‘ယေဟောဝါ၏နေ့ရက်’ ကိုကပ်ကျော်ခြင်း
“ထာဝရဘုရား၏နေ့ရက်သည်ကြီး၍ အလွန်ကြောက်မက်ဖွယ်သောနေ့ရက်ဖြစ်၏။ အဘယ်သူခံနိုင်သနည်း။”—ယောလ ၂:၁၁။
၁။ ‘ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့ကြီး’ သည် ရွှင်လန်းမှုရှိဖို့အတွက် အခါသမယတစ်ခု အဘယ်ကြောင့် ဖြစ်သင့်သနည်း။
“အလွန်ကြောက်မက်ဖွယ်ပါတကား”! ထိုသို့ “ယေဟောဝါ၏နေ့ရက်” ကြီးကို ဘုရားသခင်၏ပရောဖက်ယောလက ဖော်ပြထားပါသည်။ သို့ရာတွင် ယေဟောဝါကိုချစ်မြတ်နိုးပြီး ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာအပေါ်အခြေခံလျက် ကိုယ်တော်ထံ ဆက်ကပ်အပ်နှံချဉ်းကပ်လာကြသော ကျွန်ုပ်တို့သည် ယေဟောဝါ၏နေ့ရက် နီးကပ်နေသောကြောင့် ကြောက်ရွံ့တုန်လှုပ်စရာမလိုပါ။ ယင်းသည် အမှန်ပင် ကြောက်မက်ဖွယ်ကောင်းသောနေ့ရက်ဖြစ်သည်၊ သို့သော် ထူးမြတ်သောကယ်တင်ခြင်းနေ့ရက်၊ နှစ်ထောင်ပေါင်းများစွာ လူသားထုကို ဒုက္ခရောက်စေသော ဆိုးညစ်သောအစီအစဉ်စနစ်မှ လွတ်မြောက်စေသော နေ့ရက်လည်းဖြစ်သည်။ ထိုနေ့ရက်ကို စောင့်မျှော်နေရာတွင် ယောလက “ဝမ်းမြောက်ရွှင်လန်းခြင်းရှိလော့။ ထာဝရဘုရားသည် ကြီးသောအမှုတို့ကိုပြုတော်မူမည်” ဟုဘုရားသခင့်လူမျိုးတော်အားပြောဆိုကာ ထပ်ဆင့်၍ ဤသို့အာမခံ၏– “ထာဝရဘုရားကို [ဆုတောင်းခြင်း] ပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ကြလတ္တံ့။” ထို့နောက် ဘုရားသခင့်နိုင်ငံတော်အစီအစဉ်တွင် “ထာဝရဘုရားမိန့်တော်မူသည်အတိုင်း . . . ထာဝရဘုရားခေါ်တော်မူသောသူအကျန်အကြွင်းတို့အဖို့ ကယ်တင်ခြင်းအခွင့်ရှိရလတ္တံ့။”—ယောလ ၂:၁၁၊ ၂၁၊ ၂၂၊ ၃၂။
၂။ ဘုရားသခင်၏ ရည်ရွယ်တော်မူချက်များ အကောင်အထည်ဖော်ရာတွင် (က) “သခင်ဘုရား၏နေ့” ၌ (ခ) “ယေဟောဝါ၏နေ့ရက်” ၌အဘယ်အရာဖြစ်ပျက်သနည်း။
၂ ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့သည် ဗျာဒိတ် ၁:၁၀ ပါ “သခင်ဘုရား၏နေ့” နှင့်မရှုပ်ထွေးစေသင့်ပါ။ ဤနောက်ပိုင်းနေ့တွင် ဗျာဒိတ်အခန်းကြီး ၁ မှ ၂၂ ၌ဖော်ပြထားသော ရူပါရုံ ၁၆ ခု၏ပြည့်စုံချက်များပါဝင်သည်။ ၎င်းတွင် “ထိုအမှုအရာတို့သည် အဘယ်ကာလမှဖြစ်မည် . . . ကိုယ်တော်သည်ကြွလာ၍ ဤကပ်ကမ္ဘာကုန်သောပုဗ္ဗ [ရှေ့ပြေး] နိမိတ်သည် အဘယ်နိမိတ်ဖြစ်မည်” နည်းဟူသော တပည့်တော်များ၏မေးခွန်းကိုဖြေဆိုရာ၌ ယေရှုတင်ကူးဟောကြားတော်မူခဲ့သော အဖြစ်အပျက်များအားလုံးပြည့်စုံသည့်အချိန်ပါဝင်သည်။ ယေရှု၏ ကောင်းကင်ဆိုင်ရာရောက်ရှိတော်မူခြင်းကို ကြောက်မက်ဖွယ် ‘စစ်များဖြစ်ခြင်း၊ အစာခေါင်းပါးခြင်း၊ မုန်းတီးခြင်း၊ ကပ်ရောဂါများဖြစ်ခြင်းနှင့် မတရားမှုများပြားခြင်းတို့က မှတ်သားပြခဲ့ပြီ။ ဤဝမ်းနည်းကြေကွဲမှုများ များပြားလာသည်နှင့်အမျှ ယေရှုသည် “လူမျိုးအပေါင်းတို့အားသက်သေဖြစ်မည်အကြောင်း [ဘုရားသခင့်] နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို လောကီနိုင်ငံအရပ်ရပ်ရှိသမျှတို့၌” ဟောပြောရန် မိမိ၏မျက်မှောက်ခေတ်တပည့်များကို စေလွှတ်တော်မူခြင်းအားဖြင့် ဘုရားသခင်အားကြောက်ရွံ့သောလူသားများကို နှစ်သိမ့်ပေးတော်မူခဲ့ပြီ။ ထို့နောက် သခင်ဘုရား၏နေ့သည် အထွတ်သို့ရောက်သည်နှင့်အမျှ လက်ရှိအစီအစဉ်စနစ်၏ “အဆုံး” တိုင်ကာ ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့ရက်သည် ရုတ်တရက်ရောက်ရှိလာလိမ့်မည်။ (မဿဲ ၂၄:၃-၁၄; လုကာ ၂၁:၁၁) ယင်းသည် စာတန်၏ယိုယွင်းသောလောကကို အလျင်အမြန်တရားစီရင်ချက်ချသည့် ယေဟောဝါ၏နေ့ရက်ဖြစ်လိမ့်မည်တည်း။ “မိုးကောင်းကင်နှင့်မြေကြီးသည်တုန်လှုပ်လိမ့်မည်။ သို့ရာတွင်၊ ထာဝရဘုရားသည်မိမိလူတို့၏ခိုလှုံရာ . . . ဖြစ်တော်မူလိမ့်မည်။”—ယောလ ၃:၁၆။
နောဧခေတ်တွင် ယေဟောဝါလုပ်ဆောင်တော်မူ
၃။ နောဧခေတ်နှင့် ယနေ့ကမ္ဘာ့အခြေအနေသည် မည်သို့ အလားသဏ္ဌာန်တူသနည်း။
၃ ယနေ့ကမ္ဘာ့အခြေအနေသည် လွန်ခဲ့သောနှစ်ပေါင်း ၄,၀၀၀ ကျော်က “နောဧလက်ထက်” နှင့်အလားတူ၏။ (လုကာ ၁၇:၂၆၊ ၂၇) ကမ္ဘာဦး ၆:၅ တွင် ကျွန်ုပ်တို့ ဤသို့ဖတ်ရှုရသည်– “မြေကြီးပေါ်မှာလူအပြစ်ကြီး၍၊ သူ၏စိတ်နှလုံးအကြံအစည်ရှိသမျှတို့သည် အစဉ်မပြတ်ဆိုးညစ်ခြင်းသက်သက်ရှိကြောင်းကို၊ ဘုရားသခင်သိမြင်တော်မူ [၏]။” ယနေ့လောကနှင့် အလွန်တူလှသည်တကား! ဆိုးသွမ်းမှု၊ လောဘနှင့် မေတ္တာခေါင်းပါးခြင်းသည် နေရာတိုင်းတွင် များစွာရှိနေသည်။ လူသားထု၏ဆိုးရွားမှုသည် အနိမ့်ကျဆုံးအဆင့်သို့ရောက်ရှိနေပြီဟု တစ်ခါတစ်ရံ တွေးမိကြပေမည်။ သို့သော် “နောက်ဆုံးကာလ” နှင့်ပတ်သက်သည့် တမန်တော်ပေါလု၏ပရောဖက်ပြုချက်သည် ဤသို့ဆက်၍ပြည့်စုံနေဆဲရှိသည်– “ဆိုးညစ်သောသူ၊ လှည့်ဖြားသောသူတို့မူကား၊ သူတစ်ပါးကိုလည်းကောင်း၊ ကိုယ်ကိုလည်းကောင်းလှည့်ဖြား၍ ဆိုးညစ်ခြင်း၌တရွေ့ရွေ့တိုးပွားကြလိမ့်မည်။”—၂ တိမောသေ ၃:၁၊ ကဘ၊ ၁၃။
၄။ အစောပိုင်းအချိန်တွင် မှားယွင်းသောကိုးကွယ်မှုက အဘယ်အကျိုးသက်ရောက်ခဲ့သနည်း။
၄ [ဗာဗုလုန်အယူ] သည် နောဧခေတ်ကလူတို့ကို လွတ်မြောက်စေနိုင်ပါသလော။ ထိုသို့ဖြစ်မည့်အစား ထိုအချိန်ကတည်ရှိခဲ့သော အယူဖောက်ပြန်မှုသည် ပျက်စီးယိုယွင်းသည့်အခြေအနေကို သာ၍ဆိုးရွားစေခဲ့ပါသည်။ ကျွန်ုပ်တို့၏ကနဦးမိဘတို့သည် “စာတန်အမည်ရှိသော ရှေးမြွေဟောင်း” ၏မှားယွင်းသောသွန်သင်ခြင်းကို လက်လျှော့အရှုံးပေးခဲ့ကြသည်။ အာဒံမှဒုတိယမြောက်လူမျိုးဆက်တွင် “ထာဝရဘုရား၏နာမတော်ကို အမှီပြု၍ကိုးကွယ်စပြု” ခဲ့ကြသည်၊ ယင်းသည် ဘုရားသခင်အား တိုက်ခိုက်စော်ကားသည့်သဘောဖြစ်ပုံရသည်။ (ဗျာဒိတ် ၁၂:၉; ကမ္ဘာဦး ၃:၃-၆; ၄:၂၆) နောက်ပိုင်းတွင် ဘုရားသခင်ထံ အကြွင်းမဲ့ဆည်းကပ်ဝတ်ပြုမှုကိုစွန့်လွှတ်ခဲ့သော ပုန်ကန်သူကောင်းကင်တမန်များသည် လှပချောမောသောလူ့သမီးများနှင့် တရားမဝင်လိင်ဆက်ဆံရန် လူသားခန္ဓာကိုယ်ကို ယူတင်ဝတ်ဆင်ခဲ့ကြသည်။ ထိုအမျိုးသမီးများသည် နက်ဖလင်ဟုအခေါ်ခံရကြသော လူသားတို့ကိုဖိနှိပ်၍ ကြမ်းတမ်းရက်စက်သည့် ဧရာမလူ့ဘီလူးတို့၏မိခင်များဖြစ်လာခဲ့ကြသည်။ ဤနတ်ဆိုးသြဇာလွှမ်းမိုးမှုအောက်တွင် ‘မြေကြီးပေါ်မှာလူအပေါင်းတို့သည် ဖောက်ပြန်ခြင်းသို့ရောက်ကြ၏။’—ကမ္ဘာဦး ၆:၁-၁၂။
၅။ နောဧခေတ်က အဖြစ်အပျက်များကိုရည်ညွှန်းလျက် အဘယ်သတိပေးတိုက်တွန်းချက်ကို ကျွန်ုပ်တို့အား ယေရှုပေးတော်မူသနည်း။
၅ သို့သော်လည်း မိသားစုတစ်စုသည် ယေဟောဝါအပေါ် သမာဓိစောင့်သိမှုကို ထိန်းသိမ်းခဲ့ကြသည်။ ထို့ကြောင့် ဘုရားသခင်သည် “ဖြောင့်မတ်ခြင်းတရားကိုဟောသောနောဧနှင့် လူခုနစ်ယောက်တို့ကိုစောင့်မတော်မူ၍၊ ဘုရား [သခင်] ကိုမကိုးကွယ်သော လောကီသားအပေါင်းတို့ကို ရေလွှမ်းမိုးစေတော်မူ၏။” (၂ ပေတရု ၂:၅) ထိုရေလွှမ်းမိုးခြင်းက ယေဟောဝါ၏ကြောက်မက်ဖွယ်နေ့ကို ကြိုတင်ညွှန်ပြပြီး ဤအစီအစဉ်စနစ်၏အဆုံးနှင့် အောက်ပါယေရှု၏ပရောဖက်ပြုချက်ကို မှတ်သားဖော်ပြပါသည်– “ထိုအချိန်နာရီကိုကား အဘယ်သူမျှမသိ။ ကောင်းကင်တမန်မသိ။ ငါ့ခမည်းတော်တစ်ပါးတည်းသာ သိတော်မူ၏။ လူသားသည်ကြွလာသောအခါ နောဧလက်ထက်၌ဖြစ်သကဲ့သို့ ဖြစ်လိမ့်မည်။ ရေလွှမ်းမိုးခြင်းမဖြစ်မီကာလ၌ နောဧသည် သင်္ဘောထဲသို့ဝင်သောနေ့တိုင်အောင် လူများတို့သည် စားသောက်လျက်၊ ထိမ်းမြားစုံဖက်လျက်နေ၍၊ ရေလွှမ်းမိုးခြင်းရောက်သဖြင့် လူခပ်သိမ်းတို့ကို သုတ်သင်ပယ်ရှင်းသည့်တိုင်အောင် သတိမဲ့နေကြသည်နည်းတူ၊ လူသားကြွလာသောအခါ၌ ဖြစ်လိမ့်မည်။” (မဿဲ ၂၄:၃၆-၃၉) ယနေ့ အလားတူအခြေအနေတွင် ကျွန်ုပ်တို့နေထိုင်ကြသည်၊ ယင်းကြောင့် ယေရှုက ကျွန်ုပ်တို့အား ‘သင်တို့သည် ကိုယ်ကိုကိုယ်သတိပြုကြလော့။ ထို့ကြောင့်သင်တို့သည် ဖြစ်လတ္တံ့သောအမှုအရာတို့နှင့်ကင်းလွတ် . . . မည်အကြောင်း၊ အစဉ်ဆုတောင်းလျက်စောင့်နေကြလော့’ ဟုတိုက်တွန်းတော်မူ၏။—လုကာ ၂၁:၃၄-၃၆။
သောဒုံနှင့်ဂေါမောရမြို့တို့အပေါ် ယေဟောဝါ၏တရားစီရင်ချက်
၆၊ ၇။ (က) လောတခေတ်က အဖြစ်အပျက်များသည် အဘယ်အရာကိုကြိုတင်ညွှန်ပြသနည်း။ (ခ) ယင်းက ကျွန်ုပ်တို့အတွက် အဘယ်ရှင်းလင်းပြတ်သားသော သတိပေးချက်ကိုပေးသနည်း။
၆ ရေလွှမ်းမိုးပြီးနောက်ပိုင်း နှစ်ပေါင်းရာနှင့်ချီကာ နောဧ၏သားစဉ်မြေးဆက်များ ကမ္ဘာပေါ်တွင်များပြားလာကြသောအခါ သစ္စာရှိသူ အာဗြဟံနှင့် သူ့တူလောတတို့သည် ယေဟောဝါ၏ကြောက်မက်ဖွယ် အခြားနေ့ရက်တစ်ရက်ကို မျက်မြင်ကိုယ်တွေ့တွေ့ရှိခဲ့ကြသည်။ လောတနှင့် သူ၏မိသားစုသည် သောဒုံမြို့တွင်နေထိုင်ခဲ့ကြပြီး ၎င်းမြို့နှင့်အတူ အိမ်နီးချင်းမြို့ဖြစ်သော ဂေါမောရမြို့သည် စက်ဆုပ်ဖွယ်လိင်အကျင့်ယိုယွင်းမှုတွင် စုံးစုံးမြုပ်နေကြသည်။ ရုပ်ပစ္စည်းလိုက်စားသည့်ဝါဒသည်လည်း အဓိကအာရုံစိုက်ရာဖြစ်ပြီး နောက်ဆုံးတွင် လောတ၏ဇနီးကိုပင် ထိခိုက်ခဲ့သည်။ ယေဟောဝါသည် အာဗြဟံအား ဤသို့မိန့်တော်မူ၏– “သောဒုံမြို့၊ ဂေါမောရမြို့၌ကြွေးကြော်သောအသံသည်ကြီး၍ အလွန်အပြစ်လေး [သည်]။” (ကမ္ဘာဦး ၁၈:၂၀) ဖြောင့်မတ်သူတို့အဖို့အလို့ငှာ ထိုမြို့တို့ကိုချမ်းသာပေးရန် ယေဟောဝါအား အာဗြဟံတောင်းပန်ခဲ့သည်၊ သို့သော် ဖြောင့်မတ်သောသူဆယ်ယောက်မျှပင် ထိုတွင်ရှာမတွေ့နိုင်ကြောင်း ယေဟောဝါကြေညာတော်မူခဲ့သည်။ လောတနှင့် သူ၏သမီးနှစ်ယောက်ကို အနီးအနားရှိ ဇောရမြို့သို့လွတ်မြောက်ရန် ဘုရားသခင်အထံတော်မှလာသော ကောင်းကင်တမန်များက ကူညီပေးခဲ့ကြသည်။
၇ အဘယ်အရာဆက်၍ဖြစ်ပျက်သနည်း။ ကျွန်ုပ်တို့၏ “နောက်ဆုံးကာလ” ကိုလောတခေတ်နှင့်နှိုင်းယှဉ်ပြီး လုကာ ၁၇:၂၈-၃၀ တွင်မှတ်တမ်းတင်ထားသည်– “ထိုနည်းတူ၊ လောတလက်ထက်၌လူများတို့သည် စားသောက်ရောင်းဝယ်လျက်၊ စိုက်ပျိုးလျက်၊ အိမ်ဆောက်လျက်နေသကဲ့သို့လည်းကောင်း၊ လောတသည်သောဒုံမြို့မှထွက်သောနေ့၌ ကောင်းကင်မှကန့်နှင့်ရောသောမီးမိုးရွာ၍ ထိုလူအပေါင်းတို့ကို သုတ်သင်ပယ်ရှင်းသကဲ့သို့လည်းကောင်း၊ လူသားပေါ်ထွန်းသောနေ့၌ဖြစ်လိမ့်မည်။” ယေဟောဝါ၏ ထိုစိုးရွံ့ဖွယ်နေ့ရက်ဖြစ်သော သောဒုံနှင့်ဂေါမောရမြို့တို့၏ကြမ္မာဆိုးက ယေရှုရောက်ရှိနေတော်မူသော ဤအချိန်တွင်ရှိသည့် ကျွန်ုပ်တို့ကို ရှင်းလင်းပြတ်သားစွာ သတိပေးပါသည်။ မျက်မှောက်ခေတ်လူသားထုသည် “မတရားသောမေထုန်ကိုအလွန်ပြု၍၊ ကိုယ်ခင်ပွန်းမဟုတ်သောသူတို့နှင့်မှားယွင်းခြင်းအမှု၌ကျင်လည်” ခြင်းကိုလည်း ပြုခဲ့ကြပြီ။ (ယုဒ ၇) ထို့ပြင် ယခုခေတ်ကိုရည်စူးပြီး ယေရှုတင်ကူးဟောကြားတော်မူခဲ့သည့် များစွာသော “ကာလနာများပြားခြင်း” သည် ကျွန်ုပ်တို့ခေတ်၏ လိင်အကျင့်ယိုယွင်းမှုများကြောင့် ဖြစ်ချေပြီ။—လုကာ ၂၁:၁၁။
“လေဘွေ” ရိတ်သိမ်းသည့် ဣသရေလ
၈။ ဣသရေလလူမျိုးသည် ယေဟောဝါနှင့်ပြုသောပဋိညာဉ်ကို မည်သည့်အတိုင်းအတာအထိ စောင့်ထိန်းခဲ့သနည်း။
၈ အချိန်တန်သော် ယေဟောဝါသည် ဣသရေလလူမျိုးကို “အခြားသောလူမျိုးတကာတို့ထက် . . . ငါပိုင်ထိုက်သော ဘဏ္ဍာတော် . . . မင်းစည်းစိမ်ရှိသောယဇ်ပုရောဟိတ်မျိုး၊ သန့်ရှင်းသောလူမျိုး” ဖြစ်စေရန် ရွေးချယ်တော်မူ၏။ သို့သော် ယင်းသို့ဖြစ်ရန် ‘ကိုယ်တော့်စကားကိုအမှန်နားထောင်၍ ကိုယ်တော့်ပဋိညာဉ်ကိုစောင့်ရှောက်’ ခြင်းအပေါ်မူတည်ပါသည်။ (ထွက်မြောက်ရာ ၁၉:၅၊ ၆) ဤထူးမြတ်သောအခွင့်အရေးကို သူတို့တန်ဖိုးထားကြသလော။ ဝေးလေစွ! ထိုလူမျိုးမှသစ္စာရှိသူများဖြစ်ကြသော မောရှေ၊ ရှမွေလ၊ ဒါဝိဒ်၊ ယောရှဖတ်၊ ဟေဇကိ၊ ယောရှိ အစရှိသည့် သစ္စာနှံပရောဖက်များနှင့် ပရောဖက်မများသည် ကိုယ်တော်အား သစ္စာစောင့်သိစွာဝတ်ပြုခဲ့ကြသည်မှာ အမှန်ပင်။ သို့တိုင် လူမျိုးတစ်မျိုးလုံးအနေနှင့်မူ သစ္စာမရှိခဲ့ကြပါ။ အချိန်တန်သော် ထိုနိုင်ငံသည်—ဣသရေလနှင့် ယုဒဟူ၍—နှစ်ခြမ်းကွဲသွားသည်။ များသောအားဖြင့် နှစ်နိုင်ငံစလုံးသည် အိမ်နီးချင်းနိုင်ငံများ၏ အယူမှားသောကိုးကွယ်မှုနှင့် ဘုရားသခင်ကို မထီမဲ့မြင်ပြုသောထုံးစံများတွင် ကျော့မိခံခဲ့ကြသည်။—ယေဇကျေလ ၂၃:၄၉။
၉။ ပုန်ကန်သောဆယ်နွယ်နိုင်ငံကို ယေဟောဝါ မည်သို့တရားစီရင်တော်မူခဲ့သနည်း။
၉ ယေဟောဝါသည် အမှုကိစ္စများကို မည်သို့စီရင်တော်မူခဲ့သနည်း။ ကိုယ်တော်သည် အစဉ်အတိုင်းပင် အာမုတ်ဖော်ပြထားသည့် ဤမူနှင့်အညီ သတိပေးတော်မူ၏– “အကယ်စင်စစ် အရှင်ထာဝရဘုရားသည် မိမိကျွန်ပရောဖက်တို့အားမဖော်ပြဘဲ အဘယ်အမှုကိုမျှစီရင်တော်မမူ။” အာမုတ်ကိုယ်တိုင်က မြောက်ပိုင်းဣသရေလနိုင်ငံအတွက် အမင်္ဂလာတရားကို ဤသို့ကြွေးကြော်တော်မူခဲ့သည်– “သင်တို့သည် အဘယ်အကျိုးရှိကြလိမ့်မည်နည်း။ ထာဝရဘုရား၏နေ့ရက်သည် သင်တို့၌လင်းသည်မဟုတ်၊ အမိုက်ဖြစ်လိမ့်မည်။” (အာမုတ် ၃:၇; ၅:၁၈) ထို့ပြင် အာမုတ်၏ပရောဖက်ပြုဖက် ဟောရှေက ဤသို့ကြေညာခဲ့သည်– “လေမျိုးစေ့ကိုကြဲ၍ လေဘွေစပါးကိုရိတ်ကြလိမ့်မည်။” (ဟောရှေ ၈:၇) ဘီ.စီ.အီး. ၇၄၀ တွင် မြောက်ပိုင်းဣသရေလနိုင်ငံကို အစတုံးဖျက်ဆီးစေရန် အာရှုရိစစ်တပ်ကို ယေဟောဝါအသုံးပြုတော်မူခဲ့သည်။
အယူဖောက်ပြန်သောယုဒနိုင်ငံကို ယေဟောဝါစာရင်းရှင်းခြင်း
၁၀၊ ၁၁။ (က) ယုဒကိုခွင့်လွှတ်ရန် အဘယ်ကြောင့် ယေဟောဝါသဘောမတူသနည်း။ (ခ) အဘယ်ရွံရှာဖွယ်ရာများက တိုင်းပြည်ကိုယိုယွင်းစေခဲ့သနည်း။
၁၀ ယေဟောဝါသည် တောင်ပိုင်းယုဒနိုင်ငံသို့လည်း မိမိ၏ပရောဖက်များကို စေလွှတ်တော်မူ၏။ သို့တိုင် မနာရှေနှင့် သူ့ကိုဆက်ခံသည့် အာမုန်တို့ကဲ့သို့သော ယုဒရှင်ဘုရင်များသည် ကိုယ်တော့်ရှေ့တော်၌ ဆိုးသောအရာတို့ကို ဆက်၍ပြုလုပ်ခဲ့ကြပြီး ‘အပြစ်မရှိသောသူအများတို့ကို သတ်၍ ရုပ်ပုံတို့ကို ဝတ်ပြုကိုးကွယ်ကြ၏။’ အာမုန်၏သားတော်ယောရှသည် ယေဟောဝါ၏ရှေ့တော်မှောက်၌ ကောင်းသောအရာကိုပြုလုပ်ခဲ့သော်လည်း သူ့ကိုဆက်ခံသောဘုရင်များနှင့် ပြည်သားများသည် ဆိုးသွမ်းမှုတွင် တစ်ဖန်ပြန်၍နစ်မွန်းလာကြသောကြောင့် “အပြစ်များကို ထာဝရဘုရားသည် လွှတ်တော်မမူ။”—၄ ဓမ္မရာဇဝင် ၂၁:၁၆-၂၁; ၂၄:၃၊ ၄။
၁၁ ယေဟောဝါသည် မိမိ၏ပရောဖက်ယေရမိအားဖြင့် ဤသို့ကြေညာခဲ့သည်– “အံ့သြရွံရှာဖွယ်သောအမှုကို ပြည်တော်၌ပြုကြ၏။ ပရောဖက်တို့သည် မဟုတ်မမှန်ဟောပြောကြ၏။ ယဇ်ပုရောဟိတ်တို့သည်ဝန်ခံ၍ အစိုးရကြ၏။ ထိုသို့သောအမှုကိုငါ၏လူတို့သည်နှစ်သက်ကြ၏။ ထိုအမှုဆုံးသောအခါ သင်တို့သည်အဘယ်သို့ပြုကြလိမ့်မည်နည်း။” ယုဒနိုင်ငံသည် သွေးသွန်းမှုကိုအကြီးအကျယ်ကျူးလွန်ပြီး ပြည်သားများသည် သူ့ဥစ္စာကိုခိုးလျက်၊ သူ့အသက်ကိုသတ်လျက်၊ သူ့မယားကိုပြစ်မှားလျက်၊ မဟုတ်မမှန်ဘဲကျိန်ဆိုလျက်၊ အခြားဘုရားများကိုကိုးကွယ်လျက်၊ အခြားရွံရှာဖွယ်အရာများကိုပြုလျက်နေခဲ့ကြသည်။ ဘုရားသခင်၏ဗိမာန်တော်သည် “ဓားပြတွင်း” ဖြစ်နေပေပြီ။—ယေရမိ ၂:၃၄; ၅:၃၀၊ ၃၁; ၇:၈-၁၂။
၁၂။ ဖောက်ပြန်သောယေရုရှလင်ကိုဒဏ်ပေးရန် ယေဟောဝါ မည်သို့ပြုတော်မူသနည်း။
၁၂ ယေဟောဝါက ဤသို့ကြေညာတော်မူခဲ့သည်– “ကြီးစွာသောပျက်စီးခြင်းဘေးဥပဒ်ကိုမြောက်မျက်နှာ [ခါလဒဲ] မှငါသည်ဆောင်ခဲ့မည်။” (ယေရမိ ၄:၆) သို့ဖြင့် ဖောက်ပြန်သောယေရုရှလင်နှင့် ၎င်း၏ဗိမာန်တော်ကိုတိုက်ခိုက်ရန် ထိုအချိန်က “မြေတစ်ပြင်လုံးကိုရိုက်နှက်သောသံတူ” ဖြစ်သည့် ကမ္ဘာ့အာဏာစက် ဗာဗုလုန်ကိုခေါ်ဆောင်တော်မူခဲ့သည်။ (ယေရမိ ၅၀:၂၃) မြို့တော်သည် ဘီ.စီ.အီး. ၆၀၇ တွင်ပြင်းထန်စွာဝန်းရံခံရပြီးနောက် တန်ခိုးကြီးသော နေဗုခဒ်နေဇာ၏စစ်တပ်ကြီးလက်ထဲကျရှုံးခဲ့သည်။ “[ထို့နောက် ဗာဗုလုန်ရှင်ဘုရင်သည်] ရိဗလမြို့မှာ ဇေဒကိ [မင်း၏] သားတို့ကို အဘမျက်မှောက်၌သတ်လေ၏။ ယုဒမှူးမတ်အပေါင်းတို့ကိုလည်းသတ်လေ၏။ ဇေဒကိမျက်စိကိုလည်းဖောက်ပြီးမှ၊ သူ့ကို ကြေးဝါကြိုးနှင့်ချည်နှောင်လေ၏။ ခါလဒဲလူတို့သည်လည်း နန်းတော်နှင့်ဆင်းရဲသားအိမ်တို့ကိုမီးရှို့၍၊ မြို့ရိုးကိုဖြိုဖျက်ကြ၏။ ထိုအခါ ကိုယ်ရံတော်မှူးနေဗုဇာရဒန်သည် မြို့ထဲမှာကျန်ကြွင်းသောသူ၊ ခါလဒဲလူဘက်သို့ကူးသွားနှင့်သောသူ၊ ကျန်ကြွင်းသမျှသောသူတို့ကို ဗာဗုလုန်မြို့သို့သိမ်းသွားလေ၏။”—ယေရမိ ၃၉:၆-၉။
၁၃။ ဘီ.စီ.အီး. ၆၀၇၊ ယေဟောဝါ၏နေ့ရက်တွင် မည်သူများ ကယ်တင်ခံရကြသနည်း၊ အဘယ်ကြောင့်နည်း။
၁၃ အမှန်ပင် ကြောက်မက်ဖွယ်နေ့ရက်ပါတကား! သို့တိုင် မီးလျှံကဲ့သို့သောတရားစီရင်ခြင်းမှလွတ်မြောက်သူများတွင် ယေဟောဝါအား နာခံမှုပြသူအနည်းငယ်ပါဝင်သည်။ ယင်းတွင် ယုဒအမျိုးသားများနှင့်ဆန့်ကျင်ကာ နှိမ့်ချမှုနှင့် နာခံမှုစိတ်ဓာတ်တင်ပြခဲ့သော ဣသရေလလူမျိုးမဟုတ်သည့် ရေခပ်အမျိုးသားများပါဝင်ပါသည်။ ထို့ပြင် ကယ်တင်ခံရသူများထဲတွင် မြေတွင်းတွင် သေရမည့်အဖြစ်မှ ယေရမိကိုကယ်လွှတ်ပေးခဲ့သူ သစ္စာရှိဧဗဒမေလက်နှင့် ယေရမိ၏ သစ္စာစောင့်သိသည့်စာရေးတော် ဗာရုတ်တို့ပါဝင်သည်။ (ယေရမိ ၃၅:၁၈၊ ၁၉; ၃၈:၇-၁၃; ၃၉:၁၅-၁၈; ၄၅:၁-၅) ထိုသို့သောသူများကို ယေဟောဝါက ဤသို့မိန့်တော်မူခဲ့သည်– “ငါသည် သင်တို့ကိုအကျိုးနည်းစေခြင်းငှာကြံစည်သောအကြံမဟုတ်ဘဲ၊ သင်တို့မျှော်လင့်သောအကျိုးကိုရမည်အကြောင်း၊ ငြိမ်ဝပ်စေခြင်းငှာသာ၊ သင်တို့အဖို့ကြံစည်သောအကြံတို့ကိုငါသိ၏။” ဘုရားသခင်ကိုကြောက်ရွံ့သောဂျူးများသည် ဗာဗုလုန်နိုင်ငံကိုအောင်မြင်နိုင်သူ ဘုရင်ကုရုအားဖြင့် လွတ်မြောက်ကြပြီး ယေရုရှလင်မြို့နှင့် ဗိမာန်တော်ကိုပြန်လည်တည်ဆောက်ရန် ပြန်လာကြချိန် ဘီ.စီ.အီး. ၅၃၉ တွင် ထိုကတိတော်သည် အသေးစားပြည့်စုံခဲ့သည်။ ယနေ့ ဗာဗုလုန်ဘာသာတရားမှလွက်မြောက်လာပြီး ယေဟောဝါ၏စင်ကြယ်သောဝတ်ပြုရေးကို ပြန်လည်တည်ထောင်သူများသည် ယေဟောဝါ၏ပြန်လည်တည်ထောင်ထားသောပရဒိသုတွင် ထာဝရငြိမ်သက်ခြင်းဆိုင်ရာ မြင့်မြတ်ထည်ဝါသောအနာဂတ်ကို အလားတူမျှော်ကိုးနိုင်ကြပါသည်။—ယေရမိ ၂၉:၁၁; ဆာလံ ၃၇:၃၄; ဗျာဒိတ် ၁၈:၂၊ ၄။
ပထမရာစု “ကြီးစွာသောဒုက္ခ”
၁၄။ ယေဟောဝါသည် ဣသရေလလူမျိုးကို အဘယ်ကြောင့် အစဉ်ငြင်းပယ်တော်မူသနည်း။
၁၄ စီ.အီး. ပထမရာစုအချိန်ကို အာရုံစိုက်ကြည့်ကြစို့။ ထိုအချိန်တွင် ပြည်တော်ပြန်ဂျူးများသည် အယူဖောက်ပြန်မှုသို့ တစ်ဖန်ဆင်းသက်ခဲ့ကြပြန်သည်။ ယေဟောဝါသည် မိမိ၏တစ်ပါးတည်းသောသားတော်၊ ဘိသိက်ပေးခံရသူ၊ သို့မဟုတ် မေရှိယကို မြေကြီးပေါ်သို့စေလွှတ်တော်မူခဲ့သည်။ ယေရှုသည် စီ.အီး. ၂၉ မှ ၃၃ အတွင်း ဣသရေလပြည်တစ်လျှောက်လုံးသို့သွား၍ “နောင်တရကြလော့။ ကောင်းကင်နိုင်ငံတော်သည် တည်လုနီးပြီ” ဟုဟောပြောတော်မူခဲ့သည်။ (မဿဲ ၄:၁၇) ထို့ပြင်၊ ကိုယ်တော်သည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကြွေးကြော်ရာတွင် သူနှင့်အတူပါဝင်ရန် တပည့်တော်များကိုစုသိမ်းကာ လေ့ကျင့်ပေးတော်မူခဲ့သည်။ ဂျူးအုပ်စိုးရှင်များက မည်သို့တုံ့ပြန်ခဲ့ကြသနည်း။ ယေရှုကိုပုတ်ခတ်ပြောဆိုကာ နောက်ဆုံးတွင် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် ကိုယ်တော်အား ပြင်းထန်သောဝေဒနာနှင့်သေဆုံးစေသော ဆိုးရွားသောရာဇဝတ်မှုကို ပြုကြလေသည်။ ယေဟောဝါသည် ဂျူးများကို မိမိ၏လူမျိုးတော်အဖြစ်မှ အဆက်ဖြတ်လိုက်တော်မူသည်။ ယခု ထိုလူမျိုးကိုငြင်းပယ်ခြင်းသည် အစဉ်ဖြစ်သည်။
၁၅။ နောင်တယူသောဂျူးများသည် အဘယ်အမှုကို ဆောင်ရွက်ခွင့်ရရှိခဲ့ကြသနည်း။
၁၅ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် ရှင်ပြန်ထမြောက်ပြီးသော ယေရှုသည် သန့်ရှင်းသောဝိညာဉ်တော်ကိုသွန်းလောင်းပေးတော်မူပြီး ယင်းက မိမိ၏တပည့်တော်များအား မနှောင့်မနှေးစုဝေးခဲ့ကြသည့် ဂျူးများနှင့် ဘာသာပြောင်းဝင်လာသူများအား ဘာသာစကားအမျိုးမျိုးဖြင့်ပြောဆိုကြရန် တန်ခိုးကိုရရှိစေခဲ့သည်။ လူအုပ်အား တမန်တော်ပေတရုက ဤသို့ကြေညာခဲ့သည်– “ထိုယေရှုကိုဘုရားသခင်ထမြောက်စေတော်မူသည်ကို ငါတို့ရှိသမျှသည် သက်သေခံဖြစ်ကြ၏။ . . . ထို့ကြောင့်သင်တို့သည် လက်ဝါးကပ်တိုင်မှာကွပ်မျက်သောယေရှုကို ဘုရားသခင်သည်ခရစ်တော်အရာ၌လည်းကောင်း၊ အစိုးရသောအရှင်အရာ၌လည်းကောင်း ခန့်ထားတော်မူသည်အကြောင်းကို ဣသရေလအမျိုးသားအပေါင်းတို့ အတပ်အမှန်သိမှတ်ကြလော့။” စိတ်ရိုးမှန်သောဂျူးများက မည်သို့တုံ့ပြန်ကြသနည်း။ “စိတ်နှလုံးပူပန်ခြင်းရှိ၍” သူတို့အပြစ်များကိုနောင်တယူကြကာ နှစ်ခြင်းခံခဲ့ကြသည်။ (တမန်တော် ၂:၃၂-၄၁) ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းကို အရှိန်မြှင့်တင်ခဲ့ရာ နှစ်ပေါင်း ၃၀ အတွင်းတွင် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့” ထံယင်းသတင်း ရောက်ရှိခဲ့လေသည်။—ကောလောသဲ ၁:၂၃။
၁၆။ ဇာတိဣသရေလလူမျိုးကို တရားစီရင်ချက်ချမှတ်ရန် အဖြစ်အပျက်များကို ယေဟောဝါ မည်သို့စီမံတော်မူခဲ့သနည်း။
၁၆ ယခုတွင် ယေဟောဝါငြင်းပယ်တော်မူခဲ့သော ဇာတိဣသရေလလူမျိုးအပေါ် စီရင်ချက်ချမှတ်ရန် ကိုယ်တော်၏အချိန်တိုင်ပြီဖြစ်သည်။ ထိုစဉ်က သိရှိခဲ့ကြသော ကမ္ဘာတစ်ခွင် တိုင်းနိုင်ငံများမှ ထောင်ပေါင်းများစွာသောသူများသည် ခရစ်ယာန်အသင်းတော်သို့စုသိမ်းခံခဲ့ကြရပြီဖြစ်ပြီး ဝိညာဉ်ရေးဆိုင်ရာ “ဘုရားသခင်၏ဣသရေလအမျိုး” အဖြစ် ဘိသိက်ပေးခံခဲ့ကြရလေပြီ။ (ဂလာတိ ၆:၁၆) သို့ပင်ငြားလည်း ထိုအချိန်ကဂျူးများသည် မုန်းတီးမှုနှင့် ဂိုဏ်းဂဏအစွဲကိုအရင်းခံသော အကြမ်းဖက်မှုလမ်းစဉ်အတွင်း နစ်မြုပ်နေကြသည်။ ပေါလုရေးသားခဲ့သည့် ‘အထက်အာဏာပိုင်များကို လက်အောက်ခံခြင်း’ နှင့်ဆန့်ကျင်ပြီး သူတို့သည် ၎င်းတို့အပေါ်အုပ်ချုပ်သော ရောမအာဏာစက်ကို ပြောင်ပြောင်တင်းတင်းပုန်ကန်ခဲ့ကြသည်။ (ရောမ ၁၃:၁) ယေဟောဝါသည် ဖြစ်ပျက်ခဲ့သည့်အရာများကို ကိုင်တွယ်လုပ်ဆောင်ခဲ့ပုံရသည်။ စီ.အီး. ၆၆ ခုနှစ်တွင် ဗိုလ်ချူပ်ဂဲလပ်စ်ဦးဆောင်မှုအောက်တွင် ရောမတပ်မဟာသည် ယေရုရှလင်ကိုဝန်းရံပိတ်ဆို့ရန် ချီတက်ခဲ့ကြသည်။ တိုက်ခိုက်လာကြသော ရောမတို့သည် ဗိမာန်တော်တံတိုင်းအောက်ခြေကို တူးသည်အထိ မြို့တော်တွင်းသို့ ထိုးဖောက်ဝင်ရောက်လာခဲ့ကြသည်။ ဂျိုစီဖတ်စ်၏ သမိုင်းမှတ်တမ်းများအရ မြို့တော်နှင့်ပြည်သားများအတွက် အမှန်ပင်ဆင်းရဲခြင်းဖြစ်ခဲ့သည်။a သို့သော် တိုက်ခိုက်နေကြသော စစ်သားများသည် ရုတ်တရတ်တပ်ဆုတ်ခဲ့သည်။ ယင်းက မဿဲ ၂၄:၁၅၊ ၁၆ တွင်မှတ်တမ်းတင်ထားသော ကိုယ်တော်၏ပရောဖက်ပြုချက်ပါ သတိပေးတိုက်တွန်းချက်အတိုင်း ယေရှု၏တပည့်တော်များ “တောင်ပေါ်သို့ပြေးကြ” ရန်အခွင့်ရရှိစေခဲ့သည်။
၁၇၊ ၁၈။ (က) အဘယ်ဆင်းရဲခြင်းအားဖြင့် ဂျူးများကို ယေဟောဝါတရားစီရင်တော်မူခဲ့သနည်း။ (ခ) အဘယ်သူသည် ‘ကယ်တင်ခြင်းခံရ’ ပြီး ယင်းက အဘယ်အရာ၏ အရိပ်နိမိတ်ဖြစ်သနည်း။
၁၇ သို့ရာတွင် ဆင်းရဲခံရချိန်၏အထွတ်အထိပ်ဖြစ်သော ယေဟောဝါ၏တရားစီရင်ခြင်းပြီးပြည့်စုံခြင်းမှာမူ ရောက်လာရန်ကျန်ရှိနေသေးသည်။ စီ.အီး. ၇၀ တွင် ဗိုလ်ချုပ်တိတုဦးဆောင်သော ရောမတပ်မဟာကြီးသည် တိုက်ခိုက်ရန် ပြန်ရောက်လာသည်။ ဤအကြိမ်တိုက်ပွဲကား အပြီးအပိုင်တိုက်ပွဲပင်တည်း! အချင်းချင်းအထဲ၌ပင် စစ်ပွဲဆင်နွှဲခဲ့ကြသောဂျူးများသည် ရောမများကို မယှဉ်ပြိုင်နိုင်ကြချေ။ မြို့တော်နှင့် ၎င်း၏ဗိမာန်တော်ကား ဖြိုလှဲဖျက်ဆီးခံခဲ့ရသည်။ ကြုံလှီပိန်ချုံးနေသည့်ဂျူး တစ်သန်းကျော်သည် ဆင်းရဲခြင်းခံစားခဲ့ကြရကာ သေဆုံးသွားပြီး ရုပ်ကလာပ် ၆၀၀,၀၀၀ ခန့်ကို မြို့တံခါးအပြင်ဘက်သို့ စွန့်ပစ်ခဲ့ကြသည်။ မြို့တော်ကျရှုံးပြီးနောက် ဂျူး ၉၇,၀၀၀ သည် ဖမ်းဆီးခေါ်ဆောင်ခြင်းခံရကြပြီး နောက်ပိုင်းတွင် ခုတ်သတ်ဖြတ်သည့်ဖျော်ဖြေပွဲများတွင် သေဆုံးသွားကြရသည်။ စင်စစ်ဆိုရလျှင် ယောဒန်မြစ်အလွန်တွင်ရှိ တောင်တန်းများဆီသို့ထွက်ပြေးခဲ့ကြသော နာခံမှုရှိသည့် ခရစ်ယာန်များသာလျှင် ထိုဆင်းရဲခြင်းကာလအတွင်း ကယ်တင်ခံရကြသည်။—မဿဲ ၂၄:၂၁၊ ၂၂; လုကာ ၂၁:၂၀-၂၂။
၁၈ သို့ဖြင့် “ဤကပ်ကမ္ဘာကုန်သောပုဗ္ဗ [ရှေ့ပြေး] နိမိတ်” နှင့်စပ်လျဉ်းသော ယေရှု၏မဟာပရောဖက်ပြုချက်သည် ပထမအကြိမ်ပြည့်စုံခဲ့ရာ စီ.အီး. ၆၆-၇၀ ခုနှစ်တွင် ပုန်ကန်သောဂျူးအမျိုးသားများကို ဒဏ်စီရင်သည့် ယေဟောဝါ၏နေ့ရက်ဖြင့် အထွတ်အထိပ်တိုင်ခဲ့သည်။ (မဿဲ ၂၄:၃-၂၂) သို့တိုင် ယင်းသည် ကမ္ဘာတစ်ခုလုံးကိုလွှမ်းမိုးသွားမည့် နောက်ဆုံးဆင်းရဲခြင်းဖြစ်သော “ထာဝရဘုရား၏ [“ယေဟောဝါ၏လာမည့်၊” ကဘ] ကြောက်မက်ဖွယ်သောနေ့ကြီး” ၏အရိပ်နိမိတ်သာလျှင်ဖြစ်သည်။ (ယောလ ၂:၃၁) သင်သည် မည်သို့ “ကယ်တင်တော်မူခြင်း” ခံရမည်နည်း။ နောက်ဆောင်းပါးက ပြောပြပါလိမ့်မည်။
ပြန်လည်သုံးသပ်ရန်မေးခွန်းများ
◻ “သခင်ဘုရားနေ့” သည် “ယေဟောဝါ၏နေ့ရက်” နှင့် မည်သို့ဆက်နွှယ်သနည်း။
◻ နောဧခေတ်ကိုသုံးသပ်ရာ အဘယ်သတိပေးချက်ကို ကျွန်ုပ်တို့ နာယူသင့်သနည်း။
◻ သောဒုံနှင့်ဂေါမောရမြို့သည် မည်သို့ ဩဇာတန်ခိုးပါသော သင်ခန်းစာပေးသနည်း။
◻ ပထမရာစု “ကြီးစွာသောဆင်းရဲခြင်း” ၌မည်သူတို့ကယ်တင်ခံခဲ့ကြရသနည်း။
[အောက်ခြေမှတ်ချက်များ]
a တိုက်ခိုက်ကြသော ရောမများသည် မြို့ကိုဝန်းရံပြီး တံတိုင်းတစ်စိတ်တစ်ပိုင်းကိုတူး၍ ယေဟောဝါ၏ဗိမာန်တော်ဂိတ်တံခါးကို မီးရှို့ရန်အစပြုနေကြောင်း ဂျိုစီဖတ်စ်က ပြန်ပြောင်းပြောပြသည်။ ယင်းက သေရတော့မည်ကို သိမြင်နိုင်ကြသော အထဲတွင်ပိတ်မိနေသည့် များစွာသောဂျူးများအတွက် ထိတ်လန့်ကြောက်ရွံ့ဖွယ်ရာဖြစ်စေခဲ့သည်။—ဂျူးတို့၏စစ်ပွဲများ၊ စာအုပ် ၂၊ အခန်း ၁၉။
[စာမျက်နှာ ၁၅ ပါ ရုပ်ပုံ]
ယေဟောဝါသည် နောဧနှင့်လောတတို့၏ မိသားစုများအပြင် ဘီ.စီ.အီး. ၆၀၇ နှင့် စီ.အီး. ၇၀ တို့တွင်လည်း ကယ်လွှတ်ပေးတော်မူခဲ့