ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • န ၉/၁၁ စာ. ၄-၆
  • သုံးဖြုန်းမယ့်အစား ဘာကြောင့်ချွေတာရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သုံးဖြုန်းမယ့်အစား ဘာကြောင့်ချွေတာရ
  • နိုးလော့!—၂၀၁၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှေးပညာရှိစကားသုံးခွန်း
  • ငွေချွေတာနိုင်ပုံ
  • အကြွေးနွံထဲကနေ လွတ်မြောက်နိုင်ပုံ
  • ရှိနိုင်တဲ့အကြွေး
  • ငွေသုံးချင်စိတ်ကို ငါဘယ်လို ချုပ်တည်းနိုင်မလဲ
    နိုးလော့!—၂၀၀၆
  • သင်၏ငွေကို ပညာရှိစွာ အသုံးပြုပါ
    နိုးလော့!—၂၀၀၉
  • ငွေကြေးစီမံခန့်ခွဲနည်း
    ပျော်ရွှင်တဲ့မိသားစုဘဝကို ဘယ်လိုပိုင်ဆိုင်နိုင်မလဲ
  • ညီအစ်ကိုထံမှ ကျွန်ုပ်ငွေချေးသင့်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
နောက်ထပ် ကြည့်ပါ
နိုးလော့!—၂၀၁၁
န ၉/၁၁ စာ. ၄-၆

သုံးဖြုန်းမယ့်အစား ဘာကြောင့်ချွေတာရ

“ငွေချွေတာရတာ မလွယ်ပါဘူးကွာ။ အင်္ကျီဝယ်တာ၊ စက်ပစ္စည်းတွေဝယ်တာကမှ ပျော်စရာကောင်းတာ” လို့ လူတော်တော်များများပြောကြတယ်။

သင်ဟာ ကမ္ဘာ့စီးပွားရေးကျဆင်းမှုဒဏ်ကို ခံရသည်ဖြစ်စေ၊ မခံရသည်ဖြစ်စေ ငွေကို သုံးသင့်တဲ့နေရာသုံးပြီး စုသင့်တဲ့နေရာမှာစုဖို့ သိထားခြင်းကနေ အကျိုးခံစားရနိုင်တယ်။ စိတ်ချရတဲ့ရင်းမြစ်ကလာတဲ့ အကြံပေးချက်ကို မှတ်သားပါ၊ အဲဒီအကြံပေးချက်တွေက ရာစုနှစ်တစ်လျှောက်သာမက အခုအချိန်အထိ လူသန်းပေါင်းများစွာကို ငွေကြေးပြဿနာတွေဖြေရှင်းတတ်အောင် ကူညီပေးဆဲဖြစ်တယ်။

ရှေးပညာရှိစကားသုံးခွန်း

နာဇရက်မြို့သားယေရှုပြောခဲ့တဲ့ ပုံဥပမာတစ်ခုမှာ ငွေကြေးနဲ့ပတ်သက်တဲ့ အရေးကြီးတဲ့အကြံဉာဏ်တစ်ခုကို ထည့်သွင်းဖော်ပြခဲ့တယ်။ အဲဒီဥပမာထဲမှာ သခင်တစ်ဦးက သူ့အစေခံကို ဒီလိုတိုက်တွန်းခဲ့တယ်– “ငါ့ငွေကို ဘဏ်တိုက်တွင် အဘယ်ကြောင့် မအပ်သနည်း။ အပ်လျှင် ငါပြန်လာသောအခါ ငါ့ငွေရင်းနှင့်တကွ အတိုးကိုရဦးမည်။” (မဿဲ ၂၅:၂၇) ယေရှုပြောခဲ့တဲ့ဒီစကားဟာ အခုအချိန်မှာ အထူးအရေးကြီးတယ်။ ဘာကြောင့်လဲဆိုတာကို သုံးသပ်ကြည့်ကြရအောင်။

တချို့နိုင်ငံတွေမှာ သိပ်မကြာသေးခင်က ဘဏ်အတိုးဟာ ဆယ်နှစ်လောက်အကြာမှာ အပ်ထားတဲ့မူလငွေပမာဏထက် ကျော်သွားတယ်။ ဒီနေ့အချိန်မှာတော့ ဘဏ်အတော်များများက အဲဒီလောက်ကောင်းတဲ့အတိုးနှုန်းကို မပေးတော့ဘူး၊ ငွေအပ်သူတွေ မျှော်လင့်ထားသလောက်လဲ အမြဲမရကြဘူး။ ဒါပေမဲ့ အရေးပေါ်ကိစ္စတွေအတွက် ငွေစုဆောင်းထားခြင်းက ပညာရှိရာရောက်တယ်။

ကျမ်းစာက အဲဒီအချက်ကို ဒီလိုအလေးပေးဖော်ပြတယ်– “ပညာသည် ကွယ်ကာတတ်၏။ ငွေသည်လည်း ကွယ်ကာတတ်၏။” (ဒေ. ၇:၁၂) ဒါပေမဲ့ ငွေတစ်ပြားမှမရှိရင်တော့ ငွေက သင့်ကို ဘယ်လိုကာကွယ်နိုင်မှာလဲ။ ကျမ်းစာက ဒီလိုအားပေးတယ်– “အသီးသီး အဆင်ပြေသည့်အတိုင်း မိမိတို့ဥစ္စာအချို့ကို အိမ်တွင် သီးသန့်ဖယ်ထားကြလော့။”—၁ ကောရိန္သု ၁၆:၂။

ငွေချွေတာနိုင်ပုံ

ပထမ၊ စျေးကြီးတဲ့ပစ္စည်းကိုမဝယ်ခင် တကယ်လိုအပ်ရဲ့လားဆိုတာကို စဉ်းစားပါ။

ဒုတိယ၊ တစ်ခုခုလိုအပ်တယ်ဆိုရင် စျေးလျှော့ထားတဲ့ပစ္စည်း (သို့) ကောင်းနေသေးတဲ့ တစ်ပတ်ရစ်ပစ္စည်းတွေကို ရှာဝယ်ပါ။ မိဘတွေဖြစ်တဲ့ နော်ဝေးနိုင်ငံက အဲစ်ပဲန်နဲ့ ဂျဲနီဟာ သားလေးဒယ်နီယယ်အတွက် ကလေးတွန်းလှည်းတစ်စီး လိုအပ်နေတယ်။ အသစ်နီးပါးဖြစ်တဲ့ တစ်ပတ်ရစ်တွန်းလှည်းတစ်ခုကို တစ်ဝက်စျေးနဲ့ သူတို့ဝယ်လိုက်တယ်။ အဲစ်ပဲန် ဒီလိုပြောတယ်– “ဒယ်နီယယ်ကြီးလာတဲ့အခါ အဲဒီတွန်းလှည်းကို စျေးကောင်းကောင်းနဲ့ ပြန်ရောင်းလို့ရမှာ သေချာတယ်။” ဒါပေမဲ့ သူဒီလိုသတိပေးတယ်– “တစ်ပတ်ရစ်ပစ္စည်းကောင်းကို လိုက်ရှာရင်းနဲ့ အချိန်အများကြီးကုန်သွားနိုင်တယ်။”a

တတိယ၊ အလောတကြီးမဝယ်ဘဲ အချိန်ယူစဉ်းစားသုံးသပ်ပါ။ ပစ္စည်းက ဝယ်ဖို့လိုအပ်တယ်လို့ ခံစားနေရတုန်းပဲဆိုရင် လျှော့စျေးနဲ့ရောင်းတဲ့ဆိုင် (သို့) တစ်ပတ်ရစ်ဆိုင်မှာ အဲဒီပစ္စည်းမျိုးကို သွားရှာနိုင်တယ်။ ဒါ့အပြင် ခေတ်စားနေတဲ့တံဆိပ်တွေက ပိုစျေးကြီးတတ်တာကြောင့် ပစ္စည်းရွေးချယ်ရာမှာ တံဆိပ်ကိုအလေးမပေးလွန်းသင့်ဘူး။ နောက်ပြီး စျေးကြီးတဲ့စတိုးဆိုင်တွေမှာ နောက်ဆုံးပေါ် ကလေးအဝတ်အစားတွေကို ဝယ်မယ့်အစား ကြီးပြင်းသွားတဲ့ကလေးတွေရဲ့အဝတ်အစားတွေကို ပြန်အသုံးပြုပါ။

အလားတူပဲ၊ မိခင်ဖြစ်လာသူတစ်ဦးအနေနဲ့ လျှော်လို့ရတဲ့ ကလေးအနှီးတွေကို သုံးဖို့ စဉ်းစားနိုင်တယ်။ ဒဲနစ် ချမ်ဘာရေးတဲ့စာအုပ်မှာ (Budgeting—Personal Spending and Money Management a Key to Weathering the Storm) တချို့နိုင်ငံတွေရဲ့အခြေအနေနဲ့ပတ်သက်ပြီး ဒီလိုဖော်ပြတယ်– “တစ်ခါသုံးကလေးအနှီးအတွက် ၂ နှစ်မှာ အမေရိကန်ဒေါ်လာ ၂,၀၀၀ ခန့် (သို့) ဒီထက်မကကုန်ကျလိမ့်မယ်။ ပိတ်စအနှီးဆိုရင်တော့ . . . ၂ နှစ်မှာ ဒေါ်လာ ၃၀၀-၅၀၀ ကုန်မယ်။ အခုခေတ်မှာသုံးတဲ့ ပိတ်စအနှီးတွေဟာ အရင်ကသုံးတဲ့အနှီးတွေထက် သုံးရတာပိုအဆင်ပြေတဲ့အပြင် ပတ်ဝန်းကျင်ကိုတောင် ကာကွယ်ပေးရာရောက်မယ်။”

စတုတ္ထ၊ ဆိုင်မှာစားတာထက် ကိုယ့်ဟာကိုယ်ချက်စားတာက အကုန်အကျသက်သာလေ့ရှိတာကိုလည်း ထည့်တွက်ပါ။ သင့်ကလေးတွေကို (ငယ်စဉ်ကတည်းက) ချက်ပြုတ်တတ်အောင် သင်ပေးပါ။ စျေးကြီးတဲ့ဖျော်ရည်တွေဝယ်သောက်မယ့်အစား ရေကိုသာ သောက်ပါ။ ဒါက ကျန်းမာရေးနဲ့ပိုညီညွတ်တဲ့အပြင် ပိုက်ဆံအကုန်အကျလည်း ပိုသက်သာတယ်။

သိပ်မကြာမီက မိသားစုတွေမှာ ကိုယ်ပိုင်စိုက်ပျိုးထားတဲ့နေရာလေးတွေ ရှိလာကြတယ်။ သင်လည်း အဲဒီလိုကိုယ်တိုင်စိုက်ပျိုးဖို့ စဉ်းစားရင် မကောင်းဘူးလား။ တိုက်ခန်းတွေ (သို့) အိမ်ငယ်လေးတွေမှာနေထိုင်သူတွေအပါအဝင် လူအတော်များများမှာ စိုက်ပျိုးနိုင်တဲ့နေရာလေးတွေ ရှိနိုင်တယ်။ မြေနေရာကျဉ်းကျဉ်းလေးမှာ အသီးအနှံတွေ ဘယ်လောက်များများစိုက်နိုင်သလဲဆိုတာကို တွေ့ရတဲ့အခါ သင် အံ့သြသွားလိမ့်မယ်။

ထပ်ဆင့်စဉ်းစားစရာ– သင် ဆယ်လ်ဖုန်းလိုအပ်တယ်ဆိုရင် အရေးပေါ်ကိစ္စတွေအတွက်သာ သုံးနိုင်မလား၊ ကြိုတင်ငွေသွင်းထားနိုင်တဲ့ ဖုန်းမျိုးကိုသုံးနိုင်မလား။ ဒါမှမဟုတ် သင့်မှာ အဝတ်ခြောက်စက်ရှိမယ်ဆိုရင် အကန့်အသတ်နဲ့သာသုံးဖို့ စဉ်းစားနိုင်မလား။ လျှော်ပြီးသားအဝတ် တချို့၊ တစ်ခါတလေ အားလုံးကိုတောင် ကြိုးတန်းပေါ်မှာ လှန်းနိုင်တယ်။ လျှပ်စစ်ပစ္စည်းတွေကိုလည်း အကန့်အသတ်နဲ့သာ သုံးနိုင်တယ်။ မလိုအပ်ဘဲ မဖွင့်ထားမိဖို့ ဂရုစိုက်ပါ။ ဒါမှမဟုတ် တခြားသူတွေလည်း လျှပ်စစ်မီးကို ဘယ်လိုချွေတာကြသလဲဆိုတာ မေးမြန်းကြည့်နိုင်တယ်။

ငွေစုစာရင်းဖွင့်တာကလည်း အကူအညီဖြစ်စေနိုင်တယ်။ ဒါ့ပြင် တောင်အာဖရိကမှာ စေတနာ့ဝန်ထမ်းအဖြစ်အလုပ်လုပ်တဲ့ ဟီလ်တန်က ဒီလိုရှင်းပြတယ်– “‘သင့်ကြက်ဥအားလုံးကို ခြင်းတောင်းတစ်ခုတည်းမှာပဲ ထည့်မထားပါနဲ့’ ဆိုတဲ့စကားပုံအတိုင်းလုပ်တာက ပညာရှိရာရောက်တယ်။ တစ်ခါတလေမှာ ဘဏ်နဲ့ ငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေဟာ ပြိုလဲသွားတတ်တယ်။ အဲဒါတွေက ကျွန်တော်တို့ ကိုယ်တွေ့ပဲ။” ဒါကြောင့် ဒေဝါလီခံဖို့ဖြစ်လာခဲ့ရင်တောင် အစိုးရအာမခံချက်ရှိတဲ့ဘဏ်မျိုးမှာ ငွေစုဆောင်းဖို့ ပညာရှိရှိရွေးချယ်ပါ။

အကြွေးနွံထဲကနေ လွတ်မြောက်နိုင်ပုံ

ပထမ၊ အကြွေးကတ် (သို့) တခြားအကြွေးစာရင်းအတွက် လစဉ်ပေးရမယ့် အနည်းဆုံးငွေပမာဏထက် ပိုပေးနိုင်အောင်ကြိုးစားပါ။

ဒုတိယ၊ အတိုးအများဆုံးပေးရတဲ့အကြွေးကို ဦးစွာပေးနိုင်ဖို့ အာရုံစိုက်ပါ။

တတိယ၊ ငွေသုံးစွဲတဲ့အကျင့်ကို ထိန်းချုပ်ပါ။ ဒါဟာ အထူးအရေးကြီးတဲ့အချက်ဖြစ်တယ်။

ဆွဲဆောင်အားကောင်းတဲ့ကြော်ငြာတွေကြောင့် ဝယ်ချင်စိတ်တွေရှိလာသလား။ ဆွီဒင်နိုင်ငံမှာနေထိုင်တဲ့ ဒန်နီအမည်ရှိ အိမ်ထောင်ရှိအမျိုးသားတစ်ဦးက အဲဒီလိုဝယ်ချင်စိတ်တွေရှိခဲ့ဖူးတယ်လို့ ဝန်ခံပါတယ်။ သူ့မှာ ဝင်ငွေကောင်းတဲ့လုပ်ငန်းတစ်ခုရှိပေမဲ့ သူ့ရဲ့အကြွေးတွေကို ပြန်ဆပ်ဖို့ အဲဒီစီးပွားရေးလုပ်ငန်းကို ရောင်းလိုက်ရတယ်။ သူ သင်ခန်းစာရသွားပြီး အခုဆိုရင် သူ့ငွေကို ထိန်းထိန်းသိမ်းသိမ်းသုံးတတ်လာပြီ။ သူဒီလိုအကြံပေးတယ်– “လောဘကို သတိထားကြပါ။ တတ်နိုင်တာလောက်နဲ့ပဲ ရောင့်ရဲပါ။”

ရှိနိုင်တဲ့အကြွေး

လူအများစုက အိမ် (သို့) တိုက်ခန်းဝယ်တဲ့ငွေကို တစ်ခါတည်းနဲ့အကုန်မပေးနိုင်ကြဘူး။ ဒါကြောင့် လူအတော်များများက ဘဏ်ကနေ ငွေချေးပြီး အိမ်တစ်လုံးဝယ်ကြတယ်။ ဒီချေးငွေအတွက် ဘဏ်ကိုပေးရမယ့်လစဉ်ငွေကို အိမ်ငှားခအဖြစ် သဘောထားနိုင်တယ်။ ဒါပေမဲ့ အချိန်အတော်ကြာ ဘဏ်ကိုငွေပြန်ဆပ်ပြီးပြီဆိုရင်တော့ ဒါဟာ သူတို့ရဲ့ကိုယ်ပိုင်အိမ်ဖြစ်နေပြီပေါ့။

တချို့နိုင်ငံမှာဆိုရင် ဆီစားသက်သာတဲ့ကားကို ချေးငွေနဲ့ဝယ်ယူခြင်းက အကျိုးရှိကြောင်း လူတော်တော်များများ တွေ့ရှိကြတယ်။ ချေးငွေကို မြန်နိုင်သမျှမြန်မြန်ဆပ်ပေးလိုက်တဲ့အခါ ကားက ကိုယ်ပိုင်ဖြစ်လာပြီး ငွေစုဆောင်းနိုင်တဲ့နည်းလမ်းတစ်ခု ဖြစ်လာတယ်။b သိပ်မသုံးရသေးဘဲ အခြေအနေကောင်းနေသေးတဲ့ တစ်ပတ်ရစ်ကား သို့မဟုတ် ဆိုက်ကယ်ကိုဝယ်ခြင်းကလည်း တွက်ခြေကိုက်ကြောင်း တချို့ သိခဲ့ကြတယ်။ လိုင်းကားစီးခြင်း၊ စက်ဘီးစီးခြင်းဖြင့်လည်း ငွေချွေတာနိုင်ကြောင်း တချို့ တွေ့ခဲ့ကြတယ်။

ဘယ်လိုပဲဖြစ်ပါစေ၊ တစ်ခုခုဝယ်တဲ့အခါ တော်ရုံသင့်ရုံရှိပြီး လက်တွေ့ကျပါ၊ သေချာစဉ်းစားပြီးမှ ဆုံးဖြတ်ပါ။ မဆင်မခြင်ငွေသုံးခြင်းက အကျင့်ပါလာနိုင်ပြီး ခေါင်းခဲစေနိုင်တယ်။ ဒါကြောင့် ငွေကို သတိရှိရှိ၊ ချင့်ချင့်ချိန်ချိန် သုံးစွဲပါ၊ ဒီလိုလုပ်ခြင်းက သင့်ကို ရေရှည်ပျော်ရွှင်မှု ပေးနိုင်ပါတယ်။

ဒါ့အပြင် စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ ငွေချွေတာနိုင်ဖို့ သင့်ငွေတွေကို ဘယ်လိုစီမံရမလဲဆိုတာ သိထားရမယ်။ နောက်ဆောင်းပါးမှာ အဲဒီအကြောင်းကို အဓိကထား ဆွေးနွေးသွားမှာဖြစ်တယ်။

[အောက်ခြေမှတ်ချက်များ]

a ခိုးရာပါပစ္စည်းတွေကို ဝယ်မိတာမျိုးမဖြစ်အောင် ပစ္စည်းရောင်းသူရဲ့နာမည်နဲ့ လိပ်စာပါတဲ့ ဘောက်ချာကိုယူထားတာ ပညာရှိရာရောက်တယ်။

b သင့်မှာ ဝင်ငွေနည်းလာလို့ ချေးငွေကိုပြန်မဆပ်နိုင်တော့ရင် အိမ် (သို့) ကားကို ဆုံးရှုံးနိုင်တဲ့အပြင် သင်ပေးပြီးတဲ့ ပြန်ဆပ်ငွေအားလုံးလည်း ဆုံးရှုံးသွားနိုင်တယ်ဆိုတာ သတိရပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံများ]

ငွေချွေတာနိုင်တဲ့ နည်းလမ်းများ

လျှော့စျေးနဲ့ရောင်းတဲ့ပစ္စည်းတွေကို ဝယ်ပါ

စျေးချထားတဲ့ (သို့) တစ်ပတ်ရစ်ဆိုင်က အဝတ်အစားတွေကို ဝယ်ပါ

သင့်ကလေးတွေကို အစားအစာ ချက်ပြုတ်တတ်အောင် သင်ပေးပါ

[စာမျက်နှာ ၆ ပါ ရုပ်ပုံ]

မြေနေရာလွတ်လေးမှာ သီးနှံစိုက်ပျိုးခြင်းဖြင့် စားစရိတ်ကို လျှော့ချနိုင်။ အဝတ်တွေကို အပြင်မှာလှန်းခြင်းဖြင့် ငွေချွေတာနိုင်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ