ယေဟောဝါ၌ဝမ်းမြောက်ကာရွှင်လန်းကြလော့
အကျိုးနပ်သောစီမံကိန်းတစ်ခု အောင်မြင်စွာပြီးမြောက်သွားသောအချိန်သည် အစဉ်သဖြင့် ဝမ်းမြောက်ရွှင်လန်းဖွယ်အချိန်ဖြစ်၏။ နယူးယောက်မြို့၊ ပက်တာစင်ရှိ ကင်းမျှော်စင်ပညာပေးဌာနတွင် ၁၉၉၉ ခုနှစ်၊ မတ်လ ၁၃ ရက်နေ့၌ကျင်းပခဲ့သော သင်တန်းဆင်းပွဲအခမ်းအနားသည် ၁၀၆ ကြိမ်မြောက် ဂိလဒ်ကင်းမျှော်စင်သမ္မာကျမ်းစာကျောင်းမှ သင်တန်းသား ၄၈ ယောက်အတွက် ထိုကဲ့သို့သောအခါသမယဖြစ်ခဲ့သည်မှာ သေချာသည်။
၇ ကြိမ်မြောက် ဂိလဒ်သင်တန်းကျောင်းဆင်းနှင့် သင်တန်းဆင်းပွဲအစီအစဉ်၏သဘာပတိဖြစ်သူ အုပ်ချုပ်ရေးအဖွဲ့ဝင် သီအိုဒေါရ်ဂျဲရက်စ်၏အဖွင့်မှတ်ချက်များသည် ဆာလံ ၃၂:၁၁ ပါ “ဖြောင့်မတ်သောသူတို့၊ [“ယေဟောဝါ၊” ကဘ] ၌ဝမ်းမြောက်ရွှင်လန်းကြလော့” ဟူသည့်စကားများကို ပေါ်လွင်စေခဲ့သည်။ ဤအခါသမယတွင် အားလုံးဝမ်းမြောက်ဖို့သင့်လျော်သည့်အကြောင်းရင်းကို ရှင်းပြရာတွင် သူက ဤသို့ဆိုသည်– “ကျွန်တော်တို့ရဲ့ဂိလဒ်သင်တန်းသားတွေအပါအဝင် နှလုံးဖြောင့်တဲ့သူတွေနဲ့ပတ်သက်ပြီး ယေဟောဝါ ပြီးမြောက်နေစေရာတွေကြောင့် ဒီလိုမျိုးအခါသမယတွေမှာ ကျွန်တော်တို့ ဝမ်းမြောက်ကြတယ်။” သင်တန်းသားများသည် ဂိလဒ်ကျောင်းကိုတက်ရန် အစီအစဉ်များပြုလုပ်ကာ [ခရစ်ယာန်] သာသနာပြုလုပ်ငန်းအတွက် အရည်အချင်းပြည့်မီရန် ဝီရိယဖြင့်ကြိုးစားအားထုတ်ခဲ့ကြသော်လည်း အရာခပ်သိမ်းကို အောင်မြင်စွာပြီးမြောက်စေသူကား ယေဟောဝါဖြစ်၏။ (သု. ၂၁:၅; ၂၇:၁) ယင်းသည် ‘ယေဟောဝါ၌ဝမ်းမြောက်ခြင်း’ အကြောင်းဖြစ်သည်ဟု ညီအစ်ကိုဂျဲရက်စ်ကအလေးပေးတင်ပြခဲ့သည်။
ပက်တာစင်ခန်းမတွင် ဤရွှင်လန်းဖွယ်ဖြစ်ရပ်ကိုရှုစားရန် ၁၂ နိုင်ငံမှလာခဲ့ကြသော သင်တန်းသားများ၏မိသားစုဝင်များနှင့် ဧည့်သည်များရှိကြသည်။ တက်ရောက်သူ ၅,၁၉၈ ယောက်—အသံနှင့် ဗီဒီယိုဖြင့် ချိတ်ဆက်ထားသည့် ဘရွတ်ကလင်၊ ပက်တာစင်နှင့် ဝေါလ်ကီးလ်ရှိ ဗေသလမိသားစုဝင်များအပါအဝင်—တို့သည်တင်ဆက်မည့်အစီအစဉ်ကို စောင့်မျှော်ခဲ့ကြစဉ် ရွှင်လန်းနေကြကြောင်းထင်ရှားသည်။
ရွှင်လန်းသောစိတ်ဓာတ် ထိန်းသိမ်းထားရန် တိုက်တွန်းခံရ
ညီအစ်ကိုဂျဲရက်စ်သည် သူ့အဖွင့်မှတ်ချက်များကိုနိဂုံးချုပ်စဉ် ဂိလဒ်ကျောင်းဆင်းများအတွက်သာမဟုတ်ဘဲ တက်ရောက်သူအားလုံးအတွက်ပါဖြစ်သည့် အားရှိစရာကျမ်းစာဆုံးမစကားကို ပြင်ဆင်ထားသည့် ဟောပြောမည့်သူငါးဦးအနက် ပထမဆုံးဟောမည့်သူကို မိတ်ဆက်ပေးသည်။
ပထမဆုံးဟောပြောသူမှာ ၃၄ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်းဖြစ်ပြီး အုပ်ချုပ်ရေးအဖွဲ့၏ သွန်သင်ခြင်းကော်မတီကို ယခုအကူအညီပေးသူအဖြစ် အမှုဆောင်နေသည့် ဝီလျံ မဲလင်ဖန့်တ်ဖြစ်သည်။ ဒေ. ၁:၂ ကိုအခြေခံထားသည့် “‘ခပ်သိမ်းသောအရာ’ တို့သည် အချည်းနှီးမဖြစ်ကြ!” ဟူသည့် သူ၏အဓိကအချက်နှင့်ပတ်သက်၍ ဤသို့မေးခွန်းထုတ်ခဲ့သည်– “စကားလုံး၏ခြွင်းချက်မရှိသဘောမျိုးဖြင့် ခပ်သိမ်းသောအရာတို့သည် အချည်းနှီးဖြစ်၏ဟု ရှောလမုန်အမှန်တကယ်ဆိုလိုခဲ့ပါသလော။” အဖြေကား “မဟုတ်ပါ။ ဘုရားသခင့်အလိုတော်ကိုလျစ်လျူရှုသည့် လူသားတို့၏လုပ်ဆောင်မှုများ၊ ဘုရားသခင့်အလိုတော်နှင့် ဆန့်ကျင်သည့် လိုက်စားမှုများအစရှိသောအရာအားလုံးသည် အချည်းနှီးဖြစ်သည်” ဟူ၍ဖြစ်၏။ ယင်းနှင့်ခြားနားလျက် စစ်မှန်သောဘုရားသခင်ယေဟောဝါအားဝတ်ပြုခြင်းသည် အချည်းနှီးမဖြစ်ပါ; ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာကိုလေ့လာခြင်းနှင့် ယင်းကို အခြားသူများအား သွန်သင်ပေးခြင်းသည်လည်း အချည်းနှီးမဖြစ်ပါ။ ဘုရားသခင်သည် မိမိကျေးကျွန်များပြုသည့် ထိုကဲ့သို့သောကြိုးစားအားထုတ်မှုများကို မေ့လျော့တော်မမူချေ။ (ဟေဗြဲ ၆:၁၀) အမှန်မှာ ဘုရားသခင့်မျက်နှာသာရသူများသည် ဘေးဆိုးကြုံရသည့်တိုင် သူတို့ကို “ထာဝရဘုရား [“ယေဟောဝါ၊” ကဘ] သည် . . . အသက်ထုပ်၌နှောင်ဖွဲ့တော်မူလိမ့်မည်” ဖြစ်သည်။ (၁ ဓမ္မရာဇဝင် ၂၅:၂၉) မည်မျှအားရှိစရာကောင်းလှသည်တကား! ဤအချက်များကိုအမှတ်ရခြင်းက ရွှင်လန်းသောစိတ်ဓာတ်ကိုထိန်းသိမ်းထားရန် ယေဟောဝါအားဝတ်ပြုသူအားလုံးကို ကူညီပေးနိုင်သည်။
အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂျွန် ဘားရ်က “သင်တို့၏သာသနာပြုတာဝန်၌ ပျော်မွေ့ကြလော့” ဟူသည့် သူ၏ဟောပြောချက်ဖြင့် သင်တန်းဆင်းများကို အားပေးခဲ့သည်။ [ခရစ်ယာန်] သာသနာပြုလုပ်ငန်းကို ယေဟောဝါဘုရားသခင်အစဉ်မြတ်နိုးကြောင်း တင်ပြခဲ့သည်။ “၎င်းလုပ်ငန်းသည် လောကအပေါ် ယေဟောဝါ၏မေတ္တာပြသမှုတွင် တစ်စိတ်တစ်ပိုင်းပါဝင်၏။ ကိုယ်တော်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို ဤကမ္ဘာပေါ်သို့စေလွှတ်ခဲ့သည်။ ယေရှုသည် အကြီးမြတ်ဆုံးသာသနာပြု၊ အဦးဆုံးသာသနာပြုဖြစ်ခဲ့သည်။” မြေကြီးပေါ် မိမိထမ်းဆောင်ရမည့်တာဝန်ကျေပွန်ပြီး အောင်မြင်ရန် ယေရှုပြုလုပ်ခဲ့သည့်ပြောင်းလဲမှုများကို ကျောင်းဆင်းများသုံးသပ်နိုင်ခဲ့ကြစဉ် ယေရှုလုပ်ဆောင်ခဲ့သည့်သာသနာပြုလုပ်ငန်း၏အကျိုးကျေးဇူးများကို အသုံးချသူအားလုံးလည်း အကျိုးခံစားရတုန်းပင်ဖြစ်သည်။ ညီအစ်ကိုဘားရ်ထောက်ပြခဲ့သကဲ့သို့ ဤသို့ခံစားရခြင်းမှာ ယေရှုသည် ဘုရားသခင့်အမှုတော်ဆောင်ခြင်းတွင် ပျော်မွေ့ခဲ့ပြီး လူသားများကိုလည်း ချစ်တော်မူသောကြောင့်ဖြစ်သည်။ (သု. ၈:၃၀၊ ၃၁) ခံနိုင်ရည်ရှိ၍သာမဟုတ် အမှုဆောင်ရသဖြင့် ပျော်သောကြောင့် တာဝန်ကျရာနေရာတွင် စွဲစွဲမြဲမြဲနေကြရန် ကျောင်းဆင်းများကို ညီအစ်ကိုဘားရ်အားပေးခဲ့သည်။ “ယေဟောဝါကိုအားကိုးပါ; သင်တို့ကို စိတ်ပျက်စေမှာမဟုတ်ဘူး” ဟူ၍ သင်တန်းသားများကို မေတ္တာရပ်ခံခဲ့သည်။—ဆာလံ ၅၅:၂၂။
အုပ်ချုပ်ရေးအဖွဲ့ဝင်နောက်တစ်ဦးဖြစ်သည့် ဆက်လက်ဟောပြောသူ လွိုက်ဘယ်ရီရွေးချယ်ထားသည့် အဓိကအချက်မှာ “ယေဟောဝါ၏နာမတော်၌ ထာဝစဉ်လျှောက်လှမ်းခြင်း” ဖြစ်သည်။ ၁၁ ကြိမ်မြောက် ဂိလဒ်သင်တန်းဆင်းပြီးနောက် ဂျပန်တွင် ၂၅ နှစ်ကျော် [ခရစ်ယာန်] သာသနာပြုတစ်ဦးအဖြစ်အမှုဆောင်ခဲ့သည့် ညီအစ်ကိုဘယ်ရီသည် အစောပိုင်းသာသနာပြုများ၏တွေ့ ကြုံမှုအချို့နှင့် သူတို့ရင်ဆိုင်ခဲ့ရသည့် စိန်ခေါ်ချက်များကိုပြောပြသည်။ သင်တန်းဆင်းများကို အဘယ်လက်တွေ့ကျအကြံဉာဏ်ပေးနိုင်ခဲ့သနည်း။ “အစစအရာရာထက် သင်တို့၏ဝိညာဉ်ရေးကို ထိန်းထားပါ။ ထို့ပြင် ဘာသာစကားနှင့် ယဉ်ကျေးမှုကိုသင်ယူပါ။ သင့်ဟာသဉာဉ်ကို မပျောက်စေပါနှင့်။ လုပ်ငန်းတော်ကို စွဲစွဲမြဲမြဲလုပ်ဆောင်ပါ; အားမလျော့၊ စိတ်မပျက်ပါနှင့်။” တိုင်းတစ်ပါး၌တာဝန်ထမ်းဆောင်စဉ် ဘုရားအများ၊ နတ်အများတို့၏အမည်ကိုခိုလှုံမည့်သူများစွာနှင့်တွေ့ဆုံကြရမည်ဟု ညီအစ်ကိုဘယ်ရီကပြောကာ မိက္ခာ၏ဤစကားများကို သတိရစေခဲ့သည်– “လူမျိုးအပေါင်းတို့သည် ကိုယ်ဆိုင်သောဘုရား၏နာမကိုခိုလှုံလျက်ကျင့်နေတတ်ကြ၏။ ငါတို့မူကား၊ ကိုယ်ဆိုင်သောဘုရားသခင်ထာဝရဘုရား၏နာမတော်ကို ကာလအစဉ်အမြဲခိုလှုံလျက်ကျင့်နေကြမည်။” (မိက္ခာ ၄:၅) ယခင်က [ခရစ်ယာန်] သာသနာပြုခဲ့သူများ၏ပုံသက်သေသည် ယေဟောဝါ၏နာမ၌ ဆက်လျှောက်လှမ်းကာ သစ္စာရှိရှိအမှုဆောင်ရန် ဘုရားသခင့်ကျေးကျွန်အားလုံးအတွက် တန်ခိုးပါသောလှုံ့ဆော်မှုတစ်ရပ်အမှန်ဖြစ်သည်။
အစီအစဉ်အရ ဆက်ဟောရသူမှာ ဂိလဒ်သင်တန်းဆရာ လောရဲန့်စ် ဘိုဝင်န်ဖြစ်သည်။ သူဟောသည့်အဓိကအချက်သည် “သင် မည်သည့်လူစားမျိုးဖြစ်မည်နည်း” ဟူသည့်မေးခွန်းကိုပေါ်ပေါက်စေသည်။ ဘုရားသခင့်လုပ်ငန်းတော်တွင် အောင်မြင်ခြင်းသည် ယေဟောဝါအားယုံကြည်ကိုးစားခြင်းအပေါ်မူတည်ကြောင်း သူတင်ပြခဲ့သည်။ ယေဟောဝါကို လုံးလုံးလျားလျားမှီခိုအားထားခဲ့ခြင်းကြောင့် ဘုရင်အာသသည် စစ်သူရဲတစ်သန်းရှိ ရန်သူ့တပ်ကို အပြတ်အသတ်အနိုင်ရခဲ့သည်။ သို့တိုင် ပရောဖက်အာဇရိက ဘုရားသခင်ကိုဆက်အားထားဖို့ သူ့ကိုဤသို့သတိပေးခဲ့သည်– “သင်တို့သည် ထာဝရဘုရားဘက်၌နေလျှင် နေစဉ်ကာလ ထာဝရဘုရားသည် သင်တို့နှင့်အတူရှိတော်မူမည်။” (၂ ရာဇဝင်ချုပ် ၁၄:၉-၁၂; ၁၅:၁၊ ၂) ယေဟောဝါဟူသည့် ဘုရားသခင့်နာမတော်သည် ကိုယ်တော့်ရည်ရွယ်ချက်ပြီးမြောက်ဖို့ရန်—ထောက်ပံ့ပေးရှင်၊ ကာကွယ်ပေးရှင်၊ တရားစီရင်သူပင်ဖြစ်စေ—ကိုယ်တော်သည် ဖြစ်နိုင်သောကြောင့် ယေဟောဝါကိုမှီခိုအားထားပြီး ကိုယ်တော့်ရည်ရွယ်ချက်နှင့်အညီလုပ်ဆောင်ကြသော သာသနာပြုများသည် သူတို့တာဝန်ကျရာနေရာများတွင် အောင်မြင်ကြလိမ့်မည်။ (ထွက်မြောက်ရာ ၃:၁၄) “ယေဟောဝါ၏ရည်ရွယ်ချက်ကို သင်တို့၏ရည်ရွယ်ချက်ဖြစ်နေစေသရွေ့ သင်တို့၏တာဝန်ကျေပွန်ဖို့ သင်ဖြစ်ရန်လိုသည့်ဘာကိုမဆို ယေဟောဝါဖြစ်စေနိုင်ကြောင်း ဘယ်အခါမျှမမေ့ပါနှင့်” ဟုပြော၍ညီအစ်ကိုဘိုဝင်က နိဂုံးချုပ်သည်။
အစီအစဉ်၏ဤအပိုင်းတွင် နောက်ဆုံးဟောပြောသူမှာ ယခင်က [ခရစ်ယာန်] သာသနာပြုတစ်ဦးဖြစ်ပြီး ယခုအခါ ကျောင်းမော်ကွန်းထိန်းဖြစ်သူ ဝေါလေ့စ် လစ်ဗရန့်စ်ဖြစ်သည်။ “ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ရှင်သန်စေကာ သင်၌လုပ်ဆောင်နေစေခြင်း” ဟူ၍ခေါင်းစဉ်ရှိသည့် သူ၏ဟောပြောချက်သည် ပြည့်စုံရန် ရှေ့သို့အစဉ်ရွေ့လျားလျက်ရှိသော ဘုရားသခင်၏မပျက်ကွက်သောသတင်းတရား သို့မဟုတ် ကတိတော်ကို အာရုံစူးစိုက်စေခဲ့သည်။ (ဟေဗြဲ ၄:၁၂) ၎င်းနှုတ်မြွက်စကားတော်သည် ထိုသို့ပြုလုပ်ခွင့်ပေးသူများ၏အသက်တာကို ဩဇာလွှမ်းမိုးသည်။ (၁ သက်သာလောနိတ် ၂:၁၃) ထိုနှုတ်မြွက်စကားတော်ကို မည်သို့ရှင်သန်စေကာ ကျွန်ုပ်တို့၏အသက်တာတွင် လုပ်ဆောင်စေနိုင်သနည်း။ ဝီရိယရှိရှိကျမ်းစာလေ့လာခြင်းအားဖြင့်ဖြစ်၏။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကိုဖတ်ရှုခြင်း၊ ဆိုလိုရင်းကိုထုတ်ဖော်ရှင်းလင်းခြင်းနှင့် ကျင့်သုံးခြင်းတို့ပါဝင်သည့် ဂိလဒ်ကျောင်းမှတတ်သိခဲ့သော ကျမ်းစာလေ့လာနည်းများကို ကျောင်းဆင်းများအား ညီအစ်ကိုလစ်ဗရန့်စ်က သတိပေးခဲ့သည်။ လွန်ခဲ့သောအနှစ် ၅၀ ကျော်က ဂိလဒ်ကျောင်းကိုတည်ထောင်ခဲ့သည့် ကော်မတီ၏သဘာပတိလည်းဖြစ်၊ အုပ်ချုပ်ရေးအဖွဲ့ဝင်လည်းဖြစ်သော အဲလ်ဘတ်ရှရိုးဒါ၏ ဤစကားများကို သူကိုးကားတင်ပြခဲ့သည်– “ရှေ့နောက်စကားဆက်ကိုသုံးခြင်းဖြင့် ကိုယ်တော့်နှုတ်မြွက်စကားတော်အားဖြင့် ဘုရားသခင်သိရှိစေသည့် တိကျမှန်ကန်သော ဝိညာဉ်ရေးသဘောအပြည့်အစုံကို သိလာနိုင်သည်။” ဤသို့ကျမ်းစာလေ့လာခြင်းသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ရှင်သန်စေကာ လုပ်ဆောင်စေသည်။
အားရရွှင်လန်းစရာတွေ့ကြုံမှုများနှင့်လူတွေ့မေးမြန်းခန်းများ
ဟောပြောချက်များပြီးနောက် သင်တန်းသားများသည် အားရရွှင်လန်းစရာတွေ့ကြုံမှုအချို့ကို ပရိသတ်အားတင်ပြခဲ့သည်။ ယခင်က [ခရစ်ယာန်] သာသနာပြုဖြစ်ခဲ့ပြီး လက်ရှိဂိလဒ်သင်တန်းဆရာဖြစ်သော မာ့ခ်နူမဲရ်၏ညွှန်ကြားမှုအောက်တွင် သင်တန်းသားတစ်စုသည် အခြေအနေအမျိုးမျိုးတွင်သက်သေခံရန် မည်သို့ကြိုးစားခဲ့ကြောင်းပြောပြ၍ သရုပ်ပြခဲ့ကြသည်။ အချို့သည် လူတို့၏အခြေအနေနှင့် ဖွင့်ဟပြောဆိုမှုများကို အကဲခတ်ကာ ပုဂ္ဂိုလ်ရေးစိတ်ဝင်စားမှုပြခြင်းဖြင့် ရပ်ကွက်ရှိလူတို့နှင့် ကျမ်းစာသင်အံမှုများ စတင်ကျင်းပနိုင်ခဲ့ကြသည်။ ဤသို့ဖြင့် သင်တန်းသားများသည် ‘မိမိကိုယ်ကိုနှင့် မိမိ၏သွန်သင်ခြင်းကို အမြဲဂရုစိုက်’ ကာ ကယ်တင်ခြင်းရစေရန် သူတစ်ပါးကိုကူညီပေးခြင်း၌ အမှန်စိတ်ဝင်စားမှုတင်ပြနေကြပါသည်။—၁ တိမောသေ ၄:၁၆။
ကင်းမျှော်စင်ပညာပေးဌာနတွင်ကျင်းပခဲ့သည့် ဌာနခွဲကော်မတီဝင်များအတွက်ကျောင်းတွင် လေ့ကျင့်မှုခံယူနေကြသော အတွေ့အကြုံရင့်ကျက်သည့် ညီအစ်ကိုအတော်များများက လက်တွေ့ကျအကြံပြုချက်များစွာကိုပေးသည့်အပြင် [ခရစ်ယာန်] သာသနာပြုလုပ်ငန်း၏ရွှင်လန်းမှုကိုလည်း ထင်ရှားဖော်ပြခဲ့ကြသည်။ ဌာနချုပ်အမှုထမ်းအဖွဲ့ဝင် ညီအစ်ကိုဆယ်မြူအယ်လ် ဟာ့ဒ်နှင့် ရောဘတ် ဂျွန်ဆင်တို့သည် ဘိုလစ်ဗီးယား၊ ဇင်ဘာဘွေ၊ နီကာရာကွာ၊ ဗဟိုအာဖရိကသမ္မတနိုင်ငံ၊ ဒိုမီနီကန်သမ္မတနိုင်ငံ၊ ပါပူဝါနယူးဂီနီနှင့် ကဲမရွန်းရှိ အသင်းမဌာနခွဲရုံးများမှကိုယ်စားလှယ်များကိုခေါ်၍ တက်ကြွစွာဖြင့်လူတွေ့မေးမြန်းခန်းများပြုလုပ်ခဲ့သည်။
တွေ့ ကြုံမှုများနှင့် လူတွေ့မေးမြန်းခန်းများပြီးနောက် ၄၁ ကြိမ်မြောက်ဂိလဒ်သင်တန်းကျောင်းဆင်းတစ်ဦးနှင့် ယခုအခါ အုပ်ချုပ်ရေးအဖွဲ့ဝင်တစ်ဦးဖြစ်သူ ဂဲရစ်လော့ရှ်က စဉ်းစားတွေးခေါ်မှုကိုနှိုးဆွပေးသည့် “သင်သည် ‘ချစ်အပ်သောသူ’ တစ်ဦးလော” ဟူသည့်ခေါင်းစဉ်ရှိ နောက်ဆုံးဟောပြောချက်ကိုပေးခဲ့သည်။ ဘုရားသခင်၏စုံလင်သောသားတော်၊ ယေရှုသည် ချစ်အပ်သောသူအဖြစ် ယူမှတ်မခံရဘဲ “မထီမဲ့မြင်ပြုခြင်း၊ လူတို့စွန့်ပယ်ခြင်းကိုခံ” ခဲ့ရကြောင်း ညီအစ်ကိုလော့ရှ်က ကျောင်းဆင်းများအား ဦးစွာသတိပေးခဲ့သည်။ (ဟေရှာယ ၅၃:၃၊ သမ) ထို့ကြောင့် ယနေ့ ကမ္ဘာ့ဒေသများစွာတွင် [ခရစ်ယာန်] သာသနာပြုများသည် ပုဂ္ဂိုလ်ရေးအရလက်ခံနိုင်ဖွယ်မရှိသော သို့မဟုတ် နှစ်လိုဖွယ်မကောင်းသောသူများအဖြစ် ယူမှတ်ခံရခြင်းသည် အံ့ဩစရာမဟုတ်ပါ။ တစ်ဖက်တွင်မူ ဗာဗုလုန်၌ နှစ်ပေါင်းများစွာအမှုထမ်းချိန်အတွင်း ကောင်းကင်တမန်မှတစ်ဆင့် ဖန်ဆင်းရှင်က ဒံယေလကို “အလွန်ချစ်အပ်သောသူ” ဟုသုံးကြိမ်တိုင်ခေါ်ခဲ့သည်။ (ဒံယေလ ၉:၂၃; ၁၀:၁၁၊ ၁၉) အဘယ်အရာက ဒံယေလကို ထိုသို့ဖြစ်စေခဲ့သနည်း။ သူသည် ဗာဗုလုန်ယဉ်ကျေးမှုနှင့်အညီ ပြုပြင်ပြောင်းလဲမှုများပြုသည့်အခါ ကျမ်းစာမူများကို မည်သည့်အခါမျှ အလျှော့ပေးလိုက်လျောခြင်းမပြုခဲ့ပါ; အမြဲတမ်း ရိုးသားဖြောင့်မတ်ကာ သူ၏ရာထူးကို ကိုယ်ကျိုးအတွက် မည်သည့်အခါမျှအသုံးမချခဲ့ပါ; ဘုရားသခင့်နှုတ်မြွက်စကားတော်ကို ဇွဲရှိရှိလေ့လာသူတစ်ဦးလည်းဖြစ်ခဲ့သည်။ (ဒံယေလ ၁:၈၊ ၉; ၆:၄; ၉:၂) ယေဟောဝါထံ မှန်မှန်ဆုတောင်းကာ သူ၏ပြီးမြောက်အောင်မြင်မှုများသည် ဘုရားသခင်ကြောင့်ဖြစ်သည်ဟု ကိုယ်တော့်ကိုဂုဏ်တင်ရန် အမြဲအသင့်ရှိခဲ့သည်။ (ဒံယေလ ၂:၂၀) ဒံယေလ၏ပုံသက်သေကိုတုပခြင်းဖြင့် ဘုရားသခင့်ကျေးကျွန်များသည် လောကရှေ့မဟုတ်ဘဲ ယေဟောဝါဘုရားသခင်ရှေ့ ချစ်အပ်သောသူများဖြစ်နိုင်ကြပါသည်။
ဝိညာဉ်ရေးတည်ဆောက်မှုဖြစ်သည့်အစီအစဉ်ကိုနိဂုံးချုပ်ရန် သဘာပတိသည် ကမ္ဘာတစ်ဝန်းမှလာသော ကြေးနန်းစာနှင့်သတင်းအချို့ကို ဖတ်ပြသည်။ ထို့နောက် မောင်နှံ ၂၄ စုံမှတစ်စုံစီကို ဒီပလိုမာဘွဲ့များအပ်နှင်းကာ သူတို့တာဝန်ကျသည့်နိုင်ငံများကို ကြေညာပေးသည်။ နောက်ဆုံးတွင် သင်တန်းကို ကိုယ်စားပြုသူတစ်ဦးက အုပ်ချုပ်ရေးအဖွဲ့နှင့် ဗေသလမိသားစုကိုလိပ်မူထားသည့် စာတစ်စောင်ကိုဖတ်ပြကာ လွန်ခဲ့သည့်ငါးလတာအတွင်း သူတို့ရရှိခဲ့သော လေ့ကျင့်မှုနှင့်ပြင်ဆင်ပေးမှုအတွက် သင်တန်းသားများ၏ကျေးဇူးတင်လေးမြတ်မှုကို ဖွင့်ဟဖော်ပြခဲ့သည်။
အစီအစဉ်၏အဆုံးပိုင်းသို့ရောက်လာစဉ် ခွဲခွာကြမည့်လူစုအထဲတွင် “ဝမ်းမြောက်ခြင်း၊ ကျေးဇူးတော်ကိုချီးမွမ်းခြင်း” ကိုပင် ကြားနိုင်ခဲ့သည်။—နေဟမိ ၁၂:၂၇။
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
သင်တန်းဆိုင်ရာအချက်အလက်များ
ကိုယ်စားပြုနိုင်ငံအရေအတွက်– ၁၀
တာဝန်ပေးအပ်ခံရသည့် နိုင်ငံအရေအတွက်– ၁၉
ကျောင်းသား/သူအရေအတွက်– ၄၈
မောင်နှံစုံအရေအတွက်– ၂၄
ပျမ်းမျှအသက်– ၃၃
ပျမ်းမျှသမ္မာတရားသက်တမ်း– ၁၆
ပျမ်းမျှအချိန်ပြည့်အမှုဆောင်သက်တမ်း– ၁၃