သင်သည် ဘုရားသခင်၏မိတ်ဆွေလော—သင့်ဆုတောင်းချက်က ဖော်ပြသည့်အရာ
လူနှစ်ဦးစကားပြောနေသံကို သင်အမှတ်မထင်ကြားဖူးသလော။ သူတို့၏ဆက်ဆံရေးအရ သူတို့သည်ရင်းနှီးသူများလော သို့မဟုတ် သူစိမ်းများလော၊ မျက်နှာသိမျှသာလော သို့မဟုတ် ရင်းနှီးစိတ်ချရသောသူငယ်ချင်းများလော ဆိုသည့်အချက်ကို အချိန်တိုအတွင်း ဆုံးဖြတ်နိုင်မည်မှာသေချာသည်။ ထိုနည်းတူ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ဆက်ဆံရေးကို ဖော်ပြနိုင်သည်။
သမ္မာကျမ်းစာက ဘုရားသခင်သည် “ငါတို့တွင် အဘယ်သူနှင့်မျှ ဝေးတော်မူသည်မဟုတ်” ဟုကျွန်ုပ်တို့ကို စိတ်ချစေသည်။ (တမန်တော် ၁၇:၂၇) အမှန်ပင်၊ ကိုယ်တော်သည် မိမိကိုတွေ့ရှိရန် ဖိတ်ခေါ်သည်။ ကျွန်ုပ်တို့သည် ကိုယ်တော်၏မိတ်ဆွေများပင် ဖြစ်နိုင်သည်။ (ဆာလံ ၃၄:၈; ယာကုပ် ၂:၂၃) ကိုယ်တော်နှင့်တကယ့်ရင်းနှီးမှုကို ခံစားနိုင်သည်။ (ဆာလံ ၂၅:၁၄) ဘုရားသခင်နှင့်ကျွန်ုပ်တို့၏ရင်းနှီးမှုသည် မစုံလင်သောလူသားများရရှိပိုင်ဆိုင်နိုင်သည့်အထဲတွင် တန်ဖိုးအကြီးမားဆုံးသောအရာဖြစ်သည်မှာ ထင်ရှားသည်။ ယေဟောဝါသည် ကျွန်ုပ်တို့၏မိတ်သဟာယဖွဲ့မှုကို တန်ဖိုးထားသည်။ ကိုယ်တော်နှင့်ကျွန်ုပ်တို့၏မိတ်သဟာယဖွဲ့မှုသည် ကျွန်ုပ်တို့အတွက်အသက်ပေးဆက်ခဲ့သော ကိုယ်တော်၏တစ်ပါးတည်းသောသားတော်၌ ယုံကြည်ခြင်းအပေါ်အခြေခံထားသောကြောင့် ယင်းအချက်ထင်ရှားပါသည်။—ကောလောသဲ ၁:၁၉၊ ၂၀။
ထို့ကြောင့် ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ယေဟောဝါအပေါ် နက်ရှိုင်းသောချစ်ခြင်းမေတ္တာနှင့်လေးမြတ်မှု ထင်ဟပ်စေသင့်သည်။ သင့်ဆုတောင်းချက်များသည် ရိုသေလေးစားမှုရှိသော်လည်း လှိုက်လှဲမှုမရှိလှဟုခံစားရဖူးသလော။ ယင်းသည်မထူးဆန်းပါ။ တိုးတက်စေရန် သော့ချက်ကားအဘယ်နည်း။ ယေဟောဝါဘုရားသခင်နှင့်မိတ်သဟာယဖွဲ့မှုကို ပြုစုပျိုးထောင်ပါ။
ဆုတောင်းခြင်းအတွက်အချိန်ရှာယူခြင်း
ဦးဆုံးအနေနှင့် ရင်းနှီးမှုတစ်ခုကို မွေးမြူပျိုးထောင်ရန် အချိန်ယူရသည်။ သင်သည် လူများစွာ—အိမ်နီးနားချင်းများ၊ လုပ်ဖော်ဆောင်ဖက်များ၊ ကားဒရိုင်ဘာများ၊ စတိုးအရောင်းစာရေးများနှင့် နေ့စဉ်နှုတ်ဆက် သို့မဟုတ် စကားစမြည်ပြောဆိုပေမည်။ သို့သော်လည်း သင်သည် ဤကဲ့သို့သောသူများနှင့် အမှန်ပင်မိတ်ဆွေများဖြစ်သည်ဟု ယူဆရန်ခက်ခဲမည်။ တစ်ဦးတစ်ယောက်နှင့် အပေါ်ယံအာလာပသလ္လာပပြောဆိုမှုမှ အတွင်းခံစားချက်များနှင့်အတွေးအခေါ်များကိုပြောပြသည့်အထိ ကူးပြောင်းသွားပြီး ခရေစေ့တွင်းကျပြောပြလာသောအခါ မိတ်ဆွေဖြစ်မှုသည် ရှင်သန်လာသည်။
ထိုနည်းတူ ဆုတောင်းခြင်းသည် ယေဟောဝါထံနီးကပ်လာရန် ကူညီသည်။ သို့သော် ယင်းအတွက် လုံလောက်သောအချိန်ပေးရမည်; အစာစားချိန်တွင် ကျေးဇူးတင်ပါသည်ဟု အမြန်ဆုတောင်းခြင်းထက်မကလိုအပ်သည်။ ယေဟောဝါနှင့်ပိုမိုစကားပြောလေလေ သင့်ကိုယ်ပိုင်ခံစားချက်များ၊ စိတ်ဆန္ဒများ၊ အပြုအမူများကို ပိုမိုခွဲထုတ်နိုင်လေလေဖြစ်သည်။ ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော့်နှုတ်ကပါဌ်တော်မှမူများကို ပြန်လည်သတိရစေသည်နှင့်အမျှ ခက်ခဲသောပြဿနာများကို ဖြေရှင်းနည်းများပေါ်လာသည်။ (ဆာလံ ၁၄၃:၁၀; ယောဟန် ၁၄:၂၆) ထို့အပြင် သင်ဆုတောင်းလေ ယေဟောဝါသည် သင့်အတွက်အမှန်တကယ် ပို၍ဖြစ်လာလေဖြစ်ပြီး၊ သင့်အတွက် ကိုယ်တော်၏မေတ္တာပါသော စိတ်ဝင်စားမှုနှင့်စိုးရိမ်ပူပန်မှုကို ပို၍သတိမူလာလေဖြစ်သည်။
အထူးသဖြင့် သင့်ဆုတောင်းချက်များ အဖြေရရှိသည့်အခါဖြစ်သည်။ အကြောင်းမှာ၊ ယေဟောဝါသည် ‘ငါတို့၌ပြုပြင်သောတန်ခိုးတော်အတိုင်း၊ ငါတို့တောင်းပန်ကြံစည်သမျှထက် အလွန်ထူးခြားစွာပြုပြင်ခြင်းငှာ တတ်နိုင်တော်မူသည်’! (ဧဖက် ၃:၂၀) သင့်အကျိုးအတွက် ဘုရားသခင်သည် အံ့ဖွယ်အမှုများပြုလုပ်ပေးမည်ဟုမဆိုလိုပါ။ သို့သော်လည်း ကိုယ်တော့်နှုတ်ကပါဌ်တော်အားဖြင့်လည်းကောင်း၊ သစ္စာရှိကျေးကျွန်အတန်းအစား၏စာပေများအားဖြင့်လည်းကောင်း၊ ချစ်ခင်ဖွယ်ညီအစ်ကိုညီအစ်မများ၏နှုတ်အားဖြင့်လည်းကောင်း လိုအပ်သောအကြံဉာဏ် သို့မဟုတ် ညွှန်ကြားချက်ကို ကိုယ်တော်ပေးပေမည်။ သွေးဆောင်မှုကို ခံနိုင်ရည်ရှိဖို့ သို့မဟုတ် တွန်းလှန်နိုင်ဖို့ လိုအပ်သောခွန်အားကိုပေးပေမည်။ (မဿဲ ၂၄:၄၅; ၂ တိမောသေ ၄:၁၇) ဤကဲ့သို့သောတွေ့ကြုံမှုများသည် ကျွန်ုပ်တို့၏ကောင်းကင်မိတ်ဆွေအား လေးမြတ်သောသဘောထား မိမိတို့နှလုံးတွင် ပြည့်လျှံစေပါသည်!
ထို့ကြောင့် လူတစ်ဦးသည် ဆုတောင်းခြင်းအတွက် အချိန်ယူရမည်။ မှန်သည်၊ ဤခက်ခဲကျပ်တည်းသောနေ့များအတွင်း အချိန်ရှားပါးလှသည်။ သို့သော် တစ်ဦးတစ်ယောက်ကို သင်အမှန်ပင် ဂရုစိုက်သောအခါ အများအားဖြင့် ထိုသူကိုအချိန်ပေးသည်။ ဆာလံဆရာကိုယ်တိုင် ဤသို့ဖော်ပြခဲ့သည်ကိုဂရုပြုပါ– “သမင်ဒရယ်သည် ရေစီးသောချောင်းကိုတောင့်တသကဲ့သို့၊ အကျွန်ုပ်ဝိညာဉ်သည် ကိုယ်တော်ကိုတောင့်တပါသည်ဘုရား။ ငါ့ဝိညာဉ်သည် ဘုရားသခင်တည်းဟူသော အသက်ရှင်တော်မူသောဘုရားကိုငတ်လှ၏။ အဘယ်ကာလမှ ဘုရားသခင်ထံတော်သို့ရောက်၍ မျက်နှာပြရအံ့နည်း။” (ဆာလံ ၄၂:၁၊ ၂) သင်သည် ဘုရားသခင်ကို စကားပြောရန် ထပ်တူခံစားချက်မျိုးရှိသလော။ ယင်းသို့ဆိုလျှင် ထိုသို့ပြုရန် အချိန်ရွေးနုတ်ပါ!—ဧဖက် ၅:၁၆ နှိုင်းယှဉ်။
ဥပမာ၊ ဆုတောင်းရန် ကိုယ်ပိုင်အချိန်အချို့ရှိရန်အလို့ငှာ နံနက်တွင်စောစောအိပ်ရာထဖို့ ကြိုးစားရပေမည်။ (ဆာလံ ၁၁၉:၁၄၇) တစ်ခါတစ်ရံ အိပ်မပျော်သောညများ ကြုံတွေ့ဖူးသလော။ ထိုအချိန်တွင် ဆာလံဆရာကဲ့သို့ ဤကဲ့သို့သောဒုက္ခချိန်အတွင်း ဘုရားသခင်အား သင့်စိုးရိမ်မှုကိုဖော်ပြရန် အခွင့်အရေးတစ်ခုအဖြစ်ရှုမြင်နိုင်သည်။ (ဆာလံ ၆၃:၆) သို့မဟုတ် တစ်နေ့တာအတွင်း ဆုတောင်းချက်အတိုများကို မကြာမကြာဆုတောင်းပေမည်။ ဆာလံဆရာသည် ဘုရားသခင်အား ဤသို့ဆိုသည်– “ကိုယ်တော်ကိုအစဉ်အော်ဟစ်ပါသည်။”—ဆာလံ ၈၆:၃။
ကျွန်ုပ်တို့၏ဆုတောင်းချက်ကို အရည်အသွေးတိုးတက်စေခြင်း
တစ်ခါတစ်ရံ သင့်ဆုတောင်းချက်ကို ပို၍ရှည်စေခြင်းက အကူအညီဖြစ်စေသည်။ အတိုချုပ်ဆုတောင်းသောအခါ သိသာသောကိစ္စများကိုသာ တောင်းတတ်ပေမည်။ သို့သော်လည်း သာ၍ရှည်ပြီးလေးနက်သောဆုတောင်းချက်မျိုးကို တောင်းသောအခါ အတွေးများနှင့်အတွင်းခံစားချက်များကို ပိုမိုလိုလိုလားလားဖော်ပြသည်။ ယေရှုသည် အနည်းဆုံးတစ်ကြိမ်တွင် ညလုံးပေါက်ဆုတောင်းခဲ့သည်။ (လုကာ ၆:၁၂) အလောတကြီးဆုတောင်းခြင်းကိုရှောင်လျှင် သင့်ကိုယ်ပိုင်ဆုတောင်းချက်များသည် ပို၍ရင်းနှီးသော၊ လေးနက်သောဆုတောင်းချက်ဖြစ်လာကြောင်း သင်တွေ့ရမည်မှာ ယုံမှားဖွယ်မရှိချေ။
ပြောစရာအနည်းငယ်သာရှိသောအခါ ရောက်တတ်ရာရာဆုတောင်းခြင်းမျိုးမဆိုလိုပါ; အဓိပ္ပာယ်မရှိသောစကားများဖြင့် အထပ်ထပ်ဆုတောင်းခြင်းမျိုးကိုလည်းမဆိုလိုချေ။ ယေရှုက ဤသို့သတိပေးခဲ့သည်– “သင်တို့သည် ဆုတောင်းသောအခါ သာသနာပလူနည်းတူ အချည်းနှီးသောစကားဖြင့် အထပ်ထပ်မမြွက်ကြနှင့်။ ထိုသူတို့သည် များစွာသောစကားဖြင့် မိမိတို့အလိုပြည့်စုံမည်ဟု ထင်မှတ်ကြ၏။ ထိုသူတို့နည်းတူ မပြုကြနှင့်။ အကြောင်းမူကား၊ သင်တို့အလိုရှိသမျှတို့ကို သင်တို့မတောင်းမီ သင်တို့အဘသိတော်မူ၏။”—မဿဲ ၆:၇၊ ၈။
သင်ပြောလိုသောအကြောင်းအရာများကို ကြိုတင်စဉ်းစားထားလျှင် ဆုတောင်းခြင်းသည် ပို၍အဓိပ္ပာယ်ရှိသည်။ ဖြစ်နိုင်ဖွယ်များစွာရှိ၍ အနည်းငယ်ကိုဖော်ပြရလျှင်—ဓမ္မအမှုတွင်ပျော်ရွှင်မှု၊ အားနည်းချက်နှင့်မစုံလင်မှု၊ စိတ်ဓာတ်ကျမှု၊ စီးပွားရေးစိုးရိမ်မှု၊ အလုပ်တွင် သို့မဟုတ် ကျောင်းတွင် ဖိအားပေးခံရမှု၊ မိသားစု၏ဘဝဖူလုံမှု၊ ဒေသခံအသင်းတော်၏ ဝိညာဉ်ရေးအခြေအနေတို့ဖြစ်သည်။
ဆုတောင်းနေစဉ် တစ်ခါတစ်ရံ သင့်စိတ်ပျံ့လွင့်တတ်သလော။ ထိုအခါ အာရုံစုစည်းဖို့ ပိုမိုကြိုးစားအားထုတ်ပါ။ အမှန်မှာ ယေဟောဝါသည် ‘အကျွန်ုပ်တို့အသနားခံချက်ကိုမှတ်တော်မူ’ ဖို့လိုလိုလားလားရှိနေသည်။ (ဆာလံ ၁၇:၁) ကျွန်ုပ်တို့ကိုယ်နှိုက်၏ဆုတောင်းချက်များကို အာရုံစိုက်ဖို့ အပတ်တကုတ်ကြိုးစားအားထုတ်ရန် ဆန္ဒမရှိသင့်ပေလော။ မှန်ပါသည်၊ ‘ဝိညာဉ်ပကတိနှင့်စပ်ဆိုင်သောအရာတို့ကို စွဲလမ်းသောစိတ်သဘောရှိကြ’ ပြီးစိတ်ပျံ့လွင့်မှုကိုငြင်းဆန်ပါ။—ရောမ ၈:၅။
ကျွန်ုပ်တို့သည် ယေဟောဝါကို ရည်ညွှန်းပုံအနေအထားလည်း အရေးကြီးသည်။ ကိုယ်တော်သည် မိမိကိုမိတ်ဆွေတစ်ဦးအဖြစ် ရှုမြင်စေချင်သော်လည်း စကြဝဠာကိုအကြွင်းမဲ့ပိုင်သအုပ်စိုးထိုက်သောအရှင်နှင့် ကျွန်ုပ်တို့စကားပြောဆိုနေသည်ကို မည်သည့်အခါမျှမမေ့ပါနှင့်။ ဗျာဒိတ်အခန်းကြီး ၄ နှင့် ၅ တွင် ဖော်ပြထားသည့် စိုးရွံ့ကျိုးနွံဖွယ်ကောင်းသောမြင်ကွင်းကို ဖတ်ရှုပြီး စဉ်းစားဆင်ခြင်ပါ။ ထိုတွင် ယောဟန်သည် ကျွန်ုပ်တို့ဆုတောင်းချဉ်းကပ်သောအရှင်၏ ကြီးမြတ်ခမ်းနားသောရူပါရုံတစ်ခုကိုမြင်ခဲ့သည်။ “ပလ္လင်တော်ပေါ်မှာထိုင်သောသူ” ကိုကျွန်ုပ်တို့ချဉ်းကပ်စကားပြောဆိုခွင့်ရရှိခြင်းသည် မည်မျှထူးမြတ်သည့်အခွင့်အရေးပါတကား! ကျွန်ုပ်တို့၏အသုံးအနှုန်းကို အလွန်အကျွံရင်းနှီးသော သို့မဟုတ် မလေးစားသောသဘောမျိုး မည်သည့်အခါမျှ မဖြစ်လိုကြပါ။ သို့အစား ‘ကျွန်ုပ်တို့ပြောသောစကားနှင့် စိတ်နှလုံးအကြံအစည်သည် ထာဝရဘုရားအား နှစ်သက်ဖွယ်ဖြစ်စေ’ ဖို့အာရုံစိုက်ကြိုးစားအားထုတ်သင့်သည်။—ဆာလံ ၁၉:၁၄။
သို့သော်လည်း ကြီးကျယ်သောစကားလုံးများသုံးနှုန်းခြင်းဖြင့် ယေဟောဝါကို စွဲမှတ်စေမည်မဟုတ်ကြောင်း သဘောပေါက်ပါ။ ထုတ်ဖော်ပြောဆိုသော စကားများသည် မည်မျှပင် ရိုးရှင်းပါစေ ကျွန်ုပ်တို့၏ရိုကျိုးသော၊ လှိုက်လှိုက်လှဲလှဲရှိသောစကားများသည် ကိုယ်တော်ကို နှစ်သက်စေပါသည်။—ဆာလံ ၆၂:၈။
လိုအပ်သောအချိန်များတွင် နှစ်သိမ့်မှုနှင့်နားလည်မှု
ကျွန်ုပ်တို့သည် အကူအညီနှင့်သက်သာမှု လိုအပ်သောအခါ ရင်းနှီးသောမိတ်ဆွေတစ်ဦးထံ အကူအညီနှင့်စာနာစိတ်ရရှိရန်အတွက် သွာလေ့ရှိသည်။ ယေဟောဝါထက် အလွယ်တကူချဉ်းကပ်နိုင်သော မိတ်ဆွေတစ်ဦးမျှမရှိချေ။ ကိုယ်တော်သည် “ဘေးရောက်သည်ကာလ အထူးသဖြင့်ကူမတော်မူကြောင်း ထင်ရှားလျက်ရှိ၏။” (ဆာလံ ၄၆:၁) “သက်သာခြင်းအမျိုးမျိုးတို့၏အရှင်” အဖြစ်ကိုယ်တော်သည် ကျွန်ုပ်တို့ကြုံတွေ့ခဲ့ရသောအရာများကို အခြားမည်သူထက်မဆို ပို၍နားလည်သည်။ (၂ ကောရိန္သု ၁:၃၊ ၄; ဆာလံ ၅:၁; ၃၁:၇) ဆိုးရွားသည့်အခြေအနေတွင်ရှိသောသူများအတွက် ကိုယ်တော်သည် အမှန်ပင် ဝေမျှခံစားတတ်ပြီး ထောက်ထားစာနာတတ်သည်။ (ဟေရှာယ ၆၃:၉; လုကာ ၁:၇၇၊ ၇၈) ယေဟောဝါသည် နားလည်မှုရှိသောမိတ်ဆွေတစ်ဦးဖြစ်သည်ကို သဘောပေါက်လာကာ ကျွန်ုပ်တို့သည် ကိုယ်တော်အားစိတ်အားထက်သန်စွာ လွတ်လွတ်လပ်လပ်စကားပြောဆိုရန်ခံစားလာသည်။ ကျွန်ုပ်တို့၏အနက်ရှိုင်းဆုံးကြောက်ရွံ့မှုနှင့် စိုးရိမ်ကြောင့်ကြမှုတို့ကို ဖော်ပြရန်လှုံ့ဆော်ခံရသည်။ ထို့ကြောင့် ယေဟောဝါသည် ‘သက်သာစေတော်မူသဖြင့်၊ ကျွန်ုပ်တို့၏ဝိညာဉ်သည် ရွှင်လန်း’ ပုံကို ကိုယ်တွေ့ခံစားရသည်။—ဆာလံ ၉၄:၁၈၊ ၁၉။
ကျွန်ုပ်တို့၏အပြစ်များကြောင့် ဘုရားသခင်ထံချဉ်းကပ်ရန် မထိုက်တန်ပါဟု တစ်ခါတစ်ရံခံစားရပေမည်။ သို့သော်လည်း ရင်းနှီးသောမိတ်ဆွေတစ်ဦးက သင်ကိုပြစ်မှားပြီးနောက် ခွင့်လွှတ်မှုအတွက် တောင်းပန်ခဲ့လျှင်ကော အသို့နည်း။ ထိုသူကို နှစ်သိမ့်ရန်၊ စိတ်ချစေရန် သင်လှုံ့ဆော်ခံရမည်မဟုတ်ပေလော။ ထိုသို့ဖြစ်လျှင် ယေဟောဝါကို အဘယ်ကြောင့် လျှော့၍မျှော်လင့်သင့်သနည်း။ ကိုယ်တော်သည် လူသားတို့၏မစုံလင်မှုကြောင့် အပြစ်ပြုသူ မိမိ၏မိတ်ဆွေများကို ရက်ရောစွာခွင့်လွှတ်သည်။ (ဆာလံ ၈၅:၅; ၁၀၃:၃၊ ၈-၁၁) ဤအချက်ကိုသိရှိခြင်းက ကိုယ်တော်အား ကျွန်ုပ်တို့၏အမှားများကို လွတ်လွတ်လပ်လပ်တောင်းပန်ရန် ဝန်မလေးတော့ချေ; ကိုယ်တော်၏ချစ်ခြင်းမေတ္တာနှင့်ကရုဏာတော်ကို ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်သည်။ (ဆာလံ ၅၁:၁၇) အကယ်၍ ကျွန်ုပ်တို့၏အားနည်းချက်ကြောင့် စိတ်ဓာတ်ကျခဲ့လျှင် ၁ ယောဟန် ၃:၁၉၊ ၂၀ ပါစကားများမှ သက်သာမှုရရှိနိုင်ပါသည်– “ထိုသို့ချစ်လျှင်၊ ကိုယ်တိုင်သမ္မာတရားနှင့်ဆိုင်သည်ကို ကိုယ်သိရ၍ ဘုရားသခင့်ရှေ့တော်၌ ကိုယ်စိတ်နှလုံးကိုသက်သာစေကြလိမ့်မည်။ အကြောင်းမူကား၊ ကိုယ်စိတ်နှလုံးသည် ကိုယ်ကိုအပြစ်တင်လျှင်၊ ဘုရားသခင်သည် ငါတို့၏စိတ်နှလုံးထက် သာ၍ကြီးမြတ်သည်ဖြစ်၍၊ အလုံးစုံတို့ကိုသိတော်မူသည်ကို ငါတို့သိကြ၏။”
သို့သော်လည်း ဘုရားသခင်၏မေတ္တာကရုဏာကို ခံစားရန် ဆိုးရွားသောအခြေအနေတွင်ရှိရန် မလိုအပ်ချေ။ ကျွန်ုပ်တို့၏ဝိညာဉ်ရေးနှင့် စိတ္တရေးအကျိုးသက်ရောက်နိုင်မှုမှန်သမျှကို ယေဟောဝါစိတ်ဝင်စားသည်။ မှန်ပေသည်၊ ကျွန်ုပ်တို့၏ခံစားချက်များ၊ အတွေးအခေါ်များနှင့် စိုးရိမ်ပူပန်မှုများကို ဆုတောင်းချက်တွင် ဖော်ပြဖို့လည်း အသေးအဖွဲကိစ္စအဖြစ် မည်သည့်အခါမျှထင်ရန်မလိုချေ။ (ဖိလိပ္ပိ ၄:၆) သင်သည် ရင်းနှီးသောမိတ်ဆွေတစ်ဦးနှင့်အတူရှိနေချိန်တွင် သင့်ဘဝ၏အရေးပါသောအဖြစ်အပျက်များကိုသာ ဆွေးနွေးသလော။ အသေးအဖွဲစိုးရိမ်မှုများကိုလည်း မျှဝေသည်မဟုတ်လော။ ထိုနည်းတူ “သင်တို့ကို သတိနှင့်ကြည့်ရှုတော်မူ” ကြောင်းကိုသိရှိလျက် ယေဟောဝါအား သင့်ဘဝ၏မည်သည့်အသွင်အပြင်ကိုမဆို လွတ်လွတ်လပ်လပ်ပြောဆိုနိုင်သည်။—၁ ပေတရု ၅:၇။
အကယ်၍ သင်သည် မိမိအကြောင်းများကိုသာပြောဆိုလျှင် မိတ်ဆွေဖွဲ့မှုသည် ကြာရှည်ခံနိုင်မည်မဟုတ်ချေ။ ထိုနည်းတူစွာ ကျွန်ုပ်တို့၏ဆုတောင်းချက်များသည် ကိုယ့်ကိုယ်ကိုသာ အာရုံမစိုက်သင့်ချေ။ ယေဟောဝါနှင့်ကိုယ်တော်၏စိတ်ဝင်စားမှုအတွက် ကျွန်ုပ်တို့၏မေတ္တာကရုဏာကိုလည်း တင်ပြသင့်သည်။ (မဿဲ ၆:၉၊ ၁၀) ဆုတောင်းခြင်းသည် ဘုရားသခင်ထံမှ အကူအညီတောင်းဆိုရန်အခွင့်အရေးတစ်ခုအဖြစ်သာမဟုတ်ဘဲ ကျေးဇူးတင်ခြင်းနှင့်ချီးမွမ်းခြင်းကိုပြောဆိုရန် အခွင့်အရေးတစ်ခုလည်းဖြစ်သည်။ (ဆာလံ ၃၄:၁; ၉၅:၂) ကိုယ်ပိုင်လေ့လာမှုမှန်မှန်ပြုလုပ်ခြင်းဖြင့် “အသိပညာကို ဆည်းပူးယူခြင်း” သည် ယင်းနှင့်ပတ်သက်၍ အကူအညီဖြစ်လိမ့်မည်၊ ယင်းသည် ယေဟောဝါနှင့်ကိုယ်တော့်လမ်းစဉ်ကို ပိုမိုအကျွမ်းတဝင်ရှိလာအောင် ကျွန်ုပ်တို့ကိုကူညီပေးသောကြောင့်ဖြစ်သည်။ (ယောဟန် ၁၇:၃၊ ကဘ) အထူးသဖြင့် ဆာလံကျမ်းကိုဖတ်ရှုခြင်းက အထောက်အကူရပေမည်။ အခြားသစ္စာရှိကျေးကျွန်များ၏ ယေဟောဝါအား ရင်ဖွင့်ပုံကို သတိပြုမိမည်။
ယေဟောဝါ၏မိတ်ဆွေဖြစ်ရခြင်းသည် အမှန်တကယ် အဖိုးတန်ဆုကျေးဇူးတစ်ခုဖြစ်သည်။ ယင်းကို ကျွန်ုပ်တို့လေးမြတ်ကြောင်း ကျွန်ုပ်တို့၏ဆုတောင်းချက်များကို ပိုမိုရင်းနှီးသော၊ လှိုက်လှဲသော၊ နှစ်ကိုယ်ချင်းဖြစ်စေခြင်းဖြင့် ပြနိုင်ကြပါစေ။ ထိုအခါ ဆာလံဆရာဖော်ပြခဲ့သည့် ပျော်ရွှင်မှုကို ကျွန်ုပ်တို့ခံစားရမည်။ သူက ဤသို့ကြွေးကြော်ခဲ့သည်– “အထံတော်သို့ချဉ်းကပ်စေခြင်းငှာ၊ ကိုယ်တော်ရွေးကောက်တော်မူသောသူသည် မင်္ဂလာရှိပါ၏။”—ဆာလံ ၆၅:၄။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
အခွင့်အရေးပေါ်လာသည်နှင့်အမျှ တစ်နေ့တာတစ်လျှောက် ဘုရားသခင်အား ကျွန်ုပ်တို့ဆုတောင်းနိုင်သည်