ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၅/၁၅ စာ. ၂၈-၃၁
  • တာလ်မွဒ်ကျမ်း ကား အဘယ်နည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တာလ်မွဒ်ကျမ်း ကား အဘယ်နည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • တာလ်မွဒ်ကို ပြုစုရေးသားခြင်း
  • တာလ်မွဒ်ကျမ်းနှစ်ခုကို ပြုစုရေးသားခြင်း
  • တာလ်မွဒ်ကျမ်းက အဘယ်အရာကို ပြီးမြောက်စေခဲ့ပြီနည်း
  • မစ်ရှ်နာနှင့်မောရှေကို ဘုရားသခင်ပေးသည့်ပညတ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • နှုတ်တိုက်ပညတ်—အဘယ်ကြောင့်ရေးသားခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ရဗ္ဗိ ဟုမည်သူအခေါ်ခံ ထိုက်သနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ကာရအိုက်များနှင့် သူတို့၏သမ္မာတရားရှာပုံတော်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၅/၁၅ စာ. ၂၈-၃၁

တာလ်မွဒ်ကျမ်း ကား အဘယ်နည်း

“တာလ်မွဒ်ကျမ်းသည် ထုတ်ဝေခဲ့သမျှစာပေတို့တွင် အထူးခြားဆုံးစာအုပ်ဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။” —ကမ္ဘာလုံးဆိုင်ရာ ဂျူးစွယ်စုံကျမ်း။

“[တာလ်မွဒ်ကျမ်းသည်] လူ့ ဉာဏ်ကြီးရှင်များ၏ ပြီးမြောက်အောင်မြင်မှုတစ်ခုဖြစ်ကာ ထက်မြက်သောဉာဏ်ရှင်များပင် နှစ်ပေါင်းတစ်ထောင့်ငါးရာကျော်မက တွေးတောခဲ့ကြရသည့် နက်နဲလွန်းလှ၍ အဓိပ္ပာယ်အလွန်ပြည့်ဝ၊ အလွန်သိမ်မွေ့လှသော မှတ်တမ်းမှတ်ရာတစ်ခုဖြစ်သည်။”—ဂျေကပ်နွိုင်စနာ၊ ဂျူးပညာရှင်နှင့် စာရေးဆရာ။

“တာလ်မွဒ်ကျမ်းသည် ဂျူးလူမျိုးအသက်တာ၏ ဝိညာဉ်ရေးနှင့်ဉာဏရေးအဆောက်အဦတစ်ခုလုံးကို ထောက်မပေးသော [ယုဒဘာသာ၏] အဓိကမဏ္ဍိုင်ဖြစ်သည်။”—အယ်ဒင်စတိန်းစော့လ်ဇ်၊ တာလ်မွဒ်ကျမ်းပညာရှင်နှင့်ရဗ္ဗိဆရာ။

တာလ်မွဒ်ကျမ်းသည် ရာစုနှစ်များစွာ ဂျူးလူမျိုးတို့အပေါ် ကြီးမားသောသြဇာညောင်းခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ သို့ရာတွင် အထက်ပါကိုးကားထားသော ချီးမွမ်းစကားများနှင့်ဆန့်ကျင်သည်ကား တာလ်မွဒ်သည် “နောက်ကျိညစ်ညမ်းသည့်ပင်လယ်ရေ” ဖြစ်၏ဟူ၍ အပုပ်ချအခေါ်ခံခဲ့ရသည်။ ယင်းသည် ဘုရားတရားကို တိုက်ခိုက်စော်ကားသည့် စာတန်၏လုပ်ရပ်တစ်ခုဖြစ်သည်ဟူ၍ ကြေညာခံခဲ့ရသည်။ ပုပ်ရဟန်းမင်းအမိန့်ဖြင့် ယင်းကို မကြာခဏ စိစစ်ဖြတ်တောက်၊ သိမ်းဆည်းခဲ့ကြပြီး ဥရောပပြည်သူ့ရင်ပြင်များ၌ အုပ်ရေမြောက်မြားစွာကိုပင် မီးရှို့ဖျက်ဆီးခဲ့ကြသည်။

တိတိကျကျပြောရလျှင် ဤမျှအငြင်းပွားစရာဖြစ်စေခဲ့သည့်စာပေကား အဘယ်နည်း။ ဂျူးအရေးအသားများတွင် တာလ်မွဒ်ကျမ်းကို အဘယ်အရာကထူးခြားစေသနည်း။ ယင်းကို အဘယ်ကြောင့် ရေးသားခဲ့သနည်း။ အဆိုပါစာပေသည် ယုဒဘာသာကို မည်သို့ ဤမျှသြဇာသက်ရောက်လာရသနည်း။ ယင်းသည် ဂျူးမဟုတ်သည့် လောကအတွက် အဓိပ္ပာယ်ရှိပါသလော။

စီ.အီး. ၇၀ တွင်ယေရုရှလင်မြို့ရှိ ဗိမာန်တော်ဖျက်ဆီးခံရပြီးနောက် နှစ်ပေါင်း ၁၅၀ အတွင်း အစ္စရေးနိုင်ငံတစ်လျှောက်ရှိ ရဗ္ဗိဆိုင်ရာကဝိတက္ကသိုလ်များက ဂျူးဓလေ့ထိန်းသိမ်းရေးအတွက် အခြေခံနည်းသစ်ကို အရေးတကြီးရှာကြံခဲ့ကြသည်။ သူတို့သည် ၎င်းတို့၏နှုတ်တိုက်ပညတ်ရှိ ထုံးတမ်းစဉ်လာများစွာတို့ကို အချေအတင်ဆွေးနွေးပြီး မြဲမြံစေခဲ့ကြ၏။ ဤအခြေခံပေါ်တည်ဆောက်ကာ ယုဒဘာသာအတွက် ကန့်သတ်ချက်အသစ်နှင့် တောင်းဆိုချက်အသစ်များချမှတ်ပေးကာ ဗိမာန်တော်မရှိဘဲလျက် နေ့စဉ်နေ့တိုင်းသန့်ရှင်းစင်ကြယ်စွာ အသက်ရှင်နိုင်ရန် ညွှန်ကြားပေးခဲ့သည်။ စီ.အီး. တတိယရာစုဆန်းပိုင်းတွင် ဂျူဒဟာနာစီပြုစုသည့် မစ်ရှ်နာတွင် ဤဝိညာဉ်ရေးအခြေခံဘောင်သစ်ကို အချုပ်ဖော်ပြထားသည်။a

မစ်ရှ်နာသည် သမ္မာကျမ်းစာရည်ညွှန်းချက်များကိုအခြေခံပြီး မှန်ကြောင်းတင်ပြဖို့မရှာကြံဘဲ မိမိဘာသာရပ်တည်သည်။ ၎င်း၏ဆွေးနွေးတင်ပြသည့်နည်းနှင့် ယင်း၏ဟေဗြဲစာပုံစံပင်လျှင် ကျမ်းစာနှင့်မတူ တစ်မူထူးခြား၏။ မစ်ရှ်နာတွင် ကိုးကားထားသော ရဗ္ဗိများ၏ဆုံးဖြတ်ချက်များသည် နေရာတိုင်းရှိဂျူးများ၏နေ့စဉ်အသက်တာကို ဩဇာလွှမ်းမည်ဖြစ်သည်။ မှန်ပါသည်၊ ဂျေကပ်နွိုင်စနာက ဤသို့မှတ်ချက်ချ၏– “မစ်ရှ်နာသည် အစ္စရေးနိုင်ငံအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေကို စီမံပေးခဲ့သည်။ . . . ယင်းက ၎င်း၏စည်းမျဉ်းများကို သဘောတူလက်ခံ၍ လိုက်လျှောက်ရန်တောင်းဆိုသည်။”

သို့သော် မစ်ရှ်နာ၌ကိုးကားထားသော ကဝိများ၏အခွင့်အာဏာသည် သမ္မာကျမ်းစာဖော်ပြချက်နှင့် အမှန်တကယ်ပင် တူညီသလောဟု အချို့ကမေးမြန်းလျှင် မည်သို့ဖြေဆိုမည်နည်း။ မစ်ရှ်နာတွင်တွေ့ရှိရသော တန်းနိမ် (နှုတ်တိုက်ပညတ်သွန်သင်သူ) များ၏သွန်သင်ချက်များသည် ဟေဗြဲကျမ်းစာစောင်များနှင့် လုံးလုံးကိုက်ညီကြောင်း ရဗ္ဗိများကဖော်ပြကြရမည်ဖြစ်သည်။ ထပ်ဆင့်ချဲ့ရန် လိုအပ်လာ၏။ သူတို့က မစ်ရှ်နာကို ရှင်းပြ၍မှန်ကြောင်းပြရန်နှင့် ယင်းသည် သိနာတောင်ပေါ်တွင် မောရှေကိုပေးခဲ့သည့်ပညတ်နှင့်အတူ စဖြစ်ပေါ်လာသည်ဟု သက်သေထူရန်လိုကြောင်း ယူမှတ်ခဲ့ကြ၏။ နှုတ်တိုက်နှင့်အက္ခရာတင် ပညတ်တို့၏ ဆိုလိုရင်းနှင့်ရည်ရွယ်ချက်သည် တစ်ခုတည်းဖြစ်ကြောင်းကြိုးစားဖော်ပြရန်လိုသည်ဟု ရဗ္ဗိများယူမှတ်ခဲ့ကြ၏။ ထို့ကြောင့် ယုဒဘာသာအပေါ် နောက်ဆုံးပိတ်မှတ်ချက်ဖြစ်မည့်အစား မစ်ရှ်နာသည် ဘာသာရေးကို အချေအတင်ပြောဆိုဆွေးနွေးဖို့အတွက် အခြေခံအသစ်ဖြစ်လာလေသည်။

တာလ်မွဒ်ကို ပြုစုရေးသားခြင်း

ဤစိန်ခေါ်ချက်အသစ်ကို လက်ခံတာဝန်ယူခဲ့သည့်ရဗ္ဗိများအား အာမိုရာအီမ်—မစ်ရှ်နာ၏ “စကားပြန်များ” သို့မဟုတ် “ရှင်းလင်းသူများ”—ဟုခေါ်ကြသည်။ တက္ကသိုလ်တစ်ခုစီကို ထင်ရှားသောရဗ္ဗိတစ်ဦးစီကဦးစီးသည်။ ပညာရှင်များနှင့်ကျောင်းသားများပါဝင်သော အုပ်စုငယ်တစ်စုသည် တစ်နှစ်ပတ်လုံး ဆွေးနွေးပွဲများပြုလုပ်ကြသည်။ သို့သော် အရေးအကြီးဆုံးအစည်းအဝေးများကို စိုက်ပျိုးရေးအလုပ်ပါးသဖြင့် ရာနှင့်ချီမကထောင်ချီ၍ပင် တက်ရောက်နိုင်သည့် အာဒါလနှင့် အလုလတို့တွင် တစ်နှစ်လျှင်နှစ်ကြိမ်ကျင်းပခဲ့ကြသည်။

အယ်ဒင်ဆတိုင်းစော့လ်ဇ် ဤသို့ရှင်းပြသည်– “တက္ကသိုလ်ဦးစီးနာယကသည် ကုလားထိုင်တစ်လုံး သို့မဟုတ် အထူးသင်ဖြူးဖျာများပေါ်ထိုင်၍ သဘာပတိအဖြစ်ဆောင်ရွက်ပေးရသည်။ သူနှင့်မျက်နှာချင်းဆိုင် ရှေ့တန်းများတွင် သူ၏လုပ်ဖော်ဆောင်ဖက်များ သို့မဟုတ် ထူးချွန်သောကျောင်းသားများအပါအဝင် အရေးပါသည့်ပညာရှင်များထိုင်ကြရပြီး ၎င်းတို့နောက်တွင် အခြားပညာရှင်များအားလုံးထိုင်ကြရ၏။ . . . ထိုင်ခုံအစီအစဉ်ကို [အရေးပါမှုအလိုက်] အဆင့်ဆင့်တိကျစွာသတ်မှတ်ထားရသည်။” မစ်ရှ်နာတစ်ပိုင်းကို နှုတ်တိုက်ရွတ်ကြရသည်။ ထို့နောက် ယင်းကို မစ်ရှ်နာတွင်မပါသော်လည်း တန်းနိမ်များ စုစည်းထားသော အလားတူ သို့မဟုတ် ထပ်ဆင့်အကြောင်းအရာတစ်ခုခုနှင့် နှိုင်းယှဉ်ကြသည်။ လေ့လာမှုအစီအစဉ် စသည်။ မေးခွန်းများ စစ်စစ်ပေါက်ပေါက်မေးမြန်းကာ သွန်သင်ချက်များစပ်ကြား အတွင်းသဘောညီညွတ်မှုတွေ့ရှိရန် ဆန့်ကျင်ဖီလာမှုများကို လေ့လာဆန်းစစ်ကြ၏။ ရဗ္ဗိတို့၏သွန်သင်မှုများကိုထောက်ခံရန် ဟေဗြဲကျမ်းစာစောင်များမှ ကျမ်းချက်များကိုရှာကြံခဲ့ကြသည်။

ဤဆွေးနွေးခန်းများကို အသေအချာဖွဲ့စည်းထားကြသော်လည်း အကြိတ်အနယ်ဆွေးနွေးမှုများဖြစ်လေ့ရှိ၍ တစ်ခါတစ်ရံ ပြင်းထန်လာတတ်သည်။ တာလ်မွဒ်ကျမ်းတွင် ကိုးကားဖော်ပြခံရသောကဝိတစ်ဦးက စကားရည်လုပြောဆိုကြရာတွင် ရဗ္ဗိများ၏နှုတ်များမှ “မီးပွားများ” ထွက်လာ၏ဟုဆိုခဲ့သည်။ (ဟူလ္လင် ၁၃၇ခ၊ ဗာဗုလုန်တာလ်မွဒ်) အစည်းအဝေးအစီအစဉ်များအကြောင်း ဆတိုင်းစော့လ်ဇ်က ဤသို့ဆိုသည်– “တက္ကသိုလ်ဦးစီးနာယက သို့မဟုတ် စာပို့ချသောကဝိသည် ပြဿနာများကို သူကိုယ်ပိုင်အနက်ဖွင့်ဆိုပို့ချသည်။ ပရိသတ်ထဲမှ ပညာရှင်များသည် အခြားရင်းမြစ်များ၊ အခြားဆရာများ၏ ရှုမြင်ချက်များ သို့မဟုတ် ယုတ္တိရှိသည့် သူတို့၏ကိုယ်ပိုင်ကောက်ချက်ချမှုများကို အခြေခံ၍မေးမြန်းတိုက်ခိုက်လေ့ရှိသည်။ တစ်ခါတစ်ရံ စကားရည်လုပွဲသည် အချိန်တိုအတွင်းပြီးဆုံးသွား၍ သတ်မှတ်ထားသောမေးခွန်းတစ်ခုကို ရှင်းရှင်းလင်းလင်းကောက်ချက်ချနိုင်ခဲ့ကြ၏။ အခြားအချိန်အခါများတွင် ပညာရှင်အချို့သည် အခြားဖြေရှင်းနည်းများကိုတင်ပြကြကာ အကြီးအကျယ်အချေအတင်ဆွေးနွေးကြလေတော့သည်။” တက်ရောက်သူအားလုံး လွတ်လွတ်လပ်လပ်ပါဝင်ဆွေးနွေးခွင့်ရှိ၏။ ဤအစည်းအဝေးများ၌ ဆုံးဖြတ်ခဲ့သော အကြောင်းအချက်များကို အခြားပညာရှင်များသုံးသပ်ကြရန် အခြားတက္ကသိုလ်များသို့ သတင်းပို့လေ့ရှိကြသည်။

သို့တိုင် ယင်းစည်းဝေးအစီအစဉ်များသည် အဆုံးမရှိသော တရားဥပဒေဆိုင်ရာ အချေအတင်ဆွေးနွေးမှုများမျှသာမဟုတ်ပါ။ ဂျူးဘာသာရေးအသက်တာ၏ စည်းမျဉ်းဥပဒေများနှင့်ဆိုင်သော တရားရေးကိစ္စရပ်များကို ဟာလကာဟုခေါ်ကြသည်။ ဤဝေါဟာရသည် ဟေဗြဲမူရင်းစကားလုံး “သွားရန်” မှဖြစ်ပေါ်လာပြီး ‘လူတစ်ဦးသွားသင့်သော အသက်လမ်း’ ကိုဖော်ပြသည်။ အခြားကိစ္စရပ်များအားလုံး—ရဗ္ဗိများနှင့်ကျမ်းစာဇာတ်ကောင်များ၏အတ္ထုပ္ပတ္တိများ၊ ပညာရှိအဆိုအမိန့်များ၊ ယုံကြည်ချက်နှင့်ဒဿနိက တွေးဆချက်များ—တို့ကိုမူ ဟေဗြဲမူရင်း “ပြောရန်” မှဆင်းသက်သောစကားလုံးဖြစ်သည့် ဟဂ္ဂဒါဟုခေါ်ဆိုကြသည်။ ဟာလကာနှင့် ဟဂ္ဂဒါတို့ကို ရဗ္ဗိဆိုင်ရာအချေအတင်ဆွေးနွေးပွဲများတွင် ရောပြွမ်းအသုံးပြုကြသည်။

မောရစ္စအက်ဒ်လာက တာလ်မွဒ်လောကဟူသော သူ၏စာအုပ်တွင် ဤသို့မှတ်ချက်ချခဲ့သည်– “ပညာရှိဆရာတစ်ဦးသည် ရှည်လျားပြီးခက်ခဲနက်နဲသော တရားရေးအငြင်းပွားမှုတစ်ခုကို ကြားဖြတ်ပြီး ရေးကြီးခွင့်ကျယ်မဟုတ်၍ တည်ဆောက်မှုဖြစ်သည့်အကြောင်းတစ်ခုသို့ လမ်းကြောင်းပြောင်းပေးတတ်သည်။ . . . ထိုကြောင့် ဒဏ္ဍာရီနှင့် သမိုင်း၊ ခေတ်ပြိုင်သိပ္ပံပညာနှင့် ရိုးရာပုံပြင်များ၊ ကျမ်းစာဆိုင်ရာရှင်းလင်းချက်များနှင့် အတ္ထုပ္ပတ္တိ၊ ဒေသနာနှင့် ဓမ္မပညာတို့ကို ရောပြွမ်းစုပေါင်းထားသည်ကိုတွေ့ရှိကြရာ တက္ကသိုလ်ကျောင်းများ၏ နည်းလမ်းနည်းစနစ်များနှင့် အကျွမ်းတဝင်မရှိသူအတွက် အစီအစဉ်မကျနဘဲ ရှုပ်ထွေးနေဟန်ရှိမည်။” တက္ကသိုလ်များရှိပညာရှင်များအတွက်မူ အဆိုပါလမ်းကြောင်းပြောင်းမှုအားလုံး၌ ရည်ရွယ်ချက်ရှိပြီး ဆွေးနွေးချက်နှင့်ဆက်စပ်နေ၏။ ဟာလကာနှင့် ဟဂ္ဂဒါတို့သည် ရဗ္ဗိတက္ကသိုလ်များ၌ တည်ဆောက်လျက်ရှိသော အခြေခံဘောင်သစ်၏ တည်ဆောက်ပစ္စည်းများဖြစ်သည်။

တာလ်မွဒ်ကျမ်းနှစ်ခုကို ပြုစုရေးသားခြင်း

နောက်ဆုံးတွင် ပါလက်စတိုင်းရှိ ပင်မရဗ္ဗိဌာနကို တိုင်ဗီရီယပ်စ်မြို့သို့ ပြောင်းရွှေ့ခဲ့သည်။ အခြားအရေးပါသောတက္ကသိုလ်များသည် စဖောရစ်၊ ကဲသရိနှင့်လစ်ဒါမြို့များတွင်တည်ရှိသည်။ သို့သော် ယိုယွင်းနေသောစီးပွားရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေမတည်မငြိမ်ဖြစ်မှုနှင့် နောက်ဆုံးတွင် အယူဖောက်ပြန်သည့်ခရစ်ယာန်ဘာသာ၏ ဖိနှိပ်ညှဉ်းပန်းမှုတို့ကြောင့် ဂျူးလူမျိုးများစွာနေထိုင်ကြသည့် အရှေ့—ဘေဘီလိုးနီးယားသို့ လူအုပ်များစွာ ပြောင်းရွှေ့သွားခဲ့ကြသည်။

ရာစုနှစ်ပေါင်းများတစ်လျှောက် တက္ကသိုလ်များရှိ မဟာရဗ္ဗိများထံ၌ ပညာသင်ယူကြရန် ဘေဘီလိုးနီးယားမှ ပါလက်စတိုင်းသို့ ကျောင်းသားမြောက်မြားစွာရောက်လာခဲ့ကြသည်။ အဆိုပါကျောင်းသားများမှတစ်ဦးမှာ အက်ဘာအာရီကာ—အရပ်ရှည်သောအက်ဘာ—ဟူ၍ခေါ်ကြပြီး နောက်ပိုင်း၌ ရက်ဘ်ဟူ၍သာအမည်တွင်သူ အက်ဘာဘဲန်အီဘိုဖြစ်သည်။ သူသည် ဂျူဒဟာနာစီ၏ သွန်သင်ပို့ချမှုကို ခံယူပြီးနောက် စီ.အီး. ၂၁၉ ခန့်တွင် ဘေဘီလိုးနီးယားသို့ ပြန်ရောက်လာခဲ့ပြီး၊ ယင်းသည် ဘေဘီလိုးနီးယားရှိ ဂျူးအသိုင်းအဝိုင်း၏ ဝိညာဉ်ရေးအတွက် အရေးကြီးသော အပြောင်းအလဲတစ်ခုဖြစ်ခဲ့သည်။ ရက်ဘ်သည် ဂျူးများစွာရှိသော်လည်း ပညာရှင်နည်းသောဆူရာတွင် တက္ကသိုလ်တစ်ခုတည်ထောင်ခဲ့သည်။ သူ၏နာမည်ကျော်ကြားမှုကြောင့် သူ၏တက္ကသိုလ်တွင် ပုံမှန်တက်ကြသော ကျောင်းသား ၁,၂၀၀ ရှိပြီး အာဒါနှင့်အလု ဂျူးလများတွင်မူ တက်ရောက်သူထောင်နှင့်ချီ၍တိုးများလာသည်။ ရက်ဘ်နှင့်ခေတ်ပြိုင်ထင်ရှားသော ဆယ်မြူအယ်လ်သည် နီဟာအီယာမြို့၌ တက္ကသိုလ်တစ်ခုတည်ထောင်ခဲ့၏။ အခြားအရေးပါသောတက္ကသိုလ်များကို ပွန်ဘီဒီသာနှင့်မီဟိုဇာမြို့တို့တွင် ဖွင့်လှစ်ခဲ့ကြသည်။

ယခု ဘေဘီလိုးနီးယား၌ ပညာရှင်ကြီးများထံ ပညာဆည်းပူးနိုင်ကြပြီဖြစ်၍ ပါလက်စတိုင်းသို့ သွားဖို့မလိုတော့ပေ။ မစ်ရှ်နာကို သီးခြားသင်ရိုးညွှန်းတမ်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ခြင်းက ဘေဘီလိုးနီးယားရှိတက္ကသိုလ်များကို ၎င်းတို့ဘာသာလုံးဝရပ်တည်နိုင်စေရန် လမ်းခင်းပြင်ဆင်ပေးခဲ့သည်။ ယခုအခါ ပါလက်စတိုင်းနှင့် ဘေဘီလိုးနီးယားတို့တွင် လေ့လာသည့်ပုံစံနှင့်နည်းအမျိုးမျိုး ထွက်ပေါ်လာသော်လည်း မကြာခဏဆက်သွယ်မှုပြုကြပြီး ဆရာများဖလှယ်ခဲ့ကြရာ တက္ကသိုလ်များ၏စည်းလုံးမှုကို ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့ကြသည်။

လေးရာစုအကုန်နှင့် ငါးရာစုအစပိုင်းတွင် ပါလက်စတိုင်းရှိ ဂျူးများအတွက် အခြေအနေသည် အထူးခက်ခဲလာလေသည်။ အာဏာတက်လာသည့် အယူဖောက်ပြန်သော ခရစ်ယာန်ဘောင်ကြောင့် ပိတ်ပင်တားဆီးမှုများနှင့် နှိပ်စက်ညှဉ်းပန်းမှုအမျိုးမျိုး တိုးပွားများပြားလာခဲ့ရာ နောက်ဆုံး စီ.အီး. ၄၂၅ ခန့်တွင် ဆဲန်ဟီဒရင်နှင့် နာစီ (လေးစားခံရသောအသက်ကြီးသူ) ရာထူးကိုပါ ဖျက်သိမ်းရန်အကြောင်းပေါ်လာခဲ့သည်။ သို့ဖြစ်သောကြောင့် ပါလက်စတိုင်းအာမိုရာအီမ်တို့သည် တက္ကသိုလ်များ၌ အချေအတင်ဆွေးနွေးခဲ့သောအကြောင်းများ၏ အကျဉ်းချုပ်များကို သေချာစွာထိန်းသိမ်းပေးရန် ရှေ့နောက်ညီညွတ်သည့်လက်ရာတစ်ခုတည်း ဖြစ်ပေါ်လာအောင် စတင်လုပ်ဆောင်ကြသည်။ စီ.အီး. လေးရာစုအကုန်ပိုင်းတွင် အလျင်အမြန်စုစည်းခဲ့ကြသည့် ဤလက်ရာသည် ပါလက်စတိုင်းတာလ်မွဒ်ဟူ၍ အမည်တွင်လာခဲ့သည်။b

ပါလက်စတိုင်းရှိသင်တန်းကျောင်းများသည် ကျဆင်းနေစဉ် ဘေဘီလိုးနီးယန်းအာမိုရာအီမ်တို့သည် သူတို့စွမ်းဆောင်နိုင်သလောက် အထွတ်အထိပ်သို့ရောက်လျက်ရှိ၏။ အဘေယီနှင့်ရာဘေတို့သည် အချေအတင်ဆွေးနွေးမှုအဆင့်ကို ရှုပ်ထွေးပြီး သိမ်မွေ့နက်နဲသည့် အငြင်းပွားပုံဖြစ်စေခဲ့ရာ နောက်ပိုင်း၌ ယင်းသည် တာလ်မွဒ်ကျမ်းဆန်းစစ်မှု၏စံနမူနာဖြစ်လာခဲ့သည်။ ထို့နောက် ဆူရာမြို့ (စီ.အီး. ၃၇၁–၄၂၇) ရှိသင်တန်းကျောင်း၏ဦးစီးနာယကဖြစ်သူ အာရှီသည် အချေအတင်ဆွေးနွေးမှုအကျဉ်းချုပ်များကို စုစည်းတည်းဖြတ်ခြင်းကို စတင်ပြုလုပ်ခဲ့သည်။ ဆတိုင်းစော့လ်ဇ်၏အဆိုအရ “နှုတ်တိုက်အကြောင်းအရာများစွာသည် အစီအစဉ်မကျဖြစ်ရာ တဖြည်းဖြည်းကွယ်ပျောက်မည့်အန္တရာယ်ရှိမည်ကို စိုးရိမ်ပြီး” ထိုသို့ပြုရခြင်းဖြစ်သည်။

ဤမြားမြောင်လှသောအကြောင်းအရာတို့ကို လူတစ်ဦးတည်း သို့မဟုတ် လူမျိုးဆက်တစ်ဆက်ပင် ဖွဲ့စည်းနိုင်သည်ထက် များလွန်းနေ၏။ စီ.အီး. ငါးရာစုတွင် ဘေဘီလိုးနီးယားရှိ အာမိုရာအီမ်တို့၏ကာလအဆုံးတိုင်ခဲ့သော်လည်း “ရှင်းပြသူများ” သို့မဟုတ် “အယူအဆကိုင်ဆွဲသူများ” ဟုအဓိပ္ပာယ်ရှိသော အာရမိတ်စကားလုံး ဆဘိုရာအီမ်ဟုခေါ်သော အုပ်စုတစ်စုက ဘေဘီလိုးနီးယန်းတာလ်မွဒ်ကျမ်းအား နောက်ဆုံးတည်းဖြတ်ခြင်းအလုပ်ကို စီ.အီး. ခြောက်ရာစုအထိ ဆက်ပြုလုပ်ဆောင်ရွက်ခဲ့ကြသည်။ ဤနောက်ဆုံးတည်းဖြတ်သူများသည် လက်စမသတ်ရသေးသည့် ထောင်နှင့်ချီလက်ရာများနှင့် ရာစုနှစ်များစွာ ရဗ္ဗိဆရာများ၏ အချေအတင်ဆွေးနွေးချက်တို့ကိုစုစည်းကြကာ ဘေဘီလိုးနီးယန်းတာလ်မွဒ်ကျမ်းကို ယခင်ဂျူးအရေးအသားအားလုံးနှင့်မတူသည့် ပုံစံနှင့်ဖွဲ့စည်းပုံကို ပြဋ္ဌာန်းခဲ့ကြသည်။

တာလ်မွဒ်ကျမ်းက အဘယ်အရာကို ပြီးမြောက်စေခဲ့ပြီနည်း

တာလ်မွဒ်ကျမ်းကိုသွန်သင်သူရဗ္ဗိများက မစ်ရှ်နာသည် ဟေဗြဲကျမ်းစာစောင်များ၏ရင်းမြစ်မှဖြစ်ပေါ်လာကြောင်း အထောက်အထားပြရန် ကြိုးစားခဲ့ကြသည်။ အဘယ်ကြောင့်နည်း။ ဂျေကပ်နွိုင်စနာက ဤသို့မှတ်ချက်ချခဲ့သည်– “အကြောင်းပြချက်က မစ်ရှ်နာ၏အနေအထားဖြစ်သည်။ သို့သော် သော့ချက်မှာ ကဝိကိုယ်နှိုက်၏အခွင့်အာဏာသာဖြစ်ပေသည်။” ဤအခွင့်အာဏာပိုရှိစေရန်၊ မစ်ရှ်နာတစ်ကြောင်းစီကို တစ်ခါတစ်ရံ စကားလုံးတိုင်းစစ်ဆေးကြ၊ စောဒကတက်ကြ၊ ဖြေရှင်းကြပြီး တစ်နည်းနည်းဖြင့် သဘောညီညွတ်ရန် ကြိုးစားခဲ့ကြသည်။ ဤနည်းဖြင့် ရဗ္ဗိများသည် “မစ်ရှ်နာ၏ရည်မှန်းချက်ပတ်လမ်းကြောင်းကို ရွှေ့ပြောင်းခဲ့ကြ” သည်ဟုနွိုင်စနာကမှတ်ချက်ချသည်။ ပြည့်ဝစုံလင်သည့်အရေးအသားတစ်ခုအဖြစ် ဖန်တီးခဲ့ကြသော်လည်း မစ်ရှ်နာကို ယခုအသေးစိတ်ဆန်းစစ်အနက်ပြန်ခဲ့ကြသည်။ ထိုသို့ပြုလုပ်ခဲ့ကြစဉ် ယင်းကို ပြန်လည်ဖန်တီးပြုပြင်ပြီး အနက်ဖွင့်ဆိုခဲ့ကြသည်။

လက်ရာအသစ်ဖြစ်သည့် ဤတာလ်မွဒ်ကျမ်းသည် ရဗ္ဗိများ၏အလိုကျဖြစ်သည်။ ဆန်းစစ်နည်းစနစ်ကို သူတို့ကိုယ်တိုင်ပြဋ္ဌာန်းသောကြောင့် ရဗ္ဗိများနည်းတူတွေးခေါ်ဖို့ လူတို့ကိုသွန်သင်ပေးခဲ့ကြသည်။ သူတို့၏ခွဲခြမ်းစိတ်ဖြာလေ့လာနည်းသည် ဘုရားသခင်၏စိတ်တော်အတိုင်းဖြစ်သည်ဟု ရဗ္ဗိများကယုံကြည်ခဲ့ကြသည်။ တာလ်မွဒ်ကျမ်းကို သင်ယူခြင်းကိုယ်နှိုက်သည် ရည်မှန်းချက်ပန်းတိုင်၊ ဘုရားသခင်ကိုတုပသည်ဟုဆိုကြပြီး စိတ်ကိုအသုံးပြုသည့် ဝတ်ပြုနည်းတစ်နည်း ဖြစ်လာလေသည်။ လာမည့်လူမျိုးဆက်များတစ်လျှောက် တာလ်မွဒ်ကျမ်းကို ဤနည်းအတိုင်း ခွဲခြမ်းစိတ်ဖြာလေ့လာကြမည်ဖြစ်သည်။ ရလဒ်ကားအဘယ်နည်း။ သမိုင်းဆရာ စဲစီလ်ရော့သ်က ဤသို့ရေးသားသည်– “တာလ်မွဒ်ကျမ်း . . . သည် [ဂျူးများကို] အခြားသူများနှင့်ကွဲပြားခြားနားစေသည့် စရိုက်ကိုပေးသည့်အပြင် သူတို့၏ထူးခြားလှသော ခုခံနိုင်စွမ်းနှင့် ပူးပေါင်းတွယ်ကပ်သည့်သဘောကိုပါပေးခဲ့သည်။ ၎င်း၏အပြန်အလှန်ဆွေးနွေးဆင်ခြင်သုံးသပ်ခြင်းသည် သူတို့၏ဉာဏ်ကိုထက်မြက်စေပြီး သူတို့ကို . . . ဖြတ်ထိုးဉာဏ် . . . ရှိစေသည်။ တာလ်မွဒ်ကျမ်းသည် အနှိပ်စက်ခံရသော အလယ်ခေတ်ကဂျူးတစ်ဦးအား သူထွက်ပြေးနိုင်သည့် အခြားလောကတစ်ခုကိုပေးခဲ့သည်။ . . . သူ၏ကိုယ်ပိုင်မြေကို ဆုံးရှုံးသည့်အခါ သူနှင့်အတူ သယ်ဆောင်သွားနိုင်သည့် အဖမြေတစ်ခုကိုပေးခဲ့သည်။”

ရဗ္ဗိများ၏အတွေးအခေါ်ကို အခြားသူများအားသွန်သင်ခြင်းအားဖြင့် တာလ်မွဒ်ကျမ်းသည် အမှန်ပင် ဩဇာရှိခဲ့သည်။ သို့သော် ဂျူးများနှင့် ဂျူးမဟုတ်သူများအားလုံးအတွက် မေးခွန်းတစ်ခုမှာ တာလ်မွဒ်သည် ဘုရားသခင့်စိတ်တော်ကို အမှန်ပင်ရောင်ပြန်ဟပ်ပါသလောဟူ၍ဖြစ်သည်။—၁ ကောရိန္သု ၂:၁၁-၁၆။

[အောက်ခြေမှတ်ချက်များ]

a မစ်ရှ်နာ ပေါ်ပေါက်လာပုံနှင့် ပါဝင်သည့်အကြောင်းအရာကို ထပ်ဆင့်သိလိုလျှင် ၁၉၉၇ ခုနှစ်၊ နိုဝင်ဘာ ၁၅ ရက်ထုတ်ကင်းမျှော်စင်တွင် “မစ်ရှ်နာနှင့် မောရှေကို ဘုရားသခင်ပေးသည့်ပညတ်” ဆောင်းပါးရှု။

b ပါလက်စတိုင်းတာလ်မွဒ်ကို ယေရုရှလင်တာလ်မွဒ်ဟု အများအားဖြင့်သိထားကြသည်။ သို့သော် အာမိုရစ်ခေတ်၏အများစုပိုင်း၌ ဂျူးတို့သည် ယေရုရှလင်မြို့တွင်းဝင်ခွင့်မရှိကြရာ ဤအခေါ်အဝေါ်သည် လွဲမှားနေသည်။

[စာမျက်နှာ ၃၁ ပါ လေးထောင့်ကွက်]

တာလ်မွဒ်ကျမ်း နှစ်ကျမ်း—နှိုင်းယှဉ်ကြည့်က အသို့နည်း

ဟေဗြဲစကားလုံး “တာလ်မွဒ်” ၏အဓိပ္ပာယ်မှာ “သင်ယူသည်” သို့မဟုတ် “လေ့လာခြင်း” ဖြစ်၏။ ပါလက်စတိုင်းနှင့်ဘေဘီလိုးနီးယားမှ အာမိုရာအီမ်တို့သည် မစ်ရှ်နာကို သင်ယူရန် သို့မဟုတ် ခွဲခြမ်းစိတ်ဖြာလေ့လာကြရန် စတင်ပြုလုပ်ခဲ့ကြသည်။ (ပါလက်စတီးနီးယန်းနှင့် ဘေဘီလိုးနီးယန်း) တာလ်မွဒ်ကျမ်းနှစ်ကျမ်းစလုံးကို ထိုသို့ပြုလုပ်သော်လည်း ၎င်းတို့ကိုနှိုင်းယှဉ်ကြည့်က အသို့နည်း။ ဂျေကပ်နွိုင်စနာ ဤသို့ရေးသားခဲ့သည်– “ပထမတာလ်မွဒ်ကျမ်းသည် အထောက်အထားခွဲခြမ်းစိတ်ဖြာလေ့လာပြီး ဒုတိယကျမ်းသည် စကားပလ္လင်ခံချက်များကိုဆန်းစစ်သည်။ ပထမကျမ်းသည် ဆန်းစစ်ရသည့်ရည်မှန်းချက်ဘောင်အတွင်းသာ လုံးဝတည်ရှိပြီး ဒုတိယကျမ်းမှာမူ ယင်းတို့ကိုအကြီးအကျယ်ကျော်လွန်ပေသည်။”

ဘေဘီလိုးနီးယန်းတာလ်မွဒ်ကျမ်းကို ပိုမိုစေ့စပ်တိကျစွာတည်းဖြတ်ထားရာ ၎င်းသည်အကြောင်းအရာ ပိုပြည့်စုံရုံသာမက ပိုနက်နဲပြီး ယင်း၏စဉ်းစားလေ့လာစရာနည်းသည်လည်း ပို၍နှိုက်နှိုက်ချွတ်ချွတ်ရှိသည်။ “တာလ်မွဒ်” ဟူသောစကားလုံးကို သုံးသောအခါ ယင်းသည် များသောအားဖြင့် ဘေဘီလိုးနီးယန်းတာလ်မွဒ်ကျမ်းကို ဆိုလိုခြင်းဖြစ်၏။ ဤတာလ်မွဒ်ကျမ်းကို ရာစုနှစ်များတစ်လျှောက် အများဆုံးသင်ယူလေ့လာခဲ့ကြပြီး ဝေဖန်ခဲ့ကြသည်။ နွိုင်စနာ၏ယူဆချက်အရ ပါလက်စတီးနီးယန်းတာလ်မွဒ်ကျမ်းသည် “တတ်စွမ်းသူ၏လက်ရာဖြစ်” ပြီးဘေဘီလိုးနီးယန်းတာလ်မွဒ်ကျမ်းသည် “ဉာဏ်ထက်မြက်ထူးချွန်သူ၏လက်ရာဖြစ်သည်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ