အခန်း ဆယ့်လေး
ဘုရင်နှစ်ပါးကို ကိုယ်စားပြုသူများ ပြောင်းလဲခြင်း
၁၊ ၂။ (က) စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်သည် အဘယ်ကြောင့် ရောမ၏ရာဇသံကို လက်ခံလိုက်ရသနည်း။ (ခ) ဆီးရီးယားသည် အဘယ်အချိန်တွင် ရောမ၏လက်နက်နိုင်ငံ ဖြစ်လာသနည်း။
ဆီးရီးယားဧကရာဇ် စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်သည် အီဂျစ်ကို ဝင်ရောက်ကျူးကျော်ပြီးနောက် မိမိကိုယ်ကို အီဂျစ်ဘုရင်အဖြစ် တင်မြှောက်လိုက်သည်။ အီဂျစ်ဘုရင် ဆဋ္ဌမမြောက် တော်လမီ၏ပန်ကြားချက်အရ ရောမကသံအမတ်ကြီး ကိုင်းယပ်စ် ပေါ့ပီလီးယပ်စ် လိုင်းနားစ်အား အီဂျစ်သို့ စေလွှတ်လိုက်သည်။ သူနှင့်အတူ အင်အားကြီးမားသည့် ရေတပ်နှင့်တကွ စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်အား အီဂျစ်ဘုရင်ရာထူးကို စွန့်လွှတ်၍ အီဂျစ်မှဆုတ်ခွာရန် ရာဇသံပေးထားသည့် ရောမဆီးနိတ်လွှတ်တော်၏ အမိန့်စာပါရှိသည်။ အလက်ဇန္ဒြီးယားမြို့၏ ဆင်ခြေဖုံး အီလူးစစ္စအရပ်တွင် ဆီးရီးယားဘုရင်နှင့် ရောမသံအမတ်ကြီးတို့ တွေ့ဆုံကြသည်။ စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်က မိမိ၏ အကြံပေးပုဂ္ဂိုလ်များနှင့် တိုင်ပင်ရန် အချိန်ပေးဖို့ မေတ္တာရပ်ခံသော်လည်း လိုင်းနားစ်က ဘုရင်ရပ်နေသည့်မြေကြီး ပတ်ပတ်လည်တွင် စည်းဝိုင်းတစ်ခုဆွဲပြီးနောက် ၎င်းစည်းဝိုင်းမှ မထွက်ခွာမီ အဖြေပေးရမည်ဟုဆို၏။ စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်သည် အရှက်ခွဲခံလိုက်ရသဖြင့် ရောမ၏အမိန့်အတိုင်းလိုက်နာ၍ ဘီ.စီ.အီး. ၁၆၈ ခုနှစ်တွင် ဆီးရီးယားသို့ တပ်ခေါက်၍ပြန်ခဲ့ရသည်။ ဤသို့ဖြင့် မြောက်ဘုရင် ဆီးရီးယားမင်းနှင့် တောင်ဘုရင် အီဂျစ်မင်းတို့စပ်ကြားရှိ ထိပ်တိုက်ရင်ဆိုင်မှု အဆုံးသတ်သွားလေသည်။
၂ အရှေ့အလယ်ပိုင်းဒေသ အရေးအခင်းများတွင် ထင်ရှားသည့်အခန်းကဏ္ဍမှ ပါဝင်လာပြီဖြစ်သဖြင့် ရောမသည် ဆီးရီးယားအပေါ် ဆက်လက်၍ ဩဇာအာဏာ လွှမ်းမိုးလာသည်။ ထို့ကြောင့် ဘီ.စီ.အီး. ၁၆၃ ခုနှစ်တွင် စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ် ကွယ်လွန်ပြီးနောက် စီလူးကပ်စ်မင်းဆက်မှ အခြားဘုရင်များက ဆီးရီးယားနိုင်ငံကို ဆက်လက် အုပ်ချုပ်ခဲ့သော်လည်း ၎င်းတို့သည် “မြောက်ဘုရင်” ရာထူးကို ရယူပိုင်ဆိုင်ခြင်း မရှိခဲ့ကြချေ။ (ဒံယေလ ၁၁:၁၅) နောက်ဆုံး၌ ဆီးရီးယားသည် ဘီ.စီ.အီး. ၆၄ ခုနှစ်တွင် ရောမ၏လက်နက်နိုင်ငံတစ်ခု ဖြစ်လာလေသည်။
၃။ ရောမသည် မည်သည့်အချိန်တွင် အီဂျစ်အပေါ် မည်သို့ ဩဇာလွှမ်းမိုးခဲ့သနည်း။
၃ အီဂျစ်၏ တော်လမီမင်းဆက်သည် စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ် ကွယ်လွန်ပြီးနောက်ပိုင်း “တောင်ဘုရင်” ရာထူးကို နှစ်ပေါင်း ၁၃၀ ကျော်ကျော် ဆက်လက်ထိန်းသိမ်းခဲ့သည်။ (ဒံယေလ ၁၁:၁၄) ဘီ.စီ.အီး. ၃၁ ခုနှစ် အက္ခတီအမ်တိုက်ပွဲတွင် ရောမအုပ်စိုးရှင် အော့ခ်တေးဗီးယန်းက တော်လမီမင်းဆက်၏ နောက်ဆုံးဘုရင်မ—သတ္တမမြောက် ကလီယိုပက်ထရာ—နှင့်သူ၏ ရောမလူမျိုးချစ်သူ မာ့ခ်အန်တိုနီတို့၏ တပ်ပေါင်းစုကို ဖြိုခွင်းလိုက်သည်။ နောက်တစ်နှစ်တွင် ကလီယိုပက်ထရာက မိမိကိုယ်ကိုသတ်သေပြီးနောက် အီဂျစ်သည်လည်း ရောမ၏လက်နက်နိုင်ငံတစ်ခု ဖြစ်လာသဖြင့် တောင်ဘုရင်၏အခန်းကဏ္ဍကို လက်လွှတ်လိုက်ရသည်။ ဘီ.စီ.အီး. ၃၀ ပြည့်နှစ်ရောက်သော် ရောမသည် ဆီးရီးယားနှင့်အီဂျစ် နှစ်နိုင်ငံစလုံးအပေါ် ဩဇာလွှမ်းမိုးလာသည်။ ယခု ကျွန်ုပ်တို့သည် တောင်ဘုရင်နှင့် မြောက်ဘုရင်တို့၏ အခန်းကဏ္ဍများတွင် အခြားသော အုပ်ချုပ်မှုအာဏာစက်များက နေရာဝင်ယူမည်ကို မျှော်လင့်သင့်သလော။
ဘုရင်အသစ်တစ်ပါးက “အခွန်တော် ကျပ်တည်းစွာ ကောက်ခံသူတစ်ဦး” ကိုစေလွှတ်
၄။ မြောက်ဘုရင်၏ အခန်းကဏ္ဍတွင် အခြားသော အုပ်ချုပ်မှုအာဏာတစ်ရပ် နေရာဝင်ယူသည်ကို ကျွန်ုပ်တို့ အဘယ်ကြောင့် မျှော်လင့်သင့်သနည်း။
၄ စီ.အီး. ၃၃ ခုနှစ်တွင် ယေရှုခရစ်က တပည့်တော်များအား ဤသို့မိန့်တော်မူ၏– “ထို့ကြောင့် ပရောဖက်ဒံယေလအားဖြင့် ဟောသည်အတိုင်း၊ လူသူကင်းမဲ့ရာဖြစ်စေသော ရွံရှာဖွယ်အရာသည် သန့်ရှင်းရာဌာနတော်၌ ရပ်တည်နေသည်ကို သင်တို့မြင်ရလျှင်၊ . . . ယုဒပြည်၌ ရှိသောသူတို့သည် တောင်ပေါ်သို့ စ၍ပြေးကြစေ။” (မဿဲ ၂၄:၁၅၊ ၁၆၊ ကဘ) ယေရှုသည် ဒံယေလ ၁၁:၃၁ မှကိုးကား၍ နောက်တော်လိုက်များအား လာမည့် “လူသူကင်းမဲ့ရာဖြစ်စေသော ရွံရှာဖွယ်အရာ” အကြောင်း သတိပေးတော်မူ၏။ မြောက်ဘုရင်ပါဝင်ပတ်သက်သည့် ယေရှု၏ ဤပရောဖက်ပြုချက်မှာ မြောက်ဘုရင်၏ အခန်းကဏ္ဍကိုယူခဲ့သည့် နောက်ဆုံးဆီးရီးယားဘုရင် စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ် ကွယ်လွန်ပြီးနောက် ၁၉၅ နှစ်မျှလွန်ပြီးမှ ဟောပြောခဲ့ခြင်းဖြစ်သည်။ မြောက်ဘုရင်၏အခန်းကဏ္ဍကို အခြားသော အုပ်ချုပ်ရေးအာဏာတစ်ရပ်က မုချနေရာဝင်ယူရပေမည်။ မည်သူဖြစ်မည်နည်း။
၅။ တစ်ချိန်က စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ် ပိုင်ဆိုင်သည့်ရာထူးကိုယူလျက် မြောက်ဘုရင်အဖြစ် မည်သူ မတ်တတ်ထလာသနည်း။
၅ ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့ကြိုဟော၏– “ထိုမင်း [စတုတ္ထမြောက် အဲန်တိုင်းအားကပ်စ်] ၏အရိုက်အရာ၌ အခွန်တော် ကျပ်တည်းစွာ ကောက်ခံသူတစ်ဦးကို ကြီးကျယ်ခမ်းနားသော နိုင်ငံတော်တစ်ဝန်း လျှောက်သွားစေမည့် မင်းတစ်ပါးသည် မတ်တတ်ထလိမ့်မည်။ ရက်အနည်းငယ်အကြာတွင် သူသည် အမျက်ထွက်ခြင်း၊ စစ်တိုက်ခြင်းမရှိဘဲ ကျိုးပဲ့လိမ့်မည်။” (ဒံယေလ ၁၁:၂၀၊ ကဘ) ဤနည်းအတိုင်း ‘မတ်တတ်ထလာ’ သူမှာ ဆီဇာ ဩဂတ်စ်တပ်စ် (ကဲသာ ဩဂုတ္တု) ဟူ၍လူသိများသည့် ပထမဆုံးသော ရောမဧကရာဇ် အော့ခ်တေးဗီးယန်း ပင်ဖြစ်သည်။—စာမျက်နှာ ၈၉ မှ “တစ်ဦး ဂုဏ်ပြုခံရ၊ အခြားတစ်ဦး စက်ဆုပ်ခံရ” ကိုရှု။
၆။ (က) “အခွန်တော် တင်းကျပ်စွာ ကောက်ခံသူတစ်ဦးကို” မည်သည့်အချိန်တွင် “ကြီးကျယ်ခမ်းနားသော နိုင်ငံတော်တစ်ဝန်း” လျှောက်သွားစေခဲ့သနည်း။ ဤဖြစ်ရပ်၏ အရေးပါမှုကား အဘယ်နည်း။ (ခ) ဩဂတ်စ်တပ်စ်သည် “အမျက်ထွက်ခြင်း၊ စစ်တိုက်ခြင်းမရှိဘဲ” သေဆုံးခဲ့သည်ဟု အဘယ်ကြောင့် ဆိုနိုင်သနည်း။ (ဂ) မြောက်ဘုရင်ကို ကိုယ်စားပြုသူနှင့်ပတ်သက်၍ အဘယ်ပြောင်းလဲမှု ဖြစ်ပွားခဲ့သနည်း။
၆ ဩဂတ်စ်တပ်စ်၏ “ကြီးကျယ်ခမ်းနားသော နိုင်ငံတော်” တွင် “ရတနာပြည်”—ရောမပိုင် ယုဒလက်နက်နိုင်ငံ—ပါဝင်သည်။ (ဒံယေလ ၁၁:၁၆) ဘီ.စီ.အီး. ၂ ခုနှစ်တွင် ဩဂတ်စ်တပ်စ်သည် မှတ်ပုံတင်ခြင်း သို့မဟုတ် သန်းခေါင်စာရင်းကောက်ခြင်း အမိန့်ထုတ်ပြန်ခြင်းဖြင့် “အခွန်တော် ကျပ်တည်းစွာ ကောက်ခံသူတစ်ဦးကို” စေလွှတ်ခဲ့သည်။ ရည်ရွယ်ချက်မှာ အခွန်တော်ကောက်ခံခြင်းနှင့် ဥပဒေအရ စစ်မှုထမ်းခြင်းအတွက် လူဦးရေစာရင်းကိုသိလို၍ ဖြစ်ဖွယ်ရှိသည်။ ဤအမိန့်ဒီကရီကြောင့် ယောသပ်နှင့်မာရိတို့သည် မှတ်ပုံတင်ရန် ဗက်လင်မြို့သို့ ခရီးထွက်ခဲ့သဖြင့် ကြိုဟောထားသည့် ထိုမြို့တွင် ယေရှုကို ဖွားမြင်ခဲ့လေသည်။ (မိက္ခာ ၅:၂; မဿဲ ၂:၁-၁၂) စီ.အီး. ၁၄ ခုနှစ်၊ ဩဂုတ်လ—“ရက်အနည်းငယ်အကြာတွင်၊” သို့မဟုတ် မှတ်ပုံတင်ခြင်းအမိန့် ထုတ်ပြန်၍ များမကြာမီတွင်—ဩဂတ်စ်တပ်စ်သည် လုပ်ကြံသူတစ်ဦး၏ “အမျက်ထွက်ခြင်း” လက်ချက်ဖြင့်လည်းမဟုတ်၊ “စစ်တိုက်ခြင်း” ဖြင့်လည်းမဟုတ်ဘဲ အသက် ၇၆ နှစ်တွင် ဖျားနာ၍ ကွယ်လွန်ခဲ့သည်။ မြောက်ဘုရင်ကို ကိုယ်စားပြုသူသည် အမှန်ပင် ပြောင်းလဲခဲ့လေပြီ။ ယခုတွင် မြောက်ဘုရင်သည် ရောမအင်ပါယာ၏ ဧကရာဇ်မင်းများ ဖြစ်လာလေပြီ။
‘စက်ဆုပ်ခံရသူ မတ်တတ်ထလာ’
၇၊ ၈။ (က) မြောက်ဘုရင်အနေနှင့် ဩဂတ်စ်တပ်စ်၏ နေရာတွင် မည်သူ မတ်တတ်ထခဲ့သနည်း။ (ခ) ဩဂတ်စ်တပ်စ် ဆီဇာ၏ အရိုက်အရာ ဆက်ခံသူအား “နိုင်ငံ၏ ဘုန်းကျက်သရေ” ကို အဘယ်ကြောင့် စိတ်မပါဘဲ လွှဲအပ်ခဲ့သနည်း။
၇ ကောင်းကင်တမန်က ဤသို့ဆက်၍ ပရောဖက်ပြု၏– “ထိုသူ့ [ဩဂတ်စ်တပ်စ်၏] အရိုက်အရာ၌ စက်ဆုပ်ခံရသူသည် မတ်တတ်ထလာလိမ့်မည်။ သူတို့သည် နိုင်ငံ၏ဘုန်းကျက်သရေကို သူ့အားအပ်ပေးလိမ့်မည်မဟုတ်။ သူသည် ပူပင်သောက ကင်းဝေးသည့်ကာလအတွင်း ပေါ်လာပြီးလျှင် ချော့မော့မြှောက်ပင့်ခြင်းအားဖြင့် နိုင်ငံကိုသိမ်းယူလိမ့်မည်။ လွှမ်းမိုးသော လက်ရုံးတို့သည်လည်း သူ့အတွက်ကြောင့် လွှမ်းမိုးခံရ၍ ကျိုးပဲ့ပျက်စီးလိမ့်မည်။ ပဋိညာဉ်ဆိုင်ရာ ဦးစီးခေါင်းဆောင်သည်လည်း ကျိုးပဲ့ပျက်စီးလိမ့်မည်။”—ဒံယေလ ၁၁:၂၁၊ ၂၂၊ ကဘ။
၈ ထို “စက်ဆုပ်ခံရသူ” မှာ ဩဂတ်စ်တပ်စ်၏ တတိယမြောက် ကြင်ရာတော် လိဗီးယား၏သားတော် တိုင်ဘီးရီးယပ်စ် ဆီဇာ (ကဲသာ တိဗေရိ) ပင်ဖြစ်သည်။ (စာမျက်နှာ ၈၉ မှ “တစ်ဦး ဂုဏ်ပြုခံရ၊ အခြားတစ်ဦး စက်ဆုပ်ခံရ” ကိုရှု။) ဩဂတ်စ်တပ်စ်သည် ဤမယားပါသား၏ စရိုက်ဆိုးကြောင့် သူ့ကိုမုန်းတီးသဖြင့် နောက်တက်မည့် ဆီဇာ မဖြစ်စေလိုခဲ့ချေ။ ဩဂတ်စ်တပ်စ်သည် မိမိအရိုက်အရာ ဆက်ခံနိုင်မည့် အလားအလာရှိသူအားလုံး သေဆုံးကုန်ပြီးနောက်မှသာ “နိုင်ငံ၏ ဘုန်းကျက်သရေ” ကိုစိတ်မပါဘဲ သူ့ကိုလွှဲအပ်ခဲ့ရသည်။ ဩဂတ်စ်တပ်စ်သည် စီ.အီး. ၄ ခုနှစ်တွင် တိုင်ဘီးရီးယပ်စ်ကို လက်ခံမွေးစားပြီး ထီးနန်းအမွေဆက်ခံသူအဖြစ် အသိအမှတ်ပြုခဲ့သည်။ ဩဂတ်စ်တပ်စ် ကွယ်လွန်ပြီးနောက် ၅၄-နှစ်အရွယ်ရှိ တိုင်ဘီးရီးယပ်စ်—စက်ဆုပ်ခံရသူ—သည် ‘မတ်တတ်ထ’ ၍ ရောမဧကရာဇ်နှင့် မြောက်ဘုရင်အနေနှင့် အာဏာသိမ်းပိုက်လေသည်။
၉။ တိုင်ဘီးရီးယပ်စ်သည် အဘယ်နည်းဖြင့် “ချော့မော့မြှောက်ပင့်ခြင်းအားဖြင့် နိုင်ငံကို သိမ်းယူ” ခဲ့သနည်း။
၉ “တိုင်ဘီးရီးယပ်စ်သည် ဆီးနိတ်လွှတ်တော်ကို နိုင်ငံရေးအရ ပါးနပ်စွာကြိုးကိုင်ပြီး [ဩဂတ်စ်တပ်စ် ကွယ်လွန်၍] တစ်လနီးပါးကြာသည့်အထိ မိမိအား ဧကရာဇ်မင်းအဖြစ် လွှတ်တော်က တင်မြှောက်ရန် ခွင့်မပြုဘဲနေခဲ့” ကြောင်း ဗြိတိန်စွယ်စုံကျမ်းသစ် ကဆို၏။ သူက ရောမအင်ပါယာကို အုပ်ချုပ်သည့် တာဝန်ကြီးကို ဩဂတ်စ်တပ်စ်မှတစ်ပါး မည်သူတစ်ဦးတစ်ယောက်မျှ ထမ်းဆောင်နိုင်စွမ်းမရှိကြောင်း လွှတ်တော်၌တင်ပြပြီးနောက် လူတစ်ဦးတစ်ယောက်အား မဟုတ်ဘဲ လူတစ်စုအား အခွင့်အာဏာ အပ်နှင်းခြင်းအားဖြင့် ပြည်သူ့သမ္မတနိုင်ငံကို ပြန်လည်ထူထောင်ရန် လွှတ်တော်အမတ်များအား ပန်ကြားခဲ့သည်။ “လွှတ်တော်အနေဖြင့် သူ့စကားကို အတည်မယူဝံ့ကြသဖြင့် နောက်ဆုံး၌ သူ့ဘာသာ အာဏာလက်ခံသည့် အချိန်အထိ အပြန်အလှန် အရိုအသေ ပေးခဲ့ကြသည်” ဟုသမိုင်းပညာရှင် ဝီးလ်ဒူးရန့်က ရေးသားခဲ့သည်။ ဒူးရန့်က ဤသို့ထပ်လောင်းဆို၏– “နှစ်ဦးနှစ်ဖက်စလုံး ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်ခဲ့ကြသည်။ တိုင်ဘီးရီးယပ်စ်သည် နိုင်ငံ့အကြီးအကဲရာထူး (principate) ကို လိုလားသည်။ မဟုတ်ပါက ထိုရာထူးကို ရှောင်လွှဲနိုင်သည့် နည်းလမ်းများကို ရအောင်ရှာခဲ့ပေမည်။ ဆီးနိတ်လွှတ်တော်သည် သူ့ကိုကြောက်လည်းကြောက်၊ မုန်းလည်းမုန်းသော်လည်း ရှေးဟောင်း ပြည်သူ့သမ္မတနိုင်ငံကဲ့သို့သော သဘောတရားအရ အချုပ်အခြာအာဏာပိုင်သည့် လွှတ်တော်များအပေါ် အခြေခံသည့် ပြည်သူ့သမ္မတနိုင်ငံမျိုးကို ပြန်လည်တည်ထောင်ရန် သတ္တိမရှိကြချေ။” ဤသို့ဖြင့် တိုင်ဘီးရီးယပ်စ်သည် ‘ချော့မော့မြှောက်ပင့်ခြင်းအားဖြင့် နိုင်ငံကို သိမ်းယူခဲ့လေသည်။’
၁၀။ ‘လွှမ်းမိုးသော လက်ရုံးတို့သည်’ အဘယ်နည်းဖြင့် ‘ကျိုးပဲ့ပျက်စီး’ ခဲ့သနည်း။
၁၀ “လွှမ်းမိုးသော လက်ရုံးတို့”—ပတ်ဝန်းကျင်နိုင်ငံများ၏ စစ်သည်ဗိုလ်ခြေများ—နှင့်ပတ်သက်၍ ကောင်းကင်တမန်က ‘သူတို့သည် လွှမ်းမိုးခံရ၍ ကျိုးပဲ့ပျက်စီးလိမ့်မည်’ ဟုဆို၏။ တိုင်ဘီးရီးယပ်စ်သည် မြောက်ဘုရင်ဖြစ်လာချိန်တွင် သူ၏တူတော်မောင် ဂျာမဲန်းနီးကပ်စ် ဆီဇာသည် ရိုင်းမြစ်၌ တပ်စွဲထားသော ရောမတပ်စုများ၏ တပ်မှူးဖြစ်နေသည်။ စီ.အီး. ၁၅ ခုနှစ်တွင် ဂျာမဲန်းနီးကပ်စ်သည် သူ၏တပ်ဖွဲ့များကိုဦးဆောင်လျက် ဂျာမန်သူရဲကောင်း အာမီးနီးယပ်စ်ကိုတိုက်ခိုက်ရာ အတန်အရာ အောင်မြင်မှုရရှိခဲ့သည်။ သို့ရာတွင် အကန့်အသတ်မျှရှိသော ၎င်းအောင်ပွဲများကို အဆုံးအရှုံးများစွာခံ၍ တိုက်ခဲ့ရသဖြင့် ၎င်းနောက်ပိုင်း တိုင်ဘီးရီးယပ်စ်က ဂျာမနီပြည်တွင် စစ်ဆင်ရေးကို ရပ်စဲလိုက်သည်။ ယင်းအစား ဂျာမနီပြည်တွင်းစစ်ကို အားပေးခြင်းဖြင့် ဂျာမန်လူမျိုးနွယ်စုများကို စည်းလုံးခြင်းပျက်ပြားအောင် ကြိုးစားခဲ့သည်။ တိုင်ဘီးရီးယပ်စ်သည် ယေဘုယျအားဖြင့် နိုင်ငံခြားရေးမူဝါဒတွင် ကာကွယ်ရေးမူဝါဒကို ပို၍နှစ်သက်ပြီး နယ်ခြားလုံခြုံမှုကို ပိုမိုခိုင်မာအောင် အာရုံစိုက်ခဲ့သည်။ ဤရပ်တည်ချက် အနေအထားသည် အတော်အတန် အောင်မြင်ခဲ့သည်။ ဤနည်းအားဖြင့် “လွှမ်းမိုးသော လက်ရုံးတို့” သည် ထိန်းချုပ်ခြင်းခံရ၍ “ကျိုးပဲ့ပျက်စီး” သွားခဲ့သည်။
၁၁။ “ပဋိညာဉ်ဆိုင်ရာ ဦးစီးခေါင်းဆောင်သည်” မည်သို့ “ကျိုးပဲ့ပျက်စီး” ခဲ့သနည်း။
၁၁ မြေကြီးပေါ်ရှိ လူမျိုးခပ်သိမ်းတို့ကို ကောင်းချီးပေးရန် အာဗြဟံနှင့် ယေဟောဝါဘုရားသခင် ဖွဲ့တော်မူသည့် “ပဋိညာဉ်ဆိုင်ရာ ဦးစီးခေါင်းဆောင်သည်လည်း ကျိုးပဲ့ပျက်စီးလိမ့်မည်။” ယေရှုခရစ်သည် ၎င်းပဋိညာဉ်တွင် ကတိပြုထားသည့် အာဗြဟံ၏ အမျိုးအနွယ်ပင်ဖြစ်၏။ (ကမ္ဘာဦး ၂၂:၁၈; ဂလာတိ ၃:၁၆) စီ.အီး. ၃၃ ခုနှစ်၊ နိသန်လ ၁၄ ရက်နေ့တွင် ယေရှုသည် ယေရုရှလင်မြို့ရှိ ရောမဘုရင်ခံ၏နန်းတော် ပုန္တိပိလတ်မင်းရှေ့တွင် ရပ်လျက်ရှိ၏။ ဂျူးယဇ်ပုရောဟိတ်တို့က ယေရှုကို ဧကရာဇ်မင်းအား သစ္စာဖောက်မှုဖြင့် စွဲချက်တင်ထားကြသည်။ သို့သော် ယေရှုက “ငါ့နိုင်ငံသည် ဤလောက၏ အစိတ်အပိုင်းမဟုတ်။ . . . ငါ့နိုင်ငံသည် ဤဇာစ်မြစ်မှ လာသည်မဟုတ်” ဟုပိလတ်မင်းအား မိန့်တော်မူ၏။ အပြစ်မရှိသည့် ယေရှုအား ရောမဘုရင်ခံမင်း လွှတ်ပေးမည်ကို ကန့်ကွက်သည့်အနေနှင့် ဂျူးလူမျိုးတို့က “ဤသူကိုလွှတ်လျှင် ကိုယ်တော်သည် ကဲသာမင်း၏ အဆွေတော်မဟုတ်။ မိမိကိုယ်ကို ဘုရင်လုပ်သူတိုင်း ကဲသာမင်းကို တော်လှန်သူဖြစ်ပါ၏” ဟုဟစ်အော်ကြ၏။ ယေရှုကို ကွပ်မျက်ရန် တောင်းဆိုပြီးနောက် သူတို့က “အကျွန်ုပ်တို့၌ ကဲသာမင်းမှတစ်ပါး အခြားဘုရင် မရှိပါ” ဟုဆိုကြ၏။ တိုင်ဘီးရီးယပ်စ်က ကဲသာမင်းအား စော်ကားခြင်းမှန်သမျှ အားလုံးနီးပါးကို “ဧကရာဇ်မင်းကြီးအား ပြစ်မှားခြင်း” ဥပဒေတွင် အကျုံးဝင်အောင် ချဲ့ထွင်ခဲ့သဖြင့် ပိလတ်မင်းသည် ဤဥပဒေနှင့်အညီ ယေရှုအား “ကျိုးပဲ့ပျက်စီး” စေရန် သို့မဟုတ် ညှဉ်းဆဲရာနှက်တိုင်ပေါ်တွင် တံကျင်လျှိုသတ်စေရန် လွှဲအပ်လိုက်သည်။—ယောဟန် ၁၈:၃၆; ၁၉:၁၂-၁၆၊ ကဘ; မာကု ၁၅:၁၄-၂၀။
မင်းဆိုးမင်းညစ်တစ်ပါး ‘အကြံကြီးကြံခြင်း’
၁၂။ (က) တိုင်ဘီးရီးယပ်စ်နှင့် မည်သူတို့ မဟာမိတ်ဖွဲ့ကြသနည်း။ (ခ) တိုင်ဘီးရီးယပ်စ်သည် အဘယ်သို့ “လူမျိုးငယ်တစ်မျိုးအားဖြင့် တိုးတက်ကြီးပွား၍ တန်ခိုးကြီး” လာခဲ့သနည်း။
၁၂ တိုင်ဘီးရီးယပ်စ်နှင့်ပတ်သက်၍ ကောင်းကင်တမန်က ဤသို့ဆက်လက် ပရောဖက်ပြု၍ဆို၏– “သူတို့သည် သူနှင့်မဟာမိတ်ဖွဲ့သောကြောင့် သူသည်လှည့်စားသဖြင့် လူမျိုးငယ်တစ်မျိုးအားဖြင့် တိုးတက်ကြီးပွား၍ တန်ခိုးကြီးလိမ့်မည်။” (ဒံယေလ ၁၁:၂၃၊ ကဘ) ရောမဆီးနိတ် လွှတ်တော်အမတ်တို့သည် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တိုင်ဘီးရီးယပ်စ်နှင့် “မဟာမိတ်ဖွဲ့” ခဲ့ကြသည်။ သူကလည်း စည်းကမ်းနည်းလမ်းအတိုင်း သူတို့ကိုအားထားခဲ့သည်။ သို့ရာတွင် သူသည်လှည့်စားသူဖြစ်သဖြင့် ‘လူမျိုးငယ်တစ်မျိုးအားဖြင့် တန်ခိုးကြီး’ လာသည်။ ထိုလူမျိုးငယ်မှာ ရောမမြို့ရိုးအနီးအနားတွင် စခန်းချထားသည့် ဧကရာဇ်မင်း၏ ကိုယ်ရံတော်တပ်ဖွဲ့ပင်ဖြစ်သည်။ ယင်းတပ်ဖွဲ့ နီးနီးကပ်ကပ်တည်ရှိခြင်းသည် ဆီးနိတ်လွှတ်တော်အတွက် ခြိမ်းခြောက်မှုဖြစ်သည့်အပြင် ပြည်သူလူထုအားလည်း သူ၏အာဏာကို မည်သို့မျှ ထကြွပုန်ကန်၍မရအောင် ဟန့်တားပေးခဲ့သည်။ ဤသို့ဖြင့် တိုင်ဘီးရီးယပ်စ်သည် ကိုယ်ရံတော်တပ်ဖွဲ့ ၁၀,၀၀၀ မျှနှင့် ဆက်လက်တန်ခိုးကြီးခဲ့သည်။
၁၃။ တိုင်ဘီးရီးယပ်စ်သည် အဘယ်နည်းဖြင့် ဘိုးဘေးတို့ထက် သာလွန်သနည်း။
၁၃ ကောင်းကင်တမန်က ပရောဖက်ပြု၍ ဤသို့ထပ်လောင်းဆို၏– “ပူပင်သောက ကင်းဝေးသည့်ကာလအတွင်း သူသည် စီရင်စုနယ်၏ စည်ပင်ဖွံ့ဖြိုးသည့်အပိုင်းသို့ ဝင်ရောက်ပြီးလျှင် ဘိုးဘေးတို့နှင့် ဘိုးဘေးတို့၏ဘိုးဘေးတို့ မပြုဖူးသောအမှုကို ပြုလိမ့်မည်။ တိုက်ခိုက်လုယက်၍ရသော လက်ရဥစ္စာပစ္စည်းများကို ကြဲဖြန့်လိမ့်မည်။ ရဲတိုက်များကိုရခြင်းငှာ ကြံစည်မည်ဖြစ်သော်လည်း ကာလအတန်ကြာအောင်သာ ဖြစ်လိမ့်မည်။” (ဒံယေလ ၁၁:၂၄၊ ကဘ) တိုင်ဘီးရီးယပ်စ်သည် အလွန်သံသယစိတ်ကြီးသူဖြစ်ပြီး သူအုပ်ချုပ်သည့် ကာလအတွင်း သူ့အမိန့်ဖြင့် အသတ်ခံရသူ ဒုနှင့်ဒေးရှိခဲ့သည်။ အဓိကအားဖြင့် ကိုယ်ရံတော်တပ်ဖွဲ့၏တပ်မှူး ဆီဂျန္နားစ်၏သြဇာကြောင့် သူအုပ်ချုပ်ရာကာလနှောင်းပိုင်းတွင် အကြောက်တရား စိုးမိုးခဲ့သည်။ နောက်ဆုံး၌ ဆီဂျန္နားစ်ကိုယ်တိုင်လည်း သံသယဖြစ်ခံရပြီး ကွပ်မျက်ခံရလေသည်။ ပြည်သူတို့အပေါ် နိုင်ထက်စီးနင်းပြုမူရာ၌ တိုင်ဘီးရီးယပ်စ်သည် ဘိုးဘေးတို့ထက် လက်စောင်းထက်လေသည်။
၁၄။ (က) တိုင်ဘီးရီးယပ်စ်သည် ရောမလက်နက်နိုင်ငံများ တစ်ဝန်းလုံးတွင် “တိုက်ခိုက်လုယက်၍ရသော လက်ရဥစ္စာပစ္စည်းများကို” မည်သို့ “ကြဲဖြန့်” ခဲ့သနည်း။ (ခ) တိုင်ဘီးရီးယပ်စ် ကွယ်လွန်ချိန်တွင် လူအများက သူ့အား မည်သို့မှတ်ယူခဲ့ကြသနည်း။
၁၄ သို့သော် တိုင်ဘီးရီးယပ်စ်သည် ရောမလက်နက်နိုင်ငံများ တစ်ဝန်းလုံးတွင် “တိုက်ခိုက်လုယက်၍ရသော လက်ရဥစ္စာပစ္စည်းများကို ကြဲဖြန့်” ခဲ့သည်။ သူကွယ်လွန်သည့်အချိန်တွင် တိုင်းသူပြည်သား အပေါင်းတို့သည် ကြီးပွားချမ်းသာလျက်ရှိကြ၏။ အခွန်အကောက်များကို လျှော့ပေါ့ပြီး အခက်အခဲဒုက္ခရောက်နေသည့် ဒေသများရှိ ပြည်သူတို့ကိုလည်း ရက်ရောစွာ စွန့်ကြဲပေးကမ်းခဲ့သည်။ စစ်သား သို့မဟုတ် အရာရှိအရာခံတို့အနေဖြင့် ဖိနှိပ်ချုပ်ချယ်မည်၊ သို့မဟုတ် အမှုအခင်းကိုင်တွယ်ရာ၌ တံစိုးလက်ဆောင် လက်ခံမည်ဆိုလျှင် ဧကရာဇ်မင်း၏ အရေးယူခြင်း ခံရနိုင်သည်။ အာဏာကို တင်းတင်းကြပ်ကြပ် ကိုင်တွယ်ခြင်းဖြင့် ပြည်သူတို့၏ဘဝ လုံခြုံမှုရှိပြီး လမ်းပန်းဆက်သွယ်ရေး တိုးတက်ကောင်းမွန်စေခြင်းဖြင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေခဲ့သည်။ တိုင်ဘီးရီးယပ်စ်သည် ရောမမြို့တွင်းမြို့ပြင် နှစ်ရပ်စလုံးတွင် တိုင်းရေးပြည်ရာများကို တော်တည့်ဖြောင့်မတ်စွာနှင့် မှန်မှန်ကန်ကန် စီမံအုပ်ချုပ်ရန် သေချာစွာ ကြပ်မတ်လုပ်ဆောင်ခဲ့သည်။ ဥပဒေများကို တိုးတက်ကောင်းမွန်စေခဲ့သည့်အပြင်၊ ဩဂတ်စ်တပ်စ် ဆီဇာ စတင်ခဲ့သည့် ပြုပြင်ပြောင်းလဲမှုများကို တိုးချဲ့လုပ်ဆောင်ခြင်းအားဖြင့် လူမှုရေးနှင့် ကိုယ်ကျင့်တရားဆိုင်ရာ ကိုဓဥပဒေများကိုပါ တိုးတက်ကောင်းမွန်အောင် လုပ်ဆောင်ခဲ့သည်။ သို့တစေ၊ တိုင်ဘီးရီးယပ်စ်သည် ‘အကြံကြီးကြံခဲ့’ သဖြင့် ရောမသမိုင်းပညာရှင် တက္ခစီတပ်စ်က သူသည် သူတော်ကောင်း ယောင်ဆောင်တတ်သူ၊ ဟန်ဆောင်ကောင်းသူဖြစ်သည်ဟူ၍ ရေးသားခဲ့သည်။ စီ.အီး. ၃၇ ခုနှစ်၊ မတ်လတွင် ကွယ်လွန်ချိန်၌ တိုင်ဘီးရီးယပ်စ်သည် မင်းဆိုးမင်းညစ်တစ်ပါး ဖြစ်သည်ဟု အများက မှတ်ယူခဲ့ကြသည်။
၁၅။ စီ.အီး. ပထမရာစုနှစ်နှောင်းပိုင်းနှင့် ဒုတိယရာစုနှစ်အဦးပိုင်းတွင် ရောမနိုင်ငံ၏အခြေအနေ မည်သို့ရှိခဲ့သနည်း။
၁၅ တိုင်ဘီးရီးယပ်စ်ကိုဆက်ခံ၍ မြောက်ဘုရင်၏ အခန်းကဏ္ဍ၌ ပါဝင်ခဲ့ကြသူတို့တွင် ဂိုင်းယပ်စ် ဆီဇာ (ကလစ်ဂျူလာ)၊ ပထမမြောက် ကလောဒီးယပ်စ် (ကလောဒိ)၊ နီရိုး၊ ဗက်စ်ပေးရှန်း၊ တိုင်းတပ်စ် (တိတု)၊ ဒမီးရှန်း၊ နားဗာ၊ တရေးဂျန်နှင့် ဟေဒရီးယန်းတို့ ပါဝင်ကြသည်။ “ဩဂတ်စ်တပ်စ်၏ အရိုက်အရာ ဆက်ခံကြသူအများသည် သူချမှတ်ခဲ့သည့် အုပ်ချုပ်ရေးဆိုင်ရာ မူဝါဒများနှင့် ဆောက်လုပ်ရေး အစီအစဉ်များအတိုင်း ဆက်လက်လုပ်ဆောင်ခဲ့ကြသော်လည်း ဆန်းသစ်တီထွင်မှု နည်းပါးပြီး ပကာသနဝင့်ဝါမှု များပြားခဲ့သည်” ဟု ဗြိတိန်စွယ်စုံကျမ်းသစ် ကဆို၏။ ဤရည်ညွှန်းကျမ်းကပင် ဤသို့ဆက်၍ဆို၏– “ပထမရာစုနှောင်းပိုင်းနှင့် ဒုတိယရာစု အစောပိုင်းကာလတွင် ရောမသည် ကြီးကျယ်ခမ်းနားမှုနှင့် လူဦးရေဘက်တွင် အထွတ်အထိပ်သို့ ရောက်ရှိခဲ့သည်။” ထိုကာလအတွင်း ရောမအင်ပါယာ၏ နယ်ခြားဒေသများ၌ ပြဿနာအချို့ ရှိခဲ့သော်လည်း ကြိုဟောထားသည့် တောင်ဘုရင်နှင့် ပထမဆုံးအကြိမ် ထိပ်တိုက်ရင်ဆိုင်မှုသည် စီ.အီး. တတိယရာစုနှစ်ရောက်မှ ဖြစ်ပွားခဲ့သည်။
တောင်ဘုရင်ကို တိုက်ခိုက်ရန် နှိုးဆော်ခံရခြင်း
၁၆၊ ၁၇။ (က) ဒံယေလ ၁၁:၂၅ တွင် ရည်ညွှန်းထားသည့် မြောက်ဘုရင်၏ အခန်းကဏ္ဍကို မည်သူယူခဲ့သနည်း။ (ခ) တောင်ဘုရင်၏ နေရာကို မည်သူယူခဲ့သနည်း။ မည်သို့ဖြစ်လာသနည်း။
၁၆ ဘုရားသခင့်ကောင်းကင်တမန်က ဤသို့ဆက်၍ ပရောဖက်ပြု၏– “သူ [မြောက်ဘုရင်] သည် ကြီးစွာသော ဗိုလ်ခြေနှင့်တကွ တောင်ဘုရင်ကို ဆိုင်ပြိုင်တိုက်ခိုက်ရန် မိမိ၏အစွမ်းသတ္တိနှင့် နှလုံးရည်ကို နှိုးဆော်လိမ့်မည်။ တောင်ဘုရင်ကလည်း အလွန့်အလွန် အင်အားကြီးမားသော ဗိုလ်ခြေနှင့်တကွ စစ်တိုက်ရန် မိမိကိုယ်ကို လှုံ့ဆော်လိမ့်မည်။ သူ [မြောက်ဘုရင်] သည် ခံရပ်နိုင်မည်မဟုတ်။ အကြောင်းမူကား သူ့တစ်ဖက်၌ မကောင်းကြံစည်ကြလိမ့်မည်။ ထိုဘုရင်၏ပွဲတော်ကို စားရသောသူတို့ကပင် သူ့ကိုဖျက်ဆီးကြလိမ့်မည်။ သူ၏ဗိုလ်ခြေလည်း လွှမ်းမိုးခြင်းခံရသဖြင့် နစ်မြုပ်၍ များစွာသောသူတို့သည် အသတ်ခံရသဖြင့် ကျဆုံးလိမ့်မည်။”—ဒံယေလ ၁၁:၂၅၊ ၂၆၊ ကဘ။
၁၇ အော့ခ်တေးဗီးယန်းက အီဂျစ်ကို ရောမ၏ လက်နက်နိုင်ငံတစ်ခု ဖြစ်စေ၍ နှစ်ပေါင်း ၃၀၀ ခန့်ကြာပြီးနောက် ရောမဧကရာဇ် အော်ရီးလီးယန်းသည် မြောက်ဘုရင်၏အခန်းကဏ္ဍတွင် ဝင်ရောက်ခဲ့သည်။ တစ်ချိန်တည်းတွင် ရောမ၏ ကိုလိုနီဖြစ်သည့် ပယ်လ်မိုင်းရားမြို့၏ ဘုရင်မ ဆက်ပ်တီးမီးယား ဇနိုးဘီးယားသည် တောင်ဘုရင်ရာထူးကို ရယူထားသည်။a (စာမျက်နှာ ၉၀ မှ “ဇနိုးဘီးယား—ပယ်လ်မိုင်းရားမြို့၏ စစ်သွေးစစ်မာန် ပြင်းပြသော ဘုရင်မ” ကိုရှု။) ပယ်လ်မိုင်းရား တပ်မတော်သည် စီ.အီး. ၂၆၉ ခုနှစ်တွင် ရောမ၏ လုံခြုံမှုအတွက်ဟု ယိုးမယ်ဖွဲ့၍ အီဂျစ်ပြည်ကို သိမ်းပိုက်ခဲ့သည်။ ဇနိုးဘီးယားသည် ပယ်လ်မိုင်းရားမြို့ကို အရှေ့ပိုင်းဒေသ၏ အထင်ကရမြို့တော် ဖြစ်စေချင်သည့်အပြင် ရောမ၏ အရှေ့ပိုင်း လက်နက်နိုင်ငံများကို အုပ်ချုပ်လိုသည်။ အော်ရီးလီးယန်းသည် ဇနိုးဘီးယား၏ ရည်မှန်းချက်ကြီးမားမှုကြောင့် ထိတ်လန့်တုန်လှုပ်သဖြင့် ဤဘုရင်မအား စစ်ချီတိုက်ခိုက်ရန် “မိမိ၏အစွမ်းသတ္တိနှင့် နှလုံးရည်ကို နှိုးဆော်” လေ၏။
၁၈။ မြောက်ဘုရင် ဧကရာဇ် အော်ရီးလီးယန်းနှင့် တောင်ဘုရင် ဇနိုးဘီးယား ဘုရင်မတို့၏ ဆိုင်ပြိုင်တိုက်ခိုက်မှု၏ အကျိုးရလဒ်ကား အဘယ်နည်း။
၁၈ ဇနိုးဘီးယား ဦးဆောင်သည့် အုပ်ချုပ်မှုအာဏာ တစ်ရပ်အနေနှင့် တောင်ဘုရင်သည် ဗိုလ်ချုပ်ကြီးနှစ်ဦးဖြစ်သည့် ဇဗ်ဒါးစ်နှင့် ဇဗ္ဗဲတို့၏လက်အောက်ရှိ “အလွန့်အလွန် အင်အားကြီးမားသော ဗိုလ်ခြေနှင့်တကွ” ဆီးကြိုတိုက်ခိုက်ရန် “မိမိကိုယ်ကို လှုံ့ဆော်” လေ၏။ သို့သော် အော်ရီးလီးယန်းသည် အီဂျစ်ကို သိမ်းပိုက်ပြီးနောက် အာရှမိုင်းနားနှင့် ဆီးရီးယားပြည်ထဲသို့ ချီတက်တိုက်ခိုက်၏။ ဇနိုးဘီးယားသည် အဲမ္မဆာ (ယခု ဟုမ်းစ်) မြို့တွင် စစ်ရှုံး၍ ပယ်လ်မိုင်းရားမြို့သို့ ဆုတ်ခွာခဲ့သည်။ ထိုမြို့ကို အော်ရီးလီးယန်း ဝိုင်းဝန်းပိတ်ဆို့ တိုက်ခိုက်သည့်အခါ ဇနိုးဘီးယားသည် ရဲစွမ်းသတ္တိအပြည့်နှင့် ခုခံတိုက်ခိုက်သော်လည်း အချည်းနှီးသာဖြစ်ခဲ့သည်။ သားတော်နှင့်အတူ ပါးရှားနိုင်ငံဘက်သို့ ထွက်ပြေးခဲ့သော်လည်း ယူဖရေးတီးစ်မြစ်တွင် ရောမတို့၏ ဖမ်းဆီးခြင်း ခံရလေ၏။ ပယ်လ်မိုင်းရားမြို့သားတို့သည် ၎င်းတို့၏မြို့တော်ကို စီ.အီး. ၂၇၂ ခုနှစ်တွင် စွန့်လွှတ်ခဲ့ကြသည်။ အော်ရီးလီးယန်းသည် ဇနိုးဘီးယားကို အသက်ချမ်းသာပေးပြီး စီ.အီး. ၂၇၄ ခုနှစ်၊ ရောမမြို့တွင်း အောင်ပွဲခံအထိမ်းအမှတ် လှည့်လည်ချီတက်ပွဲတွင် ဇနိုးဘီးယားကို အဓိက လက်ရဥစ္စာအဖြစ် ပြသခဲ့သည်။ ဇနိုးဘီးယားသည် ရောမဂုဏ်သရေရှိ အိမ်ထောင်ရှင် အမျိုးသမီးတစ်ဦးအနေနှင့် ကျန်ရှိသည့်သက်တာကို ကုန်လွန်စေခဲ့သည်။
၁၉။ အော်ရီးလီးယန်းသည် ‘သူ့တစ်ဖက်၌ မကောင်းကြံစည်ခံရခြင်းကြောင့်’ အဘယ်သို့ ကျဆုံးခဲ့သနည်း။
၁၉ အော်ရီးလီးယန်း ကိုယ်တိုင်လည်း ‘သူ့တစ်ဖက်၌ မကောင်းကြံစည်ခံရသဖြင့် ခံရပ်နိုင်ခြင်း မရှိခဲ့ချေ။’ စီ.အီး. ၂၇၅ ခုနှစ်တွင် သူသည် ပါးရှားလူမျိုးကို ချီတက်တိုက်ခိုက်သည်။ ရေလက်ကြားကိုဖြတ်၍ အာရှမိုင်းနားသို့ဝင်ရောက်ရန် သရေးစ်အရပ်တွင် အခွင့်အခါကောင်း စောင့်ဆိုင်းနေစဉ် ‘သူ၏ပွဲတော်ကို စားရသော’ သူတို့သည် သူ့တစ်ဖက်၌ မကောင်းကြံ၍ သူ့ကို “ဖျက်ဆီး” ခဲ့ကြသည်။ မူလက အော်ရီးလီးယန်းသည် အတွင်းရေးမှူး အိုင်းရော့စ်ကို စည်းကမ်းဖောက်ဖျက်မှုဖြင့် အရေးယူရန် စဉ်းစားထားသည်။ သို့သော် အိုင်းရော့စ်က အရာရှိအရာခံအချို့၏ အမည်များပါရှိသည့် ကွပ်မျက်ရန်သတ်မှတ်ထားခံရသူများ စာရင်းတစ်ခုကို လုပ်ကြံဖန်တီးခဲ့သည်။ အရာရှိအရာခံတို့သည် ထိုနာမည်စာရင်းကို တွေ့ရှိသည့်အခါ အော်ရီးလီးယန်းအား လုပ်ကြံသတ်ဖြတ်ရန် ပူးပေါင်းကြံစည်ခဲ့ခြင်းဖြစ်သည်။
၂၀။ မြောက်ဘုရင်၏ “ဗိုလ်ခြေ” တို့သည် မည်သို့ “လွှမ်းမိုးခြင်းခံရသဖြင့် နစ်မြုပ်” ခဲ့သနည်း။
၂၀ ဧကရာဇ်မင်း အော်ရီးလီးယန်း ကွယ်လွန်ခြင်းနှင့်အတူ မြောက်ဘုရင်၏ လုပ်ငန်းကိုင်ငန်း ပြီးဆုံးမသွားပေ။ အခြားသော ရောမအုပ်စိုးရှင်များ ဆက်လက်တာဝန်ယူခဲ့ကြသည်။ အချိန်အတန်ကြာ အနောက်ဧကရာဇ်တစ်ပါးနှင့် အရှေ့ဧကရာဇ်တစ်ပါး ဟူ၍ရှိခဲ့သည်။ ဤသူတို့၏ အုပ်ချုပ်မှုအောက်တွင် မြောက်ဘုရင်၏ “ဗိုလ်ခြေ” တို့သည် “လွှမ်းမိုးခြင်းခံရသဖြင့် နစ်မြုပ်” ခဲ့သည်၊ သို့မဟုတ် “ကွဲလွင့်”b ခဲ့သည့်အပြင် မြောက်ဘက်မှ ဂျာမန်အမျိုးအနွယ်များ၏ ဝင်ရောက်ကျူးကျော်မှုများကြောင့် အများအပြား ‘အသတ်ခံရ၍ ကျဆုံး’ ခဲ့သည်။ စတုတ္ထရာစုနှစ်တွင် ဂေါသလူမျိုးသည် ရောမ၏ နယ်စွန်နယ်ဖျားဒေသများကို ထိုးဖောက်ဝင်ရောက်ခဲ့ကြသည်။ ဝင်ရောက်ကျူးကျော်မှုများ တစ်ခုပြီးတစ်ခု ဆက်တိုက်ဖြစ်ပွားခဲ့သည်။ စီ.အီး. ၄၇၆ ခုနှစ်တွင် ဂျာမန်ခေါင်းဆောင် အော့ဒအေးဆာက ရောမမြို့မှနေ၍ အုပ်ချုပ်သည့် နောက်ဆုံးဧကရာဇ်မင်းကို ဖယ်ရှားလိုက်သည်။ ဆဋ္ဌမရာစုနှစ် အစပိုင်းသို့ရောက်လာသည့်အခါ အနောက်ရောမအင်ပါယာသည် အစိတ်စိတ်အမြွှာမြွှာ ကွဲပြားသွားသဖြင့် ဂျာမန်ဘုရင်များက ဗြိတိန်၊ ဂေါလ်၊ အီတလီ၊ မြောက်အာဖရိကနှင့် စပိန်တို့ကို အုပ်ချုပ်ခဲ့ကြသည်။ အရှေ့ရောမအင်ပါယာမူကား ၁၅ ရာစုနှစ်တိုင်အောင် တည်တံ့ခဲ့သည်။
ဧရာမ အင်ပါယာကြီး ပြိုကွဲခြင်း
၂၁၊ ၂၂။ စီ.အီး. စတုတ္ထရာစုနှစ်တွင် ကွန်စတင်တိုင်းသည် အဘယ်ပြောင်းလဲမှုများ ပြုလုပ်ခဲ့သနည်း။
၂၁ ယေဟောဝါ၏ကောင်းကင်တမန်သည် ရာစုနှစ်နှင့်ချီ၍ ရောမအင်ပါယာ ပြိုကွဲခြင်းနှင့်ပတ်သက်သော မလိုအပ်သည့် အသေးစိတ်အချက်အလက်များကို ဖော်ပြခြင်းမပြုဘဲ မြောက်ဘုရင်နှင့် တောင်ဘုရင်တို့၏ နောက်ထပ် စွန့်စားလုပ်ဆောင်ချက်များအကြောင်းကို ဆက်လက်ဟော၏။ သို့ရာတွင် ရောမအင်ပါယာ၏ တိုးတက်ဖြစ်ပေါ်မှုအချို့ကို အကျဉ်းချုပ် ပြန်လည်သုံးသပ်ခြင်းဖြင့် နှောင်းခေတ်များတွင် ပြိုင်ဘက်ဘုရင်နှစ်ပါးသည် မည်သူမည်ဝါဖြစ်ကြောင်း သိမြင်ရန် အထောက်အကူပြုပါလိမ့်မည်။
၂၂ စတုတ္ထရာစုနှစ်တွင် ရောမဧကရာဇ် ကွန်စတင်တိုင်းသည် အယူဖောက်ပြန်သည့် ခရစ်ယာန်ဘာသာကို နိုင်ငံတော်ဘာသာအဖြစ် အသိအမှတ်ပြုခဲ့သည်။ စီ.အီး. ၃၂၅ ခုနှစ်တွင် အာရှမိုင်းနားရှိ နိုင်စီးယားမြို့၌ သာသနာရေး ကောင်စီတစ်ရပ်ကိုပင် ခေါ်ယူကျင်းပ၍ ကိုယ်တိုင် ဥက္ကဋ္ဌအဖြစ်ဖြင့် ဆောင်ရွက်ခဲ့သည်။ နောက်ပိုင်းတွင် ကွန်စတင်တိုင်းသည် နေပြည်တော်ကို ရောမမြို့မှ ဘိုင်ဇန်းတီယမ်းမြို့၊ သို့မဟုတ် ကွန်စတန်တီနိုပယ်လ်မြို့သို့ ပြောင်းရွှေ့၍ ထိုမြို့ကို မြို့တော်သစ်အဖြစ် တည်ခဲ့သည်။ စီ.အီး. ၃၉၅ ခုနှစ်၊ ဇန်နဝါရီလ ၁၇ ရက်နေ့တွင် ဧကရာဇ် ပထမမြောက် သီအာဒိုးစီးယပ်စ် ကွယ်လွန်သည့်အချိန်အထိ ရောမအင်ပါယာသည် ဧကရာဇ် တစ်ဦးတည်း၏ အုပ်ချုပ်မှုအောက်တွင် တစ်လျှောက်လုံး တည်ရှိခဲ့သည်။
၂၃။ (က) သီအာဒိုးစီးယပ်စ် ကွယ်လွန်ပြီးနောက် ရောမအင်ပါယာသည် မည်သို့ကွဲသွားသနည်း။ (ခ) အရှေ့အင်ပါယာသည် မည်သည့်အချိန်တွင် ဆုံးခန်းတိုင်ခဲ့သနည်း။ (ဂ) ၁၅၁၇ ခုနှစ်တွင် အီဂျစ်ကို မည်သူ အုပ်ချုပ်သနည်း။
၂၃ သီအာဒိုးစီးယပ်စ် ကွယ်လွန်ပြီးနောက် ရောမအင်ပါယာကို သားတော်နှစ်ပါးက ခွဲဝေယူလိုက်ကြသည်။ ဟန်နိုရီးယပ်စ်က အနောက်ခြမ်းကိုလည်းကောင်း၊ အကေးဒီးယပ်စ်က မြို့တော်အဖြစ် ကွန်စတန်တီနိုပယ်လ်နှင့်တကွ အရှေ့ခြမ်းကိုလည်းကောင်း ရရှိကြသည်။ ဗြိတိန်၊ ဂေါလ်၊ အီတလီ၊ စပိန်နှင့် မြောက်အာဖရိကတို့သည် အနောက်ဘက်ခြမ်း၏ လက်နက်နိုင်ငံများတွင် ပါဝင်ကြသည်။ မက်ဆီဒိုးနီးယား၊ သရေးစ်၊ အာရှမိုင်းနား၊ ဆီးရီးယားနှင့် အီဂျစ်တို့သည် အရှေ့ဘက်ခြမ်း၏ လက်နက်နိုင်ငံများ ဖြစ်ကြသည်။ စီ.အီး. ၆၄၂ ခုနှစ်တွင် အီဂျစ်၏မြို့တော် အလက်ဇန္ဒြီးယားသည် ဆဲရာစင်းလူမျိုး (အာရပ်လူမျိုး) လက်တွင်းကျရောက်သွားသဖြင့် အီဂျစ်သည် ကေးလိဖ် (caliph) တို့၏ လက်နက်နိုင်ငံတစ်ခု ဖြစ်သွားသည်။ ၁၄၄၉ ခုနှစ်၊ ဇန်နဝါရီလတွင် ဧကာဒသမမြောက် ကွန်စတင်တိုင်းသည် အင်ပါယာ အရှေ့ခြမ်း၏ နောက်ဆုံးဧကရာဇ်ဖြစ်လာသည်။ ဆူလတန် ဒုတိယမြောက် မေမက်ဒ် လက်အောက်ရှိ အော့တိုမန် တူရကီလူမျိုးက ၁၄၅၃ ခုနှစ်၊ မေလ ၂၉ ရက်နေ့တွင် ကွန်စတန်တီနိုပယ်လ်ကို သိမ်းပိုက်လိုက်ခြင်းဖြင့် အရှေ့ရောမအင်ပါယာကို ဆုံးခန်းတိုင်စေခဲ့သည်။ ၁၅၁၇ ခုနှစ်တွင် အီဂျစ်သည် တူရကီ၏ လက်နက်နိုင်ငံတစ်ခု ဖြစ်လာသည်။ သို့သော် အချိန်တန်သောအခါ ရှေးခေတ်ဟောင်းမှ တောင်ဘုရင်၏ ဤပိုင်နက်နယ်မြေသည် အနောက်ခြမ်းမှ အခြားအင်ပါယာတစ်ခု၏ အုပ်ချုပ်မှုအောက်သို့ ရောက်ရှိလိမ့်မည်။
၂၄၊ ၂၅။ (က) သမိုင်းပညာရှင်အချို့၏ အလိုအရ မည်သည့်အဖြစ်အပျက်သည် သာသနာစောင့် ရောမအင်ပါယာ၏ နိဒါန်းအစကို အမှတ်သင်္ကေတပြုသနည်း။ (ခ) သာသနာစောင့် ရောမအင်ပါယာ၏ “ဧကရာဇ်” ဘွဲ့သည် နောက်ဆုံးတွင် မည်သူ့လက်ထဲ ရောက်ရှိသွားသနည်း။
၂၄ ရောမအင်ပါယာ၏ အနောက်ခြမ်းတွင် ရောမမြို့ ကက်သလစ် ဂိုဏ်းအုပ်ဘုန်းတော်ကြီး ပေါ်ထွက်လာသည်။ အထူးသဖြင့် စီ.အီး. ပဉ္စမရာစုနှစ်တွင် ပုပ်ရဟန်းမင်းကြီး၏ အာဏာကို အခိုင်အမာဖြစ်အောင် ပြုလုပ်ခဲ့သည့် ပုပ်ရဟန်မင်းကြီး ပထမမြောက် လီယိုသည် အထူးသတိပြုထိုက်သူဖြစ်သည်။ နောက်ပိုင်းတွင် ဤပုပ်ရဟန်းမင်းကြီးသည် အနောက်ဘက်ခြမ်းရှိ ဧကရာဇ်ကို သရဖူဆောင်း၍ ဘိသိက်မြှောက်ပေးသည့် အခွင့်အာဏာကို မတန်မရာ ရယူခဲ့သည်။ စီ.အီး. ၈၀၀ ပြည့်နှစ် ခရစ္စမတ်နေ့တွင် ရောမမြို့၌ ပုပ်ရဟန်းမင်းကြီး တတိယမြောက် လီယိုက ဖရန့်လူမျိုး ဘုရင် ချားလ်ဇ် (သျှားလ်မိန်း) အား အနောက် ရောမအင်ပါယာသစ်၏ ဧကရာဇ်အဖြစ် သရဖူဆောင်း၍ ဘိသိက်မြှောက်ပေးခဲ့သည်။ ဤဘိသိက်အခမ်းအနားက ရောမမြို့တွင် ဧကရာဇ်အုပ်စိုးမှုကို ပြန်လည်ရှင်သန်စေခဲ့သည့်အပြင် သမိုင်းပညာရှင်အချို့၏အဆိုအရ သာသနာစောင့် ရောမအင်ပါယာ စတင်ခြင်း၏ အမှတ်သင်္ကေတလည်း ဖြစ်ပေသည်။ ထိုအချိန်မှစ၍ အရှေ့ရောမအင်ပါယာနှင့် အနောက် သာသနာစောင့် ရောမအင်ပါယာဟူ၍ တည်ရှိလာပြီး နှစ်နိုင်ငံစလုံးက ခရစ်ယာန်နိုင်ငံ အမည်ခံကြသည်။
၂၅ အချိန်ကုန်လွန်သည်နှင့်အမျှ သျှားလ်မိန်း၏ အရိုက်အရာ ဆက်ခံသူတို့သည် ထိရောက်စွာ မအုပ်ချုပ်တတ်သော မင်းများဖြစ်လာကြသည်။ ဧကရာဇ်ရာထူး လစ်လပ်သည့် အချိန်အခါများပင် ရှိခဲ့သည်။ ထိုကာလအတွင်း ဂျာမန်ဘုရင် ပထမမြောက် အော့တိုသည် အီတလီနိုင်ငံ၏ မြောက်ပိုင်းနှင့် အလယ်ပိုင်း ဒေသများစွာကို ထိန်းချုပ်နိုင်ခဲ့သည်။ သူသည် အီတလီနိုင်ငံ၏ ဘုရင်အဖြစ် မိမိကိုယ်ကို တင်မြှောက်၏။ ၉၆၂ ခုနှစ်၊ ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ပုပ်ရဟန်းမင်းကြီး တစ်ဆယ့်နှစ်ပါးမြောက် ဂျွန်က ပထမမြောက် အော့တိုအား သာသနာစောင့် ရောမအင်ပါယာ၏ ဧကရာဇ်အဖြစ် သရဖူဆောင်း ဘိသိက်မြှောက်ပေးခဲ့သည်။ ယင်း၏မြို့တော်မှာ ဂျာမနီပြည်တွင်ရှိပြီး ဧကရာဇ်များလည်း ဂျာမန်များ ဖြစ်ကြသကဲ့သို့ လက်အောက်ခံပြည်သူ အများစုမှာလည်း ဂျာမန်လူမျိုးများ ဖြစ်ကြသည်။ ရာစုနှစ်ငါးခုကြာပြီးနောက် ဩစတြီးယားလူမျိုး ဟက်ပ်စဘာ့ဂ် မိသားစုက “ဧကရာဇ်” ဘွဲ့ကိုရရှိပြီး သာသနာစောင့် ရောမအင်ပါယာ၏ ကျန်ရှိသောနှစ်ကာလ အများစုအတွင်း ယင်းဘွဲ့ကို ဆက်လက်ထိန်းသိမ်းခဲ့သည်။
ဘုရင်နှစ်ပါး ထင်ရှားစွာ တစ်ဖန်ပေါ်လာခြင်း
၂၆။ (က) သာသနာစောင့် ရောမအင်ပါယာသည် မည်သို့ဆုံးခန်းတိုင်သွားသနည်း။ (ခ) မြောက်ဘုရင်အဖြစ် မည်သူ ပေါ်ထွက်လာသနည်း။
၂၆ ပထမမြောက် နပိုလီယန်က ၁၈၀၅ ခုနှစ်အတွင်း ဂျာမနီပြည်တွင် အောင်ပွဲများ ဆက်တိုက်ရရှိပြီးနောက် သာသနာစောင့် ရောမအင်ပါယာ၏ တည်ရှိခြင်းကို အသိအမှတ်ပြုရန် ငြင်းပယ်လိုက်သည့်အခါ သာသနာစောင့် ရောမအင်ပါယာအဖို့ သေလောက်သည့်ထိုးနှက်ချက် ဖြစ်ခဲ့လေသည်။ ဧကရာဇ် ဒုတိယမြောက် ဖရန်စစ္စသည် သရဖူကို ကာကွယ်ထိန်းသိမ်းနိုင်စွမ်း မရှိတော့သဖြင့် ၁၈၀၆ ခုနှစ် ဩဂုတ်လ ၆ ရက်နေ့တွင် ရောမဧကရာဇ် ဂုဏ်ဒြပ်ကိုစွန့်လွှတ်၍ ဩစတြီးယား ဧကရာဇ်အနေနှင့် မိမိ၏နိုင်ငံကိုသာ အုပ်ချုပ်လေသည်။ ရောမ ကက်သလစ် ပုပ်ရဟန်းမင်းကြီး တတိယမြောက် လီယိုနှင့် ဖရန့်လူမျိုးဘုရင် သျှားလ်မိန်းတို့ တည်ထောင်ခဲ့သည့် သာသနာစောင့် ရောမအင်ပါယာသည် နှစ်ပေါင်း ၁,၀၀၆ နှစ်ကြာတည်တံ့ခဲ့ပြီးနောက် ဆုံးခန်းတိုင်သွားလေသည်။ ၁၈၇၀ ပြည့်နှစ်တွင် ရောမသည် ဗက်တီကင်၏ စိုးမိုးခြယ်လှယ်ခြင်း ကင်းလွတ်သည့် အီတလီနိုင်ငံ၏ မြို့တော်ဖြစ်လာသည်။ နောက်တစ်နှစ်တွင် ပထမမြောက် ဝီးလ်ဟဲလ်မ်းက ဆီဇာ၊ သို့မဟုတ် ကိုင်ဇာဘွဲ့ ခံယူခြင်းနှင့်အတူ ဂျာမန်အင်ပါယာ အစပြုလာသည်။ ဤသို့ဖြင့် ခေတ်သစ် မြောက်ဘုရင်—ဂျာမနီ—သည် ကမ္ဘာ့ဇာတ်ခုံပေါ်သို့ ရောက်ရှိလာလေသည်။
၂၇။ (က) အီဂျစ်သည် ဗြိတိသျှ၏ အစောင့်အရှောက်ခံနယ်မြေတစ်ခု မည်သို့ဖြစ်လာသနည်း။ (ခ) တောင်ဘုရင်၏နေရာတွင် မည်သူဝင်ရောက်ခဲ့သနည်း။
၂၇ သို့ရာတွင် ခေတ်သစ် တောင်ဘုရင်ကို မည်သူကိုယ်စားပြုသနည်း။ ဗြိတိန်သည် ၁၇ ရာစုနှစ်တွင် တန်ခိုးကြီးအင်ပါယာဖြစ်လာကြောင်း သမိုင်းကပြဆို၏။ ဗြိတိသျှတို့၏ ကုန်သွယ်ရေးလမ်းကြောင်းများကို ဖြတ်တောက်လိုသဖြင့် ပထမမြောက် နပိုလီယန်သည် ၁၇၉၈ ခုနှစ်တွင် အီဂျစ်ကို ဝင်ရောက်သိမ်းပိုက်သည်။ တစ်ဆက်တည်းဖြစ်ပွားသည့် စစ်ပွဲတွင် ဗြိတိသျှ-အော့တိုမန် မဟာမိတ်တို့သည် ဆိုင်ပြိုင်တိုက်ခိုက်မှု အစပိုင်းတွင် တောင်ဘုရင် ဖြစ်ခဲ့သည့် အီဂျစ်ပြည်မှ ပြင်သစ်အား ဆုတ်ခွာသွားအောင် တိုက်ထုတ်နိုင်ခဲ့သည်။ ၁၉ ရာစုနှစ်အတွင်း အီဂျစ်ပြည်ရှိ ဗြိတိသျှတို့၏ အရှိန်အဝါသည် ကြီးထွားလာသည်။ ၁၈၈၂ ခုနှစ်နောက်ပိုင်းတွင် အီဂျစ်သည် ဗြိတိသျှ၏ လက်အောက်ခံတိုင်းပြည် ဖြစ်လာသည်။ ၁၉၁၄ ခုနှစ်၊ ပထမကမ္ဘာစစ် ဖြစ်ပွားသည့်အခါ အီဂျစ်သည် တူရကီပိုင် နယ်မြေဖြစ်ပြီး ခါဒစ်ဗ် (တူရကီဘုရင်ခံ) တစ်ဦးက အုပ်ချုပ်လျက်ရှိသည်။ သို့သော် ကမ္ဘာစစ်အတွင်း တူရကီက ဂျာမနီဘက်ပါသွားသဖြင့် ဗြိတိန်က ခါဒစ်ဗ်အား ရာထူးဖြုတ်ချပြီးနောက် အီဂျစ်ပြည်ကို ဗြိတိသျှ၏ အစောင့်အရှောက်ခံနယ်မြေအဖြစ် ကြေညာလိုက်သည်။ တဖြည်းဖြည်းနှင့် ဗြိတိန်နှင့် အမေရိကန်ပြည်ထောင်စုတို့သည် ချစ်ကြည်ရင်းနှီးသည့်ဆက်ဆံရေး ထူထောင်ကာ အင်္ဂလိပ်-အမေရိကန် ကမ္ဘာ့အာဏာစက် ဖြစ်လာသည်။ ၎င်းတို့သည် တောင်ဘုရင်၏နေရာကို အတူတကွ ပူးတွဲယူလိုက်ကြသည်။
[အောက်ခြေမှတ်ချက်များ]
a “မြောက်ဘုရင်” နှင့် “တောင်ဘုရင်” ဟူသောအမည်ပညတ်တို့မှာ ဘွဲ့ထူးဂုဏ်ထူးများဖြစ်သောကြောင့် ဘုရင်တစ်ပါး၊ ဘုရင်မတစ်ပါး၊ သို့မဟုတ် နိုင်ငံအုပ်စုတစ်စု အပါအဝင် မည်သည့်အုပ်ချုပ်မှုအာဏာကိုမဆို ရည်ညွှန်းနိုင်သည်။
b နယူးယောက် ကင်းမျှော်စင် သမ္မာကျမ်းစာနှင့် ဝေစာအသင်းမှ ထုတ်ဝေသည့် သန့်ရှင်းသောကျမ်းစာစောင်များ၏ ကမ္ဘာသစ်ဘာသာပြန်ကျမ်း—အညွှန်းများဖြင့် တွင် ဒံယေလ ၁၁:၂၆ မှ အောက်ခြေမှတ်ချက် ရှု။
အဘယ်အချက်ကို သိမြင်ခဲ့သနည်း
• မည်သည့် ရောမဧကရာဇ်သည် မြောက်ဘုရင်အဖြစ် ဦးစွာ မတ်တတ်ထခဲ့သနည်း။ “အခွန်တော် ကျပ်တည်းစွာ ကောက်ခံသူ” ကို မည်သည့်အချိန်တွင် စေလွှတ်ခဲ့သနည်း။
• ဩဂတ်စ်တပ်စ်နောက်ပိုင်း မြောက်ဘုရင်နေရာကို မည်သူယူခဲ့သနည်း။ ‘ပဋိညာဉ်ဆိုင်ရာ ဦးစီးခေါင်းဆောင်သည်’ မည်သို့ ‘ကျိုးပဲ့ပျက်စီး’ ခဲ့သနည်း။
• မြောက်ဘုရင်အဖြစ် အော်ရီးလီးယန်းနှင့် တောင်ဘုရင်အဖြစ် ဇနိုးဘီးယားတို့စပ်ကြား ဆိုင်ပြိုင်တိုက်ခိုက်မှု၏ အကျိုးရလဒ်ကား အဘယ်နည်း။
• ရောမအင်ပါယာ နောက်ဆုံးမည်သို့ဖြစ်သွားသနည်း။ ၁၉ ရာစုနှစ် အဆုံးပိုင်းတွင် ဘုရင်နှစ်ပါး၏ နေရာများ၌ အဘယ် အင်အားကြီးနိုင်ငံများ ယူခဲ့ကြသနည်း။
[စာမျက်နှာ ၂၄၈–၂၅၁ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
တစ်ဦး ဂုဏ်ပြုခံရ၊ အခြားတစ်ဦး စက်ဆုပ်ခံရ
တစ်ဦးက ပဋိပက္ခထူပြောသည့် ပြည်သူ့သမ္မတနိုင်ငံတစ်ခုကို ကမ္ဘာ့အင်ပါယာအဖြစ်သို့ ပြုပြင်ပြောင်းလဲခဲ့သည်။ အခြားတစ်ဦးက ၂၃ နှစ်ကာလအတွင်း တိုင်းပြည်၏ကြွယ်ဝချမ်းသာမှုကို အဆနှစ်ဆယ် တိုးပွားစေခဲ့သည်။ တစ်ဦးသည် ကွယ်လွန်ချိန်၌ ဂုဏ်ပြုခြင်းခံရသော်လည်း အခြားတစ်ဦးမှာ စက်ဆုပ်ခံရ၏။ ဤရောမဧကရာဇ်နှစ်ဦး အုပ်စိုးချိန်တွင် ယေရှု ကမ္ဘာပေါ် သက်တော်ထင်ရှား ဓမ္မအမှုတော်ထမ်းဆောင်ခဲ့သည်။ သူတို့ကား မည်သူတို့နည်း။ အဘယ်ကြောင့် တစ်ဦးကဂုဏ်ပြုခံရပြီး ကျန်တစ်ဦးက မခံရသနည်း။
“ရောမကို အုတ်ဖြင့်တည်သောမြို့အဖြစ် ရှာတွေ့ ပြီး စကျင်ကျောက်ဖြင့် ပြီးသောမြို့အဖြစ် ထားရစ်ခဲ့သည်”
ဘီ.စီ.အီး. ၄၄ ခုနှစ်၊ ဂျူးလီယပ်စ် ဆီဇာ လုပ်ကြံခံရချိန်တွင် အစ်မတော်၏မြေးဖြစ်သူ ဂိုင်းယပ်စ် အော့ခ်တေးဗီးယန်းသည် အသက် ၁၈ နှစ်မျှသာရှိသေးသည်။ ဂျူးလီယပ်စ် ဆီဇာ၏မွေးစားသားနှင့် အဓိကအမွေခံအနေနှင့် ပျိုမျစ်နုနယ်သော အော့ခ်တေးဗီးယန်းသည် အမွေဆက်ခံရေးအတွက် ရောမမြို့သို့ မဆိုင်းမတွထွက်ခွာခဲ့သည်။ ရောမမြို့တွင် အဓိကအမွေဆက်ခံသူအဖြစ် မျှော်လင့်ထားသူ အင်အားကြီးမားသော ပြိုင်ဘက်တစ်ဦးဖြစ်သည့် မာ့ခ်အန်တိုနီနှင့် ပက်ပင်းရင်ဆိုင်ရသည်။ တစ်ဆက်တည်းဖြစ်ပွားသည့် နိုင်ငံရေးခြေပုန်းခုတ်မှုနှင့် အာဏာလုပွဲတို့သည် ၁၃ နှစ်တိုင်တိုင် ကြာမြင့်ခဲ့သည်။
အီဂျစ်ဘုရင်မ ကလီယိုပက်ထရာနှင့် ၎င်း၏ချစ်သူ မာ့ခ်အန်တိုနီတို့၏ တပ်ပေါင်းစုကို (ဘီ.စီ.အီး. ၃၁ ခုနှစ်တွင်) နှိမ်နင်းပြီးနောက်၌သာ အော့ခ်တေးဗီးယန်းသည် ရောမအင်ပါယာ၏ အငြင်းပွားစရာမရှိသည့် အုပ်စိုးရှင်အဖြစ် ပေါ်ထွက်လာသည်။ နောက်တစ်နှစ်တွင် အန်တိုနီနှင့် ကလီယိုပက်ထရာတို့သည် မိမိတို့ကိုယ်ကို အသီးသီး အဆုံးစီရင်သွားကြသဖြင့် အော့ခ်တေးဗီးယန်းသည် အီဂျစ်ကို သိမ်းသွင်းလိုက်သည်။ ဤသို့ဖြင့် ဂရိအင်ပါယာ၏ နောက်ဆုံးကျန်ရှိသည့် အစအနသည် ပယ်ရှင်းခံရပြီးလျှင် ရောမသည်လည်း ကမ္ဘာ့အင်အားကြီးနိုင်ငံ ဖြစ်လာလေသည်။
အော့ခ်တေးဗီးယန်းသည် ဂျူးလီယပ်စ် ဆီဇာ သက်ဦးဆံပိုင်အာဏာ ကျင့်သုံးခဲ့ခြင်းကြောင့် လုပ်ကြံခံရသည်ကို နှလုံးသွင်းလျက် ထိုအမှားမျိုးကို ထပ်မံမကျူးလွန်မိရန် အထူးသတိထားသည်။ ထို့ကြောင့် ပြည့်သူသမ္မတနိုင်ငံကိုလိုလားသည့် ရောမပြည်သူတို့၏ ပြင်းပြသောဆန္ဒနှင့် မဆန့်ကျင်ရအောင် သူသည် ဧကရာဇ်အုပ်စိုးမှုကို သမ္မတနိုင်ငံ ဘက်တော်သား အရေခြုံကာ အဖြစ်မှန်ကိုဖုံးကွယ်ခဲ့သည်။ သူသည် “ဘုရင်” နှင့် “အာဏာရှင်” ဘွဲ့များကို ငြင်းပယ်ခဲ့သည်။ ၎င်းပြင် လက်နက်နိုင်ငံ ရှိသမျှအပေါ် ချုပ်ကိုင်မှုအာဏာကို ရောမဆီးနိတ်လွှတ်တော်သို့ လွှဲပြောင်းပေးအပ်ရန် ကြံရွယ်ထားကြောင်း ထုတ်ပြန်ကြေညာပြီး လက်ရှိရာထူးများမှလည်း နုတ်ထွက်မည့်ဆန္ဒရှိကြောင်း ပြောခဲ့သည်။ ဤနည်းဗျူဟာသည် အလုပ်ဖြစ်ခဲ့သည်။ ကျေနပ်သဘောကျသည့် ဆီးနိတ်လွှတ်တော်က အော့ခ်တေးဗီးယန်းအား သူ၏ရာထူးများကို ဆက်လက်ထိန်းထား၍ လက်နက်နိုင်ငံအချို့ကို ဆက်လက်ထိန်းချုပ်ကွပ်ကဲရန် တိုက်တွန်းခဲ့ကြသည်။
ထို့အပြင် ဘီ.စီ.အီး. ၂၇ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်နေ့တွင် ဆီးနိတ်လွှတ်တော်က အော့ခ်တေးဗီးယန်းအား “ဂုဏ်သိက္ခာ မြင့်မားသော၊ မြင့်မြတ်သော” ဟူ၍အဓိပ္ပာယ်ရှိသည့် “ဩဂတ်စ်တပ်စ်” (Augustus) ဘွဲ့ ချီးမြှင့်အပ်နှင်းခဲ့သည်။ အော့ခ်တေးဗီးယန်းသည် ထိုဘွဲ့ကို လက်ခံခဲ့ရုံမက မိမိအမည်ဖြင့် လတစ်လကို အမည်ပြောင်းကာ ဂျူးလီယပ်စ် ဆီဇာ (Julius Caesar) ကိုအစွဲပြု၍ အမည်ပေးခဲ့သည့် ဇူလိုင်လ (July) ၏ရက်အရေအတွက်အတိုင်း ဩဂုတ်လ (August) ဖြစ်လာအောင် ဖေဖော်ဝါရီလမှ ရက်တစ်ရက်ကို ရယူခဲ့သည်။ ဤသို့ဖြင့် အော့ခ်တေးဗီးယန်းသည် ရောမ၏ ပထမဦးဆုံးသော ဧကရာဇ်မင်း ဖြစ်လာပြီး ၎င်းနောက်ပိုင်း ဆီဇာ ဩဂတ်စ်တပ်စ် သို့မဟုတ် “မြင့်မြတ်သူ” အဖြစ် ကျော်ကြားခဲ့သည်။ နောက်ပိုင်းတွင် “ပွန္တီဖက်စ် မက်ဆီမပ်စ်” (“pontifex maximus” ယဇ်ပုရောဟိတ်မင်း) ဘွဲ့ကိုပါရယူခဲ့ပြီး ဘီ.စီ.အီး. ၂ ခုနှစ်—ယေရှု မွေးဖွားသည့်နှစ်—တွင် ဆီးနိတ်လွှတ်တော်က သူ့အား “နိုင်ငံ့ဖခင်” (ပတာ ပါထရီ၊ Pater Patriae) ဘွဲ့ကို ချီးမြှင့်အပ်နှင်းခဲ့သည်။
ထိုနှစ်၌ပင် “တစ်နိုင်ငံလုံးကို စာရင်းယူစေခြင်းငှာ ကဲသာဘုရင် ဩဂုတ္တုသည် အမိန့်တော်ရှိ၏။ . . . လူအပေါင်းတို့သည် စာရင်းဝင်ခြင်းငှာ အသီးအသီး မိမိတို့မြို့ရွာသို့ သွားကြ၏။” (လုကာ ၂:၁-၃) ဤအမိန့်ဒီကရီကြောင့် သမ္မာကျမ်းစာ ပရောဖက်ပြုချက်ကို ပြည့်စုံစေသည့်အနေနှင့် ဗက်လင်မြို့တွင် ယေရှုဖွားမြင်ခဲ့သည်။—ဒံယေလ ၁၁:၂၀; မိက္ခာ ၅:၂။
ဩဂတ်စ်တပ်စ် အုပ်ချုပ်မှုအောက်တွင် ရိုးသားဖြောင့်မတ်မှုနှင့် ငွေကြေးတည်ငြိမ်မှု ရှိခဲ့သည်။ ဩဂတ်စ်တပ်စ်သည် ထိရောက်သည့် စာပို့စနစ်ကို ထူထောင်ခဲ့သည့်အပြင် လမ်းတံတားများကိုလည်း တည်ဆောက်ခဲ့သည်။ တပ်မတော်ကို ပြန်လည်ဖွဲ့စည်း၍ အမြဲတမ်းရေတပ်ကိုထူထောင်၍ ကိုယ်ရံတော်တပ်ဟုခေါ်သည့် ဧကရာဇ်သက်တော်စောင့် လက်ရွေးစဉ်တပ်ဖွဲ့ကို ဖွဲ့စည်းတည်ထောင်ခဲ့သည်။ (ဖိလိပ္ပိ ၁:၁၃၊ သမ္မာ) သူ၏ အားပေးချီးမြှောက်မှုကြောင့် ဗားဂျီးလ်နှင့် ဟောရစ္စ ကဲ့သို့သော စာရေးဆရာများ ရှင်သန်ထွန်းကားခဲ့ပြီး ပန်းပုဆရာများကလည်း ယခုခေတ်တွင် ဂန္ထဝင်ဟန်ဟု ခေါ်တွင်သည့် လှပသောလက်ရာများကို ဖန်တီးခဲ့ကြသည်။ ဩဂတ်စ်တပ်စ်သည် ဂျူးလီယပ်စ် ဆီဇာ လက်စသတ်မသွားသည့် အဆောက်အဦများကို လက်စသတ်ခဲ့သည့်အပြင် ဘုရားကျောင်းကန် အမြောက်အမြားကိုလည်း ပြန်လည်ပြင်ဆင်ခဲ့သည်။ သူစတင်ခဲ့သော ပက္ခစ် ရိုမာနာ (Pax Romana “ရောမငြိမ်းချမ်းရေး”) သည် နှစ်ပေါင်း ၂၀၀ ကျော်တည်တံ့ခဲ့သည်။ ဩဂတ်စ်တပ်စ်သည် စီ.အီး. ၁၄ ခုနှစ်၊ ဩဂုတ်လ ၁၉ ရက်နေ့၊ အသက် ၇၆ နှစ်အရွယ်တွင် ကွယ်လွန်၍ နောက်ပိုင်းတွင် နတ်အဖြစ်ကိုးကွယ်ခြင်းခံရသည်။
ဩဂတ်စ်တပ်စ်က သူသည် “ရောမကို အုတ်ဖြင့်တည်သောမြို့အဖြစ် ရှာတွေ့ ပြီး စကျင်ကျောက်ဖြင့် ပြီးသောမြို့အဖြစ် ထားရစ်ခဲ့သည်” ဟုဝင့်ကြွားခဲ့သည်။ သူသည် ရောမကို ပဋိပက္ခထူပြောသည့် ယခင်ပြည်သူ့သမ္မတနိုင်ငံ ခေတ်မျိုးသို့ နောက်ကြောင်းမပြန်စေလိုသဖြင့် နောက်တက်လာမည့် ဧကရာဇ်ကို လေ့ကျင့်မွမ်းမံရန် ကြံရွယ်ခဲ့သည်။ သို့သော် အရိုက်အရာဆက်ခံသူကို ရွေးချယ်ခြင်းနှင့်ပတ်သက်၍ ရွေးချယ်ရန်အခွင့်အရေး များများစားစား မရရှိခဲ့ချေ။ သူ၏တူတော်မောင်၊ မြေးနှစ်ယောက်၊ သမက်တစ်ယောက်နှင့် မယားပါသားတစ်ယောက်တို့သည် ရှေ့ဆင့်နောက်ဆင့် သေဆုံးသွားကြသဖြင့် ထီးနန်းဆက်ခံရန် မယားပါသား တိုင်ဘီးရီးယပ်စ် တစ်ဦးတည်းသာ ကျန်ရစ်ခဲ့သည်။
“စက်ဆုပ်ခံရသူ”
ဩဂတ်စ်တပ်စ် ကွယ်လွန်ပြီးနောက် တစ်လမပြည့်မီ ရောမဆီးနိတ်လွှတ်တော်က ၅၄-နှစ်အရွယ်ရှိ တိုင်ဘီးရီးယပ်စ်ကို ဧကရာဇ်အဖြစ် တင်မြှောက်လိုက်ကြသည်။ တိုင်ဘီးရီးယပ်စ်သည် စီ.အီး. ၃၇ ခုနှစ်အထိ အသက်ရှင်အုပ်ချုပ်ခဲ့သည်။ ထို့ကြောင့် သူသည် ယေရှု လူသိရှင်ကြား ဓမ္မအမှုတော်ဆောင်ရွက်စဉ်အတွင်း အုပ်ချုပ်ခဲ့သည့် ရောမဧကရာဇ်ပင်ဖြစ်သည်။
ဧကရာဇ်တစ်ပါးအနေနှင့် တိုင်ဘီးရီးယပ်စ်၌ ကောင်းကွက်ဆိုးကွက် နှစ်မျိုးလုံးရှိခဲ့သည်။ ကောင်းကွက်တစ်ခုမှာ စည်းစိမ်ခံစားမှုအတွက် ငွေကြေးဘဏ္ဍာ ဖြုန်းတီးခြင်း မရှိခြင်းဖြစ်သည်။ အကျိုးကျေးဇူးတစ်ခုအနေနှင့် အင်ပါယာကြီး တိုးတက်ကြီးပွားပြီး သဘာဝကပ်ဘေးများနှင့် ဘေးဒုက္ခများမှ ပြန်လည်ထူထောင်ရေးအတွက် ကူညီထောက်ပံ့ရန် ရန်ပုံငွေများပြည့်စုံခဲ့သည်။ ချီးမွမ်းစရာတစ်ခုမှာ တိုင်ဘီးရီးယပ်စ်က မိမိကိုယ်ကို လူသားတစ်ဦးအဖြစ်ရှုမြင်ပြီး ဂုဏ်ထူးဆောင် ဘွဲ့ထူးအများအပြားကို ငြင်းပယ်ခဲ့သည့်အပြင် ဧကရာဇ်ကိုးကွယ်မှုကို ယေဘုယျအားဖြင့် မိမိအားမဟုတ်ဘဲ ဩဂတ်စ်တပ်စ်အား ညွှန်ပြခဲ့သည်။ ဩဂတ်စ်တပ်စ်နှင့် ဂျူးလီယပ်စ် ဆီဇာတို့နည်းတူ ပြက္ခဒိန်လတစ်လကို မိမိအမည်ဖြင့် မှည့်ခေါ်ခြင်း မရှိခဲ့သကဲ့သို့ ထိုနည်းမျိုးဖြင့် မိမိအားဂုဏ်ပြုရန်လည်း အခြားသူတို့ကို ခွင့်မပြုခဲ့ချေ။
သို့သော်လည်း တိုင်ဘီးရီးယပ်စ်၏ ဆိုးကွက်များသည် ကောင်းကွက်များထက် များပြားသည်။ သူသည် အလွန်တရာ သံသယစိတ်ကြီးသူဖြစ်ပြီး အခြားသူတို့နှင့်ဆက်ဆံရာတွင် ဟန်ဆောင်ကောင်းသူဖြစ်သည်။ သူအုပ်စိုးသည့်ကာလအတွင်း သူ့အမိန့်ဖြင့် သတ်ဖြတ်ခံရသူ များပြားလှရာ သူ၏မိတ်ဆွေဟောင်း အများအပြားပင် အသတ်ခံရသူတို့တွင် ပါဝင်ခဲ့ကြသည်။ သူသည် ဧကရာဇ် ပြစ်မှားခြင်း (lèse-majesté) ဥပဒေတွင် ပုန်ကန်ရန်လှုံ့ဆော်သော အပြုအမူများအပြင် ဧကရာဇ်မင်းအား အသရေဖျက်သည့် အရေးအသား အပြောအဆိုများကိုပါ အကျုံးဝင်အောင် ချဲ့ထွင်ခဲ့သည်။ ဂျူးလူမျိုးသည် ဤဥပဒေကိုအခြေပြု၍ ယေရှုကိုသတ်ပစ်ရန် ဘုရင်ခံပုန္တိပိလတ်မင်းအား ဖိအားပေးခဲ့ပုံရသည်။—ယောဟန် ၁၉:၁၂-၁၆။
တိုင်ဘီးရီးယပ်စ်သည် ရောမမြို့ရိုး၏ မြောက်ဘက်တွင် ခိုင်ခံ့သည့်စစ်တန်းလျားကို တည်ဆောက်ခြင်းဖြင့် ကိုယ်ရံတော်တပ်ဖွဲ့ကို မြို့တော်နှင့် နီးနီးနားနားတွင် စုစည်းထားခဲ့သည်။ ကိုယ်ရံတော်တပ်ဖွဲ့ အနီးအနားတွင် ရှိနေခြင်းအားဖြင့် သူ၏အာဏာအတွက် ခြိမ်းခြောက်မှုဖြစ်သည့် ရောမဆီးနိတ်လွှတ်တော်ကို ခြောက်လှန့်ဟန့်တားနိုင်သည့်အပြင် ပြည်သူလူထု ပုန်ကန်ထကြွခြင်းကိုပါ တားဆီးနိုင်ခဲ့သည်။ တိုင်ဘီးရီးယပ်စ်သည် သတင်းပေး တိုင်တန်းခြင်းစနစ်ကိုလည်း အားပေးခဲ့သဖြင့် သူ့အုပ်ချုပ်ရေး၏ နောက်ပိုင်းကာလတွင် ထိတ်လန့်ကြောက်ရွံ့မှု စိုးမိုးခဲ့သည်။
သူကွယ်လွန်သည့်အချိန်တွင် သူ့အား မင်းဆိုးမင်းညစ်တစ်ပါးအဖြစ် လူအများက ယူမှတ်ခဲ့ကြသည်။ သူကွယ်လွန်သည့်အခါ ရောမပြည်သူများ ရွှင်လန်းဝမ်းမြောက်၍ ဆီးနိတ်လွှတ်တော်ကလည်း သူ့ကို နတ်ဘုရားအဖြစ် ကိုးကွယ်ခြင်းမပြုခဲ့ချေ။ ဤအကြောင်းများနှင့် အခြားအခြားသော အကြောင်းများကြောင့် “မြောက်ဘုရင်” အဖြစ်ပေါ်ထွန်းမည့် “စက်ဆုပ်ခံရသူ” နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်သည် တိုင်ဘီးရီးယပ်စ်တွင် ပြည့်စုံသည်ကို ကျွန်ုပ်တို့တွေ့ရသည်။—ဒံယေလ ၁၁:၁၅၊ ၂၁၊ ကဘ။
အဘယ်အချက်ကို သိမြင်ခဲ့သနည်း
• အော့ခ်တေးဗီးယန်းသည် ပထမ ရောမဧကရာဇ် မည်သို့ဖြစ်လာခဲ့သနည်း။
• ဩဂတ်စ်တပ်စ် အစိုးရသည် အဘယ်အရာများကို ပြီးမြောက်အောင်မြင်ခဲ့သနည်း။
• တိုင်ဘီးရီးယပ်စ်၏ ကောင်းကွက်ဆိုးကွက်များကား အဘယ်နည်း။
• “စက်ဆုပ်ခံရသူ” နှင့်ပတ်သက်သည့် ပရောဖက်ပြုချက်သည် တိုင်ဘီးရီးယပ်စ်တွင် မည်သို့ပြည့်စုံခဲ့သနည်း။
[ရုပ်ပုံ]
တိုင်ဘီးရီးယပ်စ်
[စာမျက်နှာ ၂၅၂–၂၅၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
ဇနိုးဘီးယား—ပယ်လ်မိုင်းရားမြို့၏ စစ်သွေးစစ်မာန် ပြင်းပြသော ဘုရင်မ
“သူသည် ညိုမောင်းသော အသားအရေ၊ ပုလဲကဲ့သို့ ဖြူဖွေးသောသွားနှင့် မည်းနက်ရွှမ်းလက်သော မျက်လုံးပိုင်ရှင်ဖြစ်ပြီး ရူပါကြော့ရှင်း၍ ချစ်ခင်စွဲမက်ဖွယ် ကောင်းလှသည်။ အသံမှာ ဩဇာအောင်၍ နားဝင်ချိုသည်။ လေ့လာဆည်းပူးမှုကြောင့် အသိအမြင် ဗဟုသုတ ကြွယ်လှသည်။ လက်တင်ဘာသာကို တတ်ကျွမ်းသည့်အပြင် ဂရိ၊ ဆီးရီးယားနှင့် အီဂျစ် ဘာသာစကားများကိုလည်း ထပ်တူပင် ကျွမ်းကျင်သည်။” ဤကား သမိုင်းပညာရှင် အက်ဒဝပ်ဒ် ဂစ်ဘောန်က ဆီးရီးယား ပယ်လ်မိုင်းရားမြို့၏ စစ်သွေးစစ်မာန် ပြင်းပြသော ဘုရင်မ ဇနိုးဘီးယားအား ချီးမွမ်းရေးသားချက်များ ဖြစ်ပေသည်။
ဇနိုးဘီးယား၏ခင်ပွန်းမှာ ပယ်လ်မိုင်းရားမှူးမတ် အော့ဒီနေးသပ်စ်ဖြစ်ပြီး ရောမအင်ပါယာအတွက် ပါးရှားကို အောင်မြင်စွာ နှိမ်နင်းနိုင်ခဲ့ခြင်းအတွက် စီ.အီး. ၂၅၈ ခုနှစ်တွင် ရောမကောင်စစ်ဝင်အဆင့်သို့ ချီးမြှင့်ခြင်းခံရသည်။ နှစ်နှစ်ကြာပြီးနောက်၊ အော့ဒီနေးသပ်စ်သည် ရောမဧကရာဇ် ဂယ်လီအီးနပ်စ်ထံမှ ကော်ရက္ကတာ တော့တီးယပ်စ် အော်ရီယင်းတစ္စ (အရှေ့တစ်လွှား၏ ဘုရင်ခံ) ဘွဲ့ကို လက်ခံရရှိခဲ့သည်။ ပါးရှားဘုရင် ရှပူးရ်အပေါ် အောင်နိုင်ခြင်းကို အသိအမှတ်ပြုသည့်အနေနှင့် ချီးမြှင့်ခြင်းဖြစ်သည်။ နောက်ပိုင်းတွင် အော့ဒီနေးသပ်စ်သည် မိမိကိုယ်ကို “ဘုရင်တကာ့ ဘုရင်” ဘွဲ့ချီးမြှင့်ခဲ့သည်။ အော့ဒီနေးသပ်စ်၏ ဤအောင်မြင်မှုများသည် အများအားဖြင့် ဇနိုးဘီးယား၏ ရဲစွမ်းသတ္တိနှင့် အမြော်အမြင်ကြီးမားမှုကြောင့် ဖြစ်ပေသည်။
အင်ပါယာတည်ထောင်ရန် ဇီနိုးဘီးယား ကြိုးပမ်းခြင်း
အော့ဒီနေးသပ်စ်၏ ဘဝတက်လမ်း အထွတ်အထိပ် ရောက်နေချိန်ဖြစ်သည့် စီ.အီး. ၂၆၇ ခုနှစ်တွင် သူနှင့်သူ၏အမွေ ဆက်ခံသူတို့သည် လုပ်ကြံခြင်းခံရလေ၏။ ဇနိုးဘီးယားက သားဖြစ်သူသည် အသက်ငယ်လွန်းသောကြောင့် ခင်ပွန်း၏အရိုက်အရာကို လွှဲပြောင်းရယူခဲ့ရသည်။ ချောမောလှပ၍ ရည်မှန်းချက်ကြီးမားပြီး စီမံခန့်ခွဲမှုစွမ်းရည်ပြည့်ဝလျက် ခင်ပွန်းသည်နှင့်အတူ စစ်ဆင်ရေးတွင် ပါဝင်နေကျဖြစ်သည့်အပြင် ဘာသာစကားအတော်များများ တတ်ကျွမ်းသဖြင့် ပြည်သူတို့၏လေးစားထောက်ခံမှုကို ခံယူနိုင်ခဲ့သည်။ ဆည်းပူးလေ့လာခြင်း အထုံဝါသနာ ကြီးမားသဖြင့် အပါးတော်တွင် ပညာရှိများဖြင့် ခြံရံခစားစေ၏။ အတိုင်ပင်ခံတစ်ဦးမှာ တွေးခေါ်ရှင်လည်းဖြစ်၊ အဟောအပြော ကောင်းသူလည်းဖြစ်သည့် ကက်စီယပ်စ် လောင်းဂျိုင်းနပ်စ်ဖြစ်ပြီး “သက်ရှိစာကြည့်တိုက်နှင့် လမ်းလျှောက်တတ်သော ပြတိုက်” ဖြစ်သည်ဟု ပြောစမှတ်ပြုကြသည်။ ပယ်လ်မိုင်းရားမြို့နှင့် ယင်း၏အင်ပါယာ—ရောမကို ဇီနိုးဘီးယား ပုန်ကန်ခြင်း စာအုပ်တွင် စာရေးဆရာ ရစ်ချက် စတုန်းမဲန်းက ဤသို့ရေးသားထား၏– “အော့ဒီနေးသပ်စ် ကွယ်လွန်ပြီးနောက် ငါးနှစ်တာကာလအတွင်း . . . ဇနိုးဘီးယားသည် ပြည်သူတို့၏စိတ်ထဲတွင် မိမိကိုယ်ကို အရှေ့ပိုင်းဒေသ၏ သခင်မအဖြစ် စွဲထင်စေနိုင်ခဲ့သည်။”
ဇနိုးဘီးယား၏ ပိုင်နက်တစ်ဖက်တွင် သူနှင့် သူ့ခင်ပွန်းတို့ အင်အားချိနဲ့စေခဲ့သည့် ပါးရှားနိုင်ငံရှိပြီး အခြားတစ်ဖက်တွင် ဖရိုဖရဲဖြစ်နေသော ရောမနိုင်ငံရှိ၏။ ထိုအချိန်က ရောမအင်ပါယာ၏ အခြေအနေနှင့်ပတ်သက်၍ သမိုင်းပညာရှင် ဂျေ. အမ်. ရောဘတ်စ်က ဤသို့ဆို၏– “တတိယရာစုနှစ်သည် ရောမ၏ အရှေ့အနောက် နယ်ခြားဒေသများတွင် ဘေးဒုက္ခကြီးမားသည့် ကာလဖြစ်ပြီး ပြည်တွင်း၌လည်း ပြည်တွင်းစစ်နှင့် ထီးနန်းဆက်ခံခြင်း အငြင်းပွားမှုဖြစ်ပွားသည့် အခါသမယ အသစ်တစ်ခု စတင်ချိန်ဖြစ်ခဲ့၏။ ထိုကာလအတွင်း ဧကရာဇ် နှစ်ဆယ့်နှစ်ဦး (ထီးနန်းတောင်းဆိုသူများ မပါ) အဆက်ဆက်စိုးစံခဲ့ကြသည်။” အခြားတစ်ဖက်တွင်မူ ဆီးရီးယားသခင်မသည် မိမိ၏ပိုင်နက်အတွင်း အကြွင်းမဲ့အာဏာပိုင်စိုးသည့် ဘုရင်မအဖြစ် မိမိ၏အနေအထားကို ခိုင်ခံ့မြဲမြံအောင် တည်ဆောက်နိုင်ခဲ့သည်။ “အင်ပါယာနှစ်ခု [ပါးရှားနှင့်ရောမ] ၏ချိန်ခွင်လျှာကို ထိန်းချုပ်ထားခြင်းဖြင့် ထိုအင်ပါယာနှစ်ခုစလုံးကို ကြီးစိုးလွှမ်းမိုးမည့် တတိယ အင်ပါယာတစ်ခုကို တည်ထောင်ရန် သူရည်သန်ကြိုးပမ်းခဲ့သည်” ဟုစတုန်းမဲန်းက သုံးသပ်ခဲ့သည်။
စီ.အီး. ၂၆၉ ခုနှစ်တွင် အီဂျစ်ပြည်တွင် ရောမ၏ အုပ်ချုပ်မှုကို ခုခံတွန်းလှန်သော ထီးနန်းတောင်းဆိုသူတစ်ဦး ပေါ်ထွက်သည့်အခါ ဇနိုးဘီးယားအဖို့ ဩဇာအာဏာတိုးချဲ့ရန် အခွင့်အလမ်းတစ်ရပ် ပွင့်လာခဲ့သည်။ ဇနိုးဘီးယား၏တပ်မတော်သည် အီဂျစ်ပြည်တွင်းသို့ လျှပ်တစ်ပြက်ဝင်ရောက်ပြီးလျှင် ပုန်ကန်သူတို့ကိုနှိမ်နင်း၍ နိုင်ငံကိုသိမ်းပိုက်လိုက်သည်။ မိမိကိုယ်ကို အီဂျစ်ဘုရင်မအဖြစ်ကြေညာပြီး မိမိအမည်ဖြင့် ဒ င်္ဂါးများကို သွန်းလုပ်ခဲ့သည်။ ယခုသော် သူ၏နိုင်ငံတော်သည် နိုင်းလ်မြစ်မှသည် ယူဖရေးတီးစ်မြစ်တိုင်အောင် ကျယ်ဝန်းလာသည်။ သူ့ဘဝ၏ ဤအချိန်ကာလတွင် ဇနိုးဘီးယားသည် “တောင်ဘုရင်” ၏နေရာကို ရယူခဲ့သည်။—ဒံယေလ ၁၁:၂၅၊ ၂၆။
ဇနိုးဘီးယား၏မြို့တော်
ဇနိုးဘီးယားသည် သူ၏မြို့တော် ပယ်လ်မိုင်းရားမြို့ကို ရောမကမ္ဘာတွင် ပို၍ကြီးမားသော မြို့ကြီးပြကြီးများနှင့် အဆင့်အတန်း ယှဉ်နိုင်သည့်အထိ ခိုင်ခံ့အောင် မွမ်းမံတိုးချဲ့ခဲ့သည်။ မြို့တော်၏ ခန့်မှန်းခြေလူဦးရေမှာ ၁၅၀,၀၀၀ ကျော်ရှိခဲ့သည်။ မြို့ရိုးဝန်းပတ်အလျား ၁၃ မိုင်ရှိသည်ဟု အဆိုရှိသည့် ပယ်လ်မိုင်းရားမြို့တွင်း၌ ကြီးကျယ်ခမ်းနားသော ပြည်သူ့အဆောက်အအုံများ၊ ဘုရားကျောင်းကန်များ၊ ဥယျာဉ်များ၊ တိုင်လုံးကြီးများနှင့် အထိမ်းအမှတ်ကျောက်တိုင်များဖြင့် ပြည့်နှက်နေခဲ့သည်။ အဓိပတိလမ်းမကြီး တစ်လျှောက်တွင် အမြင့်ပေ ၅၀ ကျော်ရှိသည့် ကောရိန္သုတိုင်လုံးကြီး ၁,၅၀၀ ခန့် စီတန်းစိုက်ထူထားသည်။ မြို့ထဲတွင် သူရဲကောင်းများနှင့် အကျိုးပြုသူ အလှူရှင်များ၏ ရုပ်တုများနှင့် ကိုယ်တစ်ပိုင်းရုပ်တုများ မြောက်မြားစွာရှိခဲ့သည်။ စီ.အီး. ၂၇၁ ခုနှစ်တွင် ဇနိုးဘီးယားသည် သူနှင့် ကွယ်လွန်သူခင်ပွန်း၏ ရုပ်တုများကို စိုက်ထူခဲ့သည်။
ပယ်လ်မိုင်းရားမြို့တွင် အကောင်းဆုံး အဆောက်အအုံတစ်ခုမှာ နေဘုရားကျောင်းဖြစ်ပြီး တစ်မြို့လုံးတွင် အထင်ရှားဆုံး ဘုရားကျောင်းဖြစ်သည်မှာ ယုံမှားဖွယ်မရှိချေ။ ဇနိုးဘီးယား ကိုယ်တိုင်သည်လည်း နေဘုရားနှင့်ဆက်နွှယ်သည့် နတ်ဘုရားကို ကိုးကွယ်ခဲ့ပေမည်။ သို့ရာတွင် တတိယရာစုနှစ်မှ ဆီးရီးယားပြည်သူတို့သည် ဘာသာတရားများစွာ ကိုးကွယ်ခဲ့ကြသည်။ ဇနိုးဘီးယား၏ပိုင်နက်တွင် ခရစ်ယာန်အမည်ခံသူများ၊ ဂျူးများနှင့် နေလကိုးကွယ်သူများ ရှိခဲ့ကြသည်။ ဝတ်ပြုကိုးကွယ်မှု အမျိုးမျိုးအပေါ် သူမည်သို့ သဘောထားရှိခဲ့သနည်း။ စာရေးဆရာ စတုန်းမဲန်းက ဤသို့ဖော်ပြ၏– “အမြော်အမြင် ကြီးမားသော အုပ်စိုးရှင်သည် ပြည်သူတို့နှင့် သင့်လျော်သည်ဟု ယူဆရသော မည်သည့်ဓလေ့ထုံးစံကိုမျှ လျစ်လျူရှုလိမ့်မည် မဟုတ်ချေ။ . . . ဇနိုးဘီးယားသည် ဘုရားမှန်သမျှကို . . . ပယ်လ်မိုင်းရားမြို့ဘက်တွင် အတူတကွစုစည်း၍ လျောက်ပတ်စွာ နေရာချထားရန် မျှော်လင့်ခဲ့သည်။” ဇနိုးဘီးယားသည် ဘာသာတရားဘက်တွင် သည်းခံခြင်းတရား ရှိသူဖြစ်သည်မှာ ထင်ရှားသည်။
ဇနိုးဘီးယားသည် ထူးခြားထင်ရှားသော ဥပဓိရုပ်ကြောင့် လူအများ၏ အားကျကြည်ညိုခြင်း ခံရလေသည်။ သူ၏ အရေးအကြီးဆုံးသော အခန်းကဏ္ဍမှာ ဒံယေလ ပရောဖက်ပြုချက်၌ ကြိုဟောထားသည့် နိုင်ငံရေး အာဏာစက်ကို ကိုယ်စားပြုခဲ့ခြင်းပင်ဖြစ်သည်။ သို့ရာတွင် သူ၏အုပ်စိုးမှုသည် ငါးနှစ်ပင် ကြာမြင့်ခြင်း မရှိခဲ့ချေ။ ရောမဧကရာဇ် အော်ရီလီးယန်းက စီ.အီး. ၂၇၂ ခုနှစ်တွင် ဇနိုးဘီးယားကို တိုက်ခိုက်အောင်နိုင်ပြီးနောက် ပယ်လ်မိုင်းရားမြို့ကို ပြုပြင်၍မရနိုင်သည့် အခြေသို့ရောက်အောင် လုယက်ဖျက်ဆီးခဲ့သည်။ ဇနိုးဘီးယားသည် သက်ညှာသနားခြင်း ခံရသည်။ ရောမလွှတ်တော်အမတ်တစ်ဦးနှင့် လက်ထပ်ထိမ်းမြားပြီးလျှင် ကျန်ရှိသည့်အသက်တာကို အေးအေးဆေးဆေးဖြင့် နေသွားခဲ့သည်ဟု ပြောစမှတ်ပြုကြသည်။
အဘယ်အချက်ကို သိမြင်ခဲ့သနည်း
• ဇနိုးဘီးယား၏ ဥပဓိရုပ်နှင့်စပ်လျဉ်း၍ မည်သို့ရေးသားဖော်ပြထားသနည်း။
• ဇနိုးဘီးယား၏ စွမ်းဆောင်ချက်အချို့ကား အဘယ်နည်း။
• ဘာသာတရားအပေါ် ဇနိုးဘီးယား၏ သဘောထား မည်သို့ရှိသနည်း။
[ရုပ်ပုံ]
ရဲမက်များအား မိန့်ခွန်းခြွေနေသည့် ဘုရင်မ ဇနိုးဘီးယား
[စာမျက်နှာ ၂၄၆ ပါ လေးထောင့်ကွက်/ရုပ်ပုံများ]
ဒံယေလ ၁၁:၂၀–၂၆ မှ ဘုရင်များ
မြောက်ဘုရင် တောင်ဘုရင်
ဒံယေလ ၁၁:၂၀ ဩဂတ်စ်တပ်စ်
ဒံယေလ ၁၁:၂၁-၂၄ တိုင်ဘီးရီးယပ်စ်
ဒံယေလ ၁၁:၂၅၊ ၂၆ အော်ရီးလီးယန်း ဘုရင်မ ဇနိုးဘီးယား
ကြိုဟောထားသည့် ဂျာမန် ဗြိတိန်၊
ရောမအင်ပါယာ အင်ပါယာ နောက်ပိုင်းတွင်
ပြိုကွဲခြင်းမှ အင်္ဂလိပ်-အမေရိကန်
တည်ထောင်လာသည့် ကမ္ဘာ့ အင်အားကြီးနိုင်ငံ
အင်ပါယာများ လိုက်ပါလာသည်
[ရုပ်ပုံ]
တိုင်ဘီးရီးယပ်စ်
[ရုပ်ပုံ]
အော်ရီးလီးယန်း
[ရုပ်ပုံ]
သျှားလ်မိန်း၏ ရုပ်တုငယ်
[ရုပ်ပုံ]
ဩဂတ်စ်တပ်စ်
[ရုပ်ပုံ]
၁၇-ရာစုနှစ် ဗြိတိသျှ စစ်သင်္ဘော
[စာမျက်နှာ ၂၃၀ ပါ ရုပ်ပုံ]
[စာမျက်နှာ ၂၃၅ ပါ ရုပ်ပုံ]
ဩဂတ်စ်တပ်စ်၏ အမိန့်ဒီကရီကြောင့် ယောသပ်နှင့် မာရိတို့သည် ဗက်လင်မြို့သို့ ခရီးထွက်ခဲ့ကြသည်
[စာမျက်နှာ ၂၃၇ ပါ ရုပ်ပုံ]
ကြိုဟောထားသည့်အတိုင်း ယေရှုသည် သေခြင်း၌ “ကျိုးပဲ့ပျက်စီး” ခဲ့သည်
[စာမျက်နှာ ၂၄၅ ပါ ရုပ်ပုံများ]
၁။ သျှားလ်မိန်း ၂။ ပထမမြောက် နပိုလီယန် ၃။ ပထမမြောက် ဝီးလ်ဟဲလ်မ်း ၄။ ဂျာမန်စစ်သားများ၊ ပထမကမ္ဘာစစ်