‘စိတ်နှလုံးထဲသိလိုစိတ်ပြင်းပြ’
“သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလောစာအုပ်ကို ဖတ်ရင်း ဖြစ်ပေါ်လာတဲ့ ပျော်ရွှင်မှုနဲ့စိတ်လှုပ်ရှားမှုကို ထုတ်ဖော်မပြောပြတတ်တော့ဘူး။ အဲဒီစာအုပ်က ပိုသိချင်တဲ့ဆန္ဒလိုအပ်မှုကိုဖြစ်စေတယ်။ ကျွန်မစိတ်နှလုံးထဲမှာသိလိုစိတ်ပြင်းပြစေတဲ့အတွက် ကျေးဇူးတင်ပါတယ်။”
၁၉၉၈/၉၉ ခုနှစ်အတွင်းကျင်းပခဲ့သည့် “ဘုရားသခင်နှစ်သက်ရာဘဝလမ်းစဉ်” ခရိုင်စည်းဝေးကြီးများ၌ ကင်းမျှော်စင်အသင်းမှ ထုတ်ဝေခဲ့သည့်စာအုပ်အကြောင်း ယူ.အက်စ်.အေ.၊ ကယ်ရိုလိုင်းနားပြည်နယ်မြောက်ပိုင်းမှ ယေဟောဝါသက်သေတစ်ဦး ထိုသို့ခံစားခဲ့သည်။ သင်၌ ထိုစာအုပ်မရှိလျှင်ပင် အခြားပြောဆိုချက်များကို သတိပြုပါလေ။
အမျိုးသားတစ်ဦးသည် ယူ.အက်စ်.အေ. ကယ်လီဖိုးနီးယားပြည်နယ်၊ စဲန်ဒယေးဂိုးမြို့ အစည်းအဝေးကြီးတွင် ၎င်းစာအုပ်ကိုရရှိပြီးနောက်ရက်ပိုင်းအတွင်း ဤသို့စာရေးခဲ့သည်– “ဒီစာအုပ်ဟာ တကယ့်ကိုယုံကြည်ခြင်းခိုင်ခံ့စေတယ်။ ယေဟောဝါရဲ့ဖန်ဆင်းခြင်းကို အရမ်းကျေးဇူးတင်တာပဲ။ ကျွန်တော်ဖတ်နေတာ စာမျက်နှာ ၉၈ ရောက်နေပြီ၊ ဖတ်လို့ကုန်သွားမှာကို စိုးရိမ်မိတယ်! အဲဒီလောက်ထိ ရွှင်လန်းအားရစရာဖြစ်တယ်။”
အရှေ့တိုင်းသားအမျိုးသမီးတစ်ဦးက ဤသို့ရေးခဲ့သည်– “စည်းဝေးကြီးဟောပြောသူက ‘ပြိုင်စံရှားစာအုပ်’ လို့ပြောခဲ့တာ တကယ့်ကိုသင့်တော်ပါတယ်။ ထူးခြားချက်တစ်ချက်ကတော့ ဒီစာအုပ်ဟာ စာဖတ်သူကို ဘုရားသခင်တည်ရှိတယ်ဆိုတာကို အတင်းလက်မခံစေဘူး၊ သို့တိုင် အမှန်တရားတွေကို ဖော်ပြထားတယ်။”
ထိုအမှန်တရားများထဲတွင် စကြဝဠာ၊ အသက်နှင့် ကျွန်ုပ်တို့အကြောင်းကို စိတ်ဝင်စားဖွယ် သိပ္ပံဆိုင်ရာရှာဖွေတွေ့ ရှိချက်များပါဝင်သည်။ ယင်းသည် လူများစွာကို စွဲမှတ်စေခဲ့သည်။ “ဒီစာအုပ်ငယ်လေးဟာ ကျွန်မအတွက် ဘယ်လောက်အထိအကျိုးရှိသလဲဆိုတာကိုပြောပြဖို့ စကားလုံးရှာမတွေ့တာအမှန်ပဲ။ စာမျက်နှာတိုင်းမှာ ကျွန်မတို့ရဲ့စကြဝဠာ၊ အသက်နဲ့ပတ်သက်တဲ့ ရှာဖွေတွေ့ ရှိချက်တွေကို ဖော်ပြပေးထားတဲ့အတွက် စာအုပ်ကိုလက်ကနေမချချင်ခဲ့ဘူး။ အတော်များများကိုသိရှိခဲ့တာအမှန်ပဲ။ ဒီစာအုပ်ငယ်လေးကို တန်ဖိုးထားပြီး များနိုင်သမျှများများကို ဝေမျှပါ့မယ်” ဟူ၍ကယ်လီဖိုးနီးယားမှ အမျိုးသမီးတစ်ဦးကရေးခဲ့သည်။
လူအများ သဘောကျနှစ်သက်ခဲ့သည့်ထူးခြားချက်တစ်ခုမှာ ဖန်ဆင်းရှင်၏ဥပဓိရုပ်ကို ပေါ်လွင်ထင်ရှားစေပြီး သမ္မာကျမ်းစာ၏အကျဉ်းချုပ်ကို ဤစာအုပ်ကဖော်ပြခြင်းဖြစ်သည်။ “အဲဒီစာအုပ်ရဲ့အနောက်ပိုင်းမှာတင်ပြထားတဲ့ ကျမ်းစာတစ်အုပ်လုံးခြုံငုံသုံးသပ်ချက်ဟာ ကျွန်တော်ဖတ်ဖူးခဲ့သမျှမှာ အကောင်းဆုံးပါပဲ” ဟူသည် သာမန်မှတ်ချက်တစ်ခုဖြစ်သည်။ ယူ.အက်စ်.အေ.၊ နယူးယောက်၌ အစောပိုင်းတွင်ကျင်းပခဲ့သည့် စည်းဝေးကြီးတစ်ခုပြီးနောက်မကြာခင်တွင် နောက်တစ်ဦးက ဤသို့ရေးခဲ့သည်– “သင်တို့ပုံနှိပ်ထုတ်ဝေလိုက်တဲ့ စာအုပ်အသစ်ဟာ စိတ်ဝင်စားစရာအကောင်းဆုံးစာအုပ်ဖြစ်သွားပြီ။ ဖန်ဆင်းရှင်တစ်ပါးရှိတယ်ဆိုတဲ့ သိပ္ပံဆိုင်ရာအထောက်အထားတွေကို ကျွန်မဘဝင်ကျခဲ့တယ်။ တိုတိုနဲ့အချက်အလက်ပြည့်စုံတဲ့ ကျမ်းစာအကျဉ်းချုပ်ဟာ ဆွေးနွေးနေတဲ့အချက်တွေကို ရှင်းပြဖို့လုံလောက်တဲ့အပြင် စာကိုပိုဖတ်ဖို့ ခံတွင်းလိုက်စေတယ်။”
နားလည်သဘောပေါက်နိုင်သောသိပ္ပံပညာ
အစပိုင်းအခန်းများပါ သိပ္ပံဆိုင်ရာအချက်အလက်ကို နားလည်သဘောပေါက်ရန် အလွန်ခက်ခဲပုံရှိသော်လည်း ဤတွင် တုံ့ပြန်လေ့ရှိပုံများကို ဖော်ပြထားသည်။
ကနေဒီယန်အမျိုးသားတစ်ဦးက ဤသို့ရေးခဲ့သည်– “ကြီးကျယ်တဲ့စကားလုံးတွေနဲ့ ကျွန်တော်တို့အထင်ကြီးစရာဖြစ်ဖို့ ကြိုးစားကြတဲ့စာရေးဆရာတွေရဲ့ ပညာရပ်စာအုပ်တွေနဲ့တခြားစီပဲ။ ရူပဗေဒ၊ ဓာတုဗေဒ၊ ဒီအန်အေ၊ ခရိုမိုဆုမ်းစတဲ့အကြောင်းအရာတွေကို ကျွန်တော်တို့နားလည်သဘောပေါက်နိုင်တဲ့အထိ ဖော်ပြထားတဲ့အတွက် သင်တို့ရဲ့ပြောင်မြောက်တဲ့စာကျွမ်းကျင်မှုဟာ ထူးခြားပါတယ်။ လွန်ခဲ့တဲ့နှစ်တွေက ကျွန်တော်လေ့လာခဲ့တဲ့ တက္ကသိုလ်ဖတ်စာအုပ်တွေကို သင်တို့သာရေးခဲ့မယ်ဆိုရင်လေ!”
တက္ကသိုလ်ရူပဗေဒပါမောက္ခတစ်ဦးက ဤသို့ရေးခဲ့၏– “[အဲဒီစာအုပ်က] ပညာရပ်ဆိုင်ရာအသေးစိတ်ကိစ္စနဲ့ ရှုပ်ထွေးမနေဘဲ ပါဝင်ပတ်သက်တဲ့အကြောင်းအရာတွေကို ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ ဒီစာအုပ်က စာဖတ်သူကို ဆင်ခြင်စေပြီး အကျော်အမော်သိပ္ပံပညာရှင်တွေရဲ့အဆိုတွေကို ကိုးကားထားတယ်။ သိပ္ပံပညာရှင်အနေနဲ့ပဲဖြစ်ဖြစ်၊ အရပ်သားအနေနဲ့ပဲဖြစ်ဖြစ် စကြဝဠာနဲ့အသက်ရဲ့မူလအစကို စိတ်ဝင်စားတဲ့သူတိုင်း ဒီစာအုပ်ကို ‘ဖတ်ဖို့လို’ တယ်။”
သူနာပြုသင်တန်းတက်နေသော အမျိုးသမီးငယ်တစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “အခန်း ၄ ကိုဖွင့်လိုက်တဲ့အခါ အတန်းထဲမှာ ကျွန်မတို့အသုံးပြုနေကျ စာအုပ်ထဲကကိုးကားချက်တစ်ချက်ကို တွေ့လိုက်ရတဲ့အတွက် ကျွန်မမျက်လုံးပြူးသွားတာပဲ! ကျွန်မတို့ရဲ့ပါမောက္ခကို အဲဒီစာအုပ်ပေးလိုက်ပြီး သဘောကျစရာအချက်တွေတွေ့လိမ့်မယ်လို့ သူ့ကိုပြောပြခဲ့တယ်။ စာမျက်နှာ ၅၄ ကဦးနှောက်အကြောင်း သူ့ကိုပြလိုက်တယ်။ သူကိုယ်တိုင်ဖတ်ပြီး ‘စိတ်ဝင်စားစရာပဲ! မှန်မမှန်စစ်ကြည့်လိုက်ဦးမယ်’ လို့ပြောခဲ့တယ်။”
ဘယ်လ်ဂျီယံမှ လွှတ်တော်အဖွဲ့ဝင်တစ်ဦးက ဤသို့ရေးခဲ့သည်– “ကျွန်တော့်ကို အသိဉာဏ်ပွင့်လင်းစေပြီး စိတ်ဝင်စားစေတာကတော့ မျက်မှောက်ခေတ်သိပ္ပံပညာဟာ သမ္မာကျမ်းစာရဲ့တစ်ဆူတည်းသောဘုရားသခင်ဖော်ပြချက်ကိုမဆန့်ကျင်ဘဲ သဘောတိုက်ဆိုင်တဲ့ သိပ္ပံဆိုင်ရာအကြမ်းဖျင်းဖော်ပြချက်ပဲဖြစ်တယ်။ ဒါဟာ တကယ့်ကိုအောင်မြင်စေတဲ့အမြင်ဖြစ်တယ်။”
ဖန်ဆင်းရှင်အား ပို၍ကောင်းစွာသိရှိခြင်း
ဘုရားသခင်အား ပို၍ကောင်းစွာသိရှိရန်နှင့် ကိုယ်တော်နှင့်ပိုရင်းနှီးလာရန် နိုင်ငံများစွာမှလူတို့ကို ဤစာအုပ်က ကူညီပေးခဲ့သည်။ ဂျပန်နိုင်ငံ၊ ဖူးကူအိုကာမြို့မှ စာဖတ်သူတစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “ဒီစာအုပ်က ယေဟောဝါကို မှန်ဘီလူးနဲ့ပထမဦးဆုံးအကြိမ် ပြတ်ပြတ်သားသား တွေ့မြင်လိုက်ရသလိုပဲ။ တကယ်ယုံကြည်စိတ်ချစေလောက်တဲ့စာအုပ်ပဲ။ အခုထိ ကျွန်မတစ်ခါမှမစဉ်းစားဖူးတဲ့ ရှုထောင့်ကနေ ယေဟောဝါကို သိလာခဲ့တယ်။” စဗေးဒေါနိုင်ငံသားတစ်ဦးက ဤသို့ရေးခဲ့သည်– “ဘုရားသခင်ဟာ ဘယ်လောက်ထိသနားတတ်တယ်၊ ကျေးဇူးပြုတတ်တယ်၊ အမျက်ထွက်နှေးပြီး ဘယ်လောက်ချစ်ခင်ကြင်နာတယ်ဆိုတာကို အတော်ရှင်းရှင်းလင်းလင်းဖော်ပြထားတယ်။ ကိုယ်တော်နဲ့ ကိုယ်တော့်သားတော်ကိုပါ ပိုရင်းနှီးလာရအောင် ကျွန်တော်တို့အမှန်လိုအပ်တဲ့စာအုပ်ပဲ။ ယေဟောဝါရဲ့စိတ်သဘောထားနဲ့ ကိုယ်တော့်သားတော်ယေရှုရဲ့ လူလူချင်းစာနာတတ်တဲ့သဘောတွေကို ရှင်းပြတဲ့ပထမဆုံးစာအုပ်ပဲ။” ဇမ်ဘီယာမှ စာရှုသူတစ်ဦးက ဤသို့မှတ်ချက်ချခဲ့သည်– “အခု ကျွန်တော့်အတွက် ယေဟောဝါဟာ ပိုအဓိပ္ပာယ်ရှိလာတယ်။”
ဤအကြောင်းကြောင့် ယေဟောဝါသက်သေများသည် သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလော စာအုပ်ကို အခြားသူများအားဝေမျှရန် စိတ်စောနေကြခြင်းဖြစ်သည်။ တစ်ဦးကဤသို့ဆိုသည်– “အခန်း ၁၀ [“ဖန်ဆင်းရှင်သည် ဂရုစိုက်တော်မူလျှင် အဘယ်ကြောင့်ဤမျှလောက် ဆင်းရဲဒုက္ခခံစားနေရသနည်း”] ကိုကျွန်မဖတ်ပြီးတဲ့အခါ ‘ဂျပန်နိုင်ငံမှာ ကျွန်မတို့လိုအပ်နေတဲ့စာအုပ်ပဲ’ လို့မပြောဘဲမနေနိုင်ခဲ့ဘူး! ဒီအခန်းကအကြောင်းအရာကို ကိုယ်ပိုင်ဖြစ်စေပြီး လယ်ကွင်းလုပ်ငန်းမှာ အရင်ကထက်ပိုအသုံးပြုချင်တယ်။” နောက်အမျိုးသမီးတစ်ဦးသည် ဖခင်၏ . . . ကျောင်းတွင် ကြီးပြင်းလာသောမိန်းကလေးတစ်ဦးနှင့် ကျမ်းစာသင်နေ၏။ “ဖန်ဆင်းရှင်ရှိတယ်ဆိုတဲ့အယူကို လက်ခံဖို့ သူ့အတွက်အတော့်ကိုခက်ခဲခဲ့တယ်။ ဒီစာအုပ်ရဲ့ရှင်းပြချက်ဟာ တရားသေမဟုတ်ဘူး၊ ဒါပေမဲ့ ဖော်ပြထားတဲ့အကြောင်းအချက်တွေကြောင့် ဆုတ်ဆိုင်းခြင်းမရှိဘဲ . . . ဘာသာဝင်တွေတောင် ဖတ်နိုင်တယ်လို့ ကျွန်မထင်တယ်။ ယေဟောဝါရဲ့မေတ္တာကိုလည်း ပိုပြီးခံစားစေတယ်။”
အင်္ဂလန်နိုင်ငံမှ ဤသို့ဝေဖန်ခဲ့သည်– “ဖန်ဆင်းရှင်စာအုပ်ဖတ်ပြီးသွားလို့ နောက်တစ်ခေါက်ထပ်ဖတ်တော့မယ်။ အရမ်းကိုကောင်းတဲ့စာအုပ်တစ်အုပ်ပဲ! အဲဒီစာအုပ်ဖတ်တဲ့အခါ ယေဟောဝါကို မချစ်ဘဲမနေနိုင်ဘူး။ ကျွန်မရဲ့အိမ်နီးချင်းတစ်ယောက်ကိုလည်း တစ်အုပ်ပေးခဲ့တယ်၊ အခန်းနှစ်ခန်းကို ဖတ်ပြီးတဲ့နောက်မှာ သူက ‘အဲဒီစာအုပ်ကို လက်ကနေမချနိုင်ဘူး၊ စိတ်ဝင်စားစရာအရမ်းကောင်းတယ်’ လို့ပြောခဲ့တယ်။ ဒီစာအုပ်က ကျွန်မတို့ရဲ့မဟာဖန်ဆင်းရှင်ကို လူတွေသိပြီးချစ်မြတ်နိုးလာဖို့ ကူညီပေးနိုင်လိမ့်မယ်လို့ ကျွန်မထင်ပါတယ်။”
“ဒီစာအုပ်က ကျွန်တော့်ရဲ့ဝိညာဉ်ရေးအရိုးတွေနဲ့ခြင်ဆီကို ခွဲခြမ်းစိတ်ဖြာပေးခဲ့တာအမှန်ပဲ! ကျွန်တော်ရဲ့စီးပွားဖက်အားလုံးကို တစ်အုပ်စီပေးဖို့စီစဉ်ထားတယ်။ တစ်ခါတလေ ဒီလောက်အလုပ်များတဲ့ ပညာတတ်တွေကို သက်သေခံဖို့ခက်တယ်။ အခု ဒီစာအုပ်နဲ့ဆိုရင် ထိရောက်တဲ့ချဉ်းကပ်နည်းရပြီ” ဟူ၍ ယူ.အက်စ်.အေ.၊ မေရီလန်းနယ်မှ အမျိုးသားတစ်ဦးကဆို၏။
သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိပါသလော စာအုပ်သည် ကမ္ဘာအနှံ့ရှိလူတို့ကို အကျိုးပြုလိမ့်မည်မှာ သေချာပါသည်။
[Picture Credit Line on page 25]
အထက်မျက်နှာဖုံးပုံ၊ လင်းယုန်နဂါးငွေ့တန်း– J. Hester and P. Scowen (AZ State Univ.), NASA