မိသားစုအတွက်လက်တွေ့ကျအကူအညီ
“တရားနည်းလမ်းကျကျပြောရမည်ဆိုလျှင် အမေရိကန်တွင်မိသားစုအကျပ်အတည်း ပေါ်ပေါက်နေပါသည်။ ကွာရှင်းသည့်နှုန်း၊ လက်မထပ်ဘဲ ကလေးမွေးဖွားသည့် စာရင်းအင်း၊ [နှင့်] လူငယ်များနှင့် အိမ်ထောင်ဖက်တို့ကို မတော်မတရားပြုမှုများကိုထောက်၍ အခြားကောက်ချက်ချစရာအကြောင်းမရှိပါ။”
အမေရိကန်ပြည်ထောင်စုမှ ရုပ်မြင်သံကြားသတင်းကြေညာသူ တောမ် ဘရိုကာ၏ ဤစကားများသည် နိုင်ငံအတော်များများနှင့် သက်ဆိုင်နိုင်ပါသည်။ ဤအရေးကိစ္စက အဘယ်အဓိပ္ပာယ်ရှိသနည်း။
နည်းလမ်းများစွာတွင် မိသားစုသည် လူ့အဖွဲ့အစည်း၏ အခြေခံအစိတ်အပိုင်းတစ်ခုဖြစ်သည်။ မိသားစုသည် အခက်အခဲတွေ့နေလျှင် လူ့အဖွဲ့အစည်းလည်း အခက်အခဲတွေ့စမြဲပင်။ ထို့ပြင် မိသားစုသည် သားသမီးများအတွက် စိတ်ပိုင်းဆိုင်ရာနှင့် ငွေရေးကြေးရေးဆိုင်ရာ အထောက်အပံ့၏ရင်းမြစ်ဖြစ်သည်။ ထိုတွင် ဘဝအတွက်ပထမဆုံးနှင့် အရေးအပါဆုံးသင်ခန်းစာများကို သင်ယူကြသည်။ မိသားစုသည် အခက်အခဲတွေ့နေလျှင် သားသမီးများသည် အဘယ်အရာကိုသင်ယူနေကြသနည်း။ သူတို့၏ လုံခြုံမှုကား အဘယ်မှာနည်း။ အဘယ်သို့သောလူကြီးများအဖြစ် သူတို့ကြီးပြင်းလာကြမည်နည်း။
ဤအကျပ်အတည်းကာလတွင် မိသားစုအတွက် အကူအညီတစ်စုံတစ်ရာရှိပါသလော။ ရှိပါသည်။ မိသားစုဟူသည် ဘုရားသခင်ကိုယ်တိုင်တည်ထောင်ထားသော အဖွဲ့အစည်းတစ်ခုဖြစ်၏။ (ကမ္ဘာဦး ၁:၂၇၊ ၂၈) ကိုယ်တော်၏နှုတ်မြွက်စကားတော် သမ္မာကျမ်းစာတွင် မိသားစုအတွက်မရှိမဖြစ်သော လမ်းညွှန်မှုကိုလည်းပေးထားသည်။ (ကောလောသဲ ၃:၁၈-၂၁) အဖွဲ့အစည်းတစ်ခုလုံးကို ကျွန်ုပ်တို့ပြောင်းလဲ၍မရနိုင်သည်မှာမှန်သော်လည်း သမ္မာကျမ်းစာ၏အကြံပြုချက်ကို မိမိတို့၏မိသားစုတွင် ကျင့်သုံးနိုင်ပါသည်။ ထိုသို့ပြုလုပ်ခဲ့ကြရာ ကောင်းကျိုးခံစားခဲ့ကြရသူအချို့အကြောင်း ပြောပြလိုပါသည်။
လင်မယားကွာရှင်းမှုကိုတားဆီးခြင်း
နိုင်ငံများစွာတွင် အိမ်ထောင်အားလုံးတို့မှ ၅၀ ရာခိုင်နှုန်းခန့် ကွာရှင်းပြတ်စဲကြသည်။ ယင်းသည် ဆက်ဆံရေး အကြီးအကျယ်ပျက်ပြားခြင်းပါတကား! မှန်ပါသည်၊ ထိုအကြောင်းကြောင့် ကြင်ဖော်မဲ့မိဘဖြစ်ခဲ့ရသူများစွာတို့သည် သူတို့၏သားသမီးများကို အောင်မြင်စွာမွေးမြူပြုစုခဲ့ကြသည်။ သို့ရာတွင် မောင်နှံစုံတစ်စုံသည် သူတို့၏အခက်အခဲများကိုဖြေရှင်းကာ အတူတကွနေထိုင်နိုင်လျှင် သာ၍ကောင်းမည်ဟု လူအများ အမှန်ပင်သဘောတူကြပေမည်။
စော်လမွန်ကျွန်းစုမှ မောင်နှံစုံတစ်စုံ၏အိမ်ထောင်ရေး ပြိုကွဲဖို့အကြောင်းရှိနေသည်။ အကြီးအမှူးတစ်ဦး၏သားဖြစ်သည့် လင်ယောက်ျားမှာ အကြမ်းဖက်ပြီး အကျင့်ဆိုးများစွာရှိသည်။ သူ့ဇနီးဖြစ်သူအတွက် ဘဝမှာခက်ခဲလွန်းသဖြင့် သေကြောင်းကြံစည်ခဲ့သည့်အထိဖြစ်သည်။ ထို့နောက် လင်သားဖြစ်သူက ယေဟောဝါသက်သေများနှင့် သမ္မာကျမ်းစာကိုလေ့လာရန် သဘောတူလိုက်သည်။ ဘုရားသခင့်စိတ်တော်နှင့် တွေ့လိုသူမည်သူမဆိုသည် အမှားကိုသိရုံမက “မကောင်းသောအရာကိုမုန်း” ရမည်ကို သူသိနားလည်လာသည်။ (ဆာလံ ၉၇:၁၀၊ ကဘ) ထိုတွင် လိမ်လည်ခြင်း၊ ခိုးခြင်း၊ အကြမ်းဖက်ခြင်းနှင့် သောက်ကြူးခြင်းစသည့်အရာများကိုမုန်းခြင်းပါဝင်သည်။ ယင်းကိုနှလုံးသွင်းပြီး မကြာမီ သူ၏အကျင့်ဆိုးများနှင့် ကြမ်းတမ်းသည့်စိတ်ကို ထိန်းချုပ်လာလေသည်။ ဇနီးဖြစ်သူမှာ သူ၏ပြောင်းလဲမှုကိုအံ့အားသင့်ကာ ဘုရားသခင့်နှုတ်မြွက်စကားတော်၏ ဩဇာလွှမ်းမိုးမှုကြောင့် သူတို့၏အိမ်ထောင်ရေးသည် အကြီးအကျယ်တိုးတက်လာသည်။
တောင်အာဖရိကမှ ယေဟောဝါသက်သေအမျိုးသမီးတစ်ဦးသည် သူ၏အလုပ်ရှင်ဇနီးမောင်နှံတို့ ကွာရှင်းဖို့ကြံရွယ်နေကြကြောင်း ကြားသိခဲ့သည်။ သက်သေခံဖြစ်သူသည် အလုပ်ရှင်အား အိမ်ထောင်မင်္ဂလာအပေါ် ဘုရားသခင်ရှုမြင်ပုံကိုပြောပြကာ မိသားစုပျော်ရွှင်မှု၏လျှို့ဝှက်ချက် အမည်ရှိစာအုပ်ကို သူ့အားပြခဲ့သည်။ ယေဟောဝါသက်သေများထုတ်ဝေသော ဤစာအုပ်တွင် အိမ်ထောင်မင်္ဂလာနှင့်သက်ဆိုင်သော ကျမ်းစာမူများကိုဖော်ပြထားပြီး အခက်အခဲများကိုဖြေရှင်းနိုင်ရန် မောင်နှံစုံများအား ကျမ်းစာကမည်သို့ကူညီကြောင်း အလေးပေးဖော်ပြထားသည်။ အလုပ်ရှင်မောင်နှံစုံတို့သည် ထိုစာအုပ်ကိုဖတ်ရှုခဲ့ကြပြီးနောက် ထိုတွင်ဖော်ပြထားသော ကျမ်းစာအကြံပြုချက်ကို လက်တွေ့ကျင့်သုံးရန် စိတ်ရင်းမှန်ဖြင့်ကြိုးစားကြလေသည်။ အကျိုးဆက်အနေနှင့် လင်မယားကွာရှင်းမှုမပြုရန် သူတို့ဆုံးဖြတ်ခဲ့ကြရာ ကျမ်းစာမူများကျင့်သုံးခြင်းကြောင့် နောက်ထပ်အိမ်ထောင်တစ်ခု မပြိုကွဲခဲ့ချေ။
ကွဲပြားသောဘာသာရေးများ
ဘာသာမတူသည့် အိမ်ထောင်ဖက်များ၏ အိမ်ထောင်ကော အသို့နည်း။ ယုတ္တိတန်စွာဖြင့် သမ္မာကျမ်းစာက “သခင်ဘုရား၌သာ” အိမ်ထောင်ပြုကြရန် ခရစ်ယာန်များကိုအကြံပြုထားသည်။ (၁ ကောရိန္သု ၇:၃၉) သို့သော် တစ်ခါတစ်ရံ အိမ်ထောင်ဖက်တစ်ဦးသည် ဘာသာပြောင်းလိုက်သည်။ ယင်းကြောင့် အိမ်ထောင်ကို ပြတ်စဲဖို့လိုသလော။ လုံးဝမလိုပါ။
ဘော့စ်ဝါးနားတွင် မကြာသေးမီက ယေဟောဝါသက်သေတစ်ဦးဖြစ်လာသည့် အမျိုးသမီးတစ်ဦးကို သူ၏ယုံကြည်ခြင်းအသစ်က သူ့ကိုမည်သို့ပြောင်းလဲစေခဲ့ကြောင်း မေးမြန်းခဲ့သည်။ သူက ခင်ပွန်းအား ဖြေဆိုပေးပါဟုတောင်းဆိုရာ ဤသို့အဖြေရသည်– “ကျွန်တော့်မိန်းမ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာကတည်းက အကောင်းဘက်ပြောင်းလဲလာတာ အများကြီးတွေ့ရတယ်။ အခုဆိုရင် အရင်ကသူ့မှာမရှိခဲ့တဲ့ တည်ငြိမ်မှုနဲ့ အမြော်အမြင်ရှိတဲ့ခွန်အားရှိလာတယ်။ ခုချိန်ထိ ကျွန်တော်မဖြတ်နိုင်သေးတဲ့ဆေးလိပ်ကို ဖြတ်နိုင်တဲ့ခွန်အားနဲ့ ခံယူချက်သူ့မှာရှိတယ်။ ကျွန်တော့်မိန်းမဟာ သားသမီးတွေနဲ့ ကျွန်တော့်ကိုသာမက တခြားသူတွေကိုပါ ပိုပြီးချစ်ခင်ကြင်နာလာတယ်။ ပိုပြီးသည်းခံတတ်လာတယ်၊ အထူးသဖြင့် သားသမီးတွေကိုပေါ့။ အခြားသူတွေရဲ့ဘဝတိုးတက်လာအောင် ကြိုးစားကူညီဖို့ ခရစ်ယာန်ဓမ္မအမှုမှာအချိန်သုံးတာတွေ့ရတယ်။ ကျွန်တော်ကိုယ်တိုင်လည်း အကောင်းဘက်ပြောင်းလဲလာတာတွေ့ရတယ်။ ဒါတွေအားလုံးဟာ သူ့ရဲ့ပုံသက်သေကြောင့်လို့ ကျွန်တော်ယုံတယ်။” ဤအိမ်ထောင်အပေါ် ကျမ်းစာမူများ ကောင်းကျိုးသက်ရောက်ခဲ့ခြင်းပင်! သက်သေခံမဟုတ်သူများစွာတို့သည် မိမိတို့၏အိမ်ထောင်ဖက်များနှင့်ပတ်သက်၍ အလားတူကောက်ချက်ချခဲ့ကြပြီ။
ဖခင်တာဝန်ပျက်ကွက်သည့်အခါ
ဖခင်နှင့်သားသမီးများ၏ဆက်ဆံရေးသည် ခိုင်မာသည့်မိသားစုများကို တည်ဆောက်ရာတွင် သော့ချက်ဖြစ်သည်။ တမန်တော်ပေါလုက ဤသို့အကြံပြုခဲ့သည်– “အဘတို့ ကိုယ့်သားသမီးကို စိတ်ဆိုးစေခြင်းငှာ မပြုကြနှင့်။ ယေဟောဝါ၏ ပဲ့ပြင်ဆုံးမခြင်းနှင့် စိတ်ပိုင်းဆိုင်ရာ ထိန်းကျောင်းခြင်းတို့နှင့်အညီ သူတို့ကို ဆက်၍ပြုစုပျိုးထောင်ပေးကြလော့။” (ဧဖက် ၆:၄၊ ကဘ) ထို့ကြောင့် ဝေလ်စင်ကွာတာလီမဂ္ဂဇင်းမှ ဆောင်းပါးတစ်ပုဒ်တွင် လူမှုဆင်းရဲခြင်းဖြစ်ရသည့်အကြောင်းများစွာသည် မိမိတို့၏တာဝန်ကို ဖခင်များမကျေပွန်ကြသောကြောင့်ဟု ဆိုခြင်းသည် အဆန်းမဟုတ်ပါ။ ထိုဆောင်းပါးက ဤသို့ဆိုသည်– “၁၉၆၀ နှင့် ၁၉၉၀ ပြည့်နှစ်များအတွင်း ဖခင်အရင်းတို့နှင့်အတူမနေသော သားသမီးရာခိုင်နှုန်းသည် နှစ်ဆကျော်ဖြစ်လာသည်။ . . . အမေရိကန်လူ့အဖွဲ့အစည်းတွင် အနှောင့်အယှက်အဖြစ်ဆုံးပြဿနာများ၏ အဓိကအကြောင်းရင်းမှာ ဖခင်၏တာဝန်ယူသူ လျော့နည်းလာခြင်းဖြစ်သည်။”
ယင်းကြောင့် ဖခင်တို့၏လမ်းညွှန်မှုမရသော သားသမီးများသည် ဖြစ်ထွန်းမည်မဟုတ်ဟုဆိုလိုပါသလော။ မဆိုလိုပါ။ ရှေးမှဆာလံဆရာက “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူ၏” ဟုဆိုခဲ့သည်။ (ဆာလံ ၂၇:၁၀) ယင်းသည်မှန်ကန်ကြောင်း ထိုင်းနိုင်ငံမှ အသက်ကိုးနှစ်အရွယ် ယောက်ျားလေးတစ်ဦးတွေ့ရှိခဲ့သည်။ နို့စို့အရွယ်တွင် မိခင်သေဆုံးသွားပြီး ဖခင်ကသူ့ကိုမလိုချင်သောကြောင့် အဘွားဖြစ်သူနှင့်ထားရစ်ခဲ့သည်။ လူငယ်သည် မိမိကိုမလိုချင်ကြ၊ မချစ်ကြဟုခံစားရပြီး ကလန်ကဆန်လုပ်တတ်ရာ ဗိုလ်ကျသူအဖြစ်နာမည်ရလာခဲ့သည်။ အဘွားဖြစ်သူကိုပင် ခြိမ်းခြောက်ခဲ့သည်။ တစ်နေ့တွင် ဒေသခံဘုရားသခင့်နိုင်ငံတော်ခန်းမရှေ့တွင် မကြာခဏသူရပ်နေလေ့ရှိသည်ကို သတိပြုမိသော အချိန်ပြည့်ဧဝံဂေလိတရားဟောပြောသူ ယေဟောဝါသက်သေနှစ်ဦးတို့က သူ့ကို သူတို့၏အိမ်ထဲသို့ခေါ်ဖိတ်ခဲ့ကြသည်။
ဘုရားသခင်သည် ဖခင်တစ်ဦးကဲ့သို့ မိမိ၏သားသမီးများကိုချစ်ကြောင်း သူ့အားပြောပြကြသည်။ သစ္စာရှိသူများကို ဘုရားသခင်ကတိပြုထားသော မြေကြီးပရဒိသုအကြောင်းကိုလည်း ပြောပြခဲ့ကြသည်။ (ဗျာဒိတ် ၂၁:၃၊ ၄) ယင်းတို့ကိုစိတ်ဝင်စားကာ ထိုလူငယ်လေးသည် နောက်ထပ်သိရှိရန် နေ့တိုင်းပြန်လာသည်။ ဘုရားသခင်ကို သူ့ဖခင်ဖြစ်စေလိုသည်မှန်လျှင် အနိုင်ကျင့်ခြင်းကိုရပ်စဲဖို့ သက်သေခံများကပြောခဲ့ကြသည်။ ယင်းသည် ရောမမြို့သားများထံရေးသားခဲ့သော ပေါလု၏ဤစကားများနှင့် ညီညွတ်သည်– “သင်တို့သည် တတ်နိုင်သမျှအတိုင်း လူအပေါင်းတို့နှင့် အသင့်အတင့်နေကြလော့။” (ရောမ ၁၂:၁၈) သူ့အဘွားကို ကြင်နာစွာဆက်ဆံဖို့လည်းလိုမည်ဟုပြောပြသည်။ (၁ တိမောသေ ၅:၁၊ ၂) မကြာမီ သူသည် ကျမ်းစာမူများကိုလက်တွေ့ကျင့်သုံးလာရာ အဘွားနှင့် သူ၏မိသားစုဘဝသည် အမှန်ပင် အကြီးအကျယ်တိုးတက်လာသည်။ (ဂလာတိ ၅:၂၂၊ ၂၃) သူ့ပြောင်းလဲမှုကို အိမ်နီးချင်းများတွေ့ပြီး အလွန်စွဲမှတ်သွားရာ မိမိတို့သားသမီးများကိုလည်း ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာစေလိုခဲ့ကြ၏!
ငြိမ်သက်သည့်စိတ်သဘော
ကောလောသဲမြို့သားများထံ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “စုံလင်ခြင်းအဖွဲ့တည်းဟူသော ချစ်ခြင်းမေတ္တာကို ထပ်၍ယူတင်ဝတ်ဆောင်ကြလော့။ သင်တို့စိတ်နှလုံးအထဲ၌ ခရစ်တော်၏ငြိမ်သက်ခြင်းအုပ်စိုးစေ။” (ကောလောသဲ ၃:၁၄၊ ၁၅) ငြိမ်သက်သောစိတ်သဘောနှင့် နှစ်နှစ်ကာကာချစ်ခြင်းတို့သည် မိသားစုကိုမုချခိုင်မြဲစေမည်။ ထို့အပြင် ကြာမြင့်စွာကွဲနေသော မိသားစုများကို ပြန်စေ့စပ်ပေးနိုင်သည်။ အယ်လ်ဘေးနီးယားနိုင်ငံတွင်နေထိုင်သော ရူကီးယားသည် မိသားစုအတွင်း သဘောထားကွဲလွဲမှုကြောင့် သူ၏မောင်ဖြစ်သူနှင့်စကားမပြောသည်မှာ ၁၇ နှစ်ကျော်ကြာရှိနေပြီ။ ယေဟောဝါသက်သေများနှင့် ကျမ်းစာလေ့လာသောအခါ အခြားသူများနှင့်သင့်တင့်ငြိမ်သက်စွာနေရန် ဘုရားသခင်၏ကျေးကျွန်အားလုံးကို တိုက်တွန်းထားကြောင်း သူသိလာသည်။ “သူတစ်ပါးနှင့် အသင့်အတင့်နေခြင်းကိုရှာ၍ မီအောင်လိုက်စေ။”—၁ ပေတရု ၃:၁၁။
မိမိ၏မောင်နှင့်အသင့်အတင့်နေရလိမ့်မည်ကို ရူကီးယားသိလာသည်။ တစ်ညလုံးဆုတောင်းကာ နောက်တစ်မနက်တွင် ရင်ခုန်စွာနှင့်သူ့မောင်အိမ်သို့သွားလေသည်။ ရူကီးယား၏တူမဖြစ်သူက တံခါးဖွင့်ကာအံ့သြစွာနှင့် “ဘာကိစ္စရှိလို့လဲ” ဟုမေးသည်။ ရူကီးယားကအေးဆေးစွာဖြင့် မောင်ဖြစ်သူနှင့်ပြေလည်သင့်တင့်လိုကြောင်းပြောပြကာ သူနှင့်တွေ့ခွင့်တောင်းသည်။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ ထိုသို့ပြုရန် ဘုရားသခင်အလိုတော်ရှိကြောင်း ယခုသိလာသည့်အတွက်ဖြစ်သည်။ မောင်ဖြစ်သူက အပြုသဘောဖြင့် တုံ့ပြန်ခဲ့ရာ တစ်ဦးနှင့်တစ်ဦးဖက်၍ ဝမ်းသာမျက်ရည်ကျကာ ပြန်လည်သင့်မြတ်လာခဲ့ကြရာ ကျမ်းစာမူများကိုလိုက်လျှောက်ခြင်းကြောင့် မိသားစုပြန်စည်းလုံးလာခြင်းဖြစ်သည်။
မကောင်းသောအပေါင်းအသင်းများ
အလွန်အောင်မြင်သောမိသားစုများ၏ အမူအကျင့် ၇ ရပ်ဟူသော စာအုပ်ကဤသို့ဆိုသည်– “ယနေ့၊ သာမန်ကလေးတစ်ဦးသည် တစ်နေ့လျှင် ခုနစ်နာရီမျှရုပ်မြင်သံကြားကြည့်ကြသည်။ မူလတန်းကျောင်းအောင်သည့်အခါ သူသည် လူသတ်မှုရှစ်ထောင်ကျော်နှင့် အကြမ်းဖက်အပြုအမူတစ်သောင်းကို ကြည့်ပြီးဖြစ်သည်။” ယင်းသို့ရှုစားခြင်းသည် ကလေးတစ်ဦးအပေါ် အဘယ်အကျိုးဆက်သက်ရောက်သနည်း။ “ကျွမ်းကျင်သူများ” အချင်းချင်း ယင်းနှင့်ပတ်သက်၍ သဘောမတူကြသော်လည်း သမ္မာကျမ်းစာက မကောင်းသောအပေါင်းအသင်းများနှင့် မပေါင်းဖော်ရန် ကြပ်တည်းစွာသတိပေးထားသည်။ သာဓကအနေနှင့် ယင်းက “လူမိုက်တို့နှင့်ပေါင်းဖော်သောသူမူကား၊ ပျက်စီးတတ်၏” ဟုဆိုသည်။ (သု. ၁၃:၂၀) “မကောင်းသောသူတို့နှင့် ပေါင်းဖော်ခြင်းအားဖြင့် ကောင်းသောအကျင့်ဓလေ့ယိုယွင်းတတ်၏” ဟုလည်းဆိုသည်။ (၁ ကောရိန္သု ၁၅:၃၃) ဤမူသည် လူကိုယ်နှိုက်ဖြစ်စေ သို့မဟုတ် ရုပ်မြင်သံကြားအစီအစဉ်မှတစ်ဆင့်ဖြစ်စေ မကောင်းသောအပေါင်းအသင်းများနှင့်ဆိုင်သည်ဟု ပညာရှိစွာရှုမြင်မည်ဆိုလျှင် မိသားစုဘဝကို တိုးတက်စေနိုင်သည်။
လပ်က်စ်ဇမ်းဘတ်ခ်မှ မိခင်တစ်ဦးသည် ယေဟောဝါသက်သေတစ်ဦးနှင့် ကျမ်းစာလေ့လာနေသည်။ တစ်နေ့တွင် သူကမိမိ၏ခုနစ်နှစ်နှင့် ရှစ်နှစ်အရွယ်သမီးနှစ်ဦးသည် ညနေပိုင်းတွင် အလွန်ရန်စ၍ရန်ဖြစ်တတ်ကြောင်း သက်သေခံအားပြောပြသည်။ ညနေပိုင်းတွင် မိန်းမငယ်လေးများသည် အဘယ်အမှုကိုပြုလုပ်တတ်ကြသနည်းဟု သက်သေခံကမေးသည်။ မိခင်ဖြစ်သူက မီးဖိုချောင်ကိုမိမိ သန့်ရှင်းရေးလုပ်နေစဉ် သူတို့ရုပ်မြင်သံကြားကြည့်လေ့ရှိသည်ဟုပြောပြသည်။ မည်သည့်အစီအစဉ်များနည်း။ “ကာတွန်းကားတွေပါ” ဟုမိခင်ကဖြေသည်။ ဧည့်သည်က ယင်းသို့သောအစီအစဉ်များသည် အကြမ်းဖက်မှုပါဝင်လေ့ရှိကြောင်းပြောပြသောအခါ မိခင်ဖြစ်သူက သူတို့ကိုကြပ်မတ်ပေးမည်ဟု ကတိပြုလိုက်သည်။
နောက်တစ်နေ့တွင် မိခင်ဖြစ်သူက သမီးများကြည့်ရှုနေကြသော ကာတွန်းကားများကို ထိတ်လန့်သွားကြောင်းပြောပြသည်။ ထိုကာတွန်းကားများတွင် အာကာသမှစိတ်ကူးယဉ် ထူးဆန်းအံ့ဩဖွယ်သတ္တဝါများ ယင်းတို့၏လမ်းပေါ်ရှိရာအားလုံးကို ကြမ်းတမ်းခက်ထန်စွာဖျက်ဆီးပုံကိုပြသထားသည်။ ယေဟောဝါသည် အကြမ်းဖက်မှုကိုမုန်းပြီး ရက်စက်မှုကို ကျွန်ုပ်တို့ရှုစားသည့်အခါ ကိုယ်တော်မပျော်ကြောင်း သမီးများကို သူရှင်းပြသည်။ (ဆာလံ ၁၁:၅) မိန်းကလေးတို့သည် ယေဟောဝါအား စိတ်ရွှင်လန်းစေလိုကြသောကြောင့် ရုပ်မြင်သံကြားကြည့်မည့်အစား ပုံဆွဲဆေးခြယ်ကြမည်ဟု သဘောတူခဲ့ကြသည်။ ချက်ချင်းလက်ငင်းပင် သူတို့၏ရန်ဖြစ်တတ်သောအကျင့်ရပ်စဲသွားပြီး မိသားစုစိတ်ဓာတ်သည်လည်း တိုးတက်လာသည်။
ဤတွေ့ကြုံမှုများမှာ ကျမ်းစာမူများကိုကျင့်သုံးခြင်းက မိသားစုဘဝကိုတိုးတက်စေကြောင်းတင်ပြသော ဥပမာအနည်းငယ်သာဖြစ်သည်။ သမ္မာကျမ်းစာ၏အကြံပြုချက်များသည် အခြေအနေအားလုံးနှင့်သက်ဆိုင်သည်။ ယင်းသည် ယုံကြည်စိတ်ချရပြီး ကောင်းကျိုးဖြစ်ထွန်းစေနိုင်သော တန်ခိုးရှိသည်။ (ဟေဗြဲ ၄:၁၂) ကျမ်းစာကိုလေ့လာကြ၍ စိတ်ရင်းမှန်နှင့် ကြိုးစားလိုက်နာကျင့်သုံးသည့်အခါ မိသားစုများခိုင်ခံ့လာကြပြီး အကျင့်စရိုက်များပြောင်းလဲလာကာ အမှားများကိုရှောင်ရှားကြသည်။ ဘုရားသခင့်အကြံပေးချက်ကို မိသားစုမှတစ်ဦးသာလိုက်နာလျှင်ပင် အခြေအနေကောင်းလာတတ်သည်။ ကျွန်ုပ်တို့၏ဘဝကဏ္ဍအသီးသီးတွင် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဤသို့ရေးသားခဲ့သော ဆာလံဆရာနည်းတူ ရှုမြင်သင့်သည်–“ကိုယ်တော်၏နှုတ် [မြွက်စကား] တော်သည် အကျွန်ုပ်ခြေရှေ့မှာ မီးခွက်ဖြစ်၍၊ အကျွန်ုပ်လမ်းခရီးကိုလင်းစေပါ၏။”—ဆာလံ ၁၁၉:၁၀၅၊ ကဘ။
[စာမျက်နှာ ၅ ပါ ရုပ်ပုံ]
ကျမ်းစာမူများကို လိုက်နာကျင့်သုံးကြခြင်းဖြင့်မိသားစုအခက်အခဲများကို ဖြေရှင်းခဲ့ကြပြီ