နှစ်ပေါင်း ၅၀ ကျော် ‘ကူးသွားခြင်း’
အမန္နဝဲလ် ပတဲကီစ် ပြောပြသည်
လွန်ခဲ့တဲ့နှစ်ပေါင်းတစ်ထောင့်ကိုးရာကျော်က တကယ်ထူးခြားတဲ့ ဖိတ်ကြားချက်တစ်ခုကို တမန်တော်ပေါလု ရခဲ့တယ်– “မာကေဒေါနိပြည်သို့ ကူးပါ။ ငါတို့ကို မစပါ” တဲ့။ “ဧဝံဂေလိတရား [“သတင်းကောင်း၊” ကဘ] ကိုဟော” ဖို့ဒီအခွင့်အရေးသစ်ကို ပေါလုတလိုတလား လက်ခံခဲ့တယ်။ (တမန်တော် ၁၆:၉၊ ၁၀) ကျွန်တော်ရခဲ့တဲ့ ဖိတ်ကြားချက်ကတော့ အဲ့ဒီအချိန်လောက်က မဟုတ်ပေမဲ့ “အကျွန်ုပ်ရှိပါ၏။ အကျွန်ုပ်ကိုစေလွှတ်တော်မူပါ” လို့ဟေရှာယ ၆:၈ မှာပါတဲ့စိတ်ထားအတိုင်း ရပ်ကွက်အသစ်တွေထဲ ‘ကူးဝင်’ သွားဖို့ ကျွန်တော်သဘောတူလက်ခံခဲ့တာ အနှစ် ၅၀ ကျော်ပြီ။ ကျွန်တော့်ခရီးစဉ်တွေကြောင့် အမြဲခရီးလှည့်လည်သူဆိုတဲ့နာမည် တွင်ခဲ့ပေမဲ့ ကျွန်တော့်လှုပ်ရှားမှုတွေက ကမ္ဘာလှည့်ခရီးသည်ပုံစံနဲ့ မတူပါဘူး။ ကျွန်တော့်ဟိုတယ်အခန်းထဲရောက်တဲ့အခါ ကျွန်တော့်ကို ကာကွယ်ပေးတဲ့အတွက် ယေဟောဝါရှေ့ဒူးထောက်ပြီးကျေးဇူးတော်ချီးမွမ်းခဲ့တာ အကြိမ်ကြိမ်ပါပဲ။
၁၉၁၆၊ ဇန်နဝါရီလ ၁၆ ရက်မှာ ခရိကျွန်း၊ ယယ်ရပ်တရ်မြို့မှာ နေထိုင်တဲ့ ဘာသာရေးအရမ်းကိုင်းရှိုင်းတဲ့ ဩသဒေါက်မိသားစုတစ်စုကနေ ကျွန်တော်မွေးဖွားခဲ့တယ်။ နို့စို့သူငယ်ဘဝကတည်းက ကျွန်တော်နဲ့ ကျွန်တော့်ညီအစ်မသုံးယောက်ကို မေမေက တနင်္ဂနွေနေ့တိုင်း ချာ့ချ်ခေါ်သွားတယ်။ ကျွန်တော့်အဖေကျတော့ အိမ်မှာပဲနေပြီး ကျမ်းစာဖတ်တာကိုပိုကြိုက်တယ်။ ရိုးသားဖြောင့်မှန်ပြီး ခွင့်လွှတ်တတ်တဲ့ ကျွန်တော့်အဖေကို ကျွန်တော်အရမ်းမြတ်နိုးတာ။ ကျွန်တော်ကိုးနှစ်သားအရွယ်မှာ သူသေသွားတော့ ကျွန်တော်အတော့်ကိုစိတ်ထိခိုက်မိတယ်။
“ဘုရားသခင်ရှိကြောင်းကို ကျွန်ုပ်တို့ဝန်းကျင်ရှိ အရာခပ်သိမ်းတို့က ကြွေးကြော်သည်” ဆိုတဲ့စာတမ်းကို ငါးနှစ်အရွယ်တုန်းက ကျောင်းမှာ ဖတ်မိတာ သတိရသေးတယ်။ ကြီးလာတဲ့အခါ အဲ့ဒါကို ကျွန်တော်လုံးလုံးခံယူထားတယ်။ ဒါနဲ့ ၁၁ နှစ်အရွယ်မှာ “အိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုယ်တော်စီရင်ပြုပြင်တော်မူသောအရာတို့သည် အလွန်များပြားပါ၏။ ရှိရှိသမျှတို့ကို ပညာတော်အားဖြင့် ဖန်ဆင်းတော်မူ၏။ မြေကြီးသည် ဘဏ္ဍာတော်နှင့် ကြွယ်ဝပါ၏” လို့ဆိုတဲ့ ဆာလံ ၁၀၄:၂၄ ပါစကားကို အဓိကခေါင်းစဉ်အဖြစ်ရွေးပြီး စာစီစာကုံးတစ်ခုကို ကျွန်တော်ရေးခဲ့တယ်။ ပင်မသစ်ပင်ကြီးရဲ့ အရိပ်အောက်ကနေ လေပင့်ပြီးပါသွားနိုင်ဖို့ အတောင်ငယ်တွေပါတဲ့ သစ်စေ့ကလေးတွေကအစ သဘာဝအံ့သြစရာတွေကို ကျွန်တော်အရမ်းစိတ်ဝင်စားတယ်။ ကျွန်တော့်စာစီစာကုံးကိုအပ်ပြီးနောက် တစ်ပတ်အကြာမှာ ကျွန်တော့်ဆရာမက တစ်တန်းလုံးကိုအရင်၊ အဲ့ဒီနောက် တစ်ကျောင်းလုံးကို ဖတ်ပြလိုက်တယ်။ အဲ့ဒီတုန်းက ကွန်မြူနစ်သဘောတရားတွေကို ဆရာဆရာမတွေ တိုက်ဖျက်နေတဲ့အချိန်ပေါ့။ ဘုရားသခင်ရှိတဲ့အကြောင်း ကျွန်တော်ရဲ့ခုခံတင်ပြချက်ကို သူတို့ အရမ်းသဘောကျကြတယ်။ ကျွန်တော်ကတော့ ဖန်ဆင်းရှင်အပေါ် ကျွန်တော့်ယုံကြည်ခြင်းကို ဖော်ပြရလို့ တကယ်ဝမ်းသာမိတယ်။
အကျွန်ုပ်၏မေးခွန်းများအတွက် အဖြေများ
၁၉၃၀ ပြည့်လွန်နှစ်တွေရဲ့ အစောပိုင်းအချိန်မှာ ယေဟောဝါသက်သေတွေနဲ့ ပထမဦးဆုံးတွေ့ဆုံခဲ့တာကို ကျွန်တော်အခုထိ သတိရသေးတယ်။ ခရိကျွန်းပေါ်ရှိ မြို့တွေ၊ ရွာတွေမှာ အမန္နဝဲလ် လီအန္နူဒါကိစ်ဟာ ဟောပြောနေပါတယ်။ သူ့ဆီကနေ စာအုပ်တွေ ကျွန်တော်လက်ခံယူထားတယ်။ ဒါပေမဲ့ ကျွန်တော်သတိပြုမိတဲ့ စာအုပ်နာမည်က လူသေများအဘယ်မှာရှိသနည်း [လိပ်] ဖြစ်တယ်။ သေတာကို ကျွန်တော်ကြောက်လွန်းလို့ အဖေသေခဲ့တဲ့အခန်းထဲတောင် ကျွန်တော်မဝင်ရဲဘူး။ အဲ့ဒီစာအုပ်ကလေးကို ကျွန်တော်ထပ်ခါထပ်ခါဖတ်ပြီး လူသေရဲ့အခြေအနေအကြောင်း ကျမ်းစာသင်ပေးတာကိုသိလာပြီးနောက် ကျွန်တော့်ရဲ့ အယူသီးပြီးကြောက်တတ်တဲ့စိတ်တွေ ပျောက်သွားပါတယ်။
တစ်နှစ်တစ်ခါ နွေရာသီမှာ ကျွန်တော်တို့မြို့ကို သက်သေခံတွေရောက်လာပြီး ကျွန်တော်ဖတ်ဖို့ စာအုပ်တွေထပ်ယူလာပေးတယ်။ ကျမ်းစာကိုတဖြည်းဖြည်း ပိုနားလည်လာပေမဲ့ ဩသဒေါက်ချာ့ချ်ကို ဆက်တက်နေတုန်းပဲဖြစ်တယ်။ ဒါပေမဲ့ ကယ်တင်ခြင်းဆိုတဲ့စာအုပ်က ကျွန်တော့်ဘဝအတွက် အလှည့်အပြောင်းကြီးဖြစ်ခဲ့တယ်။ အဲ့ဒီထဲမှာ ယေဟောဝါအဖွဲ့အစည်းနဲ့ စာတန့်အဖွဲ့အစည်းတို့ရဲ့ခြားနားချက်ကို ရှင်းရှင်းလင်းလင်း ဖော်ပြထားတယ်။ အဲ့ဒီအချိန်ကစပြီး ကျမ်းစာနဲ့ ရသမျှကင်းမျှော်စင်အသင်းရဲ့စာပေတွေကို ပိုမှန်မှန်ဖတ်တော့တယ်။ ဂရိနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ပိတ်ပင်ထားတဲ့အတွက် ညအချိန်မှာ ခိုးလေ့လာရတယ်။ ဒါတောင်မှ ကျွန်တော်တတ်သိလာတာတွေကို လူတိုင်းကိုမပြောပြဘဲ မနေနိုင်တဲ့အထိ တကယ်စိတ်အားထက်သန်ခဲ့တယ်။ မကြာခင်မှာပဲ ကျွန်တော့်ကို ရဲတွေအထူးဂရုစိုက်လာကြပြီး ကျွန်တော့်အိမ်မှာ စာအုပ်စာတမ်းတွေရှာဖို့ နေ့ရောညပါအချိန်မရွေး ရောက်လာကြတော့တာပဲ။
၁၉၃၆ ခုနှစ်မှာ ၇၅ မိုင်ဝေးတဲ့ အိုင်ရကလီအောန်မြို့မှာ ပထမဦးဆုံးအကြိမ် အစည်းအဝေးတက်ခဲ့တယ်။ သက်သေခံတွေနဲ့တွေ့ရလို့ ကျွန်တော်အရမ်း ဝမ်းသာမိတယ်။ သူတို့အများစုက သာမန်လူတွေပဲ။ အများအားဖြင့် လယ်သမားတွေဖြစ်တယ်။ ဒါပေမဲ့ ဒါဟာအမှန်တရားပဲဆိုတာကို ကျွန်တော်ယုံကြည်စိတ်ချနိုင်ဖို့ သူတို့ကူညီပေးတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်တော်ဟာ ကိုယ့်ကိုယ်ကို ယေဟောဝါထံ အပ်နှံခဲ့တယ်။
ကျွန်တော်နှစ်ခြင်းယူခဲ့တဲ့အချိန်ကို ဘယ်တော့မှ မေ့နိုင်မှာမဟုတ်ဘူး။ ၁၉၃၈ ခုနှစ်၊ ညတစ်ညမှာ ကျွန်တော်နဲ့ကျမ်းစာသင်တဲ့ အမျိုးသားနှစ်ယောက်နဲ့အတူ ကျွန်တော့်ကို ညီအစ်ကို လီအန္နူဒါကိစ်က လုံးဝမှောင်နေတဲ့အချိန်မှာ ကမ်းခြေဆီ ခေါ်သွားတယ်။ ဆုတောင်းပြီးတာနဲ့ ကျွန်တော်တို့ကို ရေထဲနှစ်ခဲ့တယ်။
အဖမ်းခံရ
ကျွန်တော်ပထမဆုံးအကြိမ် တရားဟောထွက်ခဲ့တဲ့အချိန်ဟာ တကယ်ထူးခြားတယ်ဆိုတာ ပိုပြောတာမဟုတ်ဘူး။ ဓမ္မဆရာဖြစ်နေတဲ့ ကျောင်းနေဖက်ဟောင်းတစ်ယောက်နဲ့ တွေ့ဆုံခဲ့တယ်။ သူနဲ့ ကောင်းကောင်းဆွေးနွေးခွင့်ရခဲ့တယ်။ ဒါပေမဲ့ ဆွေးနွေးပြီးတာနဲ့ ဂိုဏ်းအုပ်ရဲ့အမိန့်အတိုင်း ကျွန်တော့်ကို သူ ရဲစခန်းအပ်ရမယ်လို့ ရှင်းပြတယ်။ အနီးအနားရွာက ရဲတွေအလာကို မြို့တော်ဝန်ရုံးခန်းထဲမှာ ကျွန်တော်တို့စောင့်နေတုန်း အပြင်ဘက်မှာ လူတွေစုလာတယ်။ ဒါနဲ့ရုံးခန်းထဲက ဂရိဘာသာ ဓမ္မသစ်ကျမ်းကို ကျွန်တော်ယူပြီး မဿဲအခန်းကြီး ၂၄ ကိုအခြေခံတဲ့ ဟောပြောချက်တစ်ခုကို ပေးလိုက်တယ်။ အစတော့ အဲ့ဒီလူတွေ နားမထောင်ချင်ကြဘူး။ ဒါပေမဲ့ ဓမ္မဆရာက “ဟောပါစေ။ အဲ့ဒါငါတို့ကျမ်းစာပဲ” လို့ကြားဝင်ပြောတယ်။ တစ်နာရီခွဲကြာကြာ ဟောပြောခွင့်ရခဲ့တယ်။ ဒါနဲ့ပဲ အမှုဆောင်ထွက်တဲ့ ပထမနေ့မှာ ကျွန်တော်ပထမဆုံးအကြိမ် လူထုဟောပြောချက် ပေးလိုက်ရတယ်။ ဟောပြီးတာတောင် ရဲတွေ မရောက်လာသေးတဲ့အတွက် မြို့ထဲကနေ ကျွန်တော့်ကိုနှင်ထုတ်လိုက်ဖို့ လူတစ်စုကိုခိုင်းမယ်လို့ မြို့တော်ဝန်နဲ့ ဓမ္မဆရာက ဆုံးဖြတ်ကြတယ်။ သူတို့ပစ်ခတ်တဲ့ကျောက်ခဲတွေ ကျွန်တော့်ကိုမမှန်မိဖို့ ပထမလမ်းကွေ့မှာတင် အမြန်ဆုံးထွက်ပြေးခဲ့ရတယ်။
နောက်နေ့ကြတော့ ကျွန်တော့်အလုပ်ဌာနကို ရဲနှစ်ယောက်နဲ့အတူ ဂိုဏ်းအုပ်ရောက်လာပြီး ကျွန်တော့်ကိုဖမ်းတယ်။ ရဲစခန်းမှာ သူတို့ကို ကျမ်းစာနဲ့ သက်သေခံခွင့်ရလိုက်တယ်။ ဒါပေမဲ့ ကျွန်တော့်ကျမ်းစာစာပေတွေက ဥပဒေရှိတဲ့အတိုင်း ဂိုဏ်းအုပ်ရဲ့ခွင့်ပြုချက် မပါတဲ့အတွက် တရားမဝင်တဲ့စာပေတွေကို ဖြန့်ဝေမှုနဲ့ဘာသာဆွယ်မှုတွေနဲ့ ကျွန်တော်တရားစွဲခံရတယ်။ ကျွန်တော့်ကို ရုံးတင်စစ်ဆေးချိန် ဆိုင်းငံ့ထားတုန်းမှာ လွတ်ငြိမ်းခွင့်ပေးထားတယ်။
တစ်လအကြာမှာ ကျွန်တော့်အမှုကိုစစ်တယ်။ ကျွန်တော်ဟာ ဟောပြောရမယ်ဆိုတဲ့ ခရစ်တော်ရဲ့အမိန့်ကို နာခံရုံနာခံတာပါလို့ ကျွန်တော့်ထုချေချက်ထဲမှာ ထည့်တင်ပြတယ်။ (မဿဲ ၂၈:၁၉၊ ၂၀) တရားသူကြီးက “သား၊ အဲ့ဒီအမိန့်ပေးတဲ့သူက နှက်တိုင်တင်အသတ်ခံခဲ့ရတယ်။ မင်းကို အဲ့ဒီလိုဒဏ်ပေးဖို့ ငါ့မှာအာဏာမရှိတာ ဝမ်းနည်းတယ်” ဆိုပြီးအရွဲ့တိုက် ပြောလိုက်တယ်။ ဒါပေမဲ့လည်း ကျွန်တော်မသိတဲ့ ရှေ့နေငယ်တစ်ယောက်ကထပြီး ကွန်မြူနစ်နဲ့ဘုရားမဲ့ဝါဒ ဒီလောက်နှံ့ပြားနေတဲ့အထဲမှာ ဘုရားသခင့်နှုတ်ကပါဌ်တော်ကို ခုခံကာကွယ်ပေးဖို့ အသင့်ရှိတဲ့လူငယ်တွေကို တရားရုံးအနေနဲ့ ဂုဏ်ယူသင့်တယ်လို့ ကျွန်တော့်ဘက်က ထုချေပေးတယ်။ အဲ့ဒီနောက် သူကကျွန်တော့်ဆီလာပြီး ကျွန်တော့်အမှုတွဲထဲမှာရှိတဲ့ ကျွန်တော်ရေးတင်ထားတဲ့ ထုချေလွှာကို ချီးမွမ်းပါတယ်။ ကျွန်တော်ဒီလောက်အသက်ငယ်တာကို သူက သဘောကျသွားပြီး ကျွန်တော့်ကို အခမဲ့ခုခံကာကွယ်ပေးမယ်လို့ ပြောတယ်။ အနည်းဆုံးသုံးလ အပြစ်ဒဏ်ခံရမဲ့အစား ကျွန်တော်ထောင်ဆယ်ရက်ကျပြီး ဒဏ်ငွေ ၃၀၀-ဒရာမာ ဆောင်ခဲ့ရတယ်။ ဒီလိုအတိုက်အခံခံရလို့ ယေဟောဝါအမှုတော်ကိုဆောင်ပြီး သမ္မာတရားကို ခုခံကာကွယ်ဖို့ ပိုတောင်စိတ်ထက်သန်လာတယ်။
ကျွန်တော်နောက်တစ်ကြိမ်အဖမ်းခံရတဲ့အခါ ကျမ်းစာကိုအလွယ်တကူ ကိုးကားအသုံးပြုနိုင်တာကို တရားသူကြီးက သတိပြုမိတယ်။ သူကဂိုဏ်းအုပ်ကို “ခင်ဗျားလုပ်စရာရှိတာ လုပ်ပြီးပြီ။ ကျန်တာကျွန်တော်ကြည့်လုပ်လိုက်မယ်” လို့ပြောပြီး သူ့တရားရုံးထဲက ထွက်သွားခိုင်းတယ်။ အဲ့ဒီနောက် သူ့ကျမ်းစာကိုထုတ်ပြီး ကျွန်တော်တို့ တစ်နေ့ခင်းလုံး ဘုရားသခင့်နိုင်ငံတော်အကြောင်း ဆွေးနွေးကြတယ်။ ဒီလိုအဖြစ်အပျက်တွေက အခက်အခဲတွေကြား ဆက်ကြိုးစားဖို့ ကျွန်တော်ကိုအားပေးတယ်။
သေဒဏ်
၁၉၄၀ ပြည့်နှစ်မှာ ဥပဒေအရ စစ်မှုထမ်းရမယ်လို့ အမိန့်စာရတဲ့အတွက် ကျွန်တော်ဘာကြောင့် စစ်မှုမထမ်းနိုင်တဲ့အကြောင်း စာရေးတင်ပြခဲ့တယ်။ နောက်နှစ်ရက်အကြာမှာ ကျွန်တော်အဖမ်းခံရပြီး ရဲတွေရဲ့ ပြင်းပြင်းထန်ထန် ရိုက်နှက်မှုကိုခံလိုက်ရတယ်။ အဲ့ဒီနောက် အယ်လ်ဘေးနီးယားနိုင်ငံရဲ့ ရှေ့တန်းကို အပို့ခံရတယ်။ အဲ့ဒီမှာ ကျွန်တော်စစ်မတိုက်နိုင်ဘူးလို့ ငြင်းဆိုတဲ့အတွက် စစ်ခုံရုံးတင်ခံရတယ်။ ကျွန်တော်မှန်တယ်၊ မှားတယ်ဆိုတာကို သိချင်တာထက် ကျွန်တော့်ပုံသက်သေက စစ်သားတွေအတွက် ဘယ်လိုအမှတ်ထင်သွားမယ်ဆိုတာကို သူတို့ပိုစိတ်ဝင်စားတယ်လို့ စစ်အာဏာပိုင်တွေက ကျွန်တော့်ကိုပြောတယ်။ ကျွန်တော့်ကို သေဒဏ်ချတယ်။ ဒါပေမဲ့ ဥပဒေနဲ့ပတ်သက်ပြီး ချွတ်ယွင်းချက်တစ်ခုရှိတဲ့အတွက် အလုပ်ကြမ်းနဲ့ထောင်ဒဏ်ဆယ်နှစ် စီရင်ချက် ပြောင်းလဲလိုက်လို့ အရမ်းစိတ်ချမ်းသာသွားတယ်။ အဲ့ဒီနောက် ဂရိနိုင်ငံမှာ တကယ်ဆိုးတဲ့အခြေအနေရှိတဲ့ စစ်အကျဉ်းထောင်မှာ လအနည်းငယ်ထောင်ကျခဲ့တယ်။ အဲ့ဒီဒဏ်ကို ကျွန်တော်အခုထိခံနေရတုန်းပဲ။
ဒါပေမဲ့ ထောင်ကျနေတယ်ဆိုလို့ မဟောဘဲမနေပါဘူး။ ဝေးပါသေးတယ်! စစ်အကျဉ်းထောင်ထဲမှာ အရပ်သားတစ်ယောက် ဘာကြောင့်ရောက်နေရတယ်ဆိုတာ သိချင်တဲ့လူတွေများလို့ အလွယ်တကူ စကားစမြည်စတင်ပြီး ဟောပြောနိုင်ခဲ့တယ်။ ဒီလိုဆွေးနွေးလိုက်ရလို့ စိတ်ရင်းမှန်တဲ့ လူငယ်တစ်ယောက်နဲ့ အကျဉ်းထောင်ဝင်းထဲမှာ ကျမ်းစာသင်အံမှုတစ်ခု ပြုလုပ်နိုင်ခဲ့တယ်။ နောက်သုံးဆယ်ရှစ်နှစ်ကြာတော့ အဲ့ဒီလူနဲ့ အစည်းအဝေးတစ်ခုမှာ ပြန်ဆုံတယ်။ သမ္မာတရားကို သူလက်ခံပြီး လက်ဖ်ကပ်စ်ကျွန်းပေါ်မှာ အသင်းတော်ကြီးကြပ်မှူးတစ်ယောက်အဖြစ် အမှုထမ်းနေတယ်လို့သိရတယ်။
၁၉၄၁ ခုနှစ်မှာ ဟစ်တလာရဲ့စစ်တပ်က ယူဂိုစလားဗီးယားနိုင်ငံကို ဝင်တိုက်ခိုက်တဲ့အခါ တောင်ဘက်ပိုကျတဲ့ ပရက်ဗ်ဇာအကျဉ်းထောင်ကို ကျွန်တော်ရွှေ့ပြောင်းခံရတယ်။ အဲ့ဒီခရီးစဉ်မှာ ကျွန်တော်တို့ယာဉ်တန်းကို ဂျာမန်တွေ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်။ ဒါနဲ့ကျွန်တော်တို့အကျဉ်းသားတွေကို အစာမကျွေးတော့ဘူး။ ကျွန်တော့်မှာရှိတဲ့ မုန့်နည်းနည်းကလေး ကုန်သွားတဲ့အခါ “သေဒဏ်ကနေ ကျွန်တော့်ကိုကယ်နုတ်ပြီးမှ ငတ်ပြီးသေဖို့ ဘုရားသခင့်အလိုတော် ရှိမယ်ဆိုရင် အလိုတော်အတိုင်း ဖြစ်ပါစေ” လို့ဘုရားသခင်ကိုဆုတောင်းလိုက်တယ်။
နောက်နေ့ တန်းစီလူစစ်တုန်း အရာရှိတစ်ယောက်က ကျွန်တော့်ကိုခေါ်ထုတ်သွားပြီး၊ သူက ကျွန်တော်ဘယ်ကလာတယ်၊ ကျွန်တော့်မိဘတွေက ဘယ်သူတွေဖြစ်တယ်၊ ကျွန်တော်ဘာကြောင့်အကျဉ်းကျနေရတယ်ဆိုတာတွေကို သိသွားတဲ့အခါ သူ့နောက်လိုက်ခဲ့ပါလို့ခေါ်တယ်။ မြို့ထဲမှာရှိတဲ့ အရာရှိစားသောက်ရိပ်သာဆီ ကျွန်တော့်ကိုခေါ်သွားပြီး ပေါင်မုန့်၊ ဒိန်ခဲနဲ့ သိုးကင်တည်ခင်းထားတဲ့စားပွဲမှာထိုင်ခိုင်းပြီး အစာသုံးဆောင်ခိုင်းတယ်။ ဒါပေမဲ့ တခြားအကျဉ်းသား ၆၀ မစားရဘဲ ကျွန်တော်တစ်ယောက်ထဲစားဖို့ ကျွန်တော့်သြတ္တပ္ပစိတ်က ခွင့်ပြုမှာမဟုတ်ဘူးလို့ ရှင်းပြတယ်။ အဲ့ဒီအရာရှိက “ငါအားလုံးကိုတော့ မကျွေးနိုင်ဘူး။ မင်းအဖေက ငါ့အဖေအပေါ် အရမ်းစေတနာရှိခဲ့တာ။ တခြားလူတွေအပေါ်မဟုတ်ဘဲ မင်းအပေါ် လူမှုရေးတာဝန် ငါ့မှာရှိနေတယ်” လို့ပြောတယ်။ “ဒီလိုဆိုရင် ရပါတယ်။ ပြန်ဦးမယ်” လို့ကျွန်တော်ဖြေလိုက်တယ်။ သူက တစ်ခဏလောက်စဉ်းစားပြီး အစာထည့်ယူသွားနိုင်သလောက် ထည့်ယူသွားဖို့ ကျွန်တော့်ကို အိတ်ကြီးကြီးတစ်လုံး ပေးတယ်။
အကျဉ်းစခန်းကိုပြန်ရောက်တဲ့အခါ အိတ်ကိုချပြီး “လူကြီးမင်းများ၊ ဒါခင်ဗျားတို့အတွက်” လို့ပြောလိုက်တယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ၊ တခြားအကျဉ်းသားတွေ ဒုက္ခရောက်ရတာဟာ ကျွန်တော်က သူတို့ရဲ့အပျိုစင်မာရိဆီ သူတို့ဆုတောင်းတဲ့အခါ မပါဝင်လို့ဆိုပြီး ပြီးခဲ့တဲ့ညနေကပဲ ကျွန်တော့်ကိုစွပ်စွဲခဲ့ကြတယ်။ ဒါပေမဲ့ ကွန်မြူနစ်တစ်ယောက်က ကျွန်တော့်ကိုခုခံကာကွယ်ပေးခဲ့တယ်။ အခု စားစရာတွေကို တွေ့တဲ့အခါ တခြားသူတွေကို သူက “မင်းတို့ ‘အပျိုစင်မာရိ’ ဘယ်မှာတုန်း။ ဒီလူကြောင့် ငါတို့အားလုံး သေရတော့မယ်ဆို။ အခုတော့ သူကငါတို့အတွက် စားစရာယူလာခဲ့တာ” လို့ပြောလိုက်တယ်။ အဲ့ဒီနောက် ကျွန်တော့်ဘက်လှည့်ပြီး “အမန္နဝဲလ်! လာဆုတောင်းပေး” လို့ပြောပါလေရော။
အဲ့ဒီနောက်မကြာခင်မှာဘဲ ဂျာမန်စစ်တပ် ချီတက်လာလို့ အစောင့်တွေ ထွက်ပြေးကုန်တော့ အကျဉ်းသားတွေ လွတ်မြောက်ကုန်ကြတယ်။ ဒါနဲ့ ၁၉၄၁ ခုနှစ်၊ မေလအကုန်မှာ အေသင်မြို့ကိုမသွားခင် တခြားသက်သေခံတွေနဲ့ တွေ့ရအောင် ပထရပ်စ်မြို့ကို ကျွန်တော်သွားခဲ့တယ်။ အဲ့ဒီမှာ အဝတ်အစားနဲ့ ဖိနပ်တွေရရှိပြီး တစ်နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် ရေချိုးလိုက်ရတယ်။ ဂျာမန်တွေသိမ်းပိုက်ထားချိန်တစ်လျှောက်လုံး ကျွန်တော်တရားဟောတိုင်း ပိတ်ပင်ခံရတယ်။ ဒါပေမဲ့ ကျွန်တော့်ကို တစ်ခါမှ မဖမ်းကြဘူး။ တစ်ယောက်က “ဂျာမနီမှာဆိုရင် ယေဟောဝါသက်သေတွေကို ဒို့ပစ်သတ်တယ်။ ဒါပေမဲ့ ဒီမှာကြတော့ ဒို့ရန်သူတွေအားလုံးဟာ သက်သေခံတွေဖြစ်စေချင်ကြတယ်” လို့ပြောတယ်။
စစ်ပြီးနောက်လှုပ်ရှားမှုများ
တိုက်ခိုက်ခံရတာ မဝသေးသလိုဘဲ ၁၉၄၆ ကနေ ၁၉၄၉ အထိ ဂရိနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် တိုင်းပြည်ပျက်ပြီး ထောင်ချီသေကျေပျက်စီးကြတယ်။ အစည်းအဝေးတွေတက်ရုံနဲ့ အဖမ်းခံနိုင်တဲ့အချိန်မျိုးမှာ ညီအစ်ကိုတွေ ခွန်အားရှိနေဖို့ အားပေးမှု တကယ်လိုအပ်နေကြတယ်။ ညီအစ်ကိုအချို့ဆိုရင် သူတို့ရဲ့ ကြားနေမှုကြောင့် သေဒဏ်စီရင်ခံကြရတယ်။ ဒါပေမဲ့လည်း အဲ့ဒီကြားထဲ ဘုရားသခင့်နိုင်ငံတော်သတင်းကိုလက်ခံသူတွေရှိတယ်။ အပတ်တိုင်း တစ်ယောက်နှစ်ယောက် နှစ်ခြင်းခံတယ်။ ၁၉၄၇ ခုနှစ်ကစပြီး အေသင်မြို့မှာရှိတဲ့ အသင်းမရုံးမှာ နေ့အခါ အလုပ်လုပ်ပြီး ညအခါမှာ အသင်းတော်တွေဆီကို နယ်လှည့်ကြီးကြပ်မှူးအနေနဲ့ လည်ပတ်ခဲ့ပါတယ်။
၁၉၄၈ ခုနှစ်မှာ အမေရိကန်နိုင်ငံမှာရှိတဲ့ ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းတက်ဖို့ ခေါ်ဖိတ်ခံရလို့ ဝမ်းသာခဲ့ရတယ်။ ဒါပေမဲ့ ပြဿနာတစ်ခုရှိခဲ့တယ်။ ကျွန်တော်ရဲ့အရင်ပြစ်ဒဏ်စီရင်ချက်တွေကြောင့် ကျွန်တော် နိုင်ငံကူးလက်မှတ် မရနိုင်ဘဲဖြစ်နေတယ်။ ဒါပေမဲ့လည်း ကျွန်တော်နဲ့ကျမ်းစာသင်တဲ့ လူတစ်ယောက်က ဗိုလ်ချုပ်ကြီးတစ်ယောက်နဲ့ အတော်ရင်းနှီးတယ်။ အဲ့ဒီသင်သားရဲ့ကျေးဇူးကြောင့် အပတ်အနည်းငယ်အတွင်းမှာ ကျွန်တော်နိုင်ငံကူးလက်မှတ် ရလိုက်တယ်။ ဒါပေမဲ့ ကျွန်တော်မထွက်ခွာခင်ကလေးမှာ ကင်းမျှော်စင်မဂ္ဂဇင်းကိုဝေငှလို့ အဖမ်းခံခဲ့ရတယ်။ ရဲသားတစ်ယောက်က ကျွန်တော့်ကို အေသင်မြို့ နိုင်ငံတော်လုံခြုံရေးရဲအုပ်ဆီကို ခေါ်သွားတယ်။ သူက ကျွန်တော့်အိမ်နီးနားချင်းဖြစ်နေတယ်ဗျ! ရဲသားက ကျွန်တော့်ကို ဘာကြောင့်ဖမ်းခဲ့တယ်ဆိုတာကိုရှင်းပြပြီး မဂ္ဂဇင်းထုပ်ကို အပ်လိုက်တယ်။ ကျွန်တော့်အိမ်နီးနားချင်းက သူ့စားပွဲအံထဲကနေ ကင်းမျှော်စင်မဂ္ဂဇင်းတစ်ပုံကို ထုတ်ပြပြီး “ကျွန်တော့်မှာ နောက်ဆုံးထုတ် မရှိသေးဘူး။ တစ်အုပ်ရနိုင်မလား” လို့မေးလိုက်တယ်။ ဒီလိုအဖြစ်အပျက်မျိုးတွေမှာ ယေဟောဝါရဲ့အကူအညီကို ကျွန်တော်တွေ့ရလို့ စိတ်ချမ်းသာရတယ်!
၁၉၅၀ ပြည့်နှစ် ဂိလဒ်၏ ၁၆ ကြိမ်မြောက်သင်တန်းက ကျွန်တော့်အတွက် အကျိုးများစေပြီး နှစ်လိုဖွယ်ကောင်းတဲ့ အတွေ့အကြုံတစ်ခုပဲ။ သင်တန်းအပြီးမှာ ဆိုက်ပရပ်စ်ကျွန်းကိုသွားဖို့ တာဝန်ရရှိတယ်။ အဲ့ဒီမှာ ဓမ္မဆရာတွေရဲ့ အတိုက်အခံဟာ ဂရိနိုင်ငံလောက်ကိုဆိုးဝါးတယ်ဆိုတာ မကြာခင်မှာပဲ တွေ့မြင်လိုက်ရတယ်။ ဩသဒေါက်ဓမ္မဆရာတွေရဲ့ သွေးထိုးမှုကြောင့် ဘာသာရေးတစ်ယူသန် လူအုပ်တွေရဲ့ဒေါသကို ကျွန်တော်တို့ မကြာခဏရင်ဆိုင်ရတယ်။ ၁၉၅၃ ခုနှစ်မှာ ကျွန်တော့်ရဲ့ဆိုက်ပရပ်စ်ဗီဇာကို အသစ်ပြန်မလဲပေးတဲ့အတွက် တူရကီနိုင်ငံ၊ အစ္စတန်ဘူလ်မြို့ကို တာဝန်ပြောင်းခံရတယ်။ ဒီမှာလည်း ကြာကြာမနေရဘူး။ ဟောပြောခြင်းလုပ်ငန်းမှာ တွင်ကျယ်နေပေမဲ့ တူရကီနဲ့ ဂရိနိုင်ငံနှစ်ခုစပ်ကြား နိုင်ငံရေးတင်းမာမှုတွေရှိနေတဲ့အတွက် တခြားတာဝန်ကျရာနေရာတစ်ခုဖြစ်တဲ့ အီဂျစ်နိုင်ငံဆီကို ပြောင်းရွှေ့ရပြန်တယ်။
သဲကန္တာရကို ထွက်ပြေးချင်တယ်လို့ ဒါဝိဒ်ပြောခဲ့တဲ့ စကားပါတဲ့ ဆာလံ ၅၅:၆၊ ၇ ကို ကျွန်တော်အကျဉ်းကျနေတုန်းမှာ အမြဲသတိရခဲ့တယ်။ ဒါပေမဲ့ တစ်နေ့ကျရင် အဲ့ဒီနေရာမျိုးကို ကျွန်တော်ရောက်ရလိမ့်မယ်လို့ တစ်ခါမှမတွေးမိဘူး။ ၁၉၅၄ ခုနှစ်မှာ ရထားစီး၊ နိုင်းလ်မြစ်ထဲသင်္ဘောစီးပြီး ပင်ပင်ပန်းပန်း ခရီးရက်ရှည်ထွက်လာပြီးနောက်မှ ခရီးပန်းတိုင်—ဆူဒန်ပြည်၊ ကာတွမ်မြို့—ကိုရောက်လာတယ်။ အဲ့ဒီအချိန်မှာ ရေချိုးပြီး အိပ်ပဲအိပ်လိုက်ချင်တယ်။ ဒါပေမဲ့ နေ့လယ်နေ့ခင်းဖြစ်နေတာကို မေ့သွားတယ်။ ဒါနဲ့အိမ်ခေါင်မိုးပေါ်မှာထားတဲ့ တိုင်ကီရေနဲ့ ရေပူလောင်သွားလို့ ဦးရေအနာ မကျက်မချင်း အတော်ကြာကြာ ဦးထုပ်ဆောင်းထားရတယ်။
ဆာဟာရထဲ အနီးဆုံးအသင်းတော်နဲ့ မိုင်တစ်ထောင်ဝေးတဲ့နေရာမှာ ကျွန်တော်တစ်ယောက်တည်းရှိနေရလို့ မကြာခဏ အထီးကျန်စိတ်ဝင်မိတယ်။ ဒါပေမဲ့လည်း ကျွန်တော့်ကို ယေဟောဝါခွန်အားပေးလို့ ဆက်အားယူနိုင်ခဲ့တယ်။ တစ်ခါတလေ မထင်မမှတ်တဲ့နေရာတွေကနေ အားပေးခံရတယ်။ တစ်ခါ ကာတွမ်မြို့ပြတိုက်ရဲ့ ဒါရိုက်တာနဲ့တွေ့ဆုံခဲ့တယ်။ သူဟာ အမြင်ကျယ်တယ်။ သူ့နဲ့ ကျွန်တော်ကောင်းကောင်းဆွေးနွေးခွင့်ရခဲ့တယ်။ ကျွန်တော်ဟာ ဂရိမျိုးနွယ်ဖြစ်တယ်ဆိုတာကို သူသိတာနဲ့ ပြတိုက်ကိုသွားပြီး ခြောက်ရာစုချာ့ချ်တစ်ခုထဲမှာတွေ့ခဲ့တဲ့ ရှေးဟောင်းလက်ရာတွေပေါ်မှာပါတဲ့ ကမ္ဗည်းစာတမ်းတချို့ကို ဘာသာပြန်ပေးဖို့ အကူအညီတောင်းတယ်။ လေလှောင်တဲ့ မြေအောက်ခန်းထဲမှာ ငါးနာရီကြာပြီးမှ ယေဟောဝါနာမည်၊ တက်တြာဂရမ်မီတန်ပါတဲ့ ပန်းကန်ပြားတစ်ချပ်ကို တွေ့လိုက်တော့ ကျွန်တော်ဘယ်လောက်ဝမ်းသာလိုက်မယ်ဆိုတာကို စဉ်းစားကြည့်ပါ! ဥရောပတိုက် ချာ့ချ်တွေထဲမှာ နာမတော်မြတ်ကို တွေ့ရှိရတာမဆန်းပါဘူး။ ဒါပေမဲ့ ဆာဟာရအလယ်မှာတွေ့လိုက်ရတာ တကယ့်ကိုထူးဆန်းတာ!
၁၉၅၈ အပြည်ပြည်ဆိုင်ရာ စည်းဝေးကြီးပြီးနောက် မြေထဲပင်လယ်တစ်ဝိုက် အရှေ့အလယ်နဲ့ အနီးရှိနိုင်ငံ ၂၆ နိုင်ငံနဲ့ အဲ့ဒီနယ်မြေတွေက ညီအစ်ကိုတွေဆီ လည်ပတ်တဲ့ ဇုန်ကြီးကြပ်မှူးအဖြစ် ကျွန်တော်တာဝန်ရတယ်။ မကြာခဏဆိုသလိုပဲ ကျပ်တည်းတဲ့အခြေအနေ တစ်မျိုးမျိုးကနေထွက်ပေါက်ကို ကျွန်တော်မတွေ့ခဲ့ပေမဲ့ လွတ်ရာလမ်းကို ယေဟောဝါ အမြဲစီစဉ်ပေးခဲ့တယ်။
နိုင်ငံတချို့မှာ သီးခြားရောက်နေတဲ့သက်သေခံတွေကို ယေဟောဝါရဲ့အဖွဲ့အစည်းဟာ ဂရုစိုက်တာကို ကျွန်တော်အမြဲလေးစားတယ်။ တစ်ခါက ရေနံမြေမှာအလုပ်လုပ်တဲ့ အိန္ဒိယညီအစ်ကိုတစ်ယောက်ကို တွေ့ဆုံခဲ့တယ်။ တစ်နိုင်ငံလုံးမှာ သက်သေခံရယ်လို့ သူတစ်ယောက်တည်းရှိတယ်ဆိုတာ ထင်ရှားနေတယ်။ သူ့အံဆွဲထဲမှာ ဘာသာစကား ၁၈ မျိုးနဲ့ စာအုပ်စာတမ်းတွေကိုထည့်ထားပြီး သူ့လုပ်ဖော်ကိုင်ဖက်တွေကို ပေးဖတ်တယ်။ နိုင်ငံခြားဘာသာအားလုံးကို ပိတ်ပင်ထားတဲ့ ဒီနိုင်ငံမှာတောင် ကျွန်တော်တို့ရဲ့ညီအစ်ကိုဟာ သတင်းကောင်းဟောရမယ်ဆိုတဲ့ သူ့တာဝန်ကို မမေ့ဘူး။ သူ့ဘာသာဝင်ဖြစ်တဲ့ ကိုယ်စားလှယ်တစ်ယောက်ကို သူ့ဆီလည်ပတ်ဖို့ ပို့လိုက်တဲ့အတွက် သူ့လုပ်ဖော်ကိုင်ဖက်တွေက အတော်အထင်ကြီးသွားကြတယ်။
၁၉၅၉ ခုနှစ်မှာ စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ကို ကျွန်တော်လည်ပတ်ခဲ့ရတယ်။ အဲ့ဒီအချိန်တုန်းက ဒီနှစ်နိုင်ငံစလုံး အာဏာရှင်စနစ်အောက်ရှိပြီး ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ကြပ်ကြပ်မတ်မတ် ပိတ်ပင်ထားပါတယ်။ တစ်လထဲမှာ ကျွန်တော်အစည်းအဝေးတစ်ရာကျော် ကျင်းပခွင့်ရပြီး အခက်အခဲတွေကြုံရပေမဲ့ အားမလျှော့ဖို့ ညီအစ်ကိုတွေကို အားပေးနိုင်ခဲ့တယ်။
တစ်ယောက်တည်း မဟုတ်တော့
ကျွန်တော် တစ်ကိုယ်ရေဘဝနဲ့ အနှစ် ၂၀ ကျော် ယေဟောဝါအမှုတော်ကို အချိန်ပြည့်ဆောင်ရွက်ခဲ့ပါပြီ။ နေရာအတည်တကျမရှိဘဲ အခုလို အမြဲခရီးထွက်နေရတာကို ကျွန်တော်ရုတ်တရက် ငြီးငွေ့လာတယ်။ ဒီအချိန်လောက်မှာ တူနီးရှားနိုင်ငံက အထူးရှေ့ဆောင် အဲနီ ဗျန္နူချီနဲ့ တွေ့ဆုံခဲ့တယ်။ ၁၉၆၃ ခုနှစ်မှာ ကျွန်တော်တို့ မင်္ဂလာဆောင်လိုက်ကြတယ်။ ယေဟောဝါနဲ့ သမ္မာတရားကို သူမြတ်နိုးတဲ့စိတ်၊ ဓမ္မအမှုကို ဇွဲနဲ့ဆောင်ရွက်တာမက သူ့သွန်သင်နည်းပညာကောင်းတာရယ် ဘာသာစကား အတော်များများကို သူတတ်ထားတာတွေက ကျွန်တော်တို့ရဲ့ သာသနာပြုလုပ်ငန်းရော အာဖရိကတောင်ပိုင်း၊ အနောက်ပိုင်းနဲ့ အီတလီနိုင်ငံမှာ တိုက်နယ်လုပ်ငန်းလုပ်ရတဲ့အတွက် အတော်အကျိုးပေးခဲ့တယ်။
၁၉၆၅၊ ဩဂုတ်လမှာ စီနီဂယ်လ်နိုင်ငံ၊ ဒါကာမြို့မှာ ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတာဝန်ကျပြီး ဒေသန္တရဌာနခွဲရုံး ဖွဲ့စည်းခွင့်ရခဲ့တယ်။ စီနီဂယ်လ်နိုင်ငံဟာ ဘာသာရေးလွတ်လပ်ခွင့်ပေးတဲ့နေရာမှာ တကယ်ထူးခြားထင်ရှားတဲ့နိုင်ငံတစ်ခုဖြစ်တယ်။ အဲ့ဒါ သမ္မတလေအိုပိုလ်ဒ် စဲန်ဂ်ဟောကြောင့် ဖြစ်နိုင်တယ်။ ၁၉၇၀ ပြည့်လွန်နှစ်တွေတုန်းက မာလာဝီနိုင်ငံမှာ ယေဟောဝါသက်သေတွေကို ရက်ရက်စက်စက်ညှဉ်းဆဲခဲ့တဲ့အချိန်မှာ သူတို့ကို အားပေးထောက်ခံတဲ့အနေနဲ့ မာလာဝီသမ္မတ ဗဲန်ဒါဆီစာရေးခဲ့တဲ့ အာဖရိကနိုင်ငံ့ခေါင်းဆောင်တွေထဲမှာ သူလည်းတစ်ဦးပါဝင်တယ်။
ယေဟောဝါ၏ကြွယ်ဝသောကောင်းချီး
၁၉၅၁ ခုနှစ်က ကျွန်တော်ဂိလဒ်ကျောင်းဆင်းပြီး ဆိုက်ပရပ်စ်ကျွန်းကို ထွက်ခွာခဲ့တုန်းက သေတ္တာခုနစ်လုံးပါလာတယ်။ တူရကီနိုင်ငံကိုသွားတော့ ငါးလုံးပဲပါသွားတော့တယ်။ ဒါပေမဲ့ဒီလောက်ခရီးထွက်ရတော့ ဝန်စည်စလယ်အလေးချိန်သတ်မှတ်ချက်ဖြစ်တဲ့ ကီလိုဂရမ် ၂၀ (၄၄ ပေါင်) ပဲသယ်ဆောင်ဖို့ ကျင့်သားရရတော့တယ်။ အဲ့ဒီထဲမှာ ကျွန်တော့်ဖိုင်တွဲတွေနဲ့ လက်နှိပ်စက်ငယ်တစ်လုံးပါပါတယ်။ တစ်နေ့ကျတော့ အဲ့ဒီတုန်းက ကင်းမျှော်စင်အသင်းရဲ့ဥက္ကဋ္ဌဖြစ်တဲ့ ညီအစ်ကိုနောရ်ကို “ပစ္စည်းဥစ္စာပဓာနဝါဒီမဖြစ်ရအောင် ကျွန်တော့်ကို ညီအစ်ကိုကာကွယ်ပေးတယ်။ ကီလိုဂရမ် ၂၀ နဲ့နေထိုင်တတ်အောင် ကျွန်တော့်ကိုသင်ပေးတယ်” လို့ပြောခဲ့တယ်။ ပစ္စည်းများများမရှိတဲ့အတွက် ကျွန်တော့်ကိုကျွန်တော် ဆင်းရဲတယ်လို့ တစ်ခါမှမထင်မိဘူး။
ခရီးထွက်တဲ့အခါ ကျွန်တော့်အတွက် အဓိကပြဿနာက တစ်နိုင်ငံဝင် တစ်နိုင်ငံထွက်ကိစ္စပဲ။ တစ်နေ့၊ လုပ်ငန်းပိတ်ပင်ထားတဲ့ နိုင်ငံတစ်နိုင်ငံမှာ အကောက်ခွန်အရာရှိတစ်ယောက်က ကျွန်တော့်ဖိုင်တွဲတွေကို လှန်လှောကြည့်နေတယ်။ အဲ့ဒါက အဲ့ဒီနိုင်ငံမှာရှိတဲ့ သက်သေခံတွေအတွက် အန္တရာယ်ရှိနိုင်မှန်းကို ကျွန်တော်သိလို့ ကျွန်တော့်အပေါ်အင်္ကျီအိတ်ထဲကနေ ကျွန်တော့်ဇနီးဆီကစာကိုထုတ်ပြီး အကောက်ခွန်အရာရှိကို “ခင်ဗျား စာတွေဖတ်တဲ့ဝါသနာရှိတယ်နော်။ ဖိုင်တွဲထဲမပါတဲ့ ကျွန်တော့်ဇနီးဆီက ဒီစာကိုကော ဖတ်ကြည့်ဦးမလား” လို့မေးလိုက်တော့ သူရှက်သွားပြီး တောင်းပန်ပြီးမှ ကျွန်တော့်ကိုမဆီးတားတော့ဘဲ လွှတ်လိုက်တယ်။
၁၉၈၂ ခုနှစ်ကစပြီး ကျွန်တော်နဲ့ ကျွန်တော့်ဇနီးတို့ဟာ မြောက်ပိုင်းပြင်သစ်နိုင်ငံ၊ နိုက်စ်မြို့မှာ သာသနာပြုကြရတယ်။ ကျန်းမာရေးချို့ယွင်းလာတဲ့အတွက် အရင်ကလောက် ကျွန်တော်မလုပ်နိုင်တော့ဘူး။ ဒါပေမဲ့လည်း ကျွန်တော်တို့ရဲ့ပျော်ရွှင်မှု လျော့နည်းမသွားပါဘူး။ ‘ကျွန်တော်တို့ရဲ့ဆောင်ရွက်မှုဟာ . . . အကျိုးမဲ့မဟုတ်’ ဘူးဆိုတာ တွေ့မြင်ခဲ့ပါပြီ။ (၁ ကောရိန္သု ၁၅:၅၈) နှစ်ပေါင်းများစွာအတွင်း ကျွန်တော်ကျမ်းစာသင်ပေးခွင့်ရခဲ့တဲ့ လူအတော်များများသာမက ကျွန်တော့်မိသားစုဝင် ၄၀ ကျော်ပါ ယေဟောဝါအမှုတော်ကို သစ္စာရှိရှိထမ်းဆောင်နေတာတွေ့ရလို့ ဝမ်းသာရတယ်။
ကျွန်တော် ‘ကူးသွား’ ကူညီပေးပြီး ကိုယ်ကျိုးစွန့်ခဲ့တာတွေကို လုံးဝဝမ်းမနည်းပါဘူး။ တကယ်ဆိုတော့ ကျွန်တော်ဘယ်လောက်ပဲ ကိုယ်ကျိုးစွန့်ဦးတော့ ယေဟောဝါနဲ့ ကိုယ်တော့်သားတော်၊ ခရစ်တော်ယေရှုစွန့်လွှတ်ခဲ့တဲ့စွန့်လွှတ်မှုနဲ့ နှိုင်းယှဉ်လို့မရပါဘူး။ သမ္မာတရားကိုသိခဲ့တဲ့ အနှစ် ၆၀ ကိုပြန်တွေးတောကြည့်တဲ့အခါ ကျွန်တော့်ကို ယေဟောဝါအကြီးအကျယ်ကောင်းချီးပေးခဲ့တယ်လို့ တကယ်ပြောနိုင်တယ်။ နယပုံပြင် ၁၀:၂၂ မှာပြောထားသလိုပဲ “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ၏ကောင်းချီးမင်္ဂလာသည် စည်းစိမ်ကိုဖြစ်စေတတ်၏။”
ယေဟောဝါရဲ့ ‘ကရုဏာတော်သည် အသက်ထက်သာ၍ကောင်း’ ပါတယ်ဆိုတာ သံသယမဖြစ်နိုင်ပါဘူး။ (ဆာလံ ၆၃:၃) ဇရာအိုအရွယ်ရဲ့ အဆင်မပြေမှုတွေ တိုးများလာတာနဲ့အမျှ မှုတ်သွင်းခံဆာလံဆရာရဲ့ စကားတွေ ကျွန်တော့်ဆုတောင်းချက်တွေထဲမှာ မကြာခဏပါတယ်– “အိုထာဝရဘုရား [“ယေဟောဝါ၊” ကဘ] ကိုယ်တော်ကို အကျွန်ုပ်ခိုလှုံပါ၏။ အရှက်ကွဲခြင်းနှင့် အစဉ်ကင်းလွတ်ပါစေသော။ အိုထာဝရဘုရား ကိုယ်တော်သည် အကျွန်ုပ်မျှော်လင့်ရာ ဖြစ်တော်မူ၏။ အကျွန်ုပ်ငယ်သောအရွယ်မှစ၍ အကျွန်ုပ်ကိုးစားရာ ဖြစ်တော်မူ၏။ အိုဘုရားသခင် ကိုယ်တော်သည် အကျွန်ုပ်ကို ငယ်သောအရွယ်မှစ၍ သွန်သင်တော်မူပါပြီ။ ယခုတိုင်အောင် အံ့ဖွယ်သောအမှုတော်တို့ကို အကျွန်ုပ်ပြပါပြီ။ တစ်ဖန်တုံ အိုဘုရားသခင်၊ အကျွန်ုပ်အသက်ကြီး၍ ဆံပင်ဖြူသည်ကာလတိုင်အောင် ယခုလူများတို့အား ကိုယ်တော်၏အစွမ်းသတ္တိကိုလည်းကောင်း၊ နောက်ဖြစ်လတ္တံ့သောသူအပေါင်းတို့အား တန်ခိုးတော်ကိုလည်းကောင်း အကျွန်ုပ်မပြမီတွင် အကျွန်ုပ်ကို စွန့်ပစ်တော်မမူပါနှင့်။”—ဆာလံ ၇၁:၁၊ ၅၊ ၁၇၊ ၁၈။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
ယနေ့ ကျွန်တော့်ဇနီးအဲနီနဲ့အတူ