ခွင့်လွှတ်မှုကို အဘယ်ကြောင့် သူတို့တောင်းခံနေကြသနည်း
ချာ့ချ်များသည် သူတို့၏ပြစ်မှားမှုများကို နောင်တရကာပြုပြင်သင့်သည်ဟူသော သဘောထားသည် အသစ်အဆန်းမဟုတ်တော့ချေ။ အစောပိုင်းချာ့ချ်၏ တည်ကြည်ပုံရခြင်းက အလယ်ခေတ်ကာလမှလူတို့အား စိတ်ဝင်စားစေခဲ့ကာ ယင်းကလူများစွာကို ပြုပြင်ပြောင်းလဲမှုပြုလုပ်ရန်တောင်းဆိုဖို့ ဖြစ်စေခဲ့သည်ဟု ဘာသာရေးအဘိဓာန်ရီလီဂျင်နီအမီတီ (ဘာသာတရားများနှင့်ဒဏ္ဍာရီများ) ကဆိုသည်။
၁၅၂၃ တွင်မာတင်လူသာသည် ရောမနှင့်အဆက်ဖြတ်ပြီးနောက် ပုပ်ရဟန်းမင်းအက်ဒရီယန်း ၆ ကနူရမ်ဘတ်ညီလာခံသို့ ဤသတင်းကိုပေးပို့ခြင်းဖြင့် မကွဲပြားဖို့ကြိုးစားခဲ့သည်– “စက်ဆုပ်ဖွယ်ကောင်းသောအရာများသည် ဂိုဏ်းအုပ်အာဏာပိုင်နယ်ပယ်တွင် နှစ်ပေါင်းများစွာအခြေစိုက်နေခဲ့ကြောင်း ကျွန်ုပ်တို့ကောင်းစွာသိထားကြသည် . . . ဤဆိုးညစ်မှုအားလုံးအစပြုရာနေရာဖြစ်နိုင်သည့် ရောမသာသနာရဟန်းအဖွဲ့ကို အဓိကအားဖြင့်ပြုပြင်ပြောင်းလဲမှုလုပ်ရန် ကျွန်ုပ်တို့အစွမ်းကုန်ကြိုးပမ်းသွားမည်။” သို့ရာတွင် ထိုသို့ဝန်ခံခြင်းက ပုပ်ရဟန်းသာသနာအဖွဲ့တွင်ဖြစ်နေသော ဂိုဏ်းကွဲခြင်းကိုသော်လည်းကောင်း၊ ယိုယွင်းမှုကိုသော်လည်းကောင်း အောင်မြင်စွာမဖြေရှင်းပေးနိုင်ခဲ့ပါ။
ချာ့ချ်များသည် မီးလောင်တိုက်သွင်းခြင်းနှင့်ပတ်သက်၍ နှုတ်ဆိတ်နေမှုအတွက် မကြာသေးမီကဝေဖန်ခံခဲ့ရသည်။ သူတို့သည် ၎င်းတို့၏အသင်းသားများကို စစ်မှုများတွင်ပါဝင်နေခြင်းမှ မဆီးတားကြဟူ၍လည်း စွပ်စွဲခံရသည်။ ၁၉၄၁ တွင် ဒုတိယကမ္ဘာစစ်ပြင်းထန်စွာဖြစ်ပွားနေစဉ် ဘုန်းတော်ကြီးပရီမိုမက်ဇိုလာရီက ဤသို့မေးခဲ့သည်– “ပို၍အန္တရာယ်နည်းသောအယူဝါဒကိစ္စတွင် လုပ်ဆောင်ခဲ့သကဲ့သို့၊ လက်ရှိလုပ်ဆောင်လေ့ရှိသကဲ့သို့ ရောမသည် ကက်သလစ်အယူဝါဒပျက်ပြားနေသည်ကို အဘယ်ကြောင့် ပြင်းထန်စွာတုံ့ပြန်မလုပ်ဆောင်ခဲ့သနည်း။” အယူဝါဒသည် အဘယ်အရာထက် အန္တရာယ်နည်းသနည်း။ ဘုန်းတော်ကြီးသည် ထိုအချိန်ကလူ့ယဉ်ကျေးမှုကို အစိတ်စိတ်အမြွှာမြွှာပျက်ပြားစေသည့် စစ်ကိုလှုံ့ဆော်သောအမျိုးသားရေးဝါဒကို ပြောဆိုနေခြင်းဖြစ်သည်။
သို့ရာတွင် မကြာသေးမီကအထိဖြစ်သော ဘာသာတရားများအပြစ်ဝန်ခံခြင်းသည် ဖြစ်လေ့ဖြစ်ထရှိသည့်ကိစ္စမဟုတ်ဘဲ ထူးခြားလှသည်။ ၁၈၃၂ တွင်ကက်သလစ်ချာ့ချ်ကို ‘ပြန်လည်ဖွဲ့စည်း’ ရန်တိုက်တွန်းနေသူအချို့ကို တုံ့ပြန်ရာတွင် ဂရီဂိုရီ ၁၆ ကဤသို့ပြောခဲ့သည်– “ချာ့ချ်သည်ချို့ယွင်းနေသည်ဟု ယူမှတ်နိုင်သည့်အလား [ချာ့ချ်၏] လုံခြုံမှုနှင့် ကြီးပွားမှုအတွက် တစ်စုံတစ်ရာသော ‘ပြန်လည်တည်ထောင်ခြင်းနှင့် ပြန်လည်ဖွဲ့စည်းခြင်း’ ကိုအဆိုပြုခြင်းသည် အဓိပ္ပာယ်မရှိဘဲထိခိုက်စေသည်မှာထင်ရှားပါသည်။” အဘယ်အပြစ်များသည် မငြင်းသာအောင်ထင်ရှားနေသနည်း။ ယင်းတို့ကို ဆင်ခြေပေးရှင်းလင်းဖို့ ပရိယာယ်အမျိုးမျိုးသုံးခဲ့ကြသည်။ သာဓကအနေဖြင့် ချာ့ချ်သည် သန့်ရှင်းပြီး အပြစ်လည်းရှိသည်ဟု ဓမ္မပညာရှင်အချို့ကဆိုကြသည်။ ချာ့ချ်ကိုယ်နှိုက်သည် မှားယွင်းမှုမှဘုရားသခင်ကာကွယ်ပေးခဲ့သောကြောင့် သန့်ရှင်းသည်ဟုဆိုကြသည်။ သို့တိုင် အသင်းသားများသည် အပြစ်ရှိကြသည်။ ထို့ကြောင့် ချာ့ချ်အမည်ဖြင့် ရက်စက်ယုတ်မာမှုများပြုနေကြသောအခါ အဖွဲ့အစည်းကိုအပြစ်မပုံချသင့်ဘဲ ချာ့ချ်အတွင်းရှိသူတစ်ဦးချင်းစီကိုသာပုံချသင့်သည်။ ၎င်းသည်ကျိုးကြောင်းဆီလျော်မှုရှိသလော။ “လူသားလောကတွင် ခြောက်ပြစ်ကင်းသည့်ချာ့ချ်ဟူ၍မရှိ” ဟုရေးသားခဲ့သော ရိုမန်ကက်သလစ်ဓမ္မပညာရှင်ဟန်းကုန်အတွက်မူ ဆီလျော်မှုမရှိပါ။ သူဤသို့ရှင်းပြခဲ့သည်– “ဝန်ချဖို့အပြစ်မရှိသော ချာ့ချ်ဟူ၍မရှိ။”
ဂိုဏ်းပေါင်းစုံပေါင်းစည်းရေးဝါဒနှင့် ကိုယ်ကျင့်တရားအခြေအနေ
အဘယ်လုပ်ရပ်များသည် ချာ့ချ်များကို ခွင့်လွှတ်မှုတောင်းဆိုစေခဲ့ကြောင်း သင်စဉ်းစားမိပေမည်။ ဦးဆုံးအနေဖြင့် ပရိုတက်စတင့်နှင့် ဩသဒေါက်စ်တို့သည် “အတိတ်တွင်ဖြစ်ခဲ့သော” ဂိုဏ်းဂဏများကြား “ကွဲပြားမှုများ” အတွက်တာဝန်ရှိကြောင်း ဝန်ခံခဲ့ကြသည်။ ယင်းကို ၁၉၂၇ တွင်ဆွစ်ဇာလန်နိုင်ငံ၊ လောင်ဆန်းမြို့၌ကျင်းပခဲ့သော “ယုံကြည်ခြင်းနှင့်စည်းစနစ်” ဂိုဏ်းပေါင်းစုံညီလာခံတွင် ဝန်ခံခဲ့ကြခြင်းဖြစ်သည်။ နောက်ဆုံးတွင် ရိုမန်ကက်သလစ်ချာ့ချ်သည် ထိုအတိုင်းဝန်ခံခဲ့သည်။ အထူးသဖြင့် ဗက်တီကန် ၂၊a အချိန်ကစ၍ ပုပ်ရဟန်းမင်းများအပါအဝင် အရေးပါသောဂိုဏ်းအုပ်များသည် ခရစ်ယာန်ဘောင်အတွင်း ကွဲပြားမှုများအတွက် ခွင့်လွှတ်မှုတိုး၍တိုး၍ တောင်းဆိုလာလျက်ရှိသည်။ အဘယ်ရည်ရွယ်ချက်ဖြင့်နည်း။ ခရစ်ယာန်ဘောင်တွင် ပိုမိုစည်းလုံးလိုကြကြောင်း ပေါ်လွင်လျက်ရှိသည်။ ကက်သလစ်သမိုင်းဆရာနီဂိုလီနိုဆာရာလီက ဂျွန်ပေါလ် ၂ ၏ “‘အတိတ်မှပြစ်မှားမှုများအတွက်ဝန်ခံခြင်း’ စီမံကိန်းတွင်ပရိယာယ်တစ်ခုရှိပြီး ၎င်းသည်ဂိုဏ်းပေါင်းစုံ ပေါင်းစည်းရေးဝါဒဖြစ်သည်” ဟုဖော်ပြထားသည်။
သို့ရာတွင် ဂိုဏ်းပေါင်းစုံပေါင်းစည်းရေးထက်မကပါဝင်သည်။ ယနေ့ ခရစ်ယာန်ဘောင်၏သတင်းဆိုးကို ကျယ်ပြန့်စွာသိရှိထားကြသည်။ “ကက်သလစ်သည် ဤသမိုင်းအားလုံးကို လျစ်လျူရှုနိုင်မည်မဟုတ်” ဟုဓမ္မပညာရှင်ဟန်းအာစ်ဖန်ဘလ်တဇာရိုကဆိုသည်။ “သူ၏ချာ့ချ်သည် ယနေ့အချိန်တွင် ကျွန်ုပ်တို့သဘောမတူနိုင်သည့်အရာများကိုလုပ်ခဲ့ သို့မဟုတ် လုပ်ခွင့်ပေးခဲ့သည်။” ထို့ကြောင့် ပုပ်ရဟန်းမင်းသည် “ခွင့်လွှတ်မှုတောင်းခံနိုင် . . . ရန်အလို့ငှာ ချာ့ချ်၏အမှောင်စာမျက်နှာများပေါ် အလင်းပေး” ရန်ကော်မရှင်တစ်ခုကိုဖွဲ့ခဲ့သည်။ ထို့အပြင် ချာ့ချ်၏မိမိကိုယ်ကိုလိုလိုလားလားဝေဖန်ရသည့် အခြားအကြောင်းရင်းတစ်ခုမှာ ယင်း၏အကျင့်ဂုဏ်သိက္ခာကို ပြန်လည်ရလိုကြောင်းထင်ရှားသည်။
ထိုနည်းတူစွာ သမိုင်းဆရာအာလ်ဘာတိုမီလိုနီက ခွင့်လွှတ်မှုအတွက် ချာ့ချ်၏တောင်းပန်မှုကို ဤသို့ဝေဖန်ရေးသားထားသည်– “စင်စစ် ခွင့်လွှတ်မှုတောင်းခံရခြင်းသည် တာဝန်ရှိကြောင်းစွဲချက်တင်ခံရမှုများလျော့ပါးစေရန်ဖြစ်သည်။” မှန်ပါသည်၊ ကက်သလစ်ချာ့ချ်သည် လူထု၏ယုံကြည်စိတ်ချမှုပြန်ရရှိရန် အတိတ်မှအပြစ်ဝန်ထုပ်ဝန်ပိုးကြီးကို ခါချပစ်ဖို့ကြိုးစားနေပုံရသည်။ သို့ရာတွင် ရိုးသားစွာဆိုရလျှင် ဘုရားသခင်ထက် လောကနှင့်သင့်မြတ်မှုရရန် ပို၍ပူပန်ကြပုံရသည်။
ထိုသို့သောအပြုအမူသည် ဣသရေလပထမဆုံးရှင်ဘုရင်ရှောလုကို ပြန်လည်သတိရစေသည်။ (၁ ဓမ္မရာဇဝင် ၁၅:၁-၁၂) သူသည် အလွန်ကြီးလေးသောအမှားပြုမိခဲ့ပြီး ဖော်ထုတ်ခံရသောအခါ ဘုရားသခင်၏သစ္စာရှိပရောဖက်တစ်ဦးဖြစ်သူရှမွေလအား သူ၏အမှားကိုဆင်ခြေပေးကာ မိမိမှန်ကြောင်းတင်ပြရန်ဦးဆုံးကြိုးစားခဲ့သည်။ (၁ ဓမ္မရာဇဝင် ၁၅:၁၃-၂၁) နောက်ဆုံးတွင် ရှင်ဘုရင်သည် ရှမွေလကိုဤသို့ဝန်ခံခဲ့သည်– “အကျွန်ုပ်သည် ပြစ်မှားပါပြီ။ . . . ထာဝရဘုရား၏အမိန့်တော်ကို . . . လွန်ကျူးပါပြီ။” (၁ ဓမ္မရာဇဝင် ၁၅:၂၄၊ ၂၅) မှန်ပါသည်၊ သူ၏ပြစ်မှားမှုကို ဝန်ခံခဲ့သည်။ သို့သော် သူ၏စိတ်တွင်အဘယ်အရာသည် အဓိကရှိနေကြောင်းကို ရှမွေလအားပြောသော နောက်ဆက်တွဲစကားများကဖော်ပြသည်– “ရှောလုက အကျွန်ုပ်ပြစ်မှားပါပြီ။ သို့သော်လည်း အကျွန်ုပ်အမျိုးသားချင်း အသက်ကြီးသူတို့ရှေ့၌လည်းကောင်း၊ ဣသရေလအမျိုးရှေ့၌လည်းကောင်း အကျွန်ုပ်၏ဂုဏ်အသရေကို မဖျက်ပါနှင့်။” (၁ ဓမ္မရာဇဝင် ၁၅:၃၀) ရှောလုသည် ဘုရားသခင်နှင့်သင့်မြတ်မှုထက် ဣသရေလအမျိုးတွင် သူ၏ဂုဏ်သိက္ခာအတွက် ပို၍ပူပန်ကြောင်းထင်ရှားနေပါသည်။ ဤသဘောထားကြောင့် ရှောလုသည် ဘုရားသခင်၏ခွင့်လွှတ်မှုကိုမရခဲ့ပါ။ ယင်းသဘောထားမျိုးရှိသောချာ့ချ်များသည် ဘုရားသခင်၏ခွင့်လွှတ်မှုကိုရမည်ဟု သင်ထင်ပါသလော။
အားလုံးသဘောမတူကြ
ချာ့ချ်များသည် လူသိရှင်ကြားခွင့်လွှတ်မှုတောင်းဆိုသင့်ကြောင်းကို အားလုံးသဘောမတူကြပေ။ သာဓကအနေဖြင့် ကျွန်ပြုခြင်း၊ ဟပ်စ်နှင့် ကာလ်ဗင်တို့ကဲ့သို့သော ပြန်လည်ထူထောင်ရေးသမား “အယူကွဲလွဲသူများ” အတွက် ၎င်းတို့၏ပုပ်ရဟန်းမင်းက ခွင့်လွှတ်မှုတောင်းဆိုသောအခါ ရိုမန်ကက်သလစ်အချို့ စိတ်မသက်မသာဖြစ်ကြသည်။ ဗက်တီကန်တွင်မြစ်ဖျားခံသည့်သတင်းတစ်ရပ်အရ လွန်ခဲ့သောအနှစ်တစ်ထောင်ကာလ၏ ကက်သလစ်အယူဝါဒသမိုင်းအပေါ် “ကိုယ်ကိုကိုယ်သိသောစိတ်ကိုဆန်းစစ်” ရန်အဆိုပြုထားသောဘုန်းတော်ကြီးများထံပေးပို့သည့်စာကို ၁၉၉၄ ဇွန်လတွင်ကျင်းပသော ညီလာခံတစ်ခုသို့တက်ရောက်ခဲ့သည့်ဘုန်းတော်ကြီးများက ပြစ်တင်ဝေဖန်ခဲ့ကြသည်။ ပုပ်ရဟန်းမင်းကြီးကအမိန့်စာတွင် ထိုအဆိုပြုထားသောအကြောင်းအရာကို ပါဝင်စေလိုသောအခါ အီတာလျံဘုန်းတော်ကြီးဂျီအာဂိုမိုဘီးဖီက သင်းအုပ်များနှင့်ဆိုင်သောမှတ်တမ်းတွင် ဤသို့အခိုင်အမာထုတ်ဖော်ခဲ့သည်– “ချာ့ချ်သည် အပြစ်မရှိ။” သို့သော် သူဤသို့ဆိုသည်– “လွန်ခဲ့သောရာစုနှစ်များမှ သာသနာရေးဆိုင်ရာအမှားများအတွက် ခွင့်လွှတ်မှုတောင်းဆိုခြင်းသည် . . . ကျွန်ုပ်တို့အပေါ် မနှစ်မြို့ဖွယ်အမြင်သဘောထားကို လျော့ပါးစေနိုင်သည်။”
“အပြစ်ကိုဝန်ချခြင်းသည် ကက်သလစ်ချာ့ချ်အတွင်း အငြင်းပွားမှုအများဆုံးဖြစ်စေသည့်အကြောင်းတစ်ခုဖြစ်သည်” ဟုဗက်တီကန်အစီရင်ခံသူ လူးဂျီအဂ္ဂတိုးလီကဆိုသည်။ “ပုပ်ရဟန်းမင်းသည် သာသနာပြုများ၏အမှားများကို ဝန်ခံမည်ဆိုလျှင် ယင်းကိုစိတ်ခုမည့် စိတ်ရင်းမှန်ဖြင့်လုပ်ဆောင်ခဲ့ကြသော သာသနာပြုများရှိသည်။” ထို့အပြင် ရိုမန်ကက်သလစ်သတင်းစာဆရာတစ်ဦးက ဤသို့ရေးသားခဲ့သည်– “ပုပ်ရဟန်းမင်းကြီးသည် ကက်သလစ်သမိုင်းနှင့်ပတ်သက်၍ ယင်းသို့သောကြောက်မက်ဖွယ်သဘောထားရှိနေသည်ဆိုလျှင် ယခုသူက ဤချာ့ချ်ကိုပင် ‘လူ့အခွင့်အရေး’ အတွက်တိုက်ပွဲဝင်ပေးသူ၊ အမှန်တကယ်တောက်ပသည့် တတိယအနှစ်တစ်ထောင်ကာလသို့ လူသားများကိုလမ်းညွှန်ပေးနိုင်သည့်တစ်ပါးတည်းသော ‘မိခင်နှင့်ဆရာ’ အဖြစ် မည်သို့တင်ဆက်နိုင်သည်ကို နားလည်ရန်ခက်သည်။”
အမှားတစ်ခုပေါ်သွားခဲ့၍ ရှက်ခြင်းကြောင့်သာဝန်ခံလိုက်ရသည့် ဟန်ပြနောင်တမျိုးကို ကျမ်းစာသတိပေးတားမြစ်ထားသည်။ ထိုကဲ့သို့သောနောင်တက နောင်တရနေသူကို ရေရှည်ပြောင်းလဲစေခြင်းဆိုသည်မှာ ဖြစ်ခဲသည်။ (၂ ကောရိန္သု ၇:၈-၁၁ နှိုင်းယှဉ်။) ဘုရားသခင်၏မျက်စိတော်တွင်တန်ဖိုးရှိသောနောင်တသည် “နောင်တရခြင်းနှင့်ထိုက်တန်သောအကျင့်”—တစ်နည်းအားဖြင့် စိတ်ရင်းမှန်ဖြင့် နောင်တရကြောင်းအထောက်အထား လိုက်ပါလာသည်။—လုကာ ၃:၈။
နောင်တရကာ ဝန်ချတောင်းပန်သူသည် မှားယွင်းသောအပြုအမူများ မပြုတော့ဘဲစွန့်လိုက်ရမည်ဟု သမ္မာကျမ်းစာဆိုထားသည်။ (သု. ၂၈:၁၃) ယင်းသို့ဖြစ်သလော။ ရိုမန်ကက်သလစ်ချာ့ချ်နှင့်အခြားချာ့ချ်များ၏ အမှားဝန်ချတောင်းပန်မှုများပြီးနောက် “ခရစ်ယာန်” လူဦးရေများစွာပါဝင်ပတ်သက်သည့် ဗဟိုအာဖရိကနှင့် အရှေ့ဥရောပတို့၌ မကြာသေးမီကဖြစ်သောပြည်တွင်းပဋိပက္ခများတွင် ဘာဖြစ်ခဲ့သနည်း။ ချာ့ချ်များသည် ငြိမ်းချမ်းရေးအတွက် တိုက်တွန်းအားပေးမှုပြုခဲ့ပါသလော။ သူတို့၏ချာ့ချ်ခေါင်းဆောင်များသည် အသင်းသားများပြုမူနေကြသော ရက်စက်ယုတ်မာမှုများကို တစ်သံတစ်သမတ်တည်းဆန့်ကျင်ပြောဆိုခဲ့ကြပါသလော။ မပြောခဲ့ကြပါ။ ဘာသာရေးဓမ္မအမှုဆောင်တချို့သည် သတ်ဖြတ်မှုများတွင်ပင်ပါဝင်ခဲ့ကြ၏!
မြင့်မြတ်သောတရားစီရင်ခြင်း
ပုပ်ရဟန်းမင်းကြီး၏ ထပ်ခါတလဲအပြစ်ဝန်ခံခြင်းအကြောင်းပြောဆိုရာတွင် ဘုန်းတော်ကြီးဘီးဖီက ဤသို့ခနဲ့တဲ့တဲ့မေးခဲ့သည်– “သမိုင်းဆိုင်ရာအပြစ်များအတွက် တစ်လောကလုံးဆိုင်ရာတရားစီရင်ခြင်းကိုစောင့်လျှင် ကျွန်ုပ်တို့အားလုံးအတွက် ပိုမကောင်းပေလော။” လူသားအားလုံးကိုတရားစီရင်ခြင်းသည် ရောက်လုနီးပြီဖြစ်သည်။ ယေဟောဝါဘုရားသခင်သည် ဘာသာရေး၏မှောင်မိုက်သော သမိုင်းစာမျက်နှာအားလုံးကို ကောင်းစွာသိတော်မူသည်။ များမကြာမီ ကိုယ်တော်သည် အပြစ်ပြုသူများကို စာရင်းရှင်းကြရန် တောင်းဆိုတော့မည်။ (ဗျာဒိတ် ၁၈:၄-၈) တစ်ချိန်တည်းတွင် သွေးပြစ်၊ သတ်ဖြတ်လိုသည့်အထိ သည်းခံစိတ်ကင်းမဲ့မှု၊ ခရစ်ယာန်ဘောင်ချာ့ချ်က ခွင့်လွှတ်ခံရရန်တောင်းပန်သည့် အခြားသောရာဇဝတ်မှုများနှင့် မစွန်းထင်းသောဝတ်ပြုမှုပုံစံတစ်ခုကို တွေ့ရှိနိုင်ပါမည်လော။ တွေ့ရှိနိုင်ပါသည်။
၎င်းကို ကျွန်ုပ်တို့ မည်သို့တွေ့ရှိနိုင်မည်နည်း။ ယေရှုခရစ်ဖော်ပြခဲ့သောနည်းလမ်းကို လိုက်လျှောက်ခြင်းအားဖြင့်ဖြစ်သည်– “ထိုသူတို့၏အကျင့်ကိုထောက်၍ သူတို့၏သဘောကို သိကြလိမ့်မည်။” လူများမေ့ပျောက်သွားရန် အချို့ဘာသာများလိုလားသော သမိုင်းမှတ်တမ်းက “မိစ္ဆာပရောဖက်တို့” ဟုယေရှုခေါ်သောသူများကိုသာမဟုတ်ဘဲ “ကောင်းသောအသီး” သီးနေသူများကိုလည်း ခွဲခြားသိမြင်စေသည်။ (မဿဲ ၇:၁၅-၂၀) ယင်းတို့ကား မည်သူများနည်း။ ယေဟောဝါသက်သေများနှင့်ကျမ်းစာဆန်းစစ်လေ့လာခြင်းအားဖြင့် ကိုယ်တိုင်ရှာဖို့ သင့်ကို ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ ယနေ့မည်သူသည် လောကတွင် ဩဇာရှိအနေအထား၌ ဆက်လက်ရပ်တည်နိုင်ရန် ကြိုးစားမည့်အစား ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လိုက်လျှောက်ဖို့အမှန်ကြိုးစားနေကြောင်းကိုကြည့်ပါလေ။—တမန်တော် ၁၇:၁၁။
[အောက်ခြေမှတ်ချက်များ]
a ၁၉၆၂-၆၅ အထိ ရောမတွင် လေးကြိမ်တွေ့ဆုံကျင်းပခဲ့သော ၂၁ ကြိမ်မြောက်ဂိုဏ်းပေါင်းစုံပေါင်းစည်းရေးကောင်စီ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ဤကဲ့သို့သောရက်စက်မှုများအတွက် ချာ့ချ်များတောင်းပန်နေကြသည်
[Credit Line]
The Complete Encyclopedia of Illustration/J. G. Heck