ကယ်တင်ခြင်း—ယင်း၏အမှန်တကယ်ဆိုလိုရင်း
‘ခင်ဗျား ကယ်တင်ခြင်းရပြီလား။’ ဤမေးခွန်းကိုမေးလေ့ရှိသူများမှာ ‘ယေရှုကိုမိမိတို့၏ကယ်တင်ရှင်အဖြစ်လက်ခံ’ ထားသောကြောင့် မိမိတို့သည်ကယ်တင်ခြင်းရပြီးသားဟု ယူမှတ်သူများဖြစ်သည်။ သို့သော် အခြားသူများမှာမူ ကယ်တင်ခြင်းရဖို့ လမ်းအသွယ်သွယ်ရှိပြီး ‘နှလုံးထဲတွင်ယေရှုရှိ’ သမျှကာလပတ်လုံး မည်သည့်အရာကိုယုံယုံ၊ မည်သည့်ချာ့ချ်အသင်းသားဖြစ်ဖြစ် အကြောင်းမဟုတ်ဟု ယူဆကြသည်။
ဘုရားသခင့်အလိုတော်မှာ “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်” ဖို့ဖြစ်သည်ဟု သမ္မာကျမ်းစာကဆိုသည်။ (၁ တိမောသေ ၂:၃၊ ၄) ထို့ကြောင့် ကယ်တင်ခြင်းသည် လက်ခံမည့်သူအားလုံး ရရှိနိုင်သည့်အရာဖြစ်သည်။ သို့သော် ကယ်တင်ခံရခြင်းဟူသည် မည်သည့်အရာကို အတိအကျဆိုလိုခြင်းဖြစ်သနည်း။ သင့်ဘက်မှ စိုးစဉ်းမျှအားမထုတ်ဘဲ အလိုလိုရရှိနိုင်သည့်အရာတစ်ခုလော။
“ကယ်တင်ခြင်း” ဟူသည့်စကားလုံးသည် “အန္တရာယ် သို့မဟုတ် ဖျက်ဆီးခြင်းဘေးမှ ကယ်နုတ်ခြင်း” ဟုဆိုလိုသည်။ ထို့ကြောင့် စစ်မှန်သောကယ်တင်ခြင်းသည် စိတ်ပိုင်းတည်ငြိမ်အေးချမ်းသည့် အခြေအနေသာမကပါ။ . . . ဖျက်ဆီးခြင်းဘေးမှလည်းကောင်း၊ နောက်ဆုံးတွင် သေခြင်းကိုယ်၌မှလည်းကောင်း ကယ်တင်ခံရခြင်းကိုဆိုလိုသည်! သို့သော် မည်သို့သောသူများကိုသာ ဘုရားသခင်ကယ်တင်မည်နည်း။ အဖြေအတွက် ယင်းကိစ္စနှင့်စပ်လျဉ်း၍ ယေရှုခရစ်သွန်သင်ခဲ့သည့်အရာကို စစ်ဆေးကြည့်ကြပါစို့။ ကျွန်ုပ်တို့၏စူးစမ်းစစ်ဆေးချက်က သင့်ကိုအံ့အားသင့်စေနိုင်ပါသည်။
ကယ်တင်ခြင်း—ဘာသာတရားအားလုံး၌ တွေ့နိုင်သလော
တစ်ကြိမ်တွင် ယေရှုသည် ရှမာရိအမျိုးသမီးတစ်ဦးနှင့် စကားအပြန်အလှန်ပြောဆိုခဲ့သည်။ သူမသည် ဂျူးလူမျိုးတစ်ဦးမဟုတ်သော်လည်း “ခရစ်တော်ခေါ်” မေရှိယကြွလာတော်မူမည်ကို သူမအတန်အရာယုံကြည်ခဲ့သည်။ (ယောဟန် ၄:၂၅၊ သမ) ယင်းကိုယုံကြည်ရုံမျှဖြင့် သူမကယ်တင်ခြင်းရနိုင်မည်လော။ မရနိုင်ပါ၊ အကြောင်းမှာ ထိုအမျိုးသမီးကို ယေရှုက “သင်တို့သည် ကိုယ်မသိသောအရာကို ကိုးကွယ်ကြ၏” ဟူ၍ပြတ်သားစွာ မိန့်တော်မူခဲ့သည်။ ထိုအမျိုးသမီးသည် ကယ်တင်ခြင်းရလိုလျှင် သူမ၏ဝတ်ပြုနည်းကို ပြုပြင်ပြောင်းလဲရမည်ဖြစ်ကြောင်းကိုယ်တော်သိတော်မူ၏။ ထို့ကြောင့် ယေရှုဤသို့ရှင်းပြခဲ့သည်– “[ခရစ်ယာန်]ကိုးကွယ်သောသူမှန်သမျှတို့သည် ခမည်းတော်ကိုနာမ်ဝိညာဉ်နှင့်လည်းကောင်း၊ သစ္စာတရားနှင့်လည်းကောင်း ကိုးကွယ်ရမည့်အချိန်ကာလသည်လာ၍ ယခုပင်ရောက်လျက်ရှိ၏။ အကြောင်းမူကား၊ ထိုသို့ကိုးကွယ်သောသူတို့ကို ခမည်းတော်သည်အလိုရှိတော်မူ၏။”—ယောဟန် ၄:၂၂၊ ၂၃။
ယေရှုသည် ကယ်တင်ခြင်းနှင့်ဆိုင်သော မိမိ၏အမြင်ကိုဖော်ပြသည့် အခြားတစ်ချိန်တွင် ဂျူးဘာသာ၏ ထင်ရှားသောဘာသာရေးအဖွဲ့ဖြစ်သည့် ဖာရိရှဲများပါဝင်သည်။ ဖာရိရှဲတို့သည် ဝတ်ပြုရေးစနစ်တစ်ခုကိုထူထောင်၍ ၎င်းကို ဘုရားသခင်နှစ်သက်သည်ဟု ယုံကြည်ကြ၏။ သို့သော် ဖာရိရှဲများအား ယေရှုပြောခဲ့သည့်စကားများကို နားဆင်ကြည့်ပါ–“အချင်းသီလကြောင်တို့၊ ဤလူမျိုးသည် စိတ်နှလုံးကိုငါနှင့်ခွာ၍၊ နှုတ်ခမ်းအားဖြင့်သာရိုသေလျက် လူတို့မှာထားချက်များကို တရားအဖြစ်သွန်သင်သည်နှင့်၊ အကျိုးမဲ့ငါ့ကိုကိုးကွယ်ကြသည်ဟူ၍ သင်တို့ကိုရည်လျက် ပရောဖက်ဟေရှာယဟောပြောသည်မှာ သင့်လျော်စွတကားဟု မိန့်တော်မူ၏။”—မဿဲ ၁၅:၇-၉၊ သမ။
ယနေ့၊ ခရစ်တော်ကိုယုံကြည်ပါသည်ဟုဆိုသော ဘာသာရေးအုပ်စုများကော မည်သို့နည်း။ ၎င်းတို့အားလုံးကို ကယ်တင်ခြင်းရရန် အသိအမှတ်ပြုလက်ခံထားသောလမ်းများအဖြစ် ယေရှုထောက်ခံပါမည်လော။ ဤကိစ္စနှင့်စပ်လျဉ်း၍ ကျွန်ုပ်တို့မှန်းဆနေစရာမလိုပေ၊ အကြောင်းမှာ ယေရှုက “သခင်၊ သခင်ဟု ငါ့ကိုလျှောက်သောသူတိုင်း ကောင်းကင်နိုင်ငံတော်သို့ ဝင်ရလိမ့်မည်မဟုတ်။ ကောင်းကင်ဘုံ၌ရှိတော်မူသော ငါ့ခမည်းတော်၏အလိုကို ဆောင်သောသူသာလျှင် ဝင်ရလိမ့်မည်။ ထိုနေ့၌ကား၊ သခင်၊ သခင်၊ အကျွန်ုပ်တို့သည် ကိုယ်တော်အခွင့်နှင့် ဆုံးမသြဝါဒပေးပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်ပါပြီမဟုတ်လော။ ကိုယ်တော်အခွင့်နှင့် များစွာသောတန်ခိုးတို့ကို ပြပါပြီမဟုတ်လောဟု အများသောသူတို့သည် လျှောက်ကြလိမ့်မည်။ ထိုသို့လျှောက်ကြသောအခါ သင်တို့ကိုငါအလျှင်းမသိ။ အဓမ္မအမှုကိုပြုသောသူတို့၊ ငါ့ထံမှဖယ်ကြဟု ထိုသူတို့အားအတိအလင်းငါပြောမည်” ဟုရှင်းလင်းပြတ်သားစွာ မိန့်တော်မူခဲ့သည်။—မဿဲ ၇:၂၁-၂၃။
ကယ်တင်ခြင်းရရန် ယေရှုနှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာ မရှိမဖြစ်လိုအပ်
ယေရှု၏အဆိုပါစကားများသည် အဓိပ္ပာယ်လေးနက်သည်။ ယင်းက ဘာသာတရားကိုင်းရှိုင်းသူများစွာမှာ ‘ခမည်းတော်၏အလိုကိုဆောင်’ ရန်ပျက်ကွက်နေကြကြောင်း ဖော်ပြသည်။ ထိုသို့ဖြစ်လျှင် လူတစ်ဦးသည် စစ်မှန်သောကယ်တင်ခြင်းကို မည်သို့ရရှိနိုင်မည်နည်း။ တိမောသေပထမစာစောင် ၂:၃၊ ၄ က “လူအပေါင်းတို့သည် ကယ်တင်ခြင်းသို့ရောက်၍ သမ္မာတရား [“နှင့်ဆိုင်သော တိကျမှန်ကန်သောအသိပညာ၊” ကဘ] ကိုသိစေခြင်းငှာ၊ ဘုရားသခင်အလိုတော်ရှိ၏” ဟုအဖြေပေးထားသည်။—ကောလောသဲ ၁:၉၊ ၁၀ နှိုင်းယှဉ်။
ကယ်တင်ခြင်းရရန်အတွက် ထိုအသိပညာကို အရေးတကြီးလိုအပ်နေပါသည်။ ရောမထောင်မှူးတစ်ဦးက “အကျွန်ုပ်သည် ကယ်တင်ခြင်းသို့ရောက်အံ့သောငှာ အဘယ်သို့ပြုရပါမည်နည်း” ဟူ၍မေးသည့်အခါ တမန်တော်ပေါလုနှင့် သူ၏အဖော်သိလတို့က “သခင်ယေရှုခရစ်ကိုယုံကြည်လော့။ ယုံကြည်လျှင် သင်နှင့်သင်၏အိမ်သူအိမ်သားတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလိမ့်မည်” ဟုဖြေဆိုခဲ့၏။ (တမန်တော် ၁၆:၃၀၊ ၃၁) ယင်းက ထောင်မှူးနှင့် သူ့မိသားစုအားလုံးတို့သည် သူတို့၏နှလုံးထဲ၌ ခံစားချက်တစ်ခုခုရှိဖို့လိုသည်ဟု ဆိုလိုနေခြင်းလော။ မဟုတ်ပါ၊ တစ်ခုအနေနှင့် ယေရှုမည်သူမည်ဝါဖြစ်ကြောင်း၊ ကိုယ်တော်ပြုတော်မူခဲ့သည့်အရာနှင့် ကိုယ်တော်သွန်သင်ခဲ့သည့်အရာတို့ကို အတော်အတန်နားမလည်ဘဲ “သခင်ယေရှုခရစ်ကို” အမှန်တကယ် “ယုံကြည်” နိုင်မည်မဟုတ်။
ဥပမာအနေနှင့် ယေရှုသည် ကောင်းကင်အစိုးရဖြစ်သော “ဘုရားသခင့်နိုင်ငံတော်” တည်ထောင်ကြောင်းကို သွန်သင်ပေးခဲ့သည်။ (လုကာ ၄:၄၃) ကိုယ်တော်သည် ခရစ်ယာန်အကျင့်စာရိတ္တ၊ အမူအကျင့်နှင့်ပတ်သက်သောမူများကိုလည်း ချမှတ်ပေးခဲ့သည်။ (မဿဲ အခန်းကြီး ၅-၇) နိုင်ငံရေးကိစ္စများနှင့် ပတ်သက်လာသည့်အခါ မိမိ၏တပည့်များ ရပ်တည်ရမည့်အနေအထားကို ဖော်ပြခဲ့သည်။ (ယောဟန် ၁၅:၁၉) ကိုယ်တော်သည် ကမ္ဘာချီသွန်သင်ခြင်းအစီအစဉ်ကို တည်ထောင်၍ ထိုအစီအစဉ်တွင်ပါဝင်ရန် မိမိတပည့်တော်များအား တာဝန်အပ်နှင်းခဲ့သည်။ (မဿဲ ၂၄:၁၄; တမန်တော် ၁:၈) မှန်ပါသည်၊ ‘ယေရှုကိုယုံကြည်ခြင်း’ ဟူသည် အကြောင်းအရာများစွာကို နားလည်ခြင်းဖြစ်ပါသည်တကား! သို့ဆိုလျှင် ထိုယုံကြည်သူလူသစ်များ နှစ်ခြင်းမခံယူမီ ပေါလုနှင့်သိလတို့သည် “ထိုသူ [ထောင်မှူး] မှစ၍ သူ၏အိမ်၌ရှိသမျှသောသူတို့အား သခင်ဘုရား၏နှုတ်ကပါဌ်တော်ကို ဟောကြ” သည်ဟူသည့်အချက်မှာ အံ့အားသင့်စရာမဟုတ်ပေ။—တမန်တော် ၁၆:၃၂၊ ၃၃။
ဘုရားသခင်နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာသည်လည်း မရှိမဖြစ်လိုအပ်
ယေရှုခရစ်အား အမှန်ယုံကြည်ခြင်းတွင် အရေးကြီးသည့်အပိုင်းတစ်ခုမှာ ယေရှုကိုယ်တော်တိုင်ကိုးကွယ်ခဲ့သည့် ဘုရားသခင်ကိုကိုးကွယ်ခြင်းဖြစ်သည်။ ယေရှုက “ထာဝရအသက်ဟူမူကား၊ မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော ကိုယ်တော်ကိုလည်းကောင်း၊ စေလွှတ်တော်မူသော ယေရှုခရစ်ကိုလည်းကောင်း သိကျွမ်းခြင်းတည်း” ဟူ၍ ဆုတောင်းခဲ့သည်။—ယောဟန် ၁၇:၃။
ဘုရားသခင်၏သားတော်သည် မိမိ၏မြေကြီးဓမ္မအမှုဆောင်ချိန်ကာလအတွင်း၌ မိမိကိုယ်တိုင်ကိုမဟုတ်ဘဲ ခမည်းတော်ထံ အစဉ်အာရုံစိုက်စေခဲ့သည်။ မိမိသည် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည်ဟု တစ်ခါမျှမဆိုခဲ့ပါ။ (ယောဟန် ၁၂:၄၉၊ ၅၀) မိမိသည် ခမည်းတော်၏လက်အောက်ခံဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုခြင်းဖြင့် ဘုရားသခင်၏အစီအစဉ်၌ မိမိ၏အနေအထားကို ယေရှုကြိမ်ဖန်များစွာ အထင်အရှားဖော်ပြခဲ့သည်။ (လုကာ ၂၂:၄၁၊ ၄၂; ယောဟန် ၅:၁၉) ယေရှုက “ငါ့ခမည်းတော်သည် ငါ့ထက်သာ၍ကြီးမြတ်တော်မူ၏” ဟုအတိအလင်းမိန့်ဆိုခဲ့သည်။ (ယောဟန် ၁၄:၂၈) ဘုရားသခင်နှင့် ခရစ်တော်တို့ အမှန်တကယ်မည်သို့တော်စပ်သည်ကို သင်၏ချာ့ချ်မှ သွန်သင်ပေးပါသလော။ သို့မဟုတ် ယေရှုကိုယ်တော်တိုင် အနန္တတန်ခိုးရှင်ဘုရားသခင်ဖြစ်သည်ဟု ယုံကြည်သွားစေရန် သွန်သင်ခံရပါသလော။ သင့်ကယ်တင်ခြင်းသည် မှန်ကန်သည့်သိနားလည်မှုရှိခြင်းပေါ် မူတည်ပါသည်။
သခင့်ပတ္ထနာတွင် ယေရှုက “ကိုယ်တော်၏နာမတော်အား ရိုသေလေးမြတ်ခြင်းရှိပါစေသော” ဟုဆုတောင်းရန် မိမိ၏တပည့်များအား တိုက်တွန်းခဲ့သည်။ (မဿဲ ၆:၉) ကျမ်းစာဘာသာပြန်အများစုက ဘုရားသခင့်နာမတော်ကို ထိမ်ဝှက်ထားကြပြီး “သခင်” ဟုဘာသာပြန်ခဲ့ကြသည်။ သို့သော် ရှေးခေတ် “ဓမ္မဟောင်း” ကျမ်းလက်ရေးမိတ္တူများတွင် ဘုရားသခင့်နာမတော် အကြိမ်ပေါင်းခြောက်ထောင်ကျော် ပါရှိပါသည်တကား! ထို့ကြောင့် ဆာလံ ၈၃:၁၈ တွင်ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– ‘ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ဟူ၍နာမတော်ရှိသော ကိုယ်တော်တစ်ပါးတည်းသာလျှင်၊ မြေကြီးတစ်ပြင်လုံးအပေါ်မှာ အမြင့်ဆုံးသောဘုရားဖြစ်တော်မူကြောင်းကို သိကြပါစေသော။’ သင်သည် ယေဟောဝါဟူသည့် ဘုရားသခင့်နာမတော်ကို အသုံးပြုရန်သွန်သင်ခံရဖူးပါသလော။ မခံရဖူးပါက သင့်ကယ်တင်ခြင်းအတွက် စိုးရိမ်ဖွယ်ဖြစ်သည်၊ အကြောင်းမှာ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကို ပတ္ထနာ [ဆုတောင်း] သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ရကြလတ္တံ့” ဟုဆိုထားသောကြောင့်တည်း!—တမန်တော် ၂:၂၁; ယောလ ၂:၃၂ နှိုင်းယှဉ်။
စိတ်နှင့်လည်းကောင်း၊ သမ္မာတရားနှင့်လည်းကောင်း
ယေရှုခရစ်သည် ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာကိုလည်း အာရုံစိုက်စေခဲ့သည်။ ကိစ္စရပ်အချို့အပေါ် ဘုရားသခင့်ရှုမြင်ပုံကို ရှင်းလင်းဖော်ပြသည့်အခါ “ကျမ်းစာလာသည်” ဟု မိန့်တော်မူလေ့ရှိသည်။ (မဿဲ ၄:၄၊ ၇၊ ၁၀; ၁၁:၁၀; ၂၁:၁၃) ကိုယ်တော်မသေဆုံးမီည၌ မိမိ၏တပည့်တော်များနှင့်စပ်လျဉ်း၍ “ကိုယ်တော်၏သမ္မာတရားအားဖြင့် သူတို့ကိုသန့်ရှင်းစေတော်မူပါ။ ကိုယ်တော်၏နှုတ်ကပါဌ်တော်သည် သမ္မာတရားဖြစ်ပါ၏” ဟုဆုတောင်းခဲ့သည်။—ယောဟန် ၁၇:၁၇။
ကယ်တင်ခြင်းရရှိဖို့အတွက် နောက်ထပ်မရှိမဖြစ်လိုအပ်သောအရာတစ်ခုမှာ ဘုရားသခင့်နှုတ်ကပါဌ်တော် သမ္မာကျမ်းစာသွန်သင်ချက်များကို နားလည်ခြင်းဖြစ်သည်။ (၂ တိမောသေ ၃:၁၆) ဘဝရည်ရွယ်ချက်ကား အဘယ်နည်း၊ ဘုရားသခင်သည် ဆိုးသွမ်းမှုကို ဤမျှကြာရှည်စွာ အဘယ့်ကြောင့်ခွင့်ပြုထားတော်မူသနည်း၊ လူတစ်ဦးသေဆုံးသည့်အခါ သူဘာဖြစ်သွားသနည်း၊ ဘုရားသခင်သည် လူတို့ကိုမီးငရဲ၌ အမှန်ပင်ညှဉ်းဆဲသလော၊ မြေကြီးနှင့်ပတ်သက်သော ဘုရားသခင့်ရည်ရွယ်ချက်ကား အဘယ်နည်း စသည့်မေးခွန်းများကို သမ္မာကျမ်းစာကသာ အဖြေပေးသည်။a ထိုအကြောင်းအရာနှင့်ပတ်သက်၍ မှန်ကန်သည့်သိနားလည်မှုမရှိဘဲ ဘုရားသခင်ကိုလျောက်ပတ်စွာ ဝတ်မပြုနိုင်ပါ၊ အကြောင်းမှာ ယေရှုက “စစ်မှန်စွာဝတ်ပြုသူတို့ ခမည်းတော်ကိုစိတ်ဖြင့်လည်းကောင်း၊ သမ္မာတရားဖြင့်လည်းကောင်း ဝတ်ပြုကြမည့်အချိန်လာမည်” ဟုဆိုထားသောကြောင့်ဖြစ်သည်။—ယောဟန် ၄:၂၃၊ ကဘ။
ယုံကြည်ခြင်းက လုပ်ဆောင်ရန်အားပေး
ကယ်တင်ခြင်းဟူသည် အကြောင်းအရာတို့ကို ဆည်းပူးခြင်းထက်မကပါဝင်သည်။ တုံ့ပြန်သောနှလုံးသား၌ ဘုရားသခင်ဆိုင်ရာတိကျသောပညာက ယုံကြည်ခြင်းကိုဖြစ်ပေါ်စေသည်။ (ရောမ ၁၀:၁၀၊ ၁၇; ဟေဗြဲ ၁၁:၆) ယင်းသို့သောယုံကြည်ခြင်းက လုပ်ဆောင်ရန်တွန်းအားပေးသည်။ ဥပမာအနေနှင့် သမ္မာကျမ်းစာက ဤသို့တိုက်တွန်းသည်– “ထို့ကြောင့် ထာဝရဘုရားထံတော်မှ ချမ်းအေးသောအချိန်ကာလသည်ရောက်လာ၍ . . . သင်တို့အပြစ်များကိုပြေစေခြင်းငှာ နောင်တရ၍ စိတ်ပြောင်းလဲခြင်းသို့ရောက်ကြလော့။”—တမန်တော် ၃:၁၉၊ ၂၀။
မှန်ပါသည်၊ ကယ်တင်ခြင်းဆိုရာ၌ အကျင့်အကြံ၊ စာရိတ္တတွင်ဘုရားသခင့်စံနှုန်းနှင့်အညီ မိမိကိုယ်ကိုပြောင်းလဲနေထိုင်ခြင်းလည်း ပါဝင်သည်။ ဘုရားသခင့်နှုတ်ကပါဌ်တော်၏ ပြောင်းလဲပေးနိုင်သော ဩဇာအရှိန်အဝါအောက်တွင် တစ်သက်လုံးအရိုးစွဲခဲ့သည့် လိမ်လည်ခြင်းနှင့် လှည့်စားခြင်းအကျင့်မှ ရိုးသားခြင်းနှင့် ယုံကြည်စိတ်ချရခြင်းအဖြစ်သို့ ပြောင်းလဲလာသည်။ (တိတု ၂:၁၀) လိင်တူဆက်ဆံခြင်း၊ သူ့မယားပြစ်မှားခြင်း၊ မတရားမေထုန်စသည့် ယိုယွင်းသောအကျင့်များကိုစွန့်ပယ်၍ စင်ကြယ်သောအကျင့်များနှင့် အစားထိုးလိုက်သည်။ (၁ ကောရိန္သု ၆:၉-၁၁) ယင်းသည် စိတ်လှုပ်ရှားမှုကြောင့် ခေတ္တမျှရှောင်ခြင်းမဟုတ်ဘဲ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ဂရုတစိုက်လေ့လာ၍ ကျင့်သုံးခြင်းကြောင့်ရရှိလာသည့် အတည်တကျပြောင်းလဲခြင်းဖြစ်သည်။—ဧဖက် ၄:၂၂-၂၄။
အချိန်တန်လေသော် ဘုရားသခင်ကိုချစ်သည့်စိတ်နှင့် ကျေးဇူးတင်လေးမြတ်သည့်စိတ်က စိတ်နှလုံးရိုးဖြောင့်သူတစ်ဦးကို ရေတွင်နှစ်ခြင်းခံခြင်းဖြင့် ဘုရားသခင်ထံလုံးလုံးလျားလျား ဆက်ကပ်အပ်နှံရန် တွန်းအားပေးပါသည်။ (မဿဲ ၂၈:၁၉၊ ၂၀; ရောမ ၁၂:၁) နှစ်ခြင်းခံပြီးသားခရစ်ယာန်များသည် ဘုရားသခင့်အမြင်၌ ကယ်တင်ခံရပြီးဖြစ်သည်။ (၁ ပေတရု ၃:၂၁) ရောက်ရှိလာမည့် ဤဆိုးသွမ်းသောလောကပျက်စီးခြင်းတွင် ထိုဆင်းရဲဒုက္ခမှကာကွယ်ခြင်းဖြင့် ဘုရားသခင်သည် သူတို့ကိုလုံးလုံးလျားလျား ကယ်တင်ပါလိမ့်မည်။—ဗျာဒိတ် ၇:၉၊ ၁၄။
သင့်အတွက် ကယ်တင်ခြင်းဟူသည့်အဓိပ္ပာယ်
ကယ်တင်ခြင်းရရန် ‘နှလုံးထဲတွင် သခင်ယေရှုရှိ’ ရုံနှင့်မလုံလောက်ကြောင်းကို ဤအတိုချုပ်ရှင်းလင်းချက်က ထင်ရှားစေသည်။ ယင်းက ယေဟောဝါဘုရားသခင်၊ ယေရှုခရစ်တို့နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကိုဆည်းပူးကာ ဘဝတွင်လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုပြုလုပ်ခြင်းကို ဆိုလိုသည်။ ယင်းသို့ပြုလုပ်ခြင်းသည် ခက်ခဲသည်ဟုထင်မြင်ရပေမည်၊ သို့သော် ဤသို့ကြိုးစားလုပ်ဆောင်ရာတွင် ယေဟောဝါသက်သေများက သင့်ကိုကူညီလိုကြပါသည်။ စစ်မှန်သောကယ်တင်ခြင်းလမ်းပေါ် စတင်လျှောက်လှမ်းဖို့ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုအားဖြင့် သင့်အားအကူအညီပေးနိုင်ပါသည်။b
ရောက်ရှိလာမည့် ဘုရားသခင်၏တရားစီရင်ရာနေ့ နီးကပ်လာသည်ကိုထောက်၍ ယင်းသို့ပြုလုပ်ရန် ယခင်ကထက်သာ၍အရေးတကြီး လိုအပ်နေပါသည်! “ထာဝရဘုရား၏အမျက်တော်နေ့သည် သင်တို့အပေါ်သို့မရောက်မီ ကိုယ်ကိုစစ်ကြောကြလော့။ တရားတော်အတိုင်းကျင့်၍ စိတ်နှိမ့်ချသောပြည်သူပြည်သားအပေါင်းတို့၊ ထာဝရဘုရားကိုရှာကြလော့။ ဖြောင့်မတ်ခြင်းနှင့် စိတ်နှိမ့်ချခြင်းကိုလည်းရှာကြလော့။ ထာဝရဘုရားအမျက်ထွက်တော်မူသောနေ့၌ သင်တို့သည် ပုန်းရှောင်ရာကို တွေ့ကောင်းတွေ့ကြလိမ့်မည်” ဟူသည့်ပရောဖက်ပြုစကားကို လိုက်နာရမည့်အချိန်မှာ ယခုအချိန်ပင်ဖြစ်သည်။—ဇေဖနိ ၂:၂၊ ၃။
[အောက်ခြေမှတ်ချက်များ]
a ဤအကြောင်းအရာနှင့်ပတ်သက်သော ဆွေးနွေးခန်းများကို မြန်မာ၊ ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှထုတ်ဝေသော ထာဝရအသက်ရစေသော အသိပညာစာအုပ်ကို ကျေးဇူးပြု၍ရှု။
b အိမ်တွင်းကျမ်းစာသင်အံမှုပြုလုပ်လိုပါက ယေဟောဝါသက်သေများ၏ ဒေသခံအသင်းတော်နှင့် ကျေးဇူးပြု၍ဆက်သွယ်ပါ။ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးဆက်သွယ်နိုင်ပါသည်။
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
ကယ်တင်ခြင်းရရှိစေရန်မှာ . . .
◻ ဘုရားသခင်နှင့် ယေရှုခရစ်တို့နှင့်ဆိုင်သော တိကျမှန်ကန်သည့်အသိပညာကိုရယူခြင်း။—ယောဟန် ၁၇:၃။
◻ ယုံကြည်ခြင်းတင်ပြခြင်း။—ရောမ ၁၀:၁၇; ဟေဗြဲ ၁၁:၆။
◻ နောင်တယူ၍ပြောင်းလဲခြင်း။—တမန်တော် ၃:၁၉၊ ၂၀; ဧဖက် ၄:၂၂-၂၄။
◻ ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်း။—မဿဲ ၁၆:၂၄; ၂၈:၁၉၊ ၂၀။
◻ နှုတ်ဖြင့်လူသိရှင်ကြားဝန်ခံခြင်းကို ဆက်၍ပြုလုပ်ခြင်း။—မဿဲ ၂၄:၁၄; ရောမ ၁၀:၁၀။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
သမ္မာကျမ်းစာကိုလေ့လာခြင်း၊ တတ်သိလာသမျှကို လက်တွေ့ကျင့်သုံးခြင်း၊ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်းသည်ကယ်တင်ခြင်းရရှိစေသည့် ခြေလှမ်းများဖြစ်