ဘုရားသခင့်အမှုဆောင်ရန် ကျွန်တော့်ကတိကိုတည်စေခြင်း
ဖရန့်ဇ် ဂွဒ်လစ်ခီစ်ပြောပြသည်
စစ်သားတစ်ရာကျော်ရှိသည့် ကျွန်တော့်တပ်ခွဲတွင် လေးယောက်သာ အသက်ရှင်ကျန်ရစ်ခဲ့သည်။ သေဘေးနှင့်ကြုံရသောအခါ ကျွန်တော်သည် ဒူးထောက်၍ ‘စစ်ပွဲမှာအသက်ရှင်ကျန်ရစ်မယ်ဆိုရင် ကိုယ်တော်ရဲ့အမှုတော်ကို အမြဲတမ်းထမ်းဆောင်ပါ့မယ်’ ဟုဘုရားသခင်အားကတိပေးခဲ့သည်။
လွန်ခဲ့တဲ့ ၅၄ နှစ်၊ ၁၉၄၅၊ ဧပြီလမှာ ဂျာမနီတပ်မှာ ကျွန်တော်စစ်သားဖြစ်ခဲ့ချိန် အဲဒီကတိကိုပေးခဲ့တာဖြစ်တယ်။ အဲဒီအချိန်က ဒုတိယကမ္ဘာစစ်မပြီးခင်လေးအချိန်ဖြစ်ပြီး ဆိုဗီယက်တပ်က ဘာလင်မြို့ကို ကြိုးစားတိုက်နေတဲ့အချိန်။ ဘာလင်မြို့ကနေမိုင် ၄၀ လောက်သာဝေးတဲ့ အော့ဒါရ်မြစ်ပေါ်က ဇဲလိုမြို့နားမှာ ကျွန်တော်တို့တပ်ချထားတယ်။ အဲဒီမှာ ကျွန်တော်တို့ကို အမြောက်ကြီးတွေနဲ့ နေ့ရောညပါပစ်ခတ်နေတဲ့အတွက် ကျွန်တော့်ရဲ့တပ်ခွဲကလူတွေ အတော်များများကျဆုံးခဲ့တယ်။
အဲဒီတုန်းကပေါ့၊ ကျွန်တော့်ဘဝမှာ ပထမဆုံးအကြိမ် မျက်ရည်နဲ့ ဘုရားသခင်ကိုဆုတောင်းခဲ့တာဖြစ်တယ်။ ဘုရားသခင်ကိုကြောက်ရွံ့တဲ့အမေ ကိုးကားခဲ့ဖူးတဲ့ဒီကျမ်းချက်ကို ကျွန်တော်မှတ်မိတယ်– “အမှုရောက်သည်ကာလ၌ ငါ့ကို [ဆုတောင်း] လော့။ ငါသည်ကယ်လွှတ်မည်။ သင်သည်လည်း ငါ့ကိုချီးမွမ်းလိမ့်မည်။” (ဆာလံ ၅၀:၁၅) ကြောက်ကြောက်နဲ့ ကတုတ်ကျင်းတွေထဲမှာပုန်းနေရင်း အထက်မှာပြောထားတဲ့အတိုင်း ဘုရားသခင်ကိုကတိပေးခဲ့တယ်။ ကျွန်တော်ဘယ်လိုကတိတည်နိုင်ခဲ့သလဲ။ ဂျာမန်စစ်သားတစ်ယောက် ဘယ်လိုဖြစ်လာခဲ့သလဲ။
လစ်သွေးနီးယား၌ကြီးပြင်းခြင်း
ဒုတိယကမ္ဘာစစ်အတွင်း ၁၉၁၈ ခုနှစ်က လစ်သွေးနီးယားမှာ လွတ်လပ်ရေးကြေညာလိုက်ပြီး ဒီမိုကရေစီအုပ်ချုပ်ရေးစနစ်ကို တည်ထောင်ခဲ့တယ်။ ဘောလ်တစ်ပင်လယ်အနီး မက်မဲလ် (ကလိုင်ပါဒါ) ခရိုင်မှာ ၁၉၂၅ ခုနှစ်က ကျွန်တော်မွေးခဲ့တယ်။ ကျွန်တော်မမွေးခင်တစ်နှစ်မှာ အဲဒီခရိုင်ကို လစ်သွေးနီးယားပြည်နယ်ထဲ ပေါင်းစပ်ဖွဲ့စည်းလိုက်တယ်။
ကျွန်တော့်ညီအစ်မငါးယောက်နဲ့ကျွန်တော်ရဲ့ကလေးဘဝဟာ တကယ်ပျော်စရာကောင်းခဲ့တယ်။ အဖေဟာ ရင်းနှီးတဲ့မိတ်ဆွေတစ်ယောက်လိုပဲ ကျွန်တော်တို့ကလေးတွေနဲ့အတူတူ အစစအရာရာလုပ်ကိုင်တတ်တယ်။ ကျွန်တော်တို့ရဲ့မိဘတွေက ဧဝံဂေလိချာ့ချ်အဖွဲ့ဝင်တွေဖြစ်ပေမဲ့ ခရစ်ယာန်ဓမ္မအမှုဆောင်ရဲ့အရေခြုံမှုက အမေ့ကို စိတ်နာကြည်းစေခဲ့တဲ့အတွက် ဝတ်ပြုဆုတောင်းပွဲတွေကို သွားမတက်ကြတော့ဘူး။ ဒါပေမဲ့ ဘုရားသခင်နဲ့ ကိုယ်တော်ရဲ့နှုတ်မြွက်စကားတော် သမ္မာကျမ်းစာကိုတော့ အမေမြတ်နိုးတယ်၊ တလိုတလားဖတ်တယ်။
၁၉၃၉ ခုနှစ်မှာ ကျွန်တော်တို့နေထိုင်တဲ့လစ်သွေးနီးယားနယ်ကို ဂျာမနီကသိမ်းပိုက်ခဲ့တယ်။ အဲဒီနောက် ၁၉၄၃ ခုနှစ်အစောပိုင်းမှာ ဂျာမနီစစ်တပ်ထဲဝင်ဖို့ ကျွန်တော့်ကိုဆင့်ခေါ်ခဲ့တယ်။ တိုက်ပွဲတစ်ခုမှာ ကျွန်တော်ဒဏ်ရာရခဲ့တယ်၊ ဒါပေမဲ့ ဒဏ်ရာပျောက်တာနဲ့ အရှေ့ပိုင်းရှေ့တန်းစစ်မျက်နှာကို ကျွန်တော်ပြန်သွားခဲ့တယ်။ အဲဒီအချိန်မှာ စစ်အခြေအနေက ပြောင်းလဲသွားခဲ့ပြီး ဆိုဗီယက်တပ်တက်လာတဲ့အခါ ဂျာမန်တွေဟာ ဆုတ်ခွာခဲ့တယ်။ အဲဒီတုန်းကပေါ့၊ နိဒါန်းမှာပြောပြတဲ့အတိုင်း ကျွန်တော်သေဘေးကနေ သီသီကလေးလွတ်ခဲ့တာ။
ကျွန်တော့်ကတိတည်ခြင်း
စစ်အတွင်းမှာ ကျွန်တော့်မိဘတွေက ဂျာမနီနိုင်ငံ၊ လစ်ပဇစ်မြို့ရဲ့အရှေ့တောင်ဘက်လောက်နားက အော်ရှာတ်မြို့ကိုပြောင်းခဲ့တယ်။ စစ်ပြီးခါစဆိုတော့ သူတို့ကိုရှာတွေ့ဖို့မလွယ်ဘူး။ ဒါပေမဲ့ နောက်ဆုံးမှာ ကျွန်တော်တို့ပြန်ပေါင်းဆုံကြတဲ့အခါ ပျော်လိုက်တာ! သိပ်မကြာခင် ၁၉၄၇၊ ဧပြီလမှာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့ မက်ခ်စ် ရှူဗာရဲ့ဟောပြောချက်ကိုနားထောင်ဖို့ အမေနဲ့ကျွန်တော်လိုက်သွားခဲ့တယ်။ ဘာသာမှန်ကိုတွေ့ပြီလို့ အမေယုံကြည်ခဲ့တယ်။ စည်းဝေးအနည်းငယ်တက်ပြီးတဲ့နောက်မှာ အမေ့လိုပဲ ကျွန်တော်လည်းယုံကြည်လာခဲ့တယ်။
အဲဒီနောက်ပိုင်း သိပ်မကြာခင်မှာပဲ လှေကားပေါ်ကနေ အမေလိမ့်ကျတဲ့ဒဏ်ရာကြောင့် နောက်သုံးလကြာတော့ ကွယ်လွန်သွားခဲ့တယ်။ ဆေးရုံမှာ အမေမသေခင် “ငါ့သားသမီးတွေထဲက အနည်းဆုံးတစ်ယောက်လောက် ဘုရားသခင်ရဲ့လမ်းစဉ်ကို တွေ့ပါစေလို့ မကြာမကြာဆုတောင်းခဲ့တယ်။ အခု ငါရဲ့ဆုတောင်းချက်တွေပြည့်ပြီ၊ ငါသေပျော်ပါပြီ” ဆိုပြီးကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲအားပေးခဲ့တယ်။ အမေသေရာက နိုးထလာပြီး အမေ့ဆုတောင်းချက်ပြည့်ခဲ့တယ်ဆိုတာကို သိစေချင်လိုက်တာ!—ယောဟန် ၅:၂၈။
ညီအစ်ကိုရှူဗာရဲ့ဟောပြောချက်ကို ကြားပြီးလေးလအကြာ ၁၉၄၇၊ ဩဂုတ် ၈ ရက်နေ့မှာ ယေဟောဝါဘုရားသခင်ကို ဆက်ကပ်အပ်နှံပြီး လစ်ပဇစ်စည်းဝေးမှာ ကျွန်တော်နှစ်ခြင်းခံခဲ့တယ်။ အခုမှ ဘုရားသခင်ကိုကတိပေးခဲ့တဲ့အတိုင်း ကျွန်တော်စခြေလှမ်းလှမ်းနေတော့တယ်။ မကြာခင်မှာပဲ ယေဟောဝါသက်သေတွေက အချိန်ပြည့်အမှုဆောင်တွေကိုခေါ်တဲ့ ရှေ့ဆောင်တစ်ယောက်ဖြစ်လာခဲ့တယ်။ နောက်ပိုင်းမှာ ဂျာမန်ဒီမိုကရက်တစ်သမ္မတနိုင်ငံ ဒါမှမဟုတ် အရှေ့ဂျာမနီဖြစ်လာတဲ့နေရာမှာ အဲဒီတုန်းက ရှေ့ဆောင် ၄၀၀ နီးပါးရှိခဲ့တယ်။
အစောပိုင်းယုံကြည်ခြင်းစမ်းသပ်ချက်များ
ဂျာမနီဆိုရှယ်လစ်သွေးစည်းညီညွတ်ရေးအဖွဲ့ထဲဝင်မယ်ဆိုရင် အစိုးရထောက်ပံ့ကြေးနဲ့ တက္ကသိုလ်တက်နိုင်မယ်ဆိုပြီး အော်ရှာတ်မြို့ကအိမ်နီးချင်းတစ်ယောက်က ကျွန်တော့်ကို မားက်စ်ဝါဒစိတ်ဝင်စားလာအောင် ကြိုးစားခဲ့တယ်။ စာတန်ရဲ့ကမ်းလှမ်းချက်မျိုးကို ယေရှုငြင်းပယ်ခဲ့သလို ကျွန်တော်လည်း ငြင်းပယ်ခဲ့တယ်။—မဿဲ ၄:၈-၁၀။
၁၉၄၉၊ ဧပြီလရဲ့တစ်နေ့မှာ ကျွန်တော့်ရဲ့အလုပ်ကို ရဲသားနှစ်ယောက်ရောက်လာခဲ့ပြီး သူတို့နောက်လိုက်ခိုင်းတယ်။ အနောက်တိုင်းက အရင်းရှင်တွေအတွက် အလုပ်လုပ်ပေးနေတယ်ဆိုပြီး ကျွန်တော့်ကိုစွပ်စွဲခဲ့တဲ့ ဆိုဗီယက်ထောက်လှမ်းရေးဌာနရဲ့ဒေသခံရုံးခန်းကို ခေါ်သွားခဲ့ကြတယ်။ တစ်အိမ်မှတစ်အိမ်လုပ်ငန်းကို ဆက်လုပ်ပါ၊ ဒါပေမဲ့ ဆိုဗီယက်ပြည်ထောင်စု ဒါမှမဟုတ် အက်စ်အီးဒီကိုပုတ်ခတ်တဲ့သူတွေ၊ ယေဟောဝါသက်သေတွေရဲ့ အစည်းအဝေးတွေကို တက်ရောက်တဲ့သူတွေကို ဖော်ပြမယ်ဆိုရင် ကျွန်တော့်မှာအပြစ်မရှိဘူးလို့ သူတို့ယူမှတ်မယ်ဆိုပြီးပြောခဲ့ကြတယ်။ သူတို့နဲ့ပူးပေါင်းလုပ်ဖို့ ငြင်းလိုက်တဲ့အခါ ကျွန်တော့်ကိုအခန်းကျဉ်းလေးထဲမှာ သော့ခတ်ပိတ်ထားခဲ့တယ်။ နောက်တော့ စစ်ခုံရုံးကိုခေါ်သွားကြရော။ ကျွန်တော့်ရဲ့ထောင်ဒဏ်က ဆိုက်ဘေးရီးယားမှာ အလုပ်ကြမ်းနဲ့ထောင်ဒဏ် ၁၅ နှစ်!
ကျွန်တော်တည်ငြိမ်ခဲ့တဲ့အတွက် အရာရှိတွေအထင်ကြီးခဲ့တယ်။ အဲဒီနောက်မှာ ကျွန်တော့်ရဲ့ထောင်ဒဏ်ဟာ ဒီအတိုင်းပဲဖြစ်နေမယ်၊ ဒါပေမဲ့ သူတို့နဲ့ပူးပေါင်းဖို့ဆန္ဒမပေါ်မချင်း တစ်ပတ်တစ်ခါ လာသတင်းပို့ရုံပို့ရမယ်လို့ သူတို့ပြောခဲ့တယ်။ ပိုရင့်ကျက်တဲ့သက်သေခံတွေရဲ့အကြံဉာဏ်ကို လိုချင်တဲ့အတွက် အဲဒီအချိန်က ကင်းမျှော်စင်အသင်းရဲ့ဌာနခွဲရုံးရှိတဲ့ မဲဂ်ျဘာ့ဂ်မြို့ကိုသွားခဲ့တယ်။ ကျွန်တော့်ကို အကျယ်ချုပ်ထားတဲ့အတွက် အဲဒီခရီးဟာ မလွယ်ကူခဲ့ဘူး။ မဲဂ်ျဘာ့ဂ်မြို့က တရားရေးဌာနမှာအလုပ်လုပ်နေတဲ့ အဲန်စ် ဗော်ယာက “ဆက်တိုက်ပါ၊ ခင်ဗျားနိုင်ရမယ်။ အလျှော့ပေးလိုက်လျောမယ်ဆိုရင် ရှုံးလိမ့်မယ်။ အဲဒါတွေဟာ ချွေးတပ်စခန်းမှာ ကျွန်တော်တို့သိရှိခဲ့တာတွေဖြစ်တယ်”a လို့ကျွန်တော့်ကို ပြောပြခဲ့တယ်။ အဲဒီအကြံဉာဏ်က ဘုရားသခင်ကိုကျွန်တော်ကတိတည်ဖို့အကူအညီဖြစ်စေခဲ့တယ်။
လုပ်ငန်းပိတ်ပင်ခြင်းနှင့်ပြန်လည်ဖမ်းဆီးခြင်း
၁၉၅၀၊ ဇူလိုင်လမှာ ကျွန်တော့်ကို နယ်လှည့်ကြီးကြပ်မှူးအဖြစ်ထောက်ခံခဲ့တယ်။ ဒါပေမဲ့ ဩဂုတ် ၃၀ ရက်နေ့မှာ မဲဂ်ျဘာ့ဂ်မြို့က ကျွန်တော်တို့ဌာနကို ရဲတွေဝိုင်းလိုက်ပြီး ဟောပြောခြင်းလုပ်ငန်းကို ပိတ်ပင်ခဲ့တယ်။ ဒါကြောင့် ကျွန်တော့်ရဲ့တာဝန်ပြောင်းသွားခဲ့တယ်။ ပေါလ် ဟာချ်ဘာရ်ဂါနဲ့ကျွန်တော်ဟာ အသင်းတော် ၅၀ လောက်နဲ့တွဲအလုပ်လုပ်ပြီး ပိတ်ပင်မှုအောက်မှာ ဆက်အမှုဆောင်နိုင်ဖို့ ညီအစ်ကိုတွေကိုကူညီပေးတဲ့အနေနဲ့ အသင်းတော်တစ်ခုစီနဲ့နှစ်ရက်၊ သုံးရက်တွဲအမှုဆောင်ခဲ့ရတယ်။ အဲဒီနောက် လပိုင်းအနည်းငယ်မှာ ခြောက်ကြိမ်တိုင်တိုင်အမိမခံရဘဲ လွတ်ခဲ့တယ်!
နိုင်ငံတော်လုံခြုံရေးဌာနရှတာဇီကို သတင်းပို့တဲ့လူတစ်ယောက် အသင်းတော်ထဲဝင်ရောက်လာခဲ့တယ်။ ဒါနဲ့ ၁၉၅၁၊ ဇူလိုင်လမှာ လက်နက်ကိုင်လူငါးယောက်က ပေါလ်နဲ့ကျွန်တော့်ကို လမ်းပေါ်မှာဖမ်းခဲ့တယ်။ နောက်ကြောင်းပြန်ကြည့်တဲ့အခါ ကျွန်တော်တို့ဟာ ယေဟောဝါရဲ့အဖွဲ့အစည်းကို မှီခိုသင့်သလောက်မမှီခိုခဲ့ဘူးဆိုတာ ထင်ရှားခဲ့တယ်။ ဘယ်တော့မှအတူတူမသွားလာကြဖို့ ညီအစ်ကိုကြီးတွေက ကျွန်တော်တို့ကိုမှာထားတယ်။ ကိုယ့်ကိုယ်ကိုစိတ်ချလွန်းလို့ လွတ်လပ်မှုဆုံးရှုံးခဲ့တာ! ဒီအပြင် ကျွန်တော်တို့အဖမ်းခံရမယ်ဆိုရင် ဘယ်လိုပြောကြမယ်ဆိုတာကိုလည်း ကြိုတင်မဆွေးနွေးထားခဲ့ဘူး။
အကျဉ်းခန်းထဲမှာ တစ်ယောက်ထဲရှိနေတုန်း ကျွန်တော့်ရဲ့ညီအစ်ကိုတွေကို သစ္စာမဖောက်မိဖို့၊ ကျွန်တော့်ရဲ့ယုံကြည်ခြင်းမလျော့သွားမိဖို့ ယေဟောဝါဆီမှာ မျက်ရည်ကျပြီးအသနားခံတောင်းလျှောက်ခဲ့တယ်။ အိပ်မောကျသွားပြီးတဲ့နောက်မှာ ကျွန်တော့်မိတ်ဆွေပေါလ်ရဲ့အသံကြောင့် ရုတ်တရက်နိုးခဲ့တယ်။ ကျွန်တော့်အခန်းရဲ့အပေါ်တည့်တည့်မှာ ရှတာဇီက သူ့ကိုမေးမြန်းစစ်ဆေးနေတဲ့အခန်းရှိခဲ့တယ်။ ပူနွေးအိုက်စပ်တဲ့ညဖြစ်လို့ လေသာခန်းတံခါးဖွင့်ထားကြတဲ့အတွက် ပြောနေတာတွေကို ကျွန်တော်မသဲမကွဲကြားနိုင်ခဲ့တယ်။ နောက်ပိုင်း ကျွန်တော့်ကို မေးမြန်းစစ်ဆေးတဲ့အခါ အဲဒီအတိုင်း ကျွန်တော်ဖြေခဲ့တဲ့အတွက် အရာရှိတွေအံ့သြခဲ့တယ်။ “အမှုရောက်သည်ကာလ၌ ငါ့ကို [ဆုတောင်း] လော့။ ငါသည်ကယ်လွှတ်မည်” ဆိုတဲ့ အမေအကြိုက်ဆုံးကျမ်းချက်ကို ကျွန်တော်ပြန်သတိရလို့ အရမ်းအားရှိခဲ့တယ်။—ဆာလံ ၅၀:၁၅။
ပေါလ်နဲ့ကျွန်တော့်ကို အမှုမစစ်ခင် ဟာလဲမြို့ရဲ့ရှတာဇီထောင်ထဲမှာ ငါးလအချုပ်ချထားပြီး အမှုစစ်ပြီးနောက်မှာ မဲဂ်ျဘာ့ဂ်ထောင်ကိုပို့လိုက်တယ်။ မဲဂ်ျဘာ့ဂ်မှာရှိနေတုန်း ပိတ်ထားခံခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ဌာနခွဲရုံးကို တစ်ခါတလေဝိုးတိုးဝါးတားမြင်ခဲ့ရတယ်။ ထောင်ကျနေတာထက် အဲဒီမှာအလုပ်လုပ်နေချင်လိုက်တာ! ၁၉၅၂၊ ဖေဖော်ဝါရီလမှာ ကျွန်တော်တို့ရဲ့ထောင်ဒဏ်ကို ဒီလိုကြေညာခဲ့တယ်– “ထောင်ဒဏ် ၁၀ နှစ်နဲ့ ပြည်သူ့ရပိုင်ခွင့်ဆုံးရှုံးခံရမှာက အနှစ် ၂၀။”
ထောင်ထဲ ဆက်သစ္စာရှိခြင်း
ထောင်ထဲမှာ အနည်းဆုံးထောင်ဒဏ်ဆယ်နှစ်ကျတဲ့ ယေဟောဝါသက်သေတွေကို အထူးအမှတ်အသားတပ်ဆင်ခိုင်းတယ်။ ဘောင်းဘီရှည်တစ်ဖက်နဲ့ အင်္ကျီလက်တစ်ဖက်မှာ အနီရောင်ကြိုးပြားတပ်ပေးခဲ့တယ်။ ဒီအပြင် ကျွန်တော်တို့ဟာ အန္တရာယ်ရှိတဲ့ရာဇဝတ်သားတွေဖြစ်တယ်လို့ အစောင့်တွေကိုသတိပေးဖို့ အခန်းတံခါးအပြင်ဘက်မှာ အနီရောင်ကတ်ထူဝိုင်းလေးတစ်ခုကို ချိတ်ဆွဲထားခဲ့တယ်။
အာဏာပိုင်တွေက ကျွန်တော်တို့ကို ရာဇဝတ်သားဆိုးကြီးတွေလို့ တကယ့်ကိုထင်မှတ်ခဲ့ကြတာ။ “သမ္မာကျမ်းစာကိုင်ထားတဲ့ ယေဟောဝါသက်သေတစ်ယောက်ဟာ သေနတ်ကိုင်ထားတဲ့ ရာဇဝတ်သားတစ်ယောက်နဲ့တူတယ်” ဆိုပြီး အစောင့်တစ်ယောက်က ရှင်းပြတဲ့အတိုင်း ကျွန်တော်တို့ကို သမ္မာကျမ်းစာသုံးခွင့်မပေးခဲ့ဘူး။ ကျမ်းစာအပိုင်းအစလေးတွေ စုဆောင်းဖို့အတွက် ကျမ်းချက်တွေကိုးကားတတ်တဲ့ ရုရှားစာရေးဆရာ လီယို တောလ်စ်တွိုင်းရဲ့စာအုပ်တွေကို ကျွန်တော်တို့ဖတ်ခဲ့ကြတယ်။ အဲဒီကျမ်းပိုဒ်တွေကို ကျွန်တော်တို့အလွတ်ကျက်ခဲ့ကြတယ်။
၁၉၅၁ ခုနှစ်မှာ ကျွန်တော်အဖမ်းမခံရခင် အဲလ်ဇာ ရီမာနဲ့စေ့စပ်ခဲ့တယ်။ သူဟာ ဖြစ်နိုင်တဲ့အချိန်အခါတိုင်းမှာ ထောင်ကိုရောက်လာတတ်ပြီး အစားအသောက်ပါဆယ်ထုတ်ကို တစ်လတစ်ကြိမ်ပို့ပေးခဲ့တယ်။ အဲဒီပါဆယ်ထုတ်တွေထဲမှာ ဝိညာဉ်ရေးအစာကိုလည်း ဝှက်ပြီးထည့်ပို့ခဲ့တယ်။ တစ်ခါတုန်းက ဝက်အူချောင်းတွေထဲမှာ ကင်းမျှော်စင်ထဲက ဆောင်းပါးတွေကို အစာသွတ်ပြီးပို့ခဲ့တယ်။ ဝက်အူချောင်းတွေထဲမှာ ဝှက်ထားတာရှိမရှိသိရအောင် အစောင့်တွေက ပါးပါးလှီးပြီးစစ်ဆေးတတ်ကြတယ်။ ဒါပေမဲ့ ဒီတစ်ချိန်မှာ ပါဆယ်ထုပ်က အလုပ်သိမ်းချိန်မတိုင်ခင်လေး ရောက်လာတဲ့အတွက် မစစ်ဆေးတော့ဘူး။
အဲဒီအချိန်က ကာလ်ဟိုင်းဇ်ခလဲဘာနဲ့ကျွန်တော်ဟာ သက်သေခံမဟုတ်တဲ့အကျဉ်းသားသုံးယောက်နဲ့ အခန်းကျဉ်းလေးတစ်ခန်းထဲမှာ နေခဲ့ကြရတယ်။ သူများမသိအောင် ကင်းမျှော်စင်ကို ကျွန်တော်တို့ဘယ်လိုဖတ်ကြရမလဲ။ ကင်းမျှော်စင်ဆောင်းပါးတွေကို စာအုပ်တစ်အုပ်ထဲမှာဝှက်ထားပြီး အဲဒီစာအုပ်ကိုဖတ်သလိုလိုနဲ့ ဖတ်ခဲ့ကြရတယ်။ အရေးကြီးတဲ့ဒီဝိညာဉ်ရေးအစာကို ထောင်ထဲမှာရှိတဲ့သက်သေခံချင်းတွေကိုလည်း လက်ဆင့်ကမ်းခဲ့တယ်။
ကျွန်တော်တို့ထောင်ကျနေတုန်းမှာ တခြားသူတွေကိုလည်း ဘုရားသခင့်နိုင်ငံတော်အကြောင်းပြောပြဖို့ အခွင့်ကောင်းရှာယူခဲ့ကြတယ်။ အဲဒါကြောင့် ကျွန်တော့်ရဲ့အကျဉ်းသားဖော်တွေထဲကတစ်ယောက် ယုံကြည်သူဖြစ်လာတဲ့အတွက် ဝမ်းသာကြည်နူးခဲ့ရတယ်။—မဿဲ ၂၄:၁၄။
အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုပြန်လုပ်
ခြောက်နှစ်နီးပါး ထောင်ဒဏ်ခံရပြီးနောက် ၁၉၅၇၊ ဧပြီလမှာ လွတ်မြောက်ခဲ့တယ်။ နောက်နှစ်ပတ်လောက်မှာ အဲလ်ဇာနဲ့လက်ထပ်ခဲ့တယ်။ ကျွန်တော်ထောင်ကထွက်ပြီဆိုတာကို ရှတာဇီကကြားတဲ့အခါ ထောင်ထဲပြန်သွင်းဖို့ အကြောင်းပြချက်ကြိုးစားရှာခဲ့ကြသေးတယ်။ ဖြစ်နိုင်ခြေအလားအလာကိုရှောင်ဖို့ အဲလ်ဇာနဲ့ကျွန်တော် နယ်စပ်ကိုဖြတ်ကူးပြီး အနောက်ဘာလင်မှာနေထိုင်ခဲ့ကြတယ်။
အနောက်ဘာလင်ကိုရောက်တော့ ကျွန်တော်တို့ရဲ့အစီအစဉ်ကို အသင်းမကသိချင်ခဲ့တယ်။ တစ်ယောက်က လောကအလုပ်လုပ်ပြီး နောက်တစ်ယောက်က ရှေ့ဆောင်လုပ်မယ်လို့ ကျွန်တော်တို့ရှင်းပြခဲ့ကြတယ်။
“နှစ်ယောက်စလုံး ရှေ့ဆောင်မလုပ်ချင်ကြဘူးလား” လို့ကျွန်တော်တို့ကိုမေးခဲ့တယ်။
“ဖြစ်နိုင်မယ်ဆိုရင် ကျွန်တော်တို့အခုချက်ချင်းပဲ စလုပ်ချင်တယ်” လို့ပြန်ဖြေခဲ့တယ်။
အဲဒီလိုနဲ့ လစဉ်ထောက်ပံ့ကြေးအနည်းအကျဉ်းရရှိခဲ့ပြီး ၁၉၅၈ ခုနှစ်မှာ စပြီးအထူးရှေ့ဆောင်လုပ်ခဲ့ကြတယ်။ ယေဟောဝါရဲ့ကျေးကျွန်တွေဖြစ်လာဖို့ ကျွန်ုတော်တို့နဲ့ကျမ်းစာလေ့လာတဲ့သူတွေ ပြောင်းလဲလာကြတာကိုတွေ့ပြီး ပျော်ရွှင်မှုရခဲ့တယ်! နောက်ဆယ်နှစ်တိုင် အထူးရှေ့ဆောင်လုပ်ငန်းက ခင်ပွန်းနဲ့ဇနီးသည်ကို အတူတကွအလုပ်လုပ်စေခဲ့တယ်။ ကားပြင်နေတာတောင်အဲလ်ဇာဟာ ကျွန်တော့်ဘေးနားမှာ အမြဲရှိခဲ့တယ်။ ကျွန်တော်တို့အတူတူ စာဖတ်ခဲ့ကြ၊ သင်အံမှုလုပ်ခဲ့ကြ၊ ဆုတောင်းခဲ့ကြတယ်။
၁၉၆၉ ခုနှစ်မှာ နယ်လှည့်လုပ်ငန်းတာဝန်ရရှိခဲ့တဲ့အတွက် အသင်းသားတွေရဲ့လိုအပ်ရာတွေကို ကူညီပေးဖို့ အပတ်စဉ် အသင်းတော်တစ်ခုပြီးတစ်ခု လည်ပတ်ခဲ့ကြရတယ်။ နယ်လှည့်လုပ်ငန်းမှာ အတွေ့အကြုံရှိတဲ့ယိုဇက်ဖ် ဘားတ်က ကျွန်တော့်ကို ဒီအကြံပေးခဲ့တယ်– “ခင်ဗျားရဲ့တာဝန် အောင်မြင်ချင်တယ်ဆိုရင် ညီအစ်ကိုတွေအပေါ် ညီအစ်ကိုတစ်ယောက်ဖြစ်ပါ။” အဲဒီအကြံပေးချက်အတိုင်း လိုက်လုပ်ဖို့ ကျွန်တော်ကြိုးစားခဲ့တယ်။ အဲဒါကြောင့် သက်သေခံချင်းတွေနဲ့ တကယ်ရင်းနှီးဖော်ရွေတဲ့ ဆက်ဆံရေးရှိခဲ့တဲ့အတွက် ဆုံးမဖို့လိုအပ်တဲ့အခါ မခက်ခဲတော့ပါဘူး။
၁၉၇၂ ခုနှစ်မှာ အဲလ်ဇာဟာ ကင်ဆာရောဂါရှိတယ်လို့သိရပြီး ခွဲစိတ်ခံခဲ့ရတယ်။ နောက်ပိုင်းမှာ သူ့ခမျာ လေးဘက်နာရောဂါရခဲ့တယ်။ ကိုက်ခဲပေမဲ့လည်း အသင်းတော်မှာ ညီအစ်မတွေနဲ့တွဲဖက်ပြီး အတတ်နိုင်ဆုံးအမှုဆောင်ဖို့ ကျွန်တော်နဲ့အပတ်စဉ်လည်ပတ်နေနိုင်တုန်းပဲ။
လိုအပ်ရာများကိုချိန်ညှိခြင်း
၁၉၈၄ ခုနှစ်မှာ ကျွန်တော့်ဇနီးဘက်ကအမျိုးတွေကို ပြုစုစောင့်ရှောက်ပေးဖို့လိုအပ်လာတဲ့အတွက် သူတို့သေဆုံးခဲ့တဲ့ နောက်လေးနှစ်လုံးလုံး သူတို့ကိုပြုစုဖို့ နယ်လှည့်လုပ်ငန်းကနေ ကျွန်တော်တို့ထွက်ခဲ့ရတယ်။ (၁ တိမောသေ ၅:၈) အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ အဲလ်ဇာ အကြီးအကျယ်ဖျားနာလာခဲ့တယ်။ ဝမ်းသာစရာကတော့ သူအတော်လေးကို ပြန်ကျန်းမာလာပြီ။ ဒါပေမဲ့ အိမ်မှုကိစ္စအားလုံးကို ကျွန်တော်တာဝန်ယူဖို့လိုခဲ့တယ်။ ဝေဒနာအမြဲခံစားနေရတဲ့သူကို ဘယ်လိုပြုစုရမလဲဆိုတာ ကျွန်တော်သင်ယူနေဆဲပါ။ စိတ်ဖိစီးပြီး အခက်အခဲတွေ့နေရပေမဲ့ ဝိညာဉ်ရေးရာတွေကို ကျွန်တော်တို့မြတ်နိုးတဲ့စိတ် ထိန်းသိမ်းထားနိုင်ကြသေးတယ်။
ကျွန်တော်တို့ ဒီနေ့အထိ ရှေ့ဆောင်စာရင်းထဲပါသေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ရာထူးအနေအထားကအရေးမကြီးဘဲ ဘယ်လောက်ထိလုပ်နိုင်သလဲ၊ ဘယ်လောက်ထိယုံကြည်ခြင်းထိန်းထားနိုင်သလဲဆိုတာက အရေးကြီးတယ်ဆိုတာကို သဘောပေါက်လာခဲ့ကြတယ်။ ယေဟောဝါဘုရားသခင်ရဲ့အမှုတော်ကို ကျွန်တော်တို့နှစ်အနည်းငယ်လောက်ပဲမဟုတ်ဘဲ ထာဝစဉ်ထမ်းဆောင်ချင်တယ်။ ကျွန်တော်တို့ရဲ့တွေ့ကြုံမှုဟာ အနာဂတ်အတွက် တကယ်ကောင်းတဲ့လေ့ကျင့်မှုဖြစ်ခဲ့တယ်။ ယေဟောဝါကလည်း အခက်ခဲဆုံးအခြေအနေတွေမှာတောင် ကိုယ်တော့်ကို ချီးမွမ်းဖို့ခွန်အားပေးခဲ့ပါပြီ။—ဖိလိပ္ပိ ၄:၁၃။
[အောက်ခြေမှတ်ချက်များ]
a သြဂုတ် ၁၊ ၁၉၉၁ ခုနှစ်ထုတ် ကင်းမျှော်စင် စာမျက်နှာ ၂၅ မှ ၂၉ တွင် အဲန်စ် ဗော်ယာ၏ဘဝအတ္တုပ္ပတ္တိ ဖော်ပြခဲ့ပြီ။
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
မဲဂ်ျဘာ့ဂ်မြို့တွင် ကျွန်တော်အကျဉ်းချခံခဲ့ရ
[Credit Line]
Gedenkstätte Moritzplatz Magdeburg für dieOpfer politischer Gewalt; Foto: Fredi Fröschki, Magdeburg
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
၁၉၅၇ ခုနှစ်တွင် ကျွန်တော်တို့လက်ထပ်ချိန်
[စာမျက်နှာ ၂၃ ပါ ရုပ်ပုံ]
ယနေ့ အဲလ်ဇာနှင့်အတူ