သာ၍ကြီးမားသောလုပ်ဆောင်မှု တံခါးဝ၌ ရပ်နေခြင်း
“အပြိုင်အဆိုင်စိတ်ဓာတ် မရှိပါ။ လူတိုင်းက လူတိုင်းကို အောင်မြင်စေချင်ကြတယ်” ဟူ၍ ရစ်ချာ့ဒ်နှင့် လူစီရာတို့က မိမိတို့၏ ၁၀၅ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းမှ သင်တန်းဖော်များအကြောင်း ပြောပြခဲ့ကြသည်။ “ကျွန်တော်တို့အားလုံး အတော့်ကိုကွာခြားကြပေမဲ့ သင်တန်းသားတစ်ယောက်စီဟာ တန်ဖိုးရှိတယ်။” အတန်းဖော်တစ်ဦးဖြစ်သူ လိုဝယ်လ်က သဘောတူညီ၍ ဤသို့ထပ်ဆင့်ပြောသည်– “ကျွန်တော်တို့ရဲ့ မတူညီမှုတွေက တစ်ယောက်နဲ့တစ်ယောက်ကို ပိုပြီးခင်မင်ရင်းနှီးစေခဲ့တယ်။”
၁၉၉၈ ခုနှစ်၊ စက်တင်ဘာ ၁၂ ရက်နေ့တွင် ကျောင်းဆင်းသောသင်တန်းမှာ အမှန်ပင်ခြားနားသည်။ သင်တန်းသားအချို့မှာ ဘုရားသခင့်နိုင်ငံတော်ကြေညာသူ အလွန်လိုအပ်နေသောဒေသများတွင် ရှေ့ဆောင်လုပ်ခဲ့ကြသည်; အခြားသူများမှာမူ မိမိတို့၏နေအိမ်အနီး၌ သစ္စာရှိစွာအမှုထမ်းဆောင်ခဲ့ကြ၏။ မက်တ်စ်နှင့် ရိုစ်မေရီကဲ့သို့သောသူအချို့မှာ သင်တန်းမတက်မီ အင်္ဂလိပ်ဘာသာစကားတိုးတက်ဖို့ ကြိုးစားပမ်းစားလေ့လာခဲ့ကြရ၏။ သင်တန်းသားအများစုမှာ ငယ်စဉ်ကတည်းက သာသနာပြုလုပ်ငန်းအကြောင်းကို တွေးတောခဲ့ကြ၏။ မောင်နှံစုံတစ်စုံသည် ၁၂ ကြိမ်တိုင်တိုင်လျှောက်ဖူးသည်; ၁၀၅ ကြိမ်မြောက်သင်တန်းကိုတက်ဖို့ ဖိတ်ခေါ်ခံရသည့်အခါ မည်မျှဝမ်းမြောက်လိုက်လေခြင်း!
ရက်သတ္တပတ် ၂၀ ကြာအပြင်းအထန်လေ့ကျင့်ပေးမှုမှာ ကုန်မြန်လွန်းလှသည်။ သို့နှင့် ကျောင်းသားများ မသိလိုက်မီပင် နောက်ဆုံးရေးဖြေစစ်ဆေးခြင်းနှင့် နှုတ်တိုက်တင်ပြပြောဆိုခြင်း ပြီးဆုံးသွားလေတော့သည်။ သင်တန်းဆင်းပွဲနေ့ ရောက်လာပေပြီ။ သို့နှင့် ကင်းမျှော်စင်အသင်း၏ဌာနချုပ်မှ အဖွဲ့ဝင်များ၏မေတ္တာပါသောနှုတ်ခွန်းဆက်ဆုံးမစကားပြောကြားချိန်တိုင်လာသည်။
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သော အစီအစဉ်သဘာပတိဖြစ်သူ အဲလ်ဘတ် ရှရိုးဒါက ထိုသင်တန်းသားများသည် သူတို့ထက်အရင် ဂိလဒ်ကိုတက်ရောက်ခဲ့ကြသော အခြားသူ ၇,၀၀၀ ကျော်နှင့်အတူ သူတို့သည် “သမ္မာကျမ်းစာပညာရေးနယ်ပယ်တွင် သာ၍ကြီးမားသောလုပ်ဆောင်မှု တံခါးဝ၌” ရပ်နေကြကြောင်း သတိပေးခဲ့သည်။ နွေဦးကာလအတွင်း၌ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးများကိုတက်ရန် ကမ္ဘာ့ဌာနချုပ်သို့ရောက်လာကြသော ရှေ့မီနောက်မီသာသနာပြုများနှင့်အတူ ပေါင်းသင်းရသည့်အခွင့်ထူးကို ခံစားခဲ့ကြရကြောင်း သတိပြုစေသည်။
ထို့နောက် ညီအစ်ကိုရှရိုးဒါက နံနက်ပိုင်း၌ဦးဆုံးဟောပြောမည့်သူကို မိတ်ဆက်ပေးခဲ့သည်။ ဗေသလစီမံခန့်ခွဲရေးကော်မတီဝင် မက်ခ်စ် လာစန်က အဓိကအချက်ဖြစ်သည့် “ထာဝရအသက်သို့ ပို့ဆောင်သောပညာရေး” ကိုဖော်ပြခဲ့၏။ ညီအစ်ကိုလာစန်က “ပညာရှိသောသူသည် နားထောင်သဖြင့် ပညာအတတ်တိုးပွား၍ ဉာဏ်ကောင်းသောသူသည် ကျွမ်းကျင်စွာညွှန်ကြားလာတတ်၏” ဟုဖော်ပြထားသော နယပုံပြင် ၁:၅ (ကဘ) ကိုကိုးကားခဲ့သည်။ ထိရောက်သောသာသနာပြုတစ်ဦးဖြစ်ဖို့ ကျွမ်းကျင်ရန်လိုသည်။ ကျွမ်းကျင်သူများသည် ရှင်ဘုရင်၏အမှုတော်ကို ထမ်းရွက်ရ၏။ (သု. ၂၂:၂၉) ငါးလကြာသွန်သင်ခြင်းခံရပြီးနောက် သင်တန်းသားများသည် အကြီးမြတ်ဆုံးမင်းများဖြစ်သော ယေဟောဝါဘုရားသခင်နှင့် ခရစ်တော်ယေရှုအား ကိုယ်စားပြု၍ မိမိတို့တာဝန်ကျရာနေရာများသို့သွားကြရန် ကောင်းစွာပြင်ဆင်ခြင်းခံရလေသည်။
ဝန်ဆောင်ဌာနကော်မတီမှ ဒေးဗစ် အိုလ်ဆင်က “ကူညီပြီး ယေဟောဝါ၏နှလုံးရွှင်ပြုံးစေ” ဟူသောနောက်အကြောင်းအရာကို ဟောပြောခဲ့သည်။ သူ ဤသို့မေးသည်– “မစုံလင်သူများက ဘုရားသခင့်နှလုံးကို မည်သို့ရွှင်ပြုံးစေနိုင်မည်နည်း။” အဖြေကား အဘယ်နည်း။ သူတို့သည် ကိုယ်တော်အား စွဲစွဲမြဲမြဲ သစ္စာရှိရှိ ပျော်ရွှင်စွာ အမှုထမ်းနိုင်သည်။ ယေဟောဝါသည် မိမိအား အမှုတော်ထမ်းရာတွင် ပျော်ရွှင်မှုရှိစေလိုတော်မူသည်။ ဘုရားသခင့်အလိုတော်ကို ရွှင်လန်းအားရစွာ ကျွန်ုပ်တို့လုပ်ဆောင်ကြသောအခါ ကိုယ်တော်၏နှလုံးကိုရွှင်လန်းစေသည်။ (သု. ၂၇:၁၁) ညီအစ်ကိုအိုလ်ဆင်သည် ၁၀၄ ကြိမ်မြောက်ဂိလဒ်သင်တန်းဆင်းသူ သာသနာပြုမောင်နှံစုံတစ်စုံ၏စာကို ဖတ်ပြခဲ့သည်။ သူတို့မှာ တာဝန်ကျရာနေရာသစ်တွင် ပျော်ရွှင်နေကြပါသလော။ သူတို့၏အသင်းတော်နှင့်ပတ်သက်၍ “ကြေညာသူ ၁၄၀ ခန့်ရှိပြီး ပျမ်းမျှ [အစည်းအဝေး] တက်ရောက်သူအရေအတွက်မှာ ၂၅၀ မှ ၃၀၀ ကြားရှိသည်” ဟူ၍သူတို့ရေးသားခဲ့၏။ “လယ်ကွင်းလုပ်ငန်းတော်မှာ အကောင်းဆုံးဖြစ်သည်။ ကျွန်တော်တို့တစ်ယောက်စီတွင် သင်အံမှုလေးခုစီရှိပြီး အချို့တို့မှာ အစည်းအဝေးတက်ရောက်နေကြပြီ။” ၁၀၅ ကြိမ်မြောက်သင်တန်းဆင်းများလည်း အလားတူကောင်းချီးများ ခံစားရနိုင်ဖွယ်ရှိသည်။
အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ လိုင်မယ်န် စွင်ဂယ်လ်က “ခေတ္တရပ်ဆိုင်း၍ သင်၏ကောင်းချီးများကို ရေတွက်ချိန်” အကြောင်း ဟောပြောခဲ့သည်။ ဂိလဒ်သင်တန်းသည် ကောင်းချီးများစွာရရှိစေ၏။ ယင်းက သင်တန်းသားများကို အသိပညာတိုးစေပြီး ယေဟောဝါ၏အဖွဲ့အစည်းအပေါ် တန်ဖိုးထားလေးမြတ်မှုတိုးပွားစေရုံမက နှိမ့်ချခြင်းအစရှိသော အရေးပါသည့်အရည်အချင်းများမွေးမြူရန် ကူညီပေးသည်။ “ဤနေရာသို့လာပြီး သွန်သင်ပို့ချမှုခံယူခြင်းသည် နှိမ့်ချမှုတစ်ခုပင်ဖြစ်သည်” ဟုညီအစ်ကိုစွင်ဂယ်လ်က ပြောဆိုကာ ဆက်၍ဤသို့ဆိုသည်– “ဤနေရာမှထွက်သွားသောအခါ ယေဟောဝါ၏ဘုန်းတော်ကိုထင်ရှားရန် အရည်အချင်းသာ၍ရှိနေမည်။”
“သင့်ရွှင်လန်းမှု ဤမျှကြီးမားရာ—အဘယ်ကြောင့် စိုးရိမ်ပူပန်ရမည်နည်း” ဟူသောခေါင်းစဉ်ဖြင့် အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ဒယ်နီယယ် ဆစ်ဒလစ်ခ်ကဟောပြောခဲ့သည်။ ပြဿနာများပေါ်ပေါက်လာသောအခါ သမ္မာကျမ်းစာမှ အကူအညီကိုရှာဖွေ၍ ယင်းတို့ကို စဉ်းစားတွေးတောရန် သူက တိုက်တွန်းခဲ့သည်။ မဿဲကျမ်း အခန်းကြီး ၆ မှရွေးချယ်ထားသောအခန်းငယ်များကို အသုံးပြု၍ ညီအစ်ကိုဆစ်ဒလစ်ခ်က ယင်းကို မည်သို့ပြုနိုင်ကြောင်း ဖော်ပြခဲ့သည်။ ယုံကြည်ခြင်းကင်းမဲ့မှုက အစားအသောက်နှင့် အဝတ်အစားကဲ့သို့သော သာမန်ကိစ္စများအတွက် စိုးရိမ်ပူပန်စေနိုင်သည်။ သို့သော် ကျွန်ုပ်တို့လိုအပ်ရာကို ယေဟောဝါသိတော်မူ၏။ (မဿဲ ၆:၂၅၊ ၃၀) စိတ်ပူပန်ခြင်းက နေ့စဉ်ဖြစ်ပျက်သည့်အခက်အခဲများကို တိုးပွားရုံသာဖြစ်စေလိမ့်မည်။ (မဿဲ ၆:၃၄) အခြားတစ်ဖက်တွင်မူ ကြိုတင်စီစဉ်ဖို့လိုသည်။ (လုကာ ၁၄:၂၈ နှိုင်းယှဉ်။) “ယေရှုတားမြစ်သည်မှာ အနာဂတ်အတွက် ပညာရှိရှိစဉ်းစားတွေးတောခြင်းမဟုတ်ဘဲ ယင်းအတွက် ပညာမဲ့စွာစိုးရိမ်ပူပန်ခြင်းဖြစ်၏” ဟုညီအစ်ကိုဆစ်ဒလစ်ကရှင်းပြသည်။ “စိုးရိမ်ပူပန်မှုအတွက် အကောင်းဆုံးဆေးသည် လုပ်ဆောင်ခြင်းဖြစ်သည်။ စိုးရိမ်ပူပန်လာသောအခါ သမ္မာတရားအကြောင်း စတင်ပြောဆိုလျှင်ကောင်း၏။”
သွန်သင်ပို့ချသူတို့ထံမှ နှုတ်ခွန်းဆက်သွန်သင်ချက်
ဂိလဒ်ကျောင်းဆရာသုံးဦး၏ ဟောပြောချက်များကိုဆက်ကြားရသည်။ ဦးဆုံး ကားလ်အယ်ဒမ်စ်က “ယေဟောဝါထံ အဘယ်ကျေးဇူးဆပ်မည်နည်း” အကြောင်းကို ဟောပြောခဲ့သည်။ သူ၏ဟောပြောချက်သည် ယေရှုမသေဆုံးမီညက ကိုယ်တော်သီဆိုခဲ့မည်ဖြစ်သော ဆာလံအခန်းကြီး ၁၁၆ ပေါ်အခြေခံထား၏။ (မဿဲ ၂၆:၃၀၊ အောက်ခြေမှတ်ချက်) “ငါ၌ထာဝရဘုရားပြုတော်မူသော ကျေးဇူးအလုံးစုံတို့ကို အဘယ်သို့ဆပ်ရမည်နည်း” ဟုယေရှုသီဆိုရာတွင် ကိုယ်တော်၏စိတ်ထဲ၌ အဘယ်အရာရှိမည်ကို ကျွန်ုပ်တို့မသိပါ။ (ဆာလံ ၁၁၆:၁၂) ကိုယ်တော်သည် အမှန်ပင်ထူးမြတ်သောကောင်းချီးဖြစ်သည့် ယေဟောဝါပြင်ဆင်ပေးတော်မူသော မိမိ၏စုံလင်သည့်ကိုယ်ခန္ဓာအကြောင်း စဉ်းစားနေပေမည်။ (ဟေဗြဲ ၁၀:၅) နောက်တစ်နေ့တွင် ထိုကိုယ်ခန္ဓာကို ပူဇော်သကာအဖြစ်ပေးဆက်ပြီး ကိုယ်တော်၏မေတ္တာအတိမ်အနက်ကို ဖော်ပြပေမည်။ ၁၀၅ ကြိမ်မြောက် သင်တန်းသားများသည် ယေဟောဝါ၏ကောင်းမြတ်ခြင်းကို လွန်ခဲ့သောငါးလအတွင်း မြည်းစမ်းခဲ့ကြရသည်။ ယခု သူတို့သည် သာသနာပြုရန် တာဝန်ကျရာနေရာတွင် ကြိုးစားလုပ်ဆောင်ခြင်းဖြင့် ဘုရားသခင်အပေါ် မိမိတို့၏မေတ္တာကိုပြသကြပေလိမ့်မည်။
ဟောပြောသည့် ဒုတိယဂိလဒ်သင်တန်းဆရာ မာ့ခ်နူမဲရ်က သင်တန်းသားများအား “မှန်သောအရာကို ဆက်လက်လုပ်ကိုင်” ကြရန်အကြံပေးသွားသည်။ ကျွန်အဖြစ်ရောင်းစားခံရပြီးနောက် ယောသပ်သည် ၁၃ နှစ်တိုင်တိုင် အီဂျစ်ပြည်တွင် မတရားသဖြင့်ဆက်ဆံခံခဲ့ရသည်။ အခြားသူများ၏အမှားများက သူ့အား အမှုတော်ဆက်မဆောင်ရန်ဖြစ်စေခဲ့ပါသလော။ မှန်ကန်ရာကို သူဆက်လက်လုပ်ဆောင်ခဲ့သည်။ ထို့နောက် ဘုရားသခင်သတ်မှတ်ချိန်၌ ယောသပ်သည် စမ်းသပ်ခံရသည့်အဖြစ်မှ လွတ်မြောက်ခဲ့သည်။ ထောင်ထဲတွင်နေထိုင်ရခြင်းမှ နန်းတော်တွင်နေထိုင်ရသည့် အခြေအနေသို့ ရုတ်တရက်ပြောင်းသွားခဲ့သည်။ (ကမ္ဘာဦး အခန်းကြီး ၃၇-၅၀) သင်တန်းဆရာက မိမိ၏သင်တန်းသားများကို ဤသို့မေးသည်– သင်တာဝန်ကျရာနေရာတွင် ထင်သည့်အတိုင်းမဖြစ်ပါက သင်နုတ်ထွက်လိုက်မည်လော။ စိတ်ဓာတ်ကျဆင်း၍ လက်လျှော့အရှုံးပေးလိုက်မည်လော။ သို့မဟုတ် ယောသပ်ကဲ့သို့ပင် သင်ခံရပ်တည်ကြည်မည်လော။
နောက်ဆုံး၌ ဂိလဒ်ကျောင်း၏မော်ကွန်းထိန်းဖြစ်သူ ဝေါလ်လေးစ် လစ်ဗာရိန်စ်က “ဘုရင်နှင့် [ဘုရားသခင့်] နိုင်ငံတော်ကိုကြေညာကြ” ဟူသောအဓိကအချက်အပေါ်မူတည်၍ သင်တန်းသားများနှင့် အပြန်အလှန်ဆွေးနွေးခန်းတစ်ခုကို ကြီးမှူးခဲ့သည်။ သင်တန်းသားအချို့က တစ်အိမ်မှတစ်အိမ်၊ စတိုးဆိုင်တစ်ဆိုင်မှတစ်ဆိုင်နှင့် လမ်းများပေါ်တွင်ဟောပြောစဉ် ကြုံတွေ့ခဲ့ရသောအဖြစ်အပျက်များကို ပြောပြခဲ့ကြ၏။ အခြားသူများမူ ဘာသာခြားစကားပြောဆိုသူတို့အား မည်သို့သက်သေခံခဲ့ကြောင်းပြောပြခဲ့သည်။ ဆက်လက်၍ အခြားသူတို့က ဘာသာရေးနောက်ခံအမျိုးမျိုးရှိသူတို့အား မည်သို့ဟောပြောကြောင်း တင်ပြခဲ့ကြ၏။ သင်တန်းဆင်းသူအားလုံးတို့သည် သာသနာပြုလယ်ကွင်းတွင် ဓမ္မအမှုကို အပြည့်အဝဆောင်ရွက်ရန် စိတ်အားထက်သန်နေကြသည်။
ပျော်ရွှင်သော ရှေ့မီနောက်မီသာသနာပြုများ
“သာသနာပြုလုပ်ငန်းမှ ရရှိသောပျော်ရွှင်စရာရလဒ်များ” ဟူသည့်ခေါင်းစဉ်ဖြင့် ရောဘတ် ဝေါလန်တင်ဆက်သည့်အပိုင်းတွင် အတွေ့အကြုံရှိသောသာသနာပြုများနှင့် တည်ဆောက်မှုဖြစ်စေသည့်ပေါင်းသင်းမှုကို မကြာသေးမီကရရှိခဲ့သော ဌာနချုပ်ရှိအမှုထမ်းအဖွဲ့ဝင် ညီအစ်ကိုလေးဦးကို လူတွေ့မေးမြန်းခဲ့သည်။ ထိုသာသနာပြုများက ဘာသာစကားအသစ်တစ်ခုကို သင်ယူရန်၊ အခြားယဉ်ကျေးမှုတစ်မျိုးသို့ ပြုပြင်ပြောင်းလဲရန် သို့မဟုတ် မိမိကျင့်သားမရှိသောရာသီဥတုအောက်နေတတ်ရန် မလွယ်ကူကြောင်း ချက်ချင်းသဘောတူဝန်ခံခဲ့ကြသည်။ ထို့နောက် အိမ်ကိုလွမ်းသောစိတ်ကို ချိုးနှိမ်ရခြင်းလည်းရှိသည်။ တစ်ခါတစ်ရံ ကျန်းမာရေးပြဿနာများ ဝင်လာပြန်သည်။ သို့သော် ယင်းတို့အားလုံးကြားတွင် သာသနာပြုများသည် အပြုမြင်သဘောထားကို ထိန်းသိမ်းထားကြရာ သူတို့၏ဇွဲကြောင့် ကောင်းချီးခံစားကြရ၏။ အချို့တို့မှာ များစွာသောသူတို့ကို ယေဟောဝါအား သိကျွမ်းလာစေခဲ့ကြပြီ။ အခြားသူတို့သည် နည်းလမ်းအမျိုးမျိုးဖြင့် သူတို့၏နယ်မြေများတွင် ဘုရားသခင့်နိုင်ငံတော်လုပ်ငန်းကို ထူးကဲစွာတိုးတက်စေရာ၌ ပါဝင်ခဲ့ကြသည်။ ဤသာသနာပြုအားလုံးတို့သည် အမှန်ပင်ပျော်ရွှင်ကြသူများ ဖြစ်ကြသည်တကား!
နောက်ဆုံးဟောပြောသူမှာ အုပ်ချုပ်ရေးအဖွဲ့ဝင်ဖြစ်သူ ကယ်ရီ ဘာဘာဖြစ်သည်။ သူက “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” စည်းဝေးကြီးအစီအစဉ်မှ ပေါ်လွင်ချက်များကို ပြန်ပြောင်းဆင်ခြင်ခဲ့၏။ “စည်းဝေးကြီးအစီအစဉ်သည် ယေဟောဝါနှင့်သင်၏ဆက်ဆံရေးအပေါ် အဘယ်အကျိုးသက်ရောက်သနည်း” ဟုသူက ပရိသတ်အားမေးမြန်းခဲ့သည်။ ဟောပြောသူက ဘုရားသခင့်လမ်းစဉ်ကိုလိုက်လျှောက်ခြင်းဖြင့် ရရှိသောကောင်းချီးနှင့် လောကလမ်းစဉ်ကိုလိုက်ခြင်း၏ နိဂုံးချုပ်ဘေးဆိုးကို နှိုင်းယှဉ်၍ပြသခဲ့၏။ မေရိဘအရပ်၌ မောရှေ၏ပြစ်မှားမှုကိုကိုးကား၍ သူက ဤသို့သတိပေးခဲ့သည်– “လူတစ်ဦးသည် နှစ်ချီပြီး သစ္စာရှိရှိအမှုဆောင်သည့်တိုင် ယေဟောဝါ၏တရားမျှတသောဥပဒေကို အနည်းငယ်ချိုးဖောက်ခြင်းကို ကိုယ်တော်သည် ပေါ့ပေါ့တန်တန်သဘောမထားချေ။” (တောလည်ရာ ၂၀:၂-၁၃) နေရာတိုင်းရှိ ဘုရားသခင့်ကျေးကျွန်အားလုံးသည် လုပ်ငန်းတော်၏ တန်ဖိုးရှိအခွင့်အရေးများကို စွဲမြဲစွာဆုပ်ကိုင်ထားနိုင်ကြပါစေ!
သင်တန်းသားများသည် သူတို့၏ဒီပလိုမာများကို လက်ခံယူဖို့အချိန်ရောက်လာပေပြီ။ ထို့နောက် သင်တန်းကို ကိုယ်စားပြုသူတစ်ဦးက သင်တန်းသားများရရှိခဲ့သော လေ့ကျင့်သွန်သင်မှုအတွက် ကျေးဇူးတင်လေးမြတ်ကြောင်းကို ဖော်ပြသည့် နှလုံးထိမိသောစာတစ်စောင်ကို ဖတ်ပြလေ၏။ နိဂုံးချုပ်သီချင်းဆို၍ လှိုက်လှိုက်လှဲလှဲဆုတောင်းပြီးနောက် သင်တန်းဆင်းပွဲပြီးဆုံးသွားသည်။ သို့သော် ၁၀၅ ကြိမ်မြောက်သင်တန်းသားများအတွက် အစမျှသာရှိသေးသည်။ အကြောင်းမူကား ဤသာသနာပြုအသစ်များသည် “သာ၍ကြီးမားသောလုပ်ဆောင်မှု တံခါးဝ၌” ရပ်နေကြခြင်းဖြစ်သည်။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြု နိုင်ငံအရေအတွက်– ၉
တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၁၇
ကျောင်းသား/သူအရေအတွက်– ၄၈
ဇနီးမောင်နှံအရေအတွက်– ၂၄
ပျမ်းမျှအသက်– ၃၃
ပျမ်းမျှအမှန်တရားတွင်းသက်တမ်း– ၁၆
ပျမ်းမျှအချိန်ပြည့် အမှုဆောင်သက်တမ်း– ၁၂
[စာမျက်နှာ ၂၄ ပါ လေးထောင့်ကွက်]
အချိန်ပြည့်လုပ်ငန်းတော်ကို သူတို့ ရွေးချယ်ခဲ့ကြ
“ကျွန်တော်အသက်နည်းနည်းငယ်တုန်းက ရှေ့ဆောင်လုပ်ဖို့ အစီအစဉ်မရှိခဲ့ဘူး” ဟူ၍ ၁၀၅ ကြိမ်မြောက်သင်တန်းမှ သင်တန်းဆင်းတစ်ဦးဖြစ်သူ ဘဲန်ကပြောသည်။ “အထူးစွမ်းပကားရှိသူတွေနဲ့ အခြေအနေပေးသူတို့သာ ရှေ့ဆောင်လုပ်နိုင်လိမ့်မယ်လို့ ကျွန်တော်ထင်ခဲ့တယ်” ဟုသူထပ်ဆင့်ပြောသည်။ “ဒါပေမဲ့ လယ်ကွင်းလုပ်ငန်းတော်ကို ချစ်မြတ်နိုးတတ်လာခဲ့တယ်။ ဒီလိုနဲ့ တစ်နေ့တော့ ရှေ့ဆောင်ဆိုရင် အမှုတော်ဆောင်ရာမှာ သာ၍ပါဝင်နိုင်မယ်ဆိုတာကို ကျွန်တော်သိလာရတယ်။ အဲဒီအချိန်မှာ ရှေ့ဆောင်ဖြစ်ရင် ကျွန်တော်ပျော်နိုင်မယ်ဆိုတာကို သိလာတယ်။”
“ကျွန်မတို့အိမ်မှာ အချိန်ပြည့်အမှုဆောင်တွေကို အမြဲပဲတန်ဖိုးထားလေးမြတ်ကြတယ်” ဟူ၍ လူစီရာကပြောပြသည်။ အသင်းတော်သို့ သာသနာပြုများရောက်လာတိုင်းနှင့် သာသနာပြုများသည် သူတို့တာဝန်ကျရာနေရာများကို သံယောဇဉ်ရှိကြပုံတို့က အသင်းတော်တစ်ခုလုံးကို စိတ်အားတက်ကြွစေခဲ့ကြောင်း အားရှိပါးရှိပြန်ပြောပြသည်။ “ကျွန်မကြီးပြင်းလာနေစဉ်မှာ အချိန်ပြည့်လုပ်ငန်းတော်ဟာ ကျွန်မရဲ့အစီအစဉ်မှာပါဝင်မယ်ဆိုတာ နားလည်ပြီးသားဖြစ်တယ်။”
သီအိုဒစ္စ ၁၅ နှစ်အရွယ်တွင် သူ၏မိခင်သေဆုံးခဲ့သည်။ “အဲဒီအချိန်မှာ အသင်းတော်ဟာ ကျွန်တော့်အတွက် တကယ့်ကို ထောက်ပံ့မှုဖြစ်ခဲ့တယ်၊ ဒါကြောင့် ‘ကျေးဇူးတင်တယ်ဆိုတာကို ငါဘယ်လိုပြနိုင်မလဲ’ လို့ကျွန်တော့်ကိုယ် ကျွန်တော်မေးကြည့်ခဲ့တယ်” ဟူ၍ သူကပြောပြသည်။ ယင်းကြောင့် အချိန်ပြည့်လုပ်ငန်းတော်ကိုလုပ်ပြီး ယခု သာသနာပြုလုပ်ငန်းတွင် ပါဝင်နေခြင်းဖြစ်၏။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်း၏ ၁၀၅ ကြိမ်မြောက်သင်တန်း
အောက်ပါစာရင်းတွင် အတန်းများကို ရှေ့တန်းမှနောက်တန်းသို့ရေတွက်ပြီး အမည်များကို လက်ဝဲမှလက်ယာဘက်သို့ စီထားသည်။
(1) Sampson, M.; Brown, I.; Heggli, G.; Abuyen, E.; Desbois, M.; Pourthié, P. (2) Kassam, G.; Lindberg, R.; Dapuzzo, A.; Taylor, C.; LeFevre, K.; Walker, S.(3) Baker, L.; Pellas, M.; Woggon, E.; Böhne, C.; Asplund, J.; Haile, J. (4) Pourthié, T.; Whittaker, J.; Palmer, L.; Norton, S.; Gering, M.; Haile, W. (5) Walker, J.; Böhne, A.; Groenveld, C.; Washington, M.; Whittaker, D.; Abuyen, J. (6) Gering, W.; Washington, K.; Pellas, M.; Des- bois, R.; Heggli, T.; Asplund, Å. (7) Woggon, B.; LeFevre, R.; Taylor, L.; Brown, T.; Groenveld, R.; Palmer, R. (8) Norton, P.; Sampson, T.; Baker, C.; Lindberg, M.; Kassam, M.; Dapuzzo, M.