ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၇/၁ စာ. ၂၃-၂၇
  • ဆင်းရဲလွန်းခြင်းမှအချမ်းသာဆုံးသို့

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဆင်းရဲလွန်းခြင်းမှအချမ်းသာဆုံးသို့
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • သာ၍ကောင်းသောအရာကို ရှာဖွေခြင်း
  • သမ္မာကျမ်းစာမျှော်လင့်ချက်ကြောင့်ဝမ်းသာပီတိဖြစ်ခဲ့
  • ဧည့်ဝတ်ပြုခြင်းဖြင့်အကျိုးရရှိခဲ့
  • နှိပ်စက်ညှဉ်းပန်းခြင်းကို ကြံ့ကြံ့ခံခြင်း
  • အချမ်းသာဆုံး၌ပျော်မွေ့ခြင်း
  • ဘုရားသခင့် မဟာကရုဏာကို နည်းလမ်းမျိုးစုံနဲ့ ခံစားခဲ့ရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၇
  • ယေဟောဝါ၏ဖိတ်ခေါ်ချက်များကိုလက်ခံခြင်းက ဆုကျေးဇူးများရရှိစေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ယေဟောဝါ၏လုပ်ငန်းတော်၌ အံ့အားသင့်စရာများဖြင့် အသက်တာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၇/၁ စာ. ၂၃-၂၇

ဆင်းရဲလွန်းခြင်းမှအချမ်းသာဆုံးသို့

မဲန်နွယ်လ် ဒရက်ရှူး အာလ်မေးဒါပြောပြသည်

၁၉၁၆၊ အောက်တိုဘာလတွင် ကျွန်တော့်ကိုမွေးဖွားခဲ့သည်၊ သားသမီး ၁၇ ယောက်ထဲတွင် အငယ်ဆုံးဖြစ်သည်။ ကျွန်တော့်အထက်မှမောင်နှမကိုးယောက်သည် ကျန်းမာရေးချူချာကာ အာဟာရချို့တဲ့ပြီး သေဆုံးခဲ့သည့်အတွက် သူတို့ကို ကျွန်တော်တစ်ခါမျှမတွေ့ခဲ့ဖူးပါ။ ကျန်သောကျွန်တော်တို့မောင်နှမရှစ်ယောက်သည် ပေါ်တူဂီနိုင်ငံ၊ ပိုတူအနီးရှိ ရွာငယ်လေးတွင် မိဘများနှင့်အတူ နေထိုင်ခဲ့ကြသည်။

ကျွန်တော်တို့ရဲ့ အိမ်စုတ်လေးမှာ ဧည့်ခန်းငယ်တစ်ခန်းနဲ့ အိပ်ခန်းတစ်ခန်းရှိတယ်။ သောက်ရေကို နှစ်ဖာလုံနီးပါးဝေးတဲ့ရေတွင်းကနေသွားခပ်ရပြီး ကျွန်တော်တို့ရဲ့ချက်ပြုတ်ခြင်း အသုံးအဆောင်တွေဟာ ခေတ်နောက်ကျခဲ့တယ်။

ကျွန်တော့်အစ်ကိုတွေ အလုပ်လုပ်နိုင်တဲ့အရွယ်ရောက်တာနဲ့ ပြောင်းခင်းတွေထဲမှာ စအလုပ်ဆင်းရတော့တာပဲ။ သူတို့ရဲ့ဝင်ငွေက မိသားစုစားဖို့သောက်ဖို့အတွက် အထောက်အကူဖြစ်ခဲ့တယ်။ သူတို့ရဲ့အကူအညီနဲ့ သားသမီးတွေထဲမှာ ကျွန်တော်တစ်ယောက်ပဲ ကျောင်းပညာအနည်းငယ်ရရှိခဲ့တယ်။ ကျွန်တော်တို့ရဲ့ဘဝဟာ ခက်ခဲကြမ်းတမ်းခဲ့ပေမဲ့ တစ်နည်းနည်းနဲ့ အကူအညီဖြစ်ဖို့မျှော်လင့်ချက်နဲ့ ကက်သလစ်ချာ့ချ်ကို တကယ်သစ္စာရှိခဲ့တယ်။

ချာ့ချ်မှာ နိုဗီနာပွဲကို မေလမှာကျင်းပကြတယ်။ ကိုးရက်ဆက်တိုက် မနက်ဝေလီဝေလင်းအချိန်မှာ ကျွန်တော်တို့ ချာ့ချ်ကိုလမ်းလျှောက်သွားခဲ့ကြတယ်။ အဲဒီကိုရောက်တော့ ဘုရားသခင်ဆီက ကောင်းချီးရဖို့ဆုတောင်းခဲ့ကြတယ်။ ခရစ်ယာန်ဓမ္မဆရာဟာ ဘုရားသခင့်ကိုယ်စားလှယ် သူတော်စင်ပဲလို့ ကျွန်တော်တို့ထင်ခဲ့ကြတာ။ ဒါပေမဲ့ နောက်ကြာလာတော့ ကျွန်တော်တို့ရဲ့အမြင် ပြောင်းသွားတယ်။

သာ၍ကောင်းသောအရာကို ရှာဖွေခြင်း

ချာ့ချ်အခွန်မပေးနိုင်တဲ့အခါ ခရစ်ယာန်ဓမ္မဆရာက ကျွန်တော်တို့ရဲ့ငွေရေးကြေးရေးအကျပ်အတည်းကို ထည့်မစဉ်းစားပေးခဲ့ဘူး။ ဒါနဲ့ ကျွန်တော်တို့အရမ်းစိတ်ဓာတ်ကျခဲ့တယ်။ ချာ့ချ်အပေါ် ကျွန်တော့်ရဲ့အထင်ကြီးတဲ့စိတ် လုံးဝပြောင်းလဲသွားပြီး လယ်ထဲမှာအလုပ်ဆင်းပြီး၊ ချာ့ချ်နဲ့အငြင်းပွားနေတာထက် ပိုကောင်းတာတွေ့မလားဆိုပြီး အသက် ၁၈ နှစ်မှာ မိသားစုကနေခွဲထွက်သွားဖို့ ဆုံးဖြတ်ခဲ့တယ်။ ၁၉၃၆ ခုနှစ်မှာ ပေါ်တူဂီမြို့တော် လစ္စဘန်မြို့ကို ကျွန်တော်ရောက်ခဲ့တယ်။

အဲဒီမှာ အဲဒ်မီန်ယာနဲ့ကျွန်တော်တွေ့ခဲ့တယ်။ ဘာသာတရားရဲ့ လှည့်ဖြားခံရတယ်လို့ ခံစားခဲ့ရပေမဲ့ ထုံးစံအတိုင်း ကက်သလစ်ချာ့ချ်မှာ ကျွန်တော်တို့လက်ထပ်ခဲ့ကြတယ်။ ၁၉၃၉ ခုနှစ်မှာ ဒုတိယကမ္ဘာစစ်စခဲ့တယ်။ စစ်အတွင်းမှာ သိုလှောင်ရုံ ၁၈ ခုကို ကျွန်တော်တာဝန်ယူခဲ့ရပြီး နေ့တိုင်း စစ်ပစ္စည်း ကုန်တင်ကား ၁၂၅ စီးအထိပို့ပေးခဲ့ရတယ်။

စစ်ရဲ့ကြောက်မက်ဖွယ်ရာတွေနဲ့ အဲဒီထဲမှာ . . . ချာ့ချ်ပါဝင်နေတာတွေက ကျွန်တော့်ကို အကြီးအကျယ်စိတ်ထိခိုက်စေခဲ့တယ်။ ‘ဘုရားသခင်ဟာ လူတွေကို တကယ်ပဲဂရုစိုက်ရဲ့လား။ ကိုယ်တော့်ကို ဘယ်လိုဝတ်ပြုသင့်သလဲ’ ဆိုပြီး ကျွန်တော်တွေးမိတယ်။ ၁၉၅၄ ခုနှစ်မှာ ယေဟောဝါသက်သေဖြစ်တဲ့ ရည်မွန်တဲ့အသက်ကြီးသူတစ်ယောက်က ကျွန်တော်သိချင်ခဲ့တဲ့ မေးခွန်းတွေကို ဖြေပေးခဲ့တယ်။ အဲဒီအပြန်အလှန်စကားက ကျွန်တော့်ဘဝတစ်ခုလုံးကို ပြောင်းလဲသွားစေခဲ့တယ်။

သမ္မာကျမ်းစာမျှော်လင့်ချက်ကြောင့်ဝမ်းသာပီတိဖြစ်ခဲ့

ဘုရားသခင့်နိုင်ငံတော်ကသာ ကမ္ဘာ့အခက်အခဲတွေကို ဖြေရှင်းပေးနိုင်ပြီး ဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်ရေးကသာ ငြိမ်းချမ်းရေးနဲ့လုံခြုံရေး ရှိစေနိုင်မှာဆိုပြီး အဲဒီကြင်နာတဲ့ဂျော့ရှုဝါက ကျွန်တော့်ကို ရှင်းပြခဲ့တယ်။ (မဿဲ ၆:၉၊ ၁၀; ၂၄:၁၄) သူပြောတာတွေကို အားရကျေနပ်ခဲ့ပေမဲ့ ဘာသာရေးနဲ့ပတ်သက်ပြီး အရင်တုန်းကအတွေ့အကြုံကြောင့် သူ့ရှင်းပြချက်တွေကို လက်ခံချင်စိတ်မရှိခဲ့ဘူး။ ကျွန်တော့်ကို ကျမ်းစာသင်အံမှုကမ်းလှမ်းတဲ့အခါ ငွေမတောင်းရင်၊ နိုင်ငံရေးအကြောင်းမပြောရင် လက်ခံမယ်လို့ပြောတော့ သူက အခမဲ့သင်ပေးမှာပါလို့သဘောတူခဲ့တယ်။—ဗျာဒိတ် ၂၂:၁၇။

ဂျော့ရှုဝါကို ပိုပိုယုံကြည်စိတ်ချလာခဲ့တယ်။ ဒါနဲ့ ကျွန်တော်လူငယ်ဖြစ်ကတည်းက လိုချင်ခဲ့တာကို တောင်းတယ်။ “ကိုယ်ပိုင်ကျမ်းစာအုပ်ရနိုင်မလား။” ကျမ်းစာရပြီးတဲ့နောက်မှာ ဖန်ဆင်းရှင်ရဲ့ “ဘုရားသခင်သည် ကိုယ်တော်တိုင် သူတို့နှင့်အတူရှိနေ၍ သူတို့၏ဘုရားသခင်ဖြစ်တော်မူမည်။ ဘုရားသခင်သည် သူတို့၏မျက်စိ၌မျက်ရည်ရှိသမျှတို့ကို သုတ်တော်မူမည်။ နောက်တစ်ဖန် သေဘေးမရှိရ။ စိတ်မသာညည်းတွားခြင်း၊ အော်ဟစ်ခြင်း၊ ပင်ပန်းခြင်းလည်းမရှိရ။ အကြောင်းမူကား၊ ရှေးဖြစ်ဖူးသောအရာတို့သည် ရွေ့သွားကြပြီ” ဆိုတဲ့ကတိတော်တွေကို ပထမဆုံးအကြိမ်ဖတ်လိုက်ရလို့ တကယ့်ကိုအားရခဲ့တယ်!—ဗျာဒိတ် ၂၁:၃၊ ၄။

အထူးသဖြင့် ဆင်းရဲခြင်းနဲ့ဖျားနာခြင်းတွေကို ဖယ်ရှားပေးမယ်ဆိုတဲ့ သမ္မာကျမ်းစာကတိတွေဟာ ကျွန်တော့်ကို တကယ်နှစ်သိမ့်မှုပေးခဲ့တယ်။ သစ္စာရှိတဲ့ဧလိဟုက ဘုရားသခင်ဟာ “များစွာသောအစာအာဟာရကိုလည်းပေး” မယ်လို့ပြောခဲ့တယ်။ (ယောဘ ၃၆:၃၁) ဘုရားသခင့်နိုင်ငံတော်ရဲ့ ဖြောင့်မတ်တဲ့အုပ်ချုပ်မှုအောက်မှာ “မြို့သားကလည်း၊ ‘ငါနာသည်ဟုမဆိုရ’” တော့ဘူးလို့ သမ္မာကျမ်းစာကပြောထားတယ်။ (ဟေရှာယ ၃၃:၂၄) လူသားတွေကို ယေဟောဝါဘုရားသခင်တကယ်မေတ္တာရှိပါလား! ကိုယ်တော့်ကတိတော်တွေကို ကျွန်တော်အရမ်းစိတ်ဝင်စားလာရော!

၁၉၅၄၊ ဧပြီ ၁၇ ရက်နေ့မှာ ယေဟောဝါသက်သေတွေရဲ့စည်းဝေးကို ကျွန်တော်ပထမဆုံးတက်ခဲ့တယ်။ အဲဒါက အထူးအစည်းအဝေး—ခရစ်တော်ရဲ့သေခြင်းသတိရအောက်မေ့ပွဲဖြစ်တယ်။ အဲဒီအချိန်ကစပြီး စည်းဝေးတွေကို မှန်မှန်တက်ခဲ့တယ်။ မကြာခင်မှာပဲ တခြားသူတွေကို ကျွန်တော်သိတာတွေ စပြောခဲ့တယ်။ အဲဒီတုန်းက ပေါ်တူဂီကမ်းခြေမှာ လတိုင်းပျော်ပွဲစားထွက်ကြပြီး နှစ်ခြင်းပေးခဲ့တယ်။ ဂျော့ရှုဝါနဲ့ကျွန်တော်စတွေ့ပြီး ခုနစ်လအကြာမှာ ယေဟောဝါဘုရားသခင်ထံ ဆက်ကပ်အပ်နှံပြီး သမုဒ္ဒရာထဲမှာ နှစ်ခြင်းခံခဲ့တယ်။

၁၉၅၄ ခုနှစ်အစောပိုင်းက ပေါ်တူဂီတစ်နိုင်ငံလုံးမှာ သက်သေခံတစ်ရာလောက်ပဲရှိခဲ့တယ်။ ဒါကြောင့် ဟောပြောခြင်းလုပ်ငန်းကိုဦးဆောင်ဖို့ လူအများကြီးလိုခဲ့တယ်။ ဝိညာဉ်ရေးမှာ ကျွန်တော်အမြန်ပဲတိုးတက်ခဲ့ပြီး မကြာခင်ပဲ အသင်းတော်တာဝန်တွေရခဲ့တယ်။ ၁၉၅၆ ခုနှစ်မှာ လစ္စဘန်မြို့က ယေဟောဝါသက်သေတွေရဲ့ဒုတိယအသင်းတော်မှာ အဲဒီတုန်းက အသင်းတော်အမှုထမ်းလို့ခေါ်တဲ့ ဦးစီးကြီးကြပ်မှူးအဖြစ် ကျွန်တော့်ကိုခန့်အပ်ခဲ့တယ်။ အခုတော့၊ ဒီမြို့နဲ့ပတ်ဝန်းကျင်ရပ်ကွက်တွေမှာ အသင်းတော်တစ်ရာကျော်ရှိနေပြီ။

ဧည့်ဝတ်ပြုခြင်းဖြင့်အကျိုးရရှိခဲ့

အဲဒ်မီန်ယာနဲ့ကျွန်တော်ဟာ မချမ်းသာကြပေမဲ့ ခရစ်ယာန်ညီအစ်ကိုတွေအတွက် ကျွန်တော်တို့ရဲ့အိမ်တံခါးကို အမြဲဖွင့်ထားခဲ့တယ်။ ၁၉၅၅ ခုနှစ်မှာ ယေဟောဝါသက်သေတွေရဲ့ အချိန်ပြည့်ဧဝံဂေလိဟောပြောသူတွေကိုခေါ်တဲ့ ရှေ့ဆောင်တစ်ယောက်ဟာ သူနေတဲ့ဘရာဇီးကနေ ဂျာမနီမှာကျင်းပတဲ့ အပြည်ပြည်ဆိုင်ရာ “အောင်ပွဲရဘုရားသခင့်နိုင်ငံတော်” စည်းဝေးကြီးကို သွားတက်တဲ့ခရီးစဉ်တစ်ထောက် ပေါ်တူဂီမှာရပ်နားခဲ့တယ်။ လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့် ကျွန်တော်တို့အိမ်မှာ တစ်လအထိ သူနေခဲ့ရတယ်၊ ကျွန်တော်တို့အတွက် ဝိညာဉ်ရေးဘက်မှာ အကျိုးရှိသလား မပြောပါနဲ့တော့!

အဲဒီတုန်းက ကျွန်တော်တို့အိမ်ကို နယူးယောက်၊ ဘရွတ်ကလင်မြို့က ယေဟောဝါသက်သေတွေရဲ့ဌာနချုပ်မိသားစုဝင်တွေဖြစ်ကြတဲ့ ဟူဂို ရီမာရ်နဲ့ သူ့အခန်းဖော် ချားလ်စ် အက်ကာတို့လည်းအလည်ရောက်လာကြတယ်။ ကျွန်တော်တို့နဲ့အတူ ညစာစားကြပြီး ပေါ်တူဂီကညီအစ်ကိုတွေကို ဟောပြောချက်ပေးခဲ့တယ်။ ပါးစပ်ဟနေကြတဲ့ပေါက်ခါစငှက်ကလေးတွေလိုပဲ သူတို့ကျွေးတဲ့ အနှစ်သာရပြည့်တဲ့ဝိညာဉ်အစာတွေကို ကျွန်တော်တို့စောင့်မျှော်စားသုံးခဲ့ကြတယ်။

ယေဟောဝါသက်သေတွေရဲ့ နယ်လှည့်ကြီးကြပ်မှူးတွေလည်း သူတို့ရောက်တဲ့အခါ ကျွန်တော်တို့အိမ်မှာတည်းကြတယ်။ ၁၉၅၇ ခုနှစ်က အမှတ်တရဧည့်သည်တစ်ယောက်ကတော့ ညီအစ်ကိုတွေကိုအားပေးဖို့ ပေါ်တူဂီကိုတာဝန်နဲ့ရောက်လာတဲ့ မော်ရိုကိုမြို့ကဌာနခွဲကြီးကြပ်မှူး အာလ်ဗာရူး ဘက်ရာခိုချက်ပဲဖြစ်တယ်။ ကျွန်တော်တို့အိမ်မှာကျင်းပတဲ့ စာအုပ်ကြီးသင်တန်းကို သူတက်ခဲ့ပြီး ပေါ်တူဂီကိုရောက်တုန်း ကျန်တဲ့ရက်တွေမှာ ကျွန်တော်တို့နဲ့အတူနေဖို့ တောင်းဆိုခဲ့တယ်။ သူတည်းတဲ့တစ်လအတွင်းမှာ ကျွန်တော်တို့ကောင်းချီးအများကြီးရပြီး ဝိညာဉ်အစာဝဝစားခဲ့ရတယ်၊ အာလ်ဗာရူးကျတော့ ကျွန်တော့်ဇနီးအဲဒ်မီန်ယာ ချက်ပြုတ်ကျွေးမွေးတာတွေကြောင့် ဝဖြိုးလာခဲ့တယ်။

ကျွန်တော့်ငယ်စဉ်ဘဝက ဆင်းရဲလွန်းအားကြီးတဲ့တွေ့ကြုံမှုမျိုးဟာ လူတစ်ယောက်အပေါ်မှာစွဲထင်ကျန်ရစ်စေနိုင်တယ်။ ဒါပေမဲ့ ယေဟောဝါနဲ့ ကိုယ်တော့်ရဲ့သစ္စာရှိကျေးကျွန်တွေကို များများပေးလေ ကောင်းချီးခံစားရလေပဲဆိုတာကို သဘောပေါက်လာတယ်။ အဲဒါ တကယ်ပဲဆိုတာ ကျွန်တော်တို့ပြုနိုင်ခဲ့တဲ့သူအားလုံးကို ဧည့်ဝတ်ပြုခဲ့တဲ့အကြိမ်တိုင်း ပိုပြီးမှတ်မှတ်ရရဖြစ်လာတယ်။

၁၉၅၈ ခုနှစ်ကျရင် နယူးယောက်မြို့ ရန်ကီးအားကစားကွင်းမှာ ယေဟောဝါသက်သေတွေရဲ့ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကျင်းပမယ်ဆိုပြီး ၁၉၅၅ ခုနှစ်က ပိုတူစည်းဝေးကြီးမှာကြေညာခဲ့တယ်။ အဲဒီစည်းဝေးကြီးကို ပေါ်တူဂီကကိုယ်စားလှယ်တွေလွှတ်နိုင်ဖို့ ထိုစဉ်က အနည်းငယ်သာရှိတဲ့ တစ်တိုင်းပြည်လုံးက ဘုရားသခင့်နိုင်ငံတော်ခန်းမတွေမှာ အလှူငွေသေတ္တာတစ်ခုစီထားခဲ့ကြတယ်။ ဒီကိုယ်စားလှယ်တွေထဲမှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ပါ ရွေးခံရတော့ ဘယ်လောက်ပျော်ခဲ့တယ်ဆိုတာကို မြင်ယောင်နိုင်ပါသလား။ စည်းဝေးကြီးတက်ဖို့ အမေရိကန်ပြည်ထောင်စုကို ကျွန်တော်တို့ရောက်နေတုန်း ဘရွတ်ကလင်မြို့က ယေဟောဝါသက်သေတွေရဲ့ ကမ္ဘာ့ဌာနချုပ်ကိုလည်ပတ်ရတာ ဝမ်းသာပျော်ရွှင်စရာပဲ!

နှိပ်စက်ညှဉ်းပန်းခြင်းကို ကြံ့ကြံ့ခံခြင်း

ပေါ်တူဂီမှာ ယေဟောဝါသက်သေတွေရဲ့ ဟောပြောခြင်းလုပ်ငန်းကို ၁၉၆၂ ခုနှစ်မှာ ပိတ်ပင်ခဲ့ပြီး [ခရစ်ယာန်] သာသနာပြု—အဲရစ်ခ် ဘရစ်တင်၊ ဒါမ်နစ်ခ် ပီကိုနီ၊ အဲရစ်ခ် ဗက်ဗရစ်ဂ်ျနဲ့ သူတို့ရဲ့ဇနီးတို့—နှင်ထုတ်ခံခဲ့ကြရတယ်။ အဲဒီနောက်ပိုင်း ဘုရားသခင့်နိုင်ငံတော်ခန်းမတွေမှာ စည်းဝေးကျင်းပခွင့်မရတော့တဲ့အတွက် ကိုယ်ပိုင်အိမ်တွေမှာ စည်းဝေးတွေကို တိတ်တဆိတ်ကျင်းပခဲ့ရတယ်; နောက်တော့ ပေါ်တူဂီမှာ စည်းဝေးကြီးတွေကို ဘယ်လိုနည်းနဲ့မှ မကျင်းပနိုင်တော့ဘူး။ ဒါကြောင့် တခြားနိုင်ငံမှာကျင်းပတဲ့စည်းဝေးကြီးတွေကို ကျွန်တော်တို့ရဲ့ခရစ်ယာန်ညီအစ်ကို၊ ညီအစ်မတွေ သွားတက်နိုင်ဖို့ စီစဉ်ပေးရတဲ့တာဝန်ကို ကျွန်တော်ယူခဲ့ရတယ်။

နိုင်ငံခြားကိုခရီးသွားဖို့ သက်သေခံအုပ်စုလိုက်အတွက်စီမံရတာ မလွယ်ကူခဲ့ပါဘူး။ ဒါပေမဲ့ ပေါ်တူဂီကညီအစ်ကိုတွေရရှိခဲ့တဲ့ ဝိညာဉ်ရေးအကျိုးကျေးဇူးတွေကို စဉ်းစားကြည့်လိုက်မယ်ဆိုရင် ကြိုးစားပေးခဲ့ရတာ အကျိုးနပ်ပါတယ်။ ဆွစ်ဇလန်၊ အင်္ဂလန်၊ အီတလီ၊ ပြင်သစ်နိုင်ငံတွေက စည်းဝေးကြီးတွေ တက်ရောက်ခဲ့ကြရတဲ့သူတွေအတွက် တကယ်တည်ဆောက်မှုဖြစ်ခဲ့တယ်! အဲဒီစည်းဝေးကြီးတွေတက်ခဲ့ကြရလို့လည်း စာအုပ်စာတမ်းတွေ ပြန်ယူလာခွင့်ရခဲ့တယ်။ အဲဒီနှစ်တွေက ပေါ်တူဂီမှာ ဘာသာရေးအဖွဲ့အစည်းတစ်ခုအဖြစ် မှတ်ပုံတင်ခွင့်ပေးဖို့ ခဏခဏတောင်းဆိုခဲ့ပေမဲ့ ခွင့်ပြုချက်မရခဲ့ဘူး။

၁၉၆၂ ခုနှစ်အစောပိုင်းမှာ [ခရစ်ယာန်] သာသနာပြုတွေနှင်ထုတ်ခံရပြီးတဲ့နောက် ကျွန်တော်တို့ရဲ့ဟောပြောခြင်းလုပ်ငန်းရပ်တန့်သွားစေဖို့ လျှို့ဝှက်ရဲအဖွဲ့က အသည်းအသန်စစီမံလုပ်ကိုင်ခဲ့တယ်။ ကျွန်တော်တို့ညီအစ်ကို၊ ညီအစ်မအတော်များများအဖမ်းခံရပြီး တရားရုံးကိုရောက်ခဲ့တယ်။ အဲဒီအဖြစ်အပျက်တွေရဲ့ သတင်းတွေကို ဒီဂျာနယ်နဲ့တွဲဖက်မဂ္ဂဇင်း နိုးလော့!တွေထဲမှာ ဖော်ပြခဲ့ပြီးပါပြီ။a

ဟောပြောတဲ့အတွက် အဖမ်းခံရတဲ့သူတွေထဲမှာ ကျွန်တော့်ကြောင့် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း စကြားခဲ့တဲ့ရှေ့ဆောင်တစ်ယောက်လည်းပါတယ်။ သူ့ပစ္စည်းတွေထဲမှာ ကျွန်တော့်လိပ်စာကို ရဲသားတွေတွေ့တာနဲ့ ကျွန်တော့်ကိုခေါ်ပြီး စစ်ဆေးခဲ့တယ်။

နောက်တော့ ရဲသားနှစ်ယောက် ကျွန်တော့်အိမ်ကို ရောက်လာတယ်။ သမ္မာကျမ်းစာ ၁၃ အုပ်အပြင် ကျမ်းစာလေ့လာဖို့ အထောက်အကူစာအုပ်တွေကို သူတို့သိမ်းလိုက်တယ်။ ကျွန်တော်တို့ခြံနဲ့အိမ်ကို ခုနစ်ခါရှာဖွေတဲ့အထိ ဆက်အနှောင့်အယှက်ပေးခဲ့တယ်။ သူတို့လာတိုင်း ကျွန်တော်တို့ကို တရစပ်မေးခွန်းထုတ်ခဲ့တယ်။

တရားရုံးအမှုတွေမှာ သက်သေခံတွေဘက်ကနေ ထွက်ဆိုပေးဖို့ ကျွန်တော်မကြာခဏအခေါ်ခံရတယ်။ ကျွန်တော့်မှာ လောကပညာသိပ်မရှိပေမဲ့လည်း ယေဟောဝါကကျွန်တော့်ကို ‘ရန်သူအပေါင်းတို့ မငြင်းခုံမဟန့်တားနိုင်သော နှုတ်သတ္တိ၊ ဉာဏ်သတ္တိ’ ပေးခဲ့တယ်။ (လုကာ ၂၁:၁၅) တစ်ခါကျတော့ ကျွန်တော့်ရဲ့ထွက်ဆိုချက်ကို တရားသူကြီးအံ့အားသင့်ပြီး ကျွန်တော့်ပညာအရည်အချင်းကိုမေးခဲ့တယ်။ လေးနှစ်လောက်ပဲပညာသင်ခဲ့တယ်လို့ ကျွန်တော်ပြောလိုက်တော့ တရားရုံးထဲကလူအားလုံး ဝိုင်းရယ်ခဲ့ကြတယ်။

ပိုနှိပ်စက်ခံရလေ ဘုရားသခင့်နိုင်ငံတော်သတင်းကို လက်ခံသူတွေ များလာလေပဲ။ ဒီလိုနဲ့ ၁၉၆၂ ခုနှစ်က ပေါ်တူဂီမှာ ၁,၃၀၀ တောင်မရှိတဲ့သက်သေခံတွေဟာ ၁၉၇၄ ခုနှစ်ကျတော့ ၁၃,၀၀၀ ကျော်သွားရော! အဲဒီအတောအတွင်း ၁၉၆၇၊ မေလမှာ နယ်လှည့်ကြီးကြပ်မှူးအဖြစ်အမှုထမ်းဖို့ ဖိတ်ခေါ်ခံခဲ့ရတယ်။ ဒီလုပ်ငန်းမှာ ယေဟောဝါသက်သေတွေရဲ့အသင်းတော်တွေဆီ ကျွန်တော်လည်ပတ်ပြီး ဝိညာဉ်ရေးဘက် ခွန်အားပေးခဲ့ရတယ်။

အချမ်းသာဆုံး၌ပျော်မွေ့ခြင်း

ပေါ်တူဂီမှာ ယေဟောဝါသက်သေတွေရဲ့လုပ်ငန်းကို ၁၉၇၄၊ ဒီဇင်ဘာလမှာ တရားဝင်မှတ်ပုံတင်တဲ့ကိစ္စမှာ ကျွန်တော်ပါဝင်ခွင့်ရခဲ့တယ်။ နောက်နှစ်မှာ ကျွန်တော့်ဇနီးနဲ့ကျွန်တော်ဟာ အီစ်တာရီမြို့က ယေဟောဝါသက်သေတွေရဲ့ ဗေသလမိသားစုဝင်ဖြစ်လာခဲ့တယ်။ ပေါ်တူဂီဌာနခွဲကော်မတီဝင်တစ်ယောက်အဖြစ် အမှုထမ်းဖို့လည်း တာဝန်ခန့်အပ်ခံခဲ့ရတယ်။

ပေါ်တူဂီနိုင်ငံနဲ့ ကျွန်တော်တို့ရဲ့ဌာနခွဲကြီးကြပ်မှုအောက်မှာရှိတဲ့နယ်မြေတွေမှာ ဟောပြောခြင်းလုပ်ငန်းတိုးချဲ့အောင်မြင်နေတာမြင်ရတော့ တကယ့်ကိုဝမ်းသာစရာပဲ! အဲဒီထဲမှာ အင်ဂိုလာ၊ အဇော်စ်၊ ကိပ်ဗာဒေး၊ မဒေးရားနဲ့ စာအိုတမာနဲ့ပရင့်စပါတို့ပါဝင်တယ်။ ဘုရားသခင့်နိုင်ငံတော်သတင်းကို တကယ်စိတ်ဝင်စားမှုတင်ပြခဲ့တဲ့ အဲဒီနိုင်ငံတွေမှာ အမှုတော်ထမ်းဆောင်ဖို့ ပေါ်တူဂီကနေသာသနာပြုတွေ နှစ်တွေတစ်လျှောက်မှာ စေလွှတ်ခဲ့ရတာကို မြင်ရတာဝမ်းသာအားရစရာပဲ။ အခုဆိုရင် ပေါ်တူဂီမှာ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူ ၄၇,၀၀၀ ကျော်အပါအဝင် အဲဒီနေရာတွေမှာ ၈၈,၀၀၀ ကျော်ရှိနေတဲ့အတွက် ကျွန်တော်တို့ဘယ်လောက်ဝမ်းသာအားရနေကြတယ်ဆိုတာကို စဉ်းစားကြည့်ပါ! ၁၉၉၈ ခုနှစ်က အဲဒီတိုင်းပြည်တွေမှာ သတိရအောက်မေ့ပွဲတက်ရောက်သူ ၂၄၅,၀၀၀ ထက်မကရှိခဲ့တယ်။ ကျွန်တော်သက်သေခံစဖြစ်တဲ့ ၁၉၅၄ ခုနှစ်က ၂၀၀ တောင်မပြည့်ခဲ့တာနဲ့နှိုင်းယှဉ်ကြည့်လိုက်ပါ။

“[ယေဟောဝါ၏] တံတိုင်းတော်တို့အတွင်း၌နေသောတစ်ရက်သည် အခြားအရပ်၌နေသော အရက်တစ်ထောင်ထက် သာ၍ကောင်းပါ” တယ်လို့ပြောခဲ့တဲ့ ကျမ်းစာထဲကဆာလံဆရာကို အဲဒ်မီန်ယာနဲ့ကျွန်တော်တို့ အကြွင်းမဲ့ထောက်ခံတယ်။ (ဆာလံ ၈၄:၁၀) ကျွန်တော့်ရဲ့ဆင်းရဲလှတဲ့ဘဝအစပိုင်းကို ပြန်ပြောင်းသုံးသပ်ပြီး အဲဒါတွေကို ခံစားခဲ့ရတဲ့ဝိညာဉ်ရေးကြွယ်ဝချမ်းသာမှုနဲ့ နှိုင်းယှဉ်လိုက်တဲ့အခါမှာ ပရောဖက်ဟေရှာယခံစားခဲ့ရသလို ကျွန်တော်လည်း ခံစားရတယ်– “အိုထာဝရဘုရား၊ ကိုယ်တော်သည် အကျွန်ုပ်၏ဘုရားသခင်ဖြစ်တော်မူ၏။ ကိုယ်တော်ကို မြှောက်စားပါမည်။ နာမတော်ကို ချီးမွမ်းပါမည်။ . . . ကိုယ်တော်သည် ဆင်းရဲသောသူတို့ခိုလှုံရာ၊ ငတ်မွတ်သောသူ အမှုရောက်သည်ကာလ၌ ခိုလှုံရာဖြစ်တော်မူ၏။”—ဟေရှာယ ၂၅:၁၊ ၄။

[အောက်ခြေမှတ်ချက်များ]

a မေ ၂၂၊ ၁၉၆၄ ခုနှစ်ထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၈-၁၆၊ နှင့် အောက်တိုဘာ ၁၊ ၁၉၆၆ ခုနှစ်ထုတ် ကင်းမျှော်စင် [လိပ်] စာမျက်နှာ ၅၈၁-၉၂ ကိုရှု။

[စာမျက်နှာ ၂၄ ပါ ရုပ်ပုံ]

အပေါ်– ၁၉၅၈ ခုနှစ် နယူးယောက်စည်းဝေးကြီးသို့ ကိုယ်စားလှယ်များ စေလွှတ်ဖို့အစီအစဉ်ကို လစ္စဘန်မြို့တွင် ညီအစ်ကိုအာလ်မေးဒါ ကြေညာနေခြင်း

အလယ်– ပါရီမြို့တွင်ကျင်းပသော “မြေကြီးပေါ်၌ငြိမ်သက်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးတွင် စံပြအမှုထမ်းများအစည်းအဝေးတစ်ခုကျင်းပနေခြင်း

အောက်– ပြင်သစ်ခရိုင်စည်းဝေးကြီးအတွက် စင်းလုံးငှားထားသောဘတ်စကားများ အသင့်ပြင်ဆင်နေခြင်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ပေါ်တူဂီဌာနခွဲ၌ နံနက်ဝတ်ပြုမှုပြုနေခြင်း

[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]

ပေါ်တူဂီဌာနခွဲ၊ ၁၉၈၈ ခုနှစ်တွင် အပ်နှံခဲ့

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ကျွန်တော့်ဇနီးနှင့်အတူ

[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]

ဘရွတ်ကလင်ဗေသလမှလာလည်ပတ်စဉ်ညီအစ်ကိုဟူဂို ရီမာရ်၏ဟောပြောချက်များသည် ကျွန်တော်တို့ကို အားရှိစေခဲ့

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ