ယေဟောဝါ၏လုပ်ငန်းတော်တွင် အသက်တာရှည်ရခြင်းအတွက် ကျေးဇူးတင်ရှိ
အိုတီးလီးယား မစ်ဒ်လန်ပြောပြသည်
နာ်ဝေးနိုင်ငံအနောက်ပိုင်း ကော်ပါရ်ဗိခ်ဆိပ်ကမ်းမှာ ရွက်လွှင့်သင်္ဘောတွေ ဘေးချင်းယှဉ်ဆိုက်ထားတယ်။ အချိန်ကတော့ ၁၉ ရာစုနှောင်းပိုင်းမှာဖြစ်ပါတယ်။ အဲ့ဒီအချိန်တုန်းက လူတွေနဲ့မြင်းတွေဟာ ကုန်တင်ယာဉ်တွေကို လမ်းတွေပေါ်မှာဆွဲကြတယ်။ လူတွေက အလင်းရောင်ရဖို့အတွက် ဖယောင်းဆီမီးခွက်ကို အသုံးပြုခဲ့ကြပြီး အဖြူရောင်ဆေးသုတ်ထားတဲ့ သစ်သားအိမ်တွေမှာ အနွေးဓာတ်ရရှိဖို့အတွက် သစ်သားနဲ့ကျောက်မီးသွေးကို အသုံးပြုကြတယ်။ အဲ့ဒီနေရာမှာ ကလေးငါးယောက်ထဲက ဒုတိယဖြစ်တဲ့ကျွန်မကို ၁၈၉၈၊ ဇွန်လမှာ မွေးဖွားခဲ့ပါတယ်။
၁၉၀၅ ခုနှစ်မှာ အလုပ်လက်မဲ့ဖြစ်ခဲ့တဲ့အဖေဟာ အမေရိကန်ပြည်ထောင်စုကို ထွက်သွားခဲ့ပါတယ်။ သုံးနှစ်အကြာမှာ ကလေးတွေအတွက် စိတ်လှုပ်ရှားဖွယ်လက်ဆောင်တွေ၊ အမေ့အတွက် ပိုးထည်တွေနဲ့အခြားပစ္စည်းတွေ အပြည့်ပါတဲ့သေတ္တာတစ်လုံးနဲ့ အဖေပြန်လာခဲ့ပါတယ်။ ဒါပေမဲ့ အဖေရဲ့တန်ဖိုးအရှိဆုံးပစ္စည်းတွေကတော့ ချားတေဇ်ရပ်စယ်ရဲ့ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်အတွဲတွေ ဖြစ်ပါတယ်။
ဒီစာအုပ်တွေကနေ သိရှိခဲ့တဲ့အကြောင်းအရာတွေကို မိတ်ဆွေတွေနဲ့ဆွေမျိုးတွေကို အဖေစပြောခဲ့ပါတယ်။ ဒေသန္တရဘုရားရှိခိုးကျောင်းအစည်းအဝေးတွေမှာ အဖေဟာ ကျမ်းစာကိုသုံးပြီး မီးလောင်နေတဲ့ငရဲမရှိပါဘူးဆိုတာကိုဖော်ပြတယ်။ (ဒေသနာ ၉:၅၊ ၁၀) အမေရိကန်ပြည်ထောင်စုကနေ အဖေပြန်လာပြီးတဲ့နောက် ၁၉၀၉ ခုနှစ်မှာ ညီအစ်ကိုရပ်စယ်က နော်ဝေးနိုင်ငံကိုလည်ပတ်ခဲ့ပြီး ဘာဂင်နဲ့ အခုအာဇ်လောလို့ခေါ်တဲ့ကရစ်တီးအာန်မှာ ဟောပြောချက်တွေပေးခဲ့ပါတယ်။ အဖေဟာ ဟောပြောချက်နားထောင်ဖို့ ဘာဂင်ကို သွားခဲ့ပါတယ်။
လူအများစုက မှားယွင်းတဲ့သွန်သင်ချက်တွေကို အားပေးနေတယ်ဆိုပြီး အဖေ့ကိုစွပ်စွဲကြတယ်။ အဖေ့အတွက် ကျွန်မဝမ်းနည်းမိတဲ့အတွက် အိမ်နီးနားချင်းတွေကို ကျမ်းစာဝေစာဝေငှပေးရာမှာ အဖေ့ကိုကူညီခဲ့ပါတယ်။ ၁၉၁၂ ခုနှစ်မှာ ဓမ္မဆရာတစ်ဦးရဲ့သမီးကို ငရဲနဲ့ပတ်သက်တဲ့ဝေစာတစ်စောင် ကျွန်မဝေငှခဲ့တယ်။ သူမက ကျွန်မနဲ့အဖေကို ဆဲရေးတိုင်းထွာပါတယ်။ ခရစ်ယာန်ဓမ္မဆရာရဲ့သမီးက ညစ်ညမ်းတဲ့စကားကို အသုံးပြုလိုက်တဲ့အတွက် ကျွန်မမှင်တက်မိတယ်!
အဟောအပြောကျွမ်းကျင်သူ သီအိုဒေါ စီးမွန်ဇင်းအပါအဝင် အဲ့ဒီတုန်းက ကျမ်းစာကျောင်းသားတွေလို့ခေါ်တဲ့ ယေဟောဝါသက်သေတွေဟာ ကော်ပါရ်ဗိခ်မှာရှိတဲ့ ကျွန်မတို့ကို အခါအားလျော်စွာ လည်ပတ်ခဲ့ကြတယ်။ ကျွန်မတို့အိမ်မှာ သူပေးမယ့်ဟောပြောချက်ကို နားထောင်ဖို့ လူတွေကို ကျွန်မဖိတ်ခေါ်ခဲ့တယ်။ သူ့ဟောပြောချက်မစခင်မှာ ဇီးတားခေါ် စောင်းကိုတီးပြီး သီချင်းဆိုတယ်၊ ဟောပြောချက်ပြီးသွားတဲ့အခါမှာလည်း နှုတ်ဆက်သီချင်းဆိုခဲ့တယ်။ သူ့ကို ကျွန်မတို့ တကယ့်ကိုလေးစားကြတယ်။
ကျွန်မတို့အိမ်ကို ရောက်လာတဲ့နောက်ဧည့်သည်တစ်ဦးကတော့ ကော်လ်ပေါ်တာလို့ခေါ်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်တဲ့ အဲနာ အန်ဒါဆင်ဖြစ်တယ်။ သူမက နော်ဝေးတစ်နိုင်ငံလုံး တစ်မြို့ပြီးတစ်မြို့ စက်ဘီးနဲ့လှည့်လည်ပြီး လူတွေကို ကျမ်းစာစာပေတွေဝေငှတယ်။ တစ်ချိန်တုန်းက သူမဟာ ကယ်တင်ခြင်းတပ်ရဲ့ အရာရှိတစ်ဦးဖြစ်ခဲ့တဲ့အတွက် ကော်ပါရ်ဗိခ်မှာရှိတဲ့ ကယ်တင်ခြင်းတပ်ရဲ့အရာရှိအချို့ကို သိရှိခဲ့တယ်။ သူတို့ရဲ့စည်းဝေးရာအိမ်မှာ ကျမ်းစာဟောပြောချက်ပေးဖို့ သူမကို ခွင့်ပြုခဲ့တဲ့အတွက် လာရောက်နားထောင်ဖို့ လူတွေကို ကျွန်မဖိတ်ခေါ်ခဲ့တယ်။
ကော်ပါရ်ဗိခ်မှာရှိတဲ့ ကျွန်မတို့ဆီကိုရောက်ရှိလာတဲ့ ကော်လ်ပေါ်တာနောက်တစ်ဦးကတော့ ကာလ် ဂမ်ဘာဖြစ်ပါတယ်။ ဒီဣန္ဒြေရှိပြီး အေးဆေးပေမဲ့ ဟာသဉာဏ်ရှိတဲ့ဒီလူဟာ အော့စလိုမြို့က ဌာနခွဲရုံးမှာ အချိန်ပိုင်းဘာသာပြန်တစ်ဦးအနေနဲ့လည်း အမှုထမ်းဆောင်ခဲ့တယ်။ နောက်နှစ်ပေါင်းများစွာကြာတဲ့အခါ အဲ့ဒီမှာကျွန်မတို့အတူတူအလုပ်လုပ်ခဲ့တယ်။
ဘာသာရေးအမြင်များလွှမ်းမိုးခံရ
အဲ့ဒီအချိန်တုန်းက လူအများစုဟာ ဘုရားသခင်နဲ့ကျမ်းစာအပေါ် အခိုင်အမာယုံကြည်ရုံမကဘဲ ငရဲမီးနဲ့သုံးပါးပေါင်းတစ်ဆူလို ယုံကြည်ချက်တွေကိုလည်း စွဲလမ်းကြတယ်။ ဒါကြောင့် ဒီအယူဝါဒတွေဟာ ကျမ်းစာနဲ့မညီညွတ်ဘူးဆိုတာကို ကျမ်းစာကျောင်းသားတွေက ပြသလိုက်တဲ့အခါမှာ အတော့်ကို လှုပ်လှုပ်ရွရွဖြစ်ကုန်ကြတယ်။ အဖေဟာ အယူဖောက်ပြန်သူဖြစ်တယ်ဆိုတဲ့ အိမ်နီးနားချင်းတွေရဲ့ ပြင်းထန်တဲ့စွပ်စွဲချက်တွေက ကျွန်မကိုသြဇာလွှမ်းခဲ့တယ်။ တစ်ခါတုန်းက အဖေ့ကို ကျွန်မဒီလိုတောင်ပြောခဲ့ပါတယ်– “အဖေသင်ပေးတာတွေဟာ မမှန်ဘူး။ မှောက်မှားတဲ့အယူတွေဖြစ်နေတယ်!”
“ဒီကိုလာပါဦး အိုတီးလီးယား၊ ကျမ်းစာမှာပြောထားတာတွေကို ကြည့်ပါဦး” ဆိုပြီး အဖေက ကျွန်မကိုအားပေးခဲ့တယ်။ အဲ့ဒီနောက်ကျမ်းချက်တွေကိုဖတ်ပြတယ်။ ရလဒ်ကတော့ အဖေ့အပေါ်ကိုရော၊ အဖေသင်ပေးတဲ့အရာတွေအပေါ်ကိုပါ ကျွန်မရဲ့ယုံကြည်မှုတဖြည်းဖြည်းတိုးလာပါတယ်။ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်ကိုဖတ်ရှုဖို့ ကျွန်မကို အဖေအားပေးခဲ့တဲ့အတွက် ၁၉၁၄ ခုနှစ် နွေရာသီအတွင်းမှာ မြို့ကိုအပေါ်စီးကနေမြင်နိုင်တဲ့ တောင်ပူစာတစ်ခုပေါ်မှာထိုင်ပြီး မကြာမကြာဖတ်ခဲ့ပါတယ်။
၁၉၁၄၊ ဩဂုတ်လမှာ ပထမကမ္ဘာစစ်ဖြစ်ပြီဆိုတဲ့အကြောင်း ဒေသန္တရသတင်းစာတိုက်အရှေ့မှာ လူတွေဟာ စုပြုံဖတ်နေကြတယ်။ အဖေလာကြည့်ပြီး ဖြစ်ပျက်နေတာကိုမြင်ခဲ့တယ်။ “ဘုရားသခင့်ကျေးဇူးပဲ” လို့အဖေရေရွတ်လိုက်တယ်။ စစ်ဖြစ်ပွားမှုက အဖေဟောပြောခဲ့တဲ့ ကျမ်းစာပရောဖက်ပြုချက်တွေရဲ့ ပြည့်စုံချက်ဖြစ်တာကို အဖေသဘောပေါက်လာပါတယ်။ (မဿဲ ၂၄:၇) အဲ့ဒီအချိန်မှာ ကျမ်းစာကျောင်းသားအများစုက မကြာခင်ကောင်းကင်ကို ခေါ်ဆောင်ခြင်းခံရတော့မယ်ဆိုတာကို ယုံကြည်လာခဲ့ကြတယ်။ ဒါတွေဖြစ်မလာတော့ တချို့စိတ်ဓာတ်ကျခဲ့တယ်။
ကျမ်းစာသမ္မာတရားဘက်မှာ ကျွန်မရဲ့ရပ်တည်မှု
ကျွန်မအသက် ၁၇ နှစ်ရောက်တဲ့အချိန် ၁၉၁၅ ခုနှစ်မှာ အလယ်တန်းကျောင်းပြီးသွားခဲ့တဲ့အတွက် ရုံးတစ်ရုံးမှာ အလုပ်စလုပ်ခဲ့တယ်။ အဲ့ဒီနောက်မှာ ကင်းမျှော်စင်ကို မှန်မှန်ဖတ်ခဲ့ပါတယ်။ ဒါပေမဲ့ ၁၉၁၈ ခုနှစ်အထိ ကော်ပါရ်ဗိခ်မှာ အစည်းအဝေးတွေကို မှန်မှန်ကျင်းပလို့မရခဲ့ဘူး။ အစပိုင်းမှာ တက်ရောက်သူ ကျွန်မတို့ငါးဦးပဲရှိပါတယ်။ ကျမ်းစာစောင်များမှ လေ့လာစရာများ စာအုပ်လို ကင်းမျှော်စင်အသင်းမထုတ်စာပေတွေကို ဖတ်ရှုကြပြီး အကြောင်းအရာတွေကို အမေးအဖြေနည်းနဲ့လည်း ဆွေးနွေးကြပါတယ်။ အမေဟာ တခြားလူတွေကို ကျမ်းစာကျောင်းသားတွေရဲ့ကောင်းကြောင်းပြောပြပေမဲ့လည်း ကျွန်မတို့လို ကျမ်းစာကျောင်းသားဖြစ်မလာခဲ့ပါဘူး။
၁၉၁၈ ခုနှစ်ကစပြီး ကျွန်မအလုပ်လုပ်ခဲ့တဲ့ရုံးမှာ ကျမ်းစာကျောင်းသားဖြစ်လာဖို့ ကျွန်မကူညီပေးနိုင်ခဲ့တဲ့ အဲတုန် ဆော့နာစ်နဲ့ရင်းနှီးလာခဲ့ပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်မဟာ မှန်မှန်ကြေညာသူတစ်ဦးဖြစ်လာခဲ့ပြီး ၁၉၂၁ ခုနှစ် ဘာဂင်မြို့မှာကျင်းပတဲ့ အစည်းအဝေးတစ်ခုမှာ နှစ်ခြင်းခံခဲ့ပါတယ်။
၁၉၂၅၊ မေလရောက်တော့ ဆွီဒင်နိုင်ငံ၊ အော်ရီဘရိုမြို့မှာ စကင်ဒီနေးဗီးယားဒေသတစ်ခွင်လုံးအတွက် အစည်းအဝေးတစ်ခုကျင်းပပေးခဲ့တယ်။ ကင်မျှော်စင်အသင်းဥက္ကဋ္ဌ ဂျိုးဇက် အက်ဖ်. ရပ်သဖော့ဒ်အပါအဝင် ၅၀၀ ကျော်တက်ရောက်ခဲ့တယ်။ ကျွန်မတို့အော်စလိုကနေ လူ ၃၀ လောက်သီးသန့်ရထားတွဲနဲ့ ရောက်လာကြတယ်။
စကင်ဒီနေးဗီးယားဒေသတစ်လျှောက်နဲ့ ဘောလ်တစ်တိုင်းပြည်တွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ဖို့အတွက် ဒိန်းမတ်နိုင်ငံ ကိုပင်ဟေဂင်မြို့မှာ ဥရောပမြောက်ပိုင်းရုံးတစ်ရုံးကို တည်ထောင်ဖို့ ဒီအစည်းအဝေးကြီးမှာ ကြေညာခဲ့တယ်။ စကော့တလန်က ဝီလီယမ် ဒေးဟာ ဟောပြောခြင်းလုပ်ငန်းကို ကြီးကြပ်ပေးဖို့ တာဝန်ရရှိခဲ့တယ်။ သူ့ကို လူတွေအရမ်းသဘောကျလာခဲ့ကြပြီး မကြာခင်မှာ စကော့သားကြီးဆိုတဲ့နာမည်နဲ့ လူသိများလာခဲ့တယ်။ အစပိုင်းမှာ ညီအစ်ကိုဒေးဟာ စကင်ဒီနေးဗီးယားဘာသာစကားမတတ်တဲ့အတွက် အစည်းအဝေးတွေနဲ့ စည်းဝေးကြီးတွေမှာဆိုရင် စင်မြင့်ပေါ်ကပြောတဲ့အကြောင်းအရာတွေကို ကလေးမိဘတွေအာရုံစိုက်နိုင်ဖို့ အနောက်ဘက်မှာထိုင်ခဲ့ပြီး ကလေးတွေကို ထိန်းပေးခဲ့တယ်။
၁၉၂၅၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင်က ဗျာဒိတ်အခန်းကြီး ၁၂ ကိုဆွေးနွေးထားပြီး ဒီအခန်းကြီးဟာ ဘုရားသခင့်နိုင်ငံတော်မွေးဖွားခြင်းနဲ့ ဆက်နွှယ်နေကြောင်းနဲ့ ဒီမွေးဖွားခြင်းဟာ ကောင်းကင်မှာ ၁၉၁၄ ခုနှစ်မှာ ဖြစ်ပျက်ခဲ့တယ်ဆိုတာကို ရှင်းပြခဲ့တယ်။ ဒီအကြောင်းအရာကို နားလည်ဖို့ခက်ခဲတယ်ဆိုတာကို တွေ့လာတဲ့အတွက် ဒီဆောင်းပါးကို ထပ်ခါထပ်ခါဖတ်ရှုခဲ့ပါတယ်။ နောက်ဆုံး နားလည်ခဲ့တဲ့အချိန်မှာ အရမ်းကိုပျော်ရွှင်ခဲ့ရပါတယ်။
ကျမ်းစာအကြောင်းအရာတွေနဲ့ပတ်သက်တဲ့ ကျွန်မတို့ရဲ့နားလည်မှု ပြုပြင်ပြောင်းလဲခံရတဲ့အချိန်မှာ အချို့သူတွေဟာ ထိမိလဲသွားပြီးနောက် ဘုရားသခင့်လူမျိုးတော်အဖြစ်ကနေ နောက်ဆုတ်ခဲ့ကြတယ်။ ဒါပေမဲ့ ဒီလိုမျိုးပြုပြင်ပြောင်းလဲမှုတစ်ခုကို နားလည်ဖို့ခက်ခဲတဲ့အခါမှာ ကျွန်မဟာ အမြဲပဲအကြောင်းအရာကို ထပ်ခါတလဲလဲဖတ်ပြီး ဆင်ခြင်သုံးသပ်ပြတဲ့အချက်ကို သဘောပေါက်အောင် ကြိုးစားတယ်။ ဒီလိုလုပ်လို့မှ ရှင်းပြချက်အသစ်ကို နားမလည်သေးဘူးဆိုရင် ရှင်းလင်းချက်အတွက် ကျွန်မစောင့်မျှော်ပါတယ်။ ဒီလိုစိတ်ရှည်ရှည်နဲ့စောင့်စားတာကြောင့် ကျွန်မမကြာခဏကောင်းချီးခံစားရပါတယ်။
ဗေသလလုပ်ငန်းတော်
နှစ်အတန်ကြာ စာရင်းရေးသူ၊ အတွင်းရေးမှူးနဲ့ စာရင်းစစ်တစ်ဦးအဖြစ် ကျွန်မအလုပ်လုပ်ခဲ့တယ်။ ၁၉၂၈ ခုနှစ်မှာ အသင်းမဘဏ္ဍာရေးစာရင်းအင်းကိုင်ခဲ့တဲ့သူက နာမကျန်းဖြစ်လာခဲ့တဲ့အတွက် ဗေသလကနေထွက်သွားခဲ့တယ်။ အဲ့ဒီအလုပ်မှာ အကျွမ်းတဝင်ရှိခဲ့တဲ့ကျွန်မကို တာဝန်ယူဆောင်ရွက်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။ ဗေသလလုပ်ငန်းတော်ကို ၁၉၂၈ ခုနှစ်မှာစခဲ့ပါတယ်။ တစ်ခါတလေ ညီအစ်ကိုဒေးရောက်လာပြီး ကျွန်မရဲ့စာရင်းအင်းတွေကို စစ်ဆေးခဲ့တယ်။ ကျွန်မတို့ရဲ့ဗေသလမိသားစုဟာ အဲ့ဒီအချိန်တုန်းက အသင်းတော်တစ်ခုတည်းသာရှိတဲ့အော့စလိုမှာ လူထုဟောပြောခြင်းလုပ်ငန်းကိုလည်း ဦးဆောင်တာဝန်ယူခဲ့တယ်။
ကျွန်မတို့ထဲကတချို့က ဗေသလမှာထုပ်ပိုးရေးဌာနအမှုထမ်း ညီအစ်ကိုစပ်ခ်စမရ်ရဲ့ ရွှေခေတ် (ယခု နိုးလော့!) မဂ္ဂဇင်း ထုပ်ပိုးပေးပို့တဲ့အလုပ်ကို ကူညီပေးကြတယ်။ ကူညီပေးတဲ့သူတွေထဲမှာ ညီအစ်ကိုစိုင်မွန်ဆဲနဲ့ ညီအစ်ကိုဂမ်ဘာဒ်တို့လည်းပါခဲ့တယ်။ ကျွန်မတို့အလုပ်လုပ်ရင်း ညီအစ်ကိုတွေက သီချင်းဆိုလေ့ရှိပြီး ကျွန်မတို့အတော်ပဲ ပျော်ရွှင်ခဲ့ကြတယ်။
ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်တွင် ယုံကြည်စိတ်ချခြင်း
၁၉၃၅ ခုနှစ်မှာ “လူအုပ်ကြီး” ဟာဒုတိယကောင်းကင်အတန်းအစား မဟုတ်ဘူးဆိုတာကို ကျွန်မတို့သဘောပေါက်လာခဲ့ကြတယ်။ လူအုပ်ကြီးဆိုတာ ကောင်းကင်မသွားဘဲ ကြီးစွာသောဒုက္ခကို ကပ်ကျော်ပြီး မြေကြီးပရဒိသုမှာထာဝစဉ်နေထိုင်ဖို့ အခွင့်အရေးရရှိတဲ့အုပ်စုဖြစ်တယ်ဆိုတာကို ကျွန်မတို့နားလည်လာခဲ့တယ်။ (ဗျာဒိတ် ၇:၉-၁၄) ဒီနားလည်မှုအသစ်နဲ့အတူ သတိရအောက်မေ့ပွဲမှာ မုန့်နဲ့စပျစ်ရည်ကို ပါဝင်သုံးဆောင်တဲ့သူအချို့က မိမိတို့ဟာ မြေကြီးမျှော်လင့်ချက်ရှိတဲ့သူတွေဆိုတာ သိရှိခဲ့ပြီးနောက်မှာ ပါဝင်သုံးဆောင်မှုကို ရပ်တန့်ခဲ့ကြတယ်။
ကျွန်မဟာ ကိုယ့်ရဲ့ကောင်းကင်မျှော်လင့်ချက်နဲ့ပတ်သက်ပြီး ဘယ်တော့မှသံသယမရှိခဲ့ပေမဲ့လည်း ‘ဘုရားသခင်ဟာ ဘာကြောင့် ငါ့ကိုအလိုရှိရတာလဲ’ ဆိုပြီး တစ်ခါတလေစဉ်းစားမိခဲ့တယ်။ ဒီလိုကြီးမားတဲ့အခွင့်ထူးနဲ့ မထိုက်တန်ဘူးလို့ ကျွန်မခံစားမိတယ်။ သေးငယ်ပြီးကြောက်ရွံ့တတ်တဲ့ အမျိုးသမီးတစ်ဦးအနေနဲ့ ကောင်းကင်မှာ ခရစ်တော်နဲ့အတူ တွဲဖက်အုပ်ချုပ်မဲ့ ဘုရင်အဖြစ် ကိုယ့်ကိုကိုယ်ယူဆဖို့ဆိုတာက တစ်မျိုးထူးဆန်းနေတယ်။ (၂ တိမောသေ ၂:၁၁၊ ၁၂; ဗျာဒိတ် ၅:၁၀) ဒါပေမဲ့ ခေါ်တော်မူခြင်းခံရတဲ့သူတွေထဲမှာ “ထင်ရှားသောလူကြီးအများမပါ၊” ဒါပေမဲ့ “အစွမ်းသတ္တိရှိသောသူတို့ကို ရှက်ကြောက်စေခြင်းငှာ၊ လောကီအရာ၌ အားနည်းသောသူတို့ကို ရွေးကောက်တော်မူ၏” ဆိုတဲ့ တမန်တော်ပေါလုရဲ့ စကားတွေကို ကျွန်မသုံးသပ်ခဲ့တယ်။—၁ ကောရိန္သု ၁:၂၆၊ ၂၇။
ဒုတိယကမ္ဘာစစ်အတွင်းလှုပ်ရှားမှု
၁၉၄၀၊ ဧပြီ ၉ ရက်နေ့မှာ နော်ဝေးကို ဂျာမန်စစ်တပ်တွေက ဝင်ရောက်ကျူးကျော်ခဲ့ပြီး မကြာခင်မှာပဲ သိမ်းပိုက်ခဲ့တယ်။ စစ်ကြောင့်ဖြစ်ပေါ်ခဲ့တဲ့ အကျိုးရလဒ်ကတော့ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို လူတွေတော်တော်များများတုံ့ပြန်လာတဲ့အချက်ပါပဲ။ ၁၉၄၀၊ အောက်တိုဘာလကနေ ၁၉၄၁၊ ဇွန်လအထိ စာအုပ်ကြီးနဲ့စာအုပ်ငယ်ပေါင်း ၂၇၂,၀၀၀ ကျော်ကို ကျွန်မတို့ဝေငှခဲ့တယ်။ ဆိုလိုတာက အဲ့ဒီအချိန်တုန်းက နော်ဝေးမှာရှိတဲ့သက်သေခံ ၄၇၀ ကျော်ယောက်စီယောက်တိုင်းဟာ အဲ့ဒီကိုးလအတွင်း ပျမ်းမျှစာအုပ်ကြီးနဲ့စာအုပ်ငယ်ပေါင်း ၅၇၀ ကျော်ဝေငှခဲ့ကြတယ်။
၁၉၄၁၊ ဇူလိုင် ၈ ရက်နေ့မှာ ဂျာမန်လျှို့ဝှက်ရဲအဖွဲ့က ဦးစီးကြီးကြပ်မှူးအားလုံးဆီ ရောက်လာပြီး ဟောပြောခြင်းလုပ်ငန်းကိုမရပ်ရင် ချွေးတပ်စခန်းတွေကိုအပို့ရခံမယ်လို့ ပြောခဲ့တယ်။ ဂျာမန်ရဲအရာရှိငါးဦးက ဗေသလကိုရောက်လာပြီး ကင်းမျှော်စင်အသင်းမပိုင် ပစ္စည်းအတော်များများကို သိမ်းယူသွားခဲ့တယ်။ ဗေသလမိသားစုဝင်တွေကို ခေါ်ထုတ်သွားခဲ့ပြီး စစ်ဆေးခဲ့ပေမဲ့လည်း ဘယ်သူမှထောင်မကျခဲ့ပါဘူး။ နောက်ဆုံး ၁၉၄၁၊ ဇူလိုင်လ ၂၁ ရက်မှာ အမှတ် ၂၈၊ အင်ကော့ဂါနီးတိုဂါတဲန်ရှိ အသင်းမအဆောက်အဦအသိမ်းခံလိုက်ရပြီး ကျွန်မတို့ရဲ့ဟောပြောခြင်းလုပ်ငန်းလည်း ပိတ်ပင်ခံလိုက်ရတယ်။ ကျွန်မဟာ ကော်ပါရ်ဗိခ်ကို ပြန်သွားပြီး ဝမ်းစာအတွက် အလုပ်လုပ်ခဲ့တယ်။
အဲ့ဒီအချိန်မှာ အဖေဟာ ရှေ့ဆောင်တစ်ဦးအဖြစ်ထမ်းဆောင်နေပါတယ်။ တစ်နေ့၊ အဖေ့အိမ်ကို နာဇီတွေလာရောက်ရှာဖွေခဲ့ကြတယ်။ သူတို့တွေက အဖေ့ရဲ့ကျမ်းစာနဲ့ကျမ်းစာမှန်ပြမာတိကာအပါအဝင် စာအုပ်စာတမ်းအားလုံးကို ယူသွားကြတယ်။ အဲ့ဒီအချိန်အတောအတွင်းမှာ ဝိညာဉ်အစာထောက်ပံ့မှု အနည်းအကျဉ်းသာရရှိခဲ့တယ်။ ဝိညာဉ်ရေးဆက်လက်ခိုင်မြဲစေဖို့ အစိုးရစာအုပ်လို စာအုပ်အဟောင်းတွေကို ထပ်ခါထပ်ခါလေ့လာခဲ့ကြပြီး ဟောပြောခြင်းလုပ်ငန်းကို ဆက်လက်လုပ်ကိုင်ခဲ့ကြတယ်။
ဝမ်းနည်းစရာကတော့ နေရာအတော်များများမှာ ညီအစ်ကိုတွေဟာကွဲပြားနေကြတယ်။ တချို့ညီအစ်ကိုတွေက ပြောင်ဟောပြောပြီး တစ်အိမ်မှတစ်အိမ်သွားသင့်တယ်လို့ ယူဆတယ်၊ တချို့ကျတော့ လူတွေကို အခြားနည်းလမ်းနဲ့ဆက်သွယ်ပြီး ဒီထက်ပိုပြီး ပုန်းလျှိုးကွယ်လျှိုးလုပ်သင့်တယ်လို့ ယူဆခဲ့ကြတယ်။ အရင်တုန်းက အတူတကွပူးပေါင်းလုပ်ဆောင်ခဲ့ကြတဲ့၊ ကျွန်မတို့ချစ်မြတ်နိုးခဲ့ရတဲ့ ထင်ရှားတဲ့ညီအစ်ကိုတွေဟာ တစ်ယောက်နဲ့တစ်ယောက်စကားမပြောကြတော့ဘူး။ ဒီလိုအချင်းချင်းကွဲပြားမှုဟာ သက်သေခံတစ်ဦးအနေနဲ့ ကျွန်မရဲ့အသက်တာမှာကြုံတွေ့ရတဲ့ တခြားဘယ်အခြေအနေထက်မဆို ကျွန်မကို အကြီးအကျယ်နှလုံးကြေကွဲစေခဲ့ပါတယ်။
စစ်ပြီးနောက် ပြန်လည်သစ်လွင်သောလှုပ်ရှားမှု
စစ်ပွဲပြီးချိန် ၁၉၄၅ ခုနှစ်ရဲ့နွေရာသီမှာ နော်ဝေးကို ညီအစ်ကိုဒေးရောက်ရှိလာပြီး အော့စလို၊ ရှေယန်နဲ့ဘာဂင်မြို့တွေမှာ အစည်းအဝေးတွေကျင်းပခဲ့ကြတယ်။ သူက အချင်းချင်းပြန်လည်သင့်မြတ်ဖို့ တောင်းပန်ခဲ့ပြီး အဲဒီလိုလုပ်ဖို့ စိတ်ဆန္ဒရှိတဲ့သူတွေအားလုံး မတ်တတ်ရပ်ပါဆိုပြီး တောင်းဆိုခဲ့တယ်။ အားလုံးမတ်တတ်ရပ်ခဲ့ကြတယ်! ၁၉၄၅၊ ဒီဇင်ဘာလမှာ အဲဒီတုန်းက ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ နေသန် အိပ်ချ် နောရ် ရောက်ရှိလာပြီးတဲ့နောက် အငြင်းပွားမှုဟာ လုံးဝအဆုံးသတ်သွားခဲ့တယ်။
အဲ့ဒီအတောအတွင်းမှာ ဌာနခွဲအမှုထမ်း ညီအစ်ကိုအင်အော့ခ် အာခ်မဲန်ဆီက ‘ခင်ဗျား ဘယ်တော့လောက် ဗေသလကို ပြန်လာနိုင်မလဲ’ ဆိုတဲ့ ကြေးနန်းတစ်စောင်ကို ၁၉၄၅၊ ဇူလိုင်လ ၁၇ ရက်မှာ ကျွန်မရရှိခဲ့တယ်။ အဲ့ဒီတုန်းက အသက် ၇၀ ကျော်အဖေ့ကို ကြည့်ရှုစောင့်ရှောက်ဖို့ အိမ်မှာနေသင့်တယ်ဆိုပြီး အချို့ကပြောကြတယ်။ ဒါပေမဲ့ ဗေသလလုပ်ငန်းတော်ကို ပြန်လုပ်ဖို့ ကျွန်မကို အဖေအားပေးခဲ့တယ်။ ဒါနဲ့ ၁၉၄၅ ခုနှစ်မှာ ကျွန်မပြန်သွားခဲ့တယ်။ ၁၉၄၆ ခုနှစ်ရောက်တော့ အမေရိကန်ပြည်ထောင်စုက ညီအစ်ကိုမာဗင် အက်ဖ် အဲန်ဒါစင်ဟာ ဌာနခွဲကြီးကြပ်ရေးမှူးဖြစ်လာပြီးနောက် နော်ဝေးမှာ ဟောပြောခြင်းလုပ်ငန်းကို ပြန်လည်ဖွဲ့စည်းခဲ့ပါတယ်။
နွေရာသီအားလပ်ရက်တွေမှာ ကျွန်မရဲ့မိသားစုနဲ့တွေ့ဆုံဖို့ ကော်ပါရ်ဗိခ်ကို ပြန်သွားလေ့ရှိပါတယ်။ ကျွန်မရဲ့အစ်ကို၊ မောင်လေးနဲ့ညီမနှစ်ယောက်က သက်သေခံတွေဖြစ်မလာပေမဲ့လည်း အဖေနဲ့ကျွန်မကို အမြဲတမ်းဖော်ရွေခဲ့တယ်။ အစ်ကိုကြီးက ဆိပ်ကမ်းအုပ်ချုပ်ရေးမှူး ရေကြောင်းပြအရာရှိဖြစ်လာခဲ့ပြီး မောင်လေးက ကျောင်းဆရာဖြစ်ခဲ့တယ်။ ကျွန်မမှာ ရုပ်ပစ္စည်းအနည်းငယ်ပဲရှိပေမဲ့ “အိုတီးလီးယားက မင်းတို့ထက် ပိုပြီးချမ်းသာတယ်” ဆိုပြီး သူတို့ကို အဖေပြောခဲ့တယ်။ မှန်လိုက်လေခြင်း! သူတို့စုဆောင်းထားတဲ့ပစ္စည်းဥစ္စာတွေက ကျွန်မခံစားရတဲ့ ဝိညာဉ်ရေးကြွယ်ဝမှုကို မနှိုင်းယှဉ်ခဲ့နိုင်ပါဘူး! အဖေဟာ ၁၉၅၁ ခုနှစ် အသက် ၇၈ နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။ အမေကတော့ ၁၉၂၈ ခုနှစ်ကတည်းက ကွယ်လွန်ခဲ့ပါတယ်။
ကျွန်မရဲ့ဘဝမှာ ပေါ်လွင်တဲ့အရာတစ်ခုကတော့ ၁၉၅၃ ခုနှစ်နယူးယောက်မြို့မှာ ယေဟောဝါလူမျိုးတော်ရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ခဲ့တာဖြစ်ပါတယ်။ အဲ့ဒီနှစ် ကမ္ဘာ့လယ်ကွင်းမှာ ကြေညာသူအရေအတွက် ၅၀၀,၀၀၀ ကျော်သွားပြီး စည်းဝေးကြီးကို ၁၆၅,၀၀၀ ကျော်တက်ရောက်ခဲ့ကြတယ်။ ၁၉၅၃ ခုနှစ်စည်းဝေးကြီးမတိုင်ခင်က မြေကြီးပေါ်ရှိ ယေဟောဝါရဲ့အဖွဲ့အစည်းဌာနချုပ်ဖြစ်တဲ့ ဘရွတ်ကလင်ဗေသလမှာ တစ်ပတ်ကြာ ကျွန်မအလုပ်လုပ်ခဲ့တယ်။
ကျွန်မတတ်နိုင်သောအရာကို လုပ်ဆောင်ခြင်း
မကြာသေးမီနှစ်များက မျက်စိအတွင်းတိမ်ကြောင့် ကျွန်မမျက်စိချို့ယွင်းခဲ့ရတယ်။ ပါဝါအထူကြီးနဲ့အတူမှန်ဘီလူးနဲ့ ပုံနှိပ်စာလုံးအကြီးကြီးကို နည်းနည်းပါးပါးဖတ်နိုင်သေးတယ်။ ခရစ်ယာန်ညီအစ်မတွေက တစ်ပတ်မှာနှစ်ကြိမ် ကျွန်မဆီလာလည်ပြီးတော့ စာဖတ်ပြကြတယ်။ အဲ့ဒီအတွက် ကျွန်မကျေးဇူးအများကြီးတင်ပါတယ်။
အဲ့ဒီအပြင် ကျွန်မရဲ့ဟောပြောခြင်းလုပ်ငန်းကလည်း အကန့်အသတ်ဖြစ်လာတယ်။ နွေရာသီအချိန်အတွင်းမှာ ခရစ်ယာန်ညီအစ်မတွေက ကျွန်မဟောပြောနိုင်မယ့်နေရာတွေကို လက်တွန်းလှည်းနဲ့ တစ်ခါတလေခေါ်သွားပေးပါတယ်။ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၀၀ နီးပါးက ကျွန်မနေခဲ့တဲ့ ကော်ပါရ်ဗိခ်က မူလတန်းကျောင်းလိုကျောင်းတွေဆီကို မဂ္ဂဇင်းတွေနဲ့ဘရိုရှာတွေကိုလည်း စာတိုက်ကတစ်ဆင့် မှန်မှန်ပို့ပေးတယ်။ ကျွန်မမှန်မှန်ကြေညာသူဖြစ်နိုင်သေးတဲ့အတွက် ဝမ်းသာမိတယ်။
၁၉၈၃ ခုနှစ်ကတည်းက အော့စလိုအပြင်ဘက် အစ်ထရဲ အဲနဲဘတ်ခ်မှာတည်ရှိခဲ့တဲ့ ဗေသလမှာ ထမင်းစားခန်းနဲ့ ဘုရားသခင့်နိုင်ငံတော်ခန်းမဟာ ကျွန်မအခန်းနဲ့တစ်ထပ်တည်းဖြစ်လို့ တော်သေးတယ်။ ဒါကြောင့် ကျွန်မဟာ နံနက်ပိုင်းဝတ်ပြုမှု၊ အစာစားဖို့နဲ့အစည်းအဝေးတွေကို လမ်းလျှောက်အကူပစ္စည်းနဲ့ ရောက်ရှိနိုင်ပါတယ်။ အခုအချိန်ထိ စည်းဝေးကြီးတွေနဲ့အစည်းအဝေးတွေကို တက်ရောက်နိုင်တဲ့အတွက် ကျွန်မပျော်ရွှင်ရပါတယ်။ နှစ်ပေါင်းများစွာက ကျွန်မသိကျွမ်းခဲ့ရတဲ့ မိတ်ဆွေတွေအပြင် ညီအစ်ကိုညီအစ်မအသစ်တွေ၊ ကောင်းမွန်တဲ့ကလေးတွေကို တွေ့ဆုံရလို့ကြည်နူးမိပါတယ်။
အဆုံးတိုင်အောင် ယုံကြည်ခြင်းကို ထိန်းသိမ်းခြင်း
ဗေသလမှာ တက်ကြွဖော်ရွေတဲ့ ဝိညာဉ်ရေးလူတွေအလယ်မှာနေရတာ ကောင်းချီးတစ်ရပ်ဖြစ်ပါတယ်။ ဗေသလလုပ်ငန်းတော်မှာ ကျွန်မစအမှုဆောင်တဲ့အချိန်တုန်းက မိသားစုဝင်တွေဟာ ကောင်းကင်မျှော်လင့်ချက်ရှိသူတွေချည်းပဲ။ (ဖိလိပ္ပိ ၃:၁၄) အခုချိန်မှာတော့ ကျွန်မကလွဲပြီး ဗေသလမှာရှိကြသူအားလုံးက ကမ္ဘာပေါ်ထာဝစဉ်အသက်ရှင်ဖို့ မျှော်လင့်စောင့်စားနေကြပါတယ်။
မှန်ပါတယ်၊ အစောပိုင်းကတည်းက ယေဟောဝါဟာ အရေးယူဆောင်ရွက်ခဲ့လိမ့်မယ်လို့ ကျွန်မတို့မျှော်လင့်ခဲ့ကြတယ်။ ဒါပေမဲ့ လူအုပ်ကြီးဟာ များသည်ထက်များလာတာကိုမြင်ရတော့ ကျွန်မပျော်ရွှင်ရပါတယ်။ တကယ့်တိုးတက်မှုကြီးပါပဲ! ခရစ်ယာန်ဓမ္မအမှုမှာ ပထမဆုံးအကြိမ် ကျွန်မပါဝင်တုန်းက ကမ္ဘာတစ်ဝန်းမှာ ကြေညာသူပေါင်း ၅,၀၀၀ လောက်ပဲရှိခဲ့တယ်။ အခုတော့ ၅,၄၀၀၀,၀၀၀ ကျော်နေပါရောလား! အမှန်တကယ်ပါပဲ “သူငယ်တစ်ယောက်သည် လူတစ်ထောင် . . . အားနည်းသောလူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်” လာတာကို ကျွန်မတွေ့ခဲ့ပါပြီ။ (ဟေရှာယ ၆၀:၂၂) ပရောဖက်ဟဗက္ကုတ်က “ဆိုင်းသော်လည်း မျှော်လင့်လော့။ နောက်မကျဘဲ ဧကန်အမှန်ရောက်လိမ့်မည်” လို့ရေးသားခဲ့တဲ့အတိုင်း ယေဟောဝါကို ကျွန်မတို့ဆက်လက်မျှော်လင့်ဖို့ လိုအပ်ပါတယ်။—ဟဗက္ကုတ် ၂:၃။