အချိန်ပြည့်လုပ်ငန်းတော်တွင် ရွှင်လန်းမှုကို ဆက်လက်ထိန်းသိမ်းနိုင်ပုံ
ကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံချက်က ဤဘုရားတရားမဲ့စနစ်၏နောက်ဆုံးကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြကြောင်း ထင်ရှားစွာပြသသည်။ ယေဟောဝါဘုရားသခင်၏ကျေးကျွန်တို့သည် ယင်းကိုသိထားသည့်အတွက် ကိုယ်တော့်နိုင်ငံတော်သတင်းကောင်းကို ဖြန့်ဝေရန် အတတ်နိုင်ဆုံးအချိန်ပေးကြသည်။ ယေဟောဝါသက်သေ ၆၀၀,၀၀၀ ကျော်တို့သည် အချိန်ပြည့်လုပ်ငန်းတော်၌ ပါဝင်ရန်အလို့ငှာ မိမိတို့၏ဘဝကို စီစဉ်ခဲ့ကြသည်။ သူတို့ထဲမှအချို့သည် ရှေ့ဆောင်များဟုခေါ်သော အချိန်ပြည့်ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများဖြစ်ကြသည်။ အချို့သူများသည် ကင်းမျှော်စင်အသင်း၏ဌာနချုပ် သို့မဟုတ် ယင်း၏ဌာနခွဲများတွင် ဗေသလစေတနာ့ဝန်ထမ်းများဖြစ်ကြသည်။ ထို့အပြင် အခြားသူတို့သည် သာသနာပြုများနှင့် နယ်လှည့်ကြီးကြပ်မှူးများဖြစ်ကြသည်။
နောက်ဆုံးကာလသည် “ခဲယဉ်းသောကာလ” ဖြစ်မည်ကို ကျမ်းစာကဖော်ပြထားသည်။ (၂ တိမောသေ ၃:၁-၅) ဂရိသမ္မာကျမ်းစာက “ခက်ထန်သောသတ်မှတ်ထားချိန်” ဟုပြန်ဆိုနိုင်ဖွယ်ရှိသည့် စကားလုံးကိုအသုံးပြုထားသည်။ ထို့ကြောင့် ကျွန်ုပ်တို့ခေတ်တွင် ဒုက္ခကင်းလွတ်မည့်အသက်တာကို မည်သူမျှမမျှော်လင့်သင့်ချေ။ အချို့ခရစ်ယာန်ဓမ္မအမှုဆောင်များအတွက် ပြဿနာကြီးမားလွန်းသဖြင့် သူတို့သည် မိမိတို့ကိုယ်ကို ‘အချိန်ပြည့်လုပ်ငန်းတော်မှာ ငါဆက်လုပ်နိုင်ဦးမလား ဒါမှမဟုတ် နားလိုက်ရမလား’ ဟုမေးကြပေမည်။
ရှေ့ဆောင်၊ ဗေသလစေတနာ့ဝန်ထမ်း၊ နယ်လှည့်ကြီးကြပ်မှူး သို့မဟုတ် သာသနာပြုတစ်ဦးအဖြစ် မိမိ၏အနေအထားကို ပြန်လည်သုံးသပ်စေသည့် အခြေအနေများကား အဘယ်နည်း။ ဆိုးရွားသည့်ကျန်းမာရေးပြဿနာ ရှိကောင်းရှိနိုင်ပေမည်။ အိုမင်းသော၊ မသန်မစွမ်းသောဆွေမျိုးသားချင်းကို အမြဲမပြတ်ကြည့်ရှုစောင့်ရှောက်ဖို့ လိုကောင်းလိုပေမည်။ အကြင်လင်မယားသည် မိသားစုဘဝကို စတင်နေခြင်းဖြစ်ပေမည်။ ထိုသို့သောအကြောင်းကြောင့်နှင့် ကျမ်းဆိုင်ရာတာဝန်များကြောင့် အချိန်ပြည့်လုပ်ငန်းတော်ကို ဆက်လက်မလုပ်ကိုင်နိုင်သောသူတစ်ဦးသည် ဤပြုပြင်ပြောင်းလဲမှုကို ရှက်ဖွယ်ရာဖြစ်သည်ဟု ယူမှတ်ရန်မလိုပါ။
သို့သော်လည်း တစ်ဦးတစ်ယောက်က ရွှင်လန်းမှုမရှိသောကြောင့် အချိန်ပြည့်လုပ်ငန်းတော်မှနားဖို့ စီစဉ်နေလျှင်ကော။ ရှေ့ဆောင်တစ်ဦးသည် မိမိ၏[ခရစ်ယာန်] ဓမ္မအမှုတွင် တုံ့ပြန်မှုအနည်းငယ်သာတွေ့မြင်ရကာ ‘နားထောင်မှုအရမ်းနည်းလာတော့ ကိုယ်ကျိုးစွန့်ဘဝပုံစံနဲ့ ဘာကြောင့်ဆက်လက်လုပ်ကိုင်နေရမှာလဲ’ ဟုကိုယ့်ကိုကိုယ်မေးကောင်းမေးပေမည်။ ဗေသလစေတနာ့ဝန်ထမ်းတစ်ဦးသည် ပေးအပ်ထားသောတာဝန်အပေါ် ပျော်ရွှင်မှုမရှိဘဲဖြစ်နိုင်ပေမည်။ သို့မဟုတ် စိတ်အနှောင့်အယှက်ဖြစ်စရာ ကျန်းမာရေးချူချာမှုက ရှေ့ဆောင်လုပ်ငန်းမှ မထွက်ရသော်လည်း နောက်ဆုံးတွင် လူတစ်ဦး၏ပျော်ရွှင်မှုကို တဖြည်းဖြည်းပျောက်ဆုံးသွားစေနိုင်သည်။ ဤကဲ့သို့သောသူများသည် မိမိတို့၏ရွှင်လန်းမှုကို မည်သို့ဆက်လက်ထိန်းထားနိုင်သနည်း။ အချို့အတွေ့အကြုံရှိ ဓမ္မအမှုဆောင်များ၏ပြောပြချက်ကို ကျွန်ုပ်တို့ဆင်ခြင်ကြစို့။
စိတ်ပျက်ခြင်းကို အောင်မြင်နိုင်ပုံ
ဆွစ်ဇလန်မှရောက်ရှိလာသော အဲနီးသည် ၁၉၅၀ ပြည့်နှစ်တွင် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းကို တက်ရောက်ခဲ့သည်။ နိုင်ငံရပ်ခြားသာသနာပြုတာဝန်တစ်ခုကို သူမစောင့်မျှော်ခဲ့သည်။ အဲနီးသည် ဥရောပတွင် ဗေသလလုပ်ငန်းကို ပြန်လည်တာဝန်ချခံရသောအခါ စိတ်ပျက်ခဲ့သည်။ သို့ဖြစ်စေကာမူ သူမသည် ဘာသာပြန်ဌာနတွင် မိမိ၏တာဝန်ကို လက်ခံခဲ့ကာ ယခုထိ ထိုလုပ်ငန်းတွင် လုပ်ကိုင်နေဆဲဖြစ်သည်။ သူမသည် မိမိ၏စိတ်ပျက်မှုကို မည်သို့အောင်မြင်ခဲ့သနည်း။ “အရင်ကကောအခုပါ လုပ်စရာအများကြီးရှိတယ်။ ကျွန်မရဲ့ခံစားချက်တွေနဲ့အကြိုက်တွေက အဲ့ဒီအလုပ်လောက် အရေးမကြီးပါဘူး” ဟုအဲနီးရှင်းပြသည်။
အကယ်၍ ကျွန်ုပ်တို့၏တာဝန်နှင့်ပတ်သက်၍ စိတ်ပျက်မိလျှင် အဲနီး၏သဘောထားကို ကျွန်ုပ်တို့မွေးမြူနိုင်သည်။ ကျွန်ုပ်တို့၏အကြိုက်သည် အရေးကြီးဆုံးမဟုတ်ချေ။ အရေးကြီးဆုံးမှာ ဘုရားသခင့်နိုင်ငံတော်သတင်းဖြန့်ဝေခြင်းနှင့်ဆက်စပ်သည့် အမျိုးမျိုးသောတာဝန်အားလုံးကို ကောင်းမွန်စွာကိုင်တွယ်လုပ်ဆောင်ခြင်းဖြစ်သည်။ “ကြိုးစား၍လုပ်လေရာရာ၌ ကျေးဇူးရှိ၏” ဟုနယပုံပြင် ၁၄:၂၃ ကကျွန်ုပ်တို့ကို ပြောထားသည်။ ကျွန်ုပ်တို့ကို ပေးအပ်ထားသော မည်သည့်တာဝန်ကိုမဆို သစ္စာရှိရှိပါဝင်ဆောင်ရွက်ခြင်းသည် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်း ပြီးမြောက်အောင်မြင်ဖို့ ဖြစ်စေပါသည်။ ဘုရားသခင်ပေးသည့်လုပ်ငန်းတွင် ကြီးမားသောစိတ်ကျေနပ်မှုအပြင် ရွှင်လန်းမှုကိုပါရရှိနိုင်သည်။—၁ ကောရိန္သု ၁၂:၁၈၊ ၂၇၊ ၂၈ နှိုင်းယှဉ်။
အခြားသူများနှင့်အသင့်အတင့်နေခြင်း
အချိန်ပြည့်လုပ်ငန်းတော်—လယ်ကွင်းဓမ္မအမှုတွင်၊ ဗေသလတွင်၊ သာသနာပြုအိမ်တွင်၊ သို့မဟုတ် နယ်လှည့်ကြီးကြပ်မှူးတစ်ဦးက အသင်းတော်တစ်ခုပြီးတစ်ခုလည်ပတ်နေစဉ်အခါတွင်—လူများနှင့် အနီးကပ်ထိတွေ့ဆက်ဆံရသည်။ ထို့ကြောင့် ရွှင်လန်းမှုသည် အခြားသူများနှင့် ကောင်းစွာသင့်တင့်ခြင်းအပေါ် များစွာမူတည်သည်။ သို့ဖြစ်စေကာမူ ဤနောက်ဆုံးကာလတွင် ဖြစ်ပျက်မည်ဟုကြိုဟောထားသည့် ‘ခက်ထန်သောအချိန်’ ကလူသားတို့၏ဆက်ဆံရေးကို အကြီးအကျယ်ခက်ခဲမှုဖြစ်စေသည်။ [ခရစ်ယာန်] ဓမ္မအမှုဆောင်တစ်ဦးသည် မိမိကို တစ်ဦးတစ်ယောက်က စိတ်အနှောင့်အယှက်ဖြစ်စေလင့်ကစား မိမိ၏ရွှင်လန်းမှုမပျောက်ဆုံးအောင် မည်သို့ပြုနိုင်သနည်း။ ဗီလ်ဟဲလ်မ်ထံမှ ကျွန်ုပ်တို့တစ်ခုခု သင်ယူနိုင်ကောင်းသင်ယူနိုင်ပေမည်။
ဗီလ်ဟဲလ်မ်သည် ၁၉၄၇ ခုနှစ်၌ ဥရောပတွင် ဗေသလမိသားစုဝင်တစ်ဦးဖြစ်လာခဲ့သည်။ ထို့နောက် ရှေ့ဆောင်နှင့်နယ်လှည့်ကြီးကြပ်မှူးအဖြစ် လုပ်ငန်းတော်တွင် သူအချိန်ကုန်ခဲ့သည်။ “အကယ်၍ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ မမှန်ဘူးလို့ထင်တဲ့အရာတွေ ဒါမှမဟုတ် ပုဂ္ဂိုလ်ရေးအရအနှောင့်အယှက်ဖြစ်စေတယ်လို့ထင်တဲ့အရာတွေကို တွေ့လာတယ်ဆိုရင် ကျွန်တော်တို့ရဲ့ခံစားချက်တွေကို ယေဟောဝါထံပြောပြပြီးနောက် ဖြေရှင်းပေးဖို့ ကိုယ်တော်ထံအပ်နှံထားလိုက်တယ်” ဟုဗီလ်ဟဲလ်မ်က ရှင်းပြသည်။—ဆာလံ ၃၇:၅။
သင့်ကို မထီမဲ့မြင် သို့မဟုတ် မဆင်မခြင်ပြောဆိုသော ခရစ်ယာန်ချင်းတစ်ဦး၏အပြုအမူအားဖြင့် သင်စိတ်ပျက်ကောင်းစိတ်ပျက်နိုင်ပေမည်။ ကျွန်ုပ်တို့အားလုံးသည် အပြောအဆိုအားဖြင့် အကြိမ်ပေါင်းများစွာ ထိမိလဲစေတတ်ကြသည်ကို သတိရပါ။ (ယာကုပ် ၃:၂) ထို့ကြောင့် “ဆုတောင်းခြင်းကို နားထောင်တော်မူသောအရှင်” ထံချဉ်းကပ်ဖို့ ဤအခြေအနေကို အခွင့်အရေးယူပါလေ။ (ဆာလံ ၆၅:၂) အကြောင်းအရာကိစ္စကို ယေဟောဝါအားပြောပြပြီးနောက် ယင်းကို ကိုယ်တော့်ထံအပ်နှံထားလိုက်ပါ။ ပြောင်းလဲမှုအတွက် ဘုရားသခင်အလိုတော်ရှိလျှင် ကိုယ်တော်ပြုလုပ်ပေးတော်မူလိမ့်မည်။ သာသနာပြုအိမ်တွင် နေထိုင်သူများသည် အလားတူပြဿနာပေါ်ပေါက်လာလျှင် ယင်းအချက်ကို စိတ်စွဲမှတ်သင့်သည်။ သို့အားဖြင့် ယေဟောဝါ၏လုပ်ငန်းတော်တွင် မိမိတို့၏ရွှင်လန်းမှုကို ဆက်လက်ထိန်းသိမ်းရန် အကူအညီဖြစ်စေသည်။
ကျန်းမာရေးချို့ယွင်းသောအခါ
အမြဲကျန်းကျန်းမာမာနေရသူ အနည်းငယ်သာရှိသည်။ အရွယ်ကောင်းရှိသူများပင် စိတ်ကျဝေဒနာ သို့မဟုတ် ရောဂါဝေဒနာတို့ကို ဖိစီးခံရပေမည်။ ကျန်းမာရေးချူချာမှုသည် အချို့သူများအတွက် အချိန်ပြည့်လုပ်ငန်းတော်ကို ရပ်ပစ်လိုက်ရသော်လည်း ယင်းနောက်တွင် သူတို့သည် ဘုရားသခင့်နိုင်ငံတော်ကြေညာသူများအဖြစ် အလွန်ကောင်းစွာလုပ်ဆောင်ကြသည်။ သို့သော်လည်း အချို့သူများမှာ ကျန်းမာရေးချို့ယွင်းနေသည့်ကြားက အချိန်ပြည့်လုပ်ငန်းတော်တွင် ဆက်လက်လုပ်ကိုင်နိုင်ကြသည်။ သာဓကအားဖြင့် ဟာဒ်မတ်နှင့်ဂီးစ်လင်းဒ်တို့ကို ဆင်ခြင်သုံးသပ်ပါ။
ဟာဒ်မတ်နှင့်ဂီးစ်လင်းဒ်တို့သည် ရှေ့ဆောင်၊ သာသနာပြုနှင့် နယ်လှည့်လုပ်ငန်းတွင် အနှစ် ၃၀ ကြာလုပ်ကိုင်ခဲ့ကြသော ဇနီးမောင်နှံဖြစ်သည်။ တစ်ခါတစ်ရံ သူတို့နှစ်ယောက်စလုံးသည် ကာယရေးနှင့်စိတ္တရေးကျဆင်းခဲ့သည့်အထိ တစ်ပြိုင်နက်အကြီးအကျယ်ဖျားနာခဲ့ကြသည်။ သို့သော်လည်း သူတို့သည် အလွန်ကောင်းမွန်သောအလုပ်ကိုလုပ်ခဲ့ကြပြီး အလားတူစုံစမ်းခြင်းမျိုးခံစားနေရသော အခြားသူများကို အားပေးနိုင်ခဲ့ကြသည်။ မည်သည့်အကြံဉာဏ်ကို သူတို့ပေးသနည်း။ “အတိတ်ကိုပြန်မကြည့်ဘဲ အနာဂတ်ကိုအာရုံစိုက်ပါ။ အခြေအနေတိုင်းကို အကောင်းဆုံးဖြစ်စေပါ။ နေ့စဉ်နေ့တိုင်း ယေဟောဝါကိုချီးမွမ်းဖို့ အခွင့်အရေးတစ်ခုလောက်သာရနိုင်ပေမည်။ အဲ့ဒီအခွင့်အရေးကို အသုံးချပြီး ပျော်မွေ့ပါ။”
ဟာန်နလိုရာ၏အဖြစ်အပျက်ကို ဆင်ခြင်ကြည့်ပါ။ သူမသည် ရှေ့ဆောင်တစ်ဦးအဖြစ်၊ သာသနာပြုတစ်ဦးအဖြစ်၊ ခင်ပွန်းနှင့်အတူနယ်လှည့်လုပ်ငန်းတော်တွင်၊ ဗေသလလုပ်ငန်းတော်တွင် အနှစ် ၃၀ လုပ်ဆောင်နေစဉ်အတွင်း ထပ်ခါတလဲလဲဖျားနာမှုကြောင့် ဒုက္ခကြုံခဲ့ရသည်။ “လူသားတွေက လွယ်ကူတဲ့အချိန်မှာသာ ယေဟောဝါကို ဝတ်ပြုကြတာဆိုပြီး စာတန်ကြောင့်ပေါ်ပေါက်လာတဲ့ပြဿနာအပေါ် ကျွန်မအာရုံစိုက်ခဲ့တယ်။ စမ်းသပ်မှုကို ခံရပ်ခြင်းက ကျွန်မဟာ စာတန်မှားတယ်ဆိုတာ သက်သေပြရာမှာ တစ်စိတ်တစ်ဒေသပါဝင်နိုင်တယ်” ဟုဟာန်နလိုရာက ပြောပြသည်။ ယင်းသည် ကြီးမားသည့်လှုံ့ဆော်မှုတစ်ရပ် ဖြစ်နိုင်သည်။ စမ်းသပ်မှုခံနေရစဉ် ယေဟောဝါအပေါ် မိမိ၏သစ္စာစောင့်သိမှုက ကိုယ်တော်အတွက် အရေးပါအရာရောက်သည်ကို သတိရပါ။—ယောဘ ၁:၈-၁၂; သု. ၂၇:၁၁။
မိမိ၏ကျန်းမာရေးနှင့်စပ်လျဉ်း၍ မျှတသည့်ဆုံးဖြတ်ချက်ချနိုင်ရန် ကြိုးစားသောအခါ ဤအစီအစဉ်စနစ်၏နိဂုံးနှင့်ပတ်သက်သည့် ယေရှု၏ပရောဖက်ပြုချက်အကြောင်းအရာနှစ်ခုကို ဆင်ခြင်ပါ။ အရပ်ရပ်တို့၌ ကပ်ရောဂါကျရောက်မည်ဟု ယေရှုကြိုဟောခဲ့သည်။ “[ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌ ဟောရလိမ့်မည်” ဟုလည်းပြောခဲ့သည်။ (မဿဲ ၂၄:၃၊ ၁၄; လုကာ ၂၁:၁၁) ယေရှု၏တပည့်တော်များသည် နောက်ဆုံးကာလတွင် ဖျားနာခြင်းနှင့် ရုန်းကန်ရမည်ကို ကိုယ်တော်သိခဲ့သည်။ သို့ဖြစ်စေကာမူ ကျန်းမာရေးကောင်းမွန်သောသူတို့သာမဟုတ်ဘဲ အကြီးအကျယ်ဖျားနာသူတို့လည်း ဟောပြောခြင်းလုပ်ငန်း လုပ်ဆောင်လိမ့်မည်ကို ကိုယ်တော်သဘောပေါက်ခဲ့သည်။ အကယ်၍ ကျန်းမာရေးချို့ယွင်းနေသည့်ကြားက အချိန်ပြည့်လုပ်ငန်းတော်ကို ဆက်လက်လုပ်ကိုင်နိုင်မည်ဆိုလျှင် ယေဟောဝါ၏နာမတော်အတွက် ကျွန်ုပ်တို့ပြသသောမေတ္တာကို ကိုယ်တော်မေ့လိမ့်မည်မဟုတ်ချေ။—ဟေဗြဲ ၆:၁၀။
လူအများလျစ်လျူရှုသည့်ကြားမှရွှင်လန်းမှုကို ဆက်လက်ထိန်းထားခြင်း
ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းအပေါ် လူတို့တုံ့ပြန်ပုံက ကျွန်ုပ်တို့၏သဘောထားကို ထိခိုက်နိုင်သည်။ “ရှေ့ဆောင်တွေတောင် အိမ်ရှင်နဲ့စပြီးစကားပြောဖို့ ခက်ခဲမှုရှိတာကိုတွေ့ရပါတယ်။ ကျွန်တော်တို့အားလုံးဟာ ရွှင်လန်းမှုကို ဆက်လက်ထိန်းထားနိုင်ဖို့ ကြိုးစားနေကြရတယ်” ဟုအတွေ့အကြုံရှိသောဓမ္မအမှုဆောင်တစ်ဦးက ပြောခဲ့သည်။ မှန်ပါသည်၊ လူအများလျစ်လျူရှုခြင်းက လယ်ကွင်းလုပ်ငန်းတော်တွင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို လျော့နည်းလာစေနိုင်သည်။ ထို့ကြောင့် လျစ်လျူရှုမှုကို အမြဲတွေ့ကြုံရသော ရှေ့ဆောင်တစ်ဦးသည် မိမိ၏ရွှင်လန်းမှုကို မည်သို့ဆက်လက်ထိန်းထားနိုင်သနည်း။ အတွေ့အကြုံရှိ ဓမ္မအမှုဆောင်များက စစ်ကြောစမ်းသပ်ခံပြီးသော အောက်ပါအကြံဉာဏ်များကို ပေးထားသည်။
လျစ်လျူရှုမှုသည် စိန်ခေါ်မှုတစ်ရပ်ဖြစ်သော်လည်း ကျရှုံးမှုတစ်ရပ်ဖြစ်သည်ဟုမဆိုလိုချေ။ နေရာအနှံဖြစ်ပေါ်လျက်ရှိသော လျစ်လျူရှုမှုကိုယ်နှိုက်က အချိန်ပြည့်လုပ်ငန်းကို ရပ်နားလိုက်ဖို့ အကြောင်းရင်းတစ်ခုမဟုတ်ချေ။ အကယ်၍ ကျမ်းစာကိုဇွဲရှိရှိလေ့လာမှုအတွက် အချိန်လုံလုံလောက်လောက်ပေးမည်ဆိုလျှင် လျစ်လျူရှုမှုကို ရင်ဆိုင်ရသည့်အခါ ကျွန်ုပ်တို့၏ရွှင်လန်းမှုကို ဆက်လက်ထိန်းထားနိုင်မည်။ သို့ပြုခြင်းသည် ‘ကောင်းသောအမှုအမျိုးမျိုးတို့ကို ကျွန်ုပ်တို့အတွက် ပြင်ဆင်ပေး’ ကာယင်းတွင် သတင်းကောင်းကို မသိကျိုးကျွန်ပြုသူများကို စကားပြောဆိုခြင်းပါဝင်သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) လူတို့သည် ပရောဖက်ယေရမိ၏စကားကို နားမထောင်ခဲ့ကြသော်လည်း ယင်းသည် သူ့ကိုဟောပြောဖို့ မရပ်သွားစေပါ။ (ယေရမိ ၇:၂၇) ခရစ်ယာန်စာပေများ၏အကူအညီဖြင့် ကျမ်းစာကိုလေ့လာသည့်အချိန်တွင် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို ခိုင်မြဲစေကာ လျစ်လျူရှုမှုကို ရင်ဆိုင်နိုင်ရန် အထောက်အကူပြုသည့်အချက်အလက်များကို မှတ်သားထားလျှင် အကျိုးကျေးဇူးများစွာရရှိနိုင်သည်။
လျစ်လျူရှုမှုသည် စိန်ခေါ်မှုတစ်ရပ်ဟုယူဆခဲ့လျှင် ကျွန်ုပ်တို့ဟောပြောမည့်သူများအပေါ် ကျွန်ုပ်တို့၏သဘောထားကို ဆန်းစစ်ကြစို့။ အဘယ်ကြောင့် သူတို့လျစ်လျူရှုကြသနည်း။ ဥပမာ၊ ဥရောပဒေသများတွင် နေရာအနှံပေါ်ပေါက်လျက်ရှိသောလျစ်လျူရှုမှု၏ အကြောင်းရင်းတစ်ခုမှာ ဗာဗုလုန်ဘာသာရေး၏ အလွန်ဆိုးရွားလှသောမှတ်တမ်းကြောင့်ဖြစ်သည်။ လူတို့သည် မိမိတို့၏အသက်တာတွင် ဘာသာတရားကို နေရာမပေးလိုကြ၊ သို့မဟုတ် ဘာသာတရားနှင့်မပတ်သက်လိုကြချေ။ လူတို့ကိုထိခိုက်နိုင်သည့် အလုပ်လက်မဲ့ပြဿနာ၊ ကျန်းမာရေး၊ ရာဇဝတ်မှု၊ သည်းမခံနိုင်ခြင်း၊ ပတ်ဝန်းကျင်အခြေအနေနှင့် စစ်၏အန္တရာယ်စသော အကြောင်းအရာများကို ပြောဆိုခြင်းဖြင့် ပြောင်းသာလွှဲသာရှိဖို့လိုအပ်သည်။
အိမ်ရှင်တစ်ဦးကို စပြီးစကားပြောဆိုသောအခါ ဒေသစိတ်ဝင်စားစရာအကြောင်းတစ်ချက်ကို ဖော်ပြရမည်။ ယင်းသည် အောင်မြင်မှုအနည်းငယ်သာရရှိခဲ့သော ရွာတစ်ရွာတွင် ဒီးတ်မားရ် ဟောပြောခဲ့ချိန်က ကြိုးစားလုပ်ဆောင်ခဲ့သောအချက်ဖြစ်သည်။ ရွာသားတစ်ဦးက တစ်မြန်နေ့တွင် ရွာ၌ ကြေကွဲဖွယ်ဖြစ်ရပ်တစ်ခုဖြစ်ပျက်ခဲ့သည်ကို ပြောပြခဲ့သည်။ ထို့နောက် အိမ်တိုင်းတွင် ဒီးတ်မားရ်က ထိုကြေကွဲဖွယ်ဖြစ်ရပ်အပေါ် အမှန်ပင်စိတ်မကောင်းကြောင်းပြောပြခဲ့သည်။ “ရုတ်တရက်ပဲ လူတွေဟာ စကားစပြောလာကြတယ်။ လူတိုင်းရဲ့စိတ်ထဲမှာ အဲ့ဒီကြေကွဲဖွယ်ဖြစ်ရပ်ရှိနေတယ်။ သူတို့ရဲ့ဘဝကို ကျွန်တော်စိတ်ဝင်စားမှုတင်ပြတာကြောင့် အဲ့ဒီနေ့မှာ စကားကောင်းကောင်းပြောလိုက်ရတယ်” ဟုသူပြောပြခဲ့သည်။
လူတို့ကို တွေ့ရှိသည့်နေရာတိုင်းတွင် ဘုရားသခင့်နိုင်ငံတော်အကြောင်းကို သက်သေခံဖို့လိုအပ်သည်။ အလွတ်သဘောသက်သေခံခြင်းသည် အကျိုးဖြစ်ထွန်းနိုင်ကာ ကျမ်းစာအခြေပြုစာပေများတွင်ပါသော အကြံပေးချက်များကို အသုံးပြုခြင်းအားဖြင့် ဤလုပ်ငန်းတွင်ပါဝင်ရန်မိမိတို့ကိုယ်ကို လေ့ကျင့်သင်ကြားနိုင်သည်။ အိမ်ရှင်တစ်ဦးကို ရင်းရင်းနှီးနှီးစကားအနည်းငယ်ပြောဆိုခြင်းမှ သို့မဟုတ် ကင်းမျှော်စင်နှင့်နိုးလော့! မဂ္ဂဇင်းများကို ဝေငှခြင်းမှ ရွှင်လန်းမှုဖြစ်ထွန်းနိုင်သည်။ အကယ်၍ စိတ်ဝင်စားသူတစ်ဦးနှင့် ပြန်လည်ပတ်မှုများပြုလုပ်ကာ ကျမ်းစာသင်အံမှုစပြီဆိုပါက “ကျမ်းစာလေ့လာချင်တဲ့နောက်ထပ်တစ်ဦးကိုသိသလား” ဟုသူ့ကိုမေးခြင်းအားဖြင့် ကျမ်းစာသင်အံမှုနောက်တစ်ခုရရှိရန် လမ်းစပေါ်လာနိုင်သည်။ မည်သို့ပင်ဖြစ်ပါစေ၊ အပြုသဘောဆောင်ကြစို့၊ ယေဟောဝါကိုဆုတောင်းအားထားပါ၊ လျစ်လျူရှုမှုသည် ကျွန်ုပ်တို့ကိုစိတ်ပျက်စေဖို့ ခွင့်မပြုပါနှင့်။
အခြားသူများထံမှ အားပေးမှု
ယူဝဲရ်ဂယ်န်နှင့်ခရစ်စတီးယားတို့သည် အနှစ် ၃၀ ကျော်ရှေ့ဆောင်လုပ်ငန်းနှင့် နယ်လှည့်လုပ်ငန်းကို လုပ်ဆောင်ခဲ့ကြသည်။ တစ်ခါက လူအများစုသည် လျစ်လျူရှုပြီးခေါင်းမာသောဒေသတစ်ခုတွင် ဟောပြောခြင်းတာဝန်ကို သူတို့ရရှိခဲ့ကြသည်။ ယူဝဲရ်ဂယ်န်နှင့်သူ့ဇနီးတို့သည် အားပေးမှုကို မည်မျှတမ်းတခဲ့ကြပါသည်တကား! သို့ရာတွင် တစ်စုံတစ်ရာသောအကြောင်းကြောင့် အသင်းတော်ရှိအခြားသူများသည် သူတို့၏လိုအပ်ချက်ကို မဖြည့်ဆည်းပေးကြပါ။
ထို့ကြောင့် “ရှေ့ဆောင်အချို့မှာ ခက်ခဲတဲ့အချိန်ရှိကြပါတယ်။ အကြီးအကဲတွေနဲ့ အခြားကြေညာသူတွေဆီက ပိုပြီးအားပေးမှု သူတို့လိုအပ်ပါတယ်” ဟုအတွေ့အကြုံမှ ယူဝဲရ်ဂယ်န်သိရှိရသည်။ ယောရှုကို အားပေးကာမစထောက်ပင့်ရန် မောရှေအား ဘုရားသခင်ပြောခဲ့သည်။ (တရားဟောရာ ၃:၂၆-၂၈) ခရစ်ယာန်များသည်လည်း တစ်ဦးနှင့်တစ်ဦး အားပေးမှုအခြေအမြစ်ဖြစ်သင့်သည်။ (ရောမ ၁:၁၁၊ ၁၂) ဘုရားသခင့်နိုင်ငံတော်ကြေညာသူများသည် တည်ဆောက်မှုဖြစ်စေသော စကားများအားဖြင့်လည်းကောင်း၊ ရံဖန်ရံခါဆိုသလို လယ်ကွင်းဓမ္မအမှုတွင် ပူးပေါင်းဆောင်ရွက်ပေးခြင်းအားဖြင့်လည်းကောင်း အချိန်ပြည့်လုပ်ငန်းတော်တွင် လုပ်ဆောင်နေသူများကို အားပေးနိုင်သည်။
ယေဟောဝါကြောင့်ရွှင်လန်းခွင့်—ကျွန်ုပ်တို့၏ခံတပ်
မိမိတို့ဘဝတွင် ရှေ့ဆောင်များ သို့မဟုတ် သာသနာပြုများ၊ ဗေသလတွင်အမှုထမ်းဆောင်ခြင်း သို့မဟုတ် နယ်လှည့်လုပ်ငန်းဖြင့်အသင်းတော်များကိုလည်ပတ်ခြင်းတို့ဖြင့် အချိန်အများဆုံးကုန်ခဲ့သော ခရစ်ယာန်တို့သည် ပြဿနာအများစုမှာ အချိန်တိုလေးအတွင်းပြေလည်သွားကြသော်လည်း အချို့ပြဿနာများမှာ ကြာရှည်တတ်ကြသည်ကို တွေ့ရှိခဲ့ရသည်။ မည်သည့်အခါမျှပြေပျောက်သွားမည့်ပုံမရသော ပြဿနာအနည်းငယ်ပင် ကျွန်ုပ်တို့၏ရွှင်လန်းမှုကို မပျောက်စေသင့်ပါ။ တိုင်းတစ်ပါးတွင် ၄၅ နှစ်ကျော်တာဝန်ထမ်းဆောင်ခဲ့သော ရေမွန်က ဝမ်းနည်းဖွယ်ပြဿနာများ တွေ့ကြုံရသည့်အခါတိုင်း “ကျွန်တော်တို့အများကြီးရရှိထားတဲ့ ကောင်းချီးနဲ့ပတ်သက်ပြီး၊ ကျွန်တော်တို့ထက် အကြီးအကျယ်ဆင်းရဲဒုက္ခခံစားနေရတဲ့ ထောင်ပေါင်းများစွာသောသူတို့နဲ့ပတ်သက်ပြီး စဉ်းစားသင့်” သည်ဟုအကြံပြုထားသည်။ အမှန်အားဖြင့် ကမ္ဘာအနှံ့အပြားတွင် ကျွန်ုပ်တို့၏ယုံကြည်သူချင်းတို့သည် ဆင်းရဲဒုက္ခများကို ခံစားနေကြရသည်။ ယေဟောဝါသည် ကျွန်ုပ်တို့အားလုံးကို အမှန်ပင် ကြည့်ရှုစောင့်ရှောက်တော်မူသည်။—၁ ပေတရု ၅:၆-၉။
ထို့ကြောင့် ကျွန်ုပ်တို့၏ကိုယ်ရေးကိုယ်တာအခြေအနေများသည် အချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်ကာ ဆက်လက်ရှိနေဖို့ခွင့်ပြုပါက ကျွန်ုပ်တို့၏ကောင်းကင်ခမည်းတော်အပေါ် မှီခိုအားထားခြင်းဖြင့် ရွှင်လန်းမှုကိုဆက်လက်ထိန်းထားကြစို့။ ကိုယ်တော်သည် မိမိ၏ကျေးကျွန်များကို ခွန်အားဖြည့်တင်းပေးသည့်အတွက် ‘ထာဝရဘုရားသခင်ကြောင့်ရွှင်လန်းခွင့်သည် ကျွန်ုပ်တို့၏ခံတပ်သဖွယ်ဖြစ်သည်’ ကိုကျွန်ုပ်တို့အားလုံး သတိရသင့်သည်။—နေဟမိ ၈:၁၀၊ သမ။
[စာမျက်နှာ ၂၁ ပါ ရုပ်ပုံ]
“ကျွန်မရဲ့ခံစားချက်တွေနဲ့ အကြိုက်တွေက အဲ့ဒီအလုပ်လောက် အရေးမကြီးပါဘူး”
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
“ကျွန်တော်တို့ရဲ့ခံစားချက်တွေကို ယေဟောဝါထံပြောပြပြီးတဲ့နောက် ဖြေရှင်းပေးဖို့ ကိုယ်တော်ထံအပ်နှံထားလိုက်တယ်”
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
“အခြေအနေတိုင်းကို အကောင်းဆုံးဖြစ်စေပါ။ နေ့စဉ်နေ့တိုင်း ယေဟောဝါကို ချီးမွမ်းဖို့ အခွင့်အရေး တစ်ခုလောက်သာရနိုင်ပေမည်”
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
“စမ်းသပ်မှုခံရပ်ခြင်းက ကျွန်မဟာ စာတန်မှားတယ်ဆိုတာ သက်သေပြရာမှာ တစ်စိတ်တစ်ဒေသပါဝင်နိုင်တယ်”
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
“ရှေ့ဆောင်အချို့မှာ ခက်ခဲတဲ့အချိန်ရှိကြပါတယ်။ အကြီးအကဲတွေနဲ့ အခြားကြေညာသူတွေဆီက ပိုပြီးအားပေးမှု သူတို့လိုအပ်ပါတယ်”
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
“ကျွန်တော်တို့အများကြီးရရှိထားတဲ့ ကောင်းချီးနဲ့ပတ်သက်ပြီး စဉ်းစားသင့်တယ်”