ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“မမျှော်လင့်သောနယ်မြေ” ၌အခက်အခဲများကို ကျော်လွှားခြင်း
တမန်တော်ပေါလုသည် ကောရိန္သုမြို့ရှိ ပထမရာစုခရစ်ယာန်များကို ဤသို့မေးမြန်းခဲ့သည်– “တံပိုးခရာသည်လည်း၊ မမှန်သောအသံနှင့်မြည်လျှင်၊ အဘယ်သူသည် စစ်တိုက်ခြင်းငှာ မိမိကိုယ်ကိုပြင်ဆင်မည်နည်း။ ထိုနည်းတူ၊ သင်တို့သည် နားလည်လွယ်သောစကားကို နှုတ်ဖြင့်မမြွက်လျှင်၊ မြွက်သောစကားကို အဘယ်သို့သိနိုင်မည်နည်း။”—၁ ကောရိန္သု ၁၄:၈၊ ၉။
မမျှော်လင့်သောနယ်မြေဟု တစ်ခါတစ်ရံခေါ်ဆိုကြသော ပါပူဝါနယူးဂီနီတွင် ယေဟောဝါသက်သေများသည် သမ္မာကျမ်းစာ၏ ရှင်းလင်းပြတ်သားသောသတင်းကို ကြေညာရာတွင် စိတ်ပျက်ဖွယ်ကောင်းသော အတားအဆီးများကိုရင်ဆိုင်ကြရသည်။ သူတို့သည် ဘာသာစကားပေါင်း ၇၀၀ ကျော်ပြော၍ အမျိုးမျိုးအမည်မည်သော ထုံးတမ်းဓလေ့ရှိသူများကို ဟောပြောကြရသည်။ သက်သေခံများသည် လမ်းများမရှိသည့် တောင်တန်းဒေသနှင့် တိုးများလာသည့်ရာဇဝတ်မှုများကိုလည်း ရင်ဆိုင်ကြရသည်။ ဤအခက်အခဲများအပြင် အချို့သောဘာသာရေးအုပ်စုများနှင့် တစ်ခါတစ်ရံ ကျောင်းအရာရှိများထံမှပင် အတိုက်အခံများလည်း ကြုံရသေးသည်။
သို့သော်ငြားလည်း သက်သေခံများသည် မှန်သောတံပိုးခရာအသံအဖြစ် သတင်းကောင်းကို သယ်ဆောင်ရာတွင် ဝိညာဉ်ရေးဆိုင်ရာ ကောင်းသောညွှန်ကြားချက်များနှင့် ဒေသန္တရဘာသာစကားဖြင့်ဖြစ်သော တိုးပွားနေသည့် ကျမ်းစာလေ့လာမှုအကူအညီစာအုပ်များက ထောက်ပံ့ပေးလျက်ရှိသည်။ အောက်ပါမှတ်တမ်းများက ဖော်ပြသည့်အတိုင်း အများအားဖြင့်အပြုသဘော တုံ့ပြန်လေ့ရှိသည်–
• ကျောင်းဖွင့်ခါစအချိန်၌ ဆရာတစ်ဦးသည် ယေဟောဝါသက်သေများ၏ကလေးများ အဘယ့်ကြောင့် . . . မပြု၊ . . . သီချင်းကိုမဆိုကြောင်း သူသိလိုသည်။ နှစ်ခြင်းခံပြီးသောသက်သေခံတစ်ဦးဖြစ်သည့် ၁၃ နှစ်အရွယ်ကျောင်းသူ မွိုင်အိုလာကို သူမေးခွန်းထုတ်ခဲ့သည်။ မွိုင်အိုလာက သမ္မာကျမ်းစာပေါ်အခြေခံထားသော ရှင်းလင်းသည့်ဖြေရှင်းချက်ကို ပေးခဲ့သည်။ ယင်းတို့သည် သမ္မာကျမ်းစာမှဖြစ်သောကြောင့် ဆရာက သူမ၏ကျိုးကြောင်းဆင်ခြင်မှုကို လက်ခံခဲ့သည်။ သူမ၏ရှင်းပြချက်ကို အခြားကျောင်းဆရာ၊ ဆရာမများကိုလည်း ဝေမျှခဲ့သည်။
နောက်ပိုင်းတွင် ကျောင်းသားများကို စာစီစာကုံးရေးခိုင်းသောအခါ မွိုင်အိုလာသည် သုံးပါးတစ်ဆူအကြောင်းကို ရွေးချယ်ခဲ့သည်။ သူမ၏စာစီစာကုံးသည် အတန်းထဲတွင်အကောင်းဆုံးအဆင့်ကိုရရှိခဲ့ပြီး ဆရာက ထိုအကြောင်းကို သူမမည်သည့်နေရာမှ တွေ့ရှိခဲ့ကြောင်းမေးမြန်းခဲ့သည်။ သူမက အင်္ဂလိပ်ဘာသာဖြင့် သင်သည် ကမ္ဘာ့ပရဒိသုအတွင်း ထာဝစဉ်အသက်ရှင်နိုင်သည် စာအုပ်ကိုပြလိုက်သည်။ ထို့နောက် ဆရာကစာအုပ်ကို အတန်းသားအားလုံးရှေ့ပြလိုက်ရာ အတော်များများက စာအုပ်ကိုလိုချင်ကြသည်။ နောက်တစ်နေ့တွင် မွိုင်အိုလာသည် စာအုပ် ၁၄ အုပ်နှင့် မဂ္ဂဇင်း ၇ စောင်ကို အတန်းဖော်များအားဝေငှခဲ့ပြီး အတန်းဖော်သုံးဦးနှင့် ကျမ်းစာသင်အံမှုစတင်လိုက်သည်။ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်လာရန် မွိုင်အိုလာပန်းတိုင်ထားသည်။
• မော်ရက်စဘီဆိပ်ကမ်းအနီး ကမ်းရိုးတန်းကျေးရွာတစ်ရွာရှိ သီးခြားအုပ်စုတစ်စုဖြစ်နေသော ယေဟောဝါသက်သေများသည် ၁၉၇၀ ပြည့်လွန်နှစ်အစောပိုင်းမှစ၍ အတိုက်အခံများကိုရင်ဆိုင်ကြရသည်။ သို့သော် မကြာသေးမီက သူတို့သည် မမျှော်လင့်သောနည်းဖြင့် အကူအညီရရှိခဲ့ကြသည်။ တစ်နေ့တွင် ပင်လယ်ရပ်ခြား၌ ပညာသင်ယူခဲ့ပြီး ပါပူဝါနယူးဂီနီနိုင်ငံသားတစ်ဦးဖြစ်သည့် ယူနိုက်တက်ချာ့ချ်မှဘိရှော့တစ်ဦးသည် ချာ့ချ်တက်ရောက်နေကြသောပရိသတ်ကို မေးခွန်းများမေးခွင့်ပြုသည်။ လူတစ်ဦးကဤသို့မေးခွန်းထုတ်သည်– “ကျွန်တော်တို့ရွာမှာ—ယူနိုက်တက်ချာ့ချ်နဲ့ ယေဟောဝါသက်သေများဆိုတဲ့ ဘာသာတရားနှစ်မျိုးရှိတယ်။ ကျွန်တော်တို့အိမ်ကို သက်သေခံတွေလာရင် ဘယ်လိုလုပ်ရမလဲ။” အတန်ကြာနှုတ်ဆိတ်နေပြီးနောက် ဘိရှော့ကဤသို့ဖြေဆိုသည်– “အင်း၊ ခင်ဗျားတို့ကို ကျွန်တော်ဘယ်လိုပြောရမယ်ဆိုတာ တကယ့်ကိုမသိတော့ဘူး။ မကြာသေးခင်က ကျွန်တော့်အိမ်ကို သက်သေခံလူငယ်နှစ်ယောက်လာတယ်။ ကျွန်တော့်ကို သူတို့မေးခွန်းတစ်ခုမေးတယ်၊ ကျွန်တော့်တက္ကသိုလ်ပညာနဲ့တောင် အဖြေကိုမသိခဲ့ဘူး။ ဒါပေမဲ့ သူတို့ကတော့ လွယ်ကူစွာနဲ့ သမ္မာကျမ်းစာထဲကနေ အဖြေပေးခဲ့တယ်။ ဒါကြောင့် ဘာလုပ်ရမယ်ဆိုတာ ကျွန်တော်မပြောလိုပါဘူး၊ ခင်ဗျားတို့သဘောပါဘဲ။ ခင်ဗျားတို့နားမထောင်ချင်ရင် နားထောင်စရာမလိုပါဘူး၊ ဒါပေမဲ့ သူတို့ကို ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံပါနဲ့။”
နောက်ပိုင်းတွင် ဤသက်သေခံအုပ်စုကိုလည်ပတ်ခဲ့သော ကင်းမျှော်စင်အသင်းမှ နယ်လှည့်ကိုယ်စားလှယ်တစ်ဦးက ဤသို့သတင်းပို့သည်– “သက်သေခံများသွားရောက်ဟောပြောကြသည့်အခါ ရွာသူရွာသားအားလုံးနီးပါးက နားထောင်ကြသည်။ အချို့ဆိုလျှင် သူတို့အိမ်ထဲကိုပင် ခေါ်ဖိတ်ကြသည်။ ယခုအခါ ထိုနေရာသည် ဟောပြောခြင်းလုပ်ငန်းအတွက် ပရဒိသုတစ်ခုဖြစ်နေပေပြီ။”