သူတို့ကိုယ်ကို နာမည်မကျော်စော စေခဲ့ကြ
သမ္မာကျမ်းစာသည် နာမည်ပျက်ဘေဘယ်လ်ရဲတိုက်ကို တည်ဆောက်သူတို့၏အမည်ကို မဖော်ပြထားချေ။ မှတ်တမ်းက ဤသို့ဖော်ပြသည်– “သူတို့ကလည်း . . . ‘လာကြ၊ မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားမည်ကိုစိုးရိမ်၍၊ မြို့ကိုလည်းကောင်း၊ မိုးကောင်းကင်သို့မီရသော ရဲတိုက်ကိုလည်းကောင်း တည်လုပ်သဖြင့်၊ ကျော်စောကိတ္တိရှိစေခြင်းငှာ ပြုကြကုန်အံ့’ ဟုပြောဆိုကြ၏။”—ကမ္ဘာဦး ၁၁:၃၊ ၄။
“သူတို့” ကားမည်သူတို့နည်း။ ယင်းအဖြစ်အပျက်သည် ရေလွှမ်းမိုးပြီး နောက်နှစ်ပေါင်း ၂၀၀ ခန့်ကဖြစ်သည်။ ထိုအချိန်က အသက် ၈၀၀ ခန့်ရှိသောနောဧသည် ထောင်ပေါင်းများစွာသော သားစဉ်မြေးဆက်များနှင့်နေထိုင်ခဲ့သည်။ သူတို့အားလုံးသည် ဘာသာစကားတစ်မျိုးတည်း ပြောဆိုခဲ့ကြ၍ ရေလွှမ်းမိုးပြီးနောက် နောဧနှင့်သူ၏သားများ အခြေချခဲ့သောဝန်းကျင်တွင် စုပေါင်းနေထိုင်ခဲ့ကြသည်။ (ကမ္ဘာဦး ၁၁:၁) တစ်ချိန်တွင် ဤတိုးများလာသော လူဦးရေမှတချို့သည် အရှေ့ဘက်သို့ ပြောင်းရွှေ့သွားကြရာ “ရှိနာပြည်၌ မြေညီရာအရပ်ကိုတွေ့” ခဲ့ကြသည်။—ကမ္ဘာဦး ၁၁:၂။
လုံးဝမအောင်မြင်သောအမှု
အဆိုပါအုပ်စုသည် ဤချိုင့်ဝှမ်းတွင် ဘုရားသခင်ကို ပုန်ကန်ရန် ဆုံးဖြတ်ခဲ့ကြသည်။ မည်သို့ဖြစ်သနည်း။ ပထမလူသားမောင်နှံကို ယေဟောဝါဘုရားသခင်က “အချင်းတို့များပြားစွာမွေးဖွားကြလော့။ မြေကြီးကို ပြည့်စေ၍နိုင်ကြလော့” ဟုမိန့်တော်မူချိန်တွင် ကိုယ်တော်သည် မိမိ၏ရည်ရွယ်တော်မူချက်ကို ဖော်ပြခဲ့သည်။ (ကမ္ဘာဦး ၁:၂၈) ရေလွှမ်းမိုးပြီးနောက် နောဧနှင့်သူ၏သားများအား ယင်းကို ထပ်မံမိန့်တော်မူခဲ့သည်။ ဘုရားသခင်က သူတို့ကို “သင်တို့သည် သားကိုဖွား၍ များပြားကြလော့။ မြေပေါ်မှာအလွန်မွေးဖွား၍ များပြားကြလော့” ဟုမိန့်တော်မူ၏။ (ကမ္ဘာဦး ၉:၇) ယေဟောဝါ၏အမိန့်ကို ဆန့်ကျင်သောအားဖြင့် လူတို့သည် “မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်” မကွဲပြားစေရန် မြို့တစ်မြို့ကို တည်ဆောက်ခဲ့ကြသည်။
ဤသူတို့သည် “ကျော်စောကိတ္တိရှိစေ” ဖို့အတွက် ရဲတိုက်ကိုလည်း စတင်ဆောက်လုပ်ခဲ့ကြသည်။ သို့သော် သူတို့မျှော်လင့်ထားသည့်အတိုင်းဖြစ်မလာဘဲ ရဲတိုက်ဆောက်လုပ်ရေးကို လက်စမသတ်နိုင်ခဲ့ချေ။ အချင်းချင်းနားမလည်ကြဖို့ ယေဟောဝါသည် သူတို့၏ဘာသာစကားကို ရှုပ်ထွေးစေတော်မူခဲ့သည်ဟု သမ္မာကျမ်းစာမှတ်တမ်းက ဖော်ပြထားသည်။ “ထိုသို့ ထာဝရဘုရား[သခင်]သည် သူတို့ကို မြေကြီးတစ်ပြင်လုံး၌ အရပ်ရပ်ကွဲပြားစေတော်မူသဖြင့်၊ သူတို့သည် မြို့ကိုမတည်ဘဲနေကြ၏” ဟုမှုတ်သွင်းခံမှတ်တမ်းကဆိုသည်။—ကမ္ဘာဦး ၁၁:၇၊ ၈။
ဆောက်လုပ်သူတို့၏အမည်များ မည်သည့်အခါမျှ “ကျော်စောကိတ္တိ” မဖြစ်လာခြင်း သို့မဟုတ် မကျော်ကြားခဲ့ခြင်းက ယင်းစွန့်စားမှုကြီးသည် လုံးဝမအောင်မြင်ကြောင်းထင်ရှားသည်။ အမှန်မှာ၊ သူတို့၏အမည်များကို မသိကြရသည့်အပြင် လူ့သမိုင်းမှလည်း ပယ်ဖျက်ခံခဲ့ရပေပြီ။ သို့သော် နောဧ၏မြေး နိမ်ရောဒနှင့်ပတ်သက်၍ကော အသို့နည်း။ သူသည် ဘုရားသခင်အား ဤပုန်ကန်မှု၏ခေါင်းဆောင်မဟုတ်ပေလော။ သူသည် နာမည်ကျော်ကြားခဲ့သည်မဟုတ်လော။
နိမ်ရောဒ—မောက်မာလွန်းသောပုန်ကန်သူ
နိမ်ရောဒသည် ခေါင်းဆောင်ကြီးဖြစ်ခဲ့မည်မှာ သေချာပါသည်။ ကမ္ဘာဦးကျမ်းအခန်းကြီး ၁၀ တွင် သူ့ကို “ထာဝရဘုရား[သခင်]ရှေ့မှာ အားကြီးသောမုဆိုး” ဖြစ်သည်ဟုဖော်ပြထားသည်။ (ကမ္ဘာဦး ၁၀:၉) ကျမ်းစာက ‘သူသည် မြေကြီးပေါ်မှာ အဦးစွမ်းနိုင်သောသူဖြစ်၏’ ဟုလည်းဆိုသည်။ (ကမ္ဘာဦး ၁၀:၈) နိမ်ရောဒသည် စစ်သည်တစ်ဦးဖြစ်သည့်အပြင် ကြမ်းတမ်းသူလည်းဖြစ်သည်။ ရေလွှမ်းမိုးပြီးနောက် သူသည် ကိုယ့်ကိုယ်ကိုဘုရင်အဖြစ်သတ်မှတ်လိုက်ခြင်းဖြင့် ပထမလူ့အုပ်စိုးရှင်ဖြစ်လာခဲ့သည်။ နိမ်ရောဒသည် ဆောက်လုပ်ရေးသမားတစ်ဦးလည်းဖြစ်သည်။ သူ့ကို ဘေဘယ်လ်မြို့အပါအဝင် မြို့ရှစ်မြို့ကို တည်ဆောက်ခဲ့သူအဖြစ် သမ္မာကျမ်းစာက ဖော်ပြသည်။—ကမ္ဘာဦး ၁၀:၁၀-၁၂။
ထို့ကြောင့် ဘုရားသခင်ကိုပုန်ကန်သူ၊ ဘေဘယ်လ်ဘုရင်ဖြစ်သူ၊ မြို့များကိုတည်ဆောက်သူ နိမ်ရောဒသည် ဘေဘယ်လ်ရဲတိုက်ဆောက်လုပ်ရေးတွင် ပါဝင်ခဲ့မည်မှာသေချာသည်။ သူသည် ကိုယ့်ကိုယ်ကိုနာမည်ကျော်စောစေခဲ့သည်မဟုတ်သလော။ နိမ်ရောဒအမည်နှင့်စပ်လျဉ်း၍ အရှေ့တိုင်းအနုပညာနှင့်ဘာသာစကားလေ့လာသူ အီး. အက်ဖ်. စီ. ရော်ဆမ်မြူလာက ဤသို့ရေးသားခဲ့သည်– “ဟေဗြဲအဓိပ္ပာယ်အရ ‘သူပုန်ကန်ခဲ့သည်၊’ ‘သူသွေဖည်ခဲ့သည်’ [မာရားဒ်ဟ်] မှနိမ်ရောဒအမည်ရခြင်းဖြစ်သည်။” ထို့နောက် ရော်ဆမ်မြူလာက “အရှေ့တိုင်းသားများသည် တစ်ခါတစ်ရံ လူအမည်များနှင့်ယင်းတို့၏လုပ်ရပ်များ အံ့သြဖွယ်ကောင်းလောက်အောင် လျော်ညီစွာ သူတို့၏အထင်ကရပုဂ္ဂိုလ်များ သေဆုံးပြီးနောက်တွင် နာမည်ပေးလေ့ရှိကြသည်” ဟူ၍ရှင်းပြခဲ့သည်။
နိမ်ရောဒဟူသောအမည်သည် မွေးဖွားစဉ်ကပေးခဲ့သော အမည်မဟုတ်ကြောင်း ကျမ်းပညာရှင်အချို့က သဘောတူကြသည်။ ယင်းအစား၊ သူ၏ပုန်ကန်လိုသောစရိုက် ထင်ရှားပြီးနောက်မှ ယင်းနှင့်လိုက်ဖက်အောင် ပေးထားသောအမည်ဖြစ်ရမည်ဟု သူတို့ယူဆကြသည်။ ဥပမာ၊ စီ. အက်ဖ်. ကိုင်လ်က “‘ကျွန်ုပ်တို့ပုန်ကန်လိမ့်မည်’ [မာရားဒ်ဟ်]မှလာသော နိမ်ရောဒအမည်ကိုယ်နှိုက်က ဘုရားသခင်အား အပြင်းအထန်ဆန့်ကျင်မှုကို ရည်ညွှန်းနေခြင်းဖြစ်သည်။ ယင်းအမည်ကို သူ၏တစ်ခေတ်တည်းသားများကသာ ပေးနိုင်ခဲ့ပုံရှိသည်။ သို့ဖြင့် ကိုယ်ပိုင်အမည်တစ်ခုဖြစ်လာလေသည်” ဟုဖော်ပြသည်။ အောက်ခြေမှတ်ချက်တစ်ခုတွင် သမိုင်းပညာရှင်ဂျေးကပ် ပယ်ရီဇိုနီယပ်စ်၏ရေးသားထားချက်ကို ကိုင်လ်က ဤသို့ကိုးကားသည်– “ဤသူ [နိမ်ရောဒ] သည်ပုန်ကန်ဖို့ရန် တိုက်တွန်းသော ကြမ်းကြုတ်ရက်စက်သည့် မုဆိုးတစ်ယောက်အနေနှင့် အပေါင်းအဖော်တစ်စုခြံရံပြီး ‘ပုန်ကန်ကြစို့! ပုန်ကန်ကြစို့!’ ဟုဆိုလိုသော ‘နိမ်ရောဒ၊ နိမ်ရောဒ’ ဟူသည့်စကားလုံးများသူ၏နှုတ်မှ အမြဲထွက်နေမည်ဟု ကျွန်ုပ်ယူဆသည်။” ထို့ကြောင့် နောက်ပိုင်းတွင် မောရှေကိုယ်တိုင်အပါအဝင် အခြားသူများက သူ့အားကိုယ်ပိုင်အမည်အဖြစ် ထိုစကားဖြင့် သူ့ကိုသမုတ်ခဲ့ကြသည်။”
ရှင်းနေသည်မှာ နိမ်ရောဒသည် ကိုယ့်ကိုယ်ကိုကျော်စောကိတ္တိရှိစေခဲ့သည်မဟုတ်ပေ။ သူမွေးဖွားစဉ်က ပေးခဲ့သောနာမည်ကို သိကြပုံမရှိချေ။ သူ့ဦးဆောင်မှုကို လိုက်ခဲ့ကြသောသူတို့၏အမည်များကဲ့သို့ သူ့အမည်ကို သမိုင်းမှပယ်ဖျက်ခံခဲ့ရပြီ။ သူသည် သားစဉ်မြေးဆက်အတွက်ပင် မိမိ၏အမည်ကို မချန်ခဲ့ချေ။ ဂုဏ်အသရေနှင့်ကျော်ကြားမှုအစား နာမည်ပျက်ကိုသာ သူရရှိခဲ့သည်။ နိမ်ရောဒဟူသောအမည်သည် ယေဟောဝါဘုရားသခင်အား မိုက်မဲစွာစိန်ခေါ်ခဲ့သည့် မောက်မာလွန်းသောသူပုန်အဖြစ် ထာဝရအမည်တွင်စေခဲ့ပေပြီ။