ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၇/၁၅ စာ. ၇-၈
  • တုခိတ်—ယုံကြည်အားထားရသောကျွန်ချင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တုခိတ်—ယုံကြည်အားထားရသောကျွန်ချင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရုရှလင်ကယ်ဆယ်ရေးအဖွဲ့
  • ရောမမှ ကောလောသဲသို့
  • ရပ်ဝေးတွင် တာဝန်ယူကြီးကြပ်ရခြင်း
  • သင်ဟာ ‘အားပေးထောက်မသူ’ ဖြစ်နိုင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
  • ပေါလု၏လုပ်ဖော်ဆောင်ဖက်များ—သူတို့ကား မည်သူများနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ယေဟောဝါ၏လမ်းခရီးတော်၌ လျှောက်သွားလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • ယုံကြည်စိတ်ချထိုက်သူ ဖြစ်ကြောင်း သက်သေပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၇/၁၅ စာ. ၇-၈

တုခိတ်—ယုံကြည်အားထားရသောကျွန်ချင်း

သမယအသီးသီးတွင် တုခိတ်သည် တမန်တော်ပေါလုနှင့် ခရီးထွက်ခဲ့ပြီး သူ၏စေတမန်အဖြစ် အမှုထမ်းခဲ့သည်။ သူသည် ငွေနှင့်ကြီးကြပ်မှုတာဝန်များကို အပ်နှင်းခံရသူတမန်တစ်ဦးဖြစ်သည်။ ကျမ်းစာက သူ၏ယုံကြည်အားထားရမှု—ခရစ်ယာန်အားလုံး၌ မရှိမဖြစ်လိုအပ်သောအရည်အသွေးတစ်ခု—ကိုပေါ်လွင်စေခဲ့သောကြောင့် သူ၏အကြောင်း သင်ပိုမိုသိလိုပေမည်။

ပေါလုက တုခိတ်ကို “သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော ငါချစ်သောညီ” ဟုဖော်ပြခဲ့သည်။ (ကောလောသဲ ၄:၇) တမန်တော်သည် သူ့ကို ထိုသို့အဘယ်ကြောင့်ရှုမြင်ခဲ့သနည်း။

ယေရုရှလင်ကယ်ဆယ်ရေးအဖွဲ့

စီ.အီး. ၅၅ တွင်ယုဒပြည်ရှိခရစ်ယာန်တို့သည် ကာယအကူအညီလိုအပ်ခဲ့သည်။ ပေါလုသည် ဥရောပနှင့်အာရှမိုင်းနားရှိ အသင်းတော်များ၏အကူအညီဖြင့် သူတို့အတွက် အလှူငွေရရန် စီစဉ်ပေးခဲ့သည်။ အာရှိခရိုင်မှတုခိတ်သည် ဤကယ်ဆယ်ရေးအစီအစဉ်တွင်ပါဝင်ခဲ့သည်။

ယင်းအလှူငွေကို မည်သို့ကိုင်တွယ်ရမည်ကို သွန်သင်ချက်များပေးပြီးနောက် အလှူငွေကို ယူဆောင်သွားရန် ယုံကြည်အားထားရသောသူတို့ကို ယေရုရှလင်သို့ စေလွှတ်ရန်၊ သို့မဟုတ် မိမိနှင့်အတူလိုက်သွားစေရန် ပေါလုအဆိုပြုခဲ့သည်။ (၁ ကောရိန္သု ၁၆:၁-၄) သူသည် ဂရိမှယေရုရှလင်သို့ ခရီးရှည်စတင်ထွက်ခွာခဲ့စဉ် သူနှင့်အတူလိုက်သွားသူတို့တွင် တုခိတ်ပါဝင်သည်မှာထင်ရှားသည်။ (တမန်တော် ၂၀:၄) ဤကဲ့သို့သောအဖွဲ့ကြီးတစ်ဖွဲ့လိုအပ်ရခြင်းမှာ အသင်းတော်များစွာမှအလှူငွေကို အပ်နှင်းခံရ၍ သယ်ဆောင်သွားနေခြင်းကြောင့်ဖြစ်သည်။ ခရီးစဉ်လုံခြုံမှုကို ခြိမ်းခြောက်သောဓားပြများရှိနေသည့်အတွက် လုံခြုံရေးသည် အရေးကြီးသောအကြောင်းရင်းတစ်ခုဖြစ်ခဲ့ပေမည်။—၂ ကောရိန္သု ၁၁:၂၆။

အာရိတ္တာခုနှင့် တရောဖိမ်တို့သည် ယေရုရှလင်သို့ ပေါလုနှင့်အတူလိုက်ပါသွားကြသောကြောင့် တုခိတ်နှင့်အခြားသူများလည်း လိုက်ပါနိုင်ဖွယ်ရှိ၏ဟုအချို့သူများက ယူဆကြသည်။ (တမန်တော် ၂၁:၂၉; ၂၄:၁၇; ၂၇:၁၊ ၂) ၎င်းကယ်ဆယ်ရေးအစီအစဉ်တွင် တုခိတ်ပါဝင်ခဲ့သောကြောင့် သူသည် အလှူငွေရရေးကိုစီစဉ်ရန် ဂရိနိုင်ငံတွင် တိတုနှင့်တွဲဖက်လုပ်ဆောင်ခဲ့သူ “ညီအစ်ကို” ဟုအဆိုပြုခဲ့ရသူများထဲမှတစ်ဦးဖြစ်ကာ “အသင်းတော်များ၏အလှူကျေးဇူးကို ပြုစုသည်အမှုမှာ [ပေါလု] နှင့်အတူသွားစေခြင်းငှာ၊ အသင်းတော်တို့သည် ရွေးကောက်၍ ခန့်ထားသောသူ” ဖြစ်သည်။ (၂ ကောရိန္သု ၈:၁၈၊ ၁၉; ၁၂:၁၈) အကယ်၍ တုခိတ်ဆောင်ရွက်ခဲ့ရသည့် ပထမတာဝန်သည် အတော်အတန်ကြီးလေးမည်ဆိုလျှင် သူ၏ဒုတိယတာဝန်သည် ထပ်တူပင်ဖြစ်သည်။

ရောမမှ ကောလောသဲသို့

နောက်ငါးနှစ် သို့မဟုတ် ခြောက်နှစ် (စီ.အီး. ၆၀-၆၁) ၌ပေါလုသည် ရောမတွင် ပထမဆုံးအကျဉ်းချခံရခြင်းမှ လွတ်မြောက်မည်ဟု မျှော်လင့်နေခဲ့သည်။ အိမ်မှ မိုင်ပေါင်းရာချီကွာဝေးသည့် ထိုနေရာတွင် သူနှင့်အတူ တုခိတ်ရှိခဲ့သည်။ ယခု တုခိတ်သည် အာရှိပြည်သို့ ပြန်တော့မည်ဖြစ်သည်။ ယင်းကြောင့် ပေါလုသည် အဆိုပါဒေသရှိ ခရစ်ယာန်အသင်းတော်များထံ စာများပေးပို့ရန်နှင့် ဖိလေမုန်၏အိမ်ပြေးကျွန် ဩနေသိမ်ကို ကောလောသဲသို့ ပြန်ပို့နိုင်ခွင့်ရခဲ့သည်။ တုခိတ်နှင့်သြနေသိမ်တို့သည် ယခု ကျမ်းဂန်တွင်ပါဝင်သည့် အနည်းဆုံးစာသုံးစောင်—ဧဖက်မြို့သားများထံတစ်စောင်၊ ကောလောသဲမြို့သားများထံတစ်စောင်နှင့် ဖိလေမုန်ထံတစ်စောင်—ကိုယူဆောင်ခဲ့ကြသည်။ ကောလောသဲမြို့မှ ၁၁ မိုင်ခန့်ကွာဝေးသော လောဒိကိမြို့ရှိအသင်းတော်ထံသို့လည်း စာတစ်စောင်ပေးပို့ခဲ့ပေမည်။—ဧဖက် ၆:၂၁; ကောလောသဲ ၄:၇-၉၊ ၁၆; ဖိလေမုန် ၁၀-၁၂။

တုခိတ်သည် စာပို့သမားတစ်ဦးမျှသာမဟုတ်ချေ။ ပေါလုက ဤသို့ရေးသားခဲ့သောကြောင့် သူသည် ယုံကြည်အားထားရသော စေတမန်တစ်ဦးဖြစ်ပါသည်– “သခင်ဘုရား၌ သစ္စာရှိသောဆရာ၊ ငါတို့ကျွန်ချင်းတည်းဟူသော၊ ငါချစ်သောညီတုခိတ်သည် ငါ၏အကြောင်းအရာရှိသမျှကို သင်တို့အားဖော်ပြလိမ့်မည်။ သူသည် သင်တို့၏အကြောင်းအရာများကိုသိ၍၊ သင်တို့စိတ်နှလုံးကိုသက်သာစေခြင်းငှာ၊ ထိုသူကို . . . သင်တို့ဆီသို့ ငါစေလွှတ်၏။”—ကောလောသဲ ၄:၇၊ ၈။

စာယူဆောင်ပေးသူသည် “စာရေးသူနှင့်စာလက်ခံရရှိသူတို့ကို စာအားဖြင့် ဆက်သွယ်ပေးသည့်အပြင် ပုဂ္ဂိုလ်ရေးအရလည်း အဆက်အသွယ်ဖြစ်သည်။ . . . ယုံကြည်အားထားရသော သယ်ဆောင်သူတစ်ဦးလိုအပ်ရခြင်း [အကြောင်းရင်းတစ်ခု] မှာသူသည် ထပ်ဆင့်အကြောင်းအရာကိုလည်း ယူဆောင်ပေးတတ်လေ့ရှိသည်။ စာတစ်စောင်သည် များသောအားဖြင့် စာရေးသူ၏အကဲဖြတ်မှုဖြင့် အခြေအနေတစ်ရပ်ကို အကျဉ်းချုပ်ဖော်ပြမည်ဖြစ်သော်လည်း စာယူလာသူက စာလက်ခံသူကို အသေးစိတ်အချက်အလက်များဖော်ပြလိမ့်မည်ဟု ယူမှတ်လေ့ရှိသည်” ဟူ၍ပညာရှင် အီး. ရန်ဒေါ့လ်ဖ် ရစ်ချဒ်စ်က ထောက်ပြ၏။ စာတစ်စောင်သည် သွန်သင်ချက်များနှင့် အရေးတကြီးကိစ္စများကိုဖော်ပြမည်ဖြစ်လင့်ကစား အခြားအကြောင်းအရာများကိုကား ယုံကြည်အားထားရသော စေတမန်တစ်ဦးက ပြောပြပါလိမ့်မည်။

ဧဖက်မြို့သားများ၊ ကောလောသဲမြို့သားများနှင့် ဖိလေမုန်ထံပေးပို့သောစာတို့တွင် ပေါလုမည်သို့မည်ပုံရှိကြောင်း အနည်းအကျဉ်းသာဖော်ပြထားသည်။ သို့ဖြစ်သောကြောင့် တုခိတ်သည် ရောမရှိပေါလု၏အခြေအနေကို ကိုယ်ပိုင်ရှင်းပြပြီး အားပေးတည်ဆောက်မှုပေးနိုင်ရန် အသင်းတော်၏အခြေအနေကို ကောင်းစွာခြုံငုံသိရှိရမည်။ ဤကဲ့သို့သော အမှာစကားများနှင့်တာဝန်များကို ပေးပို့သူ အားကိုးအားထားနိုင်သည့်သူတို့ကိုသာ အပ်နှင်းလေ့ရှိသည်။ တုခိတ်သည် ထိုသို့သောသူတစ်ဦးဖြစ်သည်။

ရပ်ဝေးတွင် တာဝန်ယူကြီးကြပ်ရခြင်း

ပေါလုသည် ရောမတွင် အကျယ်ချုပ်ထားခံရခြင်းမှ လွတ်မြောက်ခဲ့ပြီးနောက် တုခိတ် သို့မဟုတ် အာတေမကို ကရေတေကျွန်းရှိ တိတုထံသို့ စေလွှတ်ရန် စဉ်းစားခဲ့သည်။ (တိတု ၁:၅; ၃:၁၂) ရောမတွင် ပေါလုဒုတိယအကြိမ်အကျဉ်းချခံရစဉ် (စီ.အီး. ၆၅ ခန့်ဖြစ်နိုင်) တမန်တော်သည် ဧဖက်မြို့သို့ တုခိတ်အား နောက်တစ်ဖန်စေလွှတ်ခဲ့၏၊ အကြောင်းမှာ ပေါလုအနားတွင် တိမောသေရှိစေရန် နေရာလဲစေဖို့အတွက်ဖြစ်သည်။—၂ တိမောသေ ၄:၉၊ ၁၂။

တုခိတ်သည် ၎င်းအချိန်တွင် ကရေတေကျွန်းနှင့် ဧဖက်မြို့ နှစ်နေရာစလုံးသို့ ရောက်မရောက် အသေအချာမသိရချေ။ သို့သော် သူသည် ပေါလု၏ဓမ္မအမှုဆောင်ချိန် အဆုံးပိုင်းနှစ်များအထိ တမန်တော်၏ရင်းနှီးသောအပေါင်းအသင်းတစ်ဦးဖြစ်ခဲ့ကြောင်း အဆိုပါဖော်ပြချက်များကသိစေသည်။ ပေါလုသည် ခဲယဉ်းသောတာဝန်များကိုထမ်းဆောင်ဖို့ တိမောသေနှင့်တိတုတို့အစား တုခိတ်ကို စေလွှတ်ရန် စဉ်းစားခဲ့သည့်အတွက် တုခိတ်သည် ရင့်ကျက်သောခရစ်ယာန်ကြီးကြပ်မှူးတစ်ဦးဖြစ်နေကြောင်း ထင်ရှားပါသည်။ (၁ တိမောသေ ၁:၃; တိတု ၁:၁၀-၁၃ နှိုင်းယှဉ်။) ရပ်ဝေးတွင် တာဝန်များထမ်းဆောင်ဖို့ ခရီးထွက်ရန်အသင့်ရှိသောစိတ်က ပေါလုနှင့်ခရစ်ယာန်အသင်းတော်တစ်ခုလုံးအတွက် သူ့အားအလွန်အသုံးဝင်သူဖြစ်စေခဲ့၏။

ယနေ့ ကိုယ်ကျိုးစွန့်ခရစ်ယာန်များသည် ယေဟောဝါသက်သေများ၏ဒေသခံအသင်းတော်များ၌ ဘုရားသခင့်အမှုတော်ကို လိုလိုလားလားထမ်းဆောင်ကြသည်၊ သို့တည်းမဟုတ် အခြားတစ်နေရာရာတွင် ဘုရားသခင့်နိုင်ငံတော်အကျိုးစီးပွားတိုးပွားစေရန် ကြိုးစားဖို့အသုံးတော်ခံကြသည်။ ထောင်ချီသောသူတို့သည် [ခရစ်ယာန်] သာသနာပြုများ၊ တိုက်နယ်ကြီးကြပ်မှူးများ၊ ဆောက်လုပ်ရေးစီမံကိန်းများ၌ အပြည်ပြည်ဆိုင်ရာအမှုထမ်းများအဖြစ်လည်းကောင်း၊ ကင်းမျှော်စင်အသင်း၏ကမ္ဘာ့ဌာနချုပ်၌ဖြစ်စေ၊ ၎င်း၏ဌာနခွဲများ၌ဖြစ်စေ ဝမ်းမြောက်ဝမ်းသာစွာဖြင့် တာဝန်များထမ်းဆောင်နေကြပါသည်။ သူတို့သည် တုခိတ်ကဲ့သို့ မထင်ရှားသူများဖြစ်ကြသော်လည်း အလုပ်ကြိုးစားသူများ၊ ယုံကြည်အားထားရသော ‘သခင်ဘုရား၌ကျွန်ချင်းများ’ အဖြစ် ဘုရားသခင်နှင့် အခြားခရစ်ယာန်များပါ ချစ်ခင်မြတ်နိုးခြင်းကိုခံရသည့် ‘သစ္စာရှိသောဓမ္မအမှုဆောင်များ’ ဖြစ်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ