ဘုရားသခင့်နိုင်ငံတော် ကြွေးကြော်သူများမှတ်တမ်း
နတ်ဆိုးသြဇာမှလွတ်မြောက်ခြင်း
သန်းပေါင်းများစွာသောသူတို့၏ဘဝကို နတ်ဝိဇ္ဇာအတတ်ပညာက လွှမ်းမိုးချုပ်ကိုင်ထားသည်မှာ ကြာခဲ့ပေပြီ။ သို့ရာတွင် ယင်းသြဇာလွှမ်းမိုးမှုမှ လွတ်မြောက်နိုင်ပါသည်! ယင်းသည် ရှေးခေတ်ဧဖက်မြို့၌ရှိသော လူများစွာတွင် ဖြစ်ပျက်ခဲ့သည်။ သမ္မာကျမ်းစာမှတ်တမ်းအရ “နတ်ဝိဇ္ဇာအတတ်ကို သုံးဆောင်သောသူအများတို့သည်လည်း မိမိတို့စာစောင်ကိုယူခဲ့၍ . . . မီးရှို့ကြ၏ . . . ထိုသို့သခင်ဘုရား၏သာသနာတော်သည် တန်ခိုးနှင့်တိုးပွား၍ အောင်မြင်လေ၏။”—တမန်တော် ၁၉:၁၉၊ ၂၀။
ထိုနည်းတူ ယနေ့ခရစ်ယာန်အသင်းတော်သည်လည်း တိုးတက်ကြီးပွားနေပါသည်။ ဧဖက်မြို့ရှိ အဖြစ်အပျက်မှာကဲ့သို့ပင် ယုံကြည်သူဖြစ်လာကြသူများထဲတွင် ယခင်က နတ်ဝိဇ္ဇာအတတ်ကို လိုက်စားသူများလည်းပါဝင်သည်။ ဇင်ဘာဘွေနိုင်ငံမှ အောက်ပါတွေ့ကြုံမှုက ယင်းကိုဖော်ပြသည်။
ဂိုးဂိုး (ဘွားဘွား) မတူပါသည် သူမ၏နတ်ဝိဇ္ဇာအတတ်ကြောင့် လူသိများသည်။ သူမ၏တိုင်းရင်းဆေးပညာနှင့် ကုသရန်အတွက် အလှမ်းဝေးကွာလှသော ဇမ်ဘီယာ၊ ဘော့စ်ဝါးနားနှင့် တောင်အာဖရိကမှသူများပင် လာရောက်ကြသည်။ ဂိုးဂိုးမတူပါသည် အခြားသူများအား နန်ဂါ သို့မဟုတ် ပယောဂဆရာတစ်ဦး မည်သို့ဖြစ်နိုင်သည်ကိုလည်း သင်ပေးသည်။ ထို့ပြင် သူမသည် တစ်ခါတစ်ရံ သူတစ်ပါးကို ပြုစားလိုက်သေးသည်!
တစ်ခုသောတနင်္ဂနွေနေ့ နံနက်ခင်း၌ တစ်အိမ်မှတစ်အိမ်ဓမ္မအမှု၌ ပါဝင်နေကြသော ယေဟောဝါသက်သေများသည် ဂိုးဂိုးမတူပါထံ လာရောက်လည်ပတ်ကြသည်။ ဆိုးသွမ်းသောသြဇာလွှမ်းမိုးမှုအားလုံးမှ ကင်းသည့်ကမ္ဘာ၊ ဖြောင့်မတ်ခြင်းတရားတည်ရာ ကမ္ဘာသစ်အကြောင်း သမ္မာကျမ်းစာကတိတော်ကို သူတို့နှင့်ဆွေးနွေးရသည့်အတွက် သူမအလွန်နှစ်ထောင်းအားရဖြစ်ခဲ့သည်။ သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည်aစာအုပ်ကို သူမလက်ခံ၍ အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်ရန် သဘောတူလိုက်သည်။ သူမသည် သင်အံမှုသုံးကြိမ်ပြုလုပ်ပြီးသည်နှင့် အစည်းအဝေးများကို စတင်တက်ရောက်လေတော့သည်။
သမ္မာကျမ်းစာကို လေ့လာခြင်းအားဖြင့် သူမ၏ထူးခြားသောတန်ခိုးများသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကို ဆန့်ကျင်ပုန်ကန်သည့် ဆိုးယုတ်သော နာမ်ဝိညာဉ်သတ္တဝါထံမှလာကြောင်း ဂိုးဂိုးမတူပါသိရှိခဲ့သည်။ (၂ ပေတရု ၂:၄; ယုဒ ၆) ဤနတ်ဆိုးများသည် ယေဟောဝါနှင့် စင်ကြယ်သောဝတ်ပြုရေးမှ လူတို့သွေဖည်သွားစေရန် သူတို့လုပ်နိုင်သူတိုင်းကို ပြုလုပ်ဖို့ဆုံးဖြတ်ထားကြောင်းကိုလည်း သူမသိရှိခဲ့သည်။ သူမ၏သက်မွေးမှုသည် ဤဆိုးယုတ်သော နာမ်ဝိညာဉ်သတ္တဝါများကို ခေါ်ရခြင်းအပေါ် အမှီပြုနေသောကြောင့် သူမအဘယ်သို့ပြုမည်နည်း။
ဂိုးဂိုးမတူပါသည် သူမ၏အဆောင်လက်ဖွဲ့များနှင့် နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သော ပစ္စည်းအားလုံးကို ဖယ်ရှားလိုသည့်သူမ၏ဆန္ဒကို တင်ပြခဲ့သည်။ ယင်းပစ္စည်းများတွင် နန်ဂါကုသမှုအတွက် သူမအသုံးပြုသော အထူးခေါင်းဆောင်းနှင့် “စကားပြောသောနွားဦးချိုများ” ပါဝင်သည်။ ဂိုးဂိုးမတူပါသည် တစ်ဆူတည်းဖြစ်၍ အသက်ရှင်တော်မူသောဘုရားသခင် ယေဟောဝါ၏အမှုတော်ကို ထမ်းဆောင်နိုင်ရန်အတွက် ထိုပစ္စည်းများကို ဖယ်ရှားပစ်လိုသည်။
သို့သော်လည်း သူမသည် ဆွေမျိုးများအား ငွေရေးကြေးရေးအားဖြင့် ထောက်ပံ့ထားသောကြောင့် အချို့ကသူမအား ကန့်ကွက်ကြသည်။ သူတို့ဆက်၍ အကျိုးအမြတ်ရနိုင်ရန်အတွက် သူမ၏ပစ္စည်းများနှင့် လျှို့ဝှက်ဆန်းကြယ်သောတန်ခိုးကို လွှဲပြောင်းပေးရန် တောင်းခံကြသည်။ ဂိုးဂိုးမတူပါက ငြင်းဆိုလိုက်သည်။
ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်အကူအညီဖြင့် သူမသည် နတ်ဝိဇ္ဇာအတတ်နှင့် ပတ်သက်သောပစ္စည်းများကို အိတ်ကြီးသုံးလုံးဖြင့်စုသိမ်းကာ အားလုံးမီးရှို့ပစ်လိုက်သည်။ နတ်ဆိုးကိုးကွယ်မှုနှင့်ဆိုင်သော သူမ၏ကိရိယာတန်ဆာပလာများကို မီးတောက်များကဝါးမျိုသွားသည့်အခါ ဂိုးဂိုးမတူပါက “အို၊ ကြည့်ပါဦး! ဒီချိုဟာ သူ့ကိုယ်သူတောင်ပြန်မကယ်နိုင်ပါလား” ဟုရေရွတ်လိုက်သည်။
အချိန်တန်လေသော် ဂိုးဂိုးမတူပါသည် ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ယေဟောဝါထံ သူမ၏ဆက်ကပ်အပ်နှံခြင်းကို ပျော်ရွှင်စွာတင်ပြခဲ့သည်။ ယခု သူမမည်သည့်နည်းဖြင့် အသက်မွေးဝမ်းကျောင်းပြုနေသနည်း။ ဟင်းသီးဟင်းရွက်များကို ရောင်းခြင်းဖြင့်ဖြစ်သည်။ မှန်ပါသည်၊ ဘုရားသခင့်နှုတ်ကပါဌ်တော်တန်ခိုးအားဖြင့် လူတစ်ဦးသည် နတ်ဆိုးကိုးကွယ်မှုမှ လွတ်မြောက်နိုင်ပါသည်။ ဂိုးဂိုးမတူပါက “ဒီလိုလွတ်လပ်မှုကို ကျွန်မတစ်ခါမှ မခံစားဖူးဘူး” ဟုဆိုသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့် ဝေစာအသင်း၊ မြန်မာမှ ထုတ်ဝေသည်။