ဧကရာဇ် ကိုးကွယ်မှုမှ ကိုးကွယ်မှုမှန်သို့
အီဆားမူး ဆူဂီအူးရပြောပြသည်
၁၉၄၅ ခုနှစ်တွင် ဒုတိယကမ္ဘာစစ်ကို ဂျပန်စစ်ရှုံးနေကြောင်း ထင်ရှားနေသော်လည်း ကာမီကာဇီ (“မြင့်မြတ်သောလေ”) လေသည်တိုက်မည်ဖြစ်ပြီး ရန်သူကိုအနိုင်ယူလိမ့်မည်ဟု ကျွန်ုပ်တို့ယုံကြည်စိတ်ချခဲ့ကြသည်။ ကာမီကာဇီဟူသည် ၁၂၇၄ နှင့် ၁၂၈၁ ခုနှစ်တို့တွင် ဂျပန်ကမ်းရိုးတန်းမှ ကျူးကျော်ဝင်ရောက်လာခဲ့ကြသော မွန်ဂိုစစ်တပ်များစွာကို နှစ်ကြိမ်တိုင်ဖျက်ဆီး၍ တပ်ဆုတ်သွားစေခဲ့သော မုန်တိုင်းကိုရည်ညွှန်းသည်။
ဒါကြောင့် ဂျပန်နိုင်ငံဟာ မဟာမိတ်စစ်တပ်တွေကို အရှုံးပေးလိုက်ပြီလို့ ဧကရာဇ်မင်းဟီရိုဟီတိုက ၁၉၄၅၊ ဩဂုတ် ၁၅ ရက်နေ့မှာ တိုင်းပြည်ကိုကြေညာလိုက်တဲ့အခါ သူ့ကို အားကိုးယုံကြည်ခဲ့တဲ့ သန်းချီတဲ့သူတွေရဲ့မျှော်လင့်ချက် ပျောက်ကုန်ပါရော။ အဲဒီတုန်းက ကျွန်တော်ဟာ ကျောင်းသားတစ်ယောက်ဖြစ်ခဲ့ပြီး ကျွန်တော့်မျှော်လင့်ချက်တွေလည်း ပျောက်ကုန်တာပေါ့။ ‘တကယ်လို့ ဧကရာဇ်မင်းဟာ အသက်ရှင်တဲ့ဘုရားမဟုတ်ရင် ဘယ်သူဖြစ်မလဲ’၊ ‘ဘယ်သူ့ကို ယုံကြည်ရမလဲ’ ဆိုတာကျွန်တော်သိချင်ခဲ့တယ်။
တကယ်တော့ ဒုတိယကမ္ဘာစစ်မှာ ဂျပန်စစ်ရှုံးလို့ ကျွန်တော်နဲ့ထောင်ချီတဲ့ ဂျပန်လူမျိုးတွေ စစ်မှန်တဲ့ဘုရားသခင်ယေဟောဝါအကြောင်း သိလာဖို့လမ်းပွင့်ခဲ့တယ်။ ကျွန်တော်ရဲ့ပြုပြင်ပြောင်းလဲမှုတွေအကြောင်း မပြောပြခင် ကျွန်တော်ရဲ့ဘာသာရေးလေ့ကျင့်မှုကို ပြောပြပါရစေ။
အစောပိုင်းဘာသာရေးသြဇာလွှမ်းမိုးမှုများ
၁၉၃၂၊ ဇွန် ၁၆ ရက်နေ့ နာဂိုယာမြို့မှာ ကျွန်တော့်ကိုမွေးဖွားခဲ့ပြီး ညီအစ်ကိုလေးယောက်ထဲက အငယ်ဆုံးဖြစ်ပါတယ်။ အဖေက အဲဒီမြို့မှာ မြေတိုင်းအလုပ်လုပ်တယ်။ အမေကတော့ ရှင်တိုဂိုဏ်းကွဲ တဲန်ရီကီယိုမှာ ဘာသာတရားကိုင်းရှိုင်းသူဖြစ်တယ်၊ အကိုအကြီးဆုံးက တဲန်ရီကီယိုဆရာဖြစ်ဖို့ ဘာသာရေးသင်တန်းတက်ထားတယ်။ အမေနဲ့ကျွန်တော်ဟာ အထူးရင်းနှီးကြတဲ့အတွက် ကျွန်တော့်ကို ဝတ်ကျောင်းခေါ်သွားတတ်တယ်။
ခေါင်းငုံ့ဆုတောင်းတတ်ဖို့ ကျွန်တော့်ကိုသင်ပေးခဲ့ကြတယ်။ တဲန်ရီကီယိုဘာသာက နတ်သားဆယ်ပါးနဲ့ သူတို့ထက်ကြီးတဲ့ တဲန်ရီ အို နို မီခိုတိုလို့ခေါ်တဲ့ ဖန်ဆင်းရှင်တစ်ပါးကိုပါယုံကြည်ဖို့ သင်ပေးခဲ့တယ်။ အဲဒီအဖွဲ့ဝင်တွေဟာ ယုံကြည်ခြင်းကုထုံးကိုကျင့်ခဲ့ကြတယ်၊ နောက်တော့ အခြားသူတွေကို ကူညီဖို့နဲ့ သူတို့ရဲ့ယုံကြည်ချက်တွေပျံ့နှံ့အောင် လုပ်ဖို့အားပေးခဲ့ကြတယ်။
ကျွန်တော်ဟာ ငယ်ငယ်လေးကတည်းက အရမ်းကိုစပ်စုတတ်တယ်။ ညအချိန်ကောင်းကင်မှာ လနဲ့မရေမတွက်နိုင်တဲ့ကြယ်တွေကို ကြည့်ပြီးအံ့သြမိခဲ့တယ်၊ ကောင်းကင်ဟာ ဘယ်လောက်ကျယ်သလဲဆိုတာ သိချင်ခဲ့တယ်။ အိမ်နောက်ဖေးက မြေကွက်ငယ်လေးထဲမှာ ကျွန်တော်စိုက်ထားတဲ့ ခရမ်းသီးတွေနဲ့သခွားသီးတွေ ကြီးလာတာကို စိတ်ဝင်တစားစောင့်ကြည့်တတ်တယ်။ သဘာဝကို အကဲခတ်သတိပြုရင်း ဘုရားသခင်ကို ပိုမိုယုံကြည်လာခဲ့တယ်။
စစ်ဖြစ်ပွားသောနှစ်များ
၁၉၃၉ ကနေ ၁၉၄၅ ခုနှစ်အထိ မူလတန်းကျောင်းတက်ခဲ့တဲ့အချိန်နဲ့ ဒုတိယကမ္ဘာစစ်ဖြစ်ခဲ့တဲ့အချိန်ဟာတစ်ချိန်ထဲပဲ။ ရှင်တိုဘာသာရဲ့အဓိကအပိုင်းဖြစ်တဲ့ ဧကရာဇ်မင်းဝတ်ပြုရေးကို ကျောင်းပညာသင်ချိန်မှာ အရေးပေးသင်ကြားခဲ့တယ်။ အမျိုးသားရေးနဲ့စစ်ရေးအငွေ့အသက်နဲ့ ကိုယ်ကျင့်တရားလေ့ကျင့်မှုပါဝင်တဲ့ ရှုရှင်းကိုလည်း သင်ကြားခံခဲ့ရတယ်။ အလံထူအခမ်းအနားတွေမှာ အမျိုးသားသီချင်းဆိုတာ၊ ဧကရာဇ်ပညာရေးဥပဒေတွေကိုသင်ရတာနဲ့ ဧကရာဇ်မင်းရဲ့ဓာတ်ပုံကိုဂါဝရပြုရတာတွေဟာ ကျောင်းရဲ့လုပ်ရိုးလုပ်စဉ်တွေဖြစ်ခဲ့တယ်။
အဲဒီအပြင် ဧကရာဇ်တပ်အောင်မြင်ဖို့အတွက် ဘုရားသခင်ဆီမှာအသနားခံဖို့ ဒေသန္တရရှင်တိုဗိမာန်ကို ကျွန်တော်တို့သွားခဲ့ကြရတယ်။ ကျွန်တော့်အစ်ကိုနှစ်ယောက်ဟာ စစ်တပ်မှာ အမှုထမ်းကြတယ်။ အမျိုးသားရေးနဲ့ဘာသာရေးခံယူချက်တွေကြောင့် ဂျပန်တပ်စစ်နိုင်တယ်လို့ကြားရင် ကျွန်တော်ဝမ်းသာခဲ့ရတယ်။
နာဂိုယာဟာ ဂျပန်လေယာဉ်စက်မှုလုပ်ငန်းဗဟိုဖြစ်တော့ ယူ.အက်စ်. လေတပ်က အဲဒီနေရာကို အဓိကထားတိုက်ခိုက်ခဲ့တယ်။ နေ့လယ်မှာ ဘီ-၂၉ စူပါဖောထရက်ဗုံးကြဲလေယာဉ်တွေဟာ မြို့ပေါ်အထက်ပေ ၃၀,၀၀၀ လောက်ကနေ စနစ်တကျပျံသန်းပြီး စက်ရုံရပ်ကွက်တွေအပေါ် ဗုံးတန်ချီချခဲ့တယ်။ ညကျတော့ အဲဒီဗုံးကြဲလေယာဉ်တွေဟာ ပေ ၄,၅၀၀ အထိပျံသန်းတာကို မီးမောင်းထိုးတွေ့ရှိခဲ့ကြတယ်။ လူနေရပ်ကွက်တွေမှာ မီးလောင်ဗုံးတွေထပ်ခါထပ်ခါကြဲလို့ မီးခဏခဏလောင်ခဲ့တယ်။ စစ်ပြီးဖို့နောက်ဆုံးကိုးလထဲမှာ နာဂိုယာမြို့တစ်မြို့ထဲမှာပဲ စစ်လေယာဉ်တွေ ၅၄ ကြိမ်ဗုံးကြဲခဲ့လို့ အကြီးအကျယ်ဆင်းရဲဒုက္ခရောက်ခဲ့ကြရပြီး အသေအပျောက် ၇,၇၀၀ ကျော်ရှိခဲ့တယ်။
အဲဒီအချိန်မှာ စစ်သင်္ဘောတွေကနေ ကမ်းရိုးတန်းမြို့ဆယ်မြို့ကို စတင်ပစ်ခတ်ခဲ့ကြပြီးတိုကျိုမြို့အနီးကနေ ယူ.အက်စ်. တပ်ဖွဲ့တွေချီတက်လာနိုင်တယ်လို့ ပြောဆိုနေကြတယ်။ တိုင်းပြည်ကိုကာကွယ်ဖို့အတွက် အမျိုးသမီးတွေနဲ့လူငယ်တွေကိုပါ ဝါးလှံတံနဲ့ပြန်တိုက်ဖို့ သင်တန်းတွေပေးခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့ဆောင်ပုဒ်ကတော့ “အညံ့ခံမည့်အစားသန်း ၁၀၀ သေပါစေ” လို့အဓိပ္ပာယ်ရတဲ့ “အီချီအိုခူး ဆိုဂယိုခူဆိုက်” ဖြစ်ခဲ့တယ်။
၁၉၄၅၊ ဩဂုတ် ၇ ရက်နေ့မှာ သတင်းစာခေါင်းစည်းတစ်ခုက “ဟီရိုရှီးမားမြို့ပေါ် ဗုံးအမျိုးအစားအသစ်ချခဲ့” လို့ဖော်ပြခဲ့တယ်။ နှစ်ရက်အကြာမှာ နာဂါဆာကီမြို့ပေါ် နောက်ထပ်ဗုံးတစ်လုံးချပြန်တယ်။ အဲဒီဗုံးတွေက အဏုမြူဗုံးတွေဖြစ်ပြီး အသက် ၃၀၀,၀၀၀ ကျော်ကို အစုလိုက်သေစေခဲ့တယ်လို့ ကျွန်တော်တို့ကို နောက်ပိုင်းမှာပြောပြခဲ့ကြတယ်။ အဲဒီနောက် ဩဂုတ် ၁၅ ရက်နေ့ သစ်သားသေနတ်တွေနဲ့ စစ်လေ့ကျင့်မှုအပြီးမှာ ဂျပန်အညံ့ခံလိုက်ပြီဆိုတဲ့ ဧကရာဇ်မင်းရဲ့မိန့်ခွန်းကို ကျွန်တော်တို့ကြားခဲ့ရတယ်။ ကျွန်တော်တို့နိုင်မယ်လို့စိတ်ချခဲ့တာ အခုတော့ ဆုံးရှုံးပျက်စီးကုန်ပြီကော!
မျှော်လင့်ချက်အသစ်တစ်ခုပေါ်ပေါက်လာ
အမေရိကန်စစ်သည်တွေ စတင်သိမ်းပိုက်လိုက်တဲ့အခါကျမှ အမေရိကန်ပြည်ထောင်စု စစ်နိုင်ပြီဆိုတာကို ကျွန်တော်တို့တဖြည်းဖြည်းလက်ခံလာခဲ့ကြတယ်။ ဂျပန်နိုင်ငံမှာ ဒီမိုကရေစီအပြင် လွတ်လပ်စွာဝတ်ပြုခွင့်ပေးတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအသစ်တစ်ခုကိုစတင်ခဲ့တယ်။ အနေအထိုင်ဆင်းရဲ၊ အစာရေစာရှားပါးခဲ့တဲ့အတွက် ၁၉၄၆ ခုနှစ်မှာ ကျွန်တော့်အဖေဟာ အာဟာရချို့တဲ့ပြီး ကွယ်လွန်ခဲ့ရတယ်။
အဲဒီအချိန်မှာ ကျွန်တော်တက်နေတဲ့ကျောင်းက အင်္ဂလိပ်စာစသင်ပေးနေပြီး အဲန်အိပ်ချ်ကေရေဒီယိုအသံလွှင့်ဌာနကလည်း အင်္ဂလိပ်စကားပြောအစီအစဉ်တစ်ခုကိုစလွှင့်ခဲ့တယ်။ ဖတ်စာအုပ်ကိုကိုင်ပြီး ရေပန်းစားနေတဲ့ဒီအစီအစဉ်ကို ငါးနှစ်တိုင် ကျွန်တော်နေ့စဉ်နားထောင်ခဲ့တယ်။ အဲဒါကြောင့် တစ်နေ့နေ့ အမေရိကန်ပြည်ထောင်စုကို သွားဖို့စိတ်ကူးယဉ်စေခဲ့တယ်။ . . . ဘာသာကို စိတ်ပျက်မိခဲ့တဲ့အတွက် အနောက်တိုင်းဘာသာတွေကနေ ဘုရားသခင်နဲ့ပတ်သက်တဲ့အမှန်တရားကို ရှာတွေ့နိုင်ကောင်းပါရဲ့ဆိုပြီး ကျွန်တော်စစဉ်းစားလာခဲ့တယ်။
၁၉၅၁၊ ဧပြီလဆန်းပိုင်းမှာ ကင်းမျှော်စင်အသင်းရဲ့သာသနာပြုတစ်ယောက်ဖြစ်တဲ့ ဂရိတ်စ် ဂရီဂိုရီနဲ့ ကျွန်တော်တွေ့ဆုံခဲ့တယ်။ နာဂိုယာဘူတာရုံရှေ့မှာ သူရပ်ပြီးကျမ်းစာထဲကအကြောင်းတစ်ခုကိုရှင်းပြတဲ့ ဂျပန်စာအုပ်ကလေးတစ်အုပ်နဲ့ အင်္ဂလိပ်ကင်းမျှော်စင်တစ်စောင်ကိုဝေငှနေတယ်။ ဒီလိုလုပ်နိုင်ဖို့ သူ့ရဲ့စိတ်နှိမ့်ချမှုကို ကျွန်တော်အတော်ချီးကျူးမိတယ်။ အဲဒီစာအုပ်နှစ်အုပ်စလုံးကို ကျွန်တော်ယူလိုက်ပြီး ကျမ်းစာသင်အံမှုကိုလည်း လိုလိုလားလားလက်ခံခဲ့တယ်။ နောက်တစ်ရက်နှစ်ရက်ကြာရင် သူ့အိမ်မှာကျမ်းစာသွားသင်မယ်လို့ ကျွန်တော်ကတိပေးခဲ့တယ်။
ရထားပေါ်မှာထိုင်ပြီး ကင်းမျှော်စင်ကိုစဖတ်တာနဲ့အဖွင့်ဆောင်းပါးရဲ့ “ယေဟောဝါ” ဆိုတဲ့ပထမဆုံးစကားလုံးကိုသတိထားမိတယ်။ အဲဒီနာမည်ကို တစ်ခါမှမမြင်ခဲ့ဖူးဘူး။ ကျွန်တော့်မှာရှိတဲ့ အင်္ဂလိပ်-ဂျပန်အဘိဓာန်ငယ်လေးမှာ ဒီနာမည်ကိုတွေ့လိမ့်မယ်လို့ မထင်ပေမဲ့ တွေ့ခဲ့လို့အံ့အားသင့်ခဲ့တယ်! “ယေဟောဝါ . . . ၊ သမ္မာကျမ်းစာရှိဘုရားသခင်” တဲ့။ အခု ခရစ်ယာန်ဘာသာရဲ့ ဘုရားသခင်အကြောင်းရှာဖို့ စနေပြီလေ!
[ခရစ်ယာန်] သာသနာပြုအိမ်ကို ပထမဆုံးရောက်ရှိချိန်မှာ အဲဒီတုန်းက ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ နေသန် အိပ်ချ်. နောရ်က တစ်ပတ်နှစ်ပတ်အကြာမှာ ကျမ်းစာဟောပြောချက်တစ်ခုပေးမယ်လို့ ကျွန်တော်သိခဲ့ရတယ်။ သူရဲ့အတွင်းရေးမှူးမီလ်တင် ဟင်ရှယ်လ်နဲ့အတူ ဂျပန်ကိုရောက်နေပြီး နာဂိုယာကိုလာကြမယ်တဲ့။ ကျွန်တော်ရဲ့သမ္မာကျမ်းစာအသိပညာဟာ မများလှပေမဲ့ အဲဒီဟောပြောချက်ကိုအရမ်းကြိုက်ခဲ့တဲ့အပြင် သာသနာပြုတွေနဲ့ရော၊ အခြားတက်ရောက်သူတွေနဲ့ပါ ပေါင်းသင်းရတာ အရမ်းပျော်စရာကောင်းခဲ့တယ်။
နှစ်လလောက်အတွင်းမှာပဲ ယေဟောဝါ၊ ယေရှုခရစ်၊ ရွေးနုတ်ဖိုး၊ စာတန်၊ အာမဂေဒုန်နဲ့ ပရဒိသုမြေကြီးအကြောင်း အခြေခံအမှန်တရားတွေကို ဂရိတ်စ်နဲ့လေ့လာရင်းသိခဲ့ရတယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းဟာ ကျွန်တော်ရှာနေတာနဲ့ အံကိုက်ပဲ။ စလေ့လာကတည်းက အသင်းတော်စည်းဝေးတွေကိုလည်း တက်ခဲ့တယ်။ ဒီအစည်းအဝေးတွေမှာ သာသနာပြုတွေဟာ ဂျပန်လူမျိုးတွေနဲ့ လွတ်လွတ်လပ်လပ်ပေါင်းသင်းကြပြီး တာတာမီ (ကောက်ရိုးနဲ့ရက်လုပ်ထားသောဖျာ) ပေါ်မှာကျွန်တော်တို့နဲ့ထိုင်ခဲ့ကြတဲ့၊ ဖော်ရွေတဲ့အသိုင်းအဝိုင်းကို ကျွန်တော်သဘောကျခဲ့တယ်။
ဂျပန်မှာပထမဆုံးတိုက်နယ်စည်းဝေးကို အိုဆာကာမြို့မှာရှိတဲ့ နာကာနိုရှီမပြည်သူ့ခန်းမမှာ ၁၉၅၁၊ အောက်တိုဘာလမှာ ကျင်းပခဲ့တယ်။ ဂျပန်နိုင်ငံတစ်နိုင်ငံလုံးမှာ သက်သေခံအယောက် ၃၀၀ တောင်မရှိပါဘူး; ဒါပေမဲ့ စည်းဝေးကို သာသနာပြုအယောက် ၅၀ နီးပါးအပါအဝင် အယောက် ၃၀၀ လောက်တက်ရောက်ခဲ့ပါတယ်။ ကျွန်တော်တောင် အစီအစဉ်မှာပါဝင်ခွင့်ရရှိခဲ့တယ်။ မြင်ခဲ့ကြားခဲ့ရတဲ့အချက်တွေကြောင့် ကျွန်တော်ရဲ့ဘဝတစ်လျှောက်လုံးမှာ ယေဟောဝါရဲ့အမှုတော်ကို ထမ်းရွက်တော့မယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။ နောက်တစ်နေ့မှာ အနားကအများသုံးရေချိုးအိမ်ရဲ့ ရေနွေးနွေးထဲမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။
ရှေ့ဆောင်လုပ်ငန်းတော်တွင်ပျော်ရွှင်ခြင်း
ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်အမှုဆောင်တွေကိုခေါ်တဲ့ ရှေ့ဆောင်လုပ်ချင်ပေမဲ့ ကျွန်တော်ရဲ့မိသားစုကို ထောက်ပံ့ပေးဖို့ တာဝန်ရှိတယ်လို့လည်းခံစားမိတယ်။ ကျွန်တော့်ရဲ့ဆန္ဒကို အလုပ်ရှင်ကိုအားတင်းပြီးပြောလိုက်တဲ့အခါ သူက “အဲဒါက မင်းကိုပျော်စေမယ်ဆိုရင် မင်းကိုကူညီပေးမယ်” လို့ပြောတာကြားလိုက်ရတာကို ကျွန်တော်အံ့သြမိတယ်။ တစ်ပတ်မှာ နှစ်ရက်ပဲအလုပ်လုပ်ရပေမဲ့ အမေ့ကိုအိမ်စရိတ်ဆက်ပေးနိုင်ခဲ့ပါသေးတယ်။ လှောင်အိမ်ထဲက လွတ်သွားတဲ့ငှက်တစ်ကောင်လို ကျွန်တော်တကယ်ခံစားမိတယ်။
အခြေအနေတွေ ဆက်ပြီးတိုးတက်လာတဲ့အခါ ဂရိတ်စ်ကိုစတွေ့ခဲ့တဲ့နာဂိုယာဘူတာကနေ မိနစ်အနည်းငယ်လျှောက်ရင်ရောက်တဲ့ ရပ်ကွက်တစ်ခုမှာ ၁၉၅၄၊ ဩဂုတ် ၁ ရက်နေ့မှာ ကျွန်တော်ရှေ့ဆောင်စလုပ်ခဲ့တယ်။ လအတော်ကြာတော့ ကီးယူးရှုကျွန်းအနောက်ဘက်က ဘက်ပ်ပူးမြို့မှာ အထူးရှေ့ဆောင်တစ်ဦးအနေနဲ့တာဝန်ရရှိခဲ့တယ်။ ကျွန်တော့်အဖော်အဖြစ် တွတ်စ်တိုမူး မီအူးရကို ခန့်အပ်ခဲ့တယ်။a အဲဒီတုန်းက တစ်ကျွန်းလုံးမှာ ယေဟောဝါသက်သေအသင်းတော်မရှိခဲ့ပေမဲ့ အခုတော့ အသင်းတော်ရာချီရှိနေပြီး တိုက်နယ် ၂၂ ခုတောင်ခွဲထားရတယ်!
ကမ္ဘာသစ်၏ရှေ့ပြေး
၁၉၅၆၊ ဧပြီလမှာ ဂျပန်ကိုနောက်ထပ်တစ်ကြိမ် ညီအစ်ကိုနောရ်လည်ပတ်ခဲ့တဲ့အခါ ကျွန်တော့်ကိုအင်္ဂလိပ် ကင်းမျှော်စင်မဂ္ဂဇင်းတစ်စောင်ကနေ အချို့အပိုဒ်တွေကို အသံကျယ်ကျယ်ဖတ်ခိုင်းခဲ့တယ်။ ကျွန်တော့်ကို ဘာမှမပြောခဲ့ပါဘူး၊ ဒါပေမဲ့ လအတော်ကြာပြီးတဲ့နောက်မှာ ဂိလဒ်သာသနာပြုကျောင်းရဲ့ ၂၉ ကြိမ်မြောက်သင်တန်းကိုတက်ရောက်ဖို့ ဖိတ်ခေါ်တဲ့စာတစ်စောင်ကို ကျွန်တော်ရရှိခဲ့တယ်။ ဒါကြောင့် အဲဒီနှစ်နိုဝင်ဘာလမှာ ဟိုးအရင်ကတည်းကစိတ်ကူးခဲ့တဲ့အတိုင်း အမေရိကန်ပြည်ထောင်စုကို စိတ်လှုပ်ရှားစွာနဲ့ပဲ ခရီးစထွက်ခဲ့တယ်။ ဘရွတ်ကလင်ဗေသလမိသားစုကြီးနဲ့အတူ နှစ်လလောက်နေထိုင်ပြီးအလုပ်လုပ်ခဲ့ရတာဟာ ယေဟောဝါရဲ့မျက်မြင်ရအဖွဲ့အစည်းအပေါ် ကျွန်တော်ရဲ့ယုံကြည်ခြင်းကို ပိုခိုင်ခံ့စေခဲ့ပါတယ်။
၁၉၅၇၊ ဖေဖော်ဝါရီလမှာ ညီအစ်ကိုနောရ်က ကျွန်တော်တို့ကျောင်းသားသုံးယောက်ကို နယူးယောက်အထက်ဘက် လဲန်စင်းတောင်ပိုင်းက ဂိလဒ်ကျောင်းဝင်းကို ကားမောင်းပို့ပေးခဲ့တယ်။ ဂိလဒ်ကျောင်းမှာ နောက်ထပ်ငါးလအထိနေရပြီး ယေဟောဝါရဲ့နှုတ်မြွတ်စကားတော်ထဲက သွန်သင်ချက်တွေရရှိရင်း ကျောင်းသားချင်းတွေနဲ့အတူ ကြည်နူးစရာကောင်းတဲ့ဝန်းကျင်မှာနေထိုင်ခဲ့ရတာဟာ ပရဒိသုမြေကြီးထဲကြိုရောက်နေခဲ့ရသလိုပဲ။ ကျောင်းသား ၁၀၃ ယောက်ထဲကနေ ကျွန်တော်အပါအဝင်ဆယ်ယောက်ကို ဂျပန်မှာတာဝန်ချခဲ့တယ်။
ကျွန်တော့်ရဲ့တာဝန်တွေကိုလေးမြတ်ခြင်း
၁၉၅၇၊ အောက်တိုဘာလမှာ ဂျပန်ကို ကျွန်တော်ပြန်ရောက်တဲ့အခါ သက်သေခံအယောက် ၈၆၀ လောက်ရှိနေပြီ။ တိုက်နယ်ကြီးကြပ်မှူးအဖြစ် နယ်လှည့်လုပ်ငန်းကိုလုပ်ဖို့ တာဝန်ပေးခံခဲ့ရတယ်၊ ဒါပေမဲ့ အဲဒီအလုပ်ကိုလုပ်နိုင်ဖို့ နာဂိုယာမြို့မှာ အေဒရီယန်သောမစင်က ဦးဆုံးရက်အနည်းငယ်သင်တန်းပေးခဲ့တယ်။ ကျွန်တော်ရဲ့တိုက်နယ်ဟာ ဖူဂျီတောင်အနီး ရှီမီဇူးကနေ ရှီကိုခူးကျွန်းအထိဖြစ်ပြီး ကယိုတို၊ အိုဆာကာ၊ ကိုဘေးနဲ့ ဟီရိုရှီးမားမြို့ကြီးတွေပါတယ်။
၁၉၆၁ ခုနှစ်မှာ ကျွန်တော့်ကို ခရိုင်ကြီးကြပ်မှူးအဖြစ် တာဝန်ပေးခဲ့တယ်။ နှင်းထူတဲ့ဟော့ခ်ကိုင်ဒိုကျွန်းမြောက်ပိုင်းကနေ အပူလျော့ပိုင်းအိုကီနာဝါကျွန်းနဲ့ တိုင်ဝမ်အနီး အစ်ရှိဂါကီကျွန်းတိုင်အောင် မိုင်ပေါင်း ၁,၈၅၀ အထိနယ်လှည့်ခဲ့ရတယ်။
အဲဒီနောက် ၁၉၆၃ ခုနှစ်မှာ ဘရွတ်ကလင်ဗေသလ ဂိလဒ်ကျောင်းမှာ ဆယ်လသင်တန်းတက်ရောက်ဖို့ဖိတ်ခေါ်ခံရတယ်။ အဲဒီသင်တန်းအတွင်းမှာ ညီအစ်ကိုနောရ်က တာဝန်တွေအပေါ် မှန်ကန်တဲ့သဘောထားရှိဖို့ အရေးကြီးတယ်ဆိုတာကို ပေါ်လွင်စေခဲ့တယ်။ အိမ်သာတွေကိုသန့်ရှင်းရေးလုပ်တာဟာ ရုံးခန်းမှာအလုပ်လုပ်ရသလိုပဲ အရေးကြီးတယ်။ တကယ်လို့ အိမ်သာတွေမသန့်ရှင်းဘူးဆိုရင် ဗေသလမိသားစုတစ်စုလုံးနဲ့ သူတို့ရဲ့အလုပ်ပါ ထိခိုက်နိုင်တယ်လို့ သူပြောခဲ့တယ်။ နောက်ပိုင်း ဂျပန်ဗေသလမှာ ကျွန်တော်အိမ်သာသန့်ရှင်းရေးလုပ်ခဲ့တယ်၊ အဲဒီသွန်သင်ချက်ကို ကျွန်တော်သတိရခဲ့တယ်။
ကျွန်တော်ဂျပန်ကိုပြန်ရောက်ပြီးနောက်မှာ နယ်လှည့်လုပ်ငန်းလုပ်ဖို့ နောက်တစ်ခါတာဝန်ပြန်ချခဲ့တယ်။ နောက်နှစ်နှစ်အကြာ ၁၉၆၆ ခုနှစ်မှာ မာတ်စုမြို့မှာအမှုဆောင်နေတဲ့အထူးရှေ့ဆောင် ဂျူန်ခို အီဝါစာခီနဲ့ လက်ထပ်ခဲ့တယ်။ အဲဒီတုန်းက ဂျပန်ဌာနခွဲကြီးကြပ်မှူး လွိုက် ဘယ်ရီက ကြည်နူးစရာထိမ်းမြားမင်္ဂလာဟောပြောချက်ပေးခဲ့တယ်။ နောက်တော့ ဂျူန်ခိုဟာ ကျွန်တော်နဲ့နယ်လှည့်လုပ်ငန်းမှာ ပါဝင်ခဲ့တယ်။
တိုကျိုဌာနခွဲရုံးက ဘာသာပြန်ဖို့ကျွန်တော့်ကိုခေါ်ခဲ့တဲ့ ၁၉၆၈ ခုနှစ်မှာ ကျွန်တော်တို့ရဲ့တာဝန် ပြောင်းလဲသွားခဲ့တယ်။ အခန်းမရှိတဲ့အတွက်ကြောင့် ကျွန်တော်က တိုကျို၊ စူးမီဒကနေ အသွားအပြန်လုပ်ခဲ့ရပြီး ဂျူန်ခိုကတော့ ဒေသခံအသင်းတော်နဲ့တွဲပြီး အထူးရှေ့ဆောင်လုပ်ခဲ့တယ်။ အဲဒီအချိန်မှာ ဌာနခွဲရုံးကို တိုးချဲ့ဖို့လိုလာခဲ့တယ်။ ဒါကြောင့် ဖူဂျီတောင်နဲ့သိပ်မဝေးတဲ့ နွတ်မာဇူးမြို့မှာ မြေကွက်ဝယ်ခဲ့တယ်။ အဲဒီမှာ သုံးထပ်တိုက်စက်ရုံနဲ့ လူနေဖို့အဆောင်ကိုပါဆောက်ခဲ့တယ်။ ဆောက်လုပ်ရေးမစခင်မှာ အသင်းတော်ကြီးကြပ်မှူးများအတွက် ဘုရားသခင့်နိုင်ငံတော်ဓမ္မအမှုကျောင်းကျင်းပဖို့ မြေကွက်ပေါ်မှာရှိတဲ့အိမ်အချို့ကို အသုံးပြုခဲ့တယ်။ ကျွန်တော်အဲဒီသင်တန်းကိုကိုင်ခွင့်ရခဲ့ပြီး ဂျူန်ခိုကတော့ သင်တန်းသားတွေအတွက် ချက်ပြုတ်ပေးခဲ့ရတယ်။ [ခရစ်ယာန်] ဓမ္မအမှုဆောင်အတွက် ခရစ်ယာန်အမျိုးသားရာနဲ့ချီပြီး အထူးသင်တန်းတက်ခဲ့ကြတာကိုတွေ့ရတာ ဝမ်းသာစရာပဲ။
နေ့လယ်တစ်နေ့မှာ အရေးကြီးတဲ့သံကြိုးစာတစ်စောင်ကို ကျွန်တော်ရရှိခဲ့တယ်။ အမေ့ကို ဆေးရုံတင်ထားရပြီး အသက်ရှင်ဖို့မျှော်လင့်ချက်မရှိတော့ဘူးတဲ့။ နာဂိုယာကို ကျည်ဆံရထားစီးသွားပြီး ဆေးရုံကိုအမြန်ဆုံးသွားခဲ့တယ်။ အမေက သတိမရှိတော့ဘူး၊ ဒါပေမဲ့ အမေ့ဘေးမှာ ကျွန်တော်တစ်ညလုံးနေခဲ့တယ်။ မနက်အစောကြီးမှာ အမေဆုံးသွားပါတယ်။ နွတ်မာဇူးကအပြန် ရထားပေါ်မှာ အမေရဲ့ဘဝအခက်အခဲတွေ၊ ကျွန်တော်ခံစားခဲ့ရတဲ့ အမေ့ရဲ့မေတ္တာကို သတိရပြီး မျက်ရည်မဆည်နိုင်ခဲ့ဘူး။ တကယ်လို့ ယေဟောဝါအလိုတော်ရှိမယ်ဆိုရင် ရှင်ပြန်ထမြောက်တဲ့အခါ အမေ့ကိုပြန်တွေ့ရပါလိမ့်မယ်။
မကြာခင်မှာ နွတ်မာဇူးကအဆောက်အဦတွေဟာ ငယ်သွားခဲ့တယ်။ ဒါကြောင့် အက်ဘီနာမြို့မှာမြေ ၁၈ ဧကဝယ်ခဲ့ပြီး ၁၉၇၈ ခုနှစ်မှာ ဌာနခွဲအဆောက်အဦသစ်တွေကို စဆောက်လုပ်ခဲ့တယ်။ အခုတော့ ဒီမြေကွက်ပေါ်မှာ နေရာလပ်မကျန်အောင် စက်ရုံနဲ့လူနေအိမ်အဆောက်အဦတွေအပြင် ထိုင်ခုံ ၂,၈၀၀ ကျော်ဆံ့တဲ့စည်းဝေးခန်းမတစ်ခုကိုလည်း ဆောက်ထားပါတယ်။ နောက်ဆုံးဆောက်တဲ့ ၁၃ ထပ်လူနေအိမ်အဆောင်နှစ်ဆောင်နဲ့ ၅ လွှာကားပါကင်/ဝပ်ရှော့အဆောက်အဦကို ဒီနှစ်အစောပိုင်းမှာပြီးခဲ့တယ်။ အခု ကျွန်တော်တို့ဗေသလမိသားစုဟာ လူပေါင်း ၅၃၀ လောက်ရှိပြီး တိုးချဲ့ထားတဲ့အဆောက်အဦတွေဟာ လူပေါင်း ၉၀၀ လောက်ဆံ့နိုင်ပါလိမ့်မယ်။
ပျော်ရွှင်ခြင်းအတွက် အကြောင်းရင်းများစွာရှိ
“အားနည်းသောလူတစ်ယောက်သည် အားကြီးသောလူမျိုးဖြစ်” လိမ့်မယ်ဆိုတဲ့ကျမ်းစာပရောဖက်ပြုချက်ပြည့်စုံတာကို မြင်ခဲ့ရတာ တကယ်စိတ်လှုပ်ရှားစရာကောင်းတယ်။ (ဟေရှာယ ၆၀:၂၂) ၁၉၅၁ ခုနှစ်တုန်းက ကျွန်တော့်အစ်ကိုတစ်ယောက်က “ဂျပန်နိုင်ငံမှာ သက်သေခံဘယ်နှစ်ယောက်ရှိသလဲ” လို့မေးခဲ့တာကို ကျွန်တော်သတိရတယ်။
“၂၆၀ လောက်ရှိတယ်” လို့ကျွန်တော်ပြန်ဖြေခဲ့တယ်။
အစ်ကိုကနှိမ်တဲ့လေသံနဲ့ “ဒါအကုန်ပဲလား” ဆိုပြီးမေးခဲ့တယ်။
‘. . . နိုင်ငံမှာ ယေဟောဝါကိုဝတ်ပြုမယ့်လူတွေ ဘယ်လောက်များလာမယ်ဆိုတာကို အချိန်ကစကားပြောလာပါလိမ့်မယ်’ လို့စဉ်းစားမိတာမှတ်မိတယ်။ ယေဟောဝါအဖြေပေးခဲ့ပါပြီ! အခုဆိုရင် ဂျပန်မှာ မဟောပြောရသေးတဲ့ရပ်ကွက် မရှိသလောက်ပဲ၊ အသင်းတော်ပေါင်း ၃,၈၀၀ မှာစစ်မှန်တဲ့ဝတ်ပြုသူ ၂၂၂,၀၀၀ ကျော်ရှိနေပြီ!
ကျွန်တော့်အသက်တာရဲ့ လွန်ခဲ့တဲ့ ၄၄ နှစ်—ကျွန်တော့်ချစ်ဇနီးနဲ့အတူ ၃၂ နှစ်—အချိန်ပြည့်အမှုဆောင်ခဲ့ရတာဟာ အထူးပျော်စရာကောင်းပါတယ်။ အဲဒီနှစ်တွေရဲ့ ၂၅ နှစ်ဟာ ဗေသလဘာသာပြန်ဌာနမှာ အမှုဆောင်ခဲ့တယ်။ ၁၉၇၉၊ စက်တင်ဘာလမှာ ဂျပန်က ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲကော်မတီဝင်တစ်ဦးအဖြစ်လည်း ဖိတ်ခေါ်ခံရတယ်။
ယေဟောဝါကိုဝတ်ပြုဖို့ ရိုးသားပြီး အေးဆေးငြိမ်သက်စွာနေတတ်တဲ့သူတွေကို ကူညီပေးခွင့်ရခဲ့တာဟာ အခွင့်အရေးလည်းဖြစ်၊ ကောင်းချီးလည်းဖြစ်တယ်။ ကျွန်တော့်လိုပဲ ဧကရာဇ်မင်းကိုကိုးကွယ်ရာကနေ စစ်မှန်တဲ့ယေဟောဝါဘုရားသခင်ကို ဝတ်ပြုကိုးကွယ်လာကြတဲ့သူတွေ အများကြီးရှိတယ်။ အောင်ပွဲခံတဲ့ ယေဟောဝါဘက်ပြောင်းလဲလာပြီး ငြိမ်းချမ်းတဲ့ကမ္ဘာသစ်မှာ ထာဝရအသက်ရဖို့ လူအများကြီးကို ကျွန်တော်ဆက်ကူညီပေးချင်ပါသေးတယ်။—ဗျာဒိတ် ၂၂:၁၇။
[အောက်ခြေမှတ်ချက်များ]
a သူ၏ဖခင်သည် ၁၉၄၅ ခုနှစ်တွင် ဂျပန်ထောင်တစ်ခု၌ရှိနေစဉ် ဟီရိုရှီးမားမြို့ပေါ် အဏုမြူဗုံးပေါက်ကွဲမှုမှ လွတ်မြောက်ခဲ့သော သစ္စာရှိသက်သေခံတစ်ဦးဖြစ်သည်။ ၁၉၉၄၊ အောက်တိုဘာ ၈ ရက်ထုတ် နိုးလော့!မှ စာမျက်နှာ ၁၁-၁၅ [လိပ်] ရှု။
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကျောင်းတွင် ဧကရာဇ်မင်းဝတ်ပြုရေးကို အဓိကသင်ကြားလာ
[Credit Line]
မိုင်နီချီသတင်းစာများ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
နယူးယောက်၌ ညီအစ်ကိုဖရန့်ဇ်နှင့်အတူ
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ကျွန်တော့်ဇနီးဂျူန်ခိုနှင့်အတူ
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
ဘာသာပြန်ဌာနတွင် အလုပ်လုပ်နေ