ကျွန်ုပ်တို့ မည်မျှတာရှည်အသက်ရှင်နိုင်မည်နည်း
ယေဘုယျအားဖြင့် လူ့အသက်သည်ရှည်သည်ထက်ရှည်လာရာ‘ကျွန်ုပ်တို့ မည်မျှတာရှည်အသက်ရှင်နိုင်မည်နည်း’ ဟုစဉ်းစားစရာပေါ်လာသည်။
ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ် (၁၉၉၅) အရ တစ်ချိန်က ပီယဲရ်ယူဗဲရ်သည် အသက်အရှည်ဆုံးသူဟု လူအများယူဆခဲ့ကြသည်။ သူသည် ၁၈၁၄ ခုနှစ်၌ အသက် ၁၁၃ နှစ်အရွယ်တွင် သေဆုံးခဲ့သည်။ ပိုအသက်ရှည်သည့် အခြားသူများရှိသည်ဟုဆိုခဲ့ကြသော်လည်း သူတို့၏အသက်များကို ယုံကြည်နိုင်ဖွယ်မှတ်တမ်းမှတ်ရာများမဖော်ပြမထားရှိခဲ့ကြချေ။ သို့ရာတွင် ပီယဲရ်ယူဗဲရ်ထက် အသက်ပိုရှည်သူအချို့ရှိခဲ့ကြောင်း တိကျသည့်စာရွက်စာတမ်းများက ထောက်ခံသည်။
ဇန်းလွိစ်ကားလ်မန်းသည် ပြင်သစ်နိုင်ငံအရှေ့တောင်ပိုင်း၊ အားလ်စ်မြို့တွင် ၁၈၇၅၊ ဖေဖော်ဝါရီ ၂၁ ၌မွေးဖွားခဲ့သည်။ နှစ်ပေါင်း ၁၂၂ နှစ်ကျော်၊ ၁၉၉၇၊ ဩဂုတ် ၄ ရက်၊ သူသေသည့်နေ့သည် လူသိရှင်ကြားဖြစ်ခဲ့သည်။ ၁၉၈၆ ခုနှစ်တွင် ဂျပန်နိုင်ငံမှ ရှီဂေချီယို အီဇူမီသည် အသက် ၁၂၀ တွင်ကွယ်လွန်ခဲ့သည်။ ဂင်းနစ်ကမ္ဘာ့မှတ်တမ်းစာအုပ် ၁၉၉၉ ရေးသားချိန်က အသက် ၁၁၈ နှစ်ရှိ ဆဲရာနော့စ်အား အသက်အရှည်ဆုံးသူအဖြစ် ထိုတွင်စာရင်းဖော်ပြခဲ့သည်။ သူသည် ၁၈၈၀၊ စက်တင်ဘာ ၂၄ ၌ယူ.အက်စ်.အေ၊ ပင်စီလ်ဘေးနီးယားပြည်နယ်တွင် ဖွားမြင်ခဲ့သည်။ အသက် ၁၁၈ နှစ်အရွယ် ၁၉၉၈ ခုနှစ်တွင်ကွယ်လွန်ခဲ့သည့် ကနေဒါနိုင်ငံ၊ ကွီဘက်ပြည်နယ်မှ မာရီလွိစ်ဖီဘရိုနီမေလဝဲသည် ဆဲရာထက်အသက် ၂၆ ရက်ပိုကြီးသည်။
သက်ကြီးရွယ်အိုဦးရေသည် အမှန်တကယ်အကြီးအကျယ်တိုးများလာခဲ့ပြီ။ လာမည့်ရာစုနှစ်၏ ပထမပိုင်းတွင် နှစ်တစ်ရာပြည့်သူဦးရေသည် ၂.၂ သန်းကျော်အထိတိုးများလိမ့်မည်ဟု ခန့်မှန်းထားကြသည်! အလားတူ အသက် ၈၀ နှင့်ယင်းအထက်ရှိသူဦးရေသည် ၁၉၇၀ ပြည့်နှစ်တွင် ၂၆.၇ သန်းရှိရာမှ ၁၉၉၈ ခုနှစ်တွင် ၆၆ သန်းအထိတိုးများလာခဲ့သည်။ ယင်းသည် ကမ္ဘာ့လူဦးရေစုစုပေါင်း ၆၀ ရာခိုင်နှုန်းတိုးပွားမှုနှင့်ယှဉ်လိုက်လျှင် ၁၄၇ ရာခိုင်နှုန်းတိုးတက်မှုဖြစ်သည်။
ထို့ပြင် လူတို့သည် အသက်ပိုရှည်လာရုံမျှသာမဟုတ်။ များစွာသောသူတို့သည် အသက် ၂၀ ရှိသူများမပြုလုပ်နိုင်သည့်အမှုများကိုလည်း လုပ်ဆောင်နေကြ၏။ ၁၉၉၀ ပြည့်နှစ်တွင် ၈၂ နှစ်အရွယ်ရှိသည့် ဂျွန်ကယ်လီသည် ၂၆ မိုင် ၃၈၅ ကိုက်ရှိသောမာရသွန်ခရီးကို ငါးနာရီ ငါးမိနစ်နှင့်အောင်မြင်စွာပြေးခဲ့သည်။ ၁၉၉၁ ခုနှစ်တွင် အသက် ၈၄ နှစ်အရွယ်ရှိ အဘွားအို မေးဗစ် လင်္ဂရန်သည် ထိုအကွာအဝေးရှိခရီးကို ခုနစ်နာရီ ကိုးမိနစ်နှင့်ပြေးခဲ့သည်။ များမကြာမီကလည်း ၉၁ နှစ်အရွယ်ရှိအမျိုးသားတစ်ဦးသည် နယူးယောက်မြို့တော်ဝန်မာရသွန်ကို ပန်းတိုင်အထိပြေးခဲ့သည်!
ယင်းကြောင့် ယခင်ကသက်ကြီးရွယ်အိုများသည် အံ့သြဖွယ်ထူးထူးခြားခြားစွမ်းဆောင်မှုများကို မပြုခဲ့ကြဟုဆိုနေခြင်းမဟုတ်ပါ။ အသက် ၉၉ နှစ်ရှိသော သမ္မာကျမ်းစာမှ ဘိုးဘေးအာဗြဟံသည် သူ၏ဧည့်သည်များကို “ခရီးဦးကြိုပြုခြင်းငှာ . . . ပြေး” သွားခဲ့သည်။ အသက် ၈၅ နှစ်အရွယ်တွင် ကာလက်သည် ဤသို့ကြွေးကြော်ခဲ့သည်– “စစ်ချီ၊ စစ်တိုက်၊ စစ်ဝင်ခြင်းအမှု၌ ထိုအခါ [ယခင် ၄၅ နှစ်] ကကဲ့သို့ပင် ယခုသန်မာပါသေး၏။” ထို့အပြင် မောရှေသည် အသက် ၁၂၀ ရှိချိန်တွင် “သူ၏မျက်စိမမှုန်သေး၊ ခွန်အားလည်းမလျော့သေး” ဟုသမ္မာကျမ်းစာကဆိုသည်။—ကမ္ဘာဦး ၁၈:၂; ယောရှု ၁၄:၁၀၊ ၁၁၊ သမ; တရားဟောရာ ၃၄:၇။
ယေရှုခရစ်က ပထမလူသားအာဒံနှင့် သင်္ဘောဆောက်လုပ်သူနောဧတို့ကို သမိုင်းဝင်ပုဂ္ဂိုလ်များအဖြစ် ဖော်ညွှန်းခဲ့သည်။ (မဿဲ ၁၉:၄-၆; ၂၄:၃၇-၃၉) အာဒံသည် အသက် ၉၃၀၊ နောဧသည် အသက် ၉၅၀ အထိအသက်ရှင်ခဲ့သည်ဟု ကမ္ဘာဦးကျမ်းကဖော်ပြထားသည်။ (ကမ္ဘာဦး ၅:၅; ၉;၂၉) ထိုမျှအသက်ရှင်သူများ အမှန်တကယ်ရှိခဲ့သလော။ ကျွန်ုပ်တို့သည် ထို့ထက်မက၊ ထာဝရပင် အသက်ရှင်နိုင်ပါမည်လော။ သက်သေသာဓကကို နောက်ဆောင်းပါးတွင် ကျေးဇူးပြု၍သုံးသပ်ကြည့်ပါ။