‘ရှက်ကြောက်ရန်အကြောင်းမရှိသောအမှုတော်ဆောင်’ ဖြစ်ရန်ကြိုးပမ်းခြင်း
အဲန်ဒရီစော်ပါပြောပြသည်
ဒုတိယကမ္ဘာစစ်ဟာ ပြင်းထန်ခဲ့ပြီး အကျိုးဆက်ကတော့ အကြီးအကျယ်သေကျေပျက်စီးမှုနဲ့ စိတ်ပျက်မှုပါပဲ။ ကျွန်တော်ဟာ နော်ဝေးနိုင်ငံ၊ နာဗစ်မြို့အနီး ဂျာမန်ရေတပ်မှာ အချက်ပြတစ်ယောက်အနေနဲ့ လူလူချင်းရက်စက်တာတွေကိုကျွန်တော်မျက်မြင်ကိုယ်တွေ့ပါပဲ။ ညအခါ တောင်ကြားပင်လယ်ကွေ့တွေမှာ ပုန်းအောင်းနေတုန်း မြောက်ဝင်ရိုးစွန်းကအလင်းတန်းကြောင့် လင်းနေတဲ့ကောင်းကင်ရဲ့အလှဟာ ဘဝကိုအလေးအနက်စဉ်းစားစေတယ်။ ဒါတွေကိုဖန်ဆင်းတဲ့ဘုရားသခင်ဟာ စစ်သွေးကြွစေမှာမဟုတ်ဘူးဆိုတာ သေချာတယ်။
၁၉၂၃ ခုနှစ်၊ ချက်ခ်နယ်စပ်နားက လာစော့သ် (ယခုပိုလန်နိုင်ငံတွင်) ရွာလေးမှာကျွန်တော်မွေးပြီး ဆင်းရဲတဲ့လယ်သမားမိသားစုတစ်ခုမှာ ကြီးပြင်းလာပါတယ်။ ကျွန်တော့်မိဘတွေက ကက်သလစ်ဘာသာဝင်တွေဖြစ်ပြီး ဘာသာတရားဟာ ကျွန်တော်တို့ဘဝမှာ အတော့်ကိုအရေးပါခဲ့တယ်။ ဒါပေမဲ့ အစောကတည်းက ကျွန်တော့်ဘာသာကို သံသယဝင်လာခဲ့တယ်။ ရွာထဲက ပရိုတက်စတင့်မိသားစုသုံးစုကို ကက်သလစ်အသိုင်းအဝိုင်းက ပယ်ထားတယ်။ ဘာကြောင့်အဲလိုလုပ်တယ်ဆိုတာ ကျွန်တော်နားမလည်ခဲ့ဘူး။ ကျောင်းမှာ ကျွန်တော်တို့ကို ဘာသာရေးသင်ပေးတယ်။ ဒါပေမဲ့ တစ်နေ့ သုံးပါးပေါင်းတစ်ဆူကို ရှင်းပြပေးပါလို့ ဓမ္မဆရာကိုပြောတော့ ကြိမ်ဒဏ်ဆယ်ချက်ပဲ အဖြေရခဲ့တယ်။ ဘယ်လိုပဲဖြစ်ဖြစ် အသက် ၁၇ နှစ်အရွယ်က အဖြစ်အပျက်တစ်ခုဟာ ချာ့ချ်အပေါ် ကျွန်တော့်အထင်လွဲမှားမှု ပိုပီပြင်ခဲ့တယ်။ ကျွန်တော့်အမေရဲ့မိဘတွေဟာ တစ်လခြားစီ သေဆုံးသွားတော့ ချာ့ချ်ကပြုလုပ်ပေးတဲ့ အသုဘအခမ်းအနားနှစ်ခုအတွက် ငွေအလုံအလောက် အမေ့မှာမရှိခဲ့ဘူး။ ဒါကြောင့် နောက်မှပေးလို့ရမလားလို့ ဓမ္မဆရာကိုမေးခဲ့တယ်။ “မင်းမိဘမှာ ပစ္စည်းရှိတယ်မဟုတ်လား။ အဲဒါတွေရောင်းပြီး အသုဘအတွက်သုံးပေါ့” လို့ဖြေတယ်။
အဲလိုမဖြစ်ခင် နှစ်အနည်းငယ်လောက်က ၁၉၃၃ မှာ ဟစ်တလာအာဏာရပြီးနောက်ပိုင်း ပိုလန်စကားပြောခွင့်မပြုတော့ဘဲ ဂျာမန်စကားပြောကြရတယ်။ မပြောချင်တဲ့သူတွေ၊ ဒါမှမဟုတ် ဂျာမန်စကားမတတ်နိုင်တဲ့သူတွေ တဖြည်းဖြည်းပျောက်ဆုံးကုန်ရော၊ သူတို့ကို ချွေးတပ်စခန်းတွေကိုပို့လိုက်တယ်လို့ နောက်ပိုင်းမှသိခဲ့ရတယ်။ ကျွန်တော်တို့ရွာနာမည်ကိုတောင် ဂျာမန်နာမည် ဂရူအဲန်ဖီးလ်စ်လို့ပြောင်းလိုက်တယ်။ ၁၄ နှစ်မှာကျောင်းထွက်ပြီး ဟစ်တလာလူငယ်အဖွဲ့ဝင်မဟုတ်လို့ ကျွန်တော် တော်တော်နဲ့အလုပ်မရခဲ့ဘူး။ နောက်ဆုံးတော့ အလုပ်သင်ပန်းပဲဆရာအဖြစ် အလုပ်ရခဲ့တယ်။ စစ်ပွဲစတာနဲ့ ဟစ်တလာနဲ့ ဂျာမန်တပ်သားတွေအတွက် ချာ့ချ်မှာဆုတောင်းပေးကြရော။ တခြားဘက်ကသူတွေလည်း ဒီလိုပဲစစ်နိုင်ဖို့ဆုတောင်းကြမလားလို့ ကျွန်တော်စဉ်းစားမိခဲ့တယ်။
ဂျာမန်ရေတပ်၌အမှုထမ်းခြင်း
၁၉၄၁၊ ဒီဇင်ဘာလမှာ ဂျာမန်ရေတပ်ထဲဝင်လိုက်တယ်၊ ၁၉၄၂ အစပိုင်းမှာ ကျွန်တော့်ကို ကင်းထောက်ရေယာဉ်ပေါ်မှာအမှုထမ်းဖို့ နော်ဝေးကမ်းရိုးတန်းကိုပို့ခဲ့တယ်။ ကျွန်တော်တို့ရဲ့တာဝန်က ထရောင်းဟိမ်းနဲ့ အော့စလိုမြို့တွေကြားမှာ တပ်သားတွေ၊ လက်နက်ခဲယမ်းမီးကျောက်တွေ၊ ကုန်တင်သင်္ဘောတွေကို စောင့်ကြပ်ပို့ပေးခဲ့ရတယ်။ ကျမ်းစာမှာကြိုပြောထားတဲ့ ကမ္ဘာကုန်တဲ့အကြောင်း သင်္ဘောသားနှစ်ယောက်ပြောနေကြတာကို ကြားလိုက်မိခဲ့တယ်။ ပွင့်ပွင့်လင်းလင်းမပြောရဲကြပေမဲ့ သူတို့မိဘတွေဟာ ယေဟောဝါသက်သေတွေနဲ့ ပေါင်းသင်းခဲ့ပေမဲ့ မိဘတွေရဲ့ပုံသက်သေကို သူတို့မလိုက်ခဲ့တဲ့အကြောင်း ပြောပြကြတယ်။ အဲဒါက ယေဟောဝါသက်သေတွေအကြောင်း ပထမဦးဆုံး ကြားဖူးခဲ့တာပဲ။
စစ်ပြီးတဲ့အခါ ကျွန်တော်တို့ကို ဗြိတိသျှတွေကအကျဉ်းသားအဖြစ်ခေါ်သွားကြပြီး ဂျာမနီနိုင်ငံကိုပြန်ပို့ဖို့ အမေရိကန်တွေကိုလွှဲအပ်ခဲ့တယ်။ အခု ဆိုဗီယက်ဇုန်မှာအိမ်ရှိကြတဲ့ ကျွန်တော်တို့ကို ကျောက်မီးသွေးတွင်းမှာအလုပ်လုပ်ဖို့ ပြင်သစ်မြောက်ပိုင်းက လီယေဗဲန်မှာရှိတဲ့အကျဉ်းစခန်းကိုပို့ခဲ့ကြတယ်။ အဲဒါက ၁၉၄၅ ဩဂုတ်လမှာပေါ့။ ပြင်သစ်အစောင့်တစ်ယောက်ကို ဘယ်ဘာသာဝင်လဲလို့ကျွန်တော်မေးတာ မှတ်မိသေးတယ်။ သူက ကက်သလစ် လို့ဖြေတယ်။ ကျွန်တော်လည်း ကက်သလစ် တစ်ယောက်ဖြစ်တော့ ကျွန်တော်တို့တစ်ယောက်ကိုတစ်ယောက် ဘာလုပ်ခဲ့မိကြတာလဲလို့ သူ့ကိုမေးမိတယ်။ သူက “အဲဒါတွေသိဖို့ကြိုးစားနေလည်း အပိုပါပဲ။ ဒါဒီလိုပဲဖြစ်လာတာပဲ” လို့ဖြေတယ်။ ဘာသာတူချင်းတိုက်ခိုက်ပြီးသတ်နိုင်တယ်ဆိုတာ ကျွန်တော့်အတွက်တော့ သဘာဝမကျခဲ့ဘူး။
ကျောက်မီးသွေးတွင်းမှ လင်းရောင်ခြည်တန်းတစ်ခု
ဒေသခံတွင်းတူးသူချင်းတွေနဲ့အတူ အလုပ်ဆင်းခဲ့ရတဲ့ ပထမရက်မှာ အဲဗဲန်းစ် အမ်ယော့ထ်ဆိုတဲ့လူတစ်ယောက်က သူ့ရဲ့အသားညှပ်ပေါင်မုန့်ကို ကျွန်တော်နဲ့ဝေစားခဲ့တယ်။ သူဟာ အမေရိကန်ပြည်ထောင်စု၊ အိုဟိုက်အိုပြည်နယ်သားဖြစ်ပြီး ပြင်သစ်မှာ အတော်ကြာကြာနေခဲ့တဲ့သူဖြစ်တယ်။ စစ်မရှိတော့တဲ့ကမ္ဘာအကြောင်း ကျွန်တော့်ကိုပြောပြတယ်။ သူ့ရဲ့ကြင်နာတဲ့သဘောထားကို ကျွန်တော်အံ့အားသင့်မိခဲ့တယ်။ ကျွန်တော်ကဂျာမန်ဖြစ်ပြီး သူကအမေရိကန်တစ်ယောက်ဖြစ်တာတောင် ကျွန်တော့်ကိုရန်မလိုခဲ့ဘူး။ “ငြိမ်းချမ်းရေးမင်းသား” ဆိုတဲ့စာအုပ်ကလေးကိုသူပေးတဲ့ ၁၉၄၈ ခုနှစ်အစပိုင်းအထိ ကျွန်တော်တို့အဆက်အသွယ်ပြတ်သွားခဲ့ကြတယ်။ အခုမှအဲဒီစာအုပ်ကနေ စစ်ကိုမုန်းတဲ့ ကောင်းမြတ်တဲ့ဘုရားသခင်အကြောင်း ကျွန်တော်သိလာတယ်၊ မြောက်ဝင်ရိုးစွန်းတန်းက အလင်းတန်းတွေကိုကြည့်ပြီး ကျွန်တော်စဉ်းစားခဲ့ဖူးတဲ့ ဘုရားသခင်မျိုးပေါ့။ အဲဒါကိုသင်ပေးတဲ့ ဘာသာတရားကိုရှာဖို့ ကျွန်တော်စိတ်ဆုံးဖြတ်ခဲ့တယ်။ ဒါပေမဲ့ အဲဗဲန်းစ်က မီးသွေးတွင်းရဲ့ တခြားတစ်နေရာမှာ အလုပ်လုပ်တဲ့အတွက် သူနဲ့အဆက်အသွယ်မရခဲ့ဘူး။ အကျဉ်းစခန်းမှာရှိတဲ့ ဘာသာရေးအုပ်စုအားလုံးဆီသွားပြီး အဲဒီစာအုပ်နဲ့ပတ်သက်ပြီး သတင်းပေးနိုင်မလားလို့မေးကြည့်ပေမဲ့ အရာမရောက်ခဲ့ဘူး။
နောက်ဆုံး ၁၉၄၈၊ ဧပြီလမှာ အကျဉ်းစခန်းကလွတ်ပြီး လွတ်လပ်တဲ့လုပ်သားတစ်ယောက်ဖြစ်လာခဲ့တယ်။ နောက်တနင်္ဂနွေနေ့မှာပဲ လမ်းထဲမှာ ခေါင်းလောင်းသံသဲ့သဲ့လေးကြားလိုက်တော့ ကျွန်တော်အံ့သြသွားခဲ့တယ်။ အဲဗဲန်းစ်ကိုတွေ့တော့ ပျော်လိုက်တာ! လူထုဟောပြောပွဲခေါင်းစဉ်ကိုကြေညာတဲ့ ကြော်ငြာပြားတွေ ကျောနဲ့ရင်ပေါ်ချိတ်ဆွဲထားကြတဲ့သက်သေခံတစ်စုနဲ့ သူပါလာတယ်။ ခေါင်းလောင်းတီးတဲ့သက်သေခံက အခုပြင်သစ်ဌာနခွဲကော်မတီဝင်တစ်ဦးဖြစ်တဲ့ မာစိုးလရွိုင်ပေါ့။ ယုံကြည်ခြင်းအတွက် ချွေးတပ်စခန်းတွေမှာနှိပ်စက်ခံခဲ့ရတဲ့ ဂျာမန်စကားပြောတတ်တဲ့ ပိုလန်လူမျိုး ယိုစက်ဖ် ကူလ်ချတ်နဲ့ ကျွန်တော့်ကိုမိတ်ဆက်ပေးကြတယ်။ သူက အဲဒီညနေမှာကျင်းပမဲ့ အစည်းအဝေးကိုလာဖို့ဖိတ်တယ်။ ဘာတွေပြောတယ်ဆိုတာ ကျွန်တော်သိပ်နားမလည်ပေမဲ့ ပရိသတ်အားလုံးလက်ထောင်ကြတဲ့အခါ ဘာဖြစ်လို့လဲဆိုပြီး ဘေးကလူကိုမေးမိတယ်။ “သူတို့ဟာ နောက်တစ်ပတ်ကျရင် ဒန်ကာကီမြို့ကိုသွားဟောပြောနိုင်မယ့်သူတွေဖြစ်တယ်။” “ကျွန်တော်ကော လိုက်လို့ရမလား” လို့မေးလိုက်တယ်။ “ရတာပေါ့!” ဆိုပြီးဖြေတယ်။ ဒါနဲ့ နောက်တနင်္ဂနွေကျတော့ ကျွန်တော်ဟာတစ်အိမ်မှတစ်အိမ်ဟောပြောနေပြီ။ တွေ့တဲ့လူတိုင်းက မဖော်ရွေပေမဲ့ ကျွန်တော်ပျော်တယ်၊ မကြာခင် မှန်မှန်ဟောပြောသူ ဖြစ်နေပါရော။
ဒေါသကိုထိန်းချုပ်ရန်သင်ယူခြင်း
သိပ်မကြာခင် သက်သေခံတွေဟာ လွတ်လာတဲ့ဂျာမန်အကျဉ်းသားတွေနေတဲ့ တန်းလျားတွေမှာစဟောပြောကြတယ်။ ကျွန်တော်ဒေါသကြီးတာကို လူသိများတဲ့အတွက် အဲဒီမှာဟောရတာကျွန်တော့်အတွက်မလွယ်လှဘူး။ တစ်ယောက်ယောက်က ကျွန်တော့်ကိုပေါ့ပျက်ပျက်လုပ်ရင် “မင်းသတိမထားရင်တော့ ငါနဲ့တွေ့မယ်” လို့ပြောပြီး ခြိမ်းခြောက်ခဲ့တာ။ တစ်ခါက တွင်းထဲမှာအလုပ်လုပ်နေတုန်း ယေဟောဝါကိုလှောင်ပြောင်တဲ့သူတစ်ယောက်ကို ကျွန်တော်လက်သီးနဲ့ထိုးခဲ့ဖူးတဲ့အထိပဲ။
ဒါပေမဲ့လို့ ယေဟောဝါရဲ့အကူအညီနဲ့ ကျွန်တော့်ပင်ကိုစရိုက်ကိုပြောင်းနိုင်ခဲ့တယ်။ တစ်နေ့ အဲဒီတန်းလျားတွေမှာဟောပြောနေတုန်း အရက်မူးသမားတစ်စုက သက်သေခံတချို့ကို အနှောင့်အယှက်ပေးခဲ့ကြတယ်။ ကျွန်တော်နဲ့အတူရှိနေကြတဲ့ ညီအစ်ကိုတွေက ကျွန်တော်ဒေါသကြီးတာကိုသိထားကြလို့ ကျွန်တော်ကြားဝင်မပါမိဖို့ကြိုးစားတားကြတယ်၊ ဒါပေမဲ့ သူတို့ထဲကတစ်ယောက်က ခြိမ်းခြောက်တဲ့အမူအရာနဲ့ ကျွန်တော့်ဆီကိုလျှောက်လာပြီး သူ့ဂျာကင်ကိုချွတ်လိုက်ရော။ ဒါနဲ့ ကျွန်တော်စက်ဘီးပေါ်ကဆင်း စက်ဘီးကိုကိုင်ထားဖို့ သူ့ကိုပေးပြီး ကျွန်တော့်ဘောင်းဘီအိတ်ထဲ လက်ထည့်လိုက်တယ်။ အဲတာကို သူအရမ်းအံ့ဩသွားပြီး ကျွန်တော်ပြောပြချင်တာကို သူနားထောင်ခဲ့တယ်။ အိမ်ပြန်ပြီးအိပ်ပြီးရင် လူထုဟောပြောပွဲကိုလာခဲ့ပါဆိုပြီး သူ့ကိုပြောလိုက်တယ်။ တကယ်ပဲ ညနေ ၃:၀၀ နာရီမှာ သူရောက်လာတယ်! နောက်ဆုံးကျတော့ အကျဉ်းသားဖြစ်ခဲ့ဖူးတဲ့ လူ ၂၀ လောက် သတင်းတရားကိုလက်ခံလာခဲ့ကြတယ်။ ကျွန်တော်ကတော့ ၁၉၄၈၊ စက်တင်ဘာလမှာ နှစ်ခြင်းခံခဲ့တယ်။
အချိန်ပြည့်ဖြစ်သော်လည်း အကျိုးပေးသောအစီအစဉ်
ကျွန်တော့်ကိုပေးအပ်တဲ့တာဝန်ကတော့ ဟောပြောမယ့်ရပ်ကွက်တွေကိုကြည့်ရှုဖို့နဲ့ လူထုဟောပြောချက်တွေ ကျင်းပနိုင်တဲ့နေရာတွေရှာဖို့ဖြစ်တယ်။ အဲလိုလုပ်နိုင်ဖို့အတွက် မိုင်းတွင်းမှာ ညဆိုင်းမဝင်ခင် တစ်ခါတလေ မော်တော်ဆိုင်ကယ်လေးနဲ့ မိုင် ၃၀ လောက်ခရီးသွားခဲ့ရတယ်။ ပြီးတော့ အပတ်အဆုံးပိုင်းအလုပ်အားရက်တွေမှာ ရပ်ကွက်ကိုဘတ်စကားနဲ့သွားပြီး ဟောပြောသူနဲ့အတူ ကြေညာသူနှစ်ယောက် ဒါမှမဟုတ် လေးယောက်လောက်ချခဲ့တယ်။ ပိုပြီးကြီးတဲ့မြို့တွေမှာ သင့်တော်တဲ့နေရာတစ်ခုတွေ့တဲ့အခါ ကျွန်တော်တို့ရဲ့ခရီးဆောင်အိတ်တွေကို အဆင့်ဆင့်ပုံပြီး ဟောပြောစင်အဖြစ် အသုံးပြုခဲ့ကြတယ်။ မကြာခဏဆိုသလို လူတွေကိုဖိတ်ကြားဖို့ လူထုဟောပြောချက်အကြောင်းကိုကြေညာဖို့ ကျောနဲ့ရင်မှာကြော်ငြာပြားတွေ ချိတ်ဆွဲခဲ့ကြတယ်။
၁၉၅၁ မှာ ရီမ်းစ်မြို့က သက်သေခံတစ်ယောက်ဖြစ်တဲ့ ရှာနက်ရှိုဖူးနဲ့တွေ့ဆုံခဲ့တယ်။ မြင်မြင်ချင်းပဲ ကျွန်တော်တို့ချစ်ကြိုက်သွားကြပြီး နောက်တစ်နှစ် ၁၉၅၂၊ မေ ၁၇ မှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ ဒူအာမြို့အနီးက ကျောက်မီးသွေးတွင်းမြို့တစ်မြို့ဖြစ်တဲ့ ပက်ကာန်ကူးရ်မြို့ကို ကျွန်တော်တို့ပြောင်းရွှေ့ခဲ့ကြတယ်။ ဒါပေမဲ့ မကြာခင်မှာပဲ ကျန်းမာရေးချို့တဲ့လာခဲ့တယ်။ မီးသွေးတွင်းတွေမှာ အလုပ်လုပ်လို့ အသက်ရှုတာနဲ့ဆိုင်တဲ့ အဆုတ်သဲမှုန်စွဲရောဂါရှိတယ်လို့သိရပေမဲ့ တခြားအလုပ်လည်းရှာမတွေ့ခဲ့ဘူး။ ဒါကြောင့် ၁၉၅၅ မှာ ဂျာမနီနိုင်ငံ၊ နူရမ်ဘတ်မြို့မှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးမှာ ရိုင်းမြစ်ကမ်းမှာရှိတဲ့ စက်မှုမြို့ငယ်တစ်မြို့ဖြစ်တဲ့ ခေးလ်မြို့ကအသင်းတော်လေးကို ကူညီပေးဖို့တောင်းဆိုခံရတဲ့အခါ အဲဒီကိုပြောင်းဖို့ အားလပ်ခဲ့ကြတယ်။ အဲဒီအချိန်က အသင်းတော်မှာ ကြေညာသူ ၄၅ ယောက်ပဲရှိတယ်။ ဒီအသင်းတော်နဲ့ ခုနစ်နှစ်ကျော်ကျော်လောက် အမှုဆောင်ပြီးနောက် ကြေညာသူအရေအတွက်ဟာ ၉၅ အထိတိုးလာခဲ့တယ်။
ထပ်ဆင့်လုပ်ငန်းတော်အခွင့်အရေးများ
အသင်းတော်ခိုင်ခံ့မြဲမြံလာတာတွေ့တော့ အထူးရှေ့ဆောင်တွေအဖြစ် ပြင်သစ်မှာတာဝန်ချပေးဖို့ အသင်းမကိုတောင်းဆိုခဲ့တယ်။ ပါရီမြို့မှာတာဝန်ကျတော့ ကျွန်တော်တို့အရမ်းအံ့သြသွားတယ်။ အဲဒီမှာနေခဲ့ရတဲ့ရှစ်လက သိပ်ပျော်စရာကောင်းတယ်။ ရှာနက်နဲ့ကျွန်တော်နှစ်ယောက်ပေါင်းရင် ကျမ်းစာသင်အံမှု ၄၂ ခုကျင်းပခဲ့ကြရတယ်။ အဲဒီမှာရှိတုန်း ကျွန်တော်တို့သင်သားငါးယောက်နှစ်ခြင်းခံခဲ့ကြပြီး တခြား ၁၁ ယောက်က နောက်ပိုင်းမှာ အမှန်တရားကိုလက်ခံခဲ့ကြတယ်။
လက်တင်ကွာတာအရပ်မှာ ကျွန်တော်တို့နေကြလို့ စောဘော်န်တက္ကသိုလ်က ပါမောက္ခတွေနဲ့တွေ့ရလေ့ရှိတယ်။ ယုံကြည်ခြင်းကုထုံးကိုကျင့်သုံးတဲ့ ဒဿနိကဗေဒ အငြိမ်းစားပါမောက္ခတစ်ယောက်ဟာ ကျမ်းစာကိုလေ့လာပြီး နောက်ဆုံးမှာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်လာခဲ့တယ်။ တစ်နေ့ကျတော့ ဂျက်စွတ်ဆရာတွေနဲ့ရင်းနှီးတဲ့ မြို့ပြအင်ဂျင်နီယာတစ်ယောက်နဲ့ ကျွန်တော်ကျမ်းစာစဆွေးနွေးခဲ့တယ်။ ညနေပိုင်းသုံးနာရီလောက်မှာ ကျွန်တော်တို့အိမ်ခန်းကိုလာပြီး ညဆယ်နာရီလောက်မှပြန်သွားတယ်။ တစ်နာရီခွဲလောက်ကြာတော့ သူပြန်ရောက်လာတာတွေ့လို့ အံ့ဩသွားတယ်။ ကျမ်းစာပရောဖက်ပြုချက်တွေနဲ့ပတ်သက်ပြီး သူ့မေးခွန်းတွေကိုမဖြေနိုင်တဲ့ ဂျက်စွတ်တစ်ယောက်နဲ့ သူစကားပြောခဲ့တယ်တဲ့။ မနက်တစ်နာရီမှာ သူအိမ်ပြန်သွားပြီး ခုနစ်နာရီမှာပြန်ရောက်လာတယ်။ အချိန်တန်တော့ သူလည်းယေဟောဝါသက်သေတစ်ယောက်ဖြစ်လာတယ်။ အမှန်တရားကိုဒီလောက်လိုချင်တဲ့စိတ်က ကျွန်တော်နဲ့ကျွန်တော့်ဇနီးအတွက် တကယ်အားရှိစရာဖြစ်စေခဲ့တယ်။
ပါရီမှာအမှုဆောင်ပြီးနောက် ပြင်သစ်ပြည်အရှေ့ပိုင်းမှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ်အမှုထမ်းဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ပြင်သစ်နဲ့ ဂျာမန်စကားပြောတဲ့ အသင်းတော်တွေကိုလည်ပတ်ပြီး ညီအစ်ကိုတွေကိုအားပေးခဲ့ရတာ ကျွန်တော်တို့အတွက် တကယ်ပျော်စရာပဲ။ လော်ရင်းပြည်နယ်မှာရှိတဲ့ ရောမ်ဘတ်စ်အသင်းတော်ကို လည်ပတ်နေတုန်းမှာ စတာနစ္စလာစ် အမ်ဘရို့ဇ်ချတ်နဲ့ဆုံခဲ့တယ်။ သူက စစ်အတောအတွင်း မဟာမိတ်ရေငုပ်သင်္ဘောမှာအမှုထမ်းခဲ့ဖူးတဲ့ ပိုလန်လူမျိုးတစ်ယောက်ဖြစ်ပြီး နော်ဝေးရေပိုင်နက်မှာ တိုက်ခိုက်ခဲ့ဖူးတယ်။ ပင်လယ်ပြင်တစ်ခုထဲမှာ ရွက်လွှင့်စဉ်က ကျွန်တော်တို့ဟာ တစ်ဖက်စီက စစ်တိုက်သူတွေဖြစ်ခဲ့တယ်။ အခုတော့ ယေဟောဝါဘုရားသခင်ကို အတူတူဝတ်ပြုနေကြတဲ့ ညီအစ်ကိုတွေဖြစ်နေပြီလေ။ နောက်တစ်ခါ ပါရီမှာကျင်းပတဲ့အစည်းအဝေးတစ်ခုမှာ ကျွန်တော်မှတ်မိတဲ့လူတစ်ယောက်ကို သတိထားမိလိုက်တယ်။ ကျွန်တော်အကျဉ်းသားဖြစ်ခဲ့တဲ့ ပြင်သစ်ပြည်မြောက်ပိုင်းအကျဉ်းထောင်က ထောင်မှူးပေါ့။ စည်းဝေးကြီးမှာ အတူတူအလုပ်လုပ်ခဲ့ကြရတာ ပျော်လိုက်တာ! ဒါကတော့ ရန်သူတွေကို ညီအစ်ကိုတွေ၊ ရင်းနှီးတဲ့မိတ်ဆွေတွေဖြစ်စေတဲ့ ဘုရားသခင့်နှုတ်မြွက်စကားတော်ရဲ့ တန်ခိုးပါပဲ!
နယ်လှည့်လုပ်ငန်းမှာ ၁၄ နှစ်အမှုထမ်းပြီးနောက် ကျွန်တော့်ကျန်းမာရေးကျဆင်းလာတဲ့အတွက် နားလိုက်ရတာဝမ်းနည်းစရာပဲ။ ဒါပေမဲ့ ယေဟောဝါကိုအတတ်နိုင်ဆုံး ဆက်ပြီးအမှုထမ်းဖို့ ကျွန်တော်ကော ကျွန်တော့်ဇနီးပါစိတ်ဆုံးဖြတ်ထားခဲ့ကြတယ်။ ဒါကြောင့် ပြင်သစ်ပြည် အရှေ့ဘက် မြူးလ်ဟောက်စ်မြို့မှာ နေထိုင်ဖို့နဲ့အလုပ်ရခဲ့ပြီး ရှေ့ဆောင် (အချိန်ပြည့်သတင်းကောင်းဟောပြောသူများ) တွေဖြစ်လာကြတယ်။
အဲဒီနှစ်တွေတစ်လျှောက်က တခြားပျော်ရွှင်မှုကြီးတစ်ခုကတော့ ဘုရားသခင့်နိုင်ငံတော်ခန်းမတွေကို ပါဝင်ဆောက်လုပ်ခဲ့ရတာပါပဲ။ ၁၉၈၅ မှာ ပြင်သစ်ပြည်အရှေ့ပိုင်းအတွက် ဆောက်လုပ်ရေးအဖွဲ့တစ်ဖွဲ့ ဖွဲ့စည်းပေးဖို့တာဝန်ရခဲ့တယ်။ အလုပ်ကျွမ်းကျင်သူတွေကို အသုံးပြုပြီးသင်ကြားခံလိုတဲ့ စေတနာ့ဝန်ထမ်းတွေကို လေ့ကျင့်ပေးပြီးတဲ့အခါ ယေဟောဝါကိုဝတ်ပြုဖို့သင့်တော်တဲ့ခန်းမပေါင်း ၈၀ ကျော်ကိုဆောက်လုပ်ခဲ့တာဆောက်၊ ပြန်ပြုပြင်တာပြုပြင်နိုင်ခဲ့ကြတဲ့ အဖွဲ့တစ်ဖွဲ့ကိုဖွဲ့စည်းနိုင်ခဲ့တယ်။ ပြီးတော့ ၁၉၉၃ မှာ ပြင်သစ်ဂီယာနာနဲ့ တောင်အမေရိကတို့မှာ အစည်းအဝေးခန်းမတစ်ခုနဲ့ [ဘုရားသခင့်] နိုင်ငံတော်ခန်းမငါးခုဆောက်လုပ်ခဲ့တာမှာ ပါဝင်ခွင့်ရလို့ ပျော်လိုက်တာ!
စမ်းသပ်မှုများကြားဆက်ကြိုးစားခြင်း
လွန်ခဲ့တဲ့အနှစ် ၅၀ ကျော် သီအိုကရက်တစ်လုပ်ငန်းက ကျွန်တော့်ဘဝကို ကြီးမားတဲ့ပျော်ရွှင်မှုတွေ၊ လုပ်ငန်းတော်အခွင့်အရေးတွေနဲ့ပြည့်လျှံစေခဲ့တယ်လို့ ကျွန်တော်အသေအချာပြောနိုင်ပါတယ်။ ဝမ်းနည်းစရာကတော့ ၁၉၉၅၊ ဒီဇင်ဘာလမှာ ကျွန်တော်နဲ့ ၄၃ နှစ်ပေါင်းခဲ့တဲ့ ချစ်မြတ်နိုးရတဲ့ဇနီးသည် ကွယ်လွန်သွားခဲ့တယ်။ အဲဒီအချိန်ဟာ အကြီးအကျယ်ဝမ်းနည်းပူဆွေးခဲ့ရတဲ့အချိန်—ခုချိန်ထိပူဆွေးဆဲ—ဖြစ်ပေမဲ့ ယေဟောဝါက ကျွန်တော့်ကိုခွန်အားပေးခဲ့တယ်၊ ဒီအပြင် ဝိညာဉ်ရေးညီအစ်ကို၊ ညီအစ်မတွေရဲ့မေတ္တာနဲ့ ထောက်မမှုတွေက အချိန်ကြာလာတော့ ကျွန်တော့်နာကျင်မှုကို သက်သာစေခဲ့ကြတယ်။
၁၉၆၃ ကဂျာမနီနိုင်ငံ၊ မြူးနစ်မြို့မှာကျင်းပခဲ့တဲ့အစည်းအဝေးတစ်ခုမှာ ဘိသိက်ခံညီအစ်ကိုတစ်ယောက်ပြောခဲ့တဲ့စကားတွေကို ကျွန်တော်ကောင်းကောင်းမှတ်မိပါသေးတယ်။ သူက “အဲန်ဒရီ၊ ဟိုဘက်၊ ဒီဘက်ကြည့်မနေနဲ့။ ညီအစ်ကိုတွေဟာ ချွေးတပ်စခန်းတွေမှာ အတော်စမ်းသပ်ခံခဲ့ကြရတယ်။ အခုဆက်လုပ်ဆောင်ဖို့ ကျွန်တော်တို့ပေါ်မူတည်တယ်။ ကိုယ့်ကိုယ်ကိုဘယ်တော့မှ မသနားရဘူး။ ဒါကြောင့် ဆက်ကြိုးစားပါ!” ဆိုပြီးပြောခဲ့တယ်။ ဒါကိုအမြဲတမ်း စိတ်ထဲစွဲမှတ်ထားတယ်။ အခု ကျွန်တော်အသက်ကြီးလာပြီး ကျန်းမာရေးလည်းမကောင်းတဲ့အတွက် သိပ်မလုပ်ကိုင်နိုင်တော့တဲ့အချိန်မှာ “သင်တို့၏အလုပ်မှစ၍ နာမတော်ကိုထောက်၍ပြသော သင်တို့၏မေတ္တာကို မေ့လျော့သည်တိုင်အောင် ဘုရားသခင်သည် ဖြောင့်မတ်ခြင်းကင်းတော်မူသည်မဟုတ်” ဆိုတဲ့ ဟေဗြဲ ၆:၁၀ [ကဘ] မှာတွေ့ရတဲ့စကားတွေက အမြဲတမ်းကျွန်တော့်ကိုနှစ်သိမ့်မှုပေးတယ်။ ဟုတ်တယ်၊ ယေဟောဝါရဲ့လုပ်ငန်းတော်ကိုဆောင်ရွက်ရတာဟာ ကျွန်တော်တို့ရနိုင်တဲ့ အကြီးမားဆုံးအခွင့်အရေးကြီးပဲဖြစ်တယ်။ လွန်ခဲ့တဲ့အနှစ် ၅၀ ကရော အခုထက်ထိတိုင်ပါ ကျွန်တော့်ရဲ့ပန်းတိုင်ကတော့ “ရှက်ကြောက်စရာအကြောင်းမရှိသော အမှုတော်ဆောင်” ဖြစ်ဖို့ပါပဲ။—၂ တိမောသေ ၂:၁၅၊ သတင်းကောင်း။
[စာမျက်နှာ ၂၂ ပါ ရုပ်ပုံ]
နော်ဝေးပြည်ရှိ တောင်ကြားပင်လယ်ကွေ့တွင်ကျွန်တော်အမှုထမ်းခဲ့သည့်ရေယာဉ်မျိုး
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ပြင်သစ်ပြည်မြောက်ပိုင်းတွင်စက်ဘီးဖြင့်ဟောပြောခြင်း
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
လူထုဟောပြောစင်အဖြစ်အသုံးပြုခဲ့သောအဆင့်ဆင့်ပုံထားသည့်ခရီးဆောင်အိတ်များ
[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]
၁၉၅၂ ခုနှစ်က ကျွန်တော်တို့မင်္ဂလာပွဲတွင်ကျွန်တော့်ဇနီးရှာနက်နှင့်အတူ