“ဆီးရီးယားကန္တာရမှကေသာနက်သခင်မ”
သူသည် ညိုမောင်းသောအသားအရေ၊ ပုလဲရောင်သွားများနှင့် မည်းနက်တောက်ပသောမျက်လုံးပိုင်ရှင်ဖြစ်သည်။ သူသည် ပညာတတ်ဖြစ်ကာ ဘာသာစကားများစွာကို တတ်ကျွမ်းသူတစ်ဦးလည်းဖြစ်ခဲ့၏။ ဤစစ်ဘုရင်မသည် ကလီယိုပါထရာထက် ဉာဏ်ပညာသာလွန်၍ တန်းတူလှပနိုင်ဖွယ်ရှိသူဖြစ်သည်။ သူ့ခေတ်၏ ကမ္ဘာ့အာဏာစက်ကို ရဲရင့်စွာရင်ဆိုင်ဝံ့ခဲ့သောကြောင့် ကျမ်းစာဆိုင်ရာဖြစ်ရပ်တစ်ခု၌ ပရောဖက်ပြုချက်ဆိုင်ရာအခန်းကဏ္ဍတစ်ခုကို သူပြည့်စုံစေခဲ့သည်။ သူကွယ်လွန်ပြီးနောက် နှစ်ပေါင်းများစွာတိုင်အောင် စာရေးဆရာများသည် သူ့ကိုချီးမွမ်းခဲ့ကြပြီး ပန်းချီဆရာများက အမွှမ်းတင်ဆေးရေးခဲ့ကြသည်။ ၁၉ ရာစုမှ ကဗျာဆရာတစ်ဦးက သူ့ကို “ဆီးရီးယားကန္တာရမှ ကေသာနက်သခင်မ” အဖြစ်ပုံဖော်ရေးစပ်ခဲ့သည်။ အလွန်အမင်းချီးမွမ်းခံရသော ဤအမျိုးသမီးသည် ဆီးရီးယားမြို့တော် ပဲလ်မိုင်ရာမြို့၏ ဘုရင်မဇနိုးဘီးယားဖြစ်သည်။
ဇနိုးဘီးယားသည် မည်သို့ထင်ပေါ်ကျော်ကြားလာခဲ့သနည်း။ သူ့အား တန်ခိုးအာဏာရှိလာစေသည့် နိုင်ငံရေးအခြေအနေကားအဘယ်နည်း။ သူ၏အကျင့်စရိုက်အကြောင်း ဘာဆိုနိုင်သနည်း။ ဤဘုရင်မသည် ပရောဖက်ပြုချက်ဆိုင်ရာ အဘယ်အခန်းကဏ္ဍကို ပြည့်စုံစေခဲ့သနည်း။ ဤစိတ်ဝင်စားဖွယ်အကြောင်းအရာဖြစ်ပျက်ခဲ့သည့် ပထဝီအနေအထားကို ဦးစွာသုံးသပ်ကြည့်ပါလေ။
ကန္တာရအစွန်အဖျားရှိမြို့တစ်မြို့
ဇနိုးဘီးယား၏ပဲလ်မိုင်ရာမြို့သည် လွင်ပြင်သို့ အန်တီ-လေဗနုန်တောင်တန်းနိမ့်ဆင်းသွားသော ဆီးရီးယားကန္တာရမြောက်ပိုင်း၏အစွန်အဖျားရှိ ဒမတ်စကပ်စ်မြို့၏အရှေ့မြောက်ဘက် မိုင်ပေါင်း ၁၃၀ ခန့်တွင်တည်ရှိခဲ့၏။ ဤအိုအေစစ်မြို့တော်သည် အနောက်ဘက်ရှိမြေထဲပင်လယ်နှင့် အရှေ့ဘက်ရှိယူဖရေးတီးစ်မြစ်၏ ခရီးတစ်ဝက်ခန့်တွင် တည်ရှိသည်။ ၎င်းကို ဘုရင်ရှောလမုန်က တာဒမော်မြို့အဖြစ်သိခဲ့မည်။ ထိုမြို့သည် သူ့နိုင်ငံ၏မြောက်ဘက်နယ်စပ်ကို ကာကွယ်ရန် ခံတပ်မြို့အဖြစ်နှင့်၊ ခရီးသည်များနားရာမြို့များတွင် အရေးကြီးသည့်ဆက်သွယ်ရာနေရာအဖြစ် နိုင်ငံတော်သာယာဝပြောရေးအတွက် နှစ်နည်းနှစ်လမ်းဖြင့် အရေးကြီးသောနေရာဖြစ်ခဲ့သည်။ ထို့ကြောင့် ရှောလမုန်သည် ကန္တာရ၌ “တာဒမော်မြို့” ကိုပြန်တည်ခဲ့၏။—၂ ရာဇဝင်ချုပ် ၈:၄။
ဘုရင်ရှောလမုန်နန်းတက်ပြီးနောက် အနှစ်တစ်ထောင်သမိုင်းတွင် တာဒမော်မြို့အကြောင်း အဘယ်ဖော်ပြချက်မျှမရှိချေ။ ၎င်းမြို့သည် အမှန်ပင်ပဲလ်မိုင်ရာမြို့ဖြစ်မည်ဆိုလျှင် ဘီ.စီ.အီး. ၆၄ ၌ဆီးရီးယားသည် ရောမအင်ပါယာ၏ ကင်းစခန်းနယ်မြေတစ်ခုဖြစ်လာပြီးနောက် စတင်ကျော်ကြားလာခဲ့၏။ “စီးပွားရေးနှင့်စစ်ရေးနယ်ပယ်နှစ်ရပ်ကြောင့် ပဲလ်မိုင်ရာသည် ရောမအတွက် အရေးပါခဲ့သည်” ဟုရစ်ချက်စတုန်မဲန်က သူ၏ ပဲလ်မိုင်ရာနှင့် ၎င်း၏အင်ပါယာ—ရောမကို ဇနိုးဘီးယားပုန်ကန် စာအုပ်တွင်ဆိုထားသည်။ အုန်းထန်းမျိုးပေါများရာ ဤမြို့တော်သည် ရောမနှင့်မက်ဆိုပိုတေးမီးယားကို ကမ္ဘာ့အရှေ့ပိုင်းဒေသများနှင့် ဆက်သွယ်ထားသော အဓိကကုန်သွယ်ရေးလမ်းကြောင်းပေါ်တွင်ရှိသဖြင့် အရှေ့အင်ဒီးစ်မှ ဟင်းခတ်အမွှေးအကြိုင်များ၊ တရုတ်မှ ပိုးထည်များ၊ ပါရှား၊ အောက်မက်ဆိုပိုတေးမီးယားနှင့် မြေထဲပင်လယ်တစ်ဝိုက်ရှိနိုင်ငံများမှ အခြားကုန်ပစ္စည်းများစသည့် ရှေးခေတ်ကာလ၏ စီးပွားချမ်းသာကို ၎င်းမြို့မှဖြတ်ပြီး တင်ပို့ခဲ့ကြသည်။ ရောမသည် အဆိုပါသွင်းကုန်များအပေါ် မှီခိုအားထားခဲ့ရသည်။
စစ်ရေးအရ ဆီးရီးယားနိုင်ငံသည် ပြိုင်ဘက်အာဏာရှင် ရောမနှင့်ပါရှားနိုင်ငံတို့ကြား၌ ကြားခံဇုန်ဖြစ်ခဲ့သည်။ ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ အစောပိုင်းနှစ်ပေါင်း ၂၅၀ အတွင်း ယူဖရေးတီးစ်မြစ်သည် ရောမ၏အရှေ့ပိုင်းအိမ်နီးချင်းနိုင်ငံမှ ၎င်းကိုပိုင်းခြားခဲ့၏။ ပဲလ်မိုင်ရာမြို့သည် ယူဖရေးတီးစ်မြစ်ကမ်းပေါ်ရှိ ဒုရ-ယူရိုပေါ့စ်မြို့၏အနောက်ဘက် ကန္တာရတစ်ဖက်တွင် တည်ရှိသည်။ ၎င်း၏အချက်အချာကျမှုကို အသိအမှတ်ပြုကြကာ ဟေဒရီယန်နှင့်ဗလေရီယန်တို့ကဲ့သို့သော ရောမဧကရာဇ်များသည် ပဲလ်မိုင်ရာမြို့သို့ လည်ပတ်ရောက်ရှိခဲ့ကြသည်။ ဟေဒရီယန်သည် ယင်း၏ဗိသုကာပိုင်းဆိုင်ရာအလှကို ထပ်ဆင့်ခမ်းနားစေခဲ့၍ ရက်ရက်ရောရောလှူဒါန်းပေးကမ်းခဲ့၏။ ဇနိုးဘီးယား၏ခင်ပွန်းဖြစ်သည့် ပဲလ်မိုင်ရာမှူးမတ်တစ်ဦး၊ အိုဒေနသပ်စ်သည် ပါရှားတို့ကို အောင်မြင်စွာထိုးစစ်ဆင်ခဲ့ကာ ရောမအင်ပါယာ၏နယ်နိမိတ်ကို မက်ဆိုပိုတေးမီးယားနယ်အထိ တိုးချဲ့ခဲ့သောကြောင့် သူ့ကို ဗလေရီယန်သည် စီ.အီး. ၂၅၈ ခုနှစ်တွင် ရောမကောင်စစ်ဝန်အဆင့်သို့ ရာထူးတိုးမြှင့်ခဲ့သည်။ ဇနိုးဘီးယားသည် သူ၏ခင်ပွန်း တန်ခိုးကြီးထွားလာစေရန် အရေးပါသောကဏ္ဍမှ ပါဝင်ခဲ့၏။ သမိုင်းပညာရှင် အက်ဒဝဒ်ဂစ်ဘွန်က ဤသို့ရေးသားခဲ့သည်– “အိုဒေနသပ်စ်၏အောင်မြင်မှုမှာ သူ [ဇနိုးဘီးယား] ၏တုနှိုင်းမမီသော ဉာဏ်အမြော်အမြင်နှင့်သတ္တိကြောင့်ဖြစ်သည်ဟု လုံးဝယူမှတ်နိုင်သည်။”
ထိုအချိန်တွင် ပါရှားဘုရင်ရှပူရ်သည် ရောမသြဇာလွှမ်းမိုးမှုကို အန်တုရန်နှင့် ပါရှား၏ယခင်နိုင်ငံအားလုံးအပေါ် သူ၏ပိုင်သအုပ်စိုးမှုကို အခိုင်အမာပြသရန် ဆုံးဖြတ်ခဲ့သည်။ ကြောက်မက်ဖွယ်စစ်အင်အားဖြင့် သူသည် အနောက်ဘက်သို့ချီတက်ကာ ရောမ၏ခံတပ်မြို့များဖြစ်သော နီစီဘစ်နှင့်ခယ်ရီ (ဟာရန်) တို့ကိုသိမ်းပိုက်ပြီး မြောက်ပိုင်းဆီးရီးယားနှင့်စလီရှီဟာတို့ကို ဆက်၍တိုက်ခိုက်ဖျက်ဆီးခဲ့သည်။ ဧကရာဇ်ဗလေရီယန်သည် သူကိုယ်တိုင် သူ၏စစ်တပ်ကိုဦးစီးပြီး ရန်ပြုသူများကို တိုက်ခိုက်ခဲ့သော်လည်း ပါရှန်းတို့ကိုစစ်ရှုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရသည်။
အိုဒေနသပ်စ်သည် ပါရှားဧကရာဇ်မင်းထံ အဖိုးတန်တံစိုးလက်ဆောင်များနှင့် ငြိမ်းချမ်းရေးစာချွန်လွှာတစ်စောင်ကိုပို့ပေးရန် အခန့်သင့်ဖြစ်မည်ဟုယူမှတ်ခဲ့သည်။ ဘုရင်ရှပူရ်သည် မောက်မာစွာဖြင့် တံစိုးလက်ဆောင်များကို ယူဖရေးတီးစ်မြစ်ထဲ လွှင့်ပစ်ဖို့အမိန့်ပေးခဲ့ပြီး အိုဒေနသပ်စ်ကို စစ်သုံ့ပန်းအဖြစ် သူ့ရှေ့မှောက်ဝင်ခစားရန် တောင်းဆိုခဲ့၏။ ရလဒ်မှာ၊ ပဲလ်မိုင်ရာသားတို့သည် ကန္တာရတွင် လှည့်လည်သွားလာသူများအပါအဝင် ကျန်ကြွင်းသောရောမစစ်သားများကို တပ်တစ်တပ်ဖွဲ့ ပြီး ယခုဆုတ်ခွာနေသောပါရှားတို့ကို စတင်ထိုးစစ်ဆင်ခဲ့သည်။ ကန္တာရစစ်သည်များ၏ ပြောက်ကျားနည်းကိုရင်ဆိုင်ကြရာတွင် ထိုးစစ်အားပျော့ပြီး လုယက်ပစ္စည်းများနှင့်ဝန်ပိနေသော ရှပူရ်၏စစ်တပ်သည် မခုခံနိုင်တော့ဘဲ ထွက်ပြေးကြရလေသည်။
ရှပူရ်အား အိုဒေနသပ်စ်အနိုင်ရခဲ့ခြင်းကို အသိအမှတ်ပြုသည့်အနေနှင့် ဗလေရီယန်၏သား၊ မင်းလောင်းဂယ်လီအီးနပ်စ်သည် ကော့ရက်တာ တိုတီယပ်စ် အော့ရီအန္တိစ် (အရှေ့ပိုင်းနယ်မြေအားလုံး၏ဘုရင်ခံ) ဘွဲ့ကိုပေးအပ်ခဲ့သည်။ အတန်ကြာသော် အိုဒေနသပ်စ်သည် သူ့ကိုယ်သူ “ဘုရင်တကာတို့၏ဘုရင်” ဘွဲ့ကိုချီးမြှင့်ခဲ့သည်။
အင်ပါယာတည်ထောင်ရန် ဇနိုးဘီးယားရည်သန်
အိုဒေနသပ်စ်၏ဘဝတက်လမ်းသည် အထွတ်အထိပ်သို့ရောက်နေချိန် စီ.အီး. ၂၆၇ ခုနှစ်တွင် သူနှင့်သူ၏အမွေခံတို့သည် လက်စားချေသောတူတော်သူ၏ လုပ်ကြံမှုကိုခံခဲ့ရသည်ဟုဆိုသည်။ ဇနိုးဘီးယား၏သားသည် ငယ်လွန်းသောကြောင့် ခင်ပွန်း၏အရိုက်အရာကို သူလွှဲပြောင်းတာဝန်ယူခဲ့၏။ အလှပဂေးတစ်ဦးဖြစ်ပြီး ရည်မှန်းချက်ကြီးမားသူ၊ ညွှန်ကြားမှုစွမ်းရည်ရှိသူ၊ ကွယ်လွန်သူခင်ပွန်းနှင့်အတူ စစ်ဆင်ရေးများတွင်ပါဝင်လေ့ရှိ၍ ဘာသာစကားအမျိုးမျိုးကို သွက်လက်ပြေပြစ်စွာ ပြောဆိုနိုင်သူဖြစ်ရာ ပြည်သူပြည်သားတို့၏ရိုသေလေးစားမှုနှင့် အထောက်အမကို ရယူနိုင်ခဲ့ရာ ဘက်ဒိုဝင်များအလယ်တွင် ထူးခြားသောအောင်မြင်မှုတစ်ခုဖြစ်၏။ ဇနိုးဘီးယားသည် သင်ယူခြင်းကို နှစ်သက်တန်ဖိုးထားတတ်သည့်အတွက် ပညာတတ်များနှင့်ပေါင်းသင်းလေ့ရှိ၏။ သူ့အား အကြံပေးသူတစ်ဦးသည် အတွေးအခေါ်ပညာရှင်နှင့် အဟောအပြောကျွမ်းကျင်သူဖြစ်သည့် ကဲစီယပ်စ် လောင်ဂျီနပ်စ်ဖြစ်ပြီး သူ့ကို “သက်ရှိစာကြည့်တိုက်နှင့် လမ်းလျှောက်နေသောပြတိုက်” ဟူ၍ခေါ်ခဲ့ကြသည်။ စာရေးဆရာ စတုန်မဲန်က ဤသို့ဖော်ညွှန်းပါသည်– “အိုဒေနသပ်စ်ကွယ်လွန်ပြီး နောက်ငါးနှစ်အတွင်း . . . ဇနိုးဘီးယားသည် အရှေ့ပိုင်း၏သခင်မအဖြစ် သူ့လူများ၏စိတ်ထဲတွင် မိမိကိုစွဲမှတ်စေနိုင်ခဲ့သည်။”
ဇနိုးဘီးယားပိုင်နက်၏တစ်ဖက်တွင် သူနှင့်သူ့ခင်ပွန်းတို့က အင်အားယုတ်လျော့စေခဲ့သည့် ပါရှားနိုင်ငံရှိပြီး အခြားတစ်ဖက်တွင် ပြိုလဲနေသောရောမနိုင်ငံရှိခဲ့သည်။ ထိုအချိန်က ရောမအင်ပါယာ၏အခြေအနေနှင့်ပတ်သက်၍ သမိုင်းပညာရှင် ဂျေ. အမ်. ရောဘတ်က ဤသို့ဆိုသည်– “တတိယရာစုတွင် ရောမနိုင်ငံ၌ ပြည်တွင်းစစ်ပွဲသမယသစ်နှင့် နန်းဆက်ခံခြင်းနှင့်ပတ်သက်ပြီး အငြင်းပွားမှုများစနေစဉ် အရှေ့နှင့်အနောက်ရှေ့တန်းများတွင်လည်း အလားတူ ဆိုးရွားသောအချိန်ဖြစ်ခဲ့၏။ ဧကရာဇ်နှစ်ဆယ့်နှစ်ဦး (ဧကရာဇ်အတုများမပါဘဲ) သည်နန်းတက်ခဲ့ပြီး နန်းကျခဲ့သည်။” အခြားတစ်ဖက်တွင်မူ ဆီးရီးယားသခင်မသည် သူ၏ပိုင်နက်တွင် အခိုင်အမာလုံးလုံးလျားလျားမင်းမူနိုင်ခဲ့သည်။ “အင်ပါယာနှစ်ခု [ပါရှားနှင့်ရောမ] ၏အခြေအနေကို ထိန်းချုပ်ထားခြင်းဖြင့် ထိုအင်ပါယာနှစ်ခုစလုံးကို ကြီးစိုးလွှမ်းမိုးမည့် တတိယအင်ပါယာကို တည်ထောင်ရန် သူရည်သန်နိုင်ခဲ့သည်” ဟုစတုန်မဲန်ရှုမြင်သည်။
စီ.အီး. ၂၆၉ ခုနှစ်တွင် ရောမအုပ်ချုပ်ရေးကို ဆန့်ကျင်ခဲ့သည့်အယောင်ဆောင်တစ်ဦး အီဂျစ်နိုင်ငံတွင် ပေါ်ပေါက်ခဲ့သောအခါ ဇနိုးဘီးယားသည် သူ၏သြဇာအာဏာကိုတိုးချဲ့ရန် အခွင့်အရေးကောင်းရရှိခဲ့သည်။ သူ၏စစ်တပ်သည် အီဂျစ်နိုင်ငံသို့ အဆောတလျင်ချီတက်၍ ပုန်ကန်သူကို နှိမ်နင်းချေမှုန်းပြီး နိုင်ငံကိုသိမ်းပိုက်လိုက်၏။ ထို့နောက် သူ့ကိုယ်သူ အီဂျစ်ဘုရင်မအဖြစ်ကြေညာပြီး သူ့အမည်နှင့်ဒ င်္ဂါးများသွန်းလုပ်ခဲ့သည်။ ယခု သူ၏နိုင်ငံတော်သည် နိုင်းလ်မြစ်မှ ယူဖရေးတီးစ်မြစ်အထိ ကျယ်ပြန့်လေတော့သည်။ သူ့ဘဝ၏ဤအချိန်လောက်တွင် သူ၏နိုင်ငံသည် ဒံယေလမွေးရပ်မြေ၏တောင်ဘက်ကို ကြီးစိုးလွှမ်းမိုးခဲ့သောကြောင့် ကျမ်းစာတွင်ပါသည့် ဒံယေလပရောပြုချက်မှ “တောင်ဘုရင်” ၏အဆင့်နေရာကို သူယူခဲ့သည်။ (ဒံယေလ ၁၁:၂၅၊ ၂၆) အာရှမိုင်းနား၏ဒေသအများစုကိုလည်း သူသိမ်းပိုက်နိုင်ခဲ့၏။
ဇနိုးဘီးယားသည် သူ၏ပဲလ်မိုင်ရာမြို့တော်ကို ရောမနိုင်ငံရှိ သာ၍ကြီးမားသောမြို့များနှင့် ယှဉ်နိုင်သည့်အထိ မွမ်းမံခိုင်ခံ့စေနိုင်ခဲ့သည်။ ထိုမြို့တော်၏ခန့်မှန်းခြေလူဦးရေမှာ ၁၅၀,၀၀၀ ကျော်ရှိခဲ့သည်။ အဝန်း ၁၃ မိုင်ရှိသည့်မြို့၏ အုတ်နံရံများအတွင်းတွင် ကြီးကျယ်ခမ်းနားသော ပြည်သူ့အဆောက်အအုံများ၊ ဗိမာန်များ၊ ဥယျာဉ်များ၊ မဏ္ဍိုင်များနှင့် အထိမ်းအမှတ်ကျောက်တိုင်များပြည့်နှက်ခဲ့သည်။ အဓိကလမ်းမတစ်လျှောက်တွင် အမြင့်ပေ ၅၀ ကျော်ကောရိန္သုကျောက်တိုင် ၁,၅၀၀ ခန့်တိုင်တန်းများရှိသည်။ မြို့ထဲတွင် သူရဲကောင်းများနှင့် လူကုံထံအလှူရှင်များ၏ တစ်ကိုယ်လုံးပုံနှင့် ကိုယ်တစ်ပိုင်းပုံပန်းပုရုပ် မြောက်မြားစွာရှိခဲ့သည်။ စီ.အီး. ၂၇၁ ခုနှစ်တွင် ဇနိုးဘီးယားသည် သူနှင့်ကွယ်လွန်သူခင်ပွန်း၏ စုံတွဲပုံပန်းပုရုပ်များကို စိုက်ထူခဲ့၏။ ကန္တာရ၏အစွန်အဖျား၌ ပဲလ်မိုင်ရာသည် ကျောက်မျက်ရတနာကဲ့သို့ တဖိတ်ဖိတ်တောက်ပြောင်ခဲ့သည်။
ပဲလ်မိုင်ရာတွင် အကောင်းဆုံးအဆောက်အအုံများမှတစ်ခုသည် နေဗိမာန်ဖြစ်ပြီး ထိုမြို့တွင် ဘာသာရေးသြဇာလွှမ်းမိုးခဲ့သည်မှာ ယုံမှားဖွယ်မရှိချေ။ ဇနိုးဘီးယားသည်လည်း နေဘုရားနှင့်ဆက်နွှယ်သည့် နတ်ဘုရားကို ကိုးကွယ်ခဲ့ပေမည်။ သို့ရာတွင် တတိယရာစုမှ ဆီးရီးယားတွင် ဘာသာတရားမြောက်မြားစွာကိုးကွယ်ခဲ့သည်။ ဇနိုးဘီးယား၏ပိုင်နက်တွင် အမည်ခံခရစ်ယာန်များ၊ ဂျူးများ၊ နက္ခတ်ဗေဒပညာရှင်များနှင့် နေလကိုးကွယ်သူများရှိခဲ့သည်။ စိုးမိုးရာနယ်ပယ်ရှိ ဝတ်ပြုကိုးကွယ်နည်းအသီးသီးအပေါ် သူ၏စိတ်ထားကားအဘယ်နည်း။ စာရေးဆရာစတုန်မဲန်က ဤသို့ဖော်ပြသည်– “ပညာရှိအုပ်စိုးရှင်တစ်ဦးသည် သူ၏ပြည်သူပြည်သားတို့နှင့်သင့်လျော်မည်ဟု ထင်ရသည့်အဘယ်ဓလေ့ထုံးစံများကိုမဆို လျစ်လျူရှုလိမ့်မည်မဟုတ်ချေ။ . . . ဘုရားများကို . . . ပဲလ်မိုင်ရာဘက်တွင် လျောက်ပတ်စွာအတူတကွ စီစဉ်ချထားခဲ့ပြီဟု မျှော်လင့်ခဲ့သည်။” ဇနိုးဘီးယားသည် ဘာသာတရားကိုင်းရှိုင်းသူဖြစ်ကြောင်းထင်ရှားသည်။ သို့ရာတွင် ဘုရားများသည် အမှန်ပင် “ပဲလ်မိုင်ရာဘက်တွင် လျောက်ပတ်စွာအတူတကွစီစဉ်ချထား” ခဲ့ပြီလော။ ပဲလ်မိုင်ရာနှင့် ၎င်း၏ “ပညာရှိအုပ်စိုးရှင်” နှင့်ပတ်သက်၍ အဘယ်အရာဖြစ်ပျက်စရာအကြောင်းရှိသနည်း။
ဧကရာဇ်မင်းတစ်ပါးသည် ဇနိုးဘီးယားတစ်ဖက်‘စိတ်သတ္တိကိုနှိုးဆော်ခဲ့’
စီ.အီး. ၂၇၀ ခုနှစ်အတွင်း ဩရီးလီယံသည် ရောမဧကရာဇ်မင်းဖြစ်လာသည်။ သူ၏စစ်တပ်အလုံးအရင်းဖြင့် မြောက်ဘက်ရှိလူရိုင်းများကို အောင်မြင်စွာတိုက်ထုတ်ဆုံးမနိုင်ခဲ့သည်။ စီ.အီး. ၂၇၁ ခုနှစ်တွင်—ဒံယေလ၏ပရောဖက်ပြုချက်မှ “မြောက်ဘုရင်” ကိုယခုကိုယ်စားပြုသည့်—ဩရီးလီယံသည် ဇနိုးဘီးယားကိုယ်စားပြုသည့် ‘တောင်ဘုရင်တစ်ဖက် အစွမ်းသတ္တိ၊ စိတ်သတ္တိတို့ကို နှိုးဆော်’ ခဲ့သည်။ (ဒံယေလ ၁၁:၂၅က၊ သမ) ဩရီးလီယံသည် အီဂျစ်နိုင်ငံသို့ သူ၏တပ်အချို့ကို တိုက်ရိုက်စေလွှတ်ခဲ့သည့်အပြင် အာရှမိုင်းနားကိုဖြတ်ကျော်၍ အရှေ့ပိုင်းသို့ သူ၏ပင်မစစ်တပ်ကို ဦးစီးချီတက်ခဲ့သည်။
တောင်ဘုရင်—ဇနိုးဘီးယားဦးစီးသည့် အုပ်ချုပ်သူ—သည် ဇာဘ်ဒါစ်နှင့်ဇဗ္ဗဲအမည်ရှိဗိုလ်ချုပ်နှစ်ဦး၏ ဦးဆောင်မှုအောက်တွင် ဩရီးလီယံတစ်ဖက် “အလွန်ကြီးကျယ်များပြားသော ဗိုလ်ခြေနှင့်တကွ စစ်မက်ခင်းကျင်းတိုက်ခိုက်” ရန် ‘မိမိကိုယ်ကိုနှိုးဆော်’ ခဲ့သည်။ (ဒံယေလ ၁၁:၂၅ခ၊ သမ) သို့သော် ဩရီးလီယံသည် အီဂျစ်ကိုသိမ်းပိုက်ပြီးနောက် အာရှမိုင်းနားနှင့်ဆီးရီးယားကို စတင်စစ်ဆင်နွှဲခဲ့သည်။ ဇနိုးဘီးယားသည် အီမဲစာ (ယခု ဟုမ်းစ်) တွင်စစ်ရှုံးခဲ့၍ ပဲလ်မိုင်ရာသို့ ဆုတ်ခွာခဲ့သည်။
ဩရီးလီယံသည် ပဲလ်မိုင်ရာကိုဝိုင်းရံခဲ့သောအခါ ဇနိုးဘီးယားသည် အကူအညီရဖို့အတွက် ပါရှားသို့ သားနှင့်အတူထွက်ပြေးခဲ့ရာ ယူဖရေးတီးစ်မြစ်တွင် ရောမများ၏ဖမ်းချုပ်ခြင်းကိုခံခဲ့ရသည်။ စီ.အီး. ၂၇၂ ခုနှစ်တွင် ပဲလ်မိုင်ရာမြို့သားများသည် လက်နက်ချအညံ့ခံခဲ့ကြရ၏။ ဩရီးလီယံသည် ၎င်းဒေသခံများကို သဘောထားကြီးကြီးသက်ညှာမှုပြခဲ့ပြီး နေဗိမာန်မှရုပ်တုအပါအဝင် လုယူရရှိထားသော ပစ္စည်းမြောက်မြားစွာကို စုသိမ်းကာ ရောမသို့ထွက်ခွာခဲ့သည်။ ရောမဧကရာဇ်မင်းသည် ဇနိုးဘီးယားကို အသက်ချမ်းသာပေးပြီး စီ.အီး. ၂၇၄ ခုနှစ်၌ ရောမနိုင်ငံတစ်လျှောက် သူ၏အောင်ပွဲခံစီတန်းပြအခမ်းအနားတွင် ဇနိုးဘီးယားကို အဓိကအာရုံဆွဲဆောင်ရာဖြစ်စေခဲ့သည်။ သူသည် ကွယ်လွန်သည့်အထိ ရောမတွင် ဂုဏ်သရေရှိအမျိုးသမီးတစ်ဦးအဖြစ် နေထိုင်ခဲ့ရသည်။
ကန္တာရမြို့တော် ပျက်စီးခဲ့
ဩရီးလီယံသည် ပဲလ်မိုင်ရာကိုသိမ်းပိုက်ပြီးနောက် လအနည်းငယ်ကြာသော် သူထားရစ်ခဲ့သည့် ရောမစစ်တပ်ကို ပဲလ်မိုင်ရာမြို့သားများသည် အစုလိုက်အပြုံလိုက်သတ်ဖြတ်ခဲ့သည်။ အဆိုပါပုန်ကန်မှုသတင်းကို ဩရီးလီယံကြားသိသောအခါ သူ၏စစ်သားများကို ချက်ချင်းပြန်လွှတ်ခဲ့ပြီး ဤအကြိမ်တွင် လူထုအပေါ် ကြောက်မက်ဖွယ်လက်စားချေခဲ့သည်။ ရက်ရက်စက်စက်အပြုံလိုက်သတ်ဖြတ်မှုမှ လွတ်မြောက်ခဲ့သူများသည် ကျွန်သပေါက်အဖြစ် ခေါ်ဆောင်သွားခံခဲ့ကြရသည်။ မာန်တက်နေသောမြို့တော်သည် ပြုပြင်၍မရနိုင်သည့်အထိ လုယက်ဖျက်ဆီးခံခဲ့ရသည်။ ထိုသို့ဖြင့် စည်ကားသောထိုမြို့တော်သည် နဂိုအခြေအနေဖြစ်သည့် ကန္တာရရှိတာဒမော်မြို့အဖြစ်မျိုးသို့ ပြန်ရောက်ရှိခဲ့ရလေသည်။
ဇနိုးဘီးယားသည် ရောမကို ရဲရဲဝံ့ဝံ့ရင်ဆိုင်ခဲ့ချိန်တွင် သူနှင့်ဧကရာဇ်မင်းသြရီးလီယံသည် “တောင်ဘုရင်” နှင့် “မြောက်ဘုရင်” အဖြစ်မထင်မမှတ်ဘဲသရုပ်ဆောင်ခဲ့ကြသည်။ ဤနည်းဖြင့် သူတို့သည် လွန်ခဲ့သောနှစ်ပေါင်း ၈၀၀ ခန့်က ယေဟောဝါ၏ပရောဖက်တစ်ဦး အသေးစိတ်မှတ်တမ်းတင်ဖော်ပြခဲ့သော ပရောဖက်ပြုချက်တစ်ခု၏ အပိုင်းတစ်ပိုင်းကို ပြည့်စုံစေခဲ့သည်။ (ဒံယေလအခန်းကြီး ၁၁) ဇနိုးဘီးယား၏ထူးခြားသော အကျင့်စရိုက်ကြောင့် လူအများ၏ကြည်ညိုလေးစားမှုကို သူခံခဲ့ရသည်။ သို့သော် ဒံယေလ၏ပရောဖက်ပြုချက်တွင် ကြိုဟောထားသည့် နိုင်ငံရေးဆိုင်ရာပုဂ္ဂိုလ်ကို ကိုယ်စားပြုသော သူ၏အခန်းကဏ္ဍသည် အထင်ရှားဆုံးဖြစ်ခဲ့၏။ သူ၏နန်းသက်သည် ငါးနှစ်ထက်မကျော်လွန်ခဲ့ချေ။ ယနေ့ ဇနိုးဘီးယား၏နိုင်ငံ၊ ပဲလ်မိုင်ရာမြို့တော်သည် ရွာတစ်ရွာမျှသာဖြစ်တော့သည်။ အင်အားကြီးရောမအင်ပါယာပင် ကြာမြင့်စွာပျောက်ကွယ်ခဲ့ပြီဖြစ်၍ ခေတ်သစ်နိုင်ငံများ၏ လက်အောက်ရောက်ခဲ့ရသည်။ အဆိုပါအာဏာစက်များ၏ အနာဂတ်ကား အဘယ်သို့ဖြစ်လာမည်နည်း။ ယင်းတို့၏နောင်ရေးသည်လည်း ကျမ်းစာပရောဖက်ပြုချက် သေချာပေါက်ပြည့်စုံမှုအားဖြင့် ထိန်းချုပ်ထားသည်။—ဒံယေလ ၂:၄၄၊ ၄၅။
ဇနိုးဘီးယား၏အမွေအနှစ်
ဧကရာဇ်မင်းသြရီးလီယံသည် ပဲလ်မိုင်ရာဘုရင်မဇနိုးဘီးယားကို အနိုင်ရပြီးနောက် ရောမသို့ပြန်ရောက်သောအခါ နေဗိမာန်တစ်ဆောင်ကို ဆောက်လုပ်ခဲ့သည်။ ယင်းတွင် ဇနိုးဘီးယား၏မြို့တော်မှ ယူဆောင်လာခဲ့သော နေဘုရားရုပ်တုများကိုထားရှိခဲ့၏။ ထပ်ဆင့်ဖြစ်ပျက်သည့်အရာများအကြောင်းနှင့်ပတ်သက်၍ ယခုခေတ်သမိုင်း မဂ္ဂဇင်းကဤသို့ဆိုသည်– “ဩရီးလီယံ၏လုပ်ဆောင်မှုအားလုံးထဲတွင် ကြာမြင့်စွာအတည်ရှိဆုံးအရာမှာ အေဒီ ၂၇၄ ခုနှစ်၌ ဆောင်းယဉ်စွန်းတန်းပေါ်နေရောက်ချိန်၊ ဒီဇင်ဘာ ၂၅ ရက်နေ့တွင် နှစ်ပတ်လည်ပွဲခံခြင်းကို အစပြုခဲ့ခြင်းဖြစ်ဖွယ်ရှိသည်။ အင်ပါယာသည် ခရစ်ယာန်ဖြစ်လာသောအခါ ရှေးခေတ်ပွဲတော်များကို နှစ်ခြိုက်သူများ ဘာသာတရားအသစ်ကို ပို၍လက်ခံနိုင်ဖွယ်ရှိစေရန် ခရစ်တော်၏မွေးနေ့ကို ၎င်းနေ့သို့ပြောင်းရွှေ့ခဲ့သည်။ [လူတို့] ကျင်းပကြသော ခရစ္စမတ်ပွဲသည် နောက်ဆုံးတော့ ဧကရာဇ်ဘုရင်မဇနိုးဘီးယားကြောင့် ဖြစ်ခဲ့ရသည်မှာ ထူးဆန်းပါသည်။”
[စာမျက်နှာ ၂၈၊ ၂၉ ပါ မြေပုံ/ရုပ်ပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
မြေထဲပင်လယ်
ဆီးရီးယားနိုင်ငံ
အန္တိအုတ်မြို့
အီမဲစာမြို့ (ဟုမ်းစ်မြို့)
ပဲလ်မိုင်ရာမြို့
ဒမတ်စကပ်စ်မြို့
မက်ဆိုပိုတေးမီးယား
ယူဖရေးတီးစ်မြစ်
ခယ်ရီမြို့ (ဟာရန်မြို့)
နီစီဘစ်မြို့
ဒုရ–ယူရိုပေါ့စ်မြို့
[Credit Lines]
မြေပုံ– Mountain High Maps® Copyright© 1997 Digital Wisdom, Inc.
ကနားပြင်– Michael Nicholson/Corbis
[စာမျက်နှာ ၂၉ ပါ ရုပ်ပုံ]
ဩရီးလီယံပုံကို ဖော်ထားသောရောမဒ င်္ဂါး
[စာမျက်နှာ ၃၀ ပါ ရုပ်ပုံ]
ပဲလ်မိုင်ရာမြို့ရှိနေဗိမာန်
[Credit Line]
The Complete Encyclopedia of Illustration/J. G. Heck
[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]
သူ၏စစ်သားများကို မိန့် ခွန်းပြောကြားနေသော ဘုရင်မဇနိုးဘီးယား
[Credit Line]
Giovanni Battista Tiepolo, Queen Zenobia Addressing Her Soldiers,Samuel H. Kress Collection, Photograph © Board of Trustees, National Gallery of Art, Washington
[Picture Credit Line on page 28]
အသေးစိတ်– Giovanni Battista Tiepolo, Queen Zenobia Addressing Her Soldiers, Samuel H. Kress Collection, Photograph © Board of Trustees, National Gallery of Art, Washington