ယေဟောဝါရှင်၏ မေတ္တာပါသော လက်တော်အောက်တွင် အမှုဆောင်ခြင်း
လမ်ပရို့စ်ဇွမ်ပို့စ် ပြောပြသည်
ကျွန်တော် အရေးတကြီးဆုံးဖြတ်ရတော့မယ်– ချမ်းသာသူဦးလေးဆီကနေ ကမ်းလှမ်းတဲ့ မြေယာအဆောက်အအုံထိန်းသိမ်းရေး လုပ်ငန်းကြီးမှာ မန်နေဂျာအဖြစ်ကိုလက်ခံလိုက်ပြီး ကျွန်တော့်မိသားစုရဲ့ ငွေကြေးအခက်အခဲကို ဖြေရှင်းမလား—ဒါမှမဟုတ် ယေဟောဝါဘုရားသခင်ရဲ့ အချိန်ပြည့်ဓမ္မအမှုဆောင် တစ်ယောက်အဖြစ်ကို လက်ခံမလား။ ကျွန်တော့်ဆုံးဖြတ်ချက်ကို ဘယ်အချက်တွေကနေ လွှမ်းမိုးခဲ့တယ်ဆိုတာကို ရှင်းပြပါရစေ။
၁၉၁၉ ခုနှစ်မှာ ဂရိနိုင်ငံ၊ ဗိုလော့စ်မြို့မှာ ကျွန်တော်မွေးဖွားလာတယ်။ အဖေဟာ အမျိုးသားအဝတ်အစားတွေရောင်းပါတယ်၊ ဒီတော့ ကျွန်တော်တို့ တင့်တောင့်တင့်တယ် နေနိုင်ခဲ့တာပေါ့။ ဒါပေမဲ့ ၁၉၂၀ ပြည့်လွန်နှစ်များအနှောင်းပိုင်းမှာ စီးပွားရေးပျက်ကပ်ကြောင့် အဖေဟာ လူမွဲစာရင်းခံလိုက်ရပြီး စတိုးဆိုင်လည်း ဆုံးရှုံးသွားတော့တယ်။ အဖေရဲ့ လက်မှိုင်ချနေတဲ့မျက်နှာကို ကျွန်တော်တွေ့ရတိုင်း သိပ်ဝမ်းနည်းခဲ့ရတယ်။
တစ်ခဏလောက်တော့ ကျွန်တော့်မိသားစုဟာ ကုန်းကောက်စရာမရှိလောက်အောင် ဆင်းဆင်းရဲရဲ နေခဲ့ရတယ်။ အစားအသောက်ခွဲတမ်းရဖို့အတွက် တန်းစီပြီးစောင့်ဖို့ နေ့စဉ်ကျောင်းကနေ တစ်နာရီစောထွက်ရတယ်။ ကျွန်တော်တို့ဟာ ဆင်းဆင်းရဲရဲနေရပေမဲ့လည်း ချမ်းမြေ့တဲ့မိသားစုဘဝကို ခံစားရဆဲပါပဲ။ ကျွန်တော်ဟာ ဆရာဝန်တစ်ယောက်ဖြစ်လာဖို့ ဆန္ဒပြင်းပြခဲ့ပေမဲ့လည်း ဆယ်ကျော်သက်အတွင်းမှာပဲ ကျောင်းထွက်လိုက်ရပြီး မိသားစုကို ထောက်ပံ့နိုင်ဖို့ အလုပ်စလုပ်ခဲ့ရတယ်။
ဒီလိုနဲ့၊ ဒုတိယကမ္ဘာစစ်အတွင်းမှာ ဂျာမန်နဲ့ အီတာလျန်တွေက ဂရိကို သိမ်းပိုက်လိုက်တော့ အကြီးအကျယ်အငတ်ဘေးဆိုက်ပါလေရော။ ကျွန်တော့်ရဲ့ မိတ်ဆွေအပေါင်းအသင်းတွေဟာ အစာငတ်ပြီး လမ်းပေါ်မှာ သေနေတာကို မကြာခဏဆိုသလို တွေ့ရတယ်—ကျွန်တော်ဘယ်တော့မှ မမေ့နိုင်တဲ့ စိတ်ချောက်ချားဖွယ်မြင်ကွင်းပါပဲ! တစ်ခါတုန်းကဆိုရင် ကျွန်တော်တို့မိသားစုဟာ ဂရိနိုင်ငံရဲ့ အခြေခံအစားအစာဖြစ်တဲ့ပေါင်မုန့်မရဘဲ ရက်လေးဆယ် နေခဲ့ရတယ်ဗျာ။ ဆက်ပြီးအသက်ရှင်နိုင်ဖို့ ကျွန်တော့်အကိုနဲ့ ကျွန်တော်ဟာ အနီးအနားမှာရှိတဲ့ ရွာတွေကိုသွားပြီး မိတ်ဆွေတွေနဲ့ ဆွေမျိုးဉာတိတွေဆီကနေ အာလူးတွေ တောင်းယူခဲ့တယ်။
ဖျားနာမှုက ကောင်းချီးတစ်ရပ်ဖြစ်သွား
၁၉၄၄ ခုနှစ် အစောပိုင်းမှာ အဆုတ်မြှေးရောင်ရောဂါတစ်မျိုးကြောင့် ကျွန်တော်အသည်းအသန်ဖျားတယ်။ ဆေးရုံ သုံးလတက်နေတုန်းမှာ ဝမ်းကွဲတစ်ယောက်က ကျွန်တော့်အတွက် စာအုပ်ငယ်နှစ်အုပ်ကို ယူလာပြီး “ဒါတွေကို ဖတ်ကြည့်; မင်းကြိုက်သွားမယ်ဆိုတာ ငါကျိန်းသေပြောနိုင်တယ်” လို့ ပြောတယ်။ ကင်းမျှော်စင် သမ္မာကျမ်းစာနဲ့ ဝေစာအသင်းကထုတ်ဝေတဲ့ ဘုရားသခင်သည် မည်သူနည်းနဲ့ အကာအကွယ် ဆိုတဲ့ စာအုပ်တွေပါပဲ။ အဲ့ဒီစာအုပ်တွေကို ကျွန်တော်ဖတ်ပြီးတဲ့နောက်မှာ စာအုပ်မှာပါတဲ့အကြောင်းအရာတွေကို လူနာချင်းတွေကို ဝေမျှခဲ့တယ်။
ဆေးရုံကဆင်းတဲ့အခါမှာ ဗိုလော့စ်မြို့မှာရှိတဲ့ ယေဟောဝါသက်သေတွေရဲ့ အသင်းတော်နဲ့ စပြီးပေါင်းသင်းတယ်။ ဒါပေမဲ့ တစ်လကြာ ပြင်ပလူနာအနေနဲ့ အိမ်မှာ အိပ်ရာထဲတုံးလုံးလှဲနေရတယ်။ ဒီတော့ တစ်ရက်ကို ခြောက်နာရီကနေ ရှစ်နာရီအထိ ကင်းမျှော်စင် လထုတ်အဟောင်းတွေအပြင် ကင်းမျှော်စင်အသင်းက ထုတ်ဝေတဲ့ အခြားစာပေတွေကိုလည်းဖတ်တယ်။ အကျိုးအနေနဲ့ ကျွန်တော့်ရဲ့ ဝိညာဏကြီးထွားမှုဟာ တော်တော့်ကိုမြန်ဆန်ခဲ့တယ်။
သီသီကလေးလွတ်မြောက်
၁၉၄၄ ခုနှစ်ရဲ့ နှစ်လယ် နေ့တစ်နေ့မှာပေါ့၊ ကျွန်တော်ဟာ ဗိုလော့စ်မြို့မှာရှိတဲ့ ပန်းခြံထဲက ခုံတန်းတစ်ခုမှာ ထိုင်နေတယ်။ ဂျာမန်သိမ်းပိုက်ရေးတပ်ကို ထောက်ခံတဲ့ ပြည်သူ့စစ်အုပ်စုတစ်စုက အဲ့ဒီနေရာကို ရုတ်တရက်ဝိုင်းလိုက်ပြီး ရှိနေသူအားလုံးကို ဖမ်းလိုက်တယ်။ ကျွန်တော်တို့စုစုပေါင်း နှစ်ဒါဇင်လောက်ကို ဆေးလိပ်သိုလှောင်ရုံတစ်ခုမှာ ဖွင့်ထားတဲ့ ဂက်စတာပိုဌာနချုပ်ဆီကို ခေါ်သွားတယ်။
မိနစ်အနည်းငယ်လောက်အကြာမှာ ကျွန်တော့်နာမည်နဲ့ပန်းခြံထဲမှာ ကျွန်တော်နဲ့စကားပြောနေတဲ့သူရဲ့နာမည်ကို ခေါ်သံကြားရတယ်။ စစ်သားအစောင့်အကြပ်နဲ့ ကျွန်တော်တို့ကို ဖမ်းသွားတာ ကျွန်တော့်အမျိုးတစ်ယောက်ကမြင်လိုက်တဲ့အခါ ကျွန်တော်တို့ဟာ ယေဟောဝါသက်သေတွေဖြစ်တယ်ဆိုတာ သူ့ကိုပြောပြကြောင်း ဂရိစစ်ဘက်ဆိုင်ရာအရာရှိက ကျွန်တော်တို့ကို ခေါ်ပြောခဲ့တယ်။ ဂရိအရာရှိက ကျွန်တော်တို့ လွတ်လွတ်လပ်လပ်အိမ်ပြန်နိုင်ကြောင်းပြောပြီး နောက်ထပ်အဖမ်းခံရရင် အသုံးပြုဖို့အတွက် သူ့ရဲ့အရာရှိကတ်ကို ထုတ်ပေးခဲ့တယ်။
ဂရိတော်လှန်ရေးတပ်သားများက ဂျာမန်စစ်သားနှစ်ယောက်ကို သတ်လိုက်တဲ့အတွက် လက်စားချေတဲ့အနေနဲ့ ဂျာမန်တွေဟာ အဲ့ဒီဖမ်းဆီးထားတဲ့သူအများစုကို သတ်ပစ်လိုက်ကြောင်း နောက်တစ်နေ့မှာ ကျွန်တော်တို့ကြားသိလိုက်ရတယ်။ သေဘေးက လွတ်မြောက်နိုင်ခဲ့ရုံတင်မကဘဲ ခရစ်ယာန်ကြားနေမှုရဲ့ တန်ဖိုးကို အဲ့ဒီအချိန်မှာ သိရှိခဲ့ပါတယ်။
၁၉၄၄ ခုနှစ် ဆောင်းဦးရာသီရောက်တဲ့အခါ ရေမှာနှစ်ခြင်းခံပြီးတော့ ယေဟောဝါထံ ကျွန်တော့်ရဲ့ဆက်ကပ်အပ်နှံမှုကို အထိမ်းအမှတ်ပြုခဲ့ပါတယ်။ နွေရာသီကျတော့ သက်သေခံတွေဟာ ကျွန်တော့်ကျန်းမာရေးအပြည့်အဝပြန်ကောင်းလာနိုင်မယ့် တောင်ပေါ် စခလီသရိုးအသင်းတော်နဲ့ ပူးပေါင်းဖို့ အစီအစဉ်တွေလုပ်ပေးခဲ့တယ်။ ဂျာမန်သိမ်းပိုက်ပြီးချိန်နောက်ပိုင်းပေါ်ပေါက်ခဲ့တဲ့ ပြည်တွင်းအဓိကရုဏ်းဟာ ဂရိနိုင်ငံမှာ ထိန်းမနိုင်သိမ်းမရဖြစ်နေတယ်။ ဖြစ်ပုံက ကျွန်တော်နေတဲ့ရွာက ပြောက်ကျားစစ်တပ်များရဲ့ အခြေစိုက်စခန်းတစ်ခုဖြစ်နေတယ်။ နယ်ခံဓမ္မဆရာနဲ့ သဘောထားဆိုးတဲ့အခြားသူတစ်ယောက်က ကျွန်တော်ဟာ အစိုးရစစ်တပ်တွေအတွက် သူလျှိုလုပ်ပါတယ်ဆိုတဲ့ စွဲချက်နဲ့ သူတို့ဘာသာဖွဲ့စည်းထားတဲ့ ပြောက်ကျားစစ်ခုံရုံးက ကျွန်တော့်ကို စစ်ဆေးမေးမြန်းခဲ့တယ်။
အဲ့ဒီဟန်ပြတရားရုံးမှာ ရှိနေသူကတော့ အဲ့ဒီဒေသရဲ့ ပြောက်ကျားစစ်ခေါင်းဆောင်ဖြစ်တယ်။ ဒီရွာမှာ ကျွန်တော်နေနေရတဲ့အကြောင်းနဲ့ ခရစ်ယာန်တစ်ယောက်အနေနဲ့ ပြည်တွင်းအဓိကရုဏ်းမှာ လုံးလုံးကြားနေကြောင်းတို့ကို ရှင်းပြပြီးတဲ့အခါ အဲ့ဒီခေါင်းဆောင်က တခြားသူတွေကို ဒီလိုပြောခဲ့ပါတယ်– “ဒီလူကို တစ်ယောက်ယောက်က ထိကြည့်၊ ငါနဲ့တွေ့မယ်ဆိုတာမှတ်ထား!”
နောက်ပိုင်းမှာ ကျွန်တော်ဟာ ကာယကျန်းမာရေးထက် ဝိညာဏကျန်းမာရေးကပိုလို့တောင်ကောင်းပြီး မွေးရပ်မြို့ပြန်ခဲ့တယ်။
ဝိညာဉ်ရေးတိုးတက်မှု
အဲ့ဒီနောက် မကြာမီမှာပဲ ဒေသခံအသင်းတော်မှာ စာရင်းအင်းအမှုထမ်းအဖြစ် ကျွန်တော်ခန့်အပ်ခံခဲ့ရတယ်။ ဓမ္မဆရာများရဲ့သွေးထိုးမှုကြောင့် ဘာသာသွင်းတဲ့ စွဲချက်များနဲ့ အကြိမ်ကြိမ်အဖမ်းခံရတာအပါအဝင် ပြည်တွင်းစစ်က ဖြစ်ပေါ်စေခဲ့တဲ့ ခက်ခဲမှုတွေကြားကနေ ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်ခြင်းဟာ ကျွန်တော့်ကိုရော၊ ကျွန်တော်တို့ရဲ့ အသင်းတော်သားတွေကိုပါ အကြီးအကျယ်ရွှင်လန်းစေပါတယ်။
ဒီလိုနဲ့ ၁၉၄၇ ခုနှစ် အစောပိုင်းမှာ ကျွန်တော်တို့ဆီကို ယေဟောဝါသက်သေများရဲ့ တိုက်နယ်ကြီးကြပ်မှူးတစ်ယောက် လည်ပတ်ခဲ့ပါတယ်။ အဲ့လိုလည်ပတ်မှုဟာ ဒုတိယကမ္ဘာစစ်ပြီးတဲ့နောက်မှာ ပထမဆုံးအကြိမ်ပါပဲ။ အဲ့ဒီအချိန်မှာပဲ တိုးတက်နေတဲ့ကျွန်တော်တို့ရဲ့ ဗိုလော့စ်အသင်းတော်ကို နှစ်ခုခွဲလိုက်ပြီး အသင်းတော်တစ်ခုမှာ ကျွန်တော်ဟာ ဦးစီးကြီးကြပ်မှူးအဖြစ် ခန့်အပ်ခံခဲ့ရပါတယ်။ အဲဒီအချိန်မှာ အရန်တပ်နဲ့ လူမျိုးရေးအဖွဲ့အစည်းတွေဟာ နေရာတကာမှာ ပြည်သူတွေကို ခြောက်လှန့်နေကြတယ်။ ဓမ္မဆရာများဟာ အဲ့ဒီအခြေအနေကို အခွင့်ကောင်းယူခဲ့ကြတယ်။ ကျွန်တော်တို့ကို ကွန်မြူနစ်တွေ ဒါမှမဟုတ် လက်ဝဲအုပ်စုကို ထောက်ခံသူတွေပါလို့ မမှန်သတင်းတွေလွှင့်ပြီး အာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို ဆန့်ကျင်ကန့်ကွက်အောင် သူတို့လုပ်ခဲ့ကြတယ်။
ဖမ်းဆီးထောင်ချခံရခြင်း
၁၉၄၇ ခုနှစ်အတွင်း ကျွန်တော်ဟာ ဆယ်ကြိမ်လောက်အဖမ်းခံရပြီး သုံးကြိမ် တရားရုံးအစစ်အဆေးခံခဲ့ရပါတယ်။ အကြိမ်တိုင်းပဲ ကျွန်တော် တရားသေလွတ်ခဲ့တယ်။ ၁၉၄၈ ခုနှစ် နွေဦးပေါက်အချိန်မှာတော့ ဘာသာသွင်းမှုနဲ့ ထောင်ဒဏ်လေးလကျခံခဲ့ရတယ်။ ကျွန်တော်ဟာ ဗိုလော့စ်အကျဉ်းထောင်မှာ ကျခံရခြင်းဖြစ်ပါတယ်။ အဲဒီအချိန်အတောအတွင်းမှာပဲ ကျွန်တော်တို့အသင်းတော်က ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူအရေအတွက်ဟာ နှစ်ဆတိုးတဲ့အတွက် ညီအစ်ကိုတွေရဲ့နှလုံးဟာ ပျော်တပြုံးပြုံးနဲ့ပေါ့ဗျာ။
၁၉၄၈ အောက်တိုဘာမှာ ကျွန်တော်ဟာ အသင်းတော်ကို ဦးဆောင်နေကြတဲ့ အခြားသူခြောက်ဦးနဲ့အတူ အစည်းအဝေးလုပ်နေတုန်း ရဲငါးယောက်ဟာ အိမ်ထဲကို ရုတ်တရက်ချဉ်းနင်းဝင်ရောက်လာပြီး သေနတ်နဲ့ချိန်ပြီး ကျွန်တော်တို့ကို ဖမ်းလိုက်တယ်။ ဖမ်းရတဲ့အကြောင်းကို ရှင်းမပြဘဲ ကျွန်တော်တို့ကို ရဲစခန်း ခေါ်သွားတယ်၊ အဲ့ဒီမှာ ကျွန်တော်တို့ အရိုက်အနှက်ခံရတယ်။ လက်ဝှေ့သမားတစ်ဦးဖြစ်ခဲ့ဖူးတဲ့ ရဲတစ်ယောက်က ကျွန်တော့်ရဲ့မျက်နှာကို လက်သီးနဲ့ထိုးတယ်။ အဲ့ဒီနောက် ကျွန်တော်တို့ကို အခန်းကျဉ်းလေးတစ်ခုထဲမှာ ချုပ်ထားလိုက်တယ်။
အဲ့ဒီနောက် တာဝန်ခံအရာရှိက ကျွန်တော့်ကို သူ့ရုံးခန်းထဲခေါ်လိုက်တယ်။ ကျွန်တော် တံခါးကို ဖွင့်ပြီးဝင်လိုက်တာနဲ့ သူကျွန်တော့်ကို မှင်အိုးတစ်အိုးနဲ့ပစ်ပေါက်လိုက်တယ်၊ ကျွန်တော့်ကိုမထိဘဲ နံရံကိုထိပြီး ကွဲသွားတယ်။ ကျွန်တော့်ကို ခြောက်လှန့်ဖို့ အဲ့လိုလုပ်လိုက်ခြင်းဖြစ်တယ်။ အဲ့ဒီနောက်သူက ကျွန်တော့်ကို စာရွက်တစ်ရွက်နဲ့ ကလောင်တံတစ်ချောင်းပေးပြီး ခုလို အမိန့်ပေးတယ်– “ဗိုလော့စ်မြို့မှာရှိတဲ့ ယေဟောဝါသက်သေအားလုံးရဲ့ နာမည်တွေကို ရေးချပြီး မနက်ကျရင် အဲ့ဒီစာရင်းကို ငါ့ဆီယူလာ။ အဲ့လိုမလုပ်ရင်တော့၊ မင်းဘာဖြစ်သွားမယ်ဆိုတာ သိတယ်နော်!”
ကျွန်တော် နှုတ်ဆိတ်နေလိုက်တယ်၊ ဒါပေမဲ့ အခန်းကျဉ်းလေးထဲပြန်ရောက်တဲ့အခါ ကျန်တဲ့ညီအစ်ကိုတွေနဲ့ကျွန်တော် ယေဟောဝါကို ဆုတောင်းကြတယ်။ စာရွက်ပေါ်မှာ ကျွန်တော့်ရဲ့နာမည်တစ်ခုတည်းကိုပဲ ရေးချပြီး အခေါ်ကို စောင့်နေတယ်။ ဒါပေမဲ့ အရာရှိဆီက နောက်ထပ်ခေါ်သံမကြားရတော့ဘူး။ အဲ့ဒီညမှာပဲ အတိုက်အခံစစ်တပ်တွေရောက်လာတဲ့အတွက် သူ့လူတွေကို ဦးဆောင်ပြီး ခုခံတိုက်ခိုက်ကြတယ်။ တိုက်ပွဲငယ်လေးဖြစ်သွားတဲ့အတွက် သူဟာ အကြီးအကျယ်ဒဏ်ရာရခဲ့ပြီး သူ့ခြေတစ်ဖက်ဆိုရင် ဖြတ်ပစ်လိုက်ရတယ်။ နောက်ဆုံးမှာတော့ ကျွန်တော်တို့ရဲ့အမှုဟာ ရုံးတင်ခံရပြီး တရားမဝင်စည်းဝေးလုပ်ခြင်းဆိုတဲ့ စွဲချက် အတင်ခံရတယ်။ ကျွန်တော်တို့ ခုနစ်ယောက်စလုံး ထောင်ဒဏ်ငါးနှစ်စီကျသွားကြတယ်။
ထောင်ထဲမှာ တနင်္ဂနွေနေ့မစ္ဆားပွဲကို မတက်တဲ့အတွက် ကျွန်တော်တိုက်ပိတ်ခံခဲ့ရတယ်။ တတိယမြောက်နေ့မှာ အကျဉ်းထောင်အုပ်ချုပ်ရေးမှူးနဲ့ စကားပြောချင်တယ်လို့ ကျွန်တော်တောင်းဆိုခဲ့တယ်။ “တကယ့်ကိုလေးစားပါတယ်၊ မိမိရဲ့ယုံကြည်ချက်အတွက် ထောင်ထဲမှာ ငါးနှစ်အကျခံဖို့တလိုတလားရှိတဲ့သူတစ်ယောက်ကို အပြစ်ဒဏ်ပေးခြင်းဟာ ဆင်ခြင်တုံတရားကင်းမဲ့တယ်လို ထင်ပါတယ်” ဆိုပြီး ကျွန်တော်က သူ့ကို ပြောတယ်။ သူက အဲ့ဒီအကြောင်းကို အလေးအနက်စဉ်းစားပြီး နောက်ဆုံးတော့ “ဒီလိုဆိုရင် နက်ဖြန် ကျွန်တော့်ရဲ့ရုံးခန်းမှာ ခင်ဗျား အလုပ်လုပ်ရလိမ့်မယ်” လို့ သူကပြောတယ်။
နောက်ဆုံးမှာတော့ ကျွန်တော်ဟာ အကျဉ်းထောင်ထဲမှာ ဆရာဝန်ရဲ့လက်ထောက်အဖြစ် အလုပ်ရခဲ့တယ်။ အကျိုးကတော့ဗျာ၊ နောက်ပိုင်းနှစ်တွေမှာ အတော့်ကိုအသုံးဝင်ကြောင်းတွေ့ရတဲ့ ကျန်းမာရေးကုသမှုအကြောင်း တော်တော်လေးသိရှိခဲ့တယ်။ ထောင်ကျနေစဉ်မှာ ဟောပြောဖို့အခွင့်အလမ်းများစွာ ပွင့်ခဲ့တယ်၊ လူသုံးယောက် တုံ့ပြန်ပြီး ယေဟောဝါသက်သေတွေဖြစ်လာကြတယ်။
ထောင်ထဲမှာ လေးနှစ်လောက် ကြာပြီးတဲ့နောက်မှာတော့ ကျွန်တော်ဟာ ၁၉၅၂ ခုနှစ်မှာ ခံဝန်ချက်နဲ့ ထောင်ကနေ လွတ်လာတယ်။ နောက်ပိုင်းမှာ ကြားနေမှုနဲ့ပတ်သက်ပြီး ကောရိန္သုတရားရုံးမှာ တရားဆိုင်ခဲ့ရတယ်။ (ဟေရှာယ ၂:၄) အဲ့ဒီမှာတင် စစ်အကျဉ်းထောင်မှာ ခဏတာ အထိန်းသိမ်းခံခဲ့ရပြီး မတော်မတရားပြုမူခြင်းကို တစ်ကျော့ပြန်ခံရပြန်ရော။ အရာရှိတချို့ဟာ သူတို့ရဲ့ခြိမ်းခြောက်မှုတွေကို လုံးလုံးအသစ်ပြောင်းလိုက်ပြီး ခုလိုပြောတယ်– “မင်းရဲ့နှလုံးကို ဓားမြှောင်နဲ့ တစ်စစီ ဆွဲထုတ်မယ်။” ဒါမှမဟုတ်၊ “ခြောက်လုံးပြူးလောက်နဲ့ ချက်ချင်းသေသွားမှာပါလို့တော့ မတွက်လိုက်လေနဲ့။”
တစ်မူထူးသည့် စမ်းသပ်မှုတစ်မျိုး
ဒါပေမဲ့ မကြာမီမှာ ကျွန်တော်အိမ်ပြန်ရောက်လာတယ်။ အချိန်ပိုင်းအလုပ်လုပ်ပြီး ဗိုလော့စ်အသင်းတော်မှာ ပြန်အမှုဆောင်တယ်။ တစ်နေ့မှာပေါ့၊ အေသင်မှာရှိတဲ့ ကင်းမျှော်စင်အသင်းရဲ့ ဌာနခွဲကနေ စာတစ်စောင်ရခဲ့တယ်၊ နှစ်ပတ်ကြာလေ့ကျင့်မှုခံယူပြီး တိုက်နယ်ကြီးကြပ်မှူးအဖြစ် ယေဟောဝါသက်သေတွေရဲ့အသင်းတော်တွေကို စတင်လည်ပတ်ဖို့ ကျွန်တော့်ကို ဖိတ်ခေါ်ထားတဲ့စာပဲ။ တစ်ချိန်တည်းဆိုသလို၊ သားသမီးကလည်း မထွန်းကား၊ မြေယာအဆောက်အအုံထိန်းသိမ်းရေး လုပ်ငန်းကြီးကိုလည်းလုပ်ကိုင်နေတဲ့ အဖေ့ဘက်ကဦးလေးက သူပိုင်ပစ္စည်းတွေကို အုပ်ချုပ်စီမံပေးဖို့ ကျွန်တော့်ကို တောင်းဆိုတယ်။ ကျွန်တော့်ရဲ့မိသားစုဟာ နွမ်းနွမ်းပါးပါးနေနေရတုန်းဖြစ်လေတော့ အဲ့ဒီအလုပ်ကနေ မိသားစုရဲ့ စီးပွားရေးပြဿနာတွေကို ပြေလည်စေမှာဖြစ်တယ်။
သူ့ရဲ့ကမ်းလှမ်းချက်ကို ကျေးဇူးတင်ကြောင်းပြောဖို့အတွက် ဦးလေးဆီကို ကျွန်တော်သွားလည်ခဲ့တယ်၊ ဒါပေမဲ့ ကျွန်တော်ဟာ ခရစ်ယာန်ဓမ္မအမှုမှာ အထူးတာဝန်တစ်ခုကို လက်ခံဖို့ဆုံးဖြတ်ထားကြောင်း သူ့ကို ကျွန်တော် ပြောလိုက်တယ်။ ရလဒ်အနေနဲ့ကတော့ သူဟာ မတ်တတ်ရပ်၊ ကျွန်တော့်ကို တစ်ချက်စိုက်ကြည့်လိုက်ပြီး အခန်းထဲကနေ ဆတ်ခနဲထွက်သွားတယ်။ ကျွန်တော့်မိသားစုအတွက် လအတော်အတန်အထောက်အပံ့ဖြစ်လောက်တဲ့ ငွေကြေးလက်ဆောင်အများကြီးနဲ့ သူပြန်လာတယ်။ သူက “ဒီငွေတွေကို ယူသွား၊ မင်းကြိုက်တာသုံးပေါ့” ဆိုပြီး ပြောတယ်။ အဲ့ဒီအချိန်မှာ ဖြစ်ပေါ်ခဲ့တဲ့ခံစားမှုကို ကနေ့အထိ ပြောမပြနိုင်အောင်ပါပဲ။ ‘သင်ရဲ့ရွေးချယ်မှုဟာ မှန်တယ်၊ ငါဟာ သင်နဲ့အတူရှိတယ်’ လို့ ယေဟောဝါက ကျွန်တော့်ကို ပြောတဲ့စကားသံ ကြားနေရသလိုပါပဲ။
ကျွန်တော့်မိသားစုက ပို့သတဲ့မေတ္တာနဲ့အတူ ၁၉၅၃ ခုနှစ် ဒီဇင်ဘာလမှာ အေသင်မြို့ကို ထွက်ခွာခဲ့တယ်။ အမေတစ်ယောက်တည်း သက်သေခံဖြစ်လာပေမဲ့လည်း မိသားစုဝင်အခြားသူတွေဟာ ကျွန်တော့်ရဲ့ခရစ်ယာန်လုပ်ငန်းကို အတိုက်အခံမလုပ်ကြပါဘူး။ အေသင် ဌာနခွဲကို သွားတဲ့အခါ အံ့ဩစရာနောက်တစ်ခုက ကျွန်တော့်ကို စောင့်ကြိုနေတယ်။ အဲ့ဒါကတော့ အဖေဟာ လူမှုဖူလုံရေးပင်စင်ရဖို့ နှစ်နှစ်လုံးလုံးကြိုးစားတာ ဒီနေ့မှာပဲ ပင်စင်ကျလာကြောင်း ဖော်ပြထားတဲ့ ကျွန်တော့်ညီမဆီက ကြေးနန်းပါပဲ။ ကျွန်တော်ဘာများထပ်တောင်းစရာ ရှိသေးလဲ။ ကျွန်တော့်မှာ အတောင်တွေရှိလာသလိုပဲခံစားရတယ်။ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ မြင့်မြင့်ပျံဖို့ အသင့်ပဲပေါ့ဗျာ!
သတိထားရခြင်း
ကျွန်တော့်ရဲ့ တိုက်နယ်လုပ်ငန်းအစောပိုင်းမှာ ဘာသာရေးနဲ့ နိုင်ငံရေးအာဏာပိုင်တွေက ယေဟောဝါသက်သေတွေကို အပြင်းအထန်နှိပ်စက်ညှဉ်းဆဲနေတဲ့အတွက်ကြောင့် သိပ်သတိထားခဲ့ရတယ်။ ခရစ်ယာန်ညီအစ်ကိုတွေဆီသွားရောက်လည်ပတ်ဖို့၊ အထူးသဖြင့် မြို့လေးတွေနဲ့ ကျေးရွာတွေမှာနေတဲ့ သူတွေဆီ သွားရောက်လည်ပတ်ဖို့အတွက် ညအမှောင်ထဲမှာ နာရီပေါင်းများစွာ လမ်းလျှောက်သွားရတယ်။ အဖမ်းအဆီးခံရမဲ့ဘေးကိုမကြောက်ဘဲ ညီအစ်ကိုတွေဟာ အိမ်တစ်အိမ်မှာ ကျွန်တော့်အလာကို စုဝေးပြီး စိတ်ရှည်လက်ရှည် စောင့်နေကြတယ်။ အဲ့ဒီလည်ပတ်မှုတွေဟာ ကျွန်တော်တို့အားလုံးအတွက် အလွန်ကောင်းတဲ့ အပြန်အလှန်အားပေးမှုဖြစ်တယ်!—ရောမ ၁:၁၁၊ ၁၂။
သတိမပြုမိရလေအောင် ကျွန်တော်ဟာ တစ်ခါတလေ ရုပ်အပြောင်းအလဲတွေကို လုပ်တယ်။ တစ်ကြိမ်ဆိုရင် ယာဉ်တားလမ်းတစ်ခုကို ဖြတ်ကျော်နိုင်ဖို့အတွက် သိုးကျောင်းသားတစ်ယောက်ပုံစံ ဝတ်ခဲ့ရတယ်။ ဒါမှ ဝိညာဏသိုးထိန်းလုပ်ငန်း အပူတပြင်းလိုအပ်နေတဲ့ ညီအစ်ကိုအုပ်စုဆီရောက်မှာ။ ၁၉၅၅ ခုနှစ်က အဖြစ်အပျက်တစ်ခုကတော့ သက်သေခံချင်းတစ်ယောက်နဲ့ ကျွန်တော်ဟာ ရဲတွေရဲ့ သင်္ကာမကင်းဖြစ်မှုကို ရှောင်ဖို့ ကြက်သွန်ဖြူသည်တွေလို ဟန်ဆောင်ခဲ့ကြတယ်။ ကျွန်တော်တို့ရဲ့တာဝန်ကတော့ အားဂေါ့စ်အော်ရက်စ်တီကွန်းမြို့လေးမှာရှိတဲ့ မလှုပ်မရှားဖြစ်သွားတဲ့ ခရစ်ယာန်ညီအစ်ကိုတချို့ကို အဆက်အသွယ်လုပ်ဖို့ပါပဲ။
အဲ့ဒီမြို့က ပြည့်သူဈေးထဲမှာ ကျွန်တော်တို့ရဲ့ ရောင်းကုန်တွေကို ခင်းထားလိုက်တယ်။ ဒါပေမဲ့ အဲ့ဒီဒေသမှာ ကင်းလှည့်နေတဲ့ ရဲသားငယ်တစ်ယောက်က သင်္ကာမကင်းဖြစ်လာတယ်၊ သူဖြတ်သွားတိုင်း ကျွန်တော်တို့ကို စူးစမ်းတဲ့သဘောနဲ့ စိုက်စိုက်ကြည့်တယ်။ နောက်ဆုံးတော့ သူက “ခင်ဗျားတို့ဟာ ကြက်သွန်ဖြူသည်တွေနဲ့မတူဘူး” ဆိုပြီး ကျွန်တော်တို့ကို ပြောတယ်။ အဲ့ဒီအချိန်မှာပဲ မိန်းမငယ်သုံးယောက်က ကြက်သွန်ဖြူ ဝယ်ချင်တဲ့ပုံနဲ့ရောက်လာကြတယ်။ ကျွန်တော့်ရဲ့ ကုန်ပစ္စည်းတွေကို ထိုးပြပြီး “ဒီလိုကြက်သွန်ဖြူမျိုးစားလို့ ဒီရဲသားလေး ဘယ်လောက်သန်စွမ်းပြီး ချောမောလိုက်သလဲကြည့်စမ်း!” လို့ကျွန်တော် ဟစ်ကြွေးလိုက်တယ်။ အဲ့ဒီအမျိုးသမီးတွေဟာ ရဲသားကို ကြည့်လိုက်ပြီး ရယ်ကြတယ်။ သူလည်းရယ်ပြီး နောက်ပျောက်ကွယ်သွားတယ်။
သူထွက်သွားတဲ့အခါ အပ်ချုပ်သမားအဖြစ် လုပ်ကိုင်နေတဲ့ ကျွန်တော်တို့ရဲ့ ဝိညာဏညီအစ်ကိုတွေရှိတဲ့ စတိုးဆိုင်ကို သွားဖို့ အဲ့ဒီအခွင့်အရေးကို အမိအရယူလိုက်တယ်။ ကျွန်တော့်ရဲ့ အင်္ကျီကနေ ဆွဲဖြုတ်ထားတဲ့ ကြယ်သီးတစ်လုံးကို ချုပ်တပ်ပေးဖို့ သူတို့ထဲက တစ်ယောက်ကို ပြောလိုက်တယ်။ သူကြယ်သီးတပ်ပေးနေတုန်း ကျွန်တော်က ကိုယ်ကိုညွှတ်ပြီး နှစ်ကိုယ်ကြားလေသံနဲ့ “ခင်ဗျားတို့ကို တွေ့ဖို့ ကျွန်တော် ဌာနခွဲရုံးကနေလာတာ” လို ပြောလိုက်တယ်။ နှစ်နဲ့ချီပြီး သက်သေခံချင်းတွေနဲ့ အဆက်အသွယ်မရတော့တဲ့အတွက် အစတော့ အဲ့ဒီညီအစ်ကိုတွေဟာ လန့်ဖျပ်သွားတယ်။ ကျွန်တော်ဟာ အတတ်နိုင်ဆုံး သူတို့ကိုအားပေးပြီး ထပ်ဆင့်ပြောဆိုဖို့ အဲ့ဒီမြို့ရဲ့ သုသာန်မှာ နောက်ထပ်တွေ့ဖို့ အစီအစဉ်တွေလုပ်လိုက်တယ်။ ဝမ်းသာစရာကတော့ အဲ့ဒီလည်ပတ်မှုဟာ အားပေးမှုဖြစ်ခဲ့ပြီး ခရစ်ယာန်ဓမ္မအမှုမှာ သူတို့ဇွဲပြန်ရှိလာကြတယ်။
သစ္စာတည်ကြည်တဲ့ ကြင်ဖော်တစ်ယောက်ရခြင်း
နယ်လှည့်လုပ်ငန်း စပြီးတဲ့နောက် ၁၉၅၆ ခုနှစ်မှာပေါ့၊ ဟောပြောခြင်းလုပ်ငန်းကို အတော့်ကိုမြတ်နိုးပြီး အချိန်ပြည့်ဓမ္မအမှုမှာ သူမရဲ့ဘဝကို နှစ်မြုပ်ထားလိုတဲ့ နီကီလို့ခေါ်တဲ့ ခရစ်ယာန်ညီအစ်မငယ်တစ်ယောက်နဲ့ ဆုံးစည်းခဲ့တယ်။ ကျွန်တော်တို့ မေတ္တာမျှသွားကြပြီး ၁၉၅၇ ခုနှစ် ဇွန်လမှာ လက်ထပ်ခဲ့ကြတယ်။ ဂရိနိုင်ငံမှာ အဲ့ဒီအချိန်က ယေဟောဝါသက်သေတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ရန်လိုဆန့်ကျင်တဲ့အခြေအနေတွေအောက်မှာ နယ်လှည့်လုပ်ငန်းရဲ့တောင်းဆိုချက်တွေကို နီကီပြည့်မီနိုင်ပါ့မလားလို့ ကျွန်တော်စဉ်းစားမိတယ်။ ယေဟောဝါရဲ့ထောက်မမှုနဲ့ပဲ သူလုပ်ဆောင်နိုင်ခဲ့တယ်၊ ဒါကြောင့် ဂရိနိုင်ငံရဲ့ တိုက်နယ်လုပ်ငန်းမှာ လင်သားဖြစ်သူနဲ့အတူပါဝင်တဲ့ ပထမဆုံးသောအမျိုးသမီးဖြစ်သွားတယ်။
ကျွန်တော်တို့ဟာ နယ်လှည့်လုပ်ငန်းမှာ ဆယ်နှစ်ကြာ အတူတူဆက်လုပ်ပြီး ဂရိနိုင်ငံမှာရှိတဲ့ အသင်းတော်အများစုမှာ အမှုဆောင်ခဲ့ကြတယ်။ မကြာခဏဆိုသလို ကျွန်တော်တို့ဟာ ရုပ်ဖျက်ကြ၊ လက်ဆွဲသေတ္တာကို ဆွဲပြီး အသင်းတော်တစ်ခုကို ရောက်ဖို့ နာရီပေါင်းများစွာ ညအမှောင်ထဲမှာလမ်းလျှောက်ကြရတယ်။ အကြီးအကျယ်တိုက်ခံဆန့်ကျင်မှုတွေကို ခဏခဏတွေ့ကြုံရတဲ့ကြားက ယေဟောဝါသက်သေတွေရဲ့ အရေအတွက် အကြီးအကျယ်တိုးတက်နေတာကို မျက်မြင်ကိုယ်တွေ့တွေ့ရခြင်းဟာ ကျွန်တော်တို့အတွက် ဘဝင်လှိုက်စရာပါပဲဗျာ။
ဗေသလလုပ်ငန်း
၁၉၆၇ ခုနှစ် ဇန်နဝါရီလမှာ နီကီနဲ့ကျွန်တော်ဟာ ယေဟောဝါသက်သေများရဲ့ ဌာနခွဲရုံးလို့ခေါ်တဲ့ ဗေသလအိမ်မှာ အမှုထမ်းဖို့ ဖိတ်ခေါ်ခြင်းခံရတယ်။ အဲ့ဒီဖိတ်ခေါ်ချက်ဟာ ကျွန်တော်တို့နှစ်ယောက်လုံးကို အံ့အားသင့်သွားစေပေမဲ့ အဲ့ဒါကို လက်ခံခဲ့ကြတယ်၊ ကိစ္စရပ်တွေကို ယေဟောဝါညွှန်ကြားပေးနေတယ်ဆိုတဲ့ ယုံကြည်စိတ်ချမှုနဲ့ပေါ့ဗျာ။ အချိန်တွေကုန်လွန်လာတာနဲ့အမျှ သီအိုကရက်တစ်လုပ်ငန်းရဲ့ ဗဟိုဌာနမှာ အမှုဆောင်ရတာ ဘယ်လောက်ထူးမြတ်တဲ့အခွင့်အရေးဖြစ်တယ်ဆိုတာကို ကျွန်တော်တို့ ကောင်းကောင်းသဘောပေါက်လာကြတယ်။
ကျွန်တော်တို့ ဗေသလလုပ်ငန်းဝင်ပြီး သုံးလအကြာမှာ ခေါင်းဆောင်တစ်စုက အာဏာသိမ်းလိုက်ပြန်တော့ ယေဟောဝါသက်သေတွေဟာ ပုန်းလျှိုးကွယ်လျှိုးဆက်ပြီးအလုပ်လုပ်ခဲ့ရတယ်။ ကျွန်တော်တို့ဟာ အုပ်စုငယ်လေးတွေဖွဲ့ပြီး စတင်အစည်းအဝေးလုပ်တယ်၊ တိုက်နယ်စည်းဝေးတွေကိုတော့ သစ်တောတွေထဲမှာ လုပ်တယ်။ သိုသိုသိပ်သိပ်နဲ့ဟောတယ်။ ကျမ်းစာစာပေတွေကို လျှို့ဝှက်ထုတ်ဝေတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော်တို့အသုံးပြုခဲ့တဲ့ လုပ်ဆောင်မှုနည်းစနစ်တွေကို ပြန်လုပ်ရခြင်းသာဖြစ်တဲ့အတွက် အဲ့ဒီအခြေအနေတွေကို အပြောင်းအလဲလုပ်ဖို့ မခက်ဘူးပေါ့။ ကန့်သတ်မှုတွေကြားကနေ ယေဟောဝါသက်သေအရေအတွက်ဟာ ၁၉၆၇ ခုနှစ်မှာ ၁၁,၀၀၀ တောင်မပြည့်တဲ့အရေအတွက်ကနေ ၁၉၇၄ ခုနှစ်မှာ ၁၇,၀၀၀ ကျော်အထိ တိုးလာတယ်။
ဗေသလလုပ်ငန်းမှာ အနှစ် ၃၀ နီးပါးကြာပြီးတဲ့နောက် နီကီနဲ့ ကျွန်တော်ဟာ ကျန်းမာရေးနဲ့အသက်အရွယ်အကန့်အသတ်ရှိပေမဲ့လည်း ဝိညာဏကောင်းချီးတွေကို ဆက်ပြီးခံစားနေရတုန်းပါပဲ။ ကျွန်တော်တို့ဟာ ဆယ်နှစ်ကျော်ကျော်လောက် အေသင်မြို့၊ ကာတားလီလမ်းမှာရှိတဲ့ ဌာနခွဲခြံဝင်းမှာ နေထိုင်ခဲ့ကြတယ်။ ၁၉၇၉ ခုနှစ်မှာ အေသင်မြို့ရဲ့ ဆင်ခြေဖုံး မာရူးစီးမှာ ဌာနခွဲအသစ်ကို အပ်နှံခဲ့တယ်။ ဒါပေမဲ့ ၁၉၉၁ ခုနှစ်ကစပြီး အေသင်မြို့မြောက်ဘက် မိုင် ၄၀ အကွာမှာရှိတဲ့ အယ်လီယောနားအရပ်မှာ ကျယ်ဝန်းတဲ့ ဌာနခွဲအဆောက်အအုံသစ်မှာ ကျွန်တော်တို့နေခွင့်ရခဲ့တယ်။ အိုမင်းမစွမ်းတွေနေတဲ့ ဗေသလမှာ ကျွန်တော်အမှုထမ်းတယ်။ အကျဉ်းထောင်ဆရာဝန်ရဲ့လက်ထောက်တစ်ယောက်အဖြစ် လေ့ကျင့်မှုရှိခဲ့ခြင်းဟာ အဲ့ဒီနေရာမှာ သိပ်အသုံးတည့်တယ်ဗျာ။
အနှစ်လေးဆယ်ကျော်တဲ့ ကျွန်တော့်ရဲ့အချိန်ပြည့်ဓမ္မအမှုသက်တမ်းအတွင်းမှာ ကျွန်တော်ဟာ ယေရမိလိုပဲ ယေဟောဝါရဲ့ ဒီကတိတော်ဟာ မှန်ကြောင်း သိမြင်လာပါတယ်– “‘သူတို့သည် သင့်ကို စစ်တိုက်၍မနိုင်ရကြ။ သင်ကိုကယ်နုတ်ခြင်းငှာ သင်နှင့်အတူငါရှိသည်’ ဟု ထာဝရဘုရားမိန့်တော်မူ၏။” (ယေရမိ ၁:၁၉) မှန်ပါတယ်၊ နီကီနဲ့ကျွန်တော်ဟာ ယေဟောဝါထံတော်က ကောင်းချီးတွေ အလျှံပယ် ရရှိခဲ့ကြပါတယ်။ ကျွန်တော်တို့ဟာ ကိုယ်တော့်ကြွယ်ဝတဲ့ မေတ္တာပါစောင့်ရှောက်မှုနဲ့ မခံစားထိုက်တဲ့ ကရုဏာတော်ကို မပြတ်ခံစားခဲ့ရပါတယ်။
ယေဟောဝါရဲ့အဖွဲ့အစည်းမှာရှိတဲ့ လူငယ်မောင်မယ်တွေကို ကျွန်တော်အားပေးချင်တာကတော့ အချိန်ပြည့်ဓမ္မအမှုကို စိုက်လိုက်မတ်တတ်လုပ်ကိုင်ပါဆိုတာပါပဲ။ အဲ့လိုနည်းနဲ့ လူငယ်မောင်မယ်တွေဟာ ‘မိုးကောင်းကင်ပြတင်းပေါက်များဖွင့်၍ လိုလျက်မနေရအောင် ကောင်းချီးမင်္ဂလာသွန်းလောင်းမည်’ ဆိုတဲ့ ကိုယ်တော်ရဲ့ကတိတော် မှန်မမှန် မြည်းစမ်းကြည့်ပါလို့မိန့်တော်မူထားတဲ့ ယေဟောဝါရဲ့ဖိတ်ခေါ်ချက်ကို လက်ခံနိုင်ပါတယ်။ (မာလခိ ၃:၁၀၊ သမ္မာ) ကိုယ်တော်ကို အပြည့်အဝယုံကြည်ကိုးစားတဲ့ သင်တို့ကို ယေဟောဝါ အမှန်တကယ်ကောင်းချီးပေးတော်မူမယ်ဆိုတာ ကျွန်တော့်ရဲ့တွေ့ကြုံမှုအရ ကျိန်းသေတယ် လူငယ်မောင်မယ်တို့။
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
လမ်ပရို့စ် ဇွမ်ပို့စ်နှင့် သူ့ဇနီး နီကီ