ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၁/၁ စာ. ၂၇-၃၁
  • တစ်စုံတစ်ဦးခေါ်သောအခါသင်တုံ့ပြန်သလော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တစ်စုံတစ်ဦးခေါ်သောအခါသင်တုံ့ပြန်သလော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • နောက်ဆုံးတွင် ကျွန်တော့်တမ်းတခြင်းဖြေကြားခံခဲ့ရ
  • ဟာဝိုင်ယီတွင်ရှေ့ဆောင်ခြင်း
  • မမျှော်လင့်သောဖိတ်ခေါ်ခြင်း
  • မသိနားမလည်သူ၏စိတ်ကိုပြုပြင်ပေးခြင်း
  • ကျွန်တော်တို့ကလေးများနှင့်အတူသာသနာပြုလုပ်ငန်း
  • မြောက်ပိုင်းမှတောင်ပိုင်းသို့
  • ပြဿနာကင်းသလော
  • စိတ်နှိမ့်ချသူများကို အမှန်တရားသို့ ယေဟောဝါဆွဲဆောင်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ကျွန်မ၏ရှက်ကြောက်မှုကို အောင်မြင်ဖို့ကူညီပေးခံခဲ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၀
  • ဧကရာဇ် ကိုးကွယ်မှုမှ ကိုးကွယ်မှုမှန်သို့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ယခုခေတ်တွင် တပည့်တော်အစစ်များဖြစ်အောင် ပြုလုပ်ခြင်း
    နိုးလော့!—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၁/၁ စာ. ၂၇-၃၁

တစ်စုံတစ်ဦးခေါ်သောအခါသင်တုံ့ပြန်သလော

ရှင်အိချီတိုဟာရာ ပြောပြသည်

ကျွန်တော့်အသက်တာ၏ပထမပိုင်းတွင် ဘုရားသခင်ကို မတမ်းတခဲ့ပါ။ ကိုယ်တော်၏လမ်းညွှန်မှုကိုလည်း မရှာဖွေခဲ့ပါ။ ကျွန်တော့်အဖိုးအဖွားများသည် ဂျပန်မှဟာဝိုင်ယီသို့ပြောင်းရွှေ့နေထိုင်ခဲ့ပြီး ကျွန်တော့်မိဘများသည် သူတို့၏ဘာသာရေးယုံကြည်ချက်တွင် ထက်သန်မှုသိပ်မရှိခဲ့ကြသဖြင့် ကျွန်တော်ကြီးပြင်းလာသည်နှင့်အမျှ ကျွန်တော့်စိတ်တွင် ဘုရားနှင့်ပတ်သက်၍ လွှမ်းမိုးမှုသိပ်မရှိခဲ့ပါ။

ဆင့်ကဲဖြစ်စဉ်အကြောင်းကျွန်တော်လေ့လာခဲ့ပြီး ဘုရားကိုယုံကြည်ခြင်းသည် မည်မျှမိုက်မဲရာကျကြောင်း ကျွန်တော်တွေးထင်ခဲ့သည်။ မည်သို့ဆိုစေ ကျွန်တော်ဆက်၍စနစ်တကျပညာသင်ကြားရာ သိပ္ပံသင်တန်းများက ကျွန်တော့်အား နက္ခတ္တဗေဒ၊ ရူပဗေဒနှင့် ဇီဝဗေဒပညာရပ်များနှင့် ဆက်သွယ်ထိတွေ့ပေးခဲ့သည်။ ညအချိန်တွင် ကျွန်တော်သည် ကောင်းကင်ကျယ်ကြီးကို တအံ့တသြငေးမောကြည့်ပြီး ထိုတွင် ကြယ်ကလေးများမည်သို့ရောက်ရှိနေကြကြောင်းကို စဉ်းစားမိသည်။ ကျွန်တော့်အတွင်းက တုန်လှုပ်ဖွယ်ကောင်းသောအသံက စ၍မေးခွန်းထုတ်လာသည်မှာ ‘အဲဒါတွေအားလုံးကိုထိန်းချုပ်ထားတဲ့ဘုရားတစ်ဆူရှိနိုင်မလား’ ဟူ၍ဖြစ်သည်။ ထိုတွင်မမြင်နိုင်သောသူတစ်ဦးရှိရမည်ဟု ကျွန်တော်ခံစားလာခဲ့ရသည်။ ‘အဲဒီဘုရားသခင်က ဘယ်သူလဲ’ ဟု ကျွန်တော့်နှလုံးက စုံစမ်းစပြုလာခဲ့သည်။

ကျွန်တော်အထက်တန်းအောင်မြင်ပြီးသောအခါ ဘီယာချက်စက်ရုံတစ်ရုံတွင် စက်ပြင်ဆရာအဖြစ်အလုပ်ရပြီး လွတ်လပ်မှုနည်းပါးလာရာ ဘုရားသခင်နှင့်ပတ်သက်သည့်မေးခွန်းများကို ဆင်ခြင်ရန်အချိန်ပင်မရတော့ပေ။ မကြာမီ ၁၉၃၇ ခုနှစ်တွင် ကျွန်တော်၏ဇနီးဖြစ်လာသော မာစာကို နှင့်ကျွန်တော်တွေ့ဆုံခဲ့ပြီး နောက်ပိုင်းတွင် ကလေးသုံးယောက်ကောင်းချီးရခဲ့သည်။ မာစာကိုသည် သစ္စာရှိအဖော်အဖက်နှင့် အလုပ်ကြိုးစားသောမိခင်တစ်ဦးဖြစ်ပါပေသည်။

ယခု ကျွန်တော်မိသားစုနှင့်ဖြစ်လာသောအခါ ကျွန်တော်တို့၏အနာဂတ်နှင့်ပတ်သက်၍ အလေးအနက်စဉ်းစားလာတော့သည်။ အပြင်ထွက်ပြီး ကြယ်များကိုငေးမောကြည့်ခြင်းကို တစ်ဖန်ပြုခဲ့ပြန်သည်။ ဘုရားတစ်ဆူရှိကြောင်း ကျွန်တော်အခိုင်အမာယုံကြည်ခဲ့သည်။ ထိုဘုရားမည်သူဖြစ်ကြောင်း ကျွန်တော်မသိခဲ့ပါ။ သို့သော် ကိုယ်တော်အား ကျွန်တော်စ၍တမ်းတလာသည်။ ‘မမြင်နိုင်တဲ့တစ်နေရာရာမှာကိုယ်တော်ရှိရင် ကျွန်တော့်မိသားစုကို ပျော်ရွှင်စွာနေထိုင်နိုင်တဲ့နည်းလမ်းရှာတွေ့ဖို့ ကူညီပေးပါ’ ဟု ထပ်ခါထပ်ခါကျွန်တော်တောင်းလျှောက်ခဲ့သည်။

နောက်ဆုံးတွင် ကျွန်တော့်တမ်းတခြင်းဖြေကြားခံခဲ့ရ

ကျွန်တော်အိမ်ထောင်ကျကတည်းက ကျွန်တော့်မိဘများနှင့်အတူနေလာခဲ့ကြသည်။ သို့သော် ၁၉၄၁ ခုနှစ်ရောက်သောအခါ ဟာဝိုင်ယီနိုင်ငံ၊ ဟီလိုမြို့တွင် ကျွန်တော်တို့ကိုယ်ပိုင်အိမ်ဖြင့်စတင်နေခဲ့ကြသည်။ ကျွန်တော်တို့၏အိမ်သစ်သို့ရောက်ပြီးမကြာမီ ၁၉၄၁ ခုနှစ်၊ ဒီဇင်ဘာ ၇ ရက် ရောက်သောအခါ ပုလဲဆိပ်ကမ်းကို ဂျပန်များတိုက်ခိုက်လေတော့သည်။ ထိုအချိန်သည် ကျပ်တည်းသည့်အချိန်ကာလဖြစ်ပြီး လူတိုင်းအနာဂတ်အတွက်ပူပန်နေခဲ့ကြသည်။

ပုလဲဆိပ်ကမ်းတိုက်ခိုက်ခံရပြီး တစ်လအကြာတွင် ကျွန်တော့်ကားကိုအရောင်တင်နေစဉ် လူတစ်ဦးကျွန်တော့်ထံလာ၍ Children အမည်ရှိသောစာအုပ်တစ်အုပ်ကိုပေးခဲ့သည်။ ထိုသူသည် ယေဟောဝါသက်သေများ၏ဓမ္မအမှုဆောင်တစ်ဦးဖြစ်သူ ရာ့ဖ်ဂါးရွတ် ဖြစ်ကြောင်း မိမိကိုယ်ကိုမိတ်ဆက်ပေးခဲ့သည်။ သူဘာပြောခဲ့သည်ကို ကျွန်တော်နားမလည်ခဲ့သော်လည်း ဘုရားသခင်အကြောင်းကျွန်တော်စိတ်ဝင်စားခဲ့သည်။ ထို့ကြောင့် ထိုစာအုပ်ကိုကျွန်တော်လက်ခံလိုက်သည်။ နောက်တစ်ပတ်အကြာတွင် ရာ့ဖ်ပြန်လည်ပတ်ပြီး အိမ်တွင်းကျမ်းစာသင်အံမှုကျင်းပပေးသည်။ သမ္မာကျမ်းစာကို ကျွန်တော်ကြားဖူးသော်လည်း ယင်းကိုပထမဆုံးအကြိမ်ကျွန်တော်တွေ့ဖူးခြင်းဖြစ်သည်။ ကျမ်းစာသင်အံမှုကိုကျွန်တော်လက်ခံလိုက်ပြီး ကျွန်တော့်ဇနီးနှင့် သူမ၏ညီမငယ်လည်းပါဝင်ခဲ့သည်။

သမ္မာကျမ်းစာပါ ဘုရားသခင့်နှုတ်ကပါဌ်တော်သမ္မာတရားသည် ကျွန်တော့်အားအမှန်စိတ်စွဲငြိစေခဲ့သည်။ (၂ တိမောသေ ၃:၁၆၊ ၁၇) ယေဟောဝါသည် ရည်ရွယ်တော်မူချက်ရှိခြင်းမှာ သာ၍အံ့သြဖွယ်ဖြစ်သည်။ ကိုယ်တော်ကား ကျွန်တော်ရှာဖွေနေခဲ့သော ဖန်ဆင်းရှင်ပါတကား။ (ဟေရှာယ ၄၅:၁၈) ပျောက်ဆုံးသွားခဲ့သောမူလပရဒိသည် ဤကမ္ဘာမြေကြီးပေါ်၌ပင် ပြန်လည်ဖြစ်ပေါ်လာမည်ဖြစ်ပြီး ကျွန်ုပ်တို့လည်း ယင်း၏အစိတ်အပိုင်းအဝင်ဖြစ်နိုင်ကြောင်းကို ကျွန်ုပ်တို့သိခဲ့ရ၍ အလွန်စိတ်အားတက်ကြွခဲ့ကြသည်။ (ဗျာဒိတ် ၂၁:၁-၄) ဤကား ဘုရားသခင်အားကျွန်တော်တမ်းတခြင်းကို ဖြေကြားခံရခြင်းဖြစ်ပါသည်။

ယခုတွေ့ရှိခါစသမ္မာတရားနှင့်ပတ်သက်၍ မည်သူမဆိုလူတိုင်းအားကျွန်တော်တို့ပြောခဲ့သည်။ ကျွန်တော့်မိဘများက ကျွန်တော်တို့ရူးနေကြပြီဟုထင်မှတ်ခဲ့ကြသည်။ သို့သော် ယင်းသည် ကျွန်တော်တို့အားစိတ်ဓာတ်မကျစေခဲ့ပါ။ အပြင်းအထန်ကျမ်းစာသင်အံမှုသုံးလပြီးနောက် ၁၉၄၂ ခုနှစ် ဧပြီ ၁၉ ရက် တွင် ကျွန်တော်နှင့်ကျွန်တော့်ဇနီးသည်တို့သည် ယေဟောဝါအားဆက်ကပ်အပ်နှံသည့်အထိမ်းအမှတ်အဖြစ် ရေတွင်နှစ်ခြင်းခံခဲ့ကြသည်။ ထိုအချိန်က ကျွန်တော်တို့နှင့်အတူ ကျမ်းစာသင်အံမှုတွင်ပါဝင်ခဲ့ကြသော မာစာကို၏ညီမငယ် ယိုရှီ နှင့် သူမ၏ခင်ပွန်း ဂျယ်ရီ တို့လည်း ကျွန်တော်တို့နှင့်အတူနှစ်ခြင်းခံခဲ့ကြသည်။ ကျွန်တော်တို့သည် သမ္မာကျမ်းစာ၏အသိပညာများကို အကန့်အသတ်အားဖြင့်သာရရှိထားကြသော်လည်း ယင်းတို့သည် ကျွန်တော်တို့ဘုရားသခင်အားအမှုဆောင်ရန် လုံလောက်သောတွန်းအားပေးနိုင်ခဲ့သည်။

ဒုတိယကမ္ဘာစစ်အပြင်းအထန်ဆက်လက်ဖြစ်ပွားနေခဲ့ရာ ဆုံးခန်းနီးပြီဟုကျွန်တော်ထင်မှတ်မိခဲ့သည်။ ထို့ကြောင့် ကျွန်တော်နှင့်ကျွန်တော့်ဇနီးတို့သည် ဤအချက်ကို လူများအားသတိပေးရန်လိုအပ်ကြောင်း ယူမှတ်ခဲ့ကြသည်။ ဤကိစ္စနှင့်ပတ်သက်၍ ဂါးရွတ်တို့ဇနီးမောင်နှံ ကျွန်တော်တို့အတွက်ပုံသက်သေဖြစ်ခဲ့သည်။ ရာ့ဖ်နှင့်သူ့ဇနီးနှစ်ဦးလုံး ယေဟောဝါသက်သေများ၏အချိန်ပြည့်အမှုဆောင်များဖြစ်ကြသော ရှေ့ဆောင်များဖြစ်ကြသည်။ ကျွန်တော်သည် မိမိအခြေအနေကို ရာ့နှင့်နှိုင်းယှဉ်ကြည့်လိုက်သည်။ သူ့မှာ ဇနီးသည်နှင့်ကလေးလေးယောက်ရှိသည်။ ကျွန်တော့်မှာ ဇနီးသည်နှင့်ကလေးသုံးယောက်သာရှိသည်။ ယင်းကိုသူလုပ်နိုင်လျှင် ကျွန်တော်လည်းလုပ်နိုင်ရမည်။ ထို့ကြောင့် ကျွန်တော်တို့နှစ်ခြင်းခံပြီးသည့်လတွင်ပင် ရှေ့ဆောင်လုပ်ငန်းအတွက် လျှောက်လွှာတင်ခဲ့ကြသည်။

ရှေ့ဆောင်လုပ်ရန်လက်ခံခြင်းမခံရမီကတည်းက ကျွန်တော့်ဟာဝေယန်ဂီတာ၊ ဆက္ကဆိုဖုန်းနှင့် တယောတို့အပါအဝင် မလိုအပ်သောပစ္စည်းများကို ရောင်းချလိုက်သည်။ ကျွန်တော်သည် ဂီတဝါသနာအိုးကြီးဖြစ်ခဲ့ဖူးသော်လည်း ကျွန်တော့်ပါးစပ်မှုတ်ဘာဂျာကလေးကလွဲ၍ အားလုံးကိုကျွန်တော်စွန့်လွှတ်ခဲ့သည်။ ထို့အပြင် ဘီယာချက်စက်ရုံမှကျွန်တော်၏အလုပ်သည်လည်း ဆွဲဆောင်မှုမရှိတော့ချေ။ (ဖိလိပ္ပိ ၃:၈) ယာဉ်နောက်တွဲတစ်ခုကိုကျွန်တော်တည်ဆောက်ပြီး ကျွန်တော့်တောင်းလျှောက်သံကို ယေဟောဝါနားညောင်းမညောင်းစောင့်ကြည့်နေခဲ့သည်။ ကြာကြာမစောင့်လိုက်ရပါ။ ၁၉၄၂ ခုနှစ်၊ ဇွန် ၁ ရက် ရောက်သောအခါ ကျွန်တော်တို့ရှေ့ဆောင်လုပ်ရန်လက်ခံခဲ့သည်။ ကျွန်တော်တို့တောက်လျှောက် ယေဟောဝါအား အချိန်ပြည့်အမှုဆောင်ခဲ့ကြပြီး ထိုဆုံးဖြတ်ချက်အတွက် ဘယ်တော့မျှနောင်တမရခဲ့ကြပါ။

ဟာဝိုင်ယီတွင်ရှေ့ဆောင်ခြင်း

ဂါးရွတ်တို့ဇနီးမောင်နှံနှင့်အတူ ကျွန်တော်တို့သည် ကာအူကျွန်းနှင့် နာမည်ကြီးကော်ဖီထွက်ရာဒေသဖြစ်သော ကိုနာကျွန်းအပါအဝင် ကျွန်းကြီးတစ်ခုဖြစ်သည့်ဟာဝိုင်ယီကို နှံ့စပ်ခဲ့ကြသည်။ ထိုအချိန်က ကျွန်တော်တို့ဓာတ်စက်ဖြင့်အမှုဆောင်ကြသည်။ ယင်းသည် အလွန်လေးလံသော်လည်း ကျွန်တော်တို့သည် ငယ်ရွယ်သန်စွမ်းနေဆဲရှိသည်။ သို့နှင့် လက်တစ်ဖက်ကဓာတ်စက်ကိုင်၊ ကျန်တစ်ဖက်က စာအုပ်စာတမ်းအိတ်ကိုကိုင်ပြီး နားထောင်မည့်သူများရှိရာကော်ဖီခြံများ၊ ယာခင်းများနှင့် အခြားနေရာတိုင်းသို့ သွားရာလမ်းကြောင်းများကို ကျွန်တော်တို့လိုက်သွားကြသည်။ ကျွန်းတစ်ကျွန်းလုံးကျွန်တော်တို့အမှုဆောင်ပြီးသွားသောအခါ ကျွန်းကြီးပေါ်ရှိ ကိုဟာလာ သို့ ကျွန်တော်တို့တာဝန်ချခြင်းခံရကြသည်။ ကိုဟာလာသည် ကြံစိုက်ခင်းဒေသငယ်ကလေးဖြစ်ပြီး ကော့ကေးဆပ်၊ ဖိလစ်ပိုင်၊ တရုတ်၊ ဟာဝေယန်၊ ဂျပန်နှင့် ပေါ်တူဂီစသည့်လူမျိုးများနေထိုင်ကြသည်။ ထိုလူတစ်မျိုးစီသည် ထုံးတမ်းဓလေ့၊ အတွေးအခေါ်၊ နှစ်သက်မှုနှင့် ဘာသာတရားများကိုယ်စီရှိကြသည်။

ကျွန်တော်ရှေ့ဆောင်စလုပ်ကတည်းက လောကအလုပ်ကို ကျွန်တော်ဘယ်တော့မျှပြန်မလုပ်ခဲ့ပါ။ ကျွန်တော့်စုဆောင်းငွေကလေးဖြင့် အတော်ကြာကြာဆက်နေထိုင်ခဲ့ကြပြီး လိုအပ်လာသောအခါ ကျွန်တော်မှိန်းဖြင့်ငါးသွားထိုးလေ့ရှိသည်။ အံ့ဩစရာကား အိမ်သို့ကျွန်တော်အမြဲငါးရ၍ပြန်လာရသည်။ လမ်းတစ်လျှောက်တွင်ပေါက်နေသော ဟင်းသီးဟင်းရွက်များနှင့်စားပင်သီးပင်ငယ်များကို ကျွန်တော်တို့ခူးခဲ့ကြပြီး ယင်းတို့သည် ကျွန်တော်တို့၏ညစာစားပွဲကို ကောင်းချီးမင်္ဂလာဖြည့်ပေးသည်။ သတ္တုရည်စိမ်သည့်ပုံးဖြင့် မုန့်ဖုတ်ဖိုတစ်ခုကို ကျွန်တော်ပြုလုပ်ပြီး မာစာကိုက ထိုတွင်ပေါင်မုန့်ဖုတ်ကျင့်သည်။ ကျွန်တော်စားဖူးသမျှတွင် ထိုပေါင်မုန့်သည်အကောင်းဆုံးဖြစ်တော့သည်။

၁၉၄၃ ခုနှစ်တွင် ဟိုနိုလူလူ၌ကျရောက်သော ခရစ်ယာန်စည်းဝေးပွဲကြီးသို့ကျွန်တော်တို့သွားရောက်သောအခါ ထိုအချိန်က ဟာဝိုင်ယီဌာနခွဲကြီးကြပ်မှူးဖြစ်သူ ဒေါ်နာလ်ဟပ်စ္စလက် က ကျွန်တော်တို့အား ထိုနေရာသို့ပြောင်းရွှေ့ပြီး ကင်းမျှော်စင်အသင်းကားဂိုဒေါင်အပေါ်တွင်ဆောက်လုပ်ထားသော အခန်းငယ်ကလေးတွင်နေထိုင်ကြရန် ခေါ်ဖိတ်ခဲ့သည်။ ဌာနခွဲပစ္စည်းထိန်းအဖြစ်ကျွန်တော်တာဝန်ကျပြီး ထိုတွင် နောက်ထပ်ငါးနှစ်ရှေ့ဆောင်လုပ်ခြင်းတွင် ကျွန်တော်ပျော်မွေ့ခဲ့သည်။

မမျှော်လင့်သောဖိတ်ခေါ်ခြင်း

၁၉၄၃ ခုနှစ်ရောက်သောအခါ အသင်းမသည် နိုင်ငံခြားသာသနာပြုလုပ်ငန်းအတွက် သင်တန်းကျောင်းများစတင်ဖွင့်လှစ်ကြောင်း ကျွန်တော်တို့ကြားခဲ့ကြရသည်။ ကျွန်တော်တို့မည်မျှတက်ရောက်လိုခဲ့ကြသည်တကား။ ကလေးရှိသောမိသားစုများခေါ်ဖိတ်ခြင်းမခံရသည့်အတွက် ကျွန်တော်တို့ဆက်၍မတွေးခဲ့ကြတော့ပါ။ သို့သော် ၁၉၄၇ ခုနှစ်ရောက်သောအခါ ညီအစ်ကိုဟပ်စ္စလက်က ဂျပန်နိုင်ငံတွင် နိုင်ငံခြားအမှုဆောင်သွားလိုသည့် ဟာဝိုင်ယီကျွန်းသားတစ်စုံတစ်ယောက်ရှိမရှိ ကျွန်တော့်ကိုမေးလာသည်။ ကျွန်တော်တို့မည်သို့ယူဆကြောင်းသူကမေးရာ ကျွန်တော်က ဟေရှာယပြောခဲ့သည့်အတိုင်း “ကျွန်ုပ်ကိုစေလွှတ်တော်မူပါ” ဟုပြောခဲ့သည်။ (ဟေရှာယ ၆:၈) ကျွန်တော့်ဇနီးလည်း ထိုသို့ပင်ယူမှတ်ခဲ့သည်။ ယေဟောဝါ၏ခေါ်ဖိတ်ခြင်းကို ကျွန်တော်တို့တုံ့ပြန်ရန် မနှောင့်နှေးခဲ့ကြပါ။

သို့နှင့် သာသနာပြုများအဖြစ်လေ့ကျင့်ခံရရန် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းသို့တက်ရောက်ရန် ကျွန်တော်တို့ဖိတ်ခေါ်ခံခဲ့ကြရသည်။ ဖိတ်ခေါ်ရာတွင် ကျွန်တော်တို့ကလေးငယ်သုံးဦးလည်းပါဝင်သည်။ အခြားငါးဦးဖြစ်သော ဒေါ်နာလ်နှင့်မေဘလ်ဟပ်စ္စလက်၊ ဂျယ်ရီနှင့်ယိုရှီတိုမာ၊ အယ်လ်စီတာနီဂါဝါတို့ပါ ခေါ်ဖိတ်ခြင်းခံခဲ့ကြရသည်။ သို့နှင့် ကျွန်တော်တို့သည် ၁၉၄၈ ခုနှစ်ဆောင်းဦးရာသီတွင် နယူးယောက်မြို့သို့အတူတကွခရီးထွက်ခဲ့ကြသည်။

တိုက်ကို ကျွန်တော်တို့ဘတ်စ်ကားဖြင့်ဖြတ်ကြသည်။ ဘတ်စ်ကားပေါ်တွင်လိုက်ပါလာပြီး သုံးရက်နောက်ပိုင်းတွင် ကျွန်တော်တို့အားလုံးပင်ပန်းနွမ်းနယ်နေကြသည်။ ညီအစ်ကို ဟပ်စ္စလက် က ကျွန်တော်တို့ခေတ္တရပ်နားကြပြီး ဟိုတယ်တစ်ခုတွင်ညတည်းခိုရန်အကြံပြုသည်။ ကျွန်တော်တို့ဘတ်စ်ကားပေါ်ကဆင်းလိုက်သည်နှင့် လူတစ်ဦးသည် ကျွန်တော်တို့ထံချဉ်းကပ်လာပြီး “ဂျပန်စုတ်တွေ၊ သူတို့ကိုပစ်ဖို့ ငါအိမ်မှာသေနတ်ပြန်ယူဦးမယ်” ဟုအော်ပြောလိုက်သည်။

ညီအစ်ကိုဟပ်စ္စလက်က “သူတို့ဂျပန်လူမျိုးတွေမဟုတ်ဘူး။ သူတို့ဟာ ဟာဝိုင်ယီကျွန်းသားတွေပဲ။ ဒါတောင်မင်းမခွဲနိုင်ဘူးလား” ဟုပြောလိုက်သည်။ သူ၏ဖြတ်ထိုးဉာဏ်ကြောင့် ကျွန်တော်တို့ဘေးလွတ်ခဲ့ကြရသည်။

ကျွန်တော်တို့သည် ၁၁ ကြိမ်မြောက်ဂိလဒ်ကျမ်းစာသင်တန်း၏ သင်တန်းသားများအမှန်ဖြစ်ရကြတော့မည်လော။ ယင်းသည် အံ့ဖွယ်အိပ်မက်ကဲ့သို့ဖြစ်နေတော့သည်။ မကြာမီ ယင်းအမှန်ဖြစ်ကြောင်းထင်ရှားလာခဲ့သည်။ ဂျပန်နိုင်ငံ၌ဖြစ်နိုင်ချေရှိသောသာသနာပြုလုပ်ငန်းအတွက် လေ့ကျင့်ခံရရန် ကျွန်တော်တို့၏အတန်းမှလူ ၂၅ ယောက်ကို ထိုအချိန်ကကင်းမျှော်စင်အသင်းဥက္ကဌဖြစ်သူ နာသန်၊ အိပ်ချ်၊ နောက ရွေးချယ်ခဲ့သည်။ ကျွန်တော်သည် ဂျပန်မျိုးရိုးဖြစ်ပြီး ဂျပန်စကားအနည်းအကျဉ်းပြောတတ်သဖြင့် ထိုအုပ်စုကို ဂျပန်စကားသင်ပေးရန် တာဝန်ရခဲ့သည်။ ကျွမ်းကျင်မှုသိပ်မရှိသည့်အတွက် ယင်းသည် မလွယ်ကူခဲ့ပါ။ မည်သို့ဆိုစေ ကျွန်တော်တို့အောင်မြင်ကျော်လွှားခဲ့ကြသည်။

ထိုအချိန်တွင် ကျွန်တော်တို့၏သား လွိုင် သည် ဆယ်နှစ်ရှိပြီး သမီးများဖြစ်ကြသော သဲလ်မာနှင့်စယ်လီတို့မူ ရှစ်နှစ်နှင့်ခြောက်နှစ်အသီးသီးရှိကြပြီဖြစ်သည်။ ကျွန်တော်တို့ကျောင်းတက်နေသည့်အခါ သူတို့ဘာလုပ်နေကြသနည်း။ သူတို့လည်း ကျောင်းတက်နေကြသည်။ ဘတ်စ်ကားတစ်စီးက မနက်တွင် သူတို့အားကျောင်းကြိုပြီး ညနေပိုင်းပြန်ပို့လေ့ရှိသည်။ သူတို့ကျောင်းမှပြန်ရောက်သောအခါ လွိုင်ကအသင်းမစိုက်ခင်းတွင် ညီအစ်ကိုများနှင့်အတူအလုပ်လုပ်ပြီး သဲလ်မာနှင့်စယ်လီတို့က အဝတ်လျှော်ဌာနတွင် လက်ကိုင်ပဝါခေါက်ခြင်းကိုပြုကြသည်။

မသိနားမလည်သူ၏စိတ်ကိုပြုပြင်ပေးခြင်း

ကျွန်တော်တို့ကျောင်းဆင်းသော ၁၉၄၈ ခုနှစ်၊ ဩဂုတ် ၁ ရက်နေ့ရောက်သောအခါ ကျွန်တော်တို့တာဝန်ရရန်စိတ်စောနေခဲ့ကြသည်။ ညီအစ်ကိုဟပ်စ္စလက်က သာသနာပြုများနေထိုင်ရန်နေရာကိုရှာဖွေရန် ကျွန်တော်တို့ရှေ့မှထွက်သွားနှင့်ခဲ့သည်။ နောက်ဆုံးတွင် တိုကျိုမြို့တွင် နှစ်ထပ်အိမ်တစ်လုံးကိုတွေ့ခဲ့သည်။ ၁၉၄၉ ခုနှစ်၊ ဩဂုတ် ၂၀ ရက်နေ့တွင် ကျွန်တော်တို့နေရမည့်အိမ်သို့ ကျွန်တော်တို့မိသားစုထွက်ခွာလာခဲ့ကြသည်။

ဂျပန်သို့မရောက်မီ ဤအရှေ့တိုင်းနိုင်ငံ၏အကြောင်းကို ကျွန်တော်စဉ်းစားနေခဲ့သည်။ ဂျပန်လူမျိုးများသည် မိမိတို့၏လူသားသခင်များနှင့် ဧကရာဇ်အပေါ် သစ္စာရှိခြင်းကို ကျွန်တော်စေ့စေ့ဆင်ခြင်မိသည်။ ဤလူသားအုပ်ချုပ်သူများအတွက် ဂျပန်လူမျိုးများစွာအသက်ပေးခဲ့ကြသည်။ ဒုတိယကမ္ဘာစစ်အတွင်းက ကာမီကာဇီအသေခံလေသူရဲများသည် ရန်သူ့စစ်သင်္ဘောများ၏ခေါင်းတိုင်ထဲသို့ ဗုံးအပြည့်တင်ထားသည့်မိမိတို့လေယာဉ်ကိုထိုးစိုက်ခဲ့ခြင်းဖြင့် ဧကရာဇ်အတွက်အသေခံခဲ့ကြသည်။ ဂျပန်လူမျိုးများသည် လူသားသခင်များကို ထိုမျှတိုင်သစ္စာစောင့်သိကြသည်ဆိုလျှင် စစ်မှန်သောသခင်ယေဟောဝါကိုသူတို့သိကြလျှင် မည်သို့နေကြမည်ကိုကျွန်တော်စဉ်းစားနေမိခဲ့သည်။

ဂျပန်သို့ကျွန်တော်တို့ရောက်ခါစက နိုင်ငံတစ်ခုလုံးမှ သာသနာပြုခုနစ်ယောက်နှင့် ကြေညာသူလက်တစ်ဆုပ်စာခန့်သာရှိခဲ့သည်။ ကျွန်တော်တို့အားလုံးအလုပ်စခဲ့ကြသည်။ ကျွန်တော်သည် ဘာသာစကားအသိပညာတိုးတက်ရန်ကြိုးစားခဲ့ပြီး ဘုရားသခင်ကို နှလုံးထဲကတမ်းတသူများစွာနှင့် ကျမ်းစာသင်အံမှုစတင်နိုင်ခဲ့သည်။ ထိုအချိန်ကကျမ်းစာသင်သားများစွာတို့သည် ယနေ့အထိဆက်လက်၍သစ္စာတည်ကြည်နေကြသည်။

ကျွန်တော်တို့ကလေးများနှင့်အတူသာသနာပြုလုပ်ငန်း

ကလေးငယ်သုံးဦးကိုကြည့်ရှုရင်း ကျွန်တော်တို့မည်သို့သာသနာပြုလုပ်ငန်းကို လုပ်နိုင်ကြသနည်း။ ယေဟောဝါသည် အားလုံး၏နောက်ကွယ်တွင် အစွမ်းတန်ခိုးရှင်ကြီးဖြစ်တော်မူသည်။ ကျွန်တော်တို့သည် အသင်းမထံမှ အနည်းငယ်သောစိုက်သုံးငွေကိုရခဲ့ကြပြီး မာစာကိုက ကလေးများအတွက် အဝတ်အထည်ချုပ်ပေးသည်။ ထို့အပြင် ကျွန်တော်၏မိဘများထံမှလည်း အကူအညီအချို့ရရှိခဲ့သည်။

လွိုင်သည် အဆင့်မြင့်အလယ်တန်းကျောင်းပြီးသွားသောအခါ ဂျပန်ရှိကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းဌာနခွဲရုံးတွင် ခေတ္တလုပ်အားပေးခဲ့သည်။ သို့သော် သူ့ကျန်းမာရေးပြဿနာကြောင့် ဆေးကုသမှုခံယူရန်အတွက် ဟာဝိုင်ယီသို့ပြန်ရန်သူဆုံးဖြတ်ခဲ့သည်။ သူနှင့်သူ့ဇနီးတို့သည် ယခုအခါ ကယ်လီဖိုးနီးယားတွင် ယေဟောဝါအားသစ္စာရှိစွာအမှုဆောင်နေကြသည်။ သူ့အိမ်ထောင်အားဖြင့် ကျွန်တော်တို့မြေးလေးယောက်ကောင်းချီးခံစားခဲ့ရသည်။ သူတို့အားလုံးနှစ်ခြင်းခံခဲ့ကြပြီး သူတို့ထဲမှတစ်ဦးမှာ သူ့ဇနီးနှင့်အတူ ယေဟောဝါသက်သေများ၏ကမ္ဘာ့ဌာနချုပ်ဖြစ်သော ဘရုတ်ကလင်ဗေသလအိမ်တွင် အမှုတော်ဆောင်နေသည်။

ကျွန်တော့်သမီးများဖြစ်ကြသော သဲလ်မာနှင့်စယ်လီတို့ကြီးလာကြသောအခါ သာသနာပြုများအဖြစ်သတ်မှတ်ခံရကြသည်။ သဲလ်မာသည် ယခုအခါ တိုယာမာမြို့တွင် သာသနာပြုအဖြစ်အမှုထမ်းနေသည်။ စယ်လီက သာသနာပြုညီအစ်ကိုတစ်ဦးဖြစ်သူ ရန်ထရော့စ်နှင့်လက်ထပ်လိုက်ပြီး သူတို့သည် ဂျပန်နိုင်ငံတွင် နယ်လှည့်သာသနာပြုများအဖြစ် ၂၅ နှစ်ကြာလုပ်ဆောင်လာခဲ့ကြပြီဖြစ်သည်။

မြောက်ပိုင်းမှတောင်ပိုင်းသို့

တိုကျိုတွင်နှစ်နှစ်ကြာပြီးနောက် အိုဆာကာတွင်နှစ်နှစ်ပြောင်းရွှေ့ခဲ့ရသည်။ နောက်တစ်ကြိမ်တွင် မြောက်ပိုင်းဖြစ်သော စဲန်ဒါးအီ သို့ပြောင်းရွှေ့အမှုဆောင်ရပြီး ထိုတွင် ခြောက်နှစ်ခန့်ကြာခဲ့သည်။ စဲန်ဒါးအီတွင်နေရသောကာလသည် မြောက်ဖက်အကျဆုံးဂျပန်ကျွန်းဖြစ်သည့်ဟော့ကိုင်းဒိုးကျွန်းသို့ သွားရောက်အမှုဆောင်ရန် ကျွန်တော်တို့အတွက်ဖန်တီးပေးခဲ့သည်။ ထိုဟော့ကိုင်းဒိုးကျွန်းသည် ကျွန်တော်တို့၏သမီးများ သာသနာပြုတာဝန်ကိုလက်ခံရရှိခဲ့သည့်နေရာဖြစ်သည်။ ထိုတွင် ဆောင်းတွင်းအပူချိန်မှာ တစ်ခါတစ်ရံ သုညအောက်ကျဆင်းသည့်အထိ ကျွန်တော်တို့တွေ့ကြုံခံစားခဲ့ရသည်။ ယင်းသည် အပူပိုင်းဇုန်ဖြစ်သောဟာဝိုင်ယီမှထွက်ပြီးနောက် အပြောင်းအလဲကြီးတစ်ရပ်ဖြစ်သည်။

တစ်နေ့သောအခါ အသင်းမခေါ်ဖိတ်ချက်အသစ်တစ်ရပ်ကို စာအားဖြင့်ကျွန်တော်ရရှိခဲ့သည်။ ယင်းက အမေရိကန်လက်အောက်တွင်ရှိနေသေးသည့်အိုကီနာဝါတွင် ဌာနခွဲအသစ်ဖွင့်ခိုင်းခြင်းဖြစ်သည်။ ဂျပန်နိုင်ငံ၏အေးသောမြောက်ဖက်စွန်းမှ ယခုအခါတောင်ပိုင်းအစွန်းဖြစ်သောနေရာသို့ပြောင်းရွှေ့ရခြင်းသည် ကြီးမားသောစိန်ခေါ်မှုတစ်ရပ်ဖြစ်သည်။ ကျွန်တော်ဘာလုပ်ရမည်နည်း။ ကိုယ့်ကိုယ်ကိုဘာမျှမဟုတ်ဟုခံစားရသော်လည်း ကျွန်တော်၏ထာဝရသစ္စာရှိသောဇနီးသည်နှင့်အတူ ၁၉၆၅ ခုနှစ်၊ နိုဝင်ဘာတွင် အိုကီနာဝါသို့ကျွန်တော်တို့ရောက်ခဲ့ကြသည်။ အိုကီနာဝါတွင်နေရသည့်အသက်တာသည် ဂျပန်နှင့်တူပါမည်လော။ ယဉ်ကျေးမှုကောမည်သို့နည်း။ ယေဟောဝါ၏ကယ်တင်ခြင်းသတင်းကို လူများတုံ့ပြန်ကြပါမည်လော။

ကျွန်တော်တို့ရောက်သောအခါ အိုကီနာဝါတွင် ကြေညာသူ ၂၀၀ ပင်မပြည့်ချေ။ ယခုအခါ ၂,၀၀၀ ပင်ကျော်ချေပြီ။ ပထမပိုင်းအချိန်တွင် ကျွန်တော်သည် အချိန်ပိုင်းတိုက်နယ်ကြီးကြပ်မှူးနှင့် အချိန်ပိုင်းဌာနခွဲကြီးကြပ်မှူးအဖြစ် ထမ်းဆောင်ခဲ့သည်။ ကျွန်းများသို့လှည့်လည်သွားလာရခြင်းသည် ကျွန်တော့်အတွက် ညီအစ်ကိုများနှင့်ရင်းနှီးသောဆက်ဆံရေးကို တည်ဆောက်မှုဖြစ်စေပြီး သူတို့အတွက်အမှုဆောင်ရခြင်းကို အခွင့်အရေးအဖြစ်ကျွန်တော်သတ်မှတ်ခဲ့သည်။

ပြဿနာကင်းသလော

ကျွန်တော်တို့၏သာသနာပြုလုပ်ငန်းသည် ပြဿနာလုံးဝကင်းရှင်းသည်မဟုတ်။ ၁၉၆၈ ခုနှစ်က အမေရိကန်တွင် အားလပ်ရက်ဖြင့်သွားရောက်ခဲ့စဉ်က မာစာကိုသည်ဖျားနာမှုဖြင့် ခွဲစိတ်ကုသရမည့်အခြေဆိုက်ခဲ့သည်။ သူ၏အူမတွင် အကျိတ်တစ်ခုကိုဖယ်ထုတ်ပစ်ရပြီးနောက် သိသိသာသာပြန်ကောင်းလာခဲ့သည်။ ကျွန်တော်တို့တွင် ဆေးဝါးကုသခွင့်အာမခံကြေးမရှိသဖြင့် ကျွန်တော်တို့၏တာဝန်ကို ပြန်လည်မထမ်းဆောင်နိုင်မည်ကို တွေးပူခဲ့ကြရသည်။ သို့သော် အံ့သြလောက်အောင်ပင် ယုံကြည်ခြင်းရှိကျွန်တော်တို့၏မိတ်ဆွေများက ကျွန်တော်တို့အတွက် အရာရာ၌ကူညီထောက်ပံ့ခဲ့ကြသည်။

ကျွန်တော်ကမူ ယခုအခါ ဖြစ်လေ့ရှိသောဆီးချိုရောဂါဖြင့်အသက်ရှင်နေရသည်။ လုံးဝမျက်စိမကွယ်သေးသော်လည်း ကျွန်တော့်အမြင်အာရုံသည် အလွန်ညံ့ဖျင်းနေသည်။ သို့သော် ယေဟောဝါ၏ချစ်ခင်ကြင်နာမှုကြောင့် ကျွန်တော်သည် ကင်းမျှော်စင် နှင့် နိုးလော့ မဂ္ဂဇင်းများ၏ အသံသွင်းတိပ်ခွေကိုနားထောင်ခြင်းအားဖြင့် ဝိညာဏအစာကိုမှန်မှန်စားသုံးနေနိုင်သည်။ ယုံကြည်ခြင်းရှိညီအစ်ကိုညီအစ်မများကလည်း ကျွန်တော့်အား စာပေအမျိုးမျိုးကိုဖတ်ပြခြင်းအားဖြင့် ကူညီပေးကြသည်။

ကျွန်တော်၏မှုန်ဝါးသည့်မျက်လုံးများဖြင့် မည်သို့လူထုဟောပြောချက်ပေးနိုင်သနည်း။ ကျွန်တော့်ဟောပြောချက်ကို အသံသွင်းထားပြီး အသံချဲ့စက်တွင်ပြန်ဖွင့်ပြစဉ် ကျွန်တော်ကအမူအယာလုပ်ပြခဲ့သည်။ သို့သော် ကျွန်တော့်သမီး၏အကြံပေးချက်အရ ကျွန်တော်တိုးတက်လုပ်ဆောင်နိုင်လာသည်။ ယခုအခါ ကျွန်တော့်ဟောပြောချက်များကို အသံသွင်းစက်ငယ်ကလေးတွင်အသံသွင်း၍ ကျွန်တော်၏ကြိုတင်အသံသွင်းယူထားသောဟောပြောချက်များကို သူတို့အားနားကြပ်ဖြင့်နားထောင်စေသည်။

ကျွန်တော်တို့သည် တကယ့်ပြဿနာများကိုရင်ဆိုင်ကြရသောအခါ ယေဟောဝါအားတမ်းတရန် ဘယ်တော့မျှမပျက်ကွက်ခဲ့ကြပါ။ နောက်ဆုံးတွင် ပြဿနာများကိုယေဟောဝါဖြေရှင်းပေးခြင်းဖြင့် ရရှိလာသောကောင်းချီးများသည် ပေါ်ပေါက်ခဲ့သောပြဿနာများထက် အမြဲပိုမိုကြီးမားဟန်ရှိသည်။ ကျွန်တော်တို့ကျေးဇူးတင်ခြင်းကို တင်ပြနိုင်သည့် တစ်ခုတည်းသောနည်းလမ်းမှာ ဤလုပ်ငန်းတွင်ဆက်၍ပါဝင်ခြင်းပင်ဖြစ်သည်။

အိုကီနာဝါတွင် ၂၃ နှစ်ကြာပြီးနောက် ကျွန်တော်တို့ဂျပန်သို့စဝင်ရောက်ခါစက အမှုဆောင်ခဲ့သောနယ်မြေသို့တစ်ဖန်ပြန်၍တာဝန်ကျပြန်သည်။ အသင်းမ၏ပင်မရုံးနှင့် အကြီးဆုံးသာသနာပြုအိမ်မှာ လွန်ခဲ့သည့်နှစ်ပေါင်းများစွာကတည်းက တိုကျိုမြို့တွင် ညီအစ်ကိုဟပ်စ္စလက်ဝယ်ထားသည့် မူလနှစ်ထပ်အိမ်ကြီးရှိရာနေရာတွင်ဖြစ်သည်။

ကျွန်တော်နှင့်မာစာကိုတို့အပြင် အခြား ၁၁ ယောက်သောကျွန်တော်တို့၏ဆွေမျိုးသားချင်းများသည် ဂျပန်တွင် သာသနာပြုများအဖြစ် အမှုဆောင်လျက်ရှိကြသည်။ ဗုဒ္ဓဘာသာနှင့် ရှင်တိုဘာသာယဉ်ကျေးမှုလွှမ်းမိုးရာဤကျွန်းတွင် ယေဟောဝါဖြစ်ထွန်းစေသောတိုးတက်ကြီးပွားမှုကိုတွေ့မြင်ရခြင်း အခွင့်ထူးကြီးတစ်ရပ်ဖြစ်ကြောင်း အားလုံးကယူမှတ်ကြသည်။ ဂျပန်တွင် စတင်ခဲ့သည့်လုပ်ငန်းသည် သေးသေးမွှားမွှားသာဖြစ်ခဲ့သော်လည်း ယေဟောဝါ၏တန်ခိုးတော်သည် “လူမျိုး” တစ်မျိုးမှ သတင်းကောင်းကြေညာသူ ၁၆၇,၀၀၀ ယောက်ထွက်လာစေခဲ့သည်။—ဟေရှာယ ၆၀:၂၂။

ဘုရားသခင်ကိုကျွန်တော်တမ်းတသောအခါ ကိုယ်တော်ဖြေကြားတော်မူခဲ့သည်။ ကျွန်တော့်အားကိုယ်တော်ခေါ်ဖိတ်သောအခါ မဆိုင်းမတွကျွန်တော်တုံ့ပြန်ခဲ့သည်။ ကျွန်တော်နှင့်ကျွန်တော့်ဇနီးတို့သည် ကျွန်တော်တို့လုပ်သင့်ရာများကိုသာလုပ်ခဲ့ကြကြောင်း ယူမှတ်ကြသည်။ သင်ကောမည်သို့နည်း။ သင့်ဖန်ဆင်းရှင်ခေါ်သောအခါ သင်တုံ့ပြန်သလော။

[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]

၁၉၄၂ ခုနှစ်က ဟာဝိုင်ယီတွင် တိုဟာရာမိသားစုသည်သူတို့၏ရှေ့ဆောင်အုပ်စုဝင်အချို့နှင့်အတူ

[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]

၁၉၄၈ ခုနှစ်က ဂိလဒ်ကျောင်းတွင် တိုဟာရာ၏ကလေးများ

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ခေါ်ဖိတ်ခြင်းကိုတုံ့ပြန်၍ပျော်ရွှင်ကြသော ရှင်အိချိနှင့်မာစာကိုတိုဟာရာတို့သည် သာသနာပြုလုပ်ငန်းတွင်၄၃ နှစ်ကြာအမှုဆောင်ခဲ့ကြသည်

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ