မိသားစုများအတွက် အကူအညီ
၁။ ပတ်စဉ်ဥပုသ်နေ့ကြောင့် အစ္စရေးမိသားစုတွေ ဘယ်လို အကျိုးခံစားခဲ့ကြရသလဲ။
၁ ဥပုသ်စောင့်ခြင်းက ယေဟောဝါရဲ့မေတ္တာပါ ပြင်ဆင်ပေးချက်တစ်ခုဖြစ်ပြီး မိသားစုတွေကို အကျိုးခံစားရစေတယ်။ အစ္စရေးလူမျိုးက သူတို့ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကနေ အနားရပြီး ယေဟောဝါရဲ့ကောင်းမြတ်ခြင်း၊ ကိုယ်တော်နဲ့ သူတို့ရဲ့ဆက်ဆံရေးကို ပြန်တွေးတောဆင်ခြင်ဖို့ အချိန်ရစေတယ်။ မိဘတွေက သူတို့ရဲ့ကလေးတွေကို ဘုရားသခင့်ပညတ်တော်တွေအကြောင်း သွန်သင်ပေးဖို့ အခွင့်အရေးရတယ်။ (တရား. ၆:၆၊ ၇) ဥပုသ်နေ့တွေက ဘုရားသခင်ရဲ့လူမျိုးကို ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေးကို အာရုံစိုက်ဖို့ ပတ်စဉ်အချိန်ရစေတယ်။
၂။ ဥပုသ်နေ့က ယေဟောဝါအကြောင်း ကျွန်ုပ်တို့ကို ဘာသင်ပေး သလဲ။
၂ အခုချိန်မှာတော့ မိသားစုတွေ ဥပုသ်စောင့်ဖို့ ယေဟောဝါ မတောင်းဆိုတော့တာ မှန်ပါတယ်။ ဒါပေမဲ့ ဒီပညတ်က ဘုရားသခင်နဲ့ပတ်သက်တဲ့ အချက်တစ်ချက် သင်ပေးတယ်။ ယေဟောဝါက မိမိလူမျိုးတွေ မိမိနဲ့ရင်းနှီးတဲ့ဆက်ဆံရေးရှိခြင်းကနေ အကျိုးရရှိဖို့ အမြဲစိတ်ဝင်စားတော်မူတယ်။ (ဟေရှာ. ၄၈:၁၇၊ ၁၈) ယနေ့အချိန်မှာလည်း ကိုယ်တော် မေတ္တာပါပါ စိတ်ဝင်စားကြောင်း တင်ပြတဲ့နည်းတစ်နည်းက မိသားစုဝတ်ပြုမှုညချမ်း စီစဉ်ပေးခြင်းဖြစ်တယ်။
၃။ မိသားစုဝတ်ပြုမှုညချမ်းရဲ့ ရည်ရွယ်ချက်က ဘာလဲ။
၃ မိသားစုဝတ်ပြုမှုညချမ်းရဲ့ရည်ရွယ်ချက်ကဘာလဲ။ ၂၀၀၉၊ ဇန်နဝါရီလကစပြီး အသင်းတော်စာအုပ်ကြီးသင်တန်းကို သီအိုကရက်တစ်ဓမ္မအမှုကျောင်း၊ လုပ်ငန်းတော်အစည်းအဝေးနဲ့ပေါင်းပြီး တစ်ရက်တည်းမှာ ကျင်းပခဲ့တယ်။ ဒီလို ပြုပြင်ပြောင်းလဲရတဲ့အကြောင်းရင်းတစ်ခုက ပတ်စဉ် သတ်မှတ်ထားတဲ့ ညနေခင်းတစ်ခုမှာ မိသားစုဝတ်ပြုမှုအတွက် ဇယားဆွဲထားခြင်းအားဖြင့် မိသားစုတစ်ခုလုံး ယေဟောဝါနဲ့ဆက်ဆံရေး ခိုင်မြဲလာစေဖို့ဖြစ်တယ်။ ဖြစ်နိုင်မယ်ဆိုရင် အရင်က စာအုပ်ကြီးသင်တန်းလုပ်ခဲ့တဲ့ညမှာ မိသားစုလေ့လာမှုလုပ်ဖို့အတွက် မိသားစုတိုင်းကို အားပေးခဲ့တယ်၊ အဲဒီအချိန်မှာ ကျမ်းစာကို အလောတကြီးမဟုတ်ဘဲ အေးအေးဆေးဆေး လေ့လာပြီး မိသားစုလိုအပ်ရာတွေကို ဆွေးနွေးနိုင်ပါတယ်။
၄။ မိသားစုက သူတို့ရဲ့ဆွေးနွေးမှုကို တစ်နာရီပဲ ကန့်သတ်ထားရမလား။ ရှင်းပြပါ။
၄ အသင်းတော်စာအုပ်ကြီးသင်တန်းကို တက်ရာမှာ အဝတ်အစားလဲဖို့၊ သွားလာဖို့ စတဲ့အရာတွေအတွက် အချိန်ပေးရတယ်။ ကျွန်ုပ်တို့အများစုက တစ်နာရီကြာတဲ့အစည်းအဝေးကို တက်နိုင်ဖို့ အချိန်အများကြီးပေးခဲ့ရတယ်။ အစည်းအဝေးအစီအစဉ်အပြောင်းအလဲကြောင့် အခုဆိုရင် ဒီညနေမှာ မိသားစုလိုက် ယေဟောဝါကိုဝတ်ပြုဖို့ အခွင့်အရေးရရှိကြတယ်။ ဒါကြောင့် မိသားစုဝတ်ပြုမှုညချမ်းကို တစ်နာရီပဲလုပ်မယ်လို့ ကန့်သတ်မထားသင့်ဘူး။ အဲဒီအစား မိသားစုလိုအပ်ရာ၊ အခြေအနေတွေကို ထည့်တွက်သုံးသပ်ပြီး မိသားစုဝတ်ပြုမှုအတွက် အချိန်ဘယ်လောက်ပေးနိုင်သလဲဆိုတာ ဆုံးဖြတ်သင့်တယ်။
၅။ တစ်ချိန်လုံး အုပ်စုလိုက်ဆွေးနွေးရမလား။ ရှင်းပြပါ။
၅ တစ်ချိန်လုံး အုပ်စုလိုက်ဆွေးနွေးရမလား။ အိမ်ထောင်သည်မောင်နှံတွေနဲ့ ကလေးရှိတဲ့မိသားစုတွေက ကျမ်းစာအကြောင်း အတူတကွဆွေးနွေးတဲ့အခါ တစ်ဦးကိုတစ်ဦး အားပေးရာရောက်တယ်။ (ရော. ၁:၁၂) မိသားစုဝင်တွေလည်း ပိုပြီး ရင်းနှီးလာတယ်။ ဒါကြောင့် မိသားစုဝတ်ပြုမှုညချမ်းမှာ ကျမ်းစာအကြောင်းဆွေးနွေးတာက အရေးအကြီးဆုံးကဏ္ဍဖြစ်သင့်တယ်။ ဒါပေမဲ့ မိသားစုဝင်ယောက်တိုင်းက ကိုယ်ပိုင်လေ့လာမှုအတွက်လည်း အချိန်ယူနိုင်တယ်။ ဥပမာ၊ အုပ်စုလိုက်ဆွေးနွေးပြီးတဲ့နောက် မိသားစုလိုက် အတူရှိနေပြီး တစ်ဦးချင်းစီက အစည်းအဝေးတွေအတွက်ပြင်ဆင် ဒါမှမဟုတ် မဂ္ဂဇင်းတွေဖတ်နိုင်ပါတယ်။ တချို့မိသားစုတွေက အဲဒီညမှာ ရုပ်မြင်သံကြားမဖွင့်ဖို့ ဆုံးဖြတ်ကြတယ်။
၆။ ဆွေးနွေးမှုကို ဘယ်လိုပြုလုပ်နိုင်သလဲ။
၆ ဆွေးနွေးမှုကို ဘယ်လိုပြုလုပ်သင့်သလဲ။ မေးဖြေဆွေးနွေးမှုကိုပဲ တစ်သမတ်တည်း လုပ်စရာမလိုဘူး။ မိသားစုများစွာက မိသားစုဝတ်ပြုမှုညချမ်းကို ပျော်စရာ၊ စိတ်ဝင်စားစရာဖြစ်အောင် သီအိုကရက်တစ်ကျောင်းနဲ့ လုပ်ငန်းတော်အစည်းအဝေး အစီအစဉ်ပုံစံမျိုး ပြုလုပ်ကြတယ်။ ဆွေးနွေးမှုကို အပိုင်းတွေခွဲပြီး နည်းလမ်းမျိုးစုံနဲ့ ပြုလုပ်ကြတယ်။ ဥပမာ၊ မိသားစုလိုက် အတူတကွ ကျမ်းစာဖတ်နိုင်တယ်၊ အစည်းအဝေးအစီအစဉ် အပိုင်းတစ်ခုကို ပြင်ဆင်နိုင်ပြီး ဓမ္မအမှုအတွက် လက်တွေ့လေ့ကျင့်နိုင်တယ်။ စာမျက်နှာ ၆ မှာ အကြံပြုချက်တချို့ ပေးထားတယ်။
၇။ ဘယ်လို ဝန်းကျင်အခြေအနေမျိုးဖြစ်အောင် မိဘတွေ ပြုလုပ်သင့်သလဲ။
၇ ဘယ်လို ဝန်းကျင်အခြေအနေမျိုးဖြစ်အောင် မိဘတွေ ပြုလုပ်သင့်သလဲ။ ချစ်ချစ်ခင်ခင်နဲ့ သက်သောင့်သက်သာရှိတဲ့ဝန်းကျင်မှာ မိသားစုက ကောင်းကောင်း သင်ယူနိုင်တယ်။ အကယ်၍ ရာသီဥတုသာယာတယ်ဆိုရင် အိမ်ပြင်ဘက်မှာ လေ့လာမှုပြုလုပ်နိုင်တယ်။ လိုအပ်လာမယ်ဆိုရင် အနားပေးပါ။ တချို့မိသားစုတွေက လေ့လာမှုပြီးတဲ့အခါ အဆာပြေစားသောက်ကြတယ်။ မိသားစုဝတ်ပြုမှုညချမ်းမှာ မိဘတွေက ကလေးတွေကို ဆူပူတာ၊ ဆုံးမတာမျိုး မလုပ်ဘဲ အဲဒီလိုလုပ်ဖို့ လိုအပ်တယ်ဆိုရင် တခြားအချိန်မှာ လုပ်မှာဖြစ်တယ်။ တစ်ယောက်ချင်းစီဆုံးမဖို့လိုတယ်ဆိုရင် မွေးချင်းတွေရှေ့မှာ အရှက်မရစေဖို့ တခြားအချိန်မှာ သီးသန့်ဆုံးမတာက အကောင်းဆုံးဖြစ်တယ်။ မိသားစုဝတ်ပြုမှုညချမ်းက ငြီးငွေ့စရာကောင်းပြီး တင်းကျပ်တာမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့ဝတ်ပြုတဲ့ဘုရားက ပျော်ရွှင်တဲ့ဘုရားဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှားသင့်တယ်။—၁ တိ. ၁:၁၁။
၈၊ ၉။ အိမ်ထောင်ဦးစီးတွေက ဘယ်လိုကြိုတင်ပြင်ဆင်မှု ပြုလုပ်ဖို့လိုသလဲ။
၈ အိမ်ထောင်ဦးစီးက ဘယ်လိုပြင်ဆင်နိုင်သလဲ။ မိသားစုဝတ်ပြုမှုညချမ်းမှာ ဘယ်အကြောင်းကိုဆွေးနွေးမယ်၊ ဘယ်လိုပုံစံနဲ့ဆွေးနွေးမယ်ဆိုတာကို အိမ်ထောင်ဦးစီးက ကြိုတင်ပြင်ဆင်ထားမယ်ဆိုရင် မိသားစုက အကျိုးအပြည့်အဝရရှိမှာဖြစ်တယ်။ (သု. ၂၁:၅) ဒီအကြောင်းကို ဇနီးသည်နဲ့ တိုင်ပင်မှာဖြစ်တယ်။ (သု. ၁၅:၂၂) တစ်ခါတလေ ကလေးတွေရဲ့သဘောထားကိုလည်း မေးနိုင်တယ်။ အဲဒီလိုလုပ်မယ်ဆိုရင် သူတို့ရဲ့ စိတ်ဝင်စားရာတွေနဲ့ သူတို့စိုးရိမ်နေတဲ့အချက်တွေကို သိရမှာဖြစ်တယ်။
၉ များသောအားဖြင့်တော့ အိမ်ထောင်ဦးစီးတွေက ကြိုတင်ပြင်ဆင်ဖို့ အချိန်အများကြီး မရနိုင်ဘူး။ မိသားစုပုံမှန်လုပ်နေကျအတိုင်း လုပ်သွားနိုင်တယ်၊ အိမ်ထောင်ဦးစီးတွေက အပတ်တိုင်း အစီအစဉ်ကို အသစ်အဆန်းဖြစ်အောင် အမြဲပြောင်းလဲနေဖို့မလိုဘူး။ မိသားစုဝတ်ပြုမှုညချမ်းပြီးတဲ့နောက် မိသားစုရဲ့လိုအပ်ရာတွေကိုသိရှိပြီး ပြင်ဆင်ခြင်းကလည်း အကျိုးရှိနိုင်ပါတယ်။ အိမ်ထောင်ဦးစီးတချို့က ဆွေးနွေးမယ့်အကြောင်းအရာကို ရေးထားပြီး မိသားစုဝင်တွေ မြင်သာတဲ့နေရာမှာ ကပ်ထားကြတယ်။ ဒီလိုလုပ်တာက မိသားစုဝင်တွေကို စိတ်လှုပ်ရှား၊ မျှော်လင့်စောင့်စားစေပြီး လိုအပ်မယ်ဆိုရင် ပြင်ဆင်ဖို့ အချိန်ရစေတယ်။
၁၀။ တစ်ယောက်တည်းနေတဲ့သူတွေက မိသားစုဝတ်ပြုမှုညချမ်းကို ဘယ်လိုပြုလုပ်ကြသလဲ။
၁၀ တစ်ဦးတည်းဖြစ်နေမယ်ဆိုရင်ကော။ တစ်ယောက်တည်းနေတဲ့သူကတော့ မိသားစုဝတ်ပြုမှုညချမ်းမှာ ကိုယ်ပိုင်လေ့လာမှုလုပ်နိုင်တယ်။ ကိုယ်ပိုင်လေ့လာမှုအစီအစဉ်ကောင်းမှာ ကျမ်းစာဖတ်တာ၊ အစည်းအဝေးတွေအတွက်ပြင်ဆင်တာ၊ ကင်းမျှော်စင်၊ နိုးလော့! တွေဖတ်တာ ပါဝင်သင့်တယ်။ ကြေညာသူတချို့က ဒီအချိန်မှာ သူတို့ရဲ့ကိုယ်ပိုင်လေ့လာမှု သီးသန့်အစီအစဉ်တစ်ခုကို ပြုလုပ်ကြတယ်။ တစ်ခါတလေ သူတို့က တခြားကြေညာသူတစ်ဦး ဒါမှမဟုတ် မိသားစုတစ်စုကို ဖိတ်ခေါ်ပြီး တည်ဆောက်မှုဖြစ်စေတဲ့ ကျမ်းစာလေ့လာမှုတစ်ခုကို ပြုလုပ်လိုကြမှာဖြစ်တယ်။
၁၁၊ ၁၂။ ပုံမှန်မိသားစုဝတ်ပြုမှုပြုလုပ်ခြင်းရဲ့ အကျိုးကျေးဇူးတချို့က ဘာတွေလဲ။
၁၁ မိသားစုဝတ်ပြုမှုညချမ်းကို ပုံမှန်ပြုလုပ်ခြင်းကနေ ဘယ်လိုအကျိုးကျေးဇူးတွေ ခံစားရသလဲ။ စစ်မှန်တဲ့ဝတ်ပြုရေးမှာ စိတ်နှလုံးအကြွင်းမဲ့ ပါဝင်တဲ့သူတွေက ယေဟောဝါနဲ့ ပိုရင်းနှီးလာတယ်။ ဒါ့အပြင် မိသားစုလိုက် အတူတကွဝတ်ပြုတဲ့အတွက် မိသားစုနှောင်ကြိုး ပိုခိုင်မြဲလာတယ်။ အိမ်ထောင်သည်မောင်နှံတစ်စုံက သူတို့ရရှိတဲ့ ကောင်းချီးတွေနဲ့ပတ်သက်ပြီး ဒီလိုရေးခဲ့တယ်– “ကလေးမရှိတဲ့ ရှေ့ဆောင်မောင်နှံစုံဖြစ်တဲ့ ကျွန်တော်တို့ဟာ မိသားစုဝတ်ပြုမှုညချမ်းကိုပဲ မျှော်နေကြတယ်။ ကျွန်တော်တို့အချင်းချင်းရော၊ ကောင်းကင်ခမည်းတော်နဲ့ပါ ပိုရင်းနှီးလာတယ်လို့ ခံစားရတယ်။ မိသားစုဝတ်ပြုမှုလုပ်မယ့်နေ့ရဲ့မနက်မှာ နိုးလာတဲ့အခါ ‘ဒီနေ့ ဘာနေ့လဲသိလား။ မိသားစုဝတ်ပြုမှုညချမ်းနေ့လေ’ လို့ တစ်ယောက်ကိုတစ်ယောက် ပြောကြတယ်။”
၁၂ မိသားစုဝတ်ပြုမှုညချမ်းအစီအစဉ်က အလုပ်များတဲ့ မိသားစုတွေအတွက်လည်း အထောက်အကူပြုတယ်။ သားနှစ်ယောက်ကို ကျွေးမွေးပြုစုရင်း မှန်မှန်ရှေ့ဆောင်လုပ်နေတဲ့ ကြင်ဖော်မဲ့မိခင်တစ်ဦး ဒီလိုပြောတယ်– “အရင်တုန်းကတော့ မိသားစုလေ့လာမှုကို မှန်မှန်မလုပ်ဖြစ်ခဲ့ဘူး။ ကျွန်မက မောပန်းနေလို့ ပြတ်တောင်းပြတ်တောင်းပဲ လုပ်ခဲ့တယ်။ ပုံမှန်ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာ စဉ်းစားလို့မရခဲ့ဘူး။ ဒါကြောင့် မိသားစုဝတ်ပြုမှုညချမ်း စီစဉ်ပေးတဲ့အတွက် အရမ်းကျေးဇူးတင်တဲ့အကြောင်း စာရေးလိုက်ပါတယ်။ မိသားစုလေ့လာမှုကို ပုံမှန်ပြုလုပ်နိုင်ခဲ့ပြီး အကျိုးတွေလည်း ခံစားနေရပြီ။”
၁၃။ ဒီအစီအစဉ်ကနေ သင့်မိသားစု ဘယ်လောက်အကျိုးရရှိတယ်ဆိုတာ ဘယ်အပေါ်မှာ မူတည်သလဲ။
၁၃ ဥပုသ်နေ့လို့ပဲ မိသားစုဝတ်ပြုမှုညချမ်းက မိသားစုတွေကို အထောက်အကူပြုတဲ့ ကောင်းကင်ခမည်းတော်ဆီက ဆုကျေးဇူးတစ်ခုဖြစ်တယ်။ (ယာ. ၁:၁၇) အစ္စရေးမိသားစုတွေ ယေဟောဝါနဲ့ သူတို့ရဲ့ဆက်ဆံရေး ဘယ်လောက်တိုးတက်လာတယ်ဆိုတာက ဥပုသ်နေ့ကို သူတို့အသုံးပြုပုံအပေါ် မူတည်တယ်။ အလားတူပဲ ကျွန်ုပ်တို့ရဲ့မိသားစု ဘယ်လောက်အကျိုးရတယ်ဆိုတာ မိသားစုဝတ်ပြုမှုအတွက်ပေးထားတဲ့ ညနေခင်းကို အသုံးပြုပုံအပေါ် မူတည်တယ်။ (၂ ကော. ၉:၆; ဂလ. ၆:၇၊ ၈; ကော. ၃:၂၃၊ ၂၄) ဒီအစီအစဉ်ကို ကောင်းစွာအသုံးပြုခြင်းအားဖြင့် သင့်မိသားစုက ဆာလံဆရာပြောခဲ့သလို ပြောနိုင်ပါတယ်– “အကျွန်ုပ်မူကား ဘုရားသခင့်ထံတော်သို့ချဉ်းကပ်၍ အကျိုးရှိပါ၏။ အမှုတော်ရှိသမျှတို့ကို ကြားပြောခြင်းအလိုငှာ အရှင်ထာဝရဘုရား၌ ခိုလှုံလျက်နေပါ၏။”—ဆာ. ၇၃:၂၈။
[စာမျက်နှာ ၅ ပါစာ]
မိသားစုဝတ်ပြုမှု ညချမ်းက ငြီးငွေ့စရာကောင်းပြီး တင်းကျပ်တာမျိုးမဟုတ်ဘဲ ကျွန်ုပ်တို့ဝတ်ပြုတဲ့ ဘုရားက ပျော်ရွှင်တဲ့ဘုရားဖြစ်တယ်ဆိုတာ ပေါ်လွင်ထင်ရှား သင့်တယ်
[စာမျက်နှာ ၆ ပါလေးထောင့်ကွက်]
သိမ်းထားပါ
မိသားစုဝတ်ပြုမှုညချမ်းအတွက် အကြံပြုချက်တချို့
သမ္မာကျမ်းစာ–
• ပတ်စဉ်ကျမ်းစာဖတ်ရှုခြင်းအစီအစဉ်ရဲ့ အပိုင်းတစ်ပိုင်းကို အတူတကွဖတ်ရှုပါ။ တချို့ကျမ်းစာမှတ်တမ်းတွေမှာ ဇာတ်ကြောင်းပြောသူနဲ့ ကျမ်းစာဇာတ်ကောင်တွေ ပါဝင်တယ်ဆိုရင် မိသားစုဝင်တွေက ဇာတ်ကောင်အလိုက် ဖတ်နိုင်ပါတယ်။
• ကျမ်းစာဖတ်ရှုခြင်းရဲ့ အပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ပါ။
• မိသားစုဝင်တစ်ဦးစီကို ဖတ်ရမယ့်ကျမ်းစာအခန်းကြီးတွေကို ကြိုတင်ပေးထားနိုင်ပြီး အဲဒီအကြောင်းအရာထဲကနေ မေးခွန်းတစ်ခု၊ နှစ်ခုကို ထုတ်နုတ်ခိုင်းပါ။ ပြီးတဲ့နောက် မေးခွန်းတွေကို အတူတကွလေ့လာပါ။
• ပတ်စဉ် ကျမ်းချက်တစ်ချက်ရေးထားတဲ့ ကတ်ပြားကိုသုံးပြီး အဲဒါကိုအလွတ်ရအောင်လုပ်ပြီး ရှင်းပြပါ။ ကတ်ပြားတွေကိုစုထားပြီး ကျမ်းချက်ဘယ်လောက်မှတ်မိတယ်ဆိုတာ အပတ်တိုင်း ပြန်သုံးသပ်ပါ။
• အသံသွင်းထားတဲ့ကျမ်းစာဖတ်ရှုခြင်းကို နားထောင်ပြီး ကျမ်းစာနဲ့လိုက်ကြည့်ပါ။
အစည်းအဝေးများ–
• အစည်းအဝေးတွေရဲ့အပိုင်းတစ်ပိုင်းကို အတူတကွပြင်ဆင်ပါ။
• လာမယ့်အပတ်မှာသီဆိုမယ့် နိုင်ငံတော်သီချင်းတွေကို လေ့ကျင့်ပါ။
• တစ်ယောက်ယောက်က သီအိုကရက်တစ်ကျောင်းမှာ ကျောင်းသားတာဝန်ရတယ်ဆိုရင် ဒါမှမဟုတ် လုပ်ငန်းတော်အစည်းအဝေးမှာ သရုပ်ပြတာဝန်ရတယ်ဆိုရင် ဘယ်လိုတင်ဆက်ရမယ်ဆိုတာဆွေးနွေးပြီး မိသားစုရှေ့မှာ အစမ်းလေ့ကျင့်ပါ။
မိသားစုလိုအပ်ရာများ–
• လူငယ်များအမေး ဒါမှမဟုတ် ကြီးမြတ်သောဆရာထံမှ သင်ယူပါစာအုပ်မှာပါတဲ့ အကြောင်းအရာကို ဆွေးနွေးသုံးသပ်ပါ။
• ကျောင်းမှာကြုံတွေ့ရနိုင်တဲ့ အခြေအနေတစ်ခုကို ဘယ်လိုဖြေရှင်းရမယ်ဆိုတာ လက်တွေ့လေ့ကျင့်ပါ။
• သားသမီးတွေက မိဘနေရာယူပြီး အကြောင်းအရာကို သုတေသနလုပ်ပြီး ရှင်းပြစေပါ။
ဓမ္မအမှု–
• စနေ၊ တနင်္ဂနွေအတွက် တင်ဆက်ပုံတွေကို ပြင်ဆင်ပြီး သရုပ်ပြပါ။
• သတိရအောက်မေ့ပွဲရာသီ ဒါမှမဟုတ် အားလပ်ရက်တွေမှာ မိမိတို့ရဲ့ဓမ္မအမှုကို တိုးချဲ့ခြင်းနဲ့ပတ်သက်တဲ့ မိသားစုရဲ့လက်တွေ့ကျပန်းတိုင်တွေကို ဆွေးနွေးပါ။
• ဓမ္မအမှုမှာမေးခံရနိုင်တဲ့ မေးခွန်းအမျိုးမျိုးကို ရှာဖွေလေ့လာဖို့ မိသားစုဝင်တွေကို အချိန်အနည်းငယ်ပေးပြီး လက်တွေ့လေ့ကျင့်ပါ။
ထပ်ဆင့်အကြံပြုချက်များ–
• နောက်ဆုံးထုတ်မဂ္ဂဇင်းမှာပါတဲ့ ဆောင်းပါးတစ်ပုဒ်ကို အတူတကွ ဖတ်ရှုပါ။
• မိသားစုဝင်တစ်ဦးစီကို နောက်ဆုံးထုတ်မဂ္ဂဇင်းမှာပါတဲ့ သူစိတ်ဝင်စားတဲ့ဆောင်းပါးတစ်ပုဒ်ကို ကြိုတင်ဖတ်ရှုစေပြီး အကြောင်းအရာတွေကို ပြောပြစေပါ။
• ကြေညာသူတစ်ဦး ဒါမှမဟုတ် မောင်နှံတစ်စုံကို ဖိတ်ခေါ်ပြီး အမှုဆောင်ခြင်းကနေရရှိတဲ့ တွေ့ ကြုံမှုတွေနဲ့ အမှန်တရားကို ဘယ်လိုရလာတယ်ဆိုတာ မေးမြန်းပါ။
• အဖွဲ့အစည်းထုတ် ဗီဒီယိုအခွေတစ်ခုကို ကြည့်ရှုပြီး ဆွေးနွေးပါ။
• နိုးလော့! ထဲက “လူငယ်များအမေး” ဆောင်းပါးတွေကို အတူတကွ ဆွေးနွေးပါ။
• ကင်းမျှော်စင်ထဲက “သားသမီးတို့ကို သွန်သင်လော့” ဒါမှမဟုတ် “လူငယ်စာရှုသူများအတွက်” ဆောင်းပါးတွေကို အတူတကွဆွေးနွေးပါ။
• နောက်ဆုံးထုတ်နှစ်ချုပ်စာအုပ်ထဲက အပိုင်းတစ်ပိုင်း ဒါမှမဟုတ် ပြီးခဲ့တဲ့ခရိုင်စည်းဝေးမှာ ထုတ်ဝေခဲ့တဲ့စာအုပ်တစ်အုပ်ကို ဖတ်ပြီးဆွေးနွေးပါ။
• ခရိုင်စည်းဝေးကြီး ဒါမှမဟုတ် စည်းဝေးပွဲတစ်ခုတက်ပြီးတဲ့နောက် ပေါ်လွင်ချက်တွေကို ပြန်လည်သုံးသပ်ပါ။
• ယေဟောဝါရဲ့ဖန်ဆင်းခြင်းလက်ရာတော်တွေကို ကြည့်ရှုပြီး ဒါက ယေဟောဝါအကြောင်း ဘာတွေသင်ပေးသလဲဆိုတာ ဆွေးနွေးပါ။
• ပုံစံငယ်၊ မြေပုံ ဒါမှမဟုတ် ဇယားတစ်ခုကို ရေးဆွဲရာမှာ အတူတကွလုပ်ဆောင်ပါ။