ပြဿနာများကို—မည်သို့ငြိမ်းချမ်းစွာဖြေရှင်းနိုင်ပုံ
လူသားတည်ရှိကတည်းက အကြမ်းဖက်မှုတည်ရှိခဲ့သည်။ သမ္မာကျမ်းစာက အာဗေလ၏အစ်ကို၊ ပထမလူသားမောင်နှံ၏အကြီးဆုံးသား ကာဣနအချိန်တွင် အကြမ်းဖက်မှုစတင်ခဲ့ကြောင်းဖော်ပြထားသည်။ ကာဣန၏ပူဇော်သကာထက် အာဗေလ၏ပူဇော်သကာကို ဘုရားသခင်နှစ်သက်ကြောင်းဖော်ပြသည့်အခါ ကာဣနသည် “အလွန်စိတ်ဆိုး၍ မျက်နှာပျက်လေ၏။” အခြေအနေကို သူမည်သို့ဖြေရှင်းခဲ့သနည်း။ ကာဣနသည် “ညီအာဗေလကိုရန်ဘက်ပြု၍သတ်လေ၏။” ထို့နောက် ဘုရားသခင်နှင့် အကြီးအကျယ်စာရင်းရှင်းစရာကိစ္စပေါ်လာခဲ့သည်။ (ကမ္ဘာဦး ၄:၅၊ ၈-၁၂) ဖန်ဆင်းရှင်ရှေ့ ကာဣန၏ဆိုးရွားသောအနေအထားကို အကြမ်းဖက်မှုက မဖြေရှင်းပေးခဲ့ပါ။
အခက်အခဲများကိုဖြေရှင်းရန် ကာယစွမ်းအားကိုအသုံးပြုသည့် ကာဣန၏လမ်းစဉ်ကို ကျွန်ုပ်တို့မည်သို့ရှောင်နိုင်မည်နည်း။
အကြမ်းဖက်မှုမှ သည်းခံမှုသို့
ပထမဦးဆုံး ခရစ်ယာန်အာဇာနည်သတေဖန်အား အသေသတ်ခြင်းကို ကျေနပ်စွာစောင့်ကြည့်ခဲ့သော လူတစ်ဦးအကြောင်းကို သုံးသပ်ကြည့်ပါ။ (တမန်တော် ၇:၅၈; ၈:၁) တာရှုမြို့သားရှောလုဖြစ်သည့် ထိုသူသည် သတေဖန်၏ဘာသာရေးရပ်တည်မှုကို မနှစ်သက်ဘဲ သတေဖန်၏လုပ်ဆောင်မှုများကိုရပ်ပစ်စေရန် အကြမ်းဖက်သတ်ဖြတ်ခြင်းသည် တရားသည်ဟုထောက်ခံခဲ့သည်။ မှန်ပါသည်၊ ရှောလုသည် သူ၏ဘဝကဏ္ဍတိုင်းတွင် အကြမ်းဖက်ခဲ့မည်မဟုတ်ပေ။ သို့တိုင် အကြမ်းဖက်မှုကို အခက်အခဲများဖြေရှင်းသည့်နည်းတစ်ခုအဖြစ် သူလိုလိုလားလားလက်ခံခဲ့သည်။ သတေဖန်သေဆုံးသည်နှင့် ရှောလုသည် “[ခရစ်ယာန်] အသင်းတော်ကိုဖျက်ဆီးလေ၏။ အိမ်များသို့ဝင်ပြီးလျှင် ယောက်ျားမိန်းမတို့ကိုဆွဲငင်၍ ထောင်ထဲ၌လှောင်ထားတတ်၏။”—တမန်တော် ၈:၃။
ကျမ်းပညာရှင် အဲလ်ဘတ်ဘန်းစ်၏အဆိုအရ ဤတွင် “ဖျက်ဆီး” ဟုပြန်ဆိုထားသော ဂရိစကားလုံးမှာ ခြင်္သေ့နှင့်ဝံပုလွေများကဲ့သို့သော သားရိုင်းတိရစ္ဆာန်များပြုလုပ်နိုင်သော ဖျက်ဆီးမှုများကိုဆိုလိုနေခြင်းဖြစ်သည်။ “ရှောလုသည် အသင်းတော်ကို သားရဲတစ်ကောင်ကဲ့သို့ တိုက်ခိုက်ခဲ့သည်—ယင်းသည် နှိပ်စက်ညှဉ်းပန်းရာတွင် ဇွဲနှင့်အမျက်ဒေါသဖြင့် သူတိုက်ခိုက်ခဲ့ခြင်းကိုဖော်ပြသည့် ပြင်းထန်သောအသုံးအနှုန်းဖြစ်သည်” ဟုဘန်းစ်ကရှင်းပြသည်။ ခရစ်တော်၏နောက်လိုက်များကို အစုလိုက်ဖမ်းဆီးခေါ်ဆောင်ရန် ဒမာသက်မြို့သို့ရှောလုဦးတည်သွားသည့်အခါ သူသည် ‘သခင် [ခရစ်တော်] ၏တပည့်တော်တို့တစ်ဖက်၌ ခြိမ်းခြောက်၍၊ အသေသတ်ခြင်းငှာပြင်းစွာအသက်ရှု’ လျက်ရှိနေသေးသည်။ သူသွားစဉ်တွင် ရှင်ပြန်ထမြောက်တော်မူသော ယေရှုသည် သူ့ကိုစကားပြောခဲ့ပြီး ယင်းက ရှောလုအား ခရစ်ယာန်ဘာသာသို့ ကူးပြောင်းစေခဲ့သည်။—တမန်တော် ၉:၁-၁၉။
ထိုသို့ဘာသာပြောင်းပြီးသည့်နောက် အခြားသူများနှင့် ရှောလုဆက်ဆံပုံသည် ပြောင်းလဲသွားသည်။ နောင် ၁၆ နှစ်ခန့်အကြာ၌ ဖြစ်ပျက်ခဲ့သောဖြစ်ရပ်တစ်ခုက သူ၏ပြောင်းလဲမှုကိုဖော်ပြသည်။ လူတစ်စုသည် အန္တိအုတ်မြို့ရှိ သူ့အသင်းတော်သို့လာ၍ မောရှေ၏ပညတ်ကိုလိုက်နာကြရန် ထိုတွင်ရှိသောခရစ်ယာန်များအား တိုက်တွန်းခဲ့ကြသည်။ ထိုအခါ အကြီးအကျယ် ‘အငြင်းပွား’ ခဲ့သည်။ ဤအချိန်တွင် ပေါလုဟုလူသိများနေသော ရှောလုသည် အငြင်းပွားမှုတွင်ပါဝင်ခဲ့သည်။ ဒေါသမီးပွင့်ခဲ့သည်မှာထင်ရှားသည်။ သို့သော် ပေါလုသည် အကြမ်းမဖက်ခဲ့ချေ။ သို့ပြုမည့်အစား ထိုကိစ္စကို ယေရုရှလင်မြို့၌ရှိသော တမန်တော်တို့နှင့်အကြီးအကဲတို့ထံတင်ပြရန် အသင်းတော်၏ဆုံးဖြတ်ချက်ကို သူသဘောတူခဲ့သည်။—တမန်တော် ၁၅:၁၊ ၂။
တစ်ဖန် ယေရုရှလင်မြို့တွင် အကြီးအကဲတို့၏အစည်းအဝေး၌ “များစွာသောဆွေးနွေးငြင်းခုံခြင်း” ဖြစ်ပြန်သည်။ “စုဝေးသောသူအပေါင်းတို့သည် တိတ်ဆိတ်စွာနေ” သည်အထိ ပေါလုစောင့်ဆိုင်းပြီးနောက် အရေဖျားမလှီးသောယုံကြည်သူများကြားတွင် ဘုရားသခင့်ဝိညာဉ်တော်၏ ကြီးကျယ်သည့်လုပ်ဆောင်မှုကို ပြောပြလေသည်။ ကျမ်းစာကိုအပြန်အလှန်ဆွေးနွေးကြပြီးနောက် တမန်တော်များနှင့် ယေရုရှလင်မြို့မှအကြီးအကဲများတို့သည် အရေဖျားမလှီးသော ယုံကြည်သူများအပေါ် မလိုအပ်သည့်ဝန်ကိုမတင်မိစေဘဲ “ရုပ်တုရှေ့မှာပူဇော်သောယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ လည်ပင်းကိုညှစ်၍သတ်သောအရာကိုလည်းကောင်း၊ မတရားသောမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်” ရန် သူတို့ကိုတိုက်တွန်းပေးဖို့ “တညီတညွတ်တည်းစီရင်” ကြ၏။ (တမန်တော် ၁၅:၃-၂၉) ပေါလုသည် အမှန်တကယ်ပင်ပြောင်းလဲလာခဲ့ပြီ။ အရေးကိစ္စများကို အကြမ်းဖက်မှုမပါဘဲ သူဖြေရှင်းတတ်နေပြီဖြစ်သည်။
ကြမ်းတမ်းသည့်လိုအင်များကိုတိုက်လှန်ခြင်း
“သခင်ဘုရား၏ကျွန်သည် ရန်မတွေ့ရ။ ခပ်သိမ်းသောသူတို့အား ဖြည်းညင်းစွာပြုသောသူ၊ ဆုံးမသြဝါဒပေးခြင်းအမှု၌ လိမ္မာသောသူ၊ သည်းခံနိုင်သောသူဖြစ်ရမည်။ ဆီးတားငြင်းခုံသောသူတို့ကို နူးညံ့သိမ်မွေ့စွာဆုံးမရမည်” ဟုနောက်ပိုင်းတွင် ပေါလုတိုက်တွန်းခဲ့သည်။ (၂ တိမောသေ ၂:၂၄၊ ၂၅) ခက်ခဲသည့်အခြေအနေများကို အေးအေးဆေးဆေးကိုင်တွယ်ဖြေရှင်းရန် ငယ်ရွယ်သောကြီးကြပ်မှူးဖြစ်သူ တိမောသေကိုပေါလုတိုက်တွန်းခဲ့သည်။ ပေါလုသည် လက်တွေ့ကျသူတစ်ဦးဖြစ်သည်။ ခရစ်ယာန်များကြား၌ပင် စိတ်လှုပ်ရှားမှုနှိုးဆွစရာအကြောင်းများပေါ်ပေါက်နိုင်သည်ကို သူသိထားသည်။ (တမန်တော် ၁၅:၃၇-၄၁) “အမျက်ထွက်ရာတွင် အပြစ်မရှိစေနှင့်။ အမျက်မပြေဘဲ နေမဝင်စေနှင့်” ဟုအကြောင်းကောင်းရှိ၍ သူတိုက်တွန်းခဲ့ခြင်းဖြစ်သည်။ (ဧဖက် ၄:၂၆၊ ၂၇) ဒေါသအိုးမပေါက်ကွဲစေဘဲ စိတ်ကိုထိန်းချုပ်ထားခြင်းသည် ယင်းသို့သောစိတ်လှုပ်ရှားမှုများကိုကိုင်တွယ်ရန် လျောက်ပတ်သည့်နည်းဖြစ်သည်။ သို့သော် ယင်းကိုမည်သို့ဆောင်ရွက်နိုင်မည်နည်း။
ယနေ့ အမျက်ဒေါသကိုထိန်းချုပ်ရန် မလွယ်ကူချေ။ ဟားဗတ်လူထုကျန်းမာရေးကျောင်းမှ လက်ထောက်ကထိက ဒေါက်တာ ဒယ်ဘရာ ပရိုသရိုစတစ်သ်က ဤသို့ဆိုသည်– “မလိုတမာစိတ်ထားခြင်းသည် ရေပန်းစားနေသည်။ အမှန်ဆိုလျှင်—စေ့စပ်ဆွေးနွေးခြင်း၊ အလျှော့ပေးခြင်း၊ စာနာခြင်း၊ ခွင့်လွှတ်ခြင်း—စသည့် သူတစ်ပါးနှင့်သင့်မြတ်စေသည့်စွမ်းရည်များသည် ပျော့ညံ့သူတို့နှင့်သာဆိုင်သည်ဟု ယူမှတ်ခံရလေ့ရှိသည်။” သို့ရာတွင် ယင်းတို့သည် ယောက်ျားပီသသောအရည်အချင်းများဖြစ်ပြီး ကျွန်ုပ်တို့စိတ်ထဲပေါ်လာတတ်သည့် ကြမ်းတမ်းသည့်လိုအင်များကိုထိန်းချုပ်ရန် အရေးပါသောအရည်အချင်းများဖြစ်သည်။
ပေါလုသည် ခရစ်ယာန်တစ်ဦးဖြစ်လာရာတွင် သဘောထားကွဲလွဲမှုများကို ကိုင်တွယ်ရန် သာ၍ကောင်းသောနည်းကို တတ်သိလာခဲ့သည်။ ယင်းသည် ကျမ်းစာသွန်သင်ချက်များအပေါ် အခြေပြုသည်။ ယုဒဘာသာတတ်ကျွမ်းသော ပညာရှင်တစ်ဦးအနေနှင့် ပေါလုသည် ဟေဗြဲကျမ်းကိုပိုင်နိုင်သူဖြစ်ခဲ့မည်။ ထို့ကြောင့် “ညှဉ်းဆဲတတ်သောသူ၏စည်းစိမ်ကို မတောင့်တနှင့်။ သူလိုက်သောလမ်းတစ်စုံတစ်ခုကိုမျှ အလိုမရှိနှင့်။” “စိတ်ရှည်သောသူသည် ခွန်အားကြီးသောသူထက်လည်းကောင်း၊ မိမိစိတ်ကိုချုပ်တည်းသောသူသည် မြို့ကိုတိုက်ယူသောသူထက်လည်းကောင်း သာ၍ကောင်း၏။” “ကိုယ်စိတ်ကိုမချုပ်တည်းနိုင်သောသူသည် မြို့ရိုးပြိုပျက်၍ ဟင်းလင်းရှိသောမြို့နှင့်တူ၏” စသည့်ကျမ်းချက်များကို သူသတိပြုမိခဲ့ပေမည်။ (သု. ၃:၃၁; ၁၆:၃၂; ၂၅:၂၈) သို့တိုင် ထိုအသိပညာက ပေါလုဘာသာမပြောင်းမီအချိန်တွင် ခရစ်ယာန်များကို အကြမ်းဖက်မှုမပြုရန် သူ့အားမတားဆီးပေးခဲ့ပါ။ (ဂလာတိ ၁:၁၃၊ ၁၄) သို့သော် ခရစ်ယာန်တစ်ဦးအနေနှင့် ပေါလုသည် အငြင်းပွားမှုများကို အကြမ်းဖက်မှုဖြင့်မဟုတ်ဘဲ ဆင်ခြင်တုံတရားနှင့် နားဝင်အောင်သွေးဆောင်ပြောဆိုခြင်းဖြင့်ဖြေရှင်းရန် မည်သည့်အရာကကူညီပေးခဲ့သနည်း။
ပေါလုက “ငါသည် ခရစ်တော်၏နည်းတူကျင့်သကဲ့သို့ သင်တို့လည်းငါ့နည်းတူ ကျင့်ကြလော့” ဟုဆိုသောအခါ အဖြေပေးခဲ့သည်။ (၁ ကောရိန္သု ၁၁:၁) မိမိအတွက် ယေရှုပြုလုပ်ပေးခဲ့ရာများကို သူအလွန်တန်ဖိုးထားခဲ့သည်။ (၁ တိမောသေ ၁:၁၃၊ ၁၄) ခရစ်တော်သည် သူ့အတွက်စံပြဖြစ်လာသည်။ အပြစ်သားများအတွက် ယေရှုမည်သို့ဝေဒနာခံခဲ့ရကြောင်းကို သူသိထားသည်။ (ဟေဗြဲ ၂:၁၈; ၅:၈-၁၀) မေရှိယနှင့်ပတ်သက်သော ဟေရှာယ၏ဤပရောဖက်ပြုချက်သည် ယေရှု၌ပြည့်စုံကြောင်း ပေါလုထောက်ခံနိုင်၏– “ထိုသူသည် ညှဉ်းဆဲခြင်းနှင့်နှိမ့်ချခြင်းကိုခံ၍ နှုတ်ကိုမဖွင့်ဘဲနေ၏။ အသေသတ်ခြင်းငှာ ဆောင်သွားသောသိုးသငယ်ကဲ့သို့သူ့ကိုဆောင်သွား၍၊ သိုးသည်အမွေးညှပ်သောသူရှေ့မှာ မမြည်ဘဲနေသကဲ့သို့၊ သူသည်နှုတ်ကိုမဖွင့်ဘဲနေ၏။” (ဟေရှာယ ၅၃:၇) တမန်တော်ပေတရုက “ကဲ့ရဲ့ခြင်းကိုခံရသောအခါ ပြန်၍မကဲ့ရဲ့။ အသေခံရသောအခါ ခြိမ်းခြောက်ခြင်းကိုမပြု။ တရားသဖြင့်စီရင်တော်မူသောသူ၌ ကိုယ်ကိုကိုယ်အပ်နှံတော်မူ၏” ဟုရေးသားခဲ့သည်။—၁ ပေတရု ၂:၂၃၊ ၂၄။
တင်းမာသောအခြေအနေများကို ယေရှုကိုင်တွယ်ဖြေရှင်းနည်းကို ပေါလုသဘောကျခြင်းက သူ့အားပြောင်းလဲစေခဲ့သည်။ ယုံကြည်သူချင်းတို့အား သူကဤသို့တိုက်တွန်းနိုင်ခဲ့သည်– “တစ်ယောက်၌တစ်ယောက် အပြစ်တင်စရာအခွင့်ရှိလျှင်၊ အချင်းချင်းသည်းခံ၍ အပြစ်ကိုလွှတ်ကြလော့။ ခရစ်တော်သည် သင်တို့၏အပြစ်ကိုလွှတ်တော်မူသကဲ့သို့၊ ထိုနည်းတူပြုကြလော့။” (ကောလောသဲ ၃:၁၃) အကြမ်းမဖက်ရကြောင်းကို အသိအမှတ်ပြုရုံနှင့်မလုံလောက်ပါ။ ကျွန်ုပ်တို့အတွက် ယေဟောဝါနှင့် ယေရှုခရစ်ပြုလုပ်ပေးခဲ့ရာများကို ကျေးဇူးတင်လေးမြတ်ခြင်းက ကြမ်းတမ်းသည့်လိုအင်များကို ဖယ်ရှားနိုင်ရန် လိုအပ်သည့်လှုံ့ဆော်မှုရရှိစေသည်။
ဖြစ်နိုင်ပါသလော
ဂျပန်နိုင်ငံမှလူတစ်ဦးသည် ယင်းသို့သောကြံ့ခိုင်သည့်လှုံ့ဆော်မှု လိုအပ်ခဲ့သည်။ စိတ်မြန်လက်မြန်သော စစ်သားတစ်ဦးဖြစ်သည့် သူ့ဖခင်သည် မိသားစုကိုကြမ်းကြမ်းတမ်းတမ်းအုပ်ထိန်းခဲ့သည်။ ကိုယ်တိုင်ကြမ်းတမ်းစွာဆက်ဆံခံခဲ့ရပြီး မိခင်သည်လည်း အလားတူခံရသည်ကိုတွေ့မြင်ခဲ့ရာ ထိုသူသည် ဒေါသကြီးသူတစ်ဦးအဖြစ် ကြီးပြင်းလာခဲ့သည်။ အခက်အခဲများကိုဖြေရှင်းရန်နှင့် သူတစ်ပါးကိုခြိမ်းခြောက်ရန် အလျားမညီသော ဆာမူရိုင်းဓားနှစ်ချောင်းကို သူဆောင်ထားသည်။
သူ့ဇနီးက ကျမ်းစာကိုစတင်လေ့လာသောအခါ အလေးအနက်သဘောမထားဘဲ သင်အံမှုတွင်ပါဝင်ခဲ့သည်။ သို့သော် နိုင်ငံတော်နှင့်ယှဉ်သော ဤသတင်းကောင်းများa အမည်ရှိ စာအုပ်ကလေးကိုဖတ်ပြီးနောက် သူပြောင်းလဲလာသည်။ အဘယ်ကြောင့်နည်း။ သူဤသို့ရှင်းပြသည်– “‘ခရစ်တော်ယေရှု’ နဲ့ ‘ရွေးနုတ်ဖိုးအကြောင်း’ ဆိုတဲ့ခေါင်းစဉ်အောက်က အကြောင်းကိုဖတ်လိုက်တဲ့အခါ ကျွန်တော်ရှက်မိတယ်။ ထင်ရာစိုင်းလုပ်တတ်ပေမဲ့ ကျွန်တော်ခင်တဲ့သူတွေကို ကူညီချင်တဲ့စိတ်တော့ရှိတယ်။ ကျွန်တော့်အသက်ကိုမထိခိုက်ဘူးဆိုရင် သူငယ်ချင်းတွေပျော်ရအောင် လုပ်ပေးချင်တဲ့စိတ်ရှိခဲ့တယ်။ ဘုရားသခင့်သားတော် ယေရှုကျတော့ ကျွန်တော့်လိုလူမျိုးအပါအဝင် လူသားတွေအတွက် သူ့အသက်ကိုလိုလိုလားလားပေးခဲ့တယ်။ တင်းပုတ်နဲ့အရိုက်ခံလိုက်ရသလို ကျွန်တော်ကြက်သေသေသွားပါရော။”
ယခင်အပေါင်းအသင်းများနှင့် သူအဆက်ဖြတ်လိုက်ပြီး မကြာမီ ယေဟောဝါသက်သေများ၏အသင်းတော်တစ်ခုတွင် သီအိုကရက်တစ်ဓမ္မအမှုကျောင်း၌ အမည်စာရင်းသွင်းခဲ့သည်။ ဤကျောင်းက အခြားသူများအား ကျမ်းစာသွန်သင်ပေးနိုင်စွမ်းရှိရန် ယင်း၌အမည်စာရင်းသွင်းသူများကို ကူညီပေးသည်။ ထိုသင်တန်းက သူ့ကို ထပ်ဆင့်အကျိုးပေးခဲ့သည်။ သူဤသို့ပြန်ပြောင်းပြောပြသည်– “ကျွန်တော်ငယ်ငယ်တုန်းက ကျွန်တော့်ရဲ့ခံစားချက်တွေကို သူများနားလည်အောင် မပြောပြတတ်တဲ့အတွက်ကြောင့် ခြိမ်းခြောက်ပြီး အကြမ်းဖက်တဲ့နည်းကို ကျွန်တော်အသုံးပြုခဲ့တယ်။ ကျွန်တော့်ရဲ့သဘောကို သူတို့သိအောင်ပြောတတ်လာတဲ့အခါ ကြမ်းကြမ်းတမ်းတမ်းမဆက်ဆံတော့ဘဲ ကျိုးကြောင်းဆင်ခြင်ပြောဆိုတတ်လာတယ်။”
သူသည် ပေါလုကဲ့သို့ ယေရှု၏လမ်းစဉ်ကို မိမိကိုယ်ပိုင်ဖြစ်စေခဲ့ပါသလော။ ညီအစ်ကိုအသင်းအပင်းအဖြစ် အပြန်အလှန်ကတိပြုထားသော မိတ်ဆွေဟောင်းတစ်ဦးက ခရစ်ယာန်မဖြစ်ဖို့ကြိုးစားတားသည့်အခါ သူ့ယုံကြည်ခြင်းစမ်းသပ်ခံခဲ့ရသည်။ သူ့ “မိတ်ဆွေ” ကသူ့ကိုထိုးနှက်ပြီး သူ၏ဘုရားသခင်ယေဟောဝါအား မလေးမစားပြောဆိုခဲ့သည်။ ယခင်က ကြမ်းတမ်းခဲ့ဖူးသူက မိမိစိတ်ကိုထိန်းချုပ်ကာ ကတိပျက်ရသည့်အတွက် တောင်းပန်ခဲ့သည်။ သူ၏ “ညီအစ်ကို” သည်စိတ်ပျက်စွာအလျှော့ပေးခဲ့သည်။
ယခင်ကဒေါသထွက်တတ်သောဤသူသည် သူ၏ကြမ်းတမ်းသောလိုအင်များကို ဖယ်ရှားနိုင်ခဲ့ပြီး ဘုရားသခင်နှင့် ကိုယ်နှင့်စပ်ဆိုင်သူအားချစ်သည့်မေတ္တာဖြင့် စည်းလုံးနေသော ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မများစွာရရှိခဲ့သည်။ (ကောလောသဲ ၃:၁၄) ထိုထက်မက အနှစ် ၂၀ ကျော်မျှ ဆက်ကပ်အပ်နှံခရစ်ယာန်တစ်ဦးဖြစ်လာပြီးနောက် ယခုသူသည် ယေဟောဝါသက်သေများ၏ နယ်လှည့်ကြီးကြပ်မှူးတစ်ဦးအဖြစ် အမှုထမ်းလျက်ရှိသည်။ မိမိကိုယ်တိုင် တတ်လာသကဲ့သို့ ကြမ်းတမ်းသည့်စိတ်ထားရှိသူများပင် အခက်အခဲများကို အကြမ်းမဖက်ဘဲဖြေရှင်းရန် သင်ယူနိုင်ကြောင်း ကျမ်းစာမှကိုးကားပြနိုင်သည့်အတွက် သူအလွန်ရွှင်လန်းရသည်ဖြစ်ခြင်း! ထို့အပြင် “ငါ၏သန့်ရှင်းသောတောင်တစ်ပြင်လုံး၌ အချင်းချင်းညှဉ်းဆဲခြင်း၊ ဖျက်ဆီးခြင်းကိုမပြုရကြ။ အကြောင်းမူကား၊ ပင်လယ်ရေသည် မိမိနေရာကိုလွှမ်းမိုးသကဲ့သို့၊ မြေကြီးသည် ထာဝရဘုရားကိုသိကျွမ်းခြင်းပညာနှင့် ပြည့်စုံလိမ့်မည်” ဟူသောပရောဖက်ပြုစကားများ၏ အံ့ချီးဖွယ်ပြည့်စုံမှုကို ညွှန်ပြနိုင်ခြင်းသည် သူ့အတွက်အခွင့်ထူးပါသည်တကား!—ဟေရှာယ ၁၁:၉။
တမန်တော်ပေါလုအပြင် ယခင်ကကြမ်းတမ်းသော ဤသူကဲ့သို့ သင်သည်လည်းစိတ်ဆိုးစရာ အခြေအနေများကိုကိုင်တွယ်ရန်၊ အခက်အခဲများကို အေးဆေးငြိမ်သက်စွာ ကိုင်တွယ်ဖြေရှင်းတတ်လာနိုင်ပါသည်။ သင့်ဒေသရှိ ယေဟောဝါသက်သေများက သင့်အားဝမ်းမြောက်စွာကူညီပေးလိုပါသည်။
[အောက်ခြေမှတ်ချက်များ]
a ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်း၊ မြန်မာမှထုတ်ဝေသည်။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ပေါလုသည် လက်တွေ့ကျသူတစ်ဦးဖြစ်သည်။ ခရစ်ယာန်များကြား၌ပင် စိတ်လှုပ်ရှားမှုများ ပြင်းထန်လာနိုင်ကြောင်း သူသိထားသည်
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ကျွန်ုပ်တို့အတွက် ဘုရားသခင်ပြုလုပ်ပေးခဲ့ရာများကို လေးမြတ်ခြင်းက ငြိမ်းချမ်းသောဆက်ဆံရေးကိုဖြစ်စေ