လူသန်းပေါင်းများစွာကိုစိတ်လှုပ်ရှားစေသည့်စာအုပ်
လွန်ခဲ့သည့်ဇွန်လကစတင်ခဲ့သော “လွတ်လပ်မှုချစ်မြတ်နိုးသူများ” ခရိုင်စည်းဝေးပွဲကြီးများ၏ အသွင်အပြင်တစ်ခုမှာ “အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား” ဟောပြောချက်ဖြစ်သည်။ ယင်း၏ထူးခြားချက်မှာ ဟောပြောချက်ခေါင်းစဉ်နှင့်တူသောစာအုပ်ကို ထုတ်ပြန်ကြေညာခြင်းဖြစ်သည်။ ကမ္ဘာအရပ်ရပ်ရှိ လူပေါင်းခြောက်သန်းကျော်သည် ဤစည်းဝေးပွဲကြီးများကိုတက်ရောက်ခဲ့ပြီးဖြစ်၍ ဤမဂ္ဂဇင်းပါအထူးပြုဖော်ပြထားသော ရှေ့ဆောင်းပါးနှစ်ပိုဒ်နှင့်ဆိုင်သောဟောပြောချက်ကို နားထောင်ခဲ့ကြပြီးဖြစ်သည်။
အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား စာအုပ်ကို ဘာသာစကားပေါင်း ၆၀ ဖြင့် အုပ်ရေ ၁၂ သန်းကျော်ပုံနှိပ်ထုတ်ဝေခဲ့သည်။ ယင်းကို အရှေ့ ဥရောပဘာသာစကားများဖြစ်သော အယ်လ်ဘေးနီးယား၊ ခရိုအေးရှား၊ ဟန်ဂေရီ၊ မက္ကဆီဒိုးနီးယား၊ ပိုလန်၊ ရုရှား၊ ဆားဗီးယားနှင့် စလိုဗေးနီးယားဘာသာစကားများဖြင့်ပင် ရရှိနိုင်သည်။ အထူးသဖြင့် ဆိုဗီယက်ယူနီယံတွင် စည်းဝေးပွဲကြီးခုနစ်ခုကိုတက်ရောက်ခဲ့သူ ၇၄,၀၀၀ တို့က ရုရှားဘာသာစကားဖြင့်ရရှိကြခြင်းအတွက် ပျော်ရွှင်ကြသည်။
စာအုပ်၏မူလအစ
စာအုပ်ပါအကြောင်းများမှာ ၁၉၈၅ ခုနှစ်၊ ဧပြီ ၁ ရက်ထုတ်မှစ၍ ၁၄၉ ကြိမ်ဆက်တိုက်ပါရှိသော ကင်းမျှော်စင် မဂ္ဂဇင်းပါအကြောင်းများဖြစ်သည်။ စာဖတ်သူများစွာတို့က ထိုအခန်းဆက်အကြောင်းအရာတို့သည် ၁၉၉၁ ခုနှစ်၊ ဇွန်လထုတ်တွင် ပြီးသွားသဖြင့် ဝမ်းနည်းကြောင်းပြောကြသည်။ အီတလီနိုင်ငံတွင် အသက် ၁၂ နှစ်အရွယ်ရှိ မယ်လီဇာသည် ကင်းမျှော်စင် ပါနောက်ဆုံးအခန်းကိုဖတ်ပြီး မျက်ရည်ကျခဲ့သည်။ သူမက “ကျွန်မတို့ရဲ့ခရိုင်စည်းဝေးပွဲကြီးမတိုင်မီညက ယေရှုဘဝနဲ့ပတ်သက်တဲ့စာအုပ်တစ်အုပ်ကိုရရှိဖို့ ကျွန်မဆုတောင်းခဲ့တယ်။ အဲဒီစာအုပ်ကိုလည်းထုတ်ပြန်ရော ကျွန်မလက်တွေနာသွားတဲ့အထိ လက်ခုပ်တီးခဲ့တယ်။”
ကင်းမျှော်စင် တွင်ဆက်တိုက်ပါလာသောအကြောင်းအရာသည် တည်းဖြတ်ခံရပြီး ၄၄၈ မျက်နှာနှင့် အခန်း ၁၃၃ ခန်းပါရှိသော လှပသည့်ရုပ်ပုံများပါဝင်သည့်စာအုပ်အဖြစ် ဖွဲ့စည်းခံရသည်။ ယေရှုမိန့်တော်မူခဲ့သည့်စကားအားလုံး၊ ကိုယ်တော်၏ပုံဥပမာများနှင့်အံ့ဖွယ်အမှုအားလုံးအပါအဝင် ကိုယ်တော်၏မြေကြီးအသက်တာတွင် မှတ်တမ်းတင်လောက်သည့်အဖြစ်အပျက်အားလုံးကို ကြိုးစားတင်ပြထားသည်။ ဖြစ်နိုင်သရွေ့ အရာရာကို ဖြစ်ပျက်သည့်အစီအစဉ်အတိုင်းတင်ပြထားသည်။ အခန်းတိုင်၏အဆုံးတွင် ယင်းအခန်းကအခြေပြုထားသောကျမ်းချက်များကို ဖော်ပြထားသည်။
“ကင်းမျှော်စင် မှာပါတဲ့အခန်းဆက်ကို ကျွန်တော်ဖတ်ပြီးပြီဖြစ်လို့ ဒီစာအုပ်ကိုကျွန်တော်ဖတ်ပြီးသားဖြစ်နေပြီ” ဟုတစ်စုံတစ်ဦးကပြောပေမည်။ သို့သော် ကင်းမျှော်စင် ဖတ်သူများသည် ခြောက်နှစ်ကျော်ကာလအတွင်း နှစ်ပတ်တစ်ကြိမ်သာပါရှိသော ယေရှုဘဝအကြောင်းအပိုင်းအစကလေးကိုသာ ဖတ်ရှုရခြင်းဖြစ်သည်။ အခန်းဆက်ပုံစံဖြင့်ဖော်ပြသောဆောင်းပါးများသည် အသိပညာပေးသော်လည်း အကြောင်းအရာအားလုံးကို အချိန်တိုအတွင်းဖတ်ရပြီး အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား၏အသွင်အပြင်ကို အပြည့်အဝမြင်လိုက်ရခြင်းသည် မည်မျှစိတ်လှုပ်ရှားဖွယ်ကောင်းသည်ကိုစဉ်းစားကြည့်ပါ။
ယုံကြည်ခြင်းကိုခိုင်မာစေ
ယူအက်စ်အေ၊ ဝါရှင်တန်ဒီစီရှိအမျိုးသမီးတစ်ဦးက “နှစ်ပတ်အတွင်း အဲဒီစာအုပ်ကိုကျွန်မဖတ်ပြီးသွားတယ်။ ဖတ်နေတုန်း မျက်ရည်တွေကျခဲ့ရတယ်။ စာဖတ်တာကိုရပ်လိုက်ပြီး ဆုတောင်းပြီးငိုခဲ့တယ်။ ယေရှုအနားမှာကျွန်မရှိနေသလိုပဲဖြစ်နေခဲ့တယ်။ ကိုယ်တော့်လိုပဲလိုက်ခံစားခဲ့ရတယ်။ စာအုပ်ဖတ်ပြီးလို့တစ်ပတ်ကြာတာတောင် ဖတ်ပြီးခဲ့တာတွေကိုပြန်စဉ်းစားတဲ့အခါမှာ ကျွန်မမျက်ရည်ကျနေရတုန်းပါပဲ။ သားတော်ကိုပေးခဲ့တဲ့အစီအစဉ်အတွက် ယေဟောဝါနဲ့ကျွန်မပိုရင်းနှီးလာသလိုခံစားရတယ်” ဟုပြန်ပြောပြသည်။
ယူအက်စ်အေ၊ ပဲင်လ်စီဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့မှအမျိုးသမီးတစ်ဦးက “ဒီနေ့ အဲဒီစာအုပ်ကိုကျွန်မဖတ်ပြီးတယ်။ သိပ်အံ့ဩစရာကောင်းတဲ့စာအုပ်ပဲ။ နောက်ဆုံးအခန်းအနည်းငယ်ကိုကျွန်မဖတ်တဲ့အခါ မျက်ရည်ကျခဲ့ရတယ်။ စာအုပ်ကို တစ်ခါတည်းဖတ်လိုက်ရတာ သိပ်ကောင်းတယ်။ အဲဒီစာအုပ်နဲ့ပတ်သက်လို့ ကျွန်မဘယ်လိုခံစားရတယ်ဆိုတာ မပြောပြနိုင်တော့ပါဘူး။ ပြောနိုင်တာကတော့ အဲဒီစာအုပ်ကို ကျွန်မမြတ်နိုးတယ်” ဟုစာရေးသည်။
စာအုပ်တွင်ပါသောလှပသည့်ရုပ်ပုံများကလည်း စိတ်ပိုင်းဆိုင်ရာကို အလွန်ထိမိစွဲငြိစေသည်။ စာဖတ်သူတစ်ဦးက ကျေးဇူးတင်စွာဖြင့် ဤသို့ပြောသည်။ “သေသွားတဲ့ကလေးအတွက် (အခန်း ၄၇) ငိုနေကြတာကို တကယ်ပဲကြားရတော့မလောက် ဒါမှမဟုတ် သွေးသွန်တဲ့မိန်းမကယေရှုကိုတို့လိုက်ပြီး (အခန်း ၄၆) ရောဂါပျောက်သွားတဲ့အခါ ကိုယ်တော်ဘာတွေစဉ်းစားနေခဲ့သလဲဆိုတာ ကျွန်တော်တို့သိနေသလိုပါပဲ။ သူတို့မျက်နှာအမူအယာတွေဟာ တကယ်ခံစားရလောက်အောင် ပီပြင်ပါတယ် . . . ဒီစာအုပ်ကိုဖတ်ရတာ အလုပ်တစ်ခုလိုဖြစ်မဲ့အစား ကျွန်တော့်ရဲ့တစ်နေ့တာအဆုံးမှာ အပန်းဖြေမှု ဒါမှမဟုတ် ပေးကမ်းမှုတစ်ခုလိုဖြစ်စေပါတယ်။ ဒီစာအုပ်ကို အလွယ်တကူနားလည်အောင် ရေးသားထားတဲ့အတွက် ယေရှု လုပ် ခဲ့တဲ့အရာကိုသာမက ယေရှုရဲ့ အတွေး နဲ့ ခံစားချက် ကိုပါ ကွင်းကွင်းကွက်ကွက်သိစေပါတယ်။”
နည်းအမျိုးမျိုးဖြင့်အသုံးပြုခြင်း
အချို့ မိသားစုလေ့လာမှုအစီအစဉ်တွင် စတင်အသုံးပြုနေကြသည်။ အမေရိကန်နိုင်ငံ၊ အော်ရီဂန်ပြည်နယ်၊ စေလ်ဗာတန်မြို့နေ မိဘဖြစ်သူများ ဤသို့စာရေးလိုက်သည်။ “ကျွန်တော်တို့ ကလေးသုံးယောက်ရှိပါတယ်။ ဒီစာအုပ်ဟာ ကျွန်တော်တို့ရဲ့ ‘ညစဉ်မိသားစုလေ့လာမှု’ ကိုပြည့်စုံစေပါတယ်။ ကျွန်တော်တို့ရဲ့ မေတ္တာအရှင်ဘုရင်ယေရှုခရစ်တော်ရဲ့ နောက်ခံသမိုင်းကို ဂရုတစိုက်လေ့လာရတာ ဘယ်လောက်သင့်တော်သလဲ။”
ဂျပန်နိုင်ငံမှ ဆယ်ကျော်သက်တစ်ဦးက “ကျွန်တော်တို့ ညနေစာစားပြီးလို့ နားကြတဲ့အခါ အဖေကဖတ်ပြတယ်။ မိသားစုလိုက်တော့ ကျွန်တော်တို့အစကနေဖတ်ကြတယ်။ ဒါပေမယ့် ကျွန်တော်ကတော့ အိပ်ရာမဝင်ခင် စာအုပ်နောက်ဖက်ကနေ တစ်ညတစ်ခန်းဖတ်ဖို့ ဆုံးဖြတ်တယ်။ စာအုပ်က ဘယ်လောက်စိတ်ဝင်စားဖို့ကောင်းသလဲဆိုရင် မနက်တစ်နာရီထိုးတာတောင် ကျွန်တော်သတိမထားမိလိုက်ဘူး။”
အချို့က မှတ်တမ်းတွင်အသေးစိတ်အချက်အလက်များပါဝင်သောကြောင့် အံ့အားသင့်ကြသည်။ သက်သေခံတစ်ဦးက “ကျွန်တော်မသိခဲ့တဲ့အရာများစွာကို သိလာရတယ်” ဟုစာရေးခဲ့သည်။ ယူအက်စ်အေ၊ ကယ်လီဖိုးနီးယားမှ စာတစ်စောင်က “ကျွန်တော်နဲ့ကျွန်တော့်ဇနီးတို့ဟာ သမ္မာတရားထဲမှာ ၃၅ နှစ်ကြာသွားပါပြီ။ ကျွန်တော်တို့ရိုးရိုးသားသားပြောနိုင်တာက ဒီစာအုပ်လို စိတ်လှုပ်ရှားတက်ကြွစေတဲ့စာအုပ်မျိုး ကျွန်တော်တို့လက်ထဲမှာ တစ်ခါမှမရှိဖူးသေးဘူး။”
ယေရှုကို ယေဟောဝါသက်သေများမယုံကြည်ကြဟူသော မုသားကိုတိုက်ဖျက်ရန် ဤစာအုပ်က ကူညီပါလိမ့်မည်။ စာဖတ်သူတစ်ဦး ကျေးဇူးတင်စွာဖြင့် ဤသို့မှတ်ချက်ချသည်။ “ယေဟောဝါရဲ့လူတွေဟာ ယေရှုကိုမယုံကြည်ကြဘူး ဒါမှမဟုတ်မချီးမွမ်းကြဘူးလို့ ပြောကြတဲ့သူတွေမသိတဲ့အချက်ကို အကောင်းဆုံးထုချေနိုင်တဲ့ စာအုပ်ဖြစ်လို့ ကျွန်တော့်လက်ကကိုမချနိုင်ဘူး။ အခု ကျွန်တော်တို့လုပ်သင့်တာက ဒီအဖြေတွေကို မသိတဲ့လူတွေရဲ့လက်ထဲထည့်ပေးလိုက်ခြင်းပဲ။”
ဤစာအုပ်သည် ယေဟောဝါသက်သေတို့၏ ဓမ္မအမှုဆောင်ခြင်းတွင် အရေးပါအရာရောက်မည်မှာ သေချာပါသည်။ သက်သေခံတစ်ဦးက “ကျွန်မကျမ်းစာသင်နေတဲ့အမျိုးသမီးကို ဒီစာအုပ်တစ်အုပ်ပေးလိုက်တယ်။ သူမအပေါ်အကျိုးသက်ရောက်ပုံကတော့ တကယ့်ကိုအံ့သြစရာပဲ။ သူကျမ်းစာသင်နေတာ တစ်နှစ်လောက်ရှိပြီ၊ ဒါပေမယ့် သူ့ကိုအစည်းအဝေးတစ်ခါမှခေါ်လို့မရဘူး” ဟုစာရေးလာသည်။ စာအုပ်သစ် အခန်း ၄၅ ခန်းစလုံးကို ကျမ်းစာကျောင်းသားဖတ်ပြီးသောအခါတွင် ဤသို့ သက်သေခံဆက်၍ရှင်းပြသည်။ “ခွန်အားယူရမဲ့အချိန်ဖြစ်တဲ့ တနင်္ဂနွေအစည်းအဝေးကို သူမတက်မယ်လို့ ကျွန်မကိုပြောပါတယ်။”
တန်ဖိုးအသွင်အပြင်
ရလဒ်အားဖြင့် အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်သည် ခရစ်ဝင်ကျမ်းများ၏အဓိပ္ပာယ်ကိုဖွင့်ပေးသည်။ ယေရှုပြောခဲ့သည့်အရာများနှင့် သွန်သင်ခဲ့သည့်အရာများ၏ ရှင်းလင်းဖွင့်ဆိုချက်များကို တင်ပြထားသောကြောင့် လေ့လာမှုပြုရန်တန်ဖိုးရှိကိရိယာတစ်ခုအဖြစ် အသုံးပြုနိုင်သည်။ အကြောင်းမှာ ယင်းသည် သမ္မာကျမ်းစာအဖြစ်အပျက်များကို အနီးစပ်ဆုံးအခြေပြုထားသောကြောင့်ဖြစ်သည်။
အထူးတလည်ကောင်းမွန်သောအသွင်အပြင်တစ်ခုမှာ အခြေခံအားဖြင့် အကြောင်းအရာအားလုံးကို ခုနှစ်သက္ကရာဇ်စဉ်အတိုင်းဖော်ပြထားခြင်းဖြစ်သည်။ စာရွက်ကို အာရုံစိုက်၍လှန်ကြည့်သွားရုံမျှဖြင့် ယေရှု၏ဓမ္မအမှုဆောင်ခြင်းကာလအတွင်း မည်သည့်အဖြစ်အပျက်သည် မည်သည့်အချိန်တွင်ဖြစ်ပျက်ခဲ့သည်ကို ဖော်ပြကြောင်းသိရှိနိုင်သည်။ ခရစ်ဝင်ကျမ်းဖတ်သူများသည် ခြားနားဟန်ရှိသည့်အချက်များကို အတိုက်အခံပြုပြောဆိုကြသည်။ စာအုပ်အသစ်က ယင်းသို့ခြားနားစေမည့်အစား သဟဇာတဖြစ်အောင် တင်ပြထားသည်။
ခရစ်ယာန်တစ်ဦးအနေနှင့် သစ္စာရှိပုံသက်သေကောင်းယေရှုခရစ်၏ဘဝကို ဂရုတစိုက်လေ့လာခြင်းကို ကျွန်ုပ်တို့မရှောင်လွဲလိုကြပါ။ ထို့ကြောင့် အသက်ရှင်ခဲ့သမျှတွင်အကြီးမြတ်ဆုံးလူသား စာအုပ်၏အကူအညီအားဖြင့် ခရစ်ဝင်ကျမ်း၏မှတ်တမ်းများကို အသေးစိတ်စဉ်းစားဆင်ခြင်ကြစို့။