သူတို့ ယေဟောဝါ၏အလိုတော်ကို ဆောင်ရွက်ခဲ့ကြ
စစ်မှန်သောဘုရားသခင်ကို ဧလိယချီးမြှောက်
သူသည် ဣသရေလနိုင်ငံတွင် အလိုအရှိဆုံးသူတစ်ဦးဖြစ်ခဲ့သည်။ သူ့ကို ဘုရင်ကသာ ရှာတွေ့မည်ဆိုပါက အသတ်ခံရဖို့ ကျိန်းသေနီးပါးဖြစ်မည်။ ဤသို့လိုက်လံရှာဖွေခံနေရသူကား မည်သူနည်း။ ယေဟောဝါ၏ပရောဖက် ဧလိယပင်ဖြစ်သည်။
ဘုရင်အာဟပ်နှင့် အယူလွဲသည့်မယားယေဇဗေလတို့သည် ဣသရေလနိုင်ငံတွင် ဗာလဝတ်ပြုမှုကို ထွန်းကားစေခဲ့သည်။ ရလဒ်အနေနှင့်၊ ယေဟောဝါသည် ထိုတိုင်းပြည်အပေါ် ယခုလေးနှစ်ရှိပြီဖြစ်သော မိုးခေါင်မှုကို ဖြစ်ပေါ်စေခဲ့သည်။ ဒေါသအမျက်ထွက်နေသော ယေဇဗေလသည် ယေဟောဝါ၏ပရောဖက်တို့ကို သတ်ဖို့အမိန့်ထုတ်လိုက်သည်။ သို့ရာတွင် အာဟပ်သည် အထူးသဖြင့် ဧလိယကို သတ်ချင်သည်။ သုံးနှစ်ကျော်ကျော်အရင်က အာဟပ်ကို “ငါ့အခွင့်မရှိဘဲ အင်တန်ကာလပတ်လုံး မိုးမရွာ၊ နှင်းမကျရ!” ဟူ၍ပြောခဲ့သူမှာ ဧလိယပင်ဖြစ်သည်။ (၃ ဓမ္မရာဇဝင် ၁၇:၁) ဖြစ်ပေါ်လာသော မိုးခေါင်မှုသည် ဆက်လက်ဖြစ်နေတုန်းပင်ဖြစ်သည်။
ယင်းသို့ အန္တရာယ်ရှိသောအခြေအနေတွင် ယေဟောဝါသည် ဧလိယကို “အာဟပ်မင်းအား သွား၍ ကိုယ်ကိုပြလော့။ ငါသည်လည်း မြေပေါ်မှာမိုးရွာစေမည်” ဟုမိန့်တော်မူခဲ့၏။ ဧလိယကိုယ်တိုင် အကြီးအကျယ်အရဲစွန့်ကာ ယေဟောဝါ၏မိန့်မှာတော်မူချက်ကို နာခံခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၈:၁၊ ၂။
ရန်ဘက်နှစ်ဦးတွေ့ဆုံ
အာဟပ်သည် ဧလိယကို မြင်သောအခါ “သင်သည် ဣသရေလအမျိုးကို နှောင့်ယှက်သောသူမှန်သလော” ဟူ၍မေးသည်။ “ငါသည် ဣသရေလအမျိုးကို မနှောင့်ယှက်၊ သင်နှင့် သင့်အဆွေအမျိုးတို့သည် ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ပညတ်တရားကိုစွန့်၍ ဗာလဘုရားတို့ကို ဆည်းကပ်သဖြင့်၊ ဣသရေလအမျိုးတို့ကို နှောင့်ယှက်ကြပြီ” ဟုဧလိယက ရဲရဲရင့်ရင့်ပြန်ဖြေခဲ့၏။ ထို့နောက် ဧလိယသည် ‘ဗာလပရောဖက် လေးရာငါးဆယ်နှင့် အာရှရပရောဖက်လေးရာ’ အပါအဝင်ဣသရေလအမျိုးသားအပေါင်းတို့ကို ကရမေလတောင်ပေါ်တွင် စုဝေးစေဖို့ မှာကြားခဲ့သည်။ ထို့နောက် ဧလိယသည် လူအုပ်အား “သင်တို့သည် ဘာသာနှစ်ပါးစပ်ကြားမှာ အဘယ်မျှကာလပတ်လုံး ယုံမှားသောစိတ် [“ထော့ကျိုး၊” ယေရုရှလင်သမ္မာကျမ်းစာ] နှင့်နေကြလိမ့်မည်နည်း။a ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့။ ဗာလသည် ဘုရားသခင်မှန်လျှင် ထိုဘုရားကို ဆည်းကပ်ကြလော့” ဟုဆို၏။—၃ ဓမ္မရာဇဝင် ၁၈:၁၇-၂၁။
လူများတို့သည် တိတ်ဆိတ်လျက်ရှိကြသည်။ သူတို့သည် ယေဟောဝါအား အကြွင်းမဲ့ဆက်ကပ်အပ်နှံခြင်းကိုမပြုခဲ့သည့် မိမိတို့၏အပြစ်ကို အသိအမှတ်ပြုကောင်းပြုနေကြပေမည်။ (ထွက်မြောက်ရာ ၂၀:၄၊ ၅) သို့မဟုတ် သူတို့၏ကိုယ်ကိုကိုယ်သိသောစိတ်သည် ခိုင်မာနေလွန်းသဖြင့် ယေဟောဝါနှင့် ဗာလစပ်ကြား သူတို့၏သစ္စာစောင့်သိခြင်းကို ခွဲဝေပေးထားမှု၌ အပြစ်မရှိဟု ယူမှတ်နေကြပါလိမ့်မည်။ မည်သို့ပင်ဖြစ်ပါစေ၊ ဧလိယသည် နွားနှစ်ကောင်ယူလာဖို့—ဗာလပရောဖက်များအတွက်တစ်ကောင်၊ မိမိအတွက်တစ်ကောင်—လူတို့ကိုညွှန်ကြားခဲ့သည်။ နွားနှစ်ကောင်စလုံးကို ယဇ်ပူဇော်ရန် ပြင်ဆင်ရကြမည်ဖြစ်သော်လည်း မီးမညှိရကြချေ။ “သင်တို့သည် သင်တို့ဘုရား [သခင်] များ၏နာမကို ဟစ်ခေါ်ကြလော့။ ငါလည်း ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏နာမကို ဟစ်ခေါ်မည်။ မီးဖြင့်ထူးတော်မူသောဘုရားသခင်သည် ဘုရားသခင်မှန်ပါစေဟု” ဧလိယကဆိုသည်။—၃ ဓမ္မရာဇဝင် ၁၈:၂၃၊ ၂၄။
ယေဟောဝါကို ချီးမြှောက်ကြ
ဗာလပရောဖက်များသည် “ကိုယ်တည်သောယဇ်ပလ္လင်ရှေ့မှာ ကခုန်” ခြင်းကိုစတင်ကြ၏။ “အိုဗာလဘုရား၊ အကျွန်ုပ်တို့အား ထူးတော်မူပါ!” ဟုတစ်မနက်လုံး ဟစ်ကြွေးကြသည်။ သို့ရာတွင် ဗာလမထူးခဲ့ပေ။ (၃ ဓမ္မရာဇဝင် ၁၈:၂၆) ထို့အခါ ဧလိယသည် သူတို့ကို မခံချိမခံသာအောင် ဤသို့ပြောဆိုခဲ့သည်– “ကျယ်သောအသံနှင့် ဟစ်ကြလော့။ ဗာလသည် ဘုရားသခင်ဖြစ်တော်မူ၏။” (၃ ဓမ္မရာဇဝင် ၁၈:၂၇) ဗာလပရောဖက်များသည် ဓား၊ သံစူးနှင့် ကိုယ့်ကိုယ်ကိုရှစေသည့်အထိပင် ပြုလုပ်ခဲ့ကြသည်—အယူလွဲသူများက မိမိတို့ဘုရားများ၏သနားစိတ်ကို နှိုးဆွသည့်အနေနှင့် မကြာခဏ ပြုလုပ်တတ်သော အလေ့အထတစ်ခုဖြစ်သည်။b—၃ ဓမ္မရာဇဝင် ၁၈:၂၈။
ယခု မွန်းလွဲချိန်ရောက်နေ၍ ဗာလကိုဝတ်ပြုသူများသည် ‘ပရောဖက်များကဲ့သို့ ပြုမူ’ လျက်နေကြ၏။ ဤစကားစု၏ရှေ့နောက်စကားက ချုပ်တည်းမှုမရှိ သွေးရူးသွေးတန်းပြုမူလုပ်ကိုင်သည့်သဘော သက်ရောက်စေသည်။ ညနေပိုင်းတွင် ဧလိယသည် လူအားလုံးအား “ငါ့အနီးသို့လာကြလော့” ဟုနောက်ဆုံး၌ ပြောဆိုခဲ့သည်။ ဧလိယသည် ယေဟောဝါ၏ယဇ်ပလ္လင်ကိုတည်ပြီးမှ ယင်းပတ်လည်၌ ကျုံးတစ်ခုကို တူးလေသည်။ နွားကိုအပိုင်းအပိုင်းဖြတ်ပြီးလျှင် မီးရှို့ရန် ထင်းကို ယဇ်ပလ္လင်ပေါ်မှာတင်ခဲ့သည့်အမှုအားလုံးတို့ကို လူတို့သည် စိတ်ဝင်တစားစောင့်ကြည့်နေကြသည်။ သို့ပြုပြီးနောက် နွား၊ ယဇ်ပလ္လင်နှင့် ထင်းတို့ကို လုံးဝစိုရွှဲသွားအောင် ရေနှင့်လောင်းချလိုက်ပြီး ကျုံးကိုရေအပြည့်ဖြည့်ခဲ့သည် (မြေထဲပင်လယ်မှ ရရှိခဲ့သောရေဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ)။ ထိုနောက် ဧလိယသည် ယေဟောဝါအား “ကိုယ်တော်သည် ဣသရေလအမျိုး၏ ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ အကျွန်ုပ်သည် ကိုယ်တော်၏ကျွန်ဖြစ်၍ အမိန့်တော်အတိုင်း ဤအမှုအလုံးစုံတို့ကို ပြုကြောင်းကိုလည်းကောင်း၊ ယနေ့သိကြပါစေသော။ အိုထာဝရ [“ယေဟောဝါ၊” ကဘ] ဘုရား၊ ကိုယ်တော်သည် ထာဝရအရှင်ဘုရားသခင်ဖြစ်တော်မူကြောင်းကိုလည်းကောင်း၊ ဤလူတို့စိတ်သဘောကို ပြောင်းလဲစေတော်မူကြောင်းကိုလည်းကောင်း၊ သူတို့သည် သိစေခြင်းငှာ အကျွန်ုပ်စကားကို နားထောင်တော်မူပါ။ နားထောင်တော်မူပါဟု” ဆုတောင်းလေ၏။—၃ ဓမ္မရာဇဝင် ၁၈:၂၉-၃၇။
ရုတ်တရက် ကောင်းကင်မှမီးကျလာပြီး “မီးရှို့ရာယဇ်အစရှိသောထင်း၊ ကျောက်၊ မြေမှုန့်ကိုလောင်၍ ကျုံး၌ရှိသောရေကိုလည်းခန်းခြောက်စေ၏။” စောင့်ကြည့်နေသောလူတို့သည် ချက်ချင်းပျပ်ဝပ်လျက် “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်ဘုရားသခင်မှန်ဖြစ်တော်မူ၏! ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည်ဘုရားသခင်မှန်ဖြစ်တော်မူ၏!” ဟူ၍ဝန်ခံကြသည်။ ဧလိယအမိန့်အတိုင်း ဗာလပရောဖက်တို့ကို ဖမ်းဆီး၍ သူတို့ကို ကွပ်မျက်ရန် ဒလဟောစီးဆင်းနေသည့် ကိရှုန်ချောင်းသို့ ခေါ်ဆောင်သွားကြသည်။—၃ ဓမ္မရာဇဝင် ၁၈:၃၈-၄၀။
ကျွန်ုပ်တို့အတွက် သင်ခန်းစာ
ဧလိယသည် လူစွမ်းကောင်းကဲ့သို့သော ရဲရင့်မှုတင်ပြခဲ့ပုံရှိသည်။ သို့ရာတွင် ကျမ်းရေးသူယာကုပ်က “ဧလိယသည် ငါတို့ကဲ့သို့ လောကဓံတရား၌ ကျင်လည်သောသူဖြစ်” သည်ဟု အခိုင်အမာဆိုထားပါသည်။ (ယာကုပ် ၅:၁၇) သူသည် အထိုက်အလျောက် ကြောက်ရွံ့စိုးရိမ်တတ်ပါမည်။ ဥပမာ၊ နောက်ပိုင်းတွင် ယေဇဗေလက ဗာလပရောဖက်များသေဆုံးမှုအတွက် ကလဲ့စားချေရန် ကြိမ်းမောင်းလိုက်သောအခါ ဧလိယသည် ထွက်ပြေးခဲ့ပြီးနောက် ယေဟောဝါအား “အိုထာဝရဘုရား၊ ယခုတန်ပါ၏။ အကျွန်ုပ်အသက်ကို သိမ်းယူတော်မူပါ” ဟုဆုတောင်း၍ ဟစ်ကြွေးခဲ့သည်။—၃ ဓမ္မရာဇဝင် ၁၉:၄။
ယေဟောဝါသည် ဧလိယ၏အသက်ကို သေခြင်းဖြင့်မသိမ်းယူခဲ့ပေ။ သို့အစား ကိုယ်တော်သည် သနားညှာတာစွာ ကူညီထောက်ပံ့တော်မူခဲ့သည်။ (၃ ဓမ္မရာဇဝင် ၁၉:၅-၈) ယနေ့ ယေဟောဝါသည် အတိုက်အခံကြောင့် ကိုယ်တော်၏ကျေးကျွန်များ အလွန်စိုးရိမ်ပူပင်ကြရသည့်အခါ အလားတူပြုလုပ်ပေးတော်မူလိမ့်မည်ကို စိတ်ချနိုင်သည်။ မှန်ပါ၏၊ သူတို့သည် ယေဟောဝါ၏အကူအညီရဖို့အတွက် ဆုတောင်းကြမည်ဆိုလျှင် “တန်ခိုးတော်၏ဂုဏ်အသရေတော်” ဖြင့် ကိုယ်တော်ထောက်မပေးနိုင်တော်မူသည့်အတွက် “အမျိုးမျိုးသောနှောင့်ယှက်ခြင်းခံရ” သည့်တိုင် “အကျိုးနည်းခြင်းသို့” ရောက်လိမ့်မည်မဟုတ်ချေ။ ထိုသို့အားဖြင့် သူတို့သည် ဧလိယကဲ့သို့ ခံနိုင်ရည်ရှိအောင် ကူညီမစမှုရရှိကြပါလိမ့်မည်။—၂ ကောရိန္သု ၄:၇၊ ၈။
[အောက်ခြေမှတ်ချက်များ]
a ဗာလဘုရားအား ဝတ်ပြုသူများ၏ ထုံးတမ်းအကကို ဧလိယရည်ညွှန်းနေခြင်းဖြစ်ပေမည်ဟု ကျမ်းပညာရှင်အချို့က အကြံပြုသည်။ ဗာလပရောဖက်များ၏အကကို ဖော်ပြထားသော ၃ ဓမ္မရာဇဝင် ၁၈:၂၆ တွင်အလားတူ “ထော့ကျိုး” ဟူသောစကားလုံးကို အသုံးပြုထားကြောင်း တွေ့ရှိရသည်။
b ကိုယ့်ကိုယ်ကို ရုပ်ပျက်ဆင်းပျက်ဖြစ်အောင် လှီးဖြတ်ခြင်းသည် လူသားယဇ်ပူဇော်ခြင်း၏အလေ့အထနှင့် ဆက်နွှယ်နေသည်ဟု အချို့ကတင်ပြသည်။ ထိုအပြုအမူနှစ်ခုစလုံးသည် ခန္ဓာကိုယ်ကိုထိခိုက်နာကျင်စေခြင်း သို့မဟုတ် သွေးထွက်သံယိုဖြစ်စေခြင်းတို့ဖြင့် ဘုရားသခင်တစ်ပါး၏အကူအညီကို တောင်းခံနိုင်သည်ဟု အဓိပ္ပာယ်သက်ရောက်စေသည်။