၁၀၄ ကြိမ်မြောက် ဂိလဒ်ကျောင်းဆင်းပွဲ—ပျော်ရွှင်ဖွယ် အခါသမယ
“ဒီနေ့ဟာ ကျွန်တော်တို့အားလုံး ပျော်ရွှင်ကြတဲ့နေ့ပါပဲ။” ထိုစကားများဖြင့် ယေဟောဝါသက်သေတို့၏ အုပ်ချုပ်ရေးအဖွဲ့ဝင် ကယ်ရီ ဘာဘာက ၁၉၉၈၊ မတ်လ ၁၄ ရက်တွင် ကျင်းပသော ၁၀၄ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းဆင်းပွဲအခမ်းအနားကို ဖွင့်လှစ်ခဲ့သည်။ ဧည့်ပရိသတ် ၄,၉၄၅ ဦးသည် “ပျော်ရွှင်ဖွယ်ရာသီချင်း” ခေါင်းစဉ်ရှိ ဘုရားသခင့်နိုင်ငံတော်သီချင်းနံပါတ် ၂၀၈ ဖြင့်ထိုအခါသမယကိုစတင်ရန် ဖိတ်ခေါ်ခြင်းခံခဲ့ရ၏။
ပျော်ရွှင်မှုတည်မြဲဖို့ လက်တွေ့ကျဆုံးမစကား
အစီအစဉ်၏အဖွင့်ပိုင်း၌ ကျောင်းဆင်းပွဲနေ့တွင် စိမ့်ဝင်ပျံ့နှံ့လျက်ရှိသည့် ရွှင်လန်းသောစိတ်ထားကို တည်မြဲစေနိုင်ပုံနှင့်ပတ်သက်၍ လက်တွေ့ကျဆုံးမစကားအချို့ပါဝင်သည့် ကျမ်းစာပေါ်အခြေခံသောဟောပြောချက်တိုငါးခု ပါဝင်သည်။
ဦးဆုံးဟောပြောချက်ကို စာပေပြုစုရေးဌာနမှ ဂျိုးဇက် အီးမ်စ်က တင်ဆက်သည်။ သူက ဒါဝိဒ်၏သား အဗရှလုံသည် ပုန်ကန်မှုဖြစ်အောင် လှုံ့ဆော်ခြင်းအားဖြင့် မိမိဖခင်၏ဘုရားသခင်ပေးနိုင်ငံတော်ကို ရယူဖို့ ပူးပေါင်းကြံစည်ခြင်းအကြောင်း မှတ်တမ်းတင်ထားသော ၂ ဓမ္မရာဇဝင် အခန်းကြီး ၁၅ နှင့် ၁၆ ကိုအခြေခံကာ “သစ္စာစောင့်သိသူတို့၏ စိတ်ဓာတ်ကို အတုယူလော့” ဟူသည့်အဓိကအချက်ကို ဟောပြောခဲ့သည်။ သို့သော် ထိုအချိန်က ယေဟောဝါဘိသိက်ပေးထားသော ဘုရင်ဒါဝိဒ်အပေါ် သစ္စာစောင့်သိသူတို့ရှိခဲ့လေ၏။ ယင်းမှ ခရစ်ယာန်သာသနာပြုအသစ်များ အဘယ်သင်ခန်းစာရရှိနိုင်သနည်း။ ညီအစ်ကို အီးမ်စ်က “သင်သာသနာပြုတာဝန်ကျရာ မည်သည့်နေရာတွင်မဆို သီအိုကရက်တစ်အာဏာနှင့်ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လိုစိတ်နှင့် လေးစားစိတ်ကို သစ္စာရှိစွာတိုးမြှင့်ပါ။ အခြားသူတို့ကိုလည်း အလားတူပြုလုပ်ရန် ကူညီပေးပါ” ဟူ၍နိဂုံးချုပ်လေ၏။
အစီအစဉ်အရ နောက်တစ်ဦးမှာ ဆာလံကျမ်းအခန်းကြီး ၁၅ တွင်ဖော်ပြထားသော ‘ယေဟောဝါ၏တဲတော်’ တွင်ဧည့်သည်အဖြစ်တည်းရမည့်သူနှင့်ပတ်သက်၍ တောင်းဆိုမှုဆယ်ခုပါရှိသည့် အောက်လိုင်းကိုဟောပြောသူ ဒေးဗစ်စင်ကလဲရ်ဖြစ်သည်။ “သင်၏သာသနာပြုတဲတော်တွင် ဧည့်သည်များအဖြစ်ဆက်လက်ရှိခြင်း” ဟူ၍ခေါင်းစဉ်ရှိသော သူ၏ဟောပြောချက်က သင်တန်းဆင်းကျောင်းသားများအား မိမိတို့၏သာသနာပြုတာဝန်ကျရာ၊ ဧည့်သည်များအဖြစ်ရှိရာနေရာတွင် ဤဆာလံကျမ်းကို ကျင့်သုံးဖို့အားပေးလေသည်။ ညီအစ်ကို စင်ကလဲရ်က ဘုရားရေးရာစံချိန်များနှင့်အညီ အချိန်တိုင်းအသက်ရှင်ရန်အရေးကြီးမှုကို အလေးပေးဖော်ပြသည်။ ရလဒ်ကား အဘယ်နည်း။ ဆာလံ ၁၅:၅ တွင် “သူသည် လှုပ်ရှားခြင်းနှင့် အစဉ်အမြဲကင်းလွတ်လိမ့်သတည်း” ဟုဖော်ပြထားသည်။
ထို့နောက်တွင် အုပ်ချုပ်ရေးအဖွဲ့ဝင် ဂျွန် ဘားရ်က ခရစ်ယာန်အစည်းအဝေးများတွင် သီချင်းလိုက်ဆိုခြင်း၏ လန်းဆန်းစေသည့်အကျိုးသက်ရောက်မှုကို အာရုံစူးစိုက်စေ၏။ သို့သော် ယနေ့ ကမ္ဘာတစ်လွှားတွင် အပျော်ရွှင်ဆုံးဖြစ်စေသောသီချင်းမှာ အဘယ်သီချင်းဖြစ်သနည်း။ ယင်းကား မေရှိယဆိုင်ရာ ဘုရားသခင့်နိုင်ငံတော် သတင်းကောင်းပင်ဖြစ်သည်။ အားလုံး ဤသီချင်းကိုလိုက်ဆိုခြင်း သို့မဟုတ် ဘုရားသခင့်နိုင်ငံတော်အကြောင်းဟောပြောခြင်းမှ အဘယ်ရလဒ်ရရှိသနည်း။ သီချင်းနံပါတ် ၂၀၈ ၏ဒုတိယပိုဒ်တွင် “ဟောကြားမြတ်နိုင်ငံ တို့ခရစ်ယာန်တရား၊ မြောက်မြားခေါ်ဆောင်လာ ယေဟောဝါအား၊ သူတို့သံလွှင့်လေ၊ တေးဆို ရွှင်မြူးနေ တေးဆို ဟစ်ကျူး အိုရွှင်ပျော်လှပေ!” ဟုအတိုချူပ်ဖော်ပြထားသည်။ မှန်လေစွ၊ နေ့စဉ် ၁,၀၀၀ ခန့်သောတပည့်အသစ်များသည် နှစ်ခြင်းခံယူကြ၏။ ညီအစ်ကို ဘားရ်က ဤသို့နိဂုံးချုပ်သည်– “ညီအစ်ကိုတို့ သင်တို့ဟာ သင်တို့ရဲ့ချီးမွမ်းသီချင်းဆိုသံကို နားဆင်ဖို့ စောင့်မျှော်နေသူတွေရှိတဲ့ ဒေသရပ်ကွက်တွေကို စေလွှတ်ခံရတယ်လို့ယူဆရင် မကောင်းပေဘူးလား။”
နောက်တင်ဆက်သူ စာပေပြုစုရေးဌာနမှ ဂျိမ်းစ် မန့်စ်က “အတွေ့အကြုံရှိသူတို့၏အသံကို နားထောင်လော့” ဟူသောခေါင်းစဉ်ဖြင့် ဟောပြောသည်။ သူက အရာအချို့သည် ကိုယ်တိုင်ကြုံတွေ့မှသာလျှင် သင်ခန်းစာရယူနိုင်ကြောင်း ညွှန်ပြလေ၏။ (ဟေဗြဲ ၅:၈) မည်သို့ပင်ဖြစ်စေကာမူ နယပုံပြင်ကျမ်း ၂၂:၁၇ က “သင်၏နားကိုညွှတ်၍ ပညာရှိ” သို့မဟုတ် အတွေ့အကြုံရှိသူတို့၏ “စကားကိုနားထောင်လော့” ဟုကျွန်ုပ်တို့အား တိုက်တွန်းလေသည်။ ကျောင်းဆင်းသင်တန်းသားများသည် မိမိတို့ထက်အရင်ကျသူတို့ထံမှ များစွာသင်ယူနိုင်ကြသည်။ ညီအစ်ကို မန့်စ်က “သူတို့သည် ဒေသခံဈေးသည်များနှင့် မည်သို့ဈေးဆစ်ရမည်ကို သိကြ၏။ မြို့တစ်မြို့၏ မည်သည့်နယ်မြေဒေသများသည် ကာယရေး သို့မဟုတ် အကျင့်ရေးရာတွင် အန္တရာယ်ရှိနိုင်သောကြောင့် ရှောင်ရှားသင့်ကြောင်း သိကြသည်။ ဒေသခံတို့၏ စိတ်ထိခိုက်လွယ်ရာကို သိထားကြ၏။ လုပ်သက်ရင့်သောသာသနာပြုများသည် သင်တို့တာဝန်ကျရာတွင် ပျော်ရွှင်မှုနှင့် အောင်မြင်မှုအတွက် အဘယ်အရာလိုအပ်ကြောင်း သိထားကြ၏” ဟုပြောခဲ့သည်။
“သင့်သီအိုကရက်တစ်တာဝန်ကို လေးစားပါ” ဟူသောအဓိကအချက်ဖြင့် ဂိလဒ်ကျောင်း၏မော်ကွန်းထိန်းဖြစ်သူ ဝေါလေ့စ် လစ်ဗရဲ့န်စ်က တမန်တော်ပေါလု၊ တိမောသေနှင့် ဗာနဗကဲ့သို့သော ခရစ်ယာန်သာသနာပြုအချို့တို့သည် သူတို့၏တာဝန်များကို ဘုရားသခင်၏သန့်ရှင်းသောဝိညာဉ်တော် သို့မဟုတ် အံ့သြဖွယ်ထင်ရှားပြခြင်းအချို့မှတစ်ဆင့် ရရှိခဲ့ကြစဉ် ဂိလဒ်သင်တန်းဆင်း သာသနာပြုများသည် ကမ္ဘာအနှံ့ကျယ်ပြန့်သည့်လယ်ကွင်းပြင် တစ်နေရာတွင် “သစ္စာနှင့်သတိပညာရှိကျေးကျွန်” အားဖြင့် တာဝန်ခန့်အပ်ခြင်းခံရ၏ဟု ရှင်းပြခဲ့သည်။ (မဿဲ ၂၄:၄၅-၄၇၊ ကဘ) သူက မိဒျန်တို့အား တိုက်ခိုက်ရန် ဂိဒေါင်သည် မိမိ၏လူတို့ကို တာဝန်ချထားရာနေရာများနှင့် ခရစ်ယာန်သာသနာပြုတို့၏တာဝန်များကို နှိုင်းယှဉ်ပြထားသည်။ (တရားသူကြီး ၇:၁၆-၂၁) ညီအစ်ကို လစ်ဗရဲ့န်စ်က “သင့်သီအိုကရက်တစ်တာဝန်ကို လေးစားပါ။ ဂိဒေါင်၏စစ်သားများသည် ‘လူတိုင်း သူတို့၏နေရာအရပ်တွင် ရပ်၍နေ’ သကဲ့သို့ သင်တို့၏တာဝန်ကျရာနေရာကို သင်တို့၏နေရာအဖြစ် ရှုမြင်ပါ။ ဂိဒေါင်၏လူသုံးရာကို ယေဟောဝါအသုံးပြုသကဲ့သို့ သင်တို့ကိုလည်းအသုံးပြုနိုင်ကြောင်းကို ယုံကြည်ပါ” ဟူ၍တိုက်တွန်းလေသည်။
လူတို့နှင့် လိုက်လျောညီထွေခြင်းက ပျော်ရွှင်မှုကိုဖြစ်စေ
တစ်ခါက ကင်းမျှော်စင်မှ ဤသို့မှတ်ချက်ချသည်– “ကျွန်ုပ်တို့၏ စိတ်ဝင်စားမှုနှင့်အသက်တာကို လက်ရှိဤအစီအစဉ်စနစ်မှ ထုတ်လုပ်သော အချက်အလက်များနှင့် ကိရိယာများ၊ ဆက်လက်တည်မြဲဖို့ရန် လုံးဝမသေချာသောအရာများပေါ်တွင် အခြေပြုမည့်အစား လူတို့ကို ကျွန်ုပ်တို့အမှန်တကယ်စိတ်ဝင်စားရာဖြစ်စေကာ အခြားသူများကို ကူညီပေးခြင်းဖြင့် စစ်မှန်သောပျော်ရွှင်မှုရရှိရန် သင်ယူခြင်းသည် မည်မျှသာ၍ကောင်းမွန်ပြီး ပညာရှိလှလေစွ။” ယင်းနှင့်အညီ ဂိလဒ်ကျောင်းမှ သွန်သင်သူတစ်ဦးဖြစ်သူ ညီအစ်ကို မာ့ခ်နူမားက ကျောင်းသားအုပ်စုတစ်စုနှင့် သူတို့၏လယ်ကွင်းလုပ်ငန်းအတွေ့အကြုံများကို ဆွေးနွေးခဲ့ပြီး ဤသို့မှတ်ချက်ချခဲ့၏– “အခြားသူတို့ကို တစ်ဦးချင်းစီ စိတ်ဝင်စားမှုပြသခြင်းက သင်တို့အား ခရစ်ယာန်သာသနာပြုကောင်းများဖြစ်စေမည်။”
တိုင်းတစ်ပါးလယ်ကွင်းတွင် ပျော်ရွှင်မှုအတွက် သော့ချက်များ
ခရစ်ယာန်သာသနာပြုလုပ်ငန်းတွင် အောင်မြင်မှုနှင့် ပျော်ရွှင်မှုကိုရရှိစေသည့် သော့ချက်အချို့ကား အဘယ်နည်း။ ဝန်ဆောင်ဌာနကော်မတီဝင် ညီအစ်ကို ချားလ်စ် ဝပ်ဒီနှင့် ယခင်က လက်တင်အမေရိကတွင် သာသနာပြုအဖြစ်ဆောင်ရွက်ခဲ့ပြီး သွန်သင်ခြင်းကော်မတီ၏ လက်ထောက်တစ်ဦးဖြစ်သူ ညီအစ်ကို ဟယ်ရဲလ်ဒ်ဂျက်စင်တို့က ဌာနခွဲဝန်ထမ်းကျောင်း၏ ကိုးကြိမ်မြောက်သင်တန်းကို တက်ရောက်နေကြသော ဌာနခွဲကော်မတီအသီးသီးမှ အဖွဲ့ဝင်များကို လူတွေ့မေးမြန်းခဲ့သည်။ အောက်ပါတို့မှာ သူတို့ပေးခဲ့သော အကြံပြုချက်နမူနာဖြစ်သည်–
ဇမ်ဘီယာမှ အဲလ်ဘတ် မွတ်ဇန်ဒါက ဤသို့ကောက်ချက်ချသည်– “ခရစ်ယာန်သာသနာပြုက ညီအစ်ကိုများကို အစပြုသွားရောက်နှုတ်ဆက်သောအခါ ယင်းက ညီအစ်ကိုများကို သာသနာပြုထံသို့ ချဉ်းကပ်လာစေပြီး သာသနာပြုကလည်း သူတို့ထံချဉ်းကပ်ရာ တည်ဆောက်မှုဖြစ်စေသည့် စိတ်ဓာတ်ကို လှုံ့ဆော်ပေး၏။”
ဂွာတီမာလာမှ ရိုလန်ဒို မော်ရာလီစ်က ခရစ်ယာန်သာသနာပြုများကို ဖော်ရွေပျူငှာသူများက သောက်ရန်တစ်စုံတစ်ခုပေးသောအခါ ကြင်နာစွာနှင့် လိမ္မာပါးနပ်စွာ ဤသို့ပြန်ဖြေနိုင်ကြောင်း အကြံပြုခဲ့သည်– “ဒီနိုင်ငံမှာ ကျွန်တော်က လူသစ်ပါ။ ကျွန်တော်သောက်ချင်ပါတယ်၊ ဒါပေမဲ့ ခင်ဗျားတို့ကိုယ်ခန္ဓာလို ကျွန်တော့်ကိုယ်ခန္ဓာက ခံနိုင်ရည်မရှိဘူး။ တစ်နေ့ကျရင်တော့ ကျွန်တော်လက်ခံနိုင်မယ်လို့ မျှော်လင့်ပါတယ်၊ အဲဒီအခါကျရင် ကျွန်တော်သောက်ပါမယ်။” ဤကဲ့သို့ ကြင်နာစွာပြန်လည်ဖြေကြားခြင်းမှ အဘယ်အကျိုးကျေးဇူးရရှိသနည်း။ “လူတို့သည် မကျေမနပ်ဖြစ်မည်မဟုတ်ချေ၊ ထို့အပြင် ခရစ်ယာန်သာသနာပြုများသည် အခြားသူတို့ကို ကြင်နာရာရောက်လေ၏။”
ခရစ်ယာန်သာသနာပြုများ သူတို့၏တာဝန်ကျရာနေရာတွင် ခံနိုင်ရည်ရှိဖို့ အဘယ်အရာက အကူအညီဖြစ်စေနိုင်သနည်း။ ၇၉ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းမှ ကျောင်းဆင်းခဲ့ပြီး လွန်ခဲ့သည့် ၁၂ နှစ်စလုံး လိုင်ဘေးရီးယားတွင် အမှုဆောင်ခဲ့သူ ညီအစ်ကို ပေါလ် ခရုဒ်စ်က ဤသို့ဆိုသည်– “မိဘတွေဟာ သူတို့ရဲ့သားသမီးတွေကို လွမ်းနေမှာပဲဆိုတာ ကျွန်တော်သိပါတယ်။ ဒါပေမဲ့သာသနာပြုဟာ အဲဒီနိုင်ငံ၊ ဝန်းကျင်၊ ယဉ်ကျေးမှု၊ လူတွေနဲ့အတူ နေသားတကျဖြစ်အောင် ကြိုးစားနေရတဲ့အချိန်အခါမျိုး ရှိလိမ့်မယ်။ သူ့အနေနဲ့ တာဝန်ကို စွန့်လွှတ်လိုပေမယ်။ တကယ်လို့ သူရဲ့အိမ်ကနေ ‘ငါတို့ မင်းကိုအရမ်းလွမ်းတာပဲ; မင်းမရှိတာနဲ့ ငါတို့ဘာလုပ်ရမှန်းတောင်မသိဘူး’ ဆိုပြီးရေးသားထားတဲ့ စာတစ်စောင်ကိုရရှိတာနဲ့ သူ့အတွက် အထုပ်အပိုးပြင်ပြီး အိမ်ပြန်ဖို့ကိုပဲ ဖြစ်စေပါတော့မယ်။ ဒါကြောင့် ဒီမှာရောက်ရှိနေတဲ့ဆွေမျိုးဖြစ်သူတွေအနေနဲ့ ဒီလိုဖြစ်နိုင်တယ်ဆိုတာကို သတိရဖို့အလွန်အရေးကြီးပါတယ်။”
လူတွေ့မေးမြန်းခြင်းများပြီးနောက် အစီအစဉ်၏နောက်ဆုံးဟောပြောချက်ကို အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ သီအိုဒေါရ်ဂျဲရက်စ်က တင်ဆက်ခဲ့သည်။ သူ၏အဓိကအချက်မှာ “ဘုရားသခင့်နိုင်ငံတော်ကို သင့်ဘဝတွင် ပထမနေရာ၌ထားလော့” ဟူ၍ဖြစ်သည်။ သာသနာပြုများအနေဖြင့် သူတို့၏လုပ်ငန်းမှ အာရုံပြောင်းလွဲခြင်းမရှိဘဲ မည်သို့ စွဲစွဲမြဲမြဲအာရုံစူးစိုက်နိုင်မည်နည်း။ သူက ဘုရားသခင့်နိုင်ငံတော်အမှုရေးရာများကို ဘဝတွင်ဦးဆုံးနေရာ၌ ထားရှိဖို့အကူအညီဖြစ်စေမည့် ကိုယ်ပိုင်ကျမ်းစာလေ့လာမှုဇယားရှိဖို့ သူတို့အား တိုက်တွန်းခဲ့သည်။ ထို့အပြင် အခန့်သင့်သတိပေးချက်မှာ “[ခရစ်ယာန်] သာသနာပြုအချို့သည် အီလက်ထရွန်းနစ် အထူးကိရိယာများ၊ အီလက်ထရွန်းနစ် စာပို့နည်းစနစ်များနှင့် ကွန်ပျူတာတို့တွင် အာရုံနစ်မြုပ်နေကြသောကြောင့် သူတို့သည် ကိုယ်ပိုင်လေ့လာမှုကို လျစ်လျူရှုကြလေ၏။ ကျွန်ုပ်တို့သည် မည်သည့်ပစ္စည်းကိရိယာကိုမဆိုသုံးစွဲရာ၌ မျှတမှုရှိရန်နှင့် ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ကိုယ်ပိုင်လေ့လာမှုပြုခြင်းကို ဝင်ရောက်နှောင့်ယှက်သည့်အရာများအတွက် မတန်မဆအချိန်ပေးခြင်းကိုမပြုရန် ကျွန်ုပ်တို့၌ ကောင်းစွာချင့်ချိန်ဝေဖန်နိုင်စွမ်း ရှိသင့်သည်” ဟူ၍ဖြစ်သည်။
ညီအစ်ကို ဂျဲရက်စ်၏ဟောပြောချက်ပြီးနောက် ဒီပလိုမာဘွဲ့များပေးအပ်ခြင်းနှင့် တန်ဖိုးထားလေးမြတ်ကြောင်းဖော်ပြသည့် သင်တန်းမှစာများကိုဖတ်ပြခြင်း လိုက်ပါလေ၏။ သင်တန်းကို ကိုယ်စားပြုသူက အတန်းသားအားလုံး၏ခံစားချက်ကို ဤသို့ဖော်ပြခဲ့သည်– “မိမိရဲ့တပည့်များရဲ့အမှတ်အသားအဖြစ် ယေရှုမိန့်တော်မူခဲ့တဲ့မေတ္တာကို ကျွန်တော်တို့ လက်တွေ့မြင်တွေ့ခဲ့ကြပြီး၊ ဒါက ကျွန်တော်တို့ဘယ်နေရာမှာပဲရောက်နေပါစေ အဲဒီမှာ နွေးထွေးမှု၊ မေတ္တာရှိတဲ့ မိခင်နဲ့တူတဲ့ အဖွဲ့အစည်းရဲ့ထောက်ပံ့မှုကို ရရှိမယ်ဆိုတာ ကျွန်တော်တို့ကို ယုံကြည်စိတ်ချစေတယ်။ ဒီလိုမျိုး ကျောထောက်နောက်ခံရှိထားခြင်းက ကျွန်တော်တို့ကို ကမ္ဘာမြေဆုံးသရွေ့သွားဖို့ အဆင်သင့်ဖြစ်စေတယ်။” ယင်းသည် ၁၀၄ ကြိမ်မြောက်ဂိလဒ်သင်တန်းမှ ပျော်ရွှင်ဖွယ်ရာကျောင်းဆင်းပွဲနေ့၏ စိတ်လှုပ်ရှားဖွယ်နိဂုံးပင်ဖြစ်သည်။
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြု နိုင်ငံအရေအတွက်– ၉
တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၁၆
ကျောင်းသား/သူအရေအတွက်– ၄၈
မောင်နှံစုံအရေအတွက်– ၂၄
ပျမ်းမျှအသက်– ၃၃
ပျမ်းမျှသမ္မာတရားတွင်းသက်တမ်း– ၁၆
ပျမ်းမျှအချိန်ပြည့် ဓမ္မအမှုဆောင်သက်တမ်း– ၁၂
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၀၄ ကြိမ်မြောက်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှနောက်တန်းသို့ရေတွက်ပြီး အမည်များကို လက်ဝဲမှလက်ယာဘက်သို့ စီထားသည်
(1) Romero, M.; Howarth, J.; Blackburne-Kane, D.; Hohengasser, E.; West, S.; Thom, S.
(2) Colon, W.; Glancy, J.; Kono, Y.; Drews, P.; Tam, S.; Kono, T.
(3) Tam, D.; Zechmeister, S.; Gerdel, S.; Elwell, J.; Dunec, P.; Tibaudo, H.
(4) Taylor, E.; Hildred, L.; Sanches, M.; Anderson, C.; Bucknor, T.; Hohengasser, E.
(5) Howarth, D.; Ward, C.; Hinch, P.; McDonald, Y.; Sanches, T.; Thom, O.
(6) Drews, T.; Tibaudo, E.; Elwell, D.; Dunec, W.; Blackburne-Kane, D.; Ward, W.
(7) Anderson, M.; Zechmeister, R.; McDonald, R.; Bucknor, R.; Glancy, S.; Gerdel, G.
(8) Romero, D.; Hinch, R.; Hildred, S.; Taylor, J.; Colon, A.; West, W.
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၀၄ကြိမ်မြောက်သင်တန်းပို့ချရာတွင် ပါဝင်ခဲ့ကြသောညီအစ်ကိုများ– (လက်ဝဲဘက်မှ) ဒဗ္ဗလျူ. လစ်ဗာရိန်စ်၊ ယူ. ဂလပ်စ်၊ ကေ. အာဒမ်စ်၊ အမ်. နူးမာ