၁၉ ဇူလိုင် စာ. ၂၅-၂၉
မန်ဖရက်နဲ့ ဂေးလ် တိုနက်တို့ မင်္ဂလာဆောင်တဲ့နေ့

ဘဝအတ္ထုပ္ပတ္တိ

ယေဟောဝါရဲ့ ကောင်းချီးတွေက မျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်

မန်ဖရက် တိုနက် ပြောပြတယ်

‘ငါ ရှေ့ဆောင် လုပ်သင့်တယ်။ ဒါပေမဲ့ ရှေ့ဆောင်လုပ်တာ တကယ် ပျော်စရာကောင်းပါ့မလား’ လို့ ကျွန်တော် တွေးမိတယ်။ ဂျာမနီကနေ အာဖရိကတိုက်က ဒါရက်စလန်မြို့၊ အဲလီဇဘတ်ဗီးလ်မြို့၊ အက်စ်မာရာမြို့တွေဆီ အစားအစာ တင်ပို့ရတဲ့ အလုပ်ကို ကျွန်တော် နှစ်သက်တယ်။ တစ်နေ့ကျရင် အဲဒီနေရာတွေမှာရော အာဖရိကတိုက်ထဲက တခြားနေရာတွေမှာပါ ယေဟောဝါအတွက် အချိန်ပြည့် အမှုဆောင်ခွင့် ရမယ်လို့တော့ တစ်ခါမှ မတွေးမိဘူး။

သံသယတွေကို ကျော်လွှားပြီး ရှေ့ဆောင် စလုပ်ချိန်မှာ ကျွန်တော့်ဘဝက အကြီးအကျယ် ပြောင်းလဲသွားတယ်။ (ဧ. ၃:၂၀) ဘယ်လို ဖြစ်လာတာလဲလို့ ခင်ဗျားတို့ တွေးမိကြမှာပဲ။ အစကနေ ပြောပြပါရစေ။

၁၉၃၉၊ ဒုတိယကမ္ဘာစစ် စပြီး လအနည်းငယ်အကြာ ဂျာမနီနိုင်ငံ၊ ဘာလင်မြို့မှာ ကျွန်တော် မွေးဖွားလာတယ်။ စစ်ပြီးခါနီး ၁၉၄၅ မှာ ဘာလင်မြို့ အကြီးအကျယ် ဗုံးကြဲတိုက်ခိုက်ခံရတယ်။ ကျွန်တော်တို့လမ်းပေါ်ကိုလည်း ဗုံးတွေ ကျတယ်။ ကျွန်တော်နဲ့ မိသားစုကတော့ ဗုံးခိုတဲ့နေရာဆီ ထွက်ပြေး လွတ်မြောက်သွားတယ်။ နောက်ပိုင်း ပိုလုံခြုံတဲ့ အမေ့မွေးရပ် အဲဖတ်မြို့ကို ကျွန်တော်တို့ ပြောင်းသွားတယ်။

၁၉၅၀၊ ဂျာမနီမှာ မန်ဖရက် တိုနက်နဲ့ မိဘ၊ ညီမ

၁၉၅၀၊ ဂျာမနီမှာ အဖေ၊ အမေ၊ ညီမလေးနဲ့အတူ

အမေဟာ အမှန်တရားကို ထက်ထက်သန်သန် ရှာဖွေတယ်။ အတွေးအခေါ်သမားတွေရဲ့ စာအုပ်တွေ ဖတ်ပြီး ဘာသာတရား အမျိုးမျိုးကို လေ့လာပေမဲ့ အဖြေ မရခဲ့ဘူး။ ၁၉၄၈ လောက်မှာ ယေဟောဝါသက်သေနှစ်ယောက် အိမ်ကို ရောက်လာတယ်။ အမေဟာ သူတို့ကို အိမ်ထဲခေါ်ပြီး မေးခွန်းတွေ တရစပ် မေးတော့တယ်။ တစ်နာရီတောင် မပြည့်သေးဘူး။ ညီမလေးနဲ့ ကျွန်တော့်ကို “အမှန်တရား တွေ့ပြီ” လို့ ပြောတယ်။ မကြာခင်မှာ အမေ၊ ညီမလေး၊ ကျွန်တော်တို့ အဲဖတ်မြို့မှာ အစည်းအဝေးတွေ စတက်ခဲ့တယ်။

၁၉၅၀ ပြည့်နှစ်မှာ ဘာလင်မြို့ကို ပြောင်းလာပြီး ဘာလင်-ခရူးဘာ့ဂ် အသင်းတော်နဲ့ ပူးပေါင်းတယ်။ အဲဒီနောက် ဘာလင်မြို့ထဲက နောက်တစ်နေရာကို ထပ်ပြောင်းပြီး ဘာလင်-တမ်ပယ်ဟော့ အသင်းတော်နဲ့ ပူးပေါင်းတယ်။ နောက်တော့ အမေ နှစ်ခြင်းခံလိုက်တယ်။ ကျွန်တော်ကတော့ တွန့်ဆုတ်နေတုန်းပဲ။ ဘာကြောင့်လဲ။

ရှက်စိတ်နဲ့ တွန့်ဆုတ်မှုကို ကျော်လွှားခြင်း

ရှက်စိတ်ကြောင့် ကျွန်တော် သိပ်မတိုးတက်ဘူး။ အမှုဆောင်သွားပေမဲ့ နှစ်နှစ်လုံးလုံး ဘယ်သူ့ကိုမှ မဟောဘူး။ သတ္တိရှိပြီး ယေဟောဝါကို ဆည်းကပ်ထားတဲ့ ညီအစ်ကို/မတွေနဲ့ ပေါင်းသင်းတဲ့အခါ ကျွန်တော် ပြောင်းလဲလာတယ်။ တချို့က နာဇီ ချွေးတပ်စခန်းတွေ၊ အရှေ့ဂျာမနီ အကျဉ်းထောင်တွေမှာ နေခဲ့ရတယ်။ တချို့က လွတ်လပ်မှုကို စတေးပြီး အရှေ့ဂျာမနီဆီ စာပေတွေ ပို့ပေးတယ်။ သူတို့ရဲ့ ပုံသက်သေက ကျွန်တော့်ကို စိတ်ထိမိစေတယ်။ ယေဟောဝါနဲ့ ညီအစ်ကို/မတွေအတွက် အသက်နဲ့ လွတ်လပ်မှုကို စတေးဖို့ သူတို့ အသင့်ရှိခဲ့တယ်ဆိုရင် ကျွန်တော်က ရှက်စိတ်လောက်ကိုတော့ အနိုင်ယူသင့်တယ်လို့ တွေးမိတယ်။

ရှက်စိတ်ကို ကျော်လွှားပြီး ၁၉၅၅ အထူးဟောပြောခြင်းကင်ပိန်းမှာ ပါဝင်ခဲ့တယ်။ သတင်းပေးသူa စာစောင်ထဲက စာတစ်စောင်မှာ ဒီကင်ပိန်းဟာ အဖွဲ့အစည်း စီစဉ်သမျှမှာ အကြီးဆုံးပဲလို့ ညီအစ်ကို နေသန်နောရ် ပြောတယ်။ ကြေညာသူအားလုံးသာ ပါဝင်မယ်ဆိုရင် “ဟောပြောသူ အများဆုံးလ ဖြစ်မှာပဲ” လို့ သူပြောတယ်။ မှန်လိုက်တာ။ မကြာခင် ယေဟောဝါဆီ ဆက်ကပ်အပ်နှံပြီး ၁၉၅၆ မှာ အဖေ၊ ညီမလေးနဲ့အတူ ကျွန်တော် နှစ်ခြင်းခံလိုက်တယ်။ အခု အရေးကြီးတဲ့ ဆုံးဖြတ်ချက် ချရတော့မယ်။

ရှေ့ဆောင်လုပ်တာ အကောင်းဆုံးဖြစ်မှန်း သိပေမဲ့ နှစ်အတော်ကြာ ရွှေ့ဆိုင်းနေတုန်းပဲ။ ဦးဆုံး၊ ဘာလင်မြို့မှာ ကုန်အရောင်းအဝယ်လုပ်ငန်း၊ သွင်းကုန်-ထုတ်ကုန် လုပ်ငန်းမှာ အလုပ်သင်အဖြစ် ဝင်လုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ အတွေ့အကြုံနဲ့ ကျွမ်းကျင်မှု ရအောင် ဒီအလုပ်ကို ခဏလုပ်မယ်လို့ စဉ်းစားမိတယ်။ ဒါကြောင့် ၁၉၆၁ မှာ ဂျာမနီရဲ့ အကြီးဆုံး ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဟမ်ဘာ့ဂ်မှာ အလုပ်ဝင်လုပ်တယ်။ အလုပ်ထဲမှာ ပျော်လာလို့ အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ ရွှေ့ဆိုင်းထားလိုက်တယ်။

ဘုရားရေးရာကို ဦးစားထားတဲ့ မေတ္တာရှိ ညီအစ်ကိုတွေကို သုံးပြီး ကျွန်တော့်ကို ကူညီပေးလို့ ယေဟောဝါကို ကျေးဇူးတင်မိတယ်။ မိတ်ဆွေများစွာက ရှေ့ဆောင် စလုပ်ပြီး ပုံသက်သေကောင်း ပြကြတယ်။ ချွေးတပ်စခန်းမှာ နေခဲ့ဖူးတဲ့ ညီအစ်ကို အဲရစ် မွန်းကလည်း ယေဟောဝါကို ယုံကြည်ကိုးစားဖို့ ကျွန်တော့်ကို အားပေးတယ်။ ချွေးတပ်စခန်းမှာ ကိုယ့်ကိုယ်ကိုယ် အားကိုးတဲ့ ညီအစ်ကိုတွေဟာ ယုံကြည်ခြင်း အားနည်းသွားပေမဲ့ ယေဟောဝါကို အကြွင်းမဲ့ ယုံကြည်ကိုးစားပြီး ဆက်သစ္စာရှိသူတွေကတော့ အသင်းတော်ရဲ့ အမာခံတွေ ဖြစ်လာတယ်လို့ သူပြောတယ်။

၁၉၆၃၊ မန်ဖရက် တိုနက်

ရှေ့ဆောင်စလုပ်တဲ့ ၁၉၆၃ မှာ

နောက်ပိုင်း အုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်လာတဲ့ ညီအစ်ကို မာတင် ပိုစင်ဂါက “ရဲစွမ်းသတ္တိဆိုတာ အဖိုးထိုက်ဆုံး ပိုင်ဆိုင်ရာပဲ” လို့ ညီအစ်ကိုတွေကို အားပေးတယ်။ အဲဒီစကားကြောင့် ကျွန်တော် အလုပ်ကနေ ထွက်ပြီး ၁၉၆၃၊ ဇွန်လမှာ ရှေ့ဆောင် စလုပ်တယ်။ ဒါဟာ အကောင်းဆုံး ဆုံးဖြတ်ချက်ပါပဲ။ နှစ်လကြာပြီးနောက် အလုပ်သစ် မရှာခင်မှာပဲ အထူးရှေ့ဆောင်အဖြစ် ခန့်အပ်ခံရတယ်။ နှစ်အနည်းငယ်အတွင်း မျှော်လင့်မထားတဲ့ ကောင်းချီးကို ယေဟောဝါ ပေးခဲ့တယ်။ ၄၄ ကြိမ်မြောက် ဂိလဒ်ကျောင်း တက်ဖို့ ဖိတ်ခေါ်ခံရတယ်။

ဂိလဒ်မှာရတဲ့ အဖိုးတန် သင်ခန်းစာ

“လွယ်လွယ်နဲ့ လက်မလျှော့ပါနဲ့” ဆိုတဲ့ အရေးကြီးဆုံး သင်ခန်းစာကို အထူးသဖြင့် ညီအစ်ကို နေသန် နောရ်၊ လိုင်မန် စွင်ဂယ်တို့ဆီကနေ သင်ယူခဲ့ရတယ်။ ခက်ခဲချိန်မှာတောင် တာဝန်ကျရာမှာ စွဲစွဲမြဲမြဲ လုပ်ဆောင်ဖို့ သူတို့ အားပေးတယ်။ “ညီအစ်ကိုတို့ ဘာကို အာရုံစိုက်မှာလဲ။ ညစ်ပတ်တာတွေ၊ ပိုးကောင်တွေ၊ ဆင်းရဲတာတွေကိုလား။ ဒါမှမဟုတ် သစ်ပင်တွေ၊ ပန်းတွေ၊ ပြုံးနေတဲ့ မျက်နှာတွေကိုလား။ လူတွေကို ချစ်တတ်အောင် သင်ယူပါ” လို့ ညီအစ်ကို နောရ် ပြောတယ်။ တစ်နေ့၊ ညီအစ်ကို စွင်ဂယ်က ညီအစ်ကိုတွေ ဘာကြောင့် လွယ်လွယ်နဲ့ လက်လျှော့ကြကြောင်း ပြောရင်း စိတ်ထိခိုက်ပြီး မျက်ရည်ဝဲလာတယ်။ ဟောပြောချက်ကိုတောင် ခဏရပ်လိုက်ရတယ်။ ကျွန်တော် တအား စိတ်ထိမိသွားပြီး ခရစ်တော်နဲ့ သစ္စာရှိ ညီတွေကို စိတ်ပျက်အောင် မလုပ်ဖို့ စိတ်ပိုင်းဖြတ်လိုက်တယ်။—မ. ၂၅:၄၀။

၁၉၆၇၊ ကွန်ဂို၊ လူဘမ်ဘာရှီ သာသနာပြုအိမ်မှာ မန်ဖရက် တိုနက်၊ ကလော့ဒ် လင်စေး၊ ဟန်ရစ် ဒန်ဘော့စ်တယ်

၁၉၆၇၊ ကွန်ဂိုနိုင်ငံ၊ လူဘမ်ဘာရှီမြို့မှာ သာသနာပြုတာဝန်ကျတဲ့ ကျွန်တော်၊ ကလော့ဒ်နဲ့ ဟန်ရစ်

တာဝန်တွေ ရတဲ့အခါ ဗေသလအိမ်သားတချို့က စပ်စုကြတယ်။ တခြားသူတွေ တာဝန်ကျတဲ့နေရာကို အကောင်းပဲ ပြောကြတယ်။ “ကွန်ဂို (ကင်ရှာဆာ)” လို့လည်း ကျွန်တော် ပြောလိုက်ရော “ဪ ကွန်ဂိုလား။ ယေဟောဝါ ကောင်းချီးပေးပါစေ” လောက်ပဲ ပြောကြတယ်။ အဲဒီတုန်းက ကွန်ဂို (ကင်ရှာဆာ) ဟာ စစ်ပွဲတွေ၊ လက်နက်ကိုင်တွေ၊ သတ်ဖြတ်မှုတွေကြောင့် နာမည်ကြီးနေတယ်။ ကျွန်တော်ကတော့ သင်ယူခဲ့ရတဲ့ သင်ခန်းစာတွေကို မမေ့ပါဘူး။ ၁၉၆၇၊ စက်တင်ဘာမှာ ကျောင်းဆင်းပြီးနောက် သိပ်မကြာခင် ဟန်ရစ် ဒန်ဘော့စ်တယ်၊ ကလော့ဒ် လင်စေးနဲ့ ကျွန်တော်တို့ ကွန်ဂိုမြို့တော် ကင်ရှာဆာကို ထွက်လာကြတယ်။

သာသနာပြုတွေအတွက် အကောင်းဆုံး လေ့ကျင့်မှု

ကင်ရှာဆာကို ရောက်ပြီးနောက် ပြင်သစ်စကား သုံးလ သင်ရတယ်။ အဲဒီနောက် ကွန်ဂိုတောင်ဘက်စွန်း၊ ဇမ်ဘီယာ နယ်စပ်နားက အဲလီဇဘတ်ဗီးလ်လို့ အရင်ကခေါ်တဲ့ လူဘမ်ဘာရှီမြို့ကို သုံးယောက်သား သွားကြတယ်။ မြို့လယ်ခေါင်က သာသနာပြုအိမ်မှာ နေကြတယ်။

လူဘမ်ဘာရှီမြို့ရဲ့ ရပ်ကွက်အများစုဟာ တစ်ခါမှ မဟောရသေးတဲ့အတွက် ဦးဦးဖျားဖျား သက်သေခံခွင့် ရလို့ စိတ်လှုပ်ရှားမိတယ်။ မကြာခင်မှာပဲ ကျမ်းစာသင်အံမှုတွေ အများကြီး ရလာတယ်။ များလွန်းလို့ တချို့ကို အချိန်တောင် မပေးနိုင်ဘူး။ အစိုးရအရာရှိတွေ၊ ရဲတွေကိုလည်း ကျွန်တော်တို့ သက်သေခံတယ်။ အများစုက ကျမ်းစာနဲ့ ဟောပြောခြင်းလုပ်ငန်းကို လေးမြတ်ကြတယ်။ လူတွေဟာ ဆွာဟီလီစကားကို အဓိက ပြောတဲ့အတွက် ကလော့ဒ် လင်စေးနဲ့ ကျွန်တော် အဲဒီစကား သင်ကြတယ်။ မကြာခင် ဆွာဟီလီစကားပြော အသင်းတော်မှာ တာဝန်ကျတယ်။

ကောင်းချီးတွေ ရှိသလို အခက်အခဲတွေလည်း ရှိတယ်။ အရက်မူးနေတဲ့ လက်နက်ကိုင် စစ်သားတွေ၊ မတရားစွပ်စွဲတဲ့ ရဲတွေနဲ့ ကြုံရလေ့ရှိတယ်။ တစ်ခါက အစည်းအဝေးလုပ်နေတဲ့ သာသနာပြုအိမ်ထဲ လက်နက်ကိုင် ရဲတစ်အုပ် ပြေးဝင်လာပြီး ကျွန်တော်တို့ကို ရဲစခန်း ခေါ်သွားတယ်။ မြေကြီးပေါ် ငုတ်တုတ်ထိုင်ခိုင်းပြီး ညဆယ်နာရီမှ ပြန်လွှတ်တယ်။

၁၉၆၉ ရောက်တော့ နယ်လှည့်လုပ်ငန်းမှာ တာဝန်ရတယ်။ အာဖရိကရဲ့ ချုံတော၊ ရွှံ့တော၊ မြက်တောတွေကို ဖြတ်ပြီး ခရီးဝေး လျှောက်ရတဲ့အခါတွေ ရှိတယ်။ ရွာတစ်ရွာမှာ ကြက်မနဲ့ ကြက်ကလေးအုပ်က ကျွန်တော့်ခုတင်အောက် အိပ်တန်းတက်ကြတယ်။ မနက်မိုးမလင်းခင် ကြက်မ အော်သံကြောင့် အိပ်ရာနိုးလာတာကို မမေ့နိုင်ဘူး။ ညနေပိုင်း မီးပုံဘေးမှာ ဝိုင်းထိုင်ပြီး ညီအစ်ကိုတွေနဲ့ ကျမ်းစာအကြောင်း ပြောခဲ့ရတာ ကျွန်တော့်အတွက် အမှတ်တရပဲ။

အကြီးမားဆုံး အခက်အခဲကတော့ ကီတာဝါလာ လှုပ်ရှားမှုb ကို ထောက်ခံတဲ့ ညီအစ်ကို အတုအယောင်တွေပဲ။ တချို့က အသင်းတော်ထဲမှာ တာဝန်ရှိ အနေအထား ရထားကြတယ်။ အဲဒီ “ရေအောက်ကျောက်ဆောင်တွေ” က စိတ်ရင်းမှန်တဲ့ ညီအစ်ကို/မတွေကိုတော့ လှည့်စားလို့ မရဘူး။ (ယု. ၁၂) နောက်ဆုံးမှာ အသင်းတော်တွေကို ယေဟောဝါ သန့်စင်ပေးတဲ့အတွက် ဆက်တိုးတက်လာတယ်။

၁၉၇၁ ခုနှစ်မှာ ကျွန်တော် ကင်ရှာဆာ ဌာနခွဲရုံးမှာ တာဝန်ကျတယ်။ စာပေးစာယူ၊ စာအုပ်စာတမ်း မှာယူမှု၊ လုပ်ငန်းတော်ဌာနတွေမှာ တာဝန်အမျိုးမျိုး ထမ်းဆောင်ရတယ်။ အခြေခံဝန်ဆောင်မှုတွေ ကောင်းကောင်း မရှိတဲ့ နိုင်ငံကြီးမှာ လုပ်ငန်းတွေကို စီစဉ်ဖွဲ့စည်းတတ်လာတယ်။ လေကြောင်းနဲ့ ပို့တဲ့စာတွေဟာ အသင်းတော်တွေဆီ ရောက်ဖို့ လပေါင်းများစွာ ကြာတတ်တယ်။ လေကြောင်းကတစ်ဆင့် ရောက်လာတဲ့စာတွေကို စက်တပ်လှေနဲ့ ပြန်ပို့ရတယ်။ အဲဒီလှေတွေဟာ ဗေဒါတောထဲမှာ အပတ်ပေါင်းများစွာ သောင်တင်နေတတ်တယ်။ ဘာပဲဖြစ်ဖြစ် အခက်အခဲတွေကြားမှာ အလုပ်တော့ ဖြစ်ခဲ့ပါတယ်။

ညီအစ်ကိုတွေဟာ ငွေအနည်းငယ်နဲ့ အစည်းအဝေးကြီးတွေ စီစဉ်နိုင်တာကို ကျွန်တော် အံ့သြမိတယ်။ ခြတောင်ပို့ကို စင်မြင့်ဖြစ်အောင် လုပ်ကြတယ်။ တောမြက်ရှည်တစ်မျိုးကို နံရံနဲ့ ထိုင်ခုံအဖြစ်၊ ဝါးကို တိုင်အဖြစ်၊ ကျူဖျာတွေကို အမိုးအဖြစ်၊ စားပွဲခင်းအဖြစ် သုံးကြတယ်။ အိမ်ရိုက်သံ မရှိတဲ့အတွက် သစ်ခေါက်ကို ခွာပြီး ကြိုးအဖြစ် သုံးကြတယ်။ တီထွင်ကြံဆတတ်ပြီး ဒူပေနာပေခံတဲ့ ဒီညီအစ်ကို/မတွေကို မအံ့သြဘဲ မနေနိုင်ဘူး။ သူတို့ကို ကျွန်တော် သိပ်ချစ်တယ်။ တာဝန်သစ်ကို ပြောင်းရတော့ သိပ်လွမ်းရတယ်။

ကင်ညာမှာ အမှုဆောင်ခြင်း

၁၉၇၄ မှာ ကင်ညာနိုင်ငံ၊ နိုင်ရိုဘီမြို့မှာရှိတဲ့ ဌာနခွဲကို ပြောင်းရတယ်။ ကင်ညာဌာနခွဲက အနီးအနား ဆယ်နိုင်ငံရဲ့ ဟောပြောခြင်းလုပ်ငန်းကို ထောက်မပေးနေလို့ အတော် အလုပ်များတယ်။ တချို့က လုပ်ငန်းပိတ်ပင်ထားတဲ့ နိုင်ငံတွေ ဖြစ်တယ်။ အဲဒီနိုင်ငံတွေ၊ အထူးသဖြင့် နှိပ်စက်ညှဉ်းပန်းမှု၊ ပြင်းထန်တဲ့ စမ်းသပ်မှုတွေ ကြုံနေရတဲ့ အီသီယိုးပီးယားကို ကျွန်တော် မကြာခဏ လည်ပတ်ရတယ်။ အဲဒီမှာ ညီအစ်ကိုတွေ ရက်ရက်စက်စက် နှိပ်စက်ခံရ၊ ထောင်ချခံရပြီး တချို့ဆို အသတ်ခံရတယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ရော အချင်းချင်းနဲ့ပါ ဆက်ဆံရေးကောင်း ရှိတဲ့အတွက် သစ္စာရှိရှိ ခံရပ်နိုင်ကြတယ်။

၁၉၈၀ မှာ ကနေဒါနိုင်ငံသူ ဂေးလ်မက်သီစန်နဲ့ လက်ထပ်လိုက်တော့ ဘဝဟာ ပိုပျော်စရာကောင်းလာတယ်။ သူနဲ့ ကျွန်တော်ဟာ ဂိလဒ် အတူတက်ခဲ့တာ။ အဲဒီကတည်းက စာအဆက်အသွယ်ရှိကြတယ်။ ဂေးလ်က ဘိုလီးဗီးယားမှာ တာဝန်ကျတယ်။ ၁၂ နှစ်ကြာပြီးနောက် နယူးယောက်မှာ ပြန်ဆုံပြီး မကြာခင် ကင်ညာမှာ လက်ထပ်လိုက်တယ်။ ဘုရားရေးရာ အမြင်ရှိပြီး ရောင့်ရဲကျေနပ်တတ်တဲ့ ဂေးလ်ကို ကျေးဇူးတင်လိုက်တာ။ ကျွန်တော့်အတွက် တန်ဖိုးရှိတဲ့ အထောက်အမနဲ့ အဖော်မွန်ပါပဲ။

၁၉၈၆ မှာ နယ်လှည့်လုပ်ဖို့ တာဝန်ရတယ်။ ဌာနခွဲကော်မတီဝင်အဖြစ်လည်း ထမ်းဆောင်ရတယ်။ ကင်ညာဌာနခွဲ လက်အောက်က နိုင်ငံများစွာကို လည်ပတ်ရတယ်။

၁၉၉၂၊ အက်စ်မာရာမြို့ (အဲရိထရိအာနိုင်ငံ) အစည်းအဝေးကြီးမှာ မန်ဖရက် တိုနက် ဟောပြောချက်ပေးနေစဉ်

၁၉၉၂၊ အက်စ်မာရာမြို့၊ ခရိုင်အစည်းအဝေးမှာ ဟောပြောချက် ပေးနေ

၁၉၉၂၊ အက်စ်မာရာမြို့ (အဲရိထရိအာနိုင်ငံ မြို့တော်) မှာ ခရိုင်အစည်းအဝေးအတွက် ပြင်ဆင်ခဲ့ရတာကို မှတ်မိနေတုန်းပဲ။ အဲဒီတုန်းက လုပ်ငန်း ပိတ်ပင်မခံရသေးဘူး။ အစည်းအဝေးလုပ်ဖို့ အတွင်းရော အပြင်ရော တော်တော် အခြေအနေဆိုးနေတဲ့ ဂိုဒေါင်တစ်လုံးပဲ ရှာတွေ့တယ်။ ယေဟောဝါကို ဝတ်ပြုလို့ရမယ့် နေရာလေးဖြစ်အောင် ညီအစ်ကိုတွေ ပြောင်းလိုက်တာကို အစည်းအဝေးနေ့မှာ တွေ့ရလို့ အံ့သြမိတယ်။ မိသားစုများစွာဟာ မြင်မကောင်းတဲ့နေရာတွေကို အဝတ်လှလှလေးတွေနဲ့ ဖုံးပြီး အလှဆင်ကြတယ်။ ၁၂၇၉ ယောက် လာတက်တဲ့ အစည်းအဝေးကြီးမှာ ပျော်ရွှင်ခဲ့ရတယ်။

နယ်လှည့်လုပ်ငန်းက ကျွန်တော်တို့အတွက် အပြောင်းအလဲကြီးပဲ။ နေစရာတွေက တစ်ခါနဲ့တစ်ခါ မတူဘူး။ တစ်ခေါက်၊ ပင်လယ်ဘေးက ဇိမ်ခံအိမ်ကြီးမှာ နေခဲ့ရတယ်။ နောက်တစ်ခါကျတော့ ပေ ၃၀၀ ကျော်မှာ အိမ်သာရှိတဲ့ သွပ်အိမ်မှာ နေရတယ်။ ဘယ်မှာပဲဖြစ်ဖြစ် ထက်သန်တဲ့ ရှေ့ဆောင်၊ ကြေညာသူတွေနဲ့အတူ အမှုဆောင်ရတဲ့နေ့တွေကို အမှတ်ရဆုံးပါပဲ။ တာဝန်သစ်ရတဲ့အခါ ချစ်ရတဲ့ မိတ်ဆွေတွေကို ထားရစ်ခဲ့ရတယ်။ သူတို့ကို သိပ်လွမ်းမိတယ်။

အီသီယိုးပီးယားမှာ ကောင်းချီးများ ရရှိ

၁၉၈၇ ကနေ ၁၉၉၂ အတွင်း ကင်ညာဌာနခွဲ လက်အောက်က နိုင်ငံများစွာမှာ လုပ်ငန်းကို တရားဝင် ဖွဲ့စည်းတည်ထောင်ခဲ့တယ်။ ဒါကြောင့် သီးခြားဌာနခွဲတွေ၊ တိုင်းပြည်ကော်မတီတွေ ဖြစ်လာတယ်။ ၁၉၉၃ မှာ အီသီယိုးပီးယားနိုင်ငံ၊ အဒစ် အဘာဘာမြို့က တိုင်းပြည်ကော်မတီရုံးမှာ ကျွန်တော်တို့ တာဝန်ကျတယ်။ ဆယ်စုနှစ်များစွာ ပိတ်ပင်ခံရပြီးနောက် အခု တရားဝင် အသိအမှတ်ပြုခံနေရပြီ။

၁၉၉၆၊ အီသီယိုးပီးယားမှာ မန်ဖရက်နဲ့ ဂေးလ် တိုနက်

၁၉၉၆၊ အီသီယိုးပီးယား ကျေးလက်မှာ နယ်လှည့်ဘဝ

အီသီယိုးပီးယားမှာ လုပ်ငန်းကို ယေဟောဝါ ကောင်းချီးပေးတယ်။ ညီအစ်ကို/မများစွာ ရှေ့ဆောင်လုပ်ကြတယ်။ ကြေညာသူ စုစုပေါင်း ၂၀ ရာခိုင်နှုန်းကျော်ဟာ ၂၀၁၂ ကစပြီး နှစ်တိုင်း မှန်မှန်ရှေ့ဆောင် လုပ်ကြတယ်။ သင်တန်းကျောင်းတွေကနေလည်း လိုအပ်တဲ့ လေ့ကျင့်မှုတွေ ရရှိကြတယ်။ နိုင်ငံတော်ခန်းမ ၁၂၀ ကျော် ဆောက်ခဲ့တယ်။ ၂၀၀၄ မှာ ဗေသလမိသားစုဟာ အဆောက်အအုံသစ်ကို ပြောင်းခဲ့တယ်။ ဗေသလခြံဝင်းထဲမှာပဲ ရှိတဲ့ အစည်းအဝေးပွဲခန်းမဟာ ကောင်းချီးတစ်ခုပါပဲ။

နှစ်တွေတစ်လျှောက် အီသီယိုးပီးယား ညီအစ်ကို/မတွေကို ကျွန်တော်တို့ ချစ်ခင်လာတယ်။ သူတို့ရဲ့ နွေးထွေးမှု၊ ကြင်နာမှုကို သိပ်နှစ်သက်တယ်။ ဒါပေမဲ့ ကျန်းမာရေး ပြဿနာကြောင့် ဗဟိုဥရောပ ဌာနခွဲကို မကြာခင်က ပြောင်းရွှေ့ခဲ့ရတယ်။ အဲဒီမှာ ကောင်းကောင်း ဂရုစိုက် စောင့်ရှောက်ခံရပေမဲ့ အီသီယိုးပီးယားက မိတ်ဆွေတွေကို သိပ်လွမ်းမိတယ်။

ယေဟောဝါ ရှင်သန်ကြီးထွားစေ

လုပ်ငန်းကို ယေဟောဝါ ဘယ်လို ရှင်သန်ကြီးထွားစေကြောင်း ကိုယ်တွေ့ မြင်ခဲ့ရတယ်။ (၁ ကော. ၃:၆၊ ၉) ဥပမာ၊ ကွန်ဂို ကြေးနီတွင်းမှာ အလုပ်လုပ်တဲ့ ရဝမ်ဒါအမျိုးသားတစ်ယောက်ကို ကျွန်တော် စသက်သေခံတုန်းက ရဝမ်ဒါမှာ ကြေညာသူ မရှိသေးဘူး။ အခု အဲဒီမှာ ညီအစ်ကို/မ ၃၀,၀၀၀ ကျော် ရှိနေပြီ။ ၁၉၆၇ တုန်းက ကွန်ဂို (ကင်ရှာဆာ) မှာ ကြေညာသူ ၆၀၀၀ လောက် ရှိပြီး အခု ၂၃၀,၀၀၀ လောက် ရှိနေပြီ။ ၂၀၁၈ တုန်းက သတိရအောက်မေ့ပွဲကို တစ်သန်းကျော် တက်ရောက်တယ်။ ကင်ညာဌာနခွဲ လက်အောက်မှာ ရှိခဲ့တဲ့ နိုင်ငံအားလုံးမှာ ကြေညာသူပေါင်း ၁၀၀,၀၀၀ ကျော် ရှိနေပြီ။

ယနေ့၊ မန်ဖရက်နဲ့ ဂေးလ် တိုနက်

လွန်ခဲ့တဲ့ နှစ် ၅၀ ကျော်တုန်းက ညီအစ်ကို အတော်များများကို သုံးပြီး အချိန်ပြည့်လုပ်ငန်းမှာ ပါဝင်ဖို့ ကျွန်တော့်ကို ယေဟောဝါ ကူညီပေးခဲ့တယ်။ ရှက်စိတ်ကို အခုထိ တွန်းလှန်နေရဆဲ ဖြစ်ပေမဲ့ ယေဟောဝါကို အပြည့်အဝ ယုံကြည်ကိုးစားတတ်လာတယ်။ အာဖရိကမှာ ကြုံခဲ့ရတာတွေက စိတ်ရှည်ဖို့၊ ရောင့်ရဲဖို့ ကူညီပေးတယ်။ ဧည့်ဝတ်ကျေပွန်တဲ့၊ ဒူပေနာပေခံတဲ့၊ ယေဟောဝါအပေါ် ယုံကြည်ကိုးစားတဲ့ ညီအစ်ကို/မတွေကို ကျွန်တော်တို့ သိပ်ချစ်တယ်။ ဘုရားရဲ့ မဟာကရုဏာအတွက် ကျေးဇူးတင်လိုက်တာ။ ယေဟောဝါရဲ့ ကောင်းချီးတွေဟာ ကျွန်တော် မျှော်လင့်ထားတာထက် အဆပေါင်းများစွာ သာလွန်ပါတယ်။—ဆာ. ၃၇:၄။

a နောက်ပိုင်း ကျွန်ုပ်တို့၏ နိုင်ငံတော်ဓမ္မအမှု လို့ခေါ်တယ်။ အခု ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း—လေ့ကျင့်ခန်းစာစောင် နဲ့ အစားထိုးထားတယ်။

b “ကီတာဝါလာ” ဆိုတာ ဆွာဟီလီ စကားကနေ ဆင်းသက်လာပြီး “လွှမ်းမိုး၊ ချုပ်ကိုင်တယ်” လို့ အဓိပ္ပာယ်ရှိတယ်။ ဒီလှုပ်ရှားမှုရဲ့ ပန်းတိုင်ကတော့ ဘယ်လ်ဂျီယံ လက်အောက်ကနေ ခွဲထွက်ပြီး လွတ်လပ်တဲ့နိုင်ငံ ထူထောင်ဖို့ပဲ။ ကီတာဝါလာအုပ်စုတွေဟာ ယေဟောဝါသက်သေတွေရဲ့ စာပေတွေကို လေ့လာပြီး ဖြန့်ဝေကြတယ်။ သူတို့ရဲ့ နိုင်ငံရေးအယူအဆတွေ၊ အယူသီးတဲ့ ဓလေ့တွေ၊ အကျင့်ပျက်တဲ့ ဘဝပုံစံတွေကို ထောက်ခံဖို့ ကျမ်းစာသွန်သင်ချက်တွေကို တလွဲသုံးကြတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ