ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
“လူများစုဝေးရာအရပ်၌ နေ့တိုင်း”
တမန်တော်ပေါလုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကိုပျံ့နှံ့စေရန် အခွင့်အရေးတိုင်းကို အသုံးပြုခဲ့သည်။ ထိုက်တန်သူများကိုရှာဖွေရန် သူသည် “တရားဇရပ်၌ ယုဒလူမှစ၍ . . . လူများစုဝေးရာအရပ်၌ နေ့တိုင်းတွေ့ကြုံသောသူတို့နှင့်” ဆွေးနွေးနှီးနှောခဲ့သည်။—တမန်တော် ၁၇:၁၇။
ထိုကဲ့သို့သောဇွဲသည် စီ.အီး. ပထမရာစုကတည်းက ယေဟောဝါ၏စစ်မှန်သောဝတ်ပြုသူများ၏ အမှတ်လက္ခဏာတစ်ခုဖြစ်ခဲ့သည်။ (မဿဲ ၂၈:၁၉၊ ၂၀) ယနေ့ယေဟောဝါသက်သေများလည်း နည်းမျိုးစုံကိုအသုံးပြုကာ နှလုံးရိုးဖြောင့်သူများအား သမ္မာတရား၏ တိကျမှန်ကန်သောအသိပညာကိုသိလာစေရန် ဇွဲရှိရှိကူညီပေးနေကြသည်။ (၁ တိမောသေ ၂:၃၊ ၄) ယင်းကို ဩစတြေးလျမှ အောက်ပါတွေ့ ကြုံမှုက တင်ပြသည်။
ဆစ်ဒ်နှင့် ဟယ်ရယ်တို့သည် ဆစ်ဒနီမြို့ရှိ ဘူတာရုံတစ်ခုအနီးတွင် ကျမ်းစာစာပေစာတမ်း စာအုပ်ဆိုင်လေးတစ်ခုတွင် တစ်ပတ်လျှင်ငါးရက် အလှည့်ကျစီဆိုင်ထိုင်ကြသည်။ ဤနည်းဖြင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကြေညာခဲ့သည်မှာ ယခုငါးနှစ်ရှိပေပြီ။ ၉၅ နှစ်ရှိပြီဖြစ်သော ဆစ်ဒ်က ဤသို့ရှင်းပြခဲ့သည်– “ကျွန်တော် ၈၇ နှစ်မှာ ကားမမောင်းနိုင်တော့ဘူး။ လူထုရှေ့သက်သေခံတာကို ကျွန်တော်ပျော်တဲ့အတွက် စိတ်ဓာတ်ကျခဲ့ရတယ်။ တစ်နေ့ကြတော့ ကာတွန်းဘာမြို့ အက်ခိုပွိုင့်ဆိုတဲ့ ကမ္ဘာလှည့်ခရီးသည်တွေသဘောကျတဲ့ နေရာတစ်နေရာအနီးကို ကျွန်တော်ရောက်ခဲ့တော့ ရှုခင်းပုံတွေကိုရောင်းနေတဲ့ ပန်းချီဆရာတစ်ယောက်ကို တွေ့ ခဲ့တယ်။ အဲ့ဒီပန်းချီကားတွေကို ကျွန်တော်လေ့လာပြီး ဒီလိုစဉ်းစားမိတယ်၊ ‘ငါ့ရဲ့အမှုဆောင်လွယ်အိတ်ထဲမှာ ဒါတွေထက်ပိုကောင်းပြီး ဈေးလည်းပိုသက်သာတဲ့ ပန်းချီပုံတွေရှိတာပဲ!’ အဲ့ဒါနဲ့ စာအုပ်စင်ငယ်တစ်ခုလုပ်ပြီး လူသွားလူလာများတဲ့နေရာတစ်နေရာမှာဆင်ထားဖို့ ဖြတ်သန်းသွားလာသူတွေကို ယေဟောဝါသက်သေတွေထုတ်ဝေတဲ့ လှလှပပပုံဖော်ပြထားတဲ့ ကျမ်းစာစာပေစာတမ်းတွေကိုဝေငှပေးဖို့ ကျွန်တော်စိတ်ဆုံးဖြတ်ခဲ့တယ်။
“လွန်ခဲ့တဲ့လေးနှစ်က ကျွန်တော့်စင်ကို ဆစ်ဒနီကိုပြောင်းလာခဲ့ပြီး ဟယ်ရယ်က ကျွန်တော်နဲ့ပူးပေါင်းခဲ့တယ်။ စာအုပ်စင်ကို ကျွန်တော်တို့တစ်လှည့်စီစောင့်ကြပြီး ဒေသခံအသင်းတော်တွေနဲ့ အမှုဆောင်ကြတယ်။” ယခု ၈၃ နှစ်ရှိပြီဖြစ်သော ဟယ်ရယ်က ဤသို့ပြောပြသည်– “တနင်္လာနေ့ကနေသောကြာနေ့အထိ အိမ်တွေမှာလူနေနည်းတယ်။ ဒါကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဒီလိုနည်းနဲ့ကြေညာတော့ လူတွေရှိတဲ့နေရာမှာ ကျွန်တော်တို့ကိုရှိနေစေတယ်လေ။ ဒါကြောင့်လည်း အကျိုးများများခံစားရတယ်။ ကျွန်တော်တို့ရဲ့ စာအုပ်စာတမ်းဝေငှမှုဟာ ဒီနိုင်ငံအတွက်ဆိုရင် အတော်ထူးခြားတယ်။”
“နှစ်တွေတစ်လျှောက် လေးငါးနေရာမှာပြောင်းရွှေ့ခဲ့ပေမဲ့ မကြာခင်မှာပဲ ကျွန်တော်တို့ကို လူတွေသိလာကြတယ်။ အချို့က ကျွန်တော်တို့ဆီမှာ စာအုပ်စာတမ်းတွေ လာယူကြတယ်။ တခြားသူတွေကျတော့ သူတို့သိချင်တဲ့မေးခွန်းတွေ လာမေးကြတယ်။ တချို့ကြတော့ မိနစ်အနည်းငယ်လောက် စကားပြောချင်ကြလို့ပဲ။ ဒီတစ်ချိန်မှာပဲ ကျွန်တော့်ပြန်လည်ပတ်မှုတွေ ကျွန်တော့်ဆီလာတယ်” ဟုဆစ်ဒ်ကရယ်ပြုံးပြောပြသည်။
“လူအတော်များများဟာ ကျမ်းစာကိုတကယ်စိတ်ဝင်စားကြတယ်” ဟုဟယ်ရယ်ကထပ်ဆင့်သည်။ “ကျွန်တော်တို့ဆီကရတဲ့ စာအုပ်စာတမ်းတွေကြောင့်ရော သူတို့ရဲ့မေးခွန်းတွေကို ကျမ်းစာနဲ့ဖြေပေးနိုင်လို့ရော တစ်လထဲမှာ လူလေးယောက် သက်သေခံတွေနဲ့ကျမ်းစာလေ့လာခဲ့ကြတယ်။ အဲ့ဒီလိုတွေ့ ကြုံမှုတွေက ကျွန်တော်တို့ကို အရမ်းအားရှိစေတာပဲ။”
ဆစ်ဒ်နှင့်ဟယ်ရယ်နည်းတူ—ထို့ပြင် တမန်တော်ပေါလုနည်းတူ—နေရာအနှံ့ရှိ ယေဟောဝါသက်သေများသည် သူတို့၏အရေးကြီးသောသတင်းကိုပျံ့နှံ့စေရန် နည်းလမ်းရှိရှိသမျှကို အသုံးပြုကြသည်။ သို့ဖြင့် “သတင်းကောင်း” ကို “လူနေရာမြေတစ်ပြင်လုံး” နှံ့အောင်ဆက်၍ဟောပြောလျက်ရှိသည်။—မဿဲ ၂၄:၁၄၊ ကဘ။