ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၂/၁၅ စာ. ၈-၁၁
  • မိဘတို့—သင်တို့၏ရင်သွေးများကို ကာကွယ်ပါလေ!

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘတို့—သင်တို့၏ရင်သွေးများကို ကာကွယ်ပါလေ!
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • လိင်ပညာရေးအပေါ် အာဖရိကတိုက်သားတို့၏သဘောထားများ
  • အဘယ်ကြောင့် သွန်သင်ညွှန်ပြပေးရ
  • ကောင်းသောဆက်သွယ်ရေး
  • ကာကွယ်ပေးခံရ၍ ပျော်ရွှင်
  • သင့်သားသမီးတွေကို လိင်အကြောင်း ပြောပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • အချစ်နယ်ကျွံဖို့ ရွယ်တူတွေ ဖိအားပေးတဲ့အခါ ဘယ်လို တွန်းလှန်နိုင်မလဲ
    လူငယ်များအမေး
  • သင့်မိသားစုကို အပျက်သြဇာများမှ ကာကွယ်စောင့်ရှောက်ပါ
    မိသားစုပျော်ရွှင်မှု၏ လျှို့ဝှက်ချက်
  • မိသားစု ပျော်ရွှင်နိုင်ပုံ​—အပိုင်း ၂
    ပျော်စရာဘဝ ထာဝရ စံစားကြ—ကျမ်းစာကို လေ့လာသင်ယူပါ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၂/၁၅ စာ. ၈-၁၁

မိဘတို့—သင်တို့၏ရင်သွေးများကို ကာကွယ်ပါလေ!

နိုင်ဂျီးရီးယန်းအထက်တန်းကျောင်းတစ်ကျောင်းတွင် လိင်အကျင့်ပျက်ပြားမှုတွင်နာမည်ကြီးသည့် မိန်းကလေးတစ်ဦးသည် ကျောင်းသူငယ်ချင်းများကို လိင်အကြောင်းအကြံပေးရန် အလွန်နှစ်သက်သည်။ ကလေးဖျက်ချရန်အတွက် သူမ၏ဆေးညွှန်းများအနက်တစ်ခုမှာ ဆေးရွက်ကြီးဒြပ်ပစ္စည်းတစ်မျိုးဖြင့် ပြင်းပြင်းဖော်စပ်ထားသည့် စတောက်ဘီယာဖြစ်သည်။ အပြာစာပေမှ သူမရွေးချယ်ထားသော ဇာတ်လမ်းများသည် သူငယ်ချင်းများကို ဘဝင်ခိုက်စေခဲ့သည်။ အချို့က လိင်ကို လက်တွေ့စမ်းကြည့်ခဲ့ရာ သူတို့ထဲမှတစ်ဦးသည် ကိုယ်ဝန်ရလာသည်။ ကလေးပျက်ကျစေရန် သူမသည် စတောက်/ဆေးရွက်ကြီးအရည်ကို သောက်ကြည့်သည်။ နာရီအနည်းငယ်အတွင်း သွေးအန်လေသည်။ ရက်အနည်းငယ်ကြာသော် ဆေးရုံ၌ သူမသေဆုံးခဲ့သည်။

ယနေ့လောကတွင် လူငယ်မြောက်မြားစွာသည် ယုံလွယ်လွန်းသောနားထောင်သူများအား ပျက်စီးစေသည့်လိင်အကြောင်းကို မနားတမ်းပြောဆိုတတ်ကြသည်။ လူငယ်များသည် မိမိတို့ကို ကာကွယ်ပေးမည့် တိကျမှန်ကန်သောအသိပညာရရန် မည်သူ့ကို မျှော်ကိုးသင့်သနည်း။ “ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်သဘောတော်ဆိုင်ရာ စည်းမျဉ်းဥပဒေအရ” မွေးမြူရန်တာဝန်ရှိသော ဘုရားဝတ်၌မွေ့လျော်သည့် သူတို့၏မိဘတို့ကို မျှော်ကိုးနိုင်သည့်အခါ မည်မျှကောင်းလိုက်မည်ဖြစ်ခြင်း။—ဧဖက် ၆:၄၊ ကဘ။

လိင်ပညာရေးအပေါ် အာဖရိကတိုက်သားတို့၏သဘောထားများ

ကမ္ဘာတစ်ဝန်းလုံးတွင် မိဘများစွာတို့သည် မိမိတို့၏ရင်သွေးများနှင့် လိင်အကြောင်းဆွေးနွေးရန်အခက်တွေ့ ကြပါသည်။ အထူးသဖြင့် အာဖရိကတွင် ယင်းအချက်ပို၍မှန်ကန်ပေသည်။ စီအဲရာလေယွန်မှ ဖခင်တစ်ဦးဖြစ်သူ ဒေါ်နယ်လ်က “ဒီအကြောင်းကို မပြောပြသလောက်ပါပဲ။ ဒါကိုပြောဖို့ဆိုတာ အာဖရိကယဉ်ကျေးမှု မဟုတ်ဘူး” ဟူ၍ပြောပြသည်။ ကောန်ဖဒင့်တ်အမည်ရှိသူ နိုင်ဂျီးရီးယန်းအမျိုးသမီးတစ်ဦးက သဘောချင်းတိုက်ဆိုင်ကြောင်း ဤသို့ဆိုသည်– “ကျွန်မရဲ့မိဘတွေဟာ လိင်ကို ဘယ်တော့မှပွင့်ပွင့်လင်းလင်းမပြောဆိုရဘူးလို့ ယူမှတ်ထားတယ်; ဒါဟာ ယဉ်ကျေးမှုအရဆိုရင် မပြောကောင်းတဲ့စကားဖြစ်တယ်။”

အာဖရိကယဉ်ကျေးမှုအချို့တွင် ယောက်ျားလိင်အင်္ဂါ၊ သုက်ရည် သို့မဟုတ် ဓမ္မတာလာခြင်းစသော လိင်နှင့်ဆက်စပ်သည့်စကားများကိုပြောခြင်းသည် ညစ်ညမ်းသည်ဟုယူမှတ်ကြသည်။ ခရစ်ယာန်မိခင်တစ်ဦးသည် သူမ၏သမီးအား “မတရားမေထုန်” ဟူသည့်စကားလုံးကို သုံးခွင့်ပြုသော်လည်း “လိင်” ဟူသည့်စကားလုံးကိုမူ မသုံးရန်တားမြစ်သည်။ ဘုရားသခင်၏စကားတော်သမ္မာကျမ်းစာမူကား လိင်နှင့် လိင်အင်္ဂါများအကြောင်း ပွင့်လင်းစွာမိန့်ဆိုထားပါသည်။ (ကမ္ဘာဦး ၁၇:၁၁; ၁၈:၁၁; ၃၀:၁၆၊ ၁၇; ဝတ်ပြုရာ ၁၅:၂) ယင်း၏ရည်ရွယ်ချက်မှာ ထိတ်လန့်စေရန် သို့မဟုတ် လှုံ့ဆော်ပေးရန်မဟုတ်ဘဲ ဘုရားသခင့်လူမျိုးတော်ကို ကာကွယ်ရန်နှင့် သွန်သင်ပေးရန်ဖြစ်သည်။—၂ တိမောသေ ၃:၁၆။

ယဉ်ကျေးမှုအရ မပြောကောင်းသောစကားဖြစ်သည့်အပြင် မိဘအချို့ မပြောဘဲနေရခြင်း၏ အခြားအကြောင်းတစ်ခုကို နိုင်ဂျီးရီးယန်းဖခင်တစ်ဦးက ဤသို့ပြောပြသည်– “ကျွန်တော့်ရဲ့ရင်သွေးတွေနဲ့ လိင်အကြောင်းဆွေးနွေးမယ်ဆိုရင် လိင်အကျင့်ပျက်ပြားဖို့ သူတို့ကိုလှုံ့ဆော်ပေးရာကျမယ်။” သို့သော် ကျမ်းစာကိုအခြေခံပြီး လိင်အကြောင်းကို ယဉ်ကျေးသိမ်မွေ့ စွာ ပြောပြခြင်းကား ရင်သွေးတို့အား မဆင်မခြင်ပြုလုပ်ရန် သို့မဟုတ် စမ်းကြည့်ရန် အားပေးပါမည်လော။ ယင်းသို့ ဖြစ်စေမည်မဟုတ်ပါ။ အမှန်မှာ လူငယ်များသည် ဗဟုသုတနည်းလေ ပျက်စီးဖို့အကြောင်း ပိုများလေဖြစ်သည်။ “[တိကျမှန်ကန်သောအသိပညာအပေါ် အခြေခံသည့်] ပညာသည် ကွယ်ကာတတ်၏” ဟူ၍သမ္မာကျမ်းစာက ဖော်ပြသည်။—ဒေသနာ ၇:၁၂။

ယေရှု၏ပုံဥပမာတွင် လူမိုက်သည် သဲပေါ်မှာအိမ်ကိုဆောက်၍ ဘေးကြုံရစဉ်၊ အမြော်အမြင်ရှိသူမှာမူ မုန်တိုင်းဖြစ်နိုင်သည်ကိုကြိုသိမြင်ပြီး ကျောက်ပေါ်တွင် အိမ်ကိုဆောက်ထားသည်။ (မဿဲ ၇:၂၄-၂၇) ထိုနည်းတူ အမြော်အမြင်ရှိသောမိဘတို့သည် လောက၏လျော့ရဲသော လိင်ဆိုင်ရာစံနှုန်းများနှင့်ကိုက်ညီစေကြရန် မုန်တိုင်းကဲ့သို့သောဖိစီးမှုများကို မိမိတို့၏ရင်သွေးများ ရင်ဆိုင်ကြရမည်ကိုသိရှိကာ သူတို့အားဆက်လက်မြဲမြံစေရန်ကူညီပေးမည့် တိကျမှန်ကန်သောအသိပညာနှင့် နားလည်မှုဖြင့် ကြံ့ခိုင်စေမည်။

မိဘများစွာတို့သည် မိမိတို့၏ရင်သွေးများနှင့် လိင်အကြောင်းမဆွေးနွေးရသည့် နောက်အကြောင်းတစ်ခုကို အာဖရိကန်အမျိုးသမီးတစ်ဦးက ဤသို့ပြောပြသည်– “ကျွန်မ ငယ်ငယ်တုန်းက ကျွန်မရဲ့သက်သေခံမိဘတွေက လိင်အကြောင်းမပြောပြခဲ့တော့ ကျွန်မရဲ့ရင်သွေးတွေနဲ့ ဒီအကြောင်းတွေကိုဆွေးနွေးဖို့ သတိမရဘူး။” သို့ရာတွင် လွန်ခဲ့သောနှစ်ပေါင်း ၁၀၊ ၂၀ မှလူငယ်များထက် ယနေ့လူငယ်များသည် ဖိစီးမှုပိုများပါသည်။ ယင်းကား အံ့ဩစရာမဟုတ်ပါ။ ဘုရားသခင့်စကားတော်က “နောက်ဆုံးသောနေ့ရက်များ၌ . . . ဆိုးသွမ်းသောသူ၊ လှည့်ဖြားသောသူတို့မူကား လှည့်ဖြား၍ လှည့်ဖြားလည်းခံ၍ ဆိုးသွမ်းခြင်း၌ တိုးတက်ကြလိမ့်မည်” ဟူ၍ကြိုတင်ဟောထားပါသည်။—၂ တိမောသေ ၃:၁၊ ၁၃၊ သမ္မာ။

ပြဿနာပိုများစေသည်ကား ရင်သွေးများစွာတို့သည် မိဘတို့အား ပြောပြရန်တွန့်ဆုတ်ခြင်း သို့မဟုတ် ရင်မဖွင့်နိုင်ခြင်းဖြစ်သည်။ များသောအားဖြင့် အသေးအဖွဲကိစ္စများ၌ပင် နှစ်လမ်းသွားဆက်သွယ်ရေးသည် ညံ့ဖျင်းလေ့ရှိသည်။ ၁၉ နှစ်အရွယ်လူငယ်တစ်ဦးက ဤသို့ မြည်တမ်းခဲ့သည်– “ကျွန်တော့်ကိစ္စကိုကျွန်တော် မိဘတွေနဲ့ မဆွေးနွေးဘူး။ ကျွန်တော်နဲ့ ကျွန်တော့်အဖေဟာ ဆက်သွယ်ရေးမကောင်းဘူး။ သူ ကျွန်တော့်ကိုဂရုမစိုက်ဘူး။”

လူငယ်များသည် သံဝါသပြုခြင်းကိစ္စများကို မေးမြန်းစုံစမ်းခြင်းဖြင့် ဆိုးကျိုးများပေါ်ပေါက်လာမည်ကိုလည်း စိုးရိမ်ကြပေမည်။ ၁၆ နှစ်အရွယ်မိန်းကလေးတစ်ဦးက ဤသို့ဆိုသည်– “ဒီလိုမျိုးကိစ္စတွေနဲ့ပတ်သက်ပြီး မိဘတွေရဲ့တုံ့ ပြန်ပုံကြောင့် လိင်ပြဿနာတွေကို သူတို့နဲ့ကျွန်မ မဆွေးနွေးဘူး။ တစ်ခါတုန်းကဆိုရင် ကျွန်မရဲ့အမက မေမေ့ကို လိင်နဲ့ပတ်သက်တဲ့မေးခွန်းအချို့မေးတယ်။ မေမေက သူမရဲ့ပြဿနာကိုဝိုင်းဖြေရှင်းပေးမယ့်အစား သူမမေးရတဲ့ရည်ရွယ်ချက်ကို သံသယဖြစ်လာတယ်။ မကြာခဏဆိုသလို မေမေဟာ ကျွန်မကိုခေါ်ပြီး ကျွန်မအမရဲ့အကြောင်းကိုမေးတတ်တယ်၊ တစ်ခါတလေ သူမရဲ့ကိုယ်ကျင့်နဲ့ပတ်သက်ပြီး စောင်းချိတ်ပြောဆိုတယ်။ မေမေ့မေတ္တာကို အဆုံးရှုံးမခံချင်တဲ့အတွက် ကျွန်မရဲ့ပြဿနာတွေကို မပြောပြဘဲနေတယ်။”

အဘယ်ကြောင့် သွန်သင်ညွှန်ပြပေးရ

ကျွန်ုပ်တို့၏ရင်သွေးများကို သံဝါသပြုခြင်းကိစ္စများနှင့်စပ်လျဉ်း၍ လုံလောက်သည့်အတိုင်းအတာအထိ သွန်သင်ညွှန်ပြပေးခြင်းသည် လုပ်သင့်လုပ်ထိုက်သည့်အရာမျှသာမဟုတ်ဘဲ ကြင်နာမှုပြရာလည်းရောက်သည်။ မိဘတို့သည် မိမိတို့၏ရင်သွေးများအား လိင်အကြောင်းမသင်ကြားပေးပါက မိဘများထင်သည်ထက်စော၍ အခြားသူများက ဘုရားရေးရာမူများနှင့်မညီဘဲ သင်ကြားပေးကြပေမည်။ ၁၃ နှစ်အရွယ်မိန်းကလေးတစ်ဦးသည် မတရားမေထုန်ကို ကျူးလွန်ခဲ့သည်၊ အကြောင်းမှာ အပျိုစင်ဘဝကိုအပျက်မခံပါက နောင်တွင် ကြောက်မက်ဖွယ်နာကျင်မှုဝေဒနာကို ခံစားရမည်ဟူ၍ သူမ၏ကျောင်းနေဖက်တစ်ဦးက သူမအား ပြောသောကြောင့်ဖြစ်သည်။ “မင်းရဲ့ကညာမြှေး ကတ်ကြေးနဲ့အဖြတ်ခံရလိမ့်မယ်” ဟူ၍သူမကိုပြောသည်။ သူမကြားခဲ့သည့်အရာများကို သူမ၏ခရစ်ယာန်မိခင်အား အဘယ်ကြောင့်မပြောပြခဲ့ကြောင်း နောက်ပိုင်းတွင် သူမအားမေးကြည့်ရာ ဤကဲ့သို့သောကိစ္စများကို လူကြီးများနှင့် ဘယ်အခါမျှမဆွေးနွေးခဲ့ကြောင်း မိန်းကလေးကပြန်ဖြေသည်။

နိုင်ဂျီးရီးယန်းမိန်းကလေးတစ်ဦးက ဤသို့ဆိုသည်– “ကျွန်မကျောင်းသူငယ်ချင်းတွေက လိင်ဟာ သာမန်လူသားတိုင်း ပါဝင်ပတ်သက်ရမယ့်အရာဖြစ်တယ်လို့ ကျွန်မလက်ခံလာအောင်ကြိုးစားကြတယ်။ လိင်ကိစ္စမှာ အခုမပါဝင်မပတ်သက်ဘူးဆိုရင် ကျွန်မအသက် ၂၁ နှစ်ရောက်တဲ့အခါ စပြီးမမာမကျန်းဖြစ်လာမယ်၊ ကျွန်မရဲ့မိန်းမသားဘဝမှာ ဆိုးကျိုးတွေခံစားရမယ်လို့ သူတို့က ကျွန်မကိုပြောကြတယ်။ ဒါကြောင့် ဒီလိုမျိုးကြောက်စရာအန္တရာယ်ကို ရှောင်ရှားဖို့ အိမ်ထောင်မပြုခင် လိင်ဆက်ဆံတဲ့အတွေ့အကြုံ ရှိထားတာကောင်းတယ်လို့ သူတို့ကပြောကြတယ်။”

သူမသည် မိဘများနှင့် ကောင်းသောဆက်သွယ်ရေးရှိခြင်းကြောင့် အိမ်တွင် သိရှိခဲ့ရသည့်အရာနှင့် ဆန့်ကျင်ကြောင်း ချက်ချင်းသိလိုက်သည်။ “ထုံးစံရှိတဲ့အတိုင်း အိမ်ပြန်ရောက်တဲ့အခါ ကျောင်းမှာကြားခဲ့တဲ့စကားတွေကို အမေ့ကို ကျွန်မပြန်ပြောပြတယ်။” သူမ၏မိခင်သည် လွဲမှားသောသတင်းစကားများကို ဆီးတားနိုင်ခဲ့လေသည်။—သု. ၁၄:၁၅ နှိုင်းယှဉ်။

မိဘတို့သည် ရင်သွေးတို့အား လိင်ကိစ္စရပ်များ၌ ဘုရားသခင်ဘုရားရေးရာဉာဏ်ပညာကို ရရှိစေရန်ကူညီပေးဖို့ လိုအပ်သည့်အသိပညာကိုပေးခြင်းဖြင့် အန္တရာယ်ရှိသည့်အခြေအနေများကို ပိုင်းခြားသိမြင်ရန်နှင့် သူတို့အား အခွင့်အရေးယူလိုသူများကို ရိပ်မိရန် ရင်သွေးတို့အားပြင်ဆင်ပေးကြပါသည်။ ဤသို့ ပြုခြင်းက သူတို့အား လိင်ဆိုင်ရာကူးစက်ရောဂါများကြောင့် ပူဆွေးသောကရောက်ရခြင်းနှင့် မလိုလားဖွယ်ကိုယ်ဝန်ဆောင်ခြင်းမှ အကာအကွယ်ပေးသည်။ ကိုယ့်သိက္ခာကိုယ် လေးစားပြီး အခြားသူများ၏လေးစားမှုကိုလည်း ရရှိစေသည်။ အမြင်မှားများနှင့် ပူပင်သောကရောက်ရခြင်းမှ ကင်းဝေးစေသည်။ သင့်လျော်သောလိင်အပေါ် အမြင်မှန်ရှိပြီး အပြုသဘောဆောင်သည့်သဘောထားကို ပြုစုပျိုးထောင်ပေးလျှင် နောက်ပိုင်းအိမ်ထောင်ပြုပါက ပျော်ရွှင်မှုကိုရရှိစေမည်ဖြစ်သည်။ ဘုရားသခင်ရှေ့ မျက်နှာသာရအနေအထားကို တည်မြဲတည်နေရန်ကူညီပေးနိုင်သည်။ ထို့အပြင် ရင်သွေးတို့သည် သူတို့အပေါ်မေတ္တာပါစောင့်ရှောက်မှုကို တွေ့ မြင်ရသည်နှင့်အမျှ သူတို့၏မိဘများကို ပို၍လေးစားမြတ်နိုးလာမည်။

ကောင်းသောဆက်သွယ်ရေး

မိဘတို့သည် ရင်သွေးတို့၏လိုအပ်ရာနှင့်အညီ သွန်သင်ပေးရန် နှစ်လမ်းသွားဆက်သွယ်ရေးရှိရမည်။ ဆရာဝန်တစ်ဦးသည် လူနာ၏ရောဂါအမျိုးအစားကိုမသိဘဲနှင့် ဆေးညွှန်းရန်ကြိုးစားသကဲ့သို့ မိဘတို့သည် ရင်သွေးတို့၏စိတ်နှလုံးထဲရှိရာကိုမသိလျှင် ကောင်းသောသွန်သင်ချက်ပင်လျှင် အကျိုးရှိမည်မဟုတ်ပေ။ မိဘတို့သည် ထိရောက်သောသွန်သင်သူများဖြစ်ရန် မိမိရင်သွေးတို့ အမှန်တကယ်စဉ်းစားနေသည့်အရာနှင့် ခံစားချက်ကို သိရှိရမည်ဖြစ်သည်။ ရင်သွေးတို့ရင်ဆိုင်နေရသောဖိစီးမှုများနှင့် ပြဿနာများအပြင် သူတို့ကိုအကျပ်ရိုက်စေနေသည့်မေးခွန်းများကို နားလည်ထားဖို့လိုသည်။ ‘နားကြားခြင်းငှာလျင်မြန်ပြီး စကားပြောခြင်းငှာနှေး’ ရန် ရင်သွေးတို့အား ဂရုတစိုက်နားထောင်ပေးဖို့ အရေးကြီးသည်။—ယာကုပ် ၁:၁၉; သု. ၁၂:၁၈; ဒေသနာ ၇:၈။

ရင်သွေးတို့သည် သူတို့၏အတွင်းအကျဆုံးသောခံစားချက်များကို လွတ်လွတ်လပ်လပ်ရင်ဖွင့်နိုင်သည့် ရင်းနှီးသောဆက်ဆံရေးကို မွေးမြူထိန်းသိမ်းပေးရန် မိဘတို့သည် အချိန်ယူဖို့၊ စိတ်ရှည်ဖို့နှင့် ကြိုးစားအားထုတ်ဖို့လိုပါသည်။ သို့သော် ထိုသို့သောဆက်ဆံရေးမျိုးရရှိလာသည့်အခါ မည်မျှနှစ်လိုဖွယ်ကောင်းပါသည်တကား! အနောက်အာဖရိကမှ ကလေးငါးယောက်ဖခင်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်ဟာ ဖခင်လည်းဖြစ်၊ လူယုံတော်လည်းဖြစ်ပါတယ်။ ကလေးတွေဟာ လိင်ကိစ္စအပါအဝင် ကိစ္စရပ်မှန်သမျှကို ကျွန်တော်နဲ့ပွင့်ပွင့်လင်းလင်းဆွေးနွေးကြတယ်။ သမီးများတောင်မှ ကျွန်တော့်ကိုရင်ဖွင့်ကြတယ်။ သူတို့ရဲ့ပြဿနာတွေကို ကျွန်တော်တို့အချိန်ယူဆွေးနွေးတယ်။ သူတို့ရဲ့ပျော်ရွှင်မှုတွေကိုလည်း ပြောပြကြပါတယ်။”

သူ၏သမီးများအနက်တစ်ဦးဖြစ်သူ ဘိုလာက ဤသို့ဆိုသည်– “ကျွန်မအဖေကို မပြောပြတာ ဘာမှမရှိဘူး။ အဖေဟာ ညှာတာပြီး ကိုယ်ချင်းစာတတ်တယ်။ ကျွန်မတို့မှားရင်တောင် အနိုင်ကျင့်ပြီး ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံဘူး။ ဒေါသထွက်မဲ့အစား အဖြစ်အပျက်ကို ဆန်းစစ်ပြီး ဘာလုပ်သင့်တယ်၊ ဘာမလုပ်သင့်ဘူးလို့ ပြောပြတယ်။ လူငယ်စာအုပ်နဲ့ မိသားစုပျော်ရွှင်မှုစာအုပ်ကို ကိုးကားသင်တတ်တယ်။”a

မိဘတို့သည် ဖြစ်နိုင်သည့်အခါ မိမိတို့၏ရင်သွေးများ အတော်အတန်ငယ်ရွယ်စဉ်တွင် လိင်အကြောင်း စသင်ပေးလျှင် ကောင်းသည်။ ယင်းကား များသောအားဖြင့် ခက်ခဲလှသောဆယ်ကျော်သက်အရွယ်တစ်လျှောက် ဆက်ဆွေးနွေးရန်အခြေခံဖြစ်သည်။ အစောပိုင်းကတည်းက မဆွေးနွေးပါမူ တစ်ခါတစ်ရံ နောက်ပိုင်းတွင် စတင်ဆွေးနွေးရန် ခဲယဉ်းမည်ဖြစ်သော်လည်း ယင်းကိုပြုလုပ်နိုင်ပါသည်။ ကလေးငါးယောက်မိခင်တစ်ဦးက “ကျွန်မကော ကလေးပါ အကျပ်အတည်းမဖြစ်တော့တဲ့အထိ အားခဲပြီး အဲဒီအကြောင်းကို ပြောခဲ့ပါတယ်” ဟူ၍ဆိုသည်။ ဤမျှစွန့်စားရင်းနှီးထားရသည့်အတွက် ထိုသို့သောကြိုးစားအားထုတ်မှုများသည် တကယ်ပင်အကျိုးနပ်ပါသည်။

ကာကွယ်ပေးခံရ၍ ပျော်ရွှင်

ရင်သွေးတို့သည် မိမိတို့ကို ကွယ်ကာပေးမည့်အသိပညာဖြင့် မေတ္တာပါပါပြင်ဆင်ပေးသည့်မိဘတို့အား လေးမြတ်ကြပါသည်။ အာဖရိကန်ယေဟောဝါသက်သေအချို့၏ မှတ်ချက်များကို သုံးသပ်ကြည့်ပါ–

အသက် ၂၄ နှစ်အရွယ်တွင် မိုးဂျီးဆိုလာက ဤသို့ဆိုသည်– “ကျွန်မရဲ့အမေကို ကျွန်မအမြဲကျေးဇူးတင်နေမယ်။ ကျွန်မကို တော်သင့်တဲ့အချိန်မှာ လိင်အကြောင်း လိုသလိုသင်ပေးခဲ့တယ်။ အရင်က အဲဒီအကြောင်းတွေကို ဆွေးနွေးတဲ့အခါ အကျပ်အတည်းဖြစ်ခဲ့ပေမဲ့ အခုတော့ အမေလုပ်ပေးတာတွေဟာ အကျိုးရှိတယ်ဆိုတာ ကျွန်မမြင်လာတယ်။”

အင်နီအိုဘွန်းက ထပ်ဆင့်၍ဤသို့ဆိုသည်– “လိင်အကြောင်း အလုံအလောက် အမေသင်ပေးခဲ့တာကို စဉ်းစားမိရင် ဝမ်းသာတယ်။ မိန်းမသားအရွယ်ရောက်လာဖို့ ကျွန်မအတွက် တကယ်အရေးကြီးတဲ့ သွန်သင်မှုဖြစ်တယ်။ ကျွန်မသားသမီးရှိလာတဲ့အခါ ဒီလိုပဲလုပ်မယ်လို့ဆုံးဖြတ်ထားတယ်။”

ဆယ့်ကိုးနှစ်အရွယ်ကုနလီက ဤသို့ဆိုသည်– “လိင်ဆက်ဆံဖို့မြှူဆွယ်တဲ့ လောကအမျိုးသမီးတွေရဲ့တိုက်တွန်းမှုကို ငြင်းပယ်နိုင်ဖို့ ကျွန်တော့်မိဘတွေက ကျွန်တော့်ကိုကူညီပေးခဲ့တယ်။ သူတို့သာ ကျွန်တော့်ကိုမလေ့ကျင့်ပေးခဲ့ဘူးဆိုရင် အပြစ်လုပ်မိမှာပဲ။ သူတို့ကို ကျေးဇူးတင်လို့မဆုံးပါဘူး။”

ခရစ္စတီးယားနားက ဤသို့ဆိုသည်– “လိင်အကြောင်း အမေနဲ့အပြန်အလှန်ပြောဆိုခဲ့လို့ ကျွန်မအကျိုးအများကြီးရခဲ့တယ်။ သေစေနိုင်တဲ့ရောဂါနဲ့ မလိုချင်တဲ့ကိုယ်ဝန်ကနေ အကာအကွယ်ရခဲ့တယ်၊ ဒိအပြင် ကျွန်မရဲ့ညီအစ်ကိုညီအစ်မငယ်တွေအတွက် ပုံသက်သေကောင်းပြနိုင်ခဲ့တယ်။ လူတွေရဲ့လေးစားမှုကိုလည်းရခဲ့ပြီး ကျွန်မခင်ပွန်းလောင်းရဲ့လေးစားမှုကိုလည်း ရမှာပါ။ ပိုပြီးအရေးကြီးတာကတော့ ယေဟောဝါရဲ့ပညတ်တော်ကို ကျွန်မစောင့်ထိန်းတဲ့အတွက် ကိုယ်တော်နဲ့ကောင်းတဲ့ဆက်ဆံရေး ရရှိခဲ့ခြင်းပါပဲ။”

အစောပိုင်းကဖော်ပြခဲ့သည့် ဘိုလာကဤသို့ဆိုသည်– “ဘာအိမ်ထောင်တာဝန်မှယူစရာမလိုဘဲ သံဝါသပြုနိုင်တယ်လို့ ပြောတဲ့အတန်းဖော်သူငယ်ချင်းတစ်ယောက် ရှိခဲ့တယ်။ သူမအတွက် ပျော်စရာပဲတဲ့။ ဒါပေမဲ့ သူမကိုယ်ဝန်ရှိနေလို့ စာမေးပွဲမဖြေနိုင်တဲ့အခါ ပျော်စရာမဟုတ်မှန်းသိသွားတယ်။ ကျွန်မမှာ လမ်းပြပေးမယ့်ဖခင်ကောင်းတစ်ယောက်သာမရှိရင် ကျွန်မလည်း သူ့လိုပဲ အခက်အခဲတွေ့နိုင်တယ်။”

ဤလိင်ရူးထနေသောလောကတွင် ခရစ်ယာန်မိဘတို့သည် မိမိတို့၏ရင်သွေးတို့ကို “ကယ်တင်ရာရောက်စေခြင်းငှာဉာဏ်ပညာ” ရှိလာရန်ကူညီပေးကြခြင်းသည် ကောင်းချီးတစ်ရပ်ပါတကား! (၂ တိမောသေ ၃:၁၅၊ သမ) သူတို့၏ကျမ်းစာအခြေခံသော သွန်သင်ညွှန်ပြမှုသည် ဘုရားသခင့်ရှေ့တော်တွင် ရင်သွေးတို့ကို အလှတန်ဆာဆင်ပေးသည့် အဖိုးထိုက်သောလည်ဆွဲနှင့်တူပါသည်။ (သု. ၁:၈၊ ၉) ရင်သွေးတို့သည် လုံခြုံသည်ဟုခံစားရပြီး မိဘတို့သည်လည်း အလွန်အားရကျေနပ်ကြမည်။ မိမိ၏ရင်သွေးတို့နှင့် ဆက်သွယ်ရေးလမ်းကြောင်းပွင့်နေရန် အစဉ်ကြိုးပမ်းသော အာဖရိကန်ဖခင်တစ်ဦးက ဤသို့ဆိုသည်– “ကျွန်တော်တို့မှာ စိတ်ငြိမ်သက်မှုရှိတယ်။ ဘာကို ယေဟောဝါနှစ်သက်တယ်ဆိုတာကို သူတို့သိထားတယ်လို့ ကျွန်တော်တို့ယုံကြည်စိတ်ချတယ်; အပြင်လူတွေက သူတို့ကို မလှည့်ဖြားနိုင်ပါဘူး။ မိသားစုစိတ်ဆင်းရဲစရာ ဘာကိုမှမလုပ်ဘူးလို့ ကျွန်တော်တို့ယုံကြည်တယ်။ ကျွန်တော်တို့ယုံကြည်စိတ်ချတဲ့အတိုင်း သူတို့နေထိုင်ကြလို့ ယေဟောဝါကို ကျေးဇူးတင်လို့မဆုံးပါဘူး။”

[အောက်ခြေမှတ်ချက်များ]

a ကင်းမျှော်စင်နှင့် သမ္မာကျမ်းစာဝေစာအသင်း၊ နယူးယောက်မှထုတ်ဝေသည်။

[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]

မိဘများထံမှ ကျမ်းစာအခြေခံအကြောင်းအချက်များကိုရရှိသော ခရစ်ယာန်လူငယ်တို့သည် အခြားလူငယ်များပြောသည့် မဟုတ်မမှန်သတင်းများကို ငြင်းပယ်နိုင်ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ