ကယ်တင်ခြင်းအတွက် လူသိရှင်ကြားကြေညာခြင်း
“ယေဟောဝါ၏နာမတော်ကို . . . [ဆုတောင်း] သောသူရှိသမျှတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလတ္တံ့။”—ရောမ ၁၀:၁၃၊ ကဘ။
၁။ သမိုင်းတစ်လျှောက် အဘယ်သတိပေးချက်များပေးခဲ့သနည်း။
သမိုင်းက ‘ယေဟောဝါ၏နေ့ရက်’ အတော်များများကို ဖော်ပြထားသည်။ နောဧခေတ်ရေလွှမ်းမိုးခြင်း၊ သောဒုံနှင့်ဂေါမောရမြို့ပျက်သုဉ်းခြင်း၊ ဘီ.စီ.အီး. ၆၀၇ နှင့် စီ.အီး. ၇၀ တွင်ယေရုရှလင်မြို့ပျက်စီးခြင်းတို့သည် ကြီးမြတ်၍ အလွန်ကြောက်မက်ဖွယ်ကောင်းသော ယေဟောဝါ၏နေ့ရက်များဖြစ်ခဲ့ပါသည်။ ယင်းတို့သည် ယေဟောဝါကိုပုန်ကန်သောသူများအပေါ် အပြစ်ဒဏ်စီရင်သောနေ့ရက်များဖြစ်ခဲ့ပါသည်။ (မာလခိ ၄:၅; လုကာ ၂၁:၂၂) ထိုနေ့ရက်များအတွင်း များစွာသောသူတို့သည် ၎င်းတို့၏ဆိုးသွမ်းမှုများကြောင့် ဖျက်ဆီးခံခဲ့ရကြသည်။ သို့သော် အချို့မူကား ကပ်ကျော်ခဲ့ကြသည်။ ယေဟောဝါသည် သတိပေးချက်များကိုပေးကာ ကျရောက်လုဆဲကပ်ဆိုးကြီးအကြောင်း အသိပေးပြီး နှလုံးဖြောင့်မှန်သူများကို ကယ်တင်ခြင်းရရန် အခွင့်အရေးပေးတော်မူခဲ့သည်။
၂၊ ၃။ (က) ပင်တေကုတ္တေပွဲနေ့တွင် အဘယ်ပရောဖက်ပြုသတိပေးချက်ကို ကိုးကားဖော်ပြခဲ့သနည်း။ (ခ) စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့မှစ၍ ယေဟောဝါ၏နာမတော်ကိုဆုတောင်းရာတွင် အဘယ်အရာလိုအပ်ခဲ့သနည်း။
၂ ဤအတွက် စီ.အီး. ၇၀၊ ယေရုရှလင်မြို့ပျက်စီးခြင်းသည် ထူးခြားသောပုံနမူနာတစ်ခုဖြစ်သည်။ နှစ်ပေါင်း ၉၀၀ နီးပါးမျှကြို၍ တင်ကူးဟောကြားထားသည့် ထိုအဖြစ်အပျက်ကို ပရောဖက်ယောလက ဤသို့ရေးသားခဲ့သည်– “မိုးကောင်းကင်၌လည်းကောင်း၊ မြေကြီးပေါ်၌လည်းကောင်း၊ အံ့ဖွယ်သောအရာတည်းဟူသော သွေး၊ မီးလျှံ၊ မီးခိုးတိုင်တို့ကိုငါပြမည်။ ထာဝရဘုရား၏ကြောက်မက်ဖွယ်သောနေ့ကြီးမတိုင်မီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်း သွေးဖြစ်လိမ့်မည်။” ထိုသို့သော ကြောက်လန့်ဖွယ်အချိန်အခါကို မည်သူကပ်ကျော်နိုင်မည်နည်း။ မှုတ်သွင်းခံရလျက် ယောလက ဤသို့ရေးသားခဲ့သည်– “ထိုအခါ ထာဝရဘုရားကို [ဆုတောင်း] သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။ အကြောင်းမူကား၊ ထာဝရဘုရားမိန့်တော်မူသည်အတိုင်း ဇိအုန်တောင်၊ ယေရုရှလင်မြို့၌၊ ထာဝရဘုရားခေါ်တော်မူသောသူအကျန်အကြွင်းတို့အဖို့ ကယ်တင်ခြင်းအခွင့်ရှိရလတ္တံ့။”—ယောလ ၂:၃၀-၃၂။
၃ စီ.အီး. ၃၃ ပင်တေကုတ္တေပွဲနေ့တွင် တမန်တော်ပေတရုသည် ဂျူးလူအုပ်နှင့် ယေရုရှလင်ရှိ ဘာသာပြောင်းဝင်လာသူများကိုဟောပြောခဲ့စဉ် ယောလ၏ ဤပရောဖက်ပြုချက်ကိုကိုးကားလျက် ယင်းသည် သူတို့အချိန်တွင် ပြည့်စုံရန်မျှော်လင့်နိုင်ကြောင်း မိမိ၏ပရိသတ်အား ပြသခဲ့သည်– “အထက်မိုးကောင်းကင်၌ အံ့ဖွယ်သောအရာတို့ကိုလည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌သွေး၊ မီးလျှံ၊ မီးခိုးတည်းဟူသောပုဗ္ဗ [ရှေ့ပြေး] နိမိတ်တို့ကိုလည်းကောင်း ငါပြမည်။ ထာဝရဘုရား၏ထူးမြတ်သောနေ့ကြီးမတိုင်မီ၊ နေသည်မှောင်မိုက်အတိဖြစ်လိမ့်မည်။ လသည်လည်းသွေးဖြစ်လိမ့်မည်။ ထိုအခါထာဝရဘုရားကို ပတ္ထနာပြုသောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်ရကြလတ္တံ့။” (တမန်တော် ၂:၁၆-၂၁) ပေတရု၏စကားကိုနားထောင်ခဲ့ကြသော လူအုပ်ကြီးဝင်အပေါင်းသည် မောရှေပညတ်အောက်တွင်ရှိကြရာ ယေဟောဝါ၏နာမတော်ကို သူတို့သိရှိထားကြပါသည်။ ယခုမှစ၍ ယေဟောဝါ၏နာမတော်ကို ဆုတောင်းခြင်းတွင် ထိုထက်မကပါဝင်ကြောင်း ပေတရုက ရှင်းပြခဲ့သည်။ ထူးခြားသည်ကား ၎င်းတွင် အသေသတ်ခြင်းခံရပြီးနောက် မသေနိုင်သော ကောင်းကင်အသက်တာသို့ထမြောက်တော်မူခဲ့သည့် ယေရှုခရစ်၏နာမ၌ဗတ္တိဇံခံခြင်းပါဝင်မှုဖြစ်သည်။—တမန်တော် ၂:၃၇၊ ၃၈။
၄။ ခရစ်ယာန်များသည် အဘယ်သတင်းစကားကို အနှံ့အပြားကြေညာခဲ့ကြသနည်း။
၄ ပင်တေကုတ္တေပွဲနေ့မှစ၍ ခရစ်ယာန်များသည် ရှင်ပြန်ထမြောက်ခဲ့သူ ယေရှုနှင့်ပတ်သက်သည့် သတင်းစကားကို ဖြန့်ကြသည်။ (၁ ကောရိန္သု ၁:၂၃) လူသားများသည် ယေဟောဝါဘုရားသခင်၏ဝိညာဉ်ရေးသားများအဖြစ် မွေးစားခံရနိုင်ကြောင်း၊ အသစ်သော “ဘုရားသခင်၏ဣသရေလ” တွင်ပါဝင်နိုင်ကြောင်း၊ ယင်းဝိညာဉ်ရေးလူမျိုးသည် ‘ယေဟောဝါ၏ဂုဏ်ကျေးဇူးတော်များကိုကြေညာ’ ကြလိမ့်မည်ဖြစ်ကြောင်းကို သူတို့သိရှိစေခဲ့ကြသည်။ (ဂလာတိ ၆:၁၆; ၁ ပေတရု ၂:၉) သေသည့်တိုင်သစ္စာရှိသူများသည် ယေရှုနှင့်အတူ အမွေခံဖက်များအဖြစ် ကိုယ်တော်၏ကောင်းကင်နိုင်ငံတော်တွင် မသေနိုင်သောကောင်းကင်အသက်တာကို အမွေခံကြမည်ဖြစ်သည်။ (မဿဲ ၂၄:၁၃; ရောမ ၈:၁၅၊ ၁၆; ၁ ကောရိန္သု ၁၅:၅၀-၅၄) ထို့ပြင် ဤခရစ်ယာန်များသည် ယေဟောဝါ၏ ရောက်လာတော့မည့် ကြီးမြတ်၍ ကြောက်မက်ဖွယ်ကောင်းသောနေ့ရက်ကို ကြွေးကြော်ကြရမည်ဖြစ်သည်။ သူတို့သည် ဂျူးလောကအား ထိုအချိန်အထိ ယေရုရှလင်မြို့နှင့် ဘုရားသခင့်လူမျိုးဟုဆိုသူများအပေါ် ကျရောက်ခဲ့သော မည်သည့်ဘေးသင့်မှုထက်ကိုမဆို သာလွန်သည့်ဆင်းရဲခြင်းကို တွေ့ကြုံကြရလိမ့်မည်ဖြစ်ကြောင်း သတိပေးကြရမည်ဖြစ်သည်။ သို့သော်လည်း ကပ်ကျော်မည့်သူများ ရှိပါလိမ့်မည်။ မည်သူတို့နည်း။ ယေဟောဝါ၏နာမတော်ကို ဆုတောင်းသူများဖြစ်ကြသည်။
“နောက်ဆုံးအချိန်၌”
၅။ ယနေ့ အဘယ်ပရောဖက်ပြုချက်ပြည့်စုံမှုများ ဖြစ်ပျက်နေသနည်း။
၅ ထိုစဉ်ကအခြေအနေများသည် ယနေ့ကျွန်ုပ်တို့တွေ့မြင်နေရသည့်အရာများကို နည်းများစွာဖြင့် ပုံတင်ပြခဲ့သည်။ ၁၉၁၄ ခုနှစ်ကတည်းက လူသားများသည် ‘အမှုကုန်ချိန် [“ဆုံးခန်းချိန်၊” ကဘ]’၊ ‘ဤကပ်ကမ္ဘာကုန်သောအချိန် [“စနစ်ဆုံးခန်း၊” ကဘ] နှင့် “နောက်ဆုံးအချိန်” အဖြစ် ကျမ်းစာ၌ရည်ညွှန်းထားသော အထူးအချိန်ကာလတွင် အသက်ရှင်နေကြပါသည်။ (ဒံယေလ ၁၂:၁၊ ၄; မဿဲ ၂၄:၃-၈; ၂ တိမောသေ ၃:၁-၅၊ ၁၃၊ ကဘ) ကျွန်ုပ်တို့၏ရာစုနှစ်တွင် ရက်စက်သောစစ်ပွဲများ၊ မထိန်းချုပ်နိုင်သော အကြမ်းဖက်မှု၊ လူ့အဖွဲ့အစည်းနှင့် ဝန်းကျင်ယိုယွင်းပျက်စီးမှုတို့က ကျမ်းစာပရောဖက်ပြုချက်၏ပြည့်စုံမှုကို ထူးခြားစွာ မှတ်သားဖော်ပြပါသည်။ ယင်းတို့အားလုံးသည် ယေရှုပရောဖက်ပြုထားသော ပုဗ္ဗ [ရှေ့ပြေး] နိမိတ်တွင်ပါဝင်ပြီး လူသားအပေါင်းသည် ယေဟောဝါ၏ အလွန်ကြောက်မက်ဖွယ် နောက်ဆုံးအပြီးသတ်နေ့ရက်ကို တွေ့ကြုံကြရတော့မည်ဖြစ်ကြောင်း ညွှန်ပြပါသည်။ ယင်းသည် “ကမ္ဘာဦးမှစ၍မဖြစ်စဖူး နောင်၌လည်းမဖြစ်လတ္တံ့သော ကြီးစွာသောဒုက္ခ” ၏အထွတ်အထိပ်ဖြစ်သော အာမဂေဒုန်စစ်ပွဲတွင် အဆုံးတိုင်မည်ဖြစ်သည်။—မဿဲ ၂၄:၂၁; ဗျာဒိတ် ၁၆:၁၅။
၆။ (က) ယေဟောဝါသည် စိတ်နှိမ့်ချသောသူများကိုကယ်တင်ရန် မည်သို့လုပ်ဆောင်တော်မူခဲ့ပြီနည်း။ (ခ) ကပ်ကျော်နိုင်ပုံနှင့်ပတ်သက်သော ပေါလု၏အကြံပြုချက်ကို မည်သည့်နေရာတွင်တွေ့နိုင်သနည်း။
၆ ဖျက်ဆီးခြင်းနေ့ရက် နီးသည်ထက်နီးကပ်လာသည်နှင့်အမျှ စိတ်နှိမ့်ချသူများ၏ကယ်တင်ခြင်းအတွက် ယေဟောဝါလုပ်ဆောင်ပေးနေတော်မူသည်။ ကိုယ်တော်သည် ဤ “ဆုံးခန်းချိန်” အတွင်း ဘုရားသခင်၏ဝိညာဉ်ရေးဆိုင်ရာ ဣသရေလလူများမှ နောက်ဆုံးကျန်ကြွင်းသူများကိုစုသိမ်းပြီးဖြစ်၍ ၁၉၃၀ ပြည့်လွန်နှစ်များမှစ၍ မိမိ၏မြေကြီးကျေးကျွန်များအား “အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ ထွက်၍၊ အဘယ်သူမျှမရေမတွက်နိုင်သော လူများအပေါင်းတို့” ကိုစုသိမ်းစေခြင်းအပေါ် အာရုံစိုက်စေတော်မူခဲ့ပြီ။ ဤသူတို့သည် အုပ်စုတစ်စုအနေဖြင့် အသက်ရှင်၍ “ကြီးစွာသောဆင်းရဲဒုက္ခထဲက” အရှင်လတ်လတ် “ထွက်မြောက်” လာကြပါသည်။ (ဗျာဒိတ် ၇:၉၊ ၁၄) သို့သော် တစ်ဦးစီအနေဖြင့် မည်သို့ ကျိန်းသေကပ်ကျော်နိုင်မည်နည်း။ တမန်တော်ပေါလုက ဖြေဆိုပေးပါသည်။ ကပ်ကျော်ရန်အတွက် အလွန်ကောင်းသောသွန်သင်ချက်ကို ရောမအခန်းကြီး ၁၀ တွင် သူဖော်ပြပေးပါသည်။ ၎င်းသည် သူ၏ခေတ်တွင်သက်ဆိုင်ခဲ့သကဲ့သို့ ကျွန်ုပ်တို့အချိန်တွင်လည်း ထပ်၍သက်ဆိုင်ပါသည်။
ကယ်တင်ခြင်းအတွက် ဆုတောင်းချက်
၇။ (က) အဘယ်မျှော်လင့်ချက်ကို ရောမ ၁၀:၁၊ ၂ တွင်ဖော်ပြထားသနည်း။ (ခ) ယေဟောဝါသည် ယခု “သတင်းကောင်း” ကို အဘယ်ကြောင့် သာ၍တိုးချဲ့ဟောပြောစေနိုင်တော်မူသနည်း။
၇ ရောမကျမ်းကို ပေါလုရေးခဲ့ချိန်တွင် လူမျိုးတော်အဖြစ်မှ ဣသရေလလူမျိုးကို ယေဟောဝါငြင်းပယ်တော်မူပြီးဖြစ်သည်။ သို့တိုင် တမန်တော်က ဤသို့အခိုင်အမာပြောဆိုခဲ့သည်– “ဣသရေလလူတို့သည် ကယ်တင်တော်မူခြင်းသို့ရောက်စေခြင်းငှာ၊ ငါ၏စေတနာအလိုရှိ၍ ဘုရားသခင်ကိုဆုတောင်းလေ့ရှိ၏။” သူ၏မျှော်လင့်ချက်မှာ ဂျူးတစ်ဦးချင်းစီအနေဖြင့် ဘုရားသခင့်အလိုတော်နှင့်ဆိုင်သည့် တိကျမှန်ကန်သောအသိပညာကိုရရှိခြင်းအားဖြင့် ကယ်တင်ခြင်းရစေရန်ဖြစ်သည်။ (ရောမ ၁၀:၁၊ ၂) ထို့ပြင် “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟုယောဟန် ၃:၁၆ တွင်ဖော်ပြထားသည့်အတိုင်း ယုံကြည်ခြင်းတင်ပြကြသော တစ်ကမ္ဘာလုံးရှိလူသားများကို ယေဟောဝါသည် ကယ်တင်ခြင်းရရှိစေလိုတော်မူ၏။ ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာသည် ထိုမြင့်မြတ်သောကယ်တင်ခြင်းလမ်းကို ဖွင့်ပေးခဲ့ပါသည်။ နောဧခေတ်နှင့် ယင်းနောက် အခြားတရားစီရင်ရာနေ့များတွင်ကဲ့သို့ ယေဟောဝါသည် “သတင်းကောင်း” ကိုကြွေးကြော်စေခဲ့ကာ ကယ်တင်ခြင်းလမ်းကို ပြညွှန်ပေးတော်မူ၏။—မာကု ၁၃:၁၀၊ (ကဘ) ၁၉၊ ၂၀။
၈။ ပေါလု၏ပုံနမူနာအတိုင်း စစ်မှန်သောခရစ်ယာန်များသည် ယနေ့ မည်သူတို့အား စေတနာစိတ်တင်ပြနေကြသနည်း၊ မည်သို့အားဖြင့်နည်း။
၈ ပေါလုသည် ဂျူးနှင့်တစ်ပါးအမျိုးသားနှစ်မျိုးစလုံးအပေါ် မိမိ၏စိတ်စေတနာရှိကြောင်း တင်ပြလျက် အခွင့်အရေးရတိုင်း ဟောပြောခဲ့သည်။ သူသည် “ယုဒလူနှင့်ဟေလသလူတို့ကို ဖြားယောင်းသွေးဆောင်လေ၏။” ဧဖက်ရှိအကြီးအကဲများကို သူက ဤသို့ပြောခဲ့သည်– “သင်တို့အကျိုးပြုစုရာ တစ်စုံတစ်ခုကိုမျှငါမထိမ်မဝှက်။ လူစုဝေးရာ၌လည်းကောင်း၊ အိမ်များ၌လည်းကောင်း၊ သင်တို့အားဟောပြော၍ ဆုံးမသြဝါဒပေးသဖြင့်၊ ဘုရားသခင်ရှေ့တော်၌ နောင်တရခြင်းတရားကိုလည်းကောင်း၊ ငါတို့သခင်ယေရှုခရစ်ကိုယုံကြည်ခြင်းတရားကိုလည်းကောင်း၊ ယုဒလူ၊ ဟေလသလူတို့အား သက်သေခံသည်အကြောင်းအရာကို သင်တို့သိကြ၏။” (တမန်တော် ၁၈:၄; ၂၀:၂၀၊ ၂၁) ထပ်တူစွာပင် ယနေ့ယေဟောဝါသက်သေများသည် ခရစ်ယာန်ဟုအခေါ်ခံသူများထံတွင်သာမက လူအားလုံးထံတွင် “မြေကြီးစွန်းတိုင်အောင်” ဟောပြောခြင်းဖြင့် သာ၍အသုံးတော်ခံနေကြပါသည်။—တမန်တော် ၁:၈; ၁၈:၅။
“ယုံကြည်ခြင်း ‘တရား’” ကိုဝန်ခံခြင်း
၉။ (က) အဘယ်ယုံကြည်ခြင်းမျိုးရှိရန် ရောမ ၁၀:၈၊ ၉ ကအားပေးထားသနည်း။ (ခ) ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သည့်အချိန်တွင် မည်သို့ဝန်ခံသင့်သနည်း။
၉ ကယ်တင်ခြင်းရဖို့အတွက် တည်ကြည်သောယုံကြည်ခြင်းလိုအပ်ပါသည်။ တရားဟောရာ ၃၀:၁၄ ကိုကိုးကားလျက် ပေါလုက ဤသို့ကြေညာခဲ့သည်– “‘တရားတော်သည်သင်နှင့်နီး၏။ သင်၏နှုတ်၌လည်းကောင်း၊ သင်၏နှလုံး၌လည်းကောင်းရှိသည်ဟုဆို၏။’ ထိုသို့ဆိုသော်၊ ငါတို့ဟောသောယုံကြည်ခြင်း ‘တရား’ ကိုဆိုလိုသတည်း။” (ရောမ ၁၀:၈) ထို “ယုံကြည်ခြင်း ‘တရား’” ကိုကျွန်ုပ်တို့ဟောပြောကြစဉ် ယင်းသည် ကျွန်ုပ်တို့၏နှလုံးတွင် သာ၍စွဲကျန်ရစ်လာပါသည်။ ပေါလုနှင့်ပတ်သက်၍လည်း ထိုသို့ပင်ဖြစ်ခဲ့ပြီး သူ၏ထပ်ဆင့်စကားများက ထိုယုံကြည်ခြင်းတရားကို အခြားသူများအားဝေငှရာတွင် ပေါလုနည်းတူဖြစ်လိုသော ကျွန်ုပ်တို့၏သန္နိဋ္ဌာန်ကို ခိုင်မြဲစေနိုင်ပါသည်– “သင်သည် သခင်ယေရှုကို ‘နှုတ်ဖြင့်ဝန်ခံ’ ၍၊ ဘုရားသခင်သည် သူ့ကိုသေခြင်းမှထမြောက်စေတော်မူပြီဟု စိတ်နှလုံးထဲ၌ယုံကြည်လျှင်၊ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်။” (ရောမ ၁၀:၉) ယင်းသည် နှစ်ခြင်းခံသည့်အချိန်၌ အခြားသူများရှေ့မှောက်တွင် ဝန်ခံရုံမျှသာမဟုတ်ဘဲ သမ္မာတရား၏မြင့်မြတ်သော အပိုင်းကဏ္ဍအားလုံးအကြောင်း လူထုရှေ့ ဇွဲရှိရှိသက်သေခံခြင်းဖြင့် အဆက်မပြတ်ပြုသော ဝန်ခံခြင်းဖြစ်ရမည်။ ထိုသို့သော သမ္မာတရားသည် ပိုင်သအုပ်စိုးရှင်ယေဟောဝါ၏နာမတော်မြတ်အပေါ်; ကျွန်ုပ်တို့၏ဘုရင်နှင့်ရွေးနုတ်ရှင် သခင်ယေရှုခရစ်အပေါ်နှင့် ထည်ဝါသော ဘုရားသခင့်နိုင်ငံတော်၏ ကတိတော်များအပေါ် အာရုံစူးစိုက်စေပါသည်။
၁၀။ ရောမ ၁၀:၁၀၊ ၁၁ နှင့်အညီ ဤ “ယုံကြည်ခြင်း ‘တရား’” ကိုမည်သို့ကိုင်တွယ်ရမည်နည်း။
၁၀ တမန်တော်က “ဖြောင့်မတ်ရာသို့ရောက်ခြင်းငှာ စိတ်နှလုံးဖြင့်ယုံကြည်ရ၏။ ကယ်တင်ခြင်းသို့ရောက်ခြင်းငှာ နှုတ်ဖြင့်ဝန်ခံရ၏။ ကျမ်းစာလာသည်ကား၊ ‘ထိုကျောက်ကိုအမှီပြုသောသူမည်သည်ကား၊ ရှက်ကြောက်ခြင်းမရှိနိုင်ရာ’ ဟုလာသတည်း” ဟူ၍ဆက်ဖော်ပြထားရာ ဤ “ယုံကြည်ခြင်း ‘တရား’” ကိုလက်မခံ၊ မကျင့်သုံးသောသူ မည်သူမျှ ကယ်တင်ခြင်းရမည်မဟုတ်ပါ။ (ရောမ ၁၀:၁၀၊ ၁၁) ဤ “ယုံကြည်ခြင်း ‘တရား’” ၏တိကျမှန်ကန်သောအသိပညာကိုရယူပြီး အခြားသူများကိုပြောပြရန် လှုံ့ဆော်ခံရစေဖို့ ၎င်းကို ကျွန်ုပ်တို့၏နှလုံးတွင် ဆက်လက်ပြုစုပျိုးထောင်ပေးရမည်။ ယေရှုကိုယ်တော်တိုင်က ကျွန်ုပ်တို့ကို ဤသို့သတိပေးတော်မူ၏– “မျောက်မထားသောဤလူမျိုးဆိုးတွင် အကြင်သူသည်ငါ့ကိုလည်းကောင်း၊ ငါ့စကားကိုလည်းကောင်းရှက်၏၊ လူသားသည်မိမိအဘခမည်းတော်၏ ဘုန်းအာနုဘော်ကိုဆောင်လျက်၊ သန့်ရှင်းသောကောင်းကင်တမန်အခြံအရံတို့နှင့် ကြွလာသောအခါ ထိုသူကိုရှက်တော်မူလတ္တံ့။”—မာကု ၈:၃၈။
၁၁။ သတင်းကောင်းကို မည်သည့်အတိုင်းအတာအထိ ကြွေးကြော်ရမည်နည်း၊ အဘယ်ကြောင့်နည်း။
၁၁ ပရောဖက်ဒံယေလ တင်ကူးဟောပြောခဲ့သည့်အတိုင်း ဘုရားသခင့်နိုင်ငံတော်အကြောင်း သက်သေခံခြင်းသည် မြေကြီးစွန်းတိုင်အောင် ပျံ့နှံ့သွားစဉ် ဤဆုံးခန်းချိန်တွင် “ပညာရှိသောသူတို့သည်” “ကောင်းကင်မျက်နှာကြက်၏အရောင်အဝါကဲ့သို့” ထွန်းလင်းနေကြသည်ကို တွေ့ရှိရ၏။ သူတို့သည် “လူအများတို့ကိုဖြောင့်မတ်ခြင်းတရားလမ်းထဲသို့သွင်း” နေကြပြီး ယေဟောဝါသည် ဆုံးခန်းချိန်နှင့်ပတ်သက်သောပရောဖက်ပြုချက်များကို ပိုရှင်းလင်းသည်ထက် ရှင်းလင်းစေတော်မူသောကြောင့် စစ်မှန်သောအသိပညာသည် အမှန်ပင် တိုးပွားကြွယ်ဝလာပါသည်။ (ဒံယေလ ၁၂:၃၊ ၄) သမ္မာတရားနှင့် ဖြောင့်မတ်ခြင်းကိုချစ်မြတ်နိုးသူအားလုံးကပ်ကျော်ရန်အတွက် ဤကယ်တင်ခြင်းသတင်းစကားသည် မရှိမဖြစ်အရေးကြီးသည်။
၁၂။ ဗျာဒိတ် ၁၄:၆ တွင်ဖော်ပြထားသည့် ကောင်းကင်တမန်၏လုပ်ငန်းတာဝန်နှင့် ရောမ ၁၀:၁၂ သည် မည်သို့ဆက်နွှယ်သနည်း။
၁၂ တမန်တော်ပေါလုက ဤသို့ဆက်ပြောသည်– “ယုဒအမျိုး၊ ဟေလသအမျိုးကိုမရွေး၊ လူအပေါင်းတို့ကိုအစိုးရသောအရှင်တစ်ပါးတည်းရှိ၍၊ ကိုယ်တော်ကို [ဆုတောင်း] သောသူအပေါင်းတို့၌ ကျေးဇူးကြွယ်ဝတော်မူ၏။” (ရောမ ၁၀:၁၂) ယနေ့ “သတင်းကောင်း” ကိုကမ္ဘာတစ်ခွင်လုံး—လူအားလုံးထံ၊ မြေကြီးစွန်းတိုင်အောင်—သာ၍ပင်ကျယ်ပြန့်စွာ ဟောပြောရမည်ဖြစ်သည်။ ဗျာဒိတ် ၁၄:၆ ပါကောင်းကင်တမန်သည် ကောင်းကင်အလယ်၌ဆက်၍ပျံဝဲလျက်ရှိပြီး “မြေကြီးပေါ်မှာနေသောသူတည်းဟူသော အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အား ထာဝရဧဝံဂေလိတရားကိုဟော” ပြောရန် ကျွန်ုပ်တို့ကို တာဝန်အပ်နှင်းထားပါသည်။ ယင်းက တုံ့ပြန်သူများအပေါ် မည်သို့အကျိုးဖြစ်ထွန်းမည်နည်း။
ယေဟောဝါ၏နာမတော်ကို ဆုတောင်းခြင်း
၁၃။ (က) ကျွန်ုပ်တို့၏ ၁၉၉၈ နှစ်ချုပ်ကျမ်းချက်ကား အဘယ်နည်း။ (ခ) ၎င်းကျမ်းချက်သည် ယနေ့ အဘယ်ကြောင့် အသင့်လျော်ဆုံးဖြစ်သနည်း။
၁၃ ယောလ ၂:၃၂ ကိုကိုးကားလျက် ပေါလုက ဤသို့ကြေညာသည်– “ယေဟောဝါ၏နာမတော်ကို [ဆုတောင်း] သောသူရှိသမျှတို့သည် ကယ်တင်ခြင်းသို့ရောက်ကြလတ္တံ့။” (ရောမ ၁၀:၁၃၊ ကဘ) ယင်းကို ၁၉၉၈ ခုနှစ်၊ ယေဟောဝါသက်သေများ၏ နှစ်ချုပ်ကျမ်းချက်အဖြစ် ရွေးချယ်ထားသည့်အတွက် မည်မျှသင့်လျော်ပါသည်တကား! ယေဟောဝါအားကိုးစားလျက် ကိုယ်တော်၏နာမတော်နှင့် ၎င်းကိုကိုယ်စားပြုသည့် မြင့်မြတ်သောရည်ရွယ်တော်မူချက်များကို သိရှိစေခြင်းငှာ ရှေ့သို့တိုးရန် တစ်ခါနှင့်မျှမတူအောင် ပိုမိုအရေးကြီးနေသည်တကား! ပထမရာစုတွင်ကဲ့သို့ပင် လက်ရှိယိုယွင်းသောအစီအစဉ်စနစ်ဆိုး၏ နောက်ဆုံးကာလတွင်လည်း ဤကြွေးကြော်သံသည် ဆက်၍ပဲ့တင်ထပ်နေပါသည်– “သဘောမဖြောင့်သောဤအမျိုးမှ ကယ်တင်ခြင်းသို့ရောက်ကြလော့။” (တမန်တော် ၂:၄၀) ယင်းသည် ကမ္ဘာတစ်ဝန်းရှိ ဘုရားသခင်ကိုကြောက်ရွံ့သောသူအပေါင်းနှင့် သူတို့၏ လူထုရှေ့သတင်းကောင်းကြေညာခြင်းကို နားထောင်သောသူများသည် ကယ်တင်ခြင်းရရှိရန် ယေဟောဝါ၏နာမကို ဆုတောင်းကြဖို့ တံပိုးခရာမှုတ်ပြီး ဖိတ်ခေါ်နေသကဲ့သို့ဖြစ်သည်။—၁ တိမောသေ ၄:၁၆။
၁၄။ ကယ်တင်ခြင်းရဖို့အတွက် မည်သည့်ကျောက်ကို ကျွန်ုပ်တို့ ဆုတောင်းရမည်နည်း။
၁၄ ဤကမ္ဘာပေါ်တွင် ယေဟောဝါ၏နေ့ရက်ကြီးကျရောက်သောအခါ အဘယ်အရာဖြစ်ပျက်မည်နည်း။ အများစုသည် ကယ်တင်ခြင်းရဖို့အတွက် ယေဟောဝါအား မျှော်ကိုးလိမ့်မည်မဟုတ်ပါ။ ယေဘုယျအားဖြင့် လူသားများသည် “တောင်များ၊ ကျောက်များတို့ကိုခေါ်လျက်၊ ‘ငါတို့အပေါ်သို့ကျကြပါ။ ပလ္လင်ပေါ်မှာထိုင်တော်မူသောသူ၏မျက်နှာနှင့် သိုးသငယ်၏အမျက်တော်ကို ကွယ်ကာ၍၊ ငါတို့ကိုဖုံးအုပ်ကြပါ’” ဟုပြောဆိုကြလိမ့်မည်။ (ဗျာဒိတ် ၆:၁၅၊ ၁၆) သူတို့၏မျှော်ကိုးရာသည် တောင်များပမာဖြစ်သော ဤအစီအစဉ်စနစ်၏အဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များဖြစ်ကြသည်။ သို့သော် ကျောက်တကာတို့တွင် အကြီးမြတ်ဆုံးသောကျောက်၊ ယေဟောဝါဘုရားသခင်အား ယုံကြည်ကိုးစားမည်ဆိုပါက မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း! (တရားဟောရာ ၃၂:၃၊ ၄) ကိုယ်တော့်အကြောင်း ဒါဝိဒ်မင်းကြီးက ဤသို့ဆိုသည်– “ထာဝရဘုရားသည် ငါ၏ကျောက်၊ ငါ၏မြို့ရိုး၊ ငါ့ကိုကယ်လွှတ်သောသခင် . . . ဖြစ်တော်မူ၏။” ယေဟောဝါသည် “ကယ်တင်ခြင်းသို့ရောက်ရာကျောက်” ဖြစ်တော်မူ၏။ (ဆာလံ ၁၈:၂; ၉၅:၁) ကိုယ်တော့်နာမတော်သည် “ခိုင်ခံ့သောရဲတိုက်” ဖြစ်ပြီး လာမည့်အကျပ်အတည်းအတွင်း ဤ “ရဲတိုက်” တစ်ခုတည်းကသာလျှင် ကျွန်ုပ်တို့ကို အကာအကွယ်ပေးနိုင်စွမ်းရှိသည်။ (သု. ၁၈:၁၀) ထို့ကြောင့် သန်းပေါင်းခြောက်ထောင်နီးပါးရှိသော ယနေ့လူသားများမှ လူများနိုင်သမျှများစွာတို့သည် သစ္စာရှိရှိနှင့် စိတ်ရင်းမှန်ဖြင့် ယေဟောဝါ၏နာမကိုဆုတောင်းကြဖို့ သင်ကြားခံရရန်အရေးကြီးသည်။
၁၅။ ယုံကြည်ခြင်းနှင့်စပ်လျဉ်း၍ ရောမ ၁၀:၁၄ က အဘယ်အရာဖော်ပြသနည်း။
၁၅ သင့်လျော်စွာပင် တမန်တော်ပေါလုက ဤသို့ဆက်မေးသည်– “သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့ [ဆုတောင်း] နိုင်မည်နည်း။” (ရောမ ၁၀:၁၄) ကယ်တင်ခြင်းရဖို့အတွက် ယေဟောဝါအား [ဆုတောင်း] ရန်အလို့ငှာ “ယုံကြည်ခြင်း ‘တရား’” ကိုသူတို့၏ကိုယ်ပိုင်ဖြစ်စေရန် ကူညီပေးခြင်းမခံရသေးသူမြောက်မြားစွာရှိသည်။ ယုံကြည်ခြင်းသည် အလွန်ပင်အရေးကြီးသည်။ ပေါလုက အခြားစာစောင်တစ်စောင်တွင် ဤသို့ဆိုသည်– “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း၊ ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) သို့သော်လည်း သန်းနှင့်ချီသောသူများသည် ဘုရားသခင်ကို မည်သို့ယုံကြည်လာကြမည်နည်း။ ရောမကျမ်းစာစောင်တွင် ပေါလုက ဤသို့မေးသည်– “သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။” (ရောမ ၁၀:၁၄) သူတို့ကြားရရန်အတွက် ယေဟောဝါစီမံပေးပါသလော။ ကိုယ်တော်စီမံပေးသည်မှာ မလွဲဧကန်ပင်! ပေါလုဆက်ပြောသောစကားကို နားဆင်ကြည့်ပါ– “ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။”
၁၆။ မြင့်မြတ်သောအစီအစဉ်တွင် ဟောပြောသူများ အဘယ်ကြောင့် မရှိမဖြစ်လိုအပ်သနည်း။
၁၆ ဟောပြောသူများလိုကြောင်း ပေါလု၏အချေအတင်ပြောဆိုသောစကားမှ သိရှိရသည်။ “ကပ်ကမ္ဘာကုန်သည်တိုင်အောင်” ဤသို့ဖြစ်မည်ဟု ယေရှုဖော်ပြတော်မူခဲ့သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၈-၂၀) ဟောပြောခြင်းသည် ကယ်တင်ခံရဖို့အလို့ငှာ ယေဟောဝါ၏နာမတော်ကိုဆုတောင်းကြရန် လူတို့ကိုကူညီပေးဖို့အတွက် မြင့်မြတ်သောအစီအစဉ်၏ မရှိမဖြစ်သောကဏ္ဍတစ်ခုဖြစ်ပါသည်။ ခရစ်ယာန်ဘောင်မှအများစုကပင် ဘုရားသခင်၏နာမတော်မြတ်ကိုဂုဏ်တင်ရန် မည်သည့်အရာကိုမျှမပြုလုပ်ကြချေ။ လူအများသည် မရှင်းပြနိုင်သော သုံးပါးတစ်ဆူအယူဝါဒတွင် ယေဟောဝါကို အခြားလက္ခဏာနှစ်ခုနှင့် ရောထွေးလိုက်ကြသည်။ ထို့ပြင် လူအများသည် ဆာလံ ၁၄:၁ နှင့် ၅၃:၁ တွင်ဖော်ပြထားသော ဤလူတန်းစားတွင် ပါဝင်နေကြသည်– “ဘုရားသခင်မရှိဟု မိုက်သောသူသည်ထင်တတ်၏။” ယေဟောဝါသည် အသက်ရှင်တော်မူသောဘုရားသခင်ဖြစ်ကြောင်းကို သူတို့သိရှိရန်လိုသည့်အပြင် လာမည့်ကြီးစွာသောဆင်းရဲခြင်းတွင် မပျက်စီးဘဲ ကယ်တင်ခံရရန် ကိုယ်တော်၏နာမတော် ကိုယ်စားပြုသည့်အရာအားလုံးကို သူတို့သဘောပေါက်နားလည်ကြရမည်ဖြစ်သည်။
ဟောပြောသူများ၏ ‘တင့်တယ်သောခြေ’
၁၇။ (က) ပြန်လည်ထူထောင်ခြင်း ပရောဖက်ပြုချက်ကို ပေါလုကိုးကားခြင်းသည် အဘယ်ကြောင့် သင့်တော်သနည်း။ (ခ) ‘တင့်တယ်သောခြေ’ ရှိခြင်းတွင် အဘယ်အရာပါဝင်သနည်း။
၁၇ တမန်တော်ပေါလုတွင် ပို၍အရေးကြီးသည့် မေးခွန်းတစ်ခုရှိသေးသည်– “လူကိုမစေလွှတ်လျှင် အဘယ်သို့ဟောပြောနိုင်မည်နည်း။ ထိုသို့နှင့်အညီ ကျမ်းစာလာသည်ကား၊ ‘ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်း၊ ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ခြေတို့သည် အလွန်တင့်တယ်စွတကား’ ဟုလာသတည်း။” (ရောမ ၁၀:၁၅) ဤတွင် ပေါလုသည် ဟေရှာယ ၅၂:၇ ကိုကိုးကားထားသည်၊ ယင်းသည် ၁၉၁၉ ခုနှစ်မှစ၍ သက်ဆိုင်သော ပြန်လည်ထူထောင်ခြင်းပရောဖက်ပြုချက်အဝင်ဖြစ်သည်။ ယနေ့ “ငြိမ်သက်ခြင်း၏ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူ၊ ကယ်တင်ခြင်းကောင်းကျိုးချမ်းသာ၏ ဝမ်းမြောက်စရာသတင်းကိုကြားပြောသောသူ” တို့ကို နောက်တစ်ဖန် ယေဟောဝါစေလွှတ်တော်မူ၏။ နာခံမှုရှိစွာဖြင့် ဘုရားသခင်၏ဘိသိက်ခံ “ကင်းစောင့်” နှင့် သူတို့၏အပေါင်းပါများသည် ရွှင်လန်းသောအသံနှင့်ကြွေးကြော်ကြ၏။ (ဟေရှာယ ၅၂:၇၊ ၈) ယနေ့ တစ်အိမ်မှတစ်အိမ်သွား၍ ကယ်တင်ခြင်းသတင်းကြွေးကြော်သူတို့၏ခြေသည် မောပန်းလာနိုင်ပြီး ဖုန်များပေကျံနေမည်ဖြစ်သော်လည်း သူတို့၏မျက်နှာထားများသည် ရွှင်လန်းနေပါသည်တကား! ငြိမ်သက်ခြင်းသတင်းကောင်းကို ကြွေးကြော်ရန်နှင့် စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာ သူတို့ကို ယေဟောဝါတာဝန်ပေးအပ်ထားကြောင်း သူတို့သိရှိကြပြီး ဤသူတို့သည် ကယ်တင်ခြင်းရနိုင်ရန် ယေဟောဝါ၏နာမကိုဆုတောင်းကြဖို့ ကူညီပေးနေကြပါသည်။
၁၈။ သတင်းကောင်းကြေညာခြင်း၏ နောက်ဆုံးရလဒ်နှင့်စပ်လျဉ်း၍ ရောမ ၁၀:၁၆-၁၈ ကအဘယ်အရာကိုပြောသနည်း။
၁၈ လူတို့သည် “အကျွန်ုပ်တို့ဟောပြောသောသတင်းတရားကို . . . ယုံ” သည်ဖြစ်စေ၊ မနာခံရန်ရွေးချယ်သည်ဖြစ်စေ ပေါလု၏စကားသည် မှန်ကန်ပါသည်– “လူအပေါင်းတို့သည်မကြားရကြပြီလော။ အမှန်ကြားရကြပြီ။ ‘သူတို့၏အသံသည် မြေတစ်ပြင်လုံး၌နှံ့ပြား၍၊ သူတို့၏စကားသည် မြေကြီးစွန်းတိုင်အောင်ရောက်လေပြီ’ ဟုငါဆို၏။” (ရောမ ၁၀:၁၆-၁၈) ကိုယ်တော်၏ဖန်ဆင်းခြင်းလက်ရာတော်များတွင် ထင်ရှားသည့် ‘ဘုရားသခင်၏ဘုန်းအသရေတော်ကို မိုးကောင်းကင်သည် ကြားပြော’ သကဲ့သို့ ကမ္ဘာပေါ်ရှိ ကိုယ်တော့်သက်သေများသည် “ထာဝရဘုရား၏မင်္ဂလာနှစ်နှင့်၊ ငါတို့ဘုရားသခင်အပြစ်ပေးတော်မူရာနေ့ရက်ကာလကို ကြားပြောစေခြင်းငှာလည်းကောင်း၊ စိတ်မသာညည်းတွားသောသူတို့အား နှစ်သိမ့်စေခြင်းငှာလည်းကောင်း” ကြွေးကြော်ကြရမည်ဖြစ်သည်။—ဆာလံ ၁၉:၁-၄; ဟေရှာယ ၆၁:၂။
၁၉။ ယနေ့ ‘ယေဟောဝါ၏နာမတော်ကိုဆုတောင်း’ သောသူများသည် အဘယ်အကျိုးရရှိကြလိမ့်မည်နည်း။
၁၉ ကြီးမြတ်၍ ကြောက်မက်ဖွယ်ကောင်းသော ယေဟောဝါ၏နေ့ရက်သည် အနီးကပ်ဆုံးသို့ချဉ်းကပ်နေပေပြီ။ “ထိုနေ့ရက်ကြောင့် အမင်္ဂလာရှိ၏။ ထာဝရဘုရား၏နေ့ရက်နီးပြီ။ အနန္တတန်ခိုးရှင်ဖျက်ဆီးခြင်းဘေးကဲ့သို့ရောက်လာလိမ့်မည်။” (ယောလ ၁:၁၅; ၂:၃၁) ကျွန်ုပ်တို့၏ဆုတောင်းချက်မှာ သာ၍များပြားသောသူတို့သည် သတင်းကောင်း၏အရေးတကြီးဖြစ်မှုကို တုံ့ပြန်ကြကာ ယေဟောဝါ၏အဖွဲ့အစည်းထဲသို့ စုပြုံလာကြဖို့ဖြစ်သည်။ (ဟေရှာယ ၆၀:၈; ဟဗက္ကုတ် ၂:၃) နောဧခေတ်၊ လောတခေတ်နှင့် အယူဖောက်ပြန်သော ဣသရေလနှင့်ယုဒနိုင်ငံတို့၏ခေတ်ကာလများတွင် ဆိုးယုတ်သူတို့အပေါ် ဖျက်ဆီးခြင်းသက်ရောက်ခဲ့သည့် ယေဟောဝါ၏အခြားနေ့ရက်များကို ပြန်ပြောင်းသတိရပါ။ ကျွန်ုပ်တို့သည် ဆင်းရဲခြင်းတကာတို့တွင် အကြီးဆုံးသောဆင်းရဲခြင်း၏နှုတ်ခမ်းဝတွင် ယခုရပ်နေကြပြီး ဤကမ္ဘာမြေပြင်ပေါ်မှ ဆိုးသွမ်းမှုများကို ရှင်းလင်းဖယ်ရှားကာ ထာဝရငြိမ်သက်ခြင်းပရဒိသုအတွက် လမ်းရှင်းပေးမည့် ယေဟောဝါ၏မုန်တိုင်းကျရောက်ချိန်ဖြစ်သည်။ သင်သည် သစ္စာရှိစွာဖြင့် “ယေဟောဝါ၏နာမတော်ကို ဆုတောင်းသော” သူတစ်ဦးဖြစ်ပါမည်လော။ သို့ဖြစ်လျှင် ဝမ်းမြောက်ပါလေ! သင်ကယ်တင်ခံရမည်ဖြစ်ကြောင်း ဘုရားသခင်ကိုယ်တော်တိုင်၏ကတိတော်ကို သင်ရရှိထားသည်။—ရောမ ၁၀:၁၃။
သင်မည်သို့ဖြေဆိုမည်နည်း
◻ စီ.အီး. ၃၃ ပင်တေကုတ္တေနောက်ပိုင်းတွင် အဘယ်အသစ်သောအရာများကို ကြွေးကြော်ခဲ့ကြသနည်း။
◻ ခရစ်ယာန်များသည် “ယုံကြည်ခြင်း ‘တရား’” ကိုမည်သို့အာရုံစိုက်သင့်သနည်း။
◻ ‘ယေဟောဝါ၏နာမတော်ကိုဆုတောင်းခြင်း’ သည် အဘယ်အရာကိုဆိုလိုသနည်း။
◻ အဘယ်သဘောမျိုးဖြင့် ဘုရားသခင့်နိုင်ငံတော်တမန်များသည် ‘တင့်တယ်သောခြေ’ ရှိကြသနည်း။
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ဘုရားသခင့်လူမျိုးတော်သည် ပွာတီရီကို၊ စီနီဂဲလ်၊ ပီရူး၊ ပါပူဝါနယူးဂီနီ—မှန်ပါသည်၊ ကမ္ဘာတစ်လွှားတွင် ကိုယ်တော်၏ဂုဏ်တော်များကို ကြေညာနေကြသည်