ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၁၁/၁၅ စာ. ၂၄-၂၇
  • ညီအစ်ကိုထံမှ ကျွန်ုပ်ငွေချေးသင့်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ညီအစ်ကိုထံမှ ကျွန်ုပ်ငွေချေးသင့်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အကုန်အကျကိုထည့်တွက်ခြင်း
  • ငွေလိုအပ်ရခြင်းအကြောင်းရှင်းပြ
  • ရေးသားထားသောမှတ်တမ်းထားရှိပါ
  • သတိနှင့်ငွေချေးပါ
  • သင့်လုပ်ဆောင်မှုများကို သေချာစွာသုံးသပ်
  • စာရှုသူများထံမှမေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • အကြွေးယူတာ ကောင်းသလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • သုံးဖြုန်းမယ့်အစား ဘာကြောင့်ချွေတာရ
    နိုးလော့!—၂၀၁၁
  • ငွေရေးကြေးရေးပြဿနာတွေ ဖြေရှင်းရာမှာ သမ္မာကျမ်းစာက ကူညီပေးနိုင်သလား။
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၁၁/၁၅ စာ. ၂၄-၂၇

ညီအစ်ကိုထံမှ ကျွန်ုပ်ငွေချေးသင့်သလော

ဆိုက်မန်၏အငယ်ဆုံးကလေးမှာ ဖျားနာနေလျက် ဆေးဝါးအရေးတကြီးလိုအပ်လျက်ရှိသည်။ သို့ရာတွင် ဆိုက်မန်သည် အလွန်ဆင်းရဲသည့်အတွက် ၎င်းဆေးကိုမဝယ်နိုင်ချေ။ သူဘာလုပ်နိုင်သနည်း။ မိုက်ကယ်အမည်ရှိသော ခရစ်ယာန်ချင်းတစ်ဦးသည် သူထက် ငွေရေးကြေးရေးပိုအဆင်ပြေသည်။ မိုက်ကယ်သည် ငွေချေးပေးကောင်းချေးပေးလိမ့်မည်။ သို့သော် ဆိုက်မန်သည် ထိုချေးငွေကို မိမိပြန်ဆပ်နိုင်လိမ့်မည်မဟုတ်ကြောင်းသိသည်။a

မိုက်ကယ်ထံ ဆိုက်မန်ရောက်လာသောအခါ မိုက်ကယ်သည် ဝေခွဲမရဖြစ်နေသည်။ ဆိုက်မန်မှာ အမှန်တကယ်လိုအပ်နေကြောင်း သူသိရှိသော်လည်း ဆိုက်မန်သည် မိသားစုကိုကျွေးမွေးဖို့ပင် ရုန်းကန်နေရသောကြောင့် ပြန်ဆပ်နိုင်မည်မဟုတ်သည်ကိုသူသိသည်။ မိုက်ကယ်ဘာလုပ်သင့်သနည်း။

နိုင်ငံများစွာတွင် လူတို့သည် မိမိတို့၏အသက်မွေးဝမ်းကျောင်းကို နေ့ချင်းညချင်းဆုံးရှုံးသွားနိုင်ပြီး ဆေးဖိုးဝါးခအတွက်ငွေ သို့မဟုတ် အာမခံကြေးပင်မရှိတော့ဘဲဖြစ်နိုင်သည်။ ဘဏ်ချေးငွေမရနိုင်၊ သို့မဟုတ် အလွန့်အလွန်ဈေးကြီးပေမည်။ အရေးကြီးကိစ္စပေါ်လာသောအခါ တစ်ခုတည်းသောဖြေရှင်းနည်းမှာ ငွေချေးဖို့သာဖြစ်ပေမည်။ သို့သော်လည်း ငွေမချေးမီ အရေးကြီးသောအကြောင်းအချို့ကို သုံးသပ်ကြည့်ရမည်။

အကုန်အကျကိုထည့်တွက်ခြင်း

ကျမ်းစာက ချေးငှားပေးသူနှင့် ချေးငှားယူသူတို့အတွက် လမ်းညွှန်ချက်များပေးထားသည်။ ယင်းသြဝါဒကို ဂရုစိုက်ခြင်းအားဖြင့် ကျွန်ုပ်တို့သည် အထင်လွဲမှုများနှင့် စိတ်နာကျင်မှုများစွာကို ရှောင်နိုင်မည်။

ဥပမာ၊ ငွေချေးယူခြင်းကိစ္စကို ပေါ့ပေါ့ဆဆမရှုမြင်သင့်ကြောင်း သမ္မာကျမ်းစာက ကျွန်ုပ်တို့ကို သတိပေးထားသည်။ ရောမမြို့ရှိခရစ်ယာန်များကို တမန်တော်ပေါလုက ဤသို့တိုက်တွန်းခဲ့သည်– “အချင်းချင်း ချစ်ခြင်းမေတ္တာမှတစ်ပါး အဘယ်ကြွေးမျှမတင်စေနှင့်။ သူတစ်ပါးကို ချစ်သောသူသည် အကျင့်တရားနှင့်ပြည့်စုံပြီ။” (ရောမ ၁၃:၈) အကောင်းဆုံးမှာ ခရစ်ယာန်တစ်ဦးသည် အခြားသူများအား ပေးရန်ရှိသည့်တစ်ခုတည်းသောအကြွေးမှာ ချစ်ခြင်းမေတ္တာပင် ဖြစ်သင့်သည်။ ထို့ကြောင့် ‘ဤငွေချေးခြင်းသည် အမှန်တကယ်လိုအပ်သလော’ ဟူ၍ ကိုယ့်ကိုယ်ကို ဦးဆုံးမေးရမည်။

လိုအပ်ပါသည်ဟုဖြေလျှင် အကြွေးယူခြင်း၏အကျိုးဆက်များကို ပညာရှိစွာသုံးသပ်ရမည်။ အရေးကြီးသောဆုံးဖြတ်ချက်များချဖို့ သေချာစွာစဉ်းစားခြင်းနှင့် အစီအစဉ်ရေးဆွဲခြင်းတို့ လိုအပ်ကြောင်းကို ယေရှုခရစ်ဖော်ပြခဲ့သည်။ ကိုယ်တော်သည် တပည့်တော်များအား ဤသို့မေးခဲ့သည်– “သင်တို့တွင် တစ်ယောက်သောသူသည် တိုက်ကိုတည်မည်ဟုအကြံရှိလျှင်၊ ထိုတိုက်ပြီးအောင် ငွေလောက်မည်မလောက်မည်ကို သိခြင်းငှာ၊ ရှေးဦးစွာထိုင်၍ ကုန်ကျစရိတ်ကို မချင့်တွက်ဘဲနေမည်လော။” (လုကာ ၁၄:၂၈) ညီအစ်ကိုတစ်ဦးထံမှ ငွေချေးမည်မချေးမည်ကို စဉ်းစားနေစဉ် အဆိုပါမူကိုလည်း ထည့်သွင်းစဉ်းစားပါ။ ချေးငွေ၏ကုန်ကျစရိတ်ကို တွက်ချက်ခြင်းဆိုသည်မှာ ယင်းချေးငွေကို မည်သို့ပြန်ဆပ်မည်နှင့် မည်သည့်အချိန်တွင်ပြန်ဆပ်မည်ကို ထည့်တွက်ခြင်းဖြစ်သည်။

ချေးငှားပေးသူသည် ထိုချေးငွေကို မည်သို့ပြန်ဆပ်မည်နှင့် မည်သည့်အချိန်တွင် ပြန်ဆပ်မည်ကို သိပိုင်ခွင့်ရှိသည်။ အခြေအနေများကို သေချာစွာသုံးသပ်ခြင်းအားဖြင့် သူ့ကို တိကျသောအဖြေများပေးနိုင်လိမ့်မည်။ ဖြစ်နိုင်မည့်အချိန်အတွင်း ချေးငွေကို ပြန်ဆပ်နိုင်ဖို့ တွက်ချက်ပြီးပြီလော။ “ဖြစ်နိုင်တာနဲ့တစ်ခါထဲ ခင်ဗျားကို အကြွေးပြန်ဆပ်ပါ့မယ်။ ကျွန်တော့်ကို ယုံတယ်မဟုတ်လား” ဟုညီအစ်ကိုကိုပြောဖို့ လွယ်ကူပါလိမ့်မည်။ သို့ရာတွင် ဤသို့သောအခြေအနေများကို သာ၍တာဝန်သိတတ်စွာ မကိုင်တွယ်သင့်ပေလော။ ချေးငွေကိုပြန်ဆပ်ခြင်းသည် ယေဟောဝါတောင်းဆိုသည့်အချက်ဖြစ်သောကြောင့် ပြန်ဆပ်ရန် အစကတည်းက ဆုံးဖြတ်ချက်ချရမည်။ “မတရားသောသူသည် ချေးငှား၍ မဆပ်ဘဲနေတတ်၏” ဟုဆာလံ ၃၇:၂၁ ကဆိုသည်။

ချေးငွေကို မည်သို့ပြန်ဆပ်မည်နှင့် မည်သည့်အချိန်တွင် ပြန်ဆပ်မည်ကို တွက်ချက်ခြင်းအားဖြင့် ကျွန်ုပ်တို့ပြုလုပ်နေသည့်အမှုသည် တာဝန်ကြီးကြောင်း မိမိကိုယ်ကိုသတိပေးသည်။ ယင်းက မလိုအပ်ဘဲအကြွေးတင်ခြင်းကို လျော့နည်းစေသည်။ အကယ်၍ အကြွေးတင်ခြင်းကို ရှောင်နိုင်လျှင် တစ်ပန်းသာမည်ဖြစ်သည်။ “ချေးငှားယူသောသူသည် ချေးငှားပေးသောသူ၌ ကျွန်ဖြစ်၏” ဟူ၍ နယပုံပြင် ၂၂:၇ ကသတိပေးထား၏။ ချေးငှားပေးသူနှင့် ချေးငှားယူသူတို့ပါ ဝိညာဉ်ရေးညီအစ်ကိုများဖြစ်လင့်ကစား သူတို့၏ဆက်ဆံရေးကို အနည်းဆုံးအထိုက်အလျောက်ထိခိုက်စေနိုင်သည်။ ငွေချေးခြင်းကြောင့် အထင်မှားမှုများသည် အသင်းတော်အချို့၏ငြိမ်သက်မှုကိုပင် ပျက်စီးစေခဲ့ပြီ။

ငွေလိုအပ်ရခြင်းအကြောင်းရှင်းပြ

ချေးငှားယူသောငွေကို ကျွန်ုပ်တို့မည်သို့အသုံးပြုမည်ကို ချေးငှားပေးသူသည် အခြေခံအားဖြင့် သိပိုင်ခွင့်ရှိသည်။ ယင်းချေးငွေအပြင် အခြားသူများထံမှလည်း ငွေချေးယူနေပါသလော။ ဤသို့ဖြစ်လျှင် ယင်းအကြောင်းရှင်းပြသင့်သည်၊ အကြောင်းမှာ ချေးငွေကို ပြန်ဆပ်နိုင်မည့်အခြေအနေနှင့်သက်ဆိုင်နေသည်။

စီးပွားရေးလုပ်ဖို့ ငွေချေးခြင်းနှင့် အရေးပေါ်ကိစ္စအတွက်ချေးခြင်းကို ခွဲခြားတတ်ရန် အရေးကြီးသည်။ ညီအစ်ကိုတစ်ဦးသည် အခြားညီအစ်ကိုအား ရင်းနှီးမြှုပ်နှံမှုတစ်ခုပြုဖို့အတွက် ငွေချေးပေးရန် ကျမ်းဆိုင်ရာအဘယ်တာဝန်မျှမရှိသော်လည်း သူ၏အမှားကြောင့်မဟုတ်ဘဲ စားဝတ်နေရေး သို့မဟုတ် မရှိမဖြစ်လိုအပ်နေသောဆေးဖိုးဝါးခကဲ့သို့သော အခြေခံကျသောလိုအပ်ရာများအတွက်ပင် ငွေမပေးနိုင်လျှင် ညီအစ်ကိုသည် ကူညီသင့်သည်ဟု ခံစားရကောင်းခံစားရပေမည်။ ၎င်းကိစ္စရပ်များတွင် ရိုးသားပွင့်လင်းမှုနှင့် ဖြောင့်မတ်မှုတို့သည် အထင်အမြင်လွဲမှားမှုများကို တားဆီးဖို့ ထောက်ကူပေးပါလိမ့်မည်။—ဧဖက် ၄:၂၅။

ရေးသားထားသောမှတ်တမ်းထားရှိပါ

ရေးသားထားသော သဘောတူညီချက်မှတ်တမ်းသည် နောင်ဖြစ်လာမည့် အထင်လွဲမှားမှုများကို ရှောင်နိုင်ရန် အရေးကြီးသောအဆင့်တစ်ခုဖြစ်သည်။ မရေးသားထားလျှင် သဘောတူညီချက်ပါ အသေးစိတ်အချက်အလက်များကို အလွယ်တကူမေ့သွားတတ်သည်။ ချေးငှားယူသောငွေပမာဏနှင့် ယင်းကို မည်သည့်အချိန်တွင် ပြန်ဆပ်မည်ကို ရေးသားထားရန် လိုအပ်သည်။ ချေးငှားယူသူနှင့် ချေးငှားပေးသူတို့နှစ်ဦးစလုံး သဘောတူညီချက်ကို လက်မှတ်ရေးထိုးကာ အသီးသီး ကိုယ်ပိုင်တစ်စောင်စီထားသင့်သည်။ ငွေရေးကြေးရေးကိစ္စများကို မှတ်တမ်းထားရှိသင့်သည်ဟု သမ္မာကျမ်းစာက ဖော်ပြထားသည်။ ဗာဗုလုန်သည် ယေရုရှလင်ကို မဖျက်ဆီးမီလေးတွင် ယေရမိ၏ဆွေမျိုးတစ်ဦးထံမှ မြေကွက်တစ်ကွက်ဝယ်ရန် သူ့အား ယေဟောဝါမိန့်တော်မူခဲ့၏။ ထိုလုပ်ထုံးကို ပြန်လည်သုံးသပ်ခြင်းမှ ကျွန်ုပ်တို့အကျိုးရယူနိုင်သည်။

“အာနသုတ်မြို့၌ရှိသော ငါ့ဘထွေးသား ဟာနမေလ၏လယ်ကို ငါဝယ်၍ လယ်ဖိုးငွေတစ်ဆယ့်ခုနစ်ကျပ်ကို ချိန်ပေးလေ၏။ စာချုပ်ကိုလည်း စီရင်၍တံဆိပ်ခတ်ပြီးမှ၊ သက်သေတို့ကိုခေါ်၍ ငွေကိုချိန်ခွင်နှင့်ချိန်ပေး၏။ ဓမ္မသတ်ထုံးစံအတိုင်း တံဆိပ်ခတ်သောစာချုပ်တစ်စောင်နှင့် ဖွင့်ထားသောလက်ခံတစ်စောင်ကိုယူ၍၊ ဘထွေးသားဟာနမေလအစရှိသော စာချုပ်၌အမည်ပါသောသက်သေများ၊ ထောင်ဝင်းထဲမှာ ထိုင်နေသောယုဒလူများအပေါင်းတို့ရှေ့တွင် မာသေယသားဖြစ်သော နေရိ၏သားဗာရုတ်၌အပ်” သည်ဟုယေရမိဆို၏။ (ယေရမိ ၃၂:၉-၁၂) အထက်တွင် ငွေချေးခြင်းအစား ဝယ်ယူခြင်းနှင့်ပတ်သက်သည့် နမူနာကိုတင်ပြထားသော်လည်း ငွေကြေးကိစ္စကို ရှင်းလင်းတိကျစွာကိုင်တွယ်ခြင်း၏အရေးကြီးမှုကို ဖော်ပြထားသည်။—မေ ၁၊ ၁၉၇၃ ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၂၈၇-၈ ရှု။

ပြဿနာများပေါ်ပေါက်လာပါက ခရစ်ယာန်များသည် မဿဲ ၁၈:၁၅-၁၇ ၌မှတ်တမ်းတင်ထားသော ယေရှု၏ဆုံးမစကားနှင့်အညီ ကြိုးစားဆုံးဖြတ်သင့်သည်။ သို့သော် ထိုသို့သောကိစ္စများတွင် ကူညီပေးရန်ကြိုးစားခဲ့သော အကြီးအကဲတစ်ဦးက ဤသို့ပြောဆိုသည်– “အမြဲတမ်းလိုလို ရေးသားထားတဲ့သဘောတူညီချက်မရှိကြခြင်းပါပဲ။ ရလဒ်ကတော့ ချေးငွေကို ဘယ်လိုပြန်ဆပ်ရမယ်ဆိုတာကို နှစ်ဖက်စလုံးက ရှင်းရှင်းလင်းလင်းမသိကြတော့ဘူး။ ဒီကိစ္စတွေကို ရေးသားထားတာဟာ မယုံကြည်လို့မဟုတ်ဘဲ မေတ္တာရဲ့အမှတ်အသားဖြစ်တယ်လို့ ကျွန်တော်ယုံတယ်။”

သဘောတူညီချက်ရကြပြီးနောက် ကတိရှိသည်အအတိုင်း အမှန်ကြိုးစားပြုလုပ်သင့်သည်။ “သင်၏စကားမှာ ဟုတ်သည်ကိုအဟုတ်၊ မဟုတ်သည်ကိုမဟုတ် ဖြစ်စေလော့။ ဤထက်လွန်သောစကားသည် မကောင်းသောအရာနှင့် စပ်ဆိုင်ပေ၏” ဟူ၍ ယေရှုတိုက်တွန်းခဲ့သည်။ (မဿဲ ၅:၃၇) မထင်မမှတ်ဘဲ အခက်အခဲတစ်ခုခုကြောင့် ချေးငွေကို ပြန်ဆပ်ရမည့်အချိန်တွင် မဆပ်နိုင်ဘဲအစီအစဉ်ပျက်သွားပါက အခြေအနေကို ချေးငှားပေးသူအား ချက်ချင်းရှင်းပြသင့်သည်။ သူသည် အချိန်ဆွဲပြီးနည်းနည်းချင်းစီပြန်ဆပ်သွားရန် ခွင့်ပြုကောင်းခွင့်ပြုပါလိမ့်မည်။

သို့တိုင် မလိုလားအပ်သောအခြေအနေများကြောင့် အကြွေးပြန်ဆပ်ခြင်းမှ လွတ်ကင်းသွားမည်မဟုတ်ပါ။ ယေဟောဝါအား ကြောက်ရွံ့သူသည် အတတ်နိုင်ဆုံးကတိတည်၏။ (ဆာလံ ၁၅:၄) အခြေအနေသည် မျှော်လင့်ထားသည့်အတိုင်း ဖြစ်မလာသော်လည်း အကြွေးပြန်ဆပ်ခြင်းသည် ခရစ်ယာန်တာဝန်ဖြစ်သောကြောင့် အကြွေးဆပ်နိုင်ရန် အနစ်နာခံဖို့အသင့်ရှိသင့်သည်။

သတိနှင့်ငွေချေးပါ

မှန်ပါသည်၊ ကိစ္စရပ်များကို ဂရုတစိုက်တွက်ဆဖို့ လိုအပ်သူမှာ ချေးငှားယူသူသာမဟုတ်ချေ။ ငွေချေးပေးသူသည်လည်း ကုန်ကျစရိတ်ကို တွက်ချက်ရမည်။ ငွေမချေးမီ ကိစ္စရပ်များကို ဂရုတစိုက်နှင့်အရှိအတိုင်းသုံးသပ်ရန် အချိန်ယူခြင်းသည် ပညာရှိရာကျပါသည်။ သမ္မာကျမ်းစာက သတိရှိဖို့ တိုက်တွန်းသည့်အနေဖြင့် ဤသို့ဆိုသည်– “လက်ဝါးချင်းရိုက်သောလူစုနှင့် သူ့ကြွေးကို အာမခံသောလူစုထဲသို့ မဝင်နှင့်။”—သု. ၂၂:၂၆။

စကားမလွန်မီ ထိုညီအစ်ကိုသည် အကြွေးပြန်မဆပ်နိုင်လျှင် ဖြစ်လာမည့်အခြေအနေကို စဉ်းစားပါ။ ထိုအခါ သင့်မှာငွေကြေးအခက်အခဲအကြီးအကျယ်ရှိနေမည်လော။ ယင်းညီအစ်ကိုတွင် အကောင်းဆုံးရည်ရွယ်ချက်ရှိမည်ဖြစ်သော်လည်း အခြေအနေပြောင်းလဲသွားနိုင်သည် သို့မဟုတ် သူ၏အတွက်အချက်များသည် မှားသွားနိုင်သည်။ ယာကုပ် ၄:၁၄ ကကျွန်ုပ်တို့အားလုံးကို ဤသို့သတိပေးသည်– “နက်ဖြန်နေ့၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ။ သင်တို့အသက်သည် အဘယ်သို့သောအရာဖြစ်သနည်း။ ခဏထင်ရှားပြီးမှ ကွယ်ပျောက်တတ်သောအခိုးအငွေ့ဖြစ်၏။”—ဒေသနာ ၉:၁၁ နှိုင်းယှဉ်။

အထူးသဖြင့် စီးပွားရေးလုပ်ရန် ငွေချေးခြင်းကိစ္စတွင် ချေးငှားယူသူသည် အဘယ်နာမည်ရထားကြောင်းကိုထည့်စဉ်းစားလျှင် ပညာရှိရာကျမည်။ သူသည် ယုံကြည်စိတ်ချရသည်ဟု ကျော်ကြားသလော သို့မဟုတ် ငွေကိုကျွမ်းကျင်စွာမကိုင်တွယ်တတ်သူဟု နာမည်ထွက်သလော။ အသင်းတော်ရှိလူအသီးသီးထံမှ ငွေလိုက်ချေးယူတတ်သူဖြစ်သလော။ ဤစကားများကို စိတ်ထဲစွဲမှတ်ထားလျှင် ပညာရှိရာကျသည်– “ဉာဏ်တိမ်သောသူသည် သူတစ်ပါးပြောသမျှကို ယုံတတ်၏။ ပညာသတိရှိသောသူမူကား မိမိသွားရာလမ်းကို စေ့စေ့ကြည့်ရှုတတ်၏။”—သု. ၁၄:၁၅။

တစ်ခါတစ်ရံ ငွေချေးခြင်းသည် ချေးငှားယူသူအတွက် အကျိုးမရှိပါ။ သူ့အတွက် ဝန်ထုပ်ဝန်ပိုး အလွယ်တကူဖြစ်သွားပြီး သူ၏ပျော်ရွှင်မှုကို ပျောက်ဆုံးစေနိုင်သည်။ ဤသို့သောညီအစ်ကိုတစ်ဦးကို ကျွန်ုပ်တို့၏ “ကျွန်” ဖြစ်စေလိုပါသလော။ သူ့ကိုအကြွေးပေးခြင်းဖြင့် ကျွန်ုပ်တို့၏ဆက်ဆံရေးသည် ကသိကအောက်ဖြစ်စေမည်လော၊ သို့မဟုတ် အကြွေးပြန်မဆပ်နိုင်လျှင် မျက်နှာပူစရာပင်ဖြစ်စေနိုင်မည်လော။

အမှန်တကယ်လိုအပ်ပါက ငွေချေးမည့်အစား လက်ဆောင်အဖြစ်ငွေအနည်းငယ်ကို ပေးနိုင်မည်လော။ ညီအစ်ကိုလိုအပ်နေကြောင်းကို တွေ့သောအခါ စာနာထောက်ထားတတ်ရန် ကျမ်းစာက ကျွန်ုပ်တို့ကို တိုက်တွန်းသည်။ “ဖြောင့်မတ်သောသူမူကား၊ သနားသောစိတ်ရှိ၍ ပေးတတ်၏” ဟူ၍ ဆာလံဆရာသီဆိုခဲ့သည်။ (ဆာလံ ၃၇:၂၁) ချစ်ခြင်းမေတ္တာသည် ဆင်းရဲချို့ငဲ့သောညီအစ်ကိုများကို ကျွန်ုပ်တို့အတတ်နိုင်ဆုံး လက်တွေ့ကျကျကူညီပေးရန် လှုံ့ဆော်ပေးသင့်သည်။—ယာကုပ် ၂:၁၅၊ ၁၆။

သင့်လုပ်ဆောင်မှုများကို သေချာစွာသုံးသပ်

ငွေချေးပေးခြင်းသည် သဘောထားကွဲလွဲမှု၏ဇာစ်မြစ်ဖြစ်တတ်သောကြောင့် ငွေချေးပေးခြင်းကို လွယ်လွယ်နှင့်ပေးမည့်အစား နောက်ဆုံးနည်းလမ်းအဖြစ် ရှုမြင်သင့်သည်။ အစပိုင်းတွင် ဖော်ပြထားသည့်အတိုင်း အကြွေးကို မည်သို့ပြန်ဆပ်မည်နှင့် မည်သည့်အချိန်တွင် ပြန်ဆပ်မည်ကို ရေးသားထားကာ ချေးငှားပေးသူသည် ချေးငှားယူသူနှင့် ပွင့်လင်းသင့်သည်။ အမှန်တကယ်ခက်ခဲနေလျှင် အကောင်းဆုံးဖြေရှင်းနည်းမှာ လက်ဆောင်အဖြစ်ပေးခြင်းဖြစ်ပေလိမ့်မည်။

ဆိုက်မန်တောင်းသောငွေကို မိုက်ကယ်မချေးခဲ့ချေ။ ယင်းအစား မိုက်ကယ်သည် သူ့အား လက်ဆောင်အဖြစ် ငွေအနည်းအကျဉ်းပေးခဲ့သည်။ ကလေးဆေးဖိုးအတွက် ဤကဲ့သို့ကူညီပေးသည်ကို ဆိုက်မန်ကျေးဇူးတင်ခဲ့သည်။ လက်တွေ့ကျကျ ညီအစ်ကိုချင်းမေတ္တာပြသနိုင်ခဲ့သည့်အတွက် မိုက်ကယ်လည်း ပျော်ရွှင်ခဲ့၏။ (သု. ၁၄:၂၁; တမန်တော် ၂၀:၃၅) ခရစ်တော်သည် “ငတ်မွတ်သောသူ အော်ဟစ်သောအခါ ထိုသူကို . . . ချမ်းသာပေးတော်မူ” မည့်၊ မည်သူမျှ “ငါနာသည်” ဟုပြောတော့မည်မဟုတ်သည့် ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မည့်အချိန်ကို မိုက်ကယ်နှင့်ဆိုက်မန်တို့နှစ်ဦးစလုံး စောင့်မျှော်လျက်နေကြသည်။ (ဆာလံ ၇၂:၁၂; ဟေရှာယ ၃၃:၂၄) ထိုအချိန်မတိုင်မီ ညီအစ်ကိုတစ်ဦးအား ငွေချေးပေးရန်တောင်းခံစရာအကြောင်းပေါ်လာလျှင် ကျွန်ုပ်တို့၏လုပ်ဆောင်မှုများကို သေချာစွာသုံးသပ်ကြစို့လေ။

[အောက်ခြေမှတ်ချက်များ]

a အစားထိုးအမည်များ အသုံးပြုထားသည်။

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ငွေချေးခြင်းသဘောတူညီချက်များကို ရေးသားထားခြင်းသည် မယုံကြည်မှုမဟုတ်ဘဲ ချစ်ခြင်းမေတ္တာ၏ အမှတ်လက္ခဏာဖြစ်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ