ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်ကို လိုက်လျှောက်ရန် စိတ်ပိုင်းဖြတ်ထား
“ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” စည်းဝေးကြီးများကဘုရားသခင်အားဝတ်ပြုလိုသူများကို ပေးစရာများစွာရှိသည်တကား! တက်ရောက်ခဲ့သူတစ်ဦးက စည်းဝေးကြီးကို “သွန်သင်မှု၊ အားပေးမှုနှင့် ထွန်းလင်းမှုထူးခြားစွာရရှိချိန်” အဖြစ်ဖော်ပြခဲ့သည်။
နောက်တစ်ဦးက “ပျော်မွေ့စရာ၊ ဆင်ခြင်စရာ၊ နှလုံးသွင်းစရာများစွာရှိသည်” ဟုဆိုသည်။ ယခု အစီအစဉ်ကိုယ်နှိုက်ကို သုံးသပ်ကြည့်ကြပါစို့။
ယေရှုခရစ်—လမ်းခရီး၊ သမ္မာတရားနှင့်အသက်
ယင်းသည် စည်းဝေးကြီးပထမနေ့၏ အဓိကအချက်ဖြစ်သည်။ (ယောဟန် ၁၄:၆) ပထမဆုံးဟောပြောချက်က စည်းဝေးကြီးတွင် စုရုံးရောက်ရှိနေကြရခြင်း၏ ရည်ရွယ်ချက်ကိုဖော်ပြသည်၊ ထိုရည်ရွယ်ချက်မှာ အကောင်းဆုံးဘဝလမ်းစဉ်ဖြစ်သော ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်အကြောင်း ထပ်မံသွန်သင်ခံရဖို့ဖြစ်သည်။ ယေဟောဝါသည် မိမိ၏လူမျိုးတော်ကို မိမိ၏လမ်းစဉ်၌ လျှောက်လှမ်းတတ်ရန် သွန်သင်ပေးတော်မူ၏။ ယင်းကို သမ္မာကျမ်းစာ၊ “သစ္စာနှင့်သတိပညာရှိသောကျွန်” နှင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် သွန်သင်ပေးသည်။ (မဿဲ ၂၄:၄၅-၄၇၊ သမ; လုကာ ၄:၁; ၂ တိမောသေ ၃:၁၆) စကြဝဠာအကြွင်းမဲ့ပိုင်သအုပ်စိုးရှင်၏ သွန်သင်မှုကိုခံယူရခြင်းသည် အခွင့်ထူးပါတကား!
ထိုနေ့၏အဓိကအချက်နှင့်အညီ အဓိကဟောပြောချက်မှာ “ခရစ်တော်၏ရွေးနုတ်ဖိုး—ဘုရားသခင်၏ကယ်တင်ရာလမ်းစဉ်” ဖြစ်သည်။ ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်ကို လိုက်လျှောက်ရာ၌ ယေဟောဝါ၏ရည်ရွယ်ချက်တွင် ယေရှုခရစ်၏အခန်းကဏ္ဍကို အသိအမှတ်ပြုဖို့အရေးကြီးသည်။ ဟောပြောသူက ဤသို့ဆိုသည်– “မည်သို့ပင်ယုံကြည်သည်ဖြစ်စေ၊ လုပ်ဆောင်သည်ဖြစ်စေ ယေရှုခရစ်၏ရွေးနုတ်ဖိုးပူဇော်သကာမရှိလျှင် မည်သူမျှ ဘုရားသခင်ထံမှထာဝရအသက်ကို ရရှိနိုင်မည်မဟုတ်” ဟုဆိုသည်။ ထို့နောက် “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လောကီသားတို့ကိုချစ်တော်မူ၏” ဟုဖော်ပြထားသည့် ယောဟန် ၃:၁၆ ကိုသူကိုးကားခဲ့သည်။ ခရစ်တော်၏ရွေးနုတ်ဖိုးပူဇော်သကာကို ယုံကြည်ကြောင်းတင်ပြရာတွင် သမ္မာတရားကို တိတိကျကျသိရှိဖို့လိုသည်။ ယင်းတွင် ကျွန်ုပ်တို့၏အသက်တာကို ယေဟောဝါထံဆက်ကပ်အပ်နှံကြောင်း ရေတွင်နှစ်ခြင်းခံခြင်းဖြင့် တင်ပြခြင်းနှင့် ယေရှုခရစ်ထားခဲ့သည့် စံနမူနာနှင့်အညီ အသက်ရှင်နေထိုင်ခြင်းတို့လည်းပါဝင်သည်။—၁ ပေတရု ၂:၂၁။
မွန်းလွဲပိုင်းအစီအစဉ်ကို “မေတ္တာလမ်းစဉ်သည် ထာဝစဉ်တည်၏” ဟူသည့် ဟောပြောချက်ဖြင့်စတင်သည်။ ဤတွင် ၁ ကောရိန္သု ၁၃:၄-၈ ၌မှတ်တမ်းတင်ထားသော မေတ္တာအကြောင်း ပေါလု၏ရှင်းပြချက်ကို အခန်းငယ်တစ်ပိုဒ်ချင်းဆွေးနွေးခြင်း ပါဝင်သည်။ ကိုယ်ကျိုးစွန့်မေတ္တာသည် ခရစ်ယာန်ဘာသာ၏ ထင်ရှားသောအသွင်အပြင်တစ်ခုဖြစ်ပြီး ယေဟောဝါနှစ်သက်သောဝတ်ပြုမှု၏ အရေးပါသောအသွင်အပြင်များမှာ ဘုရားသခင်နှင့် မိမိ၏အိမ်နီးချင်းကိုချစ်ခြင်းဖြစ်ကြောင်း ပရိသတ်ကိုသတိရစေသည်။
၎င်းနောက် “မိဘများ—ဘုရားသခင့်လမ်းစဉ်ကို သင်တို့၏ကလေးများတွင်စွဲမြဲစေပါ” ဟူသောခေါင်းစဉ်ပေါ်မူတည်သည့် အခန်းဆက်ဟောပြောချက်သုံးခုကို ကြားရသည်။ မိဘများသည် ဘုရားသခင်၏နှုတ်မြွက်စကားတော်ကို ဖတ်ရှုလေ့လာရာတွင် ပုံသက်သေကောင်းပြခြင်းဖြင့် ကိုယ်တော်အားဝတ်ပြုရန် ကလေးများကိုကူညီပေးနိုင်သည်။ ပုံမှန်ပြုလုပ်သော မိသားစုသင်အံမှုကို မိသားစုလိုအပ်ရာများနှင့်အညီ စီစဉ်ပေးခြင်းဖြင့် ကလေးများ၏စိတ်နှလုံးတွင် သမ္မာတရားကိုစွဲမြဲစေနိုင်သည်။ အသင်းတော်လုပ်ငန်းများနှင့် လယ်ကွင်းဓမ္မအမှုတွင် သားသမီးများပါဝင်စေရန် ကူညီပေးခြင်းသည်လည်းအရေးကြီး၏။ ဤဆိုးသွမ်းသောလောကတွင် ဘုရားသခင်အား ကြောက်ရွံ့သည့်ကလေးများဖြစ်လာစေရန် ပြုစုပျိုးထောင်ခြင်းသည် စိန်ခေါ်ချက်တစ်ရပ်ဖြစ်သော်လည်း ကြီးမားသည့်ဆုကျေးဇူးများရရှိစေသည်။
ဤအခန်းဆက်ဟောပြောချက်ပြီးနောက် “ယေဟောဝါသည် သင့်ကိုအသရေရှိသောအသုံးတော်ခံဖြစ်ရန် ပုံသွင်းစေပါ” ဟူသည့်ဟောပြောချက်ကို ကြားခဲ့ရသည်။ အိုးထိန်းသမားတစ်ဦးသည် မြေအိုးကိုပုံသွင်းသကဲ့သို့ ဘုရားသခင်သည် မိမိအားဝတ်ပြုလိုသူများကို ပုံသွင်းတော်မူ၏။ (ရောမ ၉:၂၀၊ ၂၁) ကိုယ်တော်၏နှုတ်မြွက်စကားတော်နှင့် အဖွဲ့အစည်းမှတစ်ဆင့် သွန်သင်ချက်ပေးခြင်းဖြင့်ပုံသွင်းတော်မူ၏။ ကျွန်ုပ်တို့သည်အသုံးတော်ခံရန် အသင့်ရှိမည်၊ အခွင့်အရေးများကိုမြင်ပြီး တုံ့ပြန်မည်၊ ဘုရားသခင့်လမ်းပြမှုကို တလိုတလားလက်ခံမည်ဆိုလျှင် ကျွန်ုပ်တို့အရည်အချင်းများကို အပြည့်အဝအသုံးပြုရန် ယေဟောဝါကူညီပေးပေလိမ့်မည်။
စည်းဝေးအစီအစဉ်မှ စိတ်လှုပ်ရှားဖွယ်အပိုင်းဖြစ်သည့် “[ခရစ်ယာန်] သာသနာပြုလယ်ကွင်းတွင် အမှုဆောင်ခြင်း” ကိုယခုကြားရကြသည်။ လောလောဆယ်တွင် ကမ္ဘာတစ်ဝန်းရှိနိုင်ငံပေါင်း ၁၄၈ နိုင်ငံတွင် [ခရစ်ယာန်] သာသနာပြုများအဖြစ်ယူမှတ်ခံရသော ခရစ်ယာန်ဓမ္မအမှုဆောင်နေကြသူ ၂,၃၉၀ ရှိသည်။ သူတို့သည် သစ္စာစောင့်သိခြင်းနှင့် ဇွဲရှိခြင်းတို့တွင် အလွန်ကောင်းသောပုံသက်သေပြကြပြီး နိုင်ငံခြားလယ်ကွင်းများတွင် အမှုဆောင်ရသည့်အခွင့်ထူးကို အလွန်ကျေးဇူးတင်ကြသည်။ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး၏ ဤအပိုင်းတွင် [ခရစ်ယာန်] သာသနာပြုများသည် [ခရစ်ယာန်] သာသနာပြုဘဝတွင်တွေ့ကြုံရသော စိန်ခေါ်မှုများနှင့်ရွှင်လန်းမှုတို့ကို ပြောပြကြသည်။
ပထမနေ့၏နောက်ဆုံးဟောပြောချက်မှာ “တမလွန်ဘဝရှိပါသလော” ဖြစ်သည်။ ဤမေးခွန်းသည် လူသားများကို နှစ်ပေါင်းထောင်နှင့်ချီ၍ ခေါင်းရှုပ်စေခဲ့ပြီ။ လူတန်းစားအသီးသီးရှိလူများသည် ယင်းအကြောင်းနှင့် လုံးပန်းလာခဲ့ကြ၏။ ဖြစ်နိုင်စရာအဖြေများကလည်း မနည်းပေ။ ၎င်းတို့သည် အဖြေပေးသူတို့၏ဓလေ့ထုံးစံနှင့် ဘာသာတရားများတမျှ ကွဲပြားခြားနားပေသည်။ သို့တိုင် အမှန်တရားကို လူတို့သင်ယူဖို့လိုသည်။
ထို့နောက် ဟောပြောသူက ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားသနည်းဟူသော ၃၂ မျက်နှာရှိ ရောင်စုံဘရိုရှာအသစ်ကို ထုတ်ဝေလိုက်ကြောင်းကြေညာခဲ့သည်။ ဤဘရိုရှာသည် စိုးလ်မသေနိုင်ဟူသောသွန်သင်ချက်၏ ဇာစ်မြစ်ကိုရှင်းပြပြီး ယင်းအယူအဆသည် မျက်မှောက်ခေတ် ကမ္ဘာ့ဘာသာတရားအားလုံးနီးပါး၏ အချက်အချာဖြစ်လာကြောင်းကို ဖော်ပြသည်။ ယင်းက စိုးလ်နှင့်ပတ်သက်၍ သမ္မာကျမ်းစာကမည်သို့ဆိုကြောင်း၊ ကျွန်ုပ်တို့အဘယ့်ကြောင့်သေရကြောင်း၊ ကျွန်ုပ်တို့သေဆုံးသောအခါ မည်သို့ဖြစ်သွားကြောင်းတို့ကို ရှင်းလင်း၍ စိတ်ဝင်စားဖွယ်နည်းဖြင့် စစ်ဆေးတင်ပြသည်။ လူသေများနှင့် အသက်ရှင်နေသူများအတွက် အဘယ်မျှော်လင့်ချက်ရှိကြောင်းကိုလည်း ထိုဘရိုရှာက ရှင်းပြသည်။ ဤစာစောင်သည် နေရာအနှံ့အပြားရှိ အမှန်တရားရှာဖွေသူများအတွက် တကယ့်ကောင်းချီးဖြစ်ပါလိမ့်မည်!
သင်အဘယ်သို့ကျင့်ဆောင်သည်ကို စေ့စေ့သတိပြုလော့
ယင်းသည် စည်းဝေးကြီး၏ဒုတိယနေ့အတွက် အလွန်သင့်လျော်သည့် အဓိကအချက်ပါတကား! (ဧဖက် ၅:၁၅) နံနက်ပိုင်းအစီအစဉ်တွင် ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းကို အာရုံပြုခဲ့ကြသည်။ နေ့စဉ်ကျမ်းချက်ကိုဆွေးနွေးပြီးနောက် “လူများကို အသက်လမ်းစဉ်ပေါ်ရောက်ရန် ကူညီပေးခြင်း” ဟူသည့်ဟောပြောချက်ဖြင့် အစီအစဉ်ကိုဆက်သွားသည်။ အရေးတကြီးပြုရသည့် ဤလုပ်ငန်းကိုလုပ်ဆောင်ရာတွင် အပြုသဘောရှိဖို့အရေးကြီးသည်၊ အမှန်တရားကို အခြားသူတို့အားဝေမျှခြင်းသည် အခွင့်အရေးနှင့် တာဝန်တစ်ရပ်လည်းဖြစ်ကြောင်းအသိအမှတ်ပြုရမည်ဖြစ်သည်။ စီ.အီး. ပထမရာစုတွင် လူအများစုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ငြင်းပယ်ခဲ့ကြသည်။ သို့သော် ဆန့်ကျင်မှုကြားမှ ‘ထာဝရအသက်ကိုတလိုတလားရှိပြီး ယုံကြည်သူများဖြစ်လာ’ သူများရှိခဲ့သည်။ (တမန်တော် ၁၃:၄၈၊ ၅၀၊ ကဘ; ၁၄:၁-၅) ယနေ့ ထပ်တူအခြေအနေမျိုးရှိသည်။ အများက ကျမ်းစာအမှန်တရားကိုငြင်းပယ်ကြသော်လည်း ကျွန်ုပ်တို့သည် တလိုတလားရှိသူများကို ဆက်ပြီးရှာဖွေနေကြပါမည်။—မဿဲ ၁၀:၁၁-၁၃။
နောက်ဟောပြောချက်တွင် အသက်ရှင်ခြင်းသတင်းတရားဖြင့် အခြားသူများထံရောက်ရှိရန်စိန်ခေါ်ချက်အကြောင်း ဆွေးနွေးကြသည်။ ယနေ့ အိမ်၌လူတို့ကိုတွေ့ရှိရန် ပိုခက်ခဲလာသောကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကို လူတို့ကြားနိုင်သမျှကြားစေဖို့အတွက် စေ့စေ့စပ်စပ်ရှိ၍ အခွင့်အလမ်းရှာကြံတတ်ဖို့လိုသည်။ နိုင်ငံများစွာတွင် သတင်းကောင်းကြေညာသူများသည် တယ်လီဖုန်းဖြင့်သက်သေခံခြင်းနှင့် စီးပွားရေးရပ်ကွက်တွင်သက်သေခံခြင်းဖြင့် အောင်မြင်မှုများရရှိခဲ့ကြပြီး ဤနည်းဖြင့် ဆက်သွယ်ရန်ခက်ခဲသူများကို တွေ့ရှိနေကြသည်။
“ခရစ်တော်မိန့်မှာသမျှကို တပည့်များအား သွန်သင်ပေးခြင်း” ဟူသည့်ဟောပြောချက်က ကျွန်ုပ်တို့၏ဓမ္မအမှုတွင် ကျွမ်းကျင်လာခြင်း၏အရေးကြီးပုံကို အာရုံစိုက်စေသည်။ အခြားသူများထံမှသင်ယူပြီး အသင်းတော်အစည်းအဝေးများမှရရှိသော အလွန်ကောင်းသည့်လေ့ကျင့်မှုကို လက်တွေ့ကျင့်သုံးခြင်းဖြင့် သွန်သင်ခြင်းစွမ်းရည်ကို ထက်မြက်စေသည်။ သွန်သင်ခြင်းတွင် ကျွမ်းကျင်လာသည်နှင့်အမျှ ကျမ်းစာအမှန်တရားကိုသိလာရန် လူတို့ကိုကူညီပေးသည့်လုပ်ငန်း၌ ရွှင်လန်းမှုနှင့် ကျေနပ်မှုတိုးလာသည်ကိုတွေ့ရှိရသည်။
ဆက်ကပ်အပ်နှံခြင်းနှင့် နှစ်ခြင်း၏အဓိပ္ပာယ်ကိုရှင်းပြသည့် ဟောပြောချက်ဖြင့် နံနက်ပိုင်းအစီအစဉ်ပြီးဆုံးခဲ့သည်။ ဟောပြောသူပေါ်လွင်စေသည့်အချက်တစ်ချက်မှာ ဘုရားသခင်ကို လုံးဝယုံကြည်အားထားပြီး ကိုယ်တော့်အလိုတော်ကို အားတက်သရောထမ်းဆောင်ဖို့ ကြိုးစားမည်ဆိုလျှင် ကျွန်ုပ်တို့ကိုကောင်းချီးပေးကာ ထောက်မမည်ဖြစ်သည်။ ပညာရှိက ဤသို့ရေးသားခဲ့သည်– “သွားလေရာရာ၌ ထာဝရဘုရားကိုမျက်မှောက်ပြုလော့။ သို့ပြုလျှင် သင်၏လမ်းခရီးတို့ကို ပဲ့ပြင်တော်မူမည်။” (သု. ၃:၆) လူများစွာတို့သည် ဘုရားသခင်အလိုတော်ရှိသည့် ဘဝလမ်းစဉ်သို့စတင်ပြောင်းလဲလာခဲ့ကြောင်းတင်ပြသည့် ရွှင်လန်းဖွယ်နှစ်ခြင်းခံခြင်းအစီအစဉ်ကိုယ်နှိုက်က စည်းဝေးကြီး၏ပေါ်လွင်ချက်တစ်ရပ်ဖြစ်သည်။
ထမင်းစားရပ်နားချိန်ပြီးနောက် “အဆုံးမဲ့အသက်ကိုရည်မျှော်လျက် အမှုဆောင်ခြင်း” ဟူသည့်ဟောပြောချက်ဖြင့် မွန်းလွဲပိုင်းအစီအစဉ်ကိုစတင်ခဲ့သည်။ ကမ္ဘာပေါ်တွင် ကိုယ်တော့်အား ထာဝစဉ်အမှုဆောင်မည့် နာခံမှုရှိသောလူသားများရှိရန် ဘုရားသခင့်ရည်ရွယ်ချက်သည် ပြည့်စုံလာလိမ့်မည်။ သို့ဖြစ်သောကြောင့် ယေဟောဝါ၏အမှုတော်ကို ထာဝစဉ်ဆောင်ခြင်းအပေါ် ကျွန်ုပ်တို့၏စဉ်းစားတွေးတောမှု၊ အကြံအစည်များနှင့် မျှော်လင့်ချက်များကို အာရုံစိုက်ခြင်းသည် သင့်တော်လှသည်တကား! “ယေဟောဝါ၏နေ့၊ [ကဘ]” ကိုစိတ်ထဲစွဲမှတ်ထားစဉ် ကျွန်ုပ်တို့၏ပန်းတိုင်မှာ ထာဝရအမှုဆောင်ရန်ဖြစ်ကြောင်း သတိရနေရန်အရေးကြီးသည်။ (၂ ပေတရု ၃:၁၂) ယေရှုသည် မည်သည့်အချိန်တွင် ဘုရားသခင်အတွက် တရားစီရင်မည်ကို တိတိကျကျမသိခြင်းက ကျွန်ုပ်တို့အားသတိဝီရိယရှိစေပြီး တစ်ကိုယ်ကောင်းမဆန်ဘဲ ယေဟောဝါ၏အမှုကိုဆောင်နေကြောင်း ပြသရန်နေ့စဉ်အခွင့်အရေးရရှိစေသည်။
ဆက်ဟောသည့် ဟောပြောချက်နှစ်ခုက ဧဖက်မြို့သားများထံပေါလုရေးသားခဲ့သော စာ၏အခန်းကြီးလေးကို သုံးသပ်ထားသည်။ သုံးသပ်ဆင်ခြင်ခဲ့သော ကိစ္စရပ်များတွင် သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ခန့်အပ်ခံထားရသည့် ဝိညာဉ်ရေးရာအရည်အချင်းပြည့်မီသည့် “လူတို့တွင်ဆုလာဘ်များ” အဖြစ်ကျွန်ုပ်တို့ရရှိထားသော ကောင်းချီးများပါဝင်သည်။ ဤအကြီးအကဲများသည် ကျွန်ုပ်တို့၏ဝိညာဉ်ရေးအကျိုးအတွက် အကြံပြုချက်နှင့် ညွှန်ကြားချက်ပေးကြသည်။ ပေါလု၏မှုတ်သွင်းခံစာစောင်က ‘ဥပဓိရုပ်သစ်’ ကိုဝတ်ဆင်ကြရန်လည်း ခရစ်ယာန်များကို တိုက်တွန်းခဲ့သည်။ (ဧဖက် ၄:၈၊ ၂၄) ဘုရားရေးရာအရည်အသွေးတွင် စာနာထောက်ထားခြင်း၊ ကြင်နာခြင်း၊ စိတ်နှိမ့်ချခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ စိတ်ရှည်ခြင်းနှင့် ချစ်ခြင်းတို့ပါဝင်သည်။—ကောလောသဲ ၃:၁၂-၁၄။
ကျွန်ုပ်တို့အဘယ်သို့ကျင့်ကြံသည်ကို ကြပ်ကြပ်မတ်မတ်ဂရုစိုက်ရာတွင် မိမိတို့ကိုယ်ကို လောကီအညစ်အကြေးနှင့် ကင်းစင်စေခြင်းပါဝင်သည်။ ယင်းက နောက်ဟောပြောချက်၏ အကြောင်းအရာဖြစ်သည်။ အပန်းဖြေမှု၊ လူမှုရေးလုပ်ငန်းများနှင့် စည်းစိမ်ရှာရာတွင် မျှတမှုရှိရှိရွေးချယ်ရန်လိုသည်။ လောကီအညစ်အကြေးနှင့်ကင်းစင်ရန်ဟူသော ယာကုပ် ၁:၂၇ မှအကြံပြုချက်ကို လိုက်နာခြင်းဖြင့် ဘုရားသခင်၏ရှေ့တွင် စင်ကြယ်ပြီး ကြည်လင်သည့် ကိုယ်ကိုကိုယ်သိသောစိတ်ရှိကြသည်။ ကျွန်ုပ်တို့သည် ရည်ရွယ်ချက်ရှိရှိအသက်ရှင်နိုင်ပြီး ငြိမ်သက်မှု၊ ဝိညာဉ်ရေးရာကြွယ်ဝမှုနှင့် အထူးကောင်းမွန်သောအပေါင်းအဖော်များဖြင့် ကောင်းချီးရရှိကြမည်ဖြစ်သည်။
ထို့နောက် “လူငယ်များ—ဘုရားသခင်၏လမ်းစဉ်ကို လိုက်လျှောက်ကြ” ဟူသည့်ခေါင်းစဉ်ရှိ အခန်းဆက်ဟောပြောချက်သုံးခုကို ကြားခဲ့ကြရသည်။ ဘုရားသခင်သည် မိမိတို့ကိုချစ်ပြီး စင်ကြယ်သောဝတ်ပြုရေးကို မိမိတို့ကြိုးစားထောက်ခံခြင်းကို တန်ဖိုးထားတော်မူကြောင်းသိထားလျက် လူငယ်တို့သည် မိမိတို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို လေ့ကျင့်ပေးကာ ကိုယ်တော်အား သစ္စာရှိရှိအမှုဆောင်သင့်သည်။ ပိုင်းခြားသိမြင်နိုင်စွမ်းတိုးတက်စေသည့်နည်းတစ်နည်းမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို နေ့စဉ်ဖတ်ရှု၍ တွေးတောဆင်ခြင်ခြင်းဖြင့်ဖြစ်သည်။ သို့ပြုလျှင် ယေဟောဝါ၏နည်းလမ်းတော်များကို ကျွန်ုပ်တို့သိရှိနိုင်သည်။ (ဆာလံ ၁၁၉:၉-၁၁) မိဘများ၊ အကြီးအကဲများနှင့် အသင်းမစာပေများမှ ရင့်ကျက်သည့်အကြံပြုချက်များကို လက်ခံယူခြင်းဖြင့်လည်း ပိုင်းခြားသိမြင်နိုင်စွမ်းတိုးတက်လာပေသည်။ လူငယ်တို့သည် မိမိတို့၏ပိုင်းခြားသိမြင်နိုင်စွမ်းကို နည်းမှန်လမ်းကျအသုံးပြုကြခြင်းအားဖြင့် ဘုရားသခင်နှင့်ကင်းကွာနေသော လောက၏အမှတ်အသားဖြစ်သည့် စည်းစိမ်ရှာခြင်း၌ အချိန်ကုန်နေခြင်း၊ ညစ်ညမ်းသောစကားနှင့် အပန်းဖြေလွန်ကဲခြင်းတို့ကို တွန်းလှန်ကြသည်။ ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်ကို လိုက်လျှောက်ကြခြင်းဖြင့် လူငယ်များကော လူကြီးများပါ စစ်မှန်သောအောင်မြင်မှုရှိနိုင်သည်။
၎င်းနေ့၏နောက်ဆုံးဟောပြောချက်မှာ “ဖန်ဆင်းရှင်—ကိုယ်တော့်ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များ” ဖြစ်သည်။ ဖန်ဆင်းရှင်ကိုမသိသူ သန်းပေါင်းများစွာရှိကြောင်းဖော်ပြပြီးနောက် ဟောပြောသူက ဤသို့ဆိုသည်– “အသက်တာတွင် တကယ့်အဓိပ္ပာယ်ရှိခြင်းသည် ဖန်ဆင်းရှင်ဖြစ်တော်မူသော ပုဂ္ဂိုလ်တစ်ပါးဖြစ်သည့် ကျွန်ုပ်တို့၏ ဘုရားသခင်ကိုသိခြင်း; ကိုယ်တော့်ဂုဏ်ရည်တော်များကို အသိအမှတ်ပြုခြင်းနှင့် ကိုယ်တော့်နည်းလမ်းတော်များနှင့် ပူးပေါင်းလုပ်ဆောင်ခြင်းတို့နှင့် ဆက်နွှယ်နေသည်။ . . . ကျွန်ုပ်တို့၏ကမ္ဘာနှင့် ကျွန်ုပ်တို့အကြောင်း သိသင့်သိအပ်ရာများကိုအသုံးပြုကာ ဖန်ဆင်းရှင်အား လူတို့လက်ခံနိုင်ကြရန်နှင့် ကိုယ်တော်အား အဓိပ္ပာယ်ရှိရှိသိကျွမ်းစေရန် ကူညီပေးသည်။” ထို့နောက် ဟောပြောသူက ပညာရှိ၍ မေတ္တာပြည့်ဝသောဖန်ဆင်းရှင်တစ်ပါး တည်ရှိကြောင်းဖော်ပြသည့် အထောက်အထားကို ဆွေးနွေးတင်ပြခဲ့သည်။ သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလော စာအုပ်အသစ်ကိုထုတ်ဝေခြင်းဖြင့် ဟောပြောချက်အထွတ်အထိပ်ရောက်ခဲ့သည်။
“ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့”
ဤကား စည်းဝေးကြီးတတိယနေ့၏ အဓိကအချက်ဖြစ်သည်။ (ဟေရှာယ ၃၀:၂၁) ယေဇကျေလ၏ ဗိမာန်တော်အဆင်းအာရုံကို အာရုံစူးစိုက်စေသော အခန်းဆက်ဟောပြောချက်သုံးခုဖြင့် အစီအစဉ်ကိုစတင်ခဲ့သည်။ ဤအဆင်းအာရုံသည် ကျွန်ုပ်တို့ခေတ်ရှိစင်ကြယ်သောဝတ်ပြုရေးနှင့် ဆက်စပ်နေသောကြောင့် ဘုရားသခင်၏မျက်မှောက်ခေတ်လူတို့အတွက် အဓိပ္ပာယ်များစွာရှိသည်။ ဤအဆင်းအာရုံကို နားလည်ရန်သော့ချက်တစ်ခုကား ဤသို့– ယေဟောဝါ၏ မဟာဝိညာဉ်ရေးဗိမာန်တော်သည် စင်ကြယ်သောဝတ်ပြုရေးအတွက် ကိုယ်တော်၏အစီအစဉ်ကို ကိုယ်စားပြုသည်။ အဆင်းအာရုံ၏အသွင်အပြင်များကိုဆွေးနွေးစဉ် နားထောင်သူများသည် ဘိသိက်ခံအကြွင်းအကျန်မှ မေတ္တာပါသောကြီးကြပ်မှူးများနှင့် အကဲအမှူးအတန်းအစားဝင်ဖြစ်မည့်သူများ ပြုလုပ်သည့်လုပ်ငန်းကို ထောက်ခံသော မိမိတို့၏လုပ်ရပ်ကို ဆင်ခြင်သုံးသပ်ကြသည်။
နံနက်နှောင်းပိုင်းတွင် ဝတ်စုံပြည့်ဝတ်ဆင်ထားသူများပါဝင်သည့် အလွန်စိတ်ဝင်စားဖွယ်ကျမ်းစာပြဇာတ်ရှိသည်။ ၎င်း၏အမည်မှာ “မိသားစုတို့—နေ့စဉ် ကျမ်းစာဖတ်ရှုခြင်းကို သင်တို့၏ဘဝလမ်းစဉ် ဖြစ်စေလော့!” ဖြစ်သည်။ ယင်းက ဗာဗုလုန်ဘုရင်နေဗုခဒ်နေဇာ တည်ထားသောရွှေရုပ်တုကို ဦးချဖို့ငြင်းဆိုခဲ့သည့် ဟေဗြဲလူသုံးဦး၏ယုံကြည်ခြင်းနှင့် ရဲစွမ်းသတ္တိကို သရုပ်ဖော်တင်ဆက်ထားသည်။ ပြဇာတ်၏ဦးတည်ချက်မှာ သမ္မာကျမ်းစာသည် ရှေးသမိုင်းစာအုပ်မျှသာမဟုတ်ဘဲ ၎င်း၏အကြံပေးချက်သည် ယခုခေတ်လူငယ်များသာမက လူကြီးများအတွက်ပါ အမှန်ပင်အကျိုးရှိကြောင်း သရုပ်ဖော်ပြရန်ဖြစ်သည်။
မွန်းလွဲပိုင်းတွင် “ထာဝရအသက်သို့ တစ်ခုတည်းသောလမ်း” ဟူသော လူထုဟောပြောချက်ကိုတင်ဆက်ချိန်ဖြစ်သည်။ အပြစ်နှင့်သေခြင်းသို့ လူသားရောက်ရှိခဲ့ပုံကို ခြေရာပြန်ကောက်ပြီးနောက် ဟောပြောသူက စဉ်းစားမှုကိုလှုံ့ဆော်ပေးသော ဤစကားများနှင့်နိဂုံးချုပ်ခဲ့သည်– “ဤစည်းဝေးကြီးနေ့၏ အဓိကကျမ်းချက်မှာ ဟေရှာယကျမ်းအခန်းကြီး ၃၀၊ အခန်းငယ် ၂၁ ဖြစ်ကာ ဤသို့ဆိုသည်– ‘သင်သည် လက်ယာဘက်၊ လက်ဝဲဘက်သို့လမ်းလွဲလျှင်၊ “ဤမည်သောလမ်းသည်မှန်၏။ ဤလမ်း၌သွားလော့” ဟု သင့်နောက်၌ပြောသောစကားကို ကိုယ်နားနှင့်ကြားရလိမ့်မည်။’ ဤအသံကို ကျွန်ုပ်တို့မည်သို့ကြားနိုင်မည်နည်း။ ဘုရားသခင့်နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကို နားထောင်ခြင်းနှင့် နှုတ်မြွက်စကားတော်နှင့် ကိုယ်တော်၏မျက်မှောက်ခေတ် ခရစ်ယာန်အဖွဲ့အစည်းမှတစ်ဆင့် ကြီးမြတ်သောသွန်သင်ပေးရှင် ယေဟောဝါဘုရားသခင်ပေးတော်မူသော လမ်းညွှန်ချက်များကို လိုက်နာခြင်းဖြင့်ဖြစ်သည်။ အမှန်အားဖြင့် ယင်းတို့ကိုပြုခြင်းသည် ထာဝရအသက်ရစေသည့် တစ်ခုတည်းသောလမ်းဖြစ်သည်။”
ထိုအပတ်အတွင်း လေ့လာမည့် ကင်းမျှော်စင်သင်တန်းဆောင်းပါးကို အကျဉ်းချုပ်တင်ပြပြီးနောက် “ယေဟောဝါ၏လမ်းစဉ်၌ ဆက်လျှောက်လှမ်းနေခြင်း” ဟူသော နောက်ဆုံးဟောပြောချက်ကိုကြားခဲ့ရသည်။ ယင်းက အစီအစဉ်၏အဓိကအချက်အချို့ကို ပြန်လည်သုံးသပ်သည်။ ထို့နောက် ဘုရားသခင့်နည်းလမ်းတော်အတိုင်း ဆက်လျှောက်ရန်ဆုံးဖြတ်ကြောင်း တင်ပြသည့် အဓိဋ္ဌာန်ပြုချက်တစ်ရပ်ကို ဟောပြောသူကတင်ပြခဲ့သည်။
လှုံ့ဆော်မှုဖြစ်စေသော ဤစကားများဖြင့် အဓိဋ္ဌာန်ပြုချက်ကို နိဂုံးချုပ်ခဲ့သည်– “ကျမ်းစာမူများ၊ သွန်သင်ချက်နှင့် သတိပေးနှိုးဆော်ချက်တို့အတိုင်း အသက်ရှင်ခြင်းသည် ယနေ့ ဘဝအသက်တာအတွက် အကောင်းဆုံးလမ်းစဉ်ဖြစ်ကြောင်းနှင့် စစ်မှန်သောအသက်ကိုစွဲကိုင်နိုင်ရန် အနာဂတ်အတွက် အုတ်မြစ်ကောင်းဖြစ်ကြောင်း ကျွန်ုပ်တို့ယုံကြည်သည်။ ထို့ထက်ကား ယေဟောဝါဘုရားသခင်အား စိတ်နှလုံးအကြွင်းမဲ့၊ စိုးလ်အကြွင်းမဲ့ အစွမ်းရှိသမျှနှင့်ချစ်ကြသောကြောင့် ဤအဓိဋ္ဌာန်ကိုပြုကြခြင်းဖြစ်သည်!” တက်ရောက်သူအားလုံးက တူပါသည်ဟုကျယ်လောင်စွာဖြေဆိုခြင်းဖြင့် သဘောတူကြောင်းထောက်ခံခဲ့ကြသည်!
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလော
ဤခေါင်းစဉ်ရှိသော စာအုပ်အသစ်က ဖန်ဆင်းရှင်၊ ယေဟောဝါတည်ရှိကြောင်း စိတ်ချလောက်သည့်အထောက်အထားကိုဖော်ပြကာ ကိုယ်တော်၏အရည်အချင်းများကို ဆွေးနွေးထားသည်။ ဤစာအုပ်ကို အထူးသဖြင့် လောကပညာရှိသော်လည်း ဘုရားသခင်အားမယုံကြည်သူများအတွက် ရည် ရွယ်ထားသည်။ ၁၉၂ မျက်နှာရှိသော ဤစာအုပ်သည် ဘုရားသခင်၏ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များကိုလေးမြတ်စေကာ ကိုယ်တော်အားယုံကြည်သူတို့၏ ယုံကြည်ခြင်းကိုလည်း တိုးမြှင့်ပေးပါလိမ့်မည်။
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလော စာအုပ်က စာရှုသူသည် ဘုရားသခင်အားယုံကြည်သည်ဟု ယူမှတ်မထားပါ။ ယင်းအစား မကြာသေးမီက ထင်ရှားသောသိပ္ပံပညာဆိုင်ရာ ရှာဖွေတွေ့ ရှိချက်များနှင့် အယူအဆများက ဖန်ဆင်းရှင်ရှိကြောင်းကို မည်သို့သက်သေထူကြောင်း ဆွေးနွေးထားသည်။ ထိုတွင် “သင့်အသက်တာကို မည်သည့်အရာက ပိုအဓိပ္ပာယ်ရှိစေသနည်း၊” “ကျွန်ုပ်တို့၏စကြဝဠာသည် မည်သို့ဖြစ်လာသနည်း—အငြင်းပွားမှု၊” နှင့် “သင်သည် သူမတူထူးခြားလိုက်ပါဘိ!” စသည့်အခန်းများပါသည်။ အခြားအခန်းများတွင် သမ္မာကျမ်းစာသည် ဘုရားသခင်မှုတ်သွင်းသောစာစောင်ဖြစ်ကြောင်းကို အဘယ်ကြောင့်ကျွန်ုပ်တို့ယုံကြည်စိတ်ချနိုင်ကြောင်း သုံးသပ်ထားသည်။ ဤစာအုပ်အသစ်က ဖန်ဆင်းရှင်၏ဂုဏ်ရည်တော်နှင့် နည်းလမ်းတော်များကိုဖော်ပြထားသော သမ္မာကျမ်းစာ၏ခြုံငုံရှုမြင်ပုံကိုလည်း ဖော်ပြသည်။ ဘုရားသခင်သည် ဤမျှများပြားလှသော ဆင်းရဲခြင်းတို့ကို အဘယ်ကြောင့်ခွင့်ပြုထားရကြောင်းကို ဆွေးနွေးရုံမက ၎င်းကို ကိုယ်တော်မည်သို့ထာဝစဉ်အဆုံးတိုင်စေမည့်အကြောင်းကိုလည်း ရှင်းပြထားပါသည်။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
များစွာသောသူတို့သည် နှစ်ခြင်းခံခဲ့ကြ
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့ဝင် အေ. ဒီ. ရှရိုးဒါကဘရိုရှာအသစ်ကိုထုတ်ဝေခဲ့
[စာမျက်နှာ ၉ ပါ ရုပ်ပုံ]
နေ့စဉ်ကျမ်းစာဖတ်ရှုခြင်းကိုအားပေးသည့်စိတ်အားတက်ကြွဖွယ်ပြဇာတ်