အသက် ၈၀ ၌တာဝန် အပြောင်းအလဲ
ဂွဲန်ဒါလင် မက်သယူး ပြောပြသည်
ကျွန်မအသက် ၈၀ မှာခင်ပွန်းနဲ့အတူ အင်္ဂလန်ကနေ စပိန်ကို အငှားကုန်တင်ကားငယ်ပေါ် ပစ္စည်းတွေထုပ်ပိုးပြီး ပြောင်းရွှေ့ဖို့ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်မတို့ဟာ စပိန်စကားမပြောတတ်ကြဘူး၊ အင်္ဂလိပ်စကားပြော ကမ္ဘာလှည့်ခရီးသည်တွေ သွားနေကျနေရာကနေ အလှမ်းကွာဝေးတဲ့ အနောက်တောင်စပိန်ကို သွားကြမလို့ဖြစ်တယ်။ မိတ်ဆွေအများစုက ကျွန်မတို့ကို ရူးနေပြီလို့ထင်ကြပေမဲ့ အာဗြဟံဟာ ဥရမြို့ကနေ ထွက်သွားတုန်းက အသက် ၇၅ နှစ်ရှိခဲ့တယ်ဆိုတာကို ကိုယ့်ကိုယ်ကို အားရှိဖို့သတိပေးခဲ့တယ်။
ဖြစ်ပုံက စပိန်ကိုရောက်ခဲ့တဲ့ ၁၉၉၂၊ ဧပြီလကတည်းက ကျွန်မတို့ဘဝမှာ ဆုကျေးဇူးအများဆုံးရရှိခဲ့တဲ့အချိန်တချို့ပါပဲ။ ဒါပေမဲ့ ကျွန်မတို့ဘာဖြစ်လို့ပြောင်းရွှေ့ခဲ့တယ်ဆိုတာကိုမရှင်းပြခင် ယေဟောဝါလုပ်ငန်းတော်မှာပါဝင်တဲ့ ကျွန်မတို့အသက်တာမှာ ဒီလိုဆုံးဖြတ်ချက်ကြီးကို ဘာကြောင့်ချခဲ့ရတယ်ဆိုတာကိုပြောပြပါရစေ။
ကျမ်းစာအမှန်တရားက ကျွန်မတို့ဘဝကိုပြောင်းလဲစေ
အင်္ဂလန်၊ အနောက်တောင်လန်ဒန်မှာ ဘာသာရေးကိုင်းရှိုင်းတဲ့အိမ်မှာ ကျွန်မကြီးပြင်းလာပါတယ်။ အမေက ဝိညာဉ်ရေးကျေနပ်မှုရဖို့ ဘုရားရှိခိုးကျောင်းတစ်ခုပြီးတစ်ခု လျှောက်ရှာခဲ့တုန်းက ကျွန်မညီမနဲ့ကျွန်မကို ခေါ်သွားတတ်တယ်။ အဆုတ်ရောဂါသည်ဖြစ်နေတဲ့အဖေကတော့ ကျွန်မတို့နောက်မလိုက်ခဲ့ဘူး။ ဒါပေမဲ့ အဖေက ကျမ်းစာကိုအကြီးအကျယ်ဖတ်တယ်၊ သူ့ကိုထွန်းလင်းမှုပေးတဲ့ကျမ်းပိုဒ်တစ်ခုကိုတွေ့တိုင်း မျဉ်းသားထားတတ်တယ်။ ကျွန်မတန်ဖိုးအထားဆုံးပစ္စည်းတွေထဲကတစ်ခုကတော့ အဖေတန်ဖိုးထားခဲ့တဲ့ အဲဒီနွမ်းဖတ်နေတဲ့ကျမ်းစာအုပ်ပါပဲ။
ကျွန်မ ၁၄ နှစ်ရှိတဲ့ ၁၉၂၅ ခုနှစ်မှာ အနောက်ဟာမ် မြို့တော်ခန်းမမှာဟောမယ့် လူထုဟောပြောချက်ကိုတက်ရောက်ဖို့ ဖိတ်စာတစ်စောင်ကို တံခါးအောက်မှာတွေ့ခဲ့တယ်။ အမေနဲ့အိမ်နီးချင်းတစ်ယောက်က ဟောပြောချက်ကိုသွားနားထောင်ဖို့ ဆုံးဖြတ်ကြပြီး ကျွန်မညီမနဲ့ကျွန်မလည်းလိုက်သွားခဲ့ကြတယ်။ “ယခုအသက်ရှင်သူ သန်းပေါင်းများစွာ ဘယ်တော့မျှမသေကြရ” ဆိုတဲ့ အဲဒီဟောပြောချက်ဟာ အမေ့နှလုံးထဲမှာ ကျမ်းစာသမ္မာတရားမျိုးစေ့ကြဲလိုက်ပါတယ်။
လအနည်းငယ်ကြာတော့ အဖေဟာ ၃၈ နှစ်အရွယ်မှာဆုံးသွားခဲ့တယ်။ အဖေမျက်နှာလွှဲသွားခဲ့တဲ့အတွက် ကျွန်မတို့ဟာ ခိုကိုးရာမဲ့ဖြစ်ကြတဲ့အပြင် ပူဆွေးသောကရောက်ခဲ့လို့ ဆုံးရှုံးမှုကြီးတစ်ခုဖြစ်ခဲ့တယ်။ ဒေသခံအင်္ဂလန်ချာ့ချ်မှာကျင်းပတဲ့ အဖေ့အတွက် အောက်မေ့ရာပွဲမှာ အဖေ့ဝိညာဉ်ဟာ ကောင်းကင်မှာရှိတယ်လို့ ဓမ္မဆရာကပြောတာကို အမေအတော်လန့်သွားတယ်။ ကျမ်းစာအတိုင်း လူသေတွေဟာ သင်္ချိုင်းမှာအိပ်ပျော်နေကြတယ်ဆိုတာကို အမေသိထားတဲ့အပြင် တစ်နေ့ကျရင် မြေကြီးပေါ်မှာ ထာဝရအသက်ရှင်ဖို့ အဖေရှင်ပြန်ထမြောက်လာမယ်ဆိုတာကိုလည်း သူအခိုင်အမာယုံကြည်တယ်။ (ဆာလံ ၃၇:၉-၁၁၊ ၂၉; ၁၄၆:၃၊ ၄; ဒေသနာ ၉:၅; တမန်တော် ၂၄:၁၅; ဗျာဒိတ် ၂၁:၃၊ ၄) ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုသင်ပေးတဲ့သူတွေနဲ့ ပေါင်းသင်းဖို့လိုတယ်ဆိုတာကို အမေသဘောပေါက်ပြီး အဲဒီအချိန်တုန်းက အပြည်ပြည်ဆိုင်ရာကျမ်းစာကျောင်းသားတွေလို့အခေါ်ခံရတဲ့ ယေဟောဝါသက်သေတွေနဲ့ ပိုပြီးပေါင်းသင်းဖို့ သူစိတ်ပိုင်းဖြတ်ခဲ့တယ်။
ကျွန်မတို့မှာ လမ်းစရိတ်မရှိလို့ အိမ်ကနေ ယေဟောဝါသက်သေအစည်းအဝေးကို အပတ်တိုင်းနှစ်နာရီလမ်းလျှောက်ပြီး သွားတက်ခဲ့ကြတယ်။ အဲဒါပြီးတော့ အိမ်ကို နောက်ထပ်နှစ်နာရီ ပြန်လျှောက်ကြရတယ်။ ဒါပေမဲ့ အဲဒီအစည်းအဝေးတွေကို ကျွန်မတို့ အင်မတန်တန်ဖိုးထားတယ်၊ ကြောက်စရာကောင်းတဲ့လန်ဒန်မြူနှင်းတွေ မြို့တစ်မြို့လုံးကို ဖုံးအုပ်နေတာတောင်မှ အစည်းအဝေးမတက်ဘဲမနေခဲ့ဘူး။ မကြာခင်မှာ အမေက ယေဟောဝါထံဆက်ကပ်အပ်နှံဖို့ စိတ်ဆုံးဖြတ်လိုက်ပြီး နှစ်ခြင်းယူခဲ့ပါတယ်။ ကျွန်မလည်း ၁၉၂၇ ခုနှစ်မှာ နှစ်ခြင်းခံခဲ့တယ်။
စီးပွားရေးကျပ်တည်းနေတဲ့ကြားက ဝိညာဉ်ရေးရာတွေရဲ့အရေးကြီးမှုကို အမေအမြဲသင်ပေးတယ်။ မဿဲ ၆:၃၃ ဟာအမေကြိုက်တဲ့ကျမ်းချက်တစ်ခုဖြစ်ပြီး ‘ဘုရားသခင့်နိုင်ငံတော်ကို သူတကယ်ရှေးဦးရှာ’ ခဲ့ပါတယ်။ ၁၉၃၅ ခုနှစ်မှာ ကင်ဆာရောဂါနဲ့ မမျှော်လင့်ဘဲကွယ်လွန်ခဲ့ချိန်က အမေဟာ ပြင်သစ်ကိုသွားပြီး အချိန်ပြည့်ဓမ္မအမှုဆောင်ဖို့ ဖိတ်ခေါ်ချက်ကို လက်ခံဖို့ စီစဉ်နေချိန်ဖြစ်တယ်။
ကျွန်မတို့ကို ခွန်အားပေးခဲ့တဲ့ပုံသက်သေများ
အဲဒီအစောပိုင်းနှစ်တွေက လန်ဒန်မှာကျင်းပခဲ့တဲ့အစည်းအဝေးတွေကို တက်ကြတဲ့သူအချို့ဟာ သူတို့ရဲ့ကိုယ်ပိုင်ယူဆချက်တွေကို ထုတ်ဖော်ပြောချင်ကြပြီး သူတို့တွေကြောင့် စကားများခဲ့ကြ၊ ဒေါသတွေထွက်ခဲ့ကြရတယ်။ သို့တိုင် ယေဟောဝါအဖွဲ့အစည်းထံက သိရှိခဲ့ရပြီးတဲ့နောက် အဖွဲ့အစည်းထဲကထွက်တာဟာ သစ္စာမဲ့ရာကျတယ်လို့ အမေအမြဲပြောခဲ့တယ်။ အဲဒီတုန်းက ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းရဲ့ဥက္ကဋ္ဌ ဂျိုးဇက်၊ အက်ဖ်၊ ရပ်သဖော့ဒ် လည်ပတ်ခဲ့တဲ့အတွက် ကျွန်မတို့သစ္စာရှိနိုင်ကြဖို့ အားပေးမှုဖြစ်ခဲ့တယ်။
ညီအစ်ကိုရပ်သဖော့ဒ်ကို ဖော်ရွေပြီး ချဉ်းကပ်ရလွယ်ကူတဲ့သူအနေနဲ့ ကျွန်မမှတ်မိသေးတယ်။ ကျွန်မဆယ်ကျော်သက်အရွယ်တုန်းက လန်ဒန်အသင်းတော်လိုက် အပျော်ခရီးထွက်ချိန်တစ်ကြိမ်မှာ သူပါတယ်။ ရှက်တတ်တဲ့ဆယ်ကျော်သက်အရွယ်ဖြစ်တဲ့ကျွန်မက ကင်မရာကိုင်ထားတာကို သူတွေ့ပြီး သူ့ဓာတ်ပုံရိုက်ချင်သလားလို့ ကျွန်မကိုမေးခဲ့တယ်။ အဲဒီဓာတ်ပုံဟာ ကျွန်မရဲ့အမှတ်တရပစ္စည်းတစ်ခုဖြစ်လာတယ်။
နောက်မကြာခင် ခရစ်ယာန်အသင်းတော်မှာ ဦးဆောင်နေတဲ့သူတွေနဲ့ ကမ္ဘာကျော်ပုဂ္ဂိုလ်တွေရဲ့ကွာခြားချက်ကို အတွေ့အကြုံတစ်ခုက စွဲမှတ်စေခဲ့တယ်။ ဟစ်တလာရဲ့အထောက်တော်တစ်ယောက်ဖြစ်တဲ့ ဖရန့်ဇ်ဗွန်ပါပဲင်ကို နေ့လယ်စာစားဖို့ဖိတ်ထားတဲ့ လန်ဒန်က အိမ်ကြီးတစ်ခုမှာ ကျွန်မစားပွဲထိုးခဲ့ရတယ်။ အစာစားနေချိန်မှာ သူလွယ်ထားတဲ့ဓားရှည်ကို သူဖြုတ်ဖို့ငြင်းဆန်တဲ့အတွက် အဲဒါကို ကျွန်မခလုတ်တိုက်တော့ ဟင်းချိုဖိတ်ပါလေရော။ ဂျာမနီမှာဆိုရင် ဒီလိုနမော်နမဲ့လုပ်ရပ်မျိုးကို ပစ်သတ်မှာဆိုပြီး ဒေါသတကြီးနဲ့ သူပြောခဲ့တယ်။ သူအစာစားပြီးတဲ့အထိ သူ့ကိုကျွန်မဝေးဝေးရှောင်ခဲ့တယ်!
ညီအစ်ကိုရပ်သဖော့ဒ်ရဲ့ ဟောပြောချက်ကိုနားထောင်ခဲ့ရတဲ့ အရေးပါတဲ့စည်းဝေးကြီးတစ်ခုကို ၁၉၃၁ ခုနှစ် အလက်ဇန်းဒရား ပဲလေ့စ်မှာကျင်းပခဲ့တယ်။ အဲဒီမှာ ယေဟောဝါသက်သေဆိုတဲ့ ကျွန်မတို့ရဲ့နာမည်အသစ်ကို အားတက်သရောခံယူခဲ့ကြတယ်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) နောက်နှစ်နှစ် ၁၉၃၃ ခုနှစ်မှာ ရှေ့ဆောင်လုပ်ငန်းလို့ခေါ်တဲ့ အချိန်ပြည့်ဓမ္မအမှုဆောင်လုပ်ငန်းကို ကျွန်မလုပ်ခဲ့တယ်။ အဲဒီနှစ်တွေက ကျွန်မမှတ်မိတဲ့နောက်ကောင်းချီးတစ်ခုကတော့ နောက်ပိုင်းမှာ ကမ္ဘာအနှံ့ကိုသွားပြီး သာသနာပြုခဲ့ကြတဲ့လူငယ်တွေနဲ့ ပေါင်းသင်းခွင့်ရရှိခဲ့တာဖြစ်တယ်။ သူတို့တွေထဲမှာ ကလောဒ် ဂွတ်မန်၊ ဟယ်ရာလ်ဒ် ကင်း၊ ဂျွန် ကွတ်နဲ့ အဲဒဝင် စကင်နာတို့ပါဝင်တယ်။ အဲဒီလိုသစ္စာရှိသူတွေရဲ့ ပုံသက်သေတွေက ကျွန်မကို တိုင်းတစ်ပါးလယ်ကွင်းမှာ အမှုဆောင်ချင်စိတ်ရှိစေခဲ့တယ်။
အရှေ့အဲန်ဂလီယာတွင်ရှေ့ဆောင်ခြင်း
ကျွန်မရှေ့ဆောင်တာဝန်ကျတဲ့နေရာက အရှေ့အဲန်ဂလီယာ (အင်္ဂလန်အရှေ့ဘက်) မှာဖြစ်ပြီး အဲဒီမှာဟောပြောဖို့အတွက် စိတ်ထက်သန်ဖို့နဲ့ဇွဲရှိဖို့လိုခဲ့တယ်။ ကျွန်မတို့ရဲ့ကျယ်ဝန်းတဲ့ရပ်ကွက်ကြီးကိုပြီးဖို့ တစ်မြို့ကနေတစ်မြို့၊ တစ်ရွာကနေတစ်ရွာ စက်ဘီးနဲ့သွားခဲ့ကြရပြီး အခန်းတွေငှားနေခဲ့ကြရတယ်။ အဲဒီဒေသမှာ အသင်းတော်မရှိသလောက်ဖြစ်လို့ ကျွန်မရဲ့လုပ်ဖော်နဲ့ကျွန်မဟာ ပတ်စဉ်အစည်းအဝေးအားလုံးကို မှန်မှန်ပဲ ကိုယ့်ဘာသာကိုယ်ကျင်းပကြတယ်။ ကျွန်မတို့ဓမ္မအမှုမှာ ဘုရားသခင်ရဲ့ရည်ရွယ်တော်မူချက်ကို ရှင်းပြတဲ့စာအုပ်ကြီး၊ စာအုပ်ငယ်တွေ ရာနဲ့ချီ ထုတ်ဝေခဲ့ကြရတယ်။
အမှတ်တရဖြစ်တဲ့လည်ပတ်မှုတစ်ခုကတော့ အင်္ဂလန်ချာ့ချ်နယ်တစ်ခုမှာရှိတဲ့ ဒေသခံဓမ္မဆရာနဲ့ စကားပြောဆိုခဲ့ကြရတဲ့အချိန်ပဲ။ ဒေသအတော်များများမှာဆိုရင် ကျွန်မတို့ သတင်းကောင်းဟောပြောနေတာကို အင်္ဂလီကန်ဓမ္မဆရာသိသွားရင် ပြဿနာလုပ်မှာစိုးလို့ သူ့ဆီကို နောက်ဆုံးမှသွားခဲ့ကြတယ်။ ဒါပေမဲ့ ဒီရွာကလူတိုင်းဟာ အဲဒီဓမ္မဆရာကောင်းကြောင်းပဲ ပြောခဲ့ကြတယ်။ သူဟာ လူနာတွေဆီသွားတယ်၊ စာဖတ်ဝါသနာပါတဲ့သူတွေကိုလည်း စာအုပ်တွေငှားတဲ့အပြင် ကျမ်းစာကိုရှင်းပြဖို့ သူ့ရဲ့နယ်ပယ်အတွင်းမှာရှိတဲ့သူတွေဆီကို သွားလည်ပတ်တယ်လို့သိရတယ်။
သူ့ဆီကျွန်မတို့လည်ပတ်တဲ့အခါ တကယ့်ကိုဖော်ရွေတတ်သူဖြစ်ပြီး စာအုပ်တွေလည်း လက်ခံတယ်။ နောက်တော့ အဲဒီရွာကတစ်ဦးဦးဟာ ကျွန်မတို့ရဲ့စာအုပ်တွေကိုလိုချင်ပေမဲ့ မတတ်နိုင်ရင် သူဝယ်ပေးမယ်လို့လည်းပြောသေးတယ်။ ပထမကမ္ဘာစစ်မှာ သူ့ရဲ့ဆိုးရွားလှတဲ့အတွေ့အကြုံတွေကြောင့် သူ့အသင်းတော်နယ်ပယ်မှာ ငြိမ်းချမ်းမှုနဲ့ခင်မင်မှုကိုအားပေးဖို့ ဆုံးဖြတ်ထားတယ်လို့ ကျွန်မတို့သိခဲ့ရတယ်။ ကျွန်မတို့မထွက်ခွာခင် ကျွန်မတို့ကို သူကောင်းချီးပေးပြီး ကျွန်မတို့ရဲ့ချီးမွမ်းစရာကောင်းတဲ့အလုပ်ကို ဆက်လုပ်ကိုင်ဖို့အားပေးလိုက်သေးတယ်။ ကျွန်မတို့မပြန်ခင် သူက ဝတ်ပြုရာ ၆:၂၄ မှာဆိုထားတဲ့အတိုင်း နှုတ်ဆက်လိုက်ပါတယ်– “ထာဝရဘုရားသည် သင့်ကိုကောင်းချီးပေး၍ စောင့်မတော်မူပါစေသော။”
ကျွန်မရှေ့ဆောင်စလုပ်ပြီး နှစ်နှစ်မှာအမေဆုံးသွားတယ်။ ငွေမရှိ၊ မိသားစုမရှိဘဲ လန်ဒန်ကို ကျွန်မပြန်ရောက်လာတယ်။ ချစ်စရာကောင်းတဲ့ စကော့တလန်သက်သေခံ ညီအစ်မတစ်ယောက်က ကျွန်မကိုအိမ်ပေါ်တင်စောင့်ရှောက်ထားပြီး အမေ့အတွက်ပူဆွေးတာကို ဖြေဖျောက်နိုင်ရအောင် ကူညီပေးပြီး အချိန်ပြည့်ဓမ္မအမှုဆက်လုပ်ဖို့ အားပေးခဲ့ပါတယ်။ အဲဒါနဲ့ရှေ့ဆောင်လုပ်ဖော်အသစ် ဂျူလီယာ ဖဲဖက်စ်နဲ့ အရှေ့အဲန်ဂလီယာကို ပြန်သွားခဲ့တယ်။ ဘီးတပ်အိမ်တစ်လုံးအဖြစ်အသုံးပြုဖို့ နောက်တွဲယာဉ်ဟောင်းတစ်စီးကိုပြုပြင်ခဲ့တယ်; အဲဒါကို တစ်နေရာကနေတစ်နေရာရွှေ့ဖို့ ထွန်စက် ဒါမှမဟုတ် ကုန်တင်ကားတစ်စီးကို အသုံးပြုခဲ့ကြတယ်။ နောက်တွဲယာဉ်ငယ်တစ်စီးပိုင်တဲ့ အသက်ကြီးမောင်နှံ အဲလ်ဘတ်နဲ့အက်သဲလ် အဲဘ်ဘတ်တို့နဲ့အတူ ကျွန်မတို့ဆက်ဟောပြောခဲ့ကြတယ်။ အဲလ်ဘတ်နဲ့အက်သဲလ်တို့ဟာ ကျွန်မရဲ့မိဘတွေလိုဖြစ်လာခဲ့ကြတယ်။
ကိန်းဘရီချ်ရှယ်မှာ ရှေ့ဆောင်နေတုန်း ခက်ခဲတဲ့အခြေအနေအောက်မှာ ယေဟောဝါကိုသမာဓိရှိကြောင်းသက်သေပြခဲ့တဲ့ ကောင်းမွန်တဲ့ခရစ်ယာန်ညီအစ်ကိုဂျွန် မက်သယူးနဲ့ ကျွန်မတွေ့ဆုံခဲ့တယ်။ ၁၉၄၀ ပြည့်နှစ်ဒုတိယကမ္ဘာစစ်စဖြစ်ပြီး မကြာခင်မှာ ကျွန်မတို့လက်ထပ်လိုက်ကြတယ်။
စစ်ကာလနဲ့မိသားစုတစ်စု
ကျွန်မတို့ကြင်စဇနီးမောင်နှံဖြစ်စဉ်က ကျွန်မတို့အိမ်ဟာမီးဖိုချောင်ငယ်အရွယ်လောက်ပဲရှိတဲ့ နောက်တွဲယာဉ်ငယ်လေးဖြစ်ပြီး အမှုဆောင်ဖို့ကြတော့ စိတ်ချရတဲ့ဆိုင်ကယ်ကိုအသုံးပြုခဲ့ကြတယ်။ လက်ထပ်ပြီးတစ်နှစ်အကြာမှာ ဂျွန်ဟာ သူ့ရဲ့ကျမ်းစာအခြေခံယုံကြည်ချက်ကြောင့် စစ်မှုထမ်းဖို့ငြင်းလိုက်တဲ့အတွက် လယ်ယာမှာအလုပ်ကြမ်းလုပ်ရတဲ့ အပြစ်ဒဏ်ခံခဲ့ရတယ်။ (ဟေရှာယ ၂:၄) အဲဒါကြောင့် ကျွန်မတို့ရှေ့ဆောင်မလုပ်နိုင်ကြတော့ပေမဲ့ အဲဒီလို ဂျွန်အပြစ်ဒဏ်ခံရတာဟာ အတော်ပဲဖြစ်တယ်။ ကျွန်မမှာကိုယ်ဝန်ရှိနေတော့ ကျွန်မတို့ကို သူထောက်ပံ့ပေးနိုင်ခဲ့တယ်။
စစ်ဖြစ်နေတဲ့နှစ်တွေမှာ ဆင်းရဲမှုကြား ကျင်းပခဲ့ကြတဲ့အထူးအစည်းအဝေးတွေကို တက်ရောက်ခဲ့ရတာပျော်စရာကောင်းတယ်။ ၁၉၄၁ ခုနှစ်မှာ ဂျွန်နဲ့၊ ပထမကလေးကိုယ်ဝန်လွယ်ထားတဲ့ကျွန်မပါမိုင် ၂၀၀ ဝေးတဲ့မန်ချက်စ်တာကို မော်တော်ဆိုင်ကယ်နဲ့သွားခဲ့ကြတယ်။ လမ်းမှာ ဗုံးကြဲခံရတဲ့မြို့အတော်များများကို ဖြတ်ကျော်လာတော့ ဒီလိုအခြေအနေမျိုးမှာ စည်းဝေးကျင်းပနိုင်ပါ့မလားလို့ စဉ်းစားမိတယ်။ ကျင်းပခဲ့ပါတယ်။ အင်္ဂလန်နိုင်ငံ အရပ်ရပ်ကလာတဲ့ သက်သေခံတွေဟာ မန်ချက်စ်တာအလယ်မှာရှိတဲ့ ဖရီးတရိတ်ခန်းမကို စုပြုံရောက်လာကြပြီး အစီအစဉ်တစ်ခုလုံးကို တက်ရောက်ခဲ့ကြတယ်။
စည်းဝေးကြီးရဲ့ နောက်ဆုံးဟောပြောသူရဲ့ဟောပြောချက်နိဂုံးမှာ ဗုံးကြဲတိုက်ခိုက်မဲ့သတင်းရတဲ့အတွက် ခန်းမကနေ ချက်ချင်းထွက်ပေးကြဖို့ ပရိသတ်ကိုပြောခဲ့တယ်။ အချိန်မီသတိပေးချက်ဖြစ်ခဲ့တယ်။ အချက်ပေးဥသြသံနဲ့ လေယာဉ်ပစ်သေနတ်သံတွေ ကြားရတဲ့အချိန်မှာ ကျွန်မတို့ဟာ ခန်းမနဲ့သိပ်မဝေးတဲ့နေရာမှာရှိနေသေးတယ်။ ပြန်လှည့်ကြည့်လိုက်တဲ့အခါ မြို့လယ်ခေါင်ကို ဗုံးကြဲနေတဲ့လေယာဉ်ဒါဇင်လိုက်ကို တွေ့လိုက်ရတယ်။ မီးခိုးကြားထဲကနေ မကြာသေးခင်ကမှ ကျွန်မတို့ထိုင်ခဲ့ကြတဲ့ခန်းမကို တွေ့လိုက်ရပါတယ်; လုံးဝပျက်စီးသွားပါပြီ! ကျွန်မတို့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတစ်ယောက်မှမသေကြတဲ့အတွက် ကျေးဇူးတင်စရာပဲ။
ကလေးတွေကို ကျွေးမွေးပြုစုနေရတဲ့အချိန်မှာ ကျွန်မတို့ရှေ့ဆောင်မလုပ်နိုင်ကြတော့ပေမဲ့ တည်းခိုစရာမရှိတဲ့ နယ်လှည့်ကြီးကြပ်မှူးတွေနဲ့ ရှေ့ဆောင်တွေကို ကျွန်မတို့အိမ်မှာ တည်းခိုခွင့်ပေးခဲ့တယ်။ တစ်ကြိမ်မှာ ရှေ့ဆောင်ခြောက်ယောက် ကျွန်မတို့အိမ်မှာ လအနည်းငယ်နေထိုင်ခဲ့ကြတယ်။ ဒီလိုလူတွေနဲ့ပေါင်းသင်းခဲ့ရတာကြောင့် ၁၉၆၁ ခုနှစ်မှာ ကျွန်မတို့သမီးယူးနစ္စဟာ ၁၅ နှစ်အရွယ်နဲ့ ရှေ့ဆောင်လုပ်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါလိမ့်မယ်။ ဝမ်းနည်းစရာကတော့ ကျွန်မတို့ရဲ့သားဒေးဗစ်ဟာ အရွယ်ရောက်လာတဲ့အခါမှာ ယေဟောဝါရဲ့အမှုတော်ကို မထမ်းဆောင်တော့ဘူး။ သမီးလန္ဒာကျတော့ စစ်အတွင်း အဖြစ်ဆိုးနဲ့သေခဲ့ရရှာတယ်။
စပိန်ကိုပြောင်းဖို့ ကျွန်မတို့ရဲ့ဆုံးဖြတ်ချက်
အမေ့ရဲ့ပုံသက်သေနဲ့အားပေးမှုဟာ ကျွန်မကို သာသနာပြုဖြစ်ချင်အောင် လှုံ့ဆော်ပေးခဲ့တဲ့အတွက် အဲဒီပန်းတိုင်ကို ကျွန်မတစ်ခါမှမျက်ခြည်မပြတ်ခဲ့ဘူး။ ဒါကြောင့် ဘုရားသခင်ရဲ့နိုင်ငံတော်ကြွေးကြော်သူတွေ အရမ်းလိုအပ်နေတဲ့ စပိန်ကို အင်္ဂလန်ကနေ ယူးနစ္စထွက်သွားခဲ့တဲ့ ၁၉၇၃ ခုနှစ်တုန်းက ကျွန်မတို့တကယ်ဝမ်းသာခဲ့ရပါတယ်။ ကျွန်မတို့နဲ့ သူခွဲခွာသွားတာကိုတော့ ဝမ်းနည်းကြပေမဲ့ နိုင်ငံခြားမှာ သူအမှုသွားဆောင်ချင်တာကို ကျွန်မတို့ဂုဏ်ယူမိခဲ့တယ်။
ယူးနစ္စဆီကို ကျွန်မတို့ မကြာခဏအလည်သွားခဲ့တဲ့အတွက် စပိန်မှာ အတော်နေသားကျလာကြတယ်။ တကယ်တော့ သူတာဝန်ကျခဲ့တဲ့နေရာလေးနေရာကို ဂျွန်နဲ့ကျွန်မရောက်ခဲ့ကြတယ်။ ဒါနဲ့ပဲ အသက်တွေရလာတော့ အင်အားလျော့လာရော။ ဂျွန်လည်း တစ်ခါချော်လဲပြီး သူ့ကျန်းမာရေးအတော်ထိခိုက်သွားတယ်။ ကျွန်မလည်း နှလုံးရောဂါနဲ့သိုင်းရွိုက်အဆိပ်တက်လွန်တဲ့ရောဂါဒဏ်တွေ ခံနေရတယ်။ အဲဒီအပြင် ကျွန်မတို့နှစ်ယောက်လုံးမှာ ရိုးဆစ်ရောင်ရောဂါ ခံစားနေရပါတယ်။ ယူးနစ္စအကူအညီကို ကျွန်မတို့ တကယ်လိုအပ်နေပေမဲ့ ကျွန်မတို့အတွက်နဲ့တော့ သူအလုပ်တာဝန်ကျတဲ့နေရာကနေ မထွက်စေချင်ခဲ့ဘူး။
ကျွန်မတို့ရွေးချယ်ပြုလုပ်နိုင်စရာတွေကို ယူးနစ္စနဲ့ဆွေးနွေးခဲ့ကြတဲ့အပြင် လမ်းပြပေးဖို့ ဆုတောင်းခဲ့ကြတယ်။ သူမကတော့ အိမ်ပြန်လာပြီး ကျွန်မတို့ကိုကူညီပေးချင်ခဲ့ပေမဲ့ ဂျွန်နဲ့ကျွန်မဟာ စပိန်မှာသူနဲ့အတူနေတာ အကောင်းဆုံးဖြေရှင်းနည်းဖြစ်မယ်လို့ ဆုံးဖြတ်ခဲ့ကြတယ်။ ကျွန်မကိုယ်တိုင် သာသနာပြုတစ်ဦးမဖြစ်နိုင်ခဲ့ရင် အနည်းဆုံးတော့ အချိန်ပြည့်လုပ်ငန်းမှာ သမီးနဲ့သူ့အဖော်နှစ်ယောက်ကို ကျွန်မထောက်ပံ့ပေးနိုင်မှာပါ။ အဲဒီအချိန်မှာ ယူးနစ္စနဲ့ ၁၅ နှစ်တောင် အဖော်လုပ်ပြီး ရှေ့ဆောင်ခဲ့ကြတဲ့ နူရ်ယားနဲ့အာန်တို့ဟာ ဂျွန်နဲ့ကျွန်မရဲ့သမီးအရင်းတွေလိုပဲဖြစ်နေကြပါပြီ။ သူတို့ကလည်း ဘယ်မှာပဲတာဝန်ကျကျ ကျွန်မတို့ကို သူတို့နဲ့အတူနေစေချင်ကြတယ်။
ဒီဆုံးဖြတ်ချက်ချခဲ့တာ ခြောက်နှစ်ကျော်ပါပြီ။ ကျွန်မတို့ရဲ့ကျန်းမာရေးအခြေအနေဟာ ပိုပြီးမဆိုးသွားပဲ ကျွန်မတို့ဘဝဟာ ပိုလိုတောင်စိတ်ဝင်စားစရာကောင်းလာတာ အမှန်ပါပဲ။ စပိန်စကားကို ခုထိကောင်းကောင်းမပြောတတ်ပေမဲ့ ကျွန်မမဟောဘဲမနေပါဘူး။ အနောက်တောင်စပိန်၊ အဲ့စ်တရီမာဒူးရားအသင်းတော်ငယ်လေးမှာ ဂျွန်နဲ့ကျွန်မဟာ နေသားကျနေကြပါပြီ။
စပိန်မှာနေတဲ့အတွက် ကျွန်မတို့ရဲ့ အပြည်ပြည်ဆိုင်ရာဘုရားသခင့်နိုင်ငံတော်သတင်း ဟောပြောခြင်းလုပ်ငန်းသဘောကို အတော်သိလာခဲ့ရပြီး ယေရှုပြောသလို “လယ်ကား ဤလောကဖြစ်၏” ဆိုတာကို အခုပိုပြီးနားလည်လာပါပြီ။—မဿဲ ၁၃:၃၈။
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
၁၉၃၀ ပြည့်လွန်နှစ်များတွင် ရှေ့ဆောင်ခြင်း