မြင့်မြတ်သောလုပ်ငန်းတော်အခွင့်အရေးများကို အလွန်အမင်းတန်ဖိုးထားခြင်း
မြင့်မြတ်သောလုပ်ငန်းတော်တာဝန်များကို ပေါ့ပေါ့တန်တန်သဘောထားဖို့မဟုတ်ပေ။ ရှေးယုဒပြည်ရှိယဇ်ပုရောဟိတ်များသည် ယေဟောဝါ၏ဗိမာန်တော်နှင့်ဆက်နွှယ်သည့် မိမိတို့၏အခွင့်အရေးများကို အလေးမထားသည့်စိတ်ဓာတ် ပြသခဲ့သောအခါ ကိုယ်တော်သည် သူတို့ကို ပြင်းပြင်းထန်ထန်ဆုံးမခဲ့သည်။ (မာလခိ ၁:၆-၁၄) ဣသရေလပြည်ရှိအချို့သည် နာဇရိလူများကို သူတို့၏မြင့်မြတ်သောလုပ်ငန်းတော်နှင့်ပတ်သက်၍ ရရှိထားသောတာဝန်များကို ပေါ့ပေါ့ဆဆသဘောထားကြရန် တိုက်တွန်းခဲ့သောအခါ ယေဟောဝါသည် ထိုအပြစ်ရှိသောဣသရေလလူတို့ကို ပြစ်တင်ဆုံးမခဲ့သည်။ (အာမုတ် ၂:၁၁-၁၆) ခရစ်ယာန်စစ်များသည်လည်း မြင့်မြတ်သောလုပ်ငန်းတော်ကို ဆောင်ရွက်နေကြ၍ ယင်းကို သူတို့အလေးအနက်သဘောထားကြသည်။ (ရောမ ၁၂:၁) ထိုမြင့်မြတ်သောလုပ်ငန်းတော်တွင် ပုံစံများစွာရှိပြီး ယင်းတို့အားလုံးသည် အရေးပါလှသည်။
ယေရှုသည် နောက်တော်လိုက်များနှင့်အတူ မြေကြီးပေါ်ရှိနေစဉ်အခါက ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများဖြစ်ကြဖို့ သူတို့ကိုလေ့ကျင့်ပေးခဲ့သည်။ အတန်ကြာသော် သူတို့၏သတင်းတရားသည် မြေကြီးစွန်းတိုင်အောင် ရောက်ရှိလိမ့်မည်။ (မဿဲ ၂၈:၁၉၊ ၂၀; တမန်တော် ၁:၈) ဤဟောပြောခြင်းလုပ်ငန်းသည် လက်ရှိအစီအစဉ်စနစ်၏ နောက်ဆုံးနေ့ရက်များအတွင်း သာ၍အရေးတကြီးဆောင်ရွက်ရသည့်အလုပ်ဖြစ်လာလေပြီ။
ယေဟောဝါသက်သေအားလုံးတို့သည် အဆိုပါလုပ်ငန်းတော်တွင် ပါဝင်ကြသည်။ ထောင်ပေါင်းများစွာသောသူတို့သည် ရှေ့ဆောင်များအဖြစ် အမှုဆောင်နိုင်ကြသည့်အတွက် ရွှင်လန်းမှုရရှိကြသည်။ ကမ္ဘာချီလုပ်ငန်းတွင် အရေးတကြီးလိုအပ်မှုကို ဖြည့်စွက်ပေးရန် ထောင်ချီသောသူတို့သည် ဗေသလတွင်၊ တိုက်နယ်နှင့်ခရိုင်ကြီးကြပ်မှူးများအဖြစ် နယ်လှည့်လုပ်ငန်းတွင်၊ သို့မဟုတ် ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် အထူးအချိန်ပြည့်လုပ်ငန်းတော်အတွက် အသုံးတော်ခံခဲ့ကြပြီ။ ဤကဲ့သို့သော အထူးလုပ်ငန်းတော်တွင် ဆက်လက်လုပ်ကိုင်လိုသောသူများအတွက် အဘယ်အရာလိုအပ်မည်နည်း။
မိသားစုဆိုင်ရာအရေးပေါ်လိုအပ်ချက်များ ပေါ်ပေါက်လာသောအခါ
အထူးအချိန်ပြည့်လုပ်ငန်းတော်ကို စတင်မလုပ်ကိုင်မီ လူတစ်ဦးသည် အများအားဖြင့် မိမိ၏အခြေအနေကို အနည်းအကျဉ်းပြုပြင်ပြောင်းလဲရမည်။ လူတိုင်း ယင်းသို့မပြုလုပ်နိုင်ချေ။ လူတစ်ဦးတွင်ရှိနေပြီးသော ကျမ်းဆိုင်ရာတာဝန်များက ၎င်းကိုလုပ်ကိုင်ဖို့ မဖြစ်နိုင်သည့်အရာဖြစ်ပေမည်။ အထူးလုပ်ငန်းတော်တွင် ပါဝင်နှင့်နေသူတစ်ဦးသည် သက်ကြီးရွယ်အိုမိဘများနှင့်ပတ်သက်သည့် မိသားစုဆိုင်ရာ အရေးပေါ်လိုအပ်ချက်များကိုရင်ဆိုင်ရလျှင် အသို့နည်း။ အောက်ဖော်ပြပါ သမ္မာကျမ်းစာမူများနှင့် ဩဝါဒများသည် လိုအပ်သောညွှန်ကြားချက်ကိုပေးသည်။
ကျွန်ုပ်တို့၏ဘဝတစ်ခုလုံးကို ယေဟောဝါနှင့်ဆက်ဆံရေးအပေါ် တည်ဆောက်ထားသင့်သည်။ (ဒေသနာ ၁၂:၁၃; မာကု ၁၂:၂၈-၃၀) ကျွန်ုပ်တို့လုပ်ဆောင်ဖို့ အပ်နှင်းခံရသည့်မြင့်မြတ်သောလုပ်ငန်းများကို အလွန်အမင်းတန်ဖိုးထားရမည်ဖြစ်သည်။ (လုကာ ၁:၆၈-၇၅; ဟေဗြဲ ၁၂:၁၆) တစ်ခါက မိမိ၏ဦးစာပေးရာများကို ပြောင်းလဲရန်လိုနေသူတစ်ဦးအား ယေရှုက ဘုရားသခင့်နိုင်ငံတော်ကြေညာခြင်းကို အစွမ်းကုန်ဆောင်ရွက်သင့်သည်ဟု ပြောခဲ့သည်။ ထိုသူသည် သူ၏ဖခင်မကွယ်လွန်မချင်း ယင်းလုပ်ငန်းကို ရွှေ့ဆိုင်းထားရန် ရည်ရွယ်နေသည်မှာ ထင်ရှားပါသည်။ (လုကာ ၉:၅၉၊ ၆၀) အခြားတစ်ဖက်တွင်မူ၊ အရာရာတိုင်းကို ဘုရားသခင်ထံအပ်နှံထားပါပြီဟုဆိုကာ “မိဘဝတ်ကိုအလျှင်းမပြု” သောသူတိုင်း၏အတွေးအခေါ်မှားကို ယေရှုဖော်ပြခဲ့သည်။ (မာကု ၇:၉-၁၃) တမန်တော်ပေါလုကလည်း မိဘနှင့်အဘိုးအဘွားများအပါအဝင် “မိမိအိမ်သူအိမ်သားတို့” အားထောက်ပံ့ရမည့် အရေးကြီးတာဝန်ကို ဖော်ပြခဲ့သည်။—၁ တိမောသေ ၅:၃-၈။
ယင်းကြောင့် အရေးအကြောင်းပေါ်လာသောအခါ အထူးလုပ်ငန်းတော်ကို ဆောင်ရွက်နေကြသူများသည် ပြုစုစောင့်ရှောက်သူများဖြစ်ကြဖို့ မိမိတို့၏တာဝန်များကို ထားရစ်သင့်သည်ဟု ဆိုလိုပါသလော။ ယင်း၏အဖြေသည် အကြောင်းအရာများစွာအပေါ်မူတည်သည်။ ဆုံးဖြတ်ချက်ကား ကိုယ်ပိုင်ဖြစ်ရမည်။ (ဂလာတိ ၆:၅) မိမိတို့၏တာဝန်များကို တန်ဖိုးထားကြသော်လည်း မိဘများလိုအပ်သောအကူအညီကိုပေးရန် သူတို့နှင့်အတူရှိလျှင်ကောင်းမည်ဟု ယူမှတ်ခဲ့သူများစွာရှိပါမည်။ အဘယ်ကြောင့်နည်း။ အရေးပေါ်ကိစ္စဖြစ်ပေမည်၊ မိသားစုမှ ကူညီပေးနိုင်မည့် အခြားသူမရှိ၍ဖြစ်ပေမည်၊ သို့မဟုတ် လိုအပ်ရာကို ဒေသခံအသင်းတော်က ဖြည့်စွက်ကူညီမပေးနိုင်၍ဖြစ်ပေမည်။ အချို့သူများသည် ဤကဲ့သို့ကူညီပေးနေစဉ် ရှေ့ဆောင်လုပ်နိုင်ခဲ့သည်။ အခြားသူများမှာမူ မိသားစုအခြေအနေကို ပြုစုစောင့်ရှောက်ပြီးနောက်၌ပင် အထူးအချိန်ပြည့်လုပ်ငန်းတော်ကို ပြန်လည်ထမ်းဆောင်နိုင်ခဲ့ကြသည်။ သို့ရာတွင် အခြေအနေကို အခြားနည်းလမ်းများစွာဖြင့် ဖြေရှင်းနိုင်ခဲ့သည့်အချိန်အခါများလည်းရှိသည်။
မိမိတို့၏တာဝန်ကို ထမ်းဆောင်ခြင်း
အရေးပေါ်ကိစ္စများပေါ်ပေါက်လာသောအခါ အထူးအချိန်ပြည့်လုပ်ငန်းတော်ကို ထမ်းဆောင်နေသူအချို့သည် သူတို့၏တာဝန်များကို ဆက်ဆောင်ရွက်စဉ် ပြုလုပ်ရန်လိုအပ်ရာများကို ပြုစုနိုင်ခဲ့ကြသည်။ သာဓကများစွာမှ အနည်းငယ်ကိုဆင်ခြင်သုံးသပ်ကြည့်ကြစို့။
တိုက်နယ်နှင့်ခရိုင်လုပ်ငန်းတော်တွင် ပါဝင်ခဲ့ပြီးနောက်ပိုင်း ယေဟောဝါသက်သေများ၏ ကမ္ဘာ့ဌာနချုပ်တွင် အမှုဆောင်နေသောမောင်နှံတစ်စုံသည် ၁၉၇၈ ခုနှစ်၌ ဗေသလလုပ်ငန်းတွင် ပါဝင်လုပ်ကိုင်ခဲ့သည်။ သီအိုကရက်တစ်အဖွဲ့အစည်းတွင် ထိုညီအစ်ကို၏တာဝန်သည် အလွန်ကြီးလေးသည်။ သို့ရာတွင် သူ၏မိဘများသည်လည်း အကူအညီလိုအပ်ခဲ့သည်။ ဤဗေသလမောင်နှံစုံသည် မိဘကို ပြုစုကြည့်ရှုရန် အသွားအပြန်မိုင်ပေါင်း ၂,၂၀၀ ခန့်ခရီးကို နှစ်စဉ်နှစ်တိုင်း သုံးကြိမ်၊ လေးကြိမ်သွားခဲ့ကြရသည်။ မိဘ၏လိုအပ်ရာများကို ဖြည့်ဆည်းပေးရန် သူတို့ကိုယ်တိုင် အိမ်တစ်လုံးဆောက်ပေးခဲ့ကြသည်။ အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် သွားခဲ့ရသည်လည်းရှိသည်။ ယင်းတာဝန်ကို ထမ်းဆောင်ရန် သူတို့၏အားလပ်ချိန်အားလုံးနီးပါးကို အနှစ် ၂၀ တိုင်ဤသို့ပြုလုပ်ခဲ့ပါပြီ။ သူတို့သည် မိဘကို ချစ်ခင်လေးစားကြ၏၊ တစ်ချိန်တည်းတွင်လည်း သူတို့၏မြင့်မြတ်သောလုပ်ငန်းတော်အခွင့်အရေးများကို တန်ဖိုးထားကြသည်။
နောက်ညီအစ်ကိုတစ်ဦးသည် သူ၏ဘဝတွင် အခက်ခဲဆုံးအခြေအနေတစ်ခုဟု သူဖော်ပြသောအဖြစ်ကိုရင်ဆိုင်ရသောအခါ နယ်လှည့်လုပ်ငန်းကို ၃၆ နှစ်တိုင်လုပ်ကိုင်ခဲ့ပြီဖြစ်သည်။ ယေဟောဝါ၏သစ္စာရှိကျေးကျွန်တစ်ဦးဖြစ်သော ၈၅ နှစ်အရွယ်ရှိ သူ၏ယောက္ခမသည် သူမကိုထောက်ကူပေးနိုင်မည့် သူတစ်ဦးနှင့်အတူနေထိုင်ဖို့ လိုခဲ့သည်။ ထိုအချိန်တွင် သားသမီးအများစုက မိမိတို့နှင့်နေထိုင်လျှင် အဆင်ပြေမည်မဟုတ်ဟု ထင်ခဲ့ကြသည်။ ဆွေမျိုးတစ်ဦးက နယ်လှည့်ကြီးကြပ်မှူးကို သူနှင့်သူ့ဇနီးသည် မိသားစုအကျိုးအတွက် အမေကိုပြုစုစောင့်ရှောက်ရန် လုပ်ငန်းတော်မှထွက်သင့်သည်ဟုပြောခဲ့သည်။ သို့ရာတွင် ထိုမောင်နှံသည် သူတို့၏တန်ဖိုးရှိလုပ်ငန်းတော်မှလည်းမထွက်၊ မိခင်ကိုလည်း လျစ်လျူမရှုခဲ့ချေ။ နောက်ကိုးနှစ်အထိ မိခင်သည် သူတို့နှင့်အတူ အများအားဖြင့်ရှိခဲ့သည်။ ပထမတွင် ကားနောက်တွဲအိမ်တစ်လုံး၌ သူတို့အတူတူနေထိုင်ခဲ့ကြပြီးနောက် တိုက်နယ်များကစီစဉ်ပေးသော တိုက်ခန်းများတွင် နေထိုင်ခဲ့ကြသည်။ ထိုအချိန်၌ ခရိုင်ကြီးကြပ်မှူးဖြစ်နေသည့် ယင်းညီအစ်ကိုသည် သူ၏တာဝန်များကိုထမ်းဆောင်ရန် မကြာခဏ အတန်ကြာခရီးသွားခဲ့စဉ် ဇနီးက မိခင်ကိုအချိန်ပြည့်ဂရုစိုက်ကြည့်ရှုဖို့ ကျန်ရစ်ခဲ့သည်။ စည်းဝေးပြီးသည့် တနင်္ဂနွေနေ့အပတ်တိုင်း၌ ခင်ပွန်းက သူတို့ကိုကူညီပေးဖို့အတွက် အိမ်ပြန်လာခဲ့သည်။ ထိုအခြေအနေကို သိသူအများက ယင်းမောင်နှံပြုလုပ်နေသည့်အမှုကို အလွန်လေးမြတ်ကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ အတန်ကြာသော် မိသားစုမှ အခြားသူများသည်လည်း အကူအညီပေးဖို့ လှုံ့ဆော်ခံခဲ့ရသည်။ ဤကိုယ်ကျိုးစွန့်မောင်နှံသည် သူတို့၏အထူးအချိန်ပြည့်လုပ်ငန်းတော်အခွင့်အရေးကို မရပ်မနားဆက်ဆောင်ရွက်ခဲ့ကြသောကြောင့် ယေဟောဝါ၏လူမျိုးတော်မှ ထောင်ချီသောသူများသည် သူတို့၏လုပ်ငန်းတော်မှ ဆက်အကျိုးရရှိနေကြသည်။
မိသားစုပူးပေါင်းဆောင်ရွက်ခြင်းဖြင့်
မိသားစုဝင်အသီးသီးသည် အထူးအချိန်ပြည့်လုပ်ငန်းတော်၏တန်ဖိုးကို လေးမြတ်ကြမည်ဆိုလျှင် သူတို့ထဲမှအနည်းဆုံးအချို့သည် ယင်းလုပ်ငန်းတော်တွင် ပါဝင်နိုင်ကြရန် ဝိုင်းဝန်းကူညီကြပေမည်။
ထိုကဲ့သို့သော မိသားစုလိုက်ပူးပေါင်းဆောင်ရွက်တတ်သည့် စိတ်ဓာတ်သည် အနောက်အာဖရိကတွင် ခရစ်ယာန်သာသနာပြုနေကြသော ကနေဒါနိုင်ငံမှမောင်နှံအတွက် အထောက်အကူများစွာဖြစ်ခဲ့သည်။ သူတို့သည် မည်သည့်အရာမျှဖြစ်လာလိမ့်မည်မဟုတ်ဟု မျှော်လင့်ကာ အရေးအကြောင်းပေါ်မည့်အချိန်အထိ စောင့်ဆိုင်းမနေခဲ့ပါ။ တိုင်းတစ်ပါးတွင်အမှုဆောင်ရန် အသင့်ပြင်ဆင်ဖို့အတွက် ကင်းမျှော်စင်သမ္မာကျမ်းစာ ဂိလဒ်ကျောင်းကို မတက်မီ မိခင်ဖျားနာလာမည်၊ သို့မဟုတ် မသန်မစွမ်းဖြစ်လာမည်ရှိခဲ့သော် သူမအား ကြည့်ရှုရန်ကိစ္စကို ယောက်ျားဖြစ်သူသည် သူ၏ညီငယ်နှင့်ဆွေးနွေးတိုင်ပင်ခဲ့သည်။ သူတို့၏မိခင်ကို မေတ္တာရှိသည့်အပြင် ခရစ်ယာန်သာသနာပြုလုပ်ငန်း၏တန်ဖိုးကို လေးမြတ်သဖြင့် ညီငယ်ကဤသို့ပြောခဲ့သည်– “ကျွန်တော့်မှာ မိသားစုနဲ့သားသမီးတွေ ရှိနေပြီ။ အဝေးကြီးသွားပြီး အစ်ကိုတို့လိုမလုပ်နိုင်တော့ဘူး။ ဒါကြောင့် အမေတစ်ခုခုဖြစ်ခဲ့မယ်ဆိုရင် ကျွန်တော်စောင့်ရှောက်မယ်။”
တောင်အမေရိကတွင် ခရစ်ယာန်သာသနာပြုနေကြသော မောင်နှံတစ်စုံသည် သူမ၏မိခင်အိုကိုပြုစုကြည့်ရှုရန် ဇနီး၏မိသားစုမှ ဝိုင်းဝန်းကူညီမှုကိုရရှိခဲ့သည်။ သူမ၏အစ်မနှင့်သူ့ခင်ပွန်းသည် ထိုအစ်မအသည်းအသန်ဖျားနာသည့်အထိ မိခင်ကိုကြည့်ရှုစောင့်ရှောက်ခဲ့သည်။ ထိုအခါဘာဖြစ်မည်နည်း။ စိုးရိမ်မှုမရှိစေရန် ယောက်ဖက “ကျွန်တော်နဲ့ကလေးတွေ အသက်ရှင်နေသရွေ့ကာလပတ်လုံး ခင်ဗျားတို့ သာသနာပြုလုပ်ငန်းက ထွက်စရာမလိုဘူး” ဟုစာရေးအကြောင်းကြားခဲ့သည်။ ထို့နောက် နောက်ညီမဖြစ်သူနှင့်သူ့ခင်ပွန်းသည် မိခင်အားပြုစုစောင့်ရှောက်ဖို့ အိမ်ကိုရောင်း၍ မိခင်ထံပြောင်းရွှေ့နေထိုင်ခဲ့ကြသည်။ မိခင်သေသည်အထိ သူတို့ကကြည့်ရှုပြုစုခဲ့ကြသည်။ မည်မျှချီးကျူးစရာကောင်းသည့် ပူးပေါင်းဆောင်ရွက်လိုသောစိတ်ဓာတ်ပါတကား! သူတို့အားလုံးသည် ခရစ်ယာန်သာသနာပြုလုပ်ငန်းကိုအားပေးရန် အကူအညီပေးနေကြခြင်းဖြစ်သည်။
ယေဟောဝါအား ရက်ရောစွာပေးကမ်းကြသောမိဘများ
မြင့်မြတ်သောလုပ်ငန်းတော်ကို အထူးတန်ဖိုးထားလေးမြတ်ကြောင်း မိဘများက ပြသလေ့ရှိကြသည်။ ယေဟောဝါအား သူတို့ဂုဏ်ပြုပေးဆက်နိုင်သည့်ပိုင်ဆိုင်ရာထဲမှ တန်ဖိုးအရှိဆုံးမှာ သူတို့၏သားသမီးများဖြစ်ကြသည်။ (သု. ၃:၉) ခရစ်ယာန်မိဘများစွာသည် သူတို့၏သားသမီးများကို အချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်ရန်တိုက်တွန်းအားပေးကြသည်။ အချို့တွင် ယေဟောဝါ၏လုပ်ငန်းတော်ကို “အမြဲ” “တစ်သက်လုံး” လုပ်ဆောင်ဖို့ မိမိ၏သားရှမွေလကို ပေးအပ်ခဲ့သောဟန္န၏စိတ်ထားမျိုးရှိသည်။—၁ ဓမ္မရာဇဝင် ၁:၂၂၊ ၂၈။
ဤကဲ့သို့သောမိဘတစ်ဦးက အာဖရိကရှိ သူမ၏သမီးထံ ဤသို့ရေးသားခဲ့သည်– “သမီးရထားတဲ့ အခွင့်အရေးကောင်းအတွက် အမေတို့ ယေဟောဝါကိုကျေးဇူးတင်တယ်။ ဒီထက်ကောင်းတာကို အမေတို့မမျှော်လင့်နိုင်တော့ဘူး။” နောက်တစ်ချိန်တွင် သူမက “အနစ်နာခံခွဲခွာနေရတာတော့ မှန်ပါတယ်။ ဒါပေမဲ့ သမီးကို ယေဟောဝါကြည့်ရှုစောင့်ရှောက်ပုံကို တွေ့မြင်ရတာ တကယ့်ကိုရွှင်လန်းစရာပဲ!” ဟုသူမကပြောဆိုခဲ့သည်။
အီကွေဒေါမှ ခရစ်ယာန်သာသနာပြုတစ်ဦးသည် မိမိ၏မိဘအိုများကို ပြုစုဖို့လိုအပ်လာသည့်အခြေအနေအမျိုးမျိုးကို ပြန်သုံးသပ်ပြီးနောက် ဤသို့စာရေးခဲ့သည်– “ကျွန်တော်တို့ဇနီးမောင်နှံရရှိခဲ့တဲ့ အကြီးမားဆုံးအထောက်အကူကတော့ ကျွန်တော့်အဖေရဲ့ဆုတောင်းချက်တွေပဲ။ အဖေကွယ်လွန်သွားပြီးတဲ့နောက်မှာ အမေက ‘မင်းတို့ရဲ့တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်ဖို့ ယေဟောဝါဆီမှာ မင်းတို့အဖေဆုမတောင်းတဲ့ရက် တစ်ရက်မှမရှိဘူး’ လို့ကျွန်တော်တို့ကိုပြောပြခဲ့တယ်။”
ယူ.အက်စ်.အေ၊ ကယ်လီဖိုးနီးယားမှ သက်ကြီးပိုင်းမောင်နှံတစ်စုံသည် သူတို့၏သားတစ်ဦးသည် အချိန်ပြည့်လုပ်ငန်းတော်ကို လုပ်ဆောင်နေသည့်အတွက် ဝမ်းသာပီတိဖြစ်ခဲ့ရသည်။ ထိုသားနှင့်သူ၏ဇနီးသည် မိခင်သေဆုံးချိန်တွင် စပိန်နိုင်ငံတွင်ရှိနေသည်။ မိသားစုမှအခြားသူများက ဖခင်ကိုစောင့်ရှောက်ဖို့အတွက် စီစဉ်ဖို့လိုသည်ဟုယူဆကြသည်။ သူတို့သည် လောကီအလုပ်နှင့်ကလေးများမွေးမြူရေးတာဝန်တို့ဖြင့် အလုပ်များနေကြသောကြောင့် အဆိုပါတာဝန်ကိုယူနိုင်မည်ဟု မထင်ခဲ့ကြချေ။ သို့အစား၊ အထူးအချိန်ပြည့်လုပ်ငန်းတော်ကို လုပ်ကိုင်နေကြသော ထိုဇနီးမောင်နှံအား အိမ်ပြန်လာ၍ ဖခင်ကိုကြည့်ရှုပြုစုကြရန် အတင်းတိုက်တွန်းခဲ့ကြသည်။ သို့ရာတွင် ဖခင်သည် အသက် ၇၉ နှစ်ရှိသော်လည်း ကျန်းမာရေးကောင်းနေသေးကာ ကြည်လင်သောဝိညာဉ်ရေးမြင်ကွင်းလည်းရှိခဲ့သည်။ မိသားစုအစည်းအဝေး၌ တစ်ယောက်စီစကားပြောဆိုတင်ပြကြပြီးနောက် ဖခင်သည် မတ်တတ်ရပ်ကာ “သူတို့ကို စပိန်ပြန်လွှတ်ပြီး ဆက်အလုပ်လုပ်စေချင်တယ်” ဟုပြတ်ပြတ်သားသားပြောဆိုခဲ့သည်။ သူတို့ပြန်သွားခဲ့ကြသည်၊ သို့သော် ဖခင်အား လက်တွေ့ကျနည်းလမ်းများဖြင့် ထောက်ကူပေးခဲ့သည်။ လောလောဆယ်သူတို့၏တာဝန်မှာ စပိန်တွင် တိုက်နယ်လုပ်ငန်းဖြစ်သည်။ ယင်းမိသားစုအစည်းအဝေးကတည်းက မိသားစုမှအခြားသူများသည် တိုင်းတစ်ပါးလုပ်ငန်းတော်တွင် ထိုမောင်နှံလုပ်ဆောင်နေသောအလုပ်ကို လေးမြတ်လာကြပါပြီ။ နှစ်အနည်းငယ်အကြာတွင် အခြားသားတစ်ဦးသည် ဖခင်ကွယ်လွန်သည့်အထိ သူ့အိမ်တွင်ခေါ်ထား၍ စောင့်ရှောက်ကြည့်ရှုခဲ့သည်။
ယူ.အက်စ်.အေ၊ ပဲင်စီလ်ဘေးနီးယားရှိ အနှစ် ၄၀ ခန့်ရှေ့ဆောင်လုပ်ခဲ့သူ ဘိသိက်ခံညီအစ်ကိုတစ်ဦးသည် သူ၏ဇနီးအသည်းအသန်ဖျားနာပြီး သေဆုံးစဉ်က အသက် ၉၀ ကျော်ရှိခဲ့သည်။ သားတစ်ယောက်နှင့် သမီးသုံးယောက်အပြင် ဝိညာဉ်ရေးဆိုင်ရာသားသမီးများစွာလည်းရှိခဲ့သည်။ သူ၏သမီးတစ်ဦးသည် အနှစ် ၄၀ ကျော်အချိန်ပြည့်လုပ်ငန်းတော်တွင် လုပ်ဆောင်ခဲ့ပြီဖြစ်၍ သူမ၏ခင်ပွန်းနှင့်အတူ ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင်၊ နယ်လှည့်လုပ်ငန်းတွင်၊ ဗေသလတွင် အမှုဆောင်ခဲ့ပါသည်။ သူမ၏ဖခင်အား သင့်တော်စွာ ပြုစုစောင့်ရှောက်မှုရရှိနိုင်ရန် သူမစီစဉ်ပေးခဲ့သည်။ ဒေသခံညီအစ်ကိုများကလည်း သူမ၏ဖခင်အား ဘုရားသခင့်နိုင်ငံတော်ခန်းမရှိ အစည်းအဝေးများသို့ ခေါ်ဆောင်ပေးခဲ့သည်။ နောက်ပိုင်းတွင် သူမ၏ခင်ပွန်းသေဆုံးပြီးနောက် ဗေသလမှထွက်ပြီး ဖခင်အားကြည့်ရှုစေလိုသလောဟု သူမကမေးခဲ့သည်။ သူသည် မြင့်မြတ်သောအရာများကို အလွန်အမင်းတန်ဖိုးထားကာ မိမိ၏လိုအပ်သောအကူအညီကို အခြားနည်းများဖြင့် ဖြည့်ဆည်းပေးနိုင်လိမ့်မည်ဟု သူထင်မှတ်ခဲ့သည်။ သို့ဖြင့် သူက ဤသို့ပြန်ပြောခဲ့သည်– “အဲ့ဒီလိုလုပ်လိုက်ရင် သမီးလုပ်နိုင်သမျှမှာ အဆိုးဆုံးဖြစ်လိမ့်မယ်၊ အဲ့ဒီလို သမီးလုပ်ဖို့အဖေက ခွင့်ပြုမယ်ဆိုရင်ပိုတောင်ဆိုးသွားမယ်။”
ထောက်မသောအသင်းတော်များ
အသင်းတော်အချို့သည် အထူးအချိန်ပြည့်လုပ်ငန်းတော်တွင် ပါဝင်နေကြသူ၏သက်ကြီးရွယ်အိုမိဘများကို ကြည့်ရှုစောင့်ရှောက်ပေးရာတွင် အလွန်အားကိုးရသည်။ ဤလုပ်ငန်းတော်တွင် နှစ်ပေါင်းများစွာပါဝင်ခဲ့ကြသောသူတို့ကို သူတို့အထူးလေးမြတ်ကြသည်။ သူတို့၏ကျမ်းပေးတာဝန်များမှ လွတ်မြောက်အောင်မပေးနိုင်ကြသော်လည်း ၎င်းတို့၏အထူးတာဝန်များကို ဆက်ထမ်းဆောင်နိုင်ရန် သားသမီးများ၏ဝန်ထုပ်ကိုပေါ့ပါးသွားစေရန် အသင်းတော်များက များစွာပြုလုပ်ပေးနိုင်ကြပါသည်။
ဂျာမနီမှမောင်နှံတစ်စုံသည် ယောက်ျား၏သက်ကြီးရွယ်အိုမိခင်မှာ အကူအညီပိုလိုအပ်လာသည့်အချိန်တွင် တိုင်းတစ်ပါး၌ ၁၇ နှစ်ခန့်အမှုတော်ဆောင်ခဲ့ပြီးဖြစ်ကာ များသောအားဖြင့် နယ်လှည့်လုပ်ငန်း၌လုပ်ဆောင်ပါဝင်ခဲ့သည်။ နှစ်တိုင်း မိခင်အားကူညီရန် သူတို့၏အားလပ်ရက်များကို အသုံးပြုခဲ့ကြသည်။ အိမ်နီးချင်းများဖြစ်ကြသောသက်သေခံများကလည်း မေတ္တာရှိရှိကူညီပေးခဲ့ကြသည်။ သို့နှင့် အချိန်ပြည့်လုပ်ငန်းတော်ကို ထမ်းဆောင်နေကြသော ထိုဇနီးမောင်နှံသည် မိခင်အသည်းအသန်ဖြစ်နေချိန်တွင် ရောက်ရှိနေကြသောအခါ ဒေသခံအသင်းတော်အကြီးအကဲများသည် သူတို့နှင့်တွေ့ဆုံရန် စီစဉ်ခဲ့ကြသည်။ မိခင်အတွက် ဤမောင်နှံမှန်မှန်ပြုလုပ်ပေးနေသည့်အမှုကို သူတို့ကောင်းစွာသိရှိကြသည်။ ထိုမောင်နှံပါဝင်လုပ်ဆောင်နေသော အထူးလုပ်ငန်းတော်၏အရေးကြီးမှုကိုလည်း သူတို့တန်ဖိုးထားလေးမြတ်ကြသည်။ ထို့ကြောင့် အကြီးအကဲများသည် သူ၏မိခင်ကိုပြုစုစောင့်ရှောက်ရန် စဉ်းစားထားသောအစီအစဉ်အကျဉ်းချုပ်ကို ဖော်ပြပြီးနောက် ဤသို့ပြောခဲ့ကြသည်– “ခင်ဗျားတို့လုပ်နေတာထက် ပိုပြီးအမေကို ခင်ဗျားတို့မစောင့်ရှောက်နိုင်ပါဘူး; စပိန်မှာ ခင်ဗျားတာဝန်ကို ဆက်ဆောင်ရွက်နိုင်ဖို့အတွက် ကျွန်တော်တို့ကူညီပေးမယ်။” ထိုအကြီးအကဲများသည် လွန်ခဲ့သောခုနစ်နှစ်လုံးလုံး ထိုသို့ဆက်ကူညီပေးခဲ့ကြသည်။
အလားတူ၊ စီနီဂဲလ်တွင် ၁၉၆၇ ခုနှစ်ကတည်းက အမှုတော်ဆောင်ခဲ့သော ညီအစ်ကိုတစ်ဦးသည် ဖခင်နေထိုင်ရာအရပ်ရှိအသင်းတော်မှ မေတ္တာပါသောထောက်ပံ့ကူညီမှုများစွာကို ရရှိခဲ့သည်။ အရေးအကြောင်းပေါ်လာသောအခါ လင်ယောက်ျားသည် တလိုတလားပူးပေါင်းကူညီပေးသည့် ချစ်ဇနီး၏ထောက်မမှုဖြင့် မိဘများကို ကူညီပေးရန် တစ်ဦးတည်းအမေရိကန်ပြည်ထောင်စုသို့ ခရီးထွက်ခဲ့သည်။ ထိုတွင် လအတန်ကြာနေထိုင်ရန်လိုအပ်ခဲ့သည်။ အခြေအနေက ခက်ခဲခဲ့သော်လည်း သူလုပ်ပေးနိုင်သမျှ ပြုလုပ်ပေးပြီးသောအခါ အသင်းတော်က သူ၏သာသနာပြုလုပ်ငန်းတော်ကို ဆက်လက်လုပ်ကိုင်နိုင်ရန် ဝင်ကူညီပေးခဲ့သည်။ ၁၈ နှစ်ခန့်တိုင်အောင် အသင်းတော်က ဦးဆုံး ဖခင် (သူတို့အများစုကို မမှတ်မိနိုင်တော့သော်လည်း) ကို၊ ထိုနောက်မှ မိခင်ကို မရေတွက်နိုင်သောနည်းများဖြင့် ကူညီပေးခဲ့ကြသည်။ ယင်းက ထိုသားအတွက် တာဝန်ကင်းသွားသလော။ မကင်းပါ၊ သူသည် စီနီဂဲလ်မှ မကြာခဏလာပြီး သူ၏အားလပ်ရက်များတွင် အတတ်နိုင်ဆုံးကူညီပေးလေ့ရှိသည်။ သို့သော် ထိုအသင်းတော်မှအများသောသူတို့က မိမိတို့သည် စီနီဂဲလ်တွင် အထူးအချိန်ပြည့်လုပ်ငန်းတော်၌ ဆက်လက်ကြိုးစားလုပ်ဆောင်နေနိုင်ရန် မောင်နှံတစ်စုံကို ကူညီပေးခွင့်ရရှိ၍ ဝမ်းသာပီတိဖြစ်ခဲ့ကြရသည်။
သတင်းကောင်းအတွက် အရာရာကိုစွန့်လွှတ်ခဲ့ကြသောသူတို့သည် အဆတစ်ရာသော ညီအစ်ကို၊ နှမ၊ အမိနှင့် သားသမီးတို့ကို ရရှိကြမည်ဟု ယေရှုဆိုခဲ့သည်။ (မာကု ၁၀:၂၉၊ ၃၀) ယင်းသည် ယေဟောဝါကျေးကျွန်တို့အလယ်တွင် တကယ့်ကိုမှန်ကန်ပါသည်။ ယခု အနောက်အာဖရိကနိုင်ငံ၊ ဘီနင်တွင် အမှုဆောင်နေကြသောမောင်နှံတစ်စုံသည် သူတို့မိဘများ၏အသင်းတော်မှ သက်သေခံနှစ်ဦးက မိဘများအတွက် မစိုးရိမ်ကြရန် လာပြောဆိုသောအခါ ယင်းကို အထူးခံစားခဲ့ကြရသည်။ သူတို့က ထပ်လောင်း၍ “ခင်ဗျားတို့ရဲ့မိဘတွေဟာ ကျွန်တော်တို့ရဲ့မိဘတွေလည်းဖြစ်ပါတယ်” ဟုပြောဆိုခဲ့သည်။
မှန်ပါသည်၊ မြင့်မြတ်သောလုပ်ငန်းတော်အခွင့်ထူးများကို ကျွန်ုပ်တို့အလွန်အမင်းတန်ဖိုးထားကြောင်း ပြသနိုင်သည့်နည်းလမ်းများစွာရှိပါသည်။ သင်သည် ယင်းကို ပို၍ပြည့်ဝစွာလုပ်ဆောင်နိုင်မည့် နည်းလမ်းများရှိပါသလော။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
သူတို့သည် အထူးအချိန်ပြည့်လုပ်ငန်းတော်အတွက် အသုံးတော်ခံခဲ့ကြပြီ