ဘဝအတ္ထုပ္ပတ္တိ
ယေဟောဝါ၏ဖိတ်ခေါ်ချက်များကိုလက်ခံခြင်းက ဆုကျေးဇူးများရရှိစေ
မာရီယာ ဒို ဇွာအု ဇာနာရ်ဒီ ပြောပြသည်
“ယေဟောဝါဘာလုပ်နေတယ်ဆိုတာကို ယေဟောဝါသိတယ်။ ကိုယ်တော်က သမီးဆီကို ဖိတ်ခေါ်စာပို့ထားတယ်ဆိုရင် နှိမ့်ချပြီးလက်ခံသင့်တယ်။” လွန်ခဲ့တဲ့ ၄၅ နှစ်လောက်က အဖေပြောခဲ့တဲ့ ဒီစကားတွေက အချိန်ပြည့်အမှုဆောင်ဖို့ ယေဟောဝါရဲ့အဖွဲ့အစည်းကနေ ပထမဦးဆုံးရခဲ့တဲ့ ဖိတ်ခေါ်စာကို ကျွန်မလက်ခံဖို့ အထောက်အကူဖြစ်ခဲ့တယ်။ အဲဒီလိုဖိတ်ခေါ်ချက်တွေကို ကျွန်မလက်ခံခဲ့လို့ ဆုကျေးဇူးတွေ အများကြီးရရှိစေတာကြောင့် အဖေ့ရဲ့အကြံပေးချက်ကို ဒီနေ့ထက်ထိ ကျေးဇူးတင်နေဆဲပါ။
၁၉၂၈ ခုနှစ်မှာ ကင်းမျှော်စင် နှစ်စဉ်ကြေးကို အဖေယူပြီးတဲ့နောက် သမ္မာကျမ်းစာကို စိတ်ဝင်စားလာတယ်။ ပေါ်တူဂီနိုင်ငံ အလယ်ပိုင်းမှာနေတဲ့အတွက် ဘုရားသခင့်အသင်းတော်နဲ့ အဖေအဆက်အသွယ်ရတဲ့နည်းကတော့ စာတိုက်ကနေရတဲ့ စာအုပ်စာတမ်းတွေနဲ့ ဘိုးဘွားပိုင်ကျမ်းစာတစ်အုပ်ပါပဲ။ ကျွန်မအသက် ၁၃ နှစ်အရွယ် ၁၉၄၉ ခုနှစ်မှာ အမေ့ရဲ့ဇာတိမြေ ဘရာဇီးနိုင်ငံကို ကျွန်မတို့မိသားစုလိုက် ပြောင်းရွှေ့ခဲ့ကြပြီး ရီယိုဒီဂျနေရိုမြို့ဆင်ခြေဖုံးမှာ အခြေချခဲ့ကြတယ်။
အိမ်နီးချင်းအသစ်တွေက သူတို့ရဲ့ချာ့ချ်ကိုတက်ဖို့ ဖိတ်ခေါ်လို့ တစ်ခါနှစ်ခါ ကျွန်မတို့သွားတက်ခဲ့ကြတယ်။ အဖေက ငရဲမီး၊ ဝိညာဉ်စိုးလ်၊ ကမ္ဘာ့အနာဂတ်နဲ့ပတ်သက်ပြီး သူတို့ကိုမေးခွန်းတွေထုတ်ခဲ့ပေမဲ့ သူတို့မှာ အဖြေမရှိကြပါဘူး။ ဒါနဲ့ အဖေက “ကျမ်းစာကျောင်းသားအစစ်အမှန်တွေကိုပဲ စောင့်ရတော့မယ်” လို့ပြောတတ်တယ်။
တစ်နေ့ကျတော့ မျက်မမြင်တစ်ယောက် ကျွန်မတို့အိမ်ရောက်လာပြီး ကင်းမျှော်စင် နဲ့ နိုးလော့! တွေကိုပေးသွားတယ်။ အဖေက သူ့ကို အဲဒီမေးခွန်းတွေကိုပဲမေးတဲ့အခါ သူက ကျမ်းစာအခြေပြုအဖြေတွေ အတိအကျပေးခဲ့တယ်။ နောက်အပတ်မှာ ယေဟောဝါသက်သေ နောက်တစ်ယောက် ကျွန်မတို့ဆီရောက်လာတယ်။ နောက်ထပ်မေးခွန်းတွေကို ဖြေပြီးတဲ့နောက်မှာ သူက “ကွင်း” ဆင်းရဦးမယ်လို့ တောင်းပန်ပြောသွားတယ်။ သက်သေခံတွေက အားကစားမှာပါဝင်ကြလားဆိုပြီး တအံ့တသြနဲ့အဖေမေးတဲ့အခါ သူက ‘ကွင်းကား ဤလောကဖြစ်၏’ လို့ဆိုထားတဲ့ မဿဲ ၁၃:၃၈ ကိုဖတ်ပြပါတယ်။ “ကျွန်တော်လည်း လိုက်ပါရစေ” လို့အဖေတောင်းဆိုခဲ့တယ်။ “ရတာပေါ့” လို့ပြန်ဖြေပါတယ်။ ကျမ်းစာအမှန်တရားကို ပြန်တွေ့လိုက်ရလို့ ကျွန်မတို့အရမ်းကိုပျော်လိုက်ကြတာ! နောက်စည်းဝေးကြီးမှာ အဖေနှစ်ခြင်းခံပြီး မကြာခင် ၁၉၅၅၊ နိုဝင်ဘာလမှာ ကျွန်မလည်းနှစ်ခြင်းခံခဲ့တယ်။
ကျွန်မအား ပထမဦးဆုံးဖိတ်ခေါ်ထားချက်ကို လက်ခံခြင်း
နောက်တစ်နှစ်ခွဲအကြာမှာ ရီယိုဒီဂျနေရိုမြို့က ယေဟောဝါသက်သေတွေရဲ့ဌာနခွဲရုံးကနေ အချိန်ပြည့်ဟောပြောခြင်းလုပ်ငန်းမှာပါဝင်ဖို့ ကျွန်မကိုဖိတ်ခေါ်ထားတဲ့ အညိုရောင်စာအိတ်ကြီးတစ်ခုကို ကျွန်မရရှိခဲ့တယ်။ အဲဒီအချိန်မှာ အမေ့ရဲ့ကျန်းမာရေးက အရမ်းချူချာနေလို့ အဖေ့ကို အကြံဉာဏ်တောင်းခဲ့တာ။ အဖေရဲ့ခိုင်မာပြတ်သားတဲ့အဖြေကတော့ “ယေဟောဝါဘာလုပ်နေတယ်ဆိုတာကို ယေဟောဝါသိတယ်။ ကိုယ်တော်က သမီးဆီကို ဖိတ်ခေါ်စာပို့ထားတယ်ဆိုရင် နှိမ့်ချပြီး လက်ခံသင့်တယ်။” ဒီစကားတွေကြောင့် အားရှိခဲ့တယ်၊ လျှောက်လွှာပုံစံကိုဖြည့်လိုက်ပြီး ၁၉၅၇၊ ဇူလိုင် ၁ ရက်နေ့မှာ အချိန်ပြည့်လုပ်ငန်းကို ကျွန်မစတင်ခဲ့တယ်။ ကျွန်မဦးဆုံးတာဝန်ကျတဲ့နေရာကတော့ ရီယိုဒီဂျနေရိုပြည်နယ်ရဲ့ တရတ်စ် ရီအူစ်မြို့မှာဖြစ်တယ်။
ကျွန်မတို့က ကက်သလစ်ဘာသာပြန်ကျမ်းမသုံးလို့ တရတ်စ်ရီအူစ်မြို့သားတွေက ကျွန်မတို့ရဲ့သတင်းတရားကို အစပိုင်းမှာနားမထောင်ချင်ကြဘူး။ စိတ်ထက်သန်တဲ့ကက်သလစ်ဘာသာဝင် ဇာရာလ်ဒူး ရာမာလ်ယူနဲ့ ကျမ်းစာသင်အံမှုစခဲ့တဲ့အချိန်မှာ အကူအညီရလာတယ်။ သူ့ရဲ့အကူအညီနဲ့ ဒေသခံခရစ်ယာန်ဘုန်းကြီးရဲ့ လက်မှတ်ပါတဲ့ကျမ်းစာတစ်အုပ်ကို ကျွန်မရရှိခဲ့တယ်။ အဲဒီအချိန်ကစပြီး တစ်ယောက်ယောက်ငြင်းရင် ခရစ်ယာန်ဘုန်းကြီးရဲ့လက်မှတ်ကို ပြလိုက်တာနဲ့ ဆက်မမေးတော့ဘူး။ နောက်ပိုင်းမှာ ဇာရာလ်ဒူးလည်း နှစ်ခြင်းခံခဲ့တယ်။
၁၉၅၉ ခုနှစ်မှာ တရတ်စ်ရီအူစ်မြို့လယ်ခေါင်မှာ တိုက်နယ်စည်းဝေးကျင်းပခဲ့လို့ ကျွန်မအရမ်းကိုပျော်ရွှင်ခဲ့ရတယ်။ အဲဒီအချိန်မှာ ကျမ်းစာလေ့လာနေတဲ့ ရဲမှူးကြီးက စည်းဝေးအစီအစဉ်ကိုကြေညာတဲ့ စာတန်းတွေကို တစ်မြို့လုံးမှာကပ်ဖို့ စီစဉ်ပေးခဲ့တယ်။ တရတ်စ်ရီအူစ်မြို့မှာ သုံးနှစ်အမှုဆောင်ပြီးတဲ့နောက် ဆောပိုလိုမြို့အနောက်ဘက်မိုင် ၇၀ လောက်ဝေးတဲ့ အီတူးမြို့မှာ တာဝန်ကျပြန်တယ်။
အနီရောင်၊ အပြာရောင်၊ အဝါရောင်စာအုပ်များ
အိမ်ခန်းရဖို့အတော်လေးကိုရှာဖွေပြီးတော့မှ မြို့လယ်ခေါင်က ကြင်နာတတ်တဲ့မုဆိုးမ မာရီယာရဲ့အိမ်ဝင်းထဲမှာ သက်သောင့်သက်သာရှိတဲ့အခန်းတွေကို ကျွန်မနဲ့ ကျွန်မရဲ့ရှေ့ဆောင်အဖော် ရှာတွေ့ခဲ့ကြတယ်။ မာရီယာက ကျွန်မတို့ကို သူ့ရဲ့သမီးတွေလိုပဲ ဂရုစိုက်ခဲ့တယ်။ ဒါပေမဲ့ မကြာခင်မှာ အီတူးမြို့က ရိုမန်ကက်သလစ်ဘုန်းကြီး သူ့ဆီရောက်လာပြီး ကျွန်မတို့ကိုနှင်ထုတ်ဖို့ပြောတော့ သူက “ကျွန်မခင်ပွန်းဆုံးတုန်းက ကျွန်မကို နှစ်သိမ့်စကားတစ်ခွန်းတောင် ရှင်တို့လာမပြောကြဘူး။ ကျွန်မဟာ ယေဟောဝါသက်သေ ဘာသာဝင်တစ်ယောက်မဟုတ်ပေမဲ့ သူတို့က ကျွန်မကိုကူညီပေးကြတယ်” လို့မာမာပြတ်ပြတ်ပြန်ပြောခဲ့တယ်။
အဲဒီအချိန်လောက်မှာ အီတူးမြို့က ကက်သလစ်ဓမ္မဆရာတွေဟာ သူတို့ရဲ့အသင်းသားတွေကို “စာတန်နဲ့ပတ်သက်တဲ့အနီရောင်စာအုပ်” ကိုလက်မခံကြဖို့ မှာထားတယ်လို့ အမျိုးသမီးတစ်ယောက်က ကျွန်မတို့ကိုအကြောင်းကြားတယ်။ ဒီအပတ်အတွင်း လူတွေကို ကျွန်မတို့ပေးခဲ့တဲ့ ကျမ်းစာ,စာပေ “ဘုရားသခင်သစ္စာတော်တည်စေသတည်း” စာအုပ်ကို သူတို့ပြောနေတာဖြစ်တယ်။ အနီရောင်စာအုပ်ကို ခရစ်ယာန်ဘုန်းကြီးတွေက “ပိတ်ပင်” လိုက်လို့ အပြာရောင်စာအုပ် (“ကောင်းကင်အသစ်နှင့်မြေကြီးအသစ်”) ကိုပေးဖို့ ကျွန်မတို့အသင့်ပြင်ဆင်ခဲ့ကြတယ်။ နောက်ပိုင်းမှာ ဒီလိုပြောင်းလိုက်တာကို ခရစ်ယာန်ဓမ္မဆရာတွေသိသွားတော့ အဝါရောင်စာအုပ် (ဘာသာတရားသည် လူသားတို့အတွက် အဘယ်အရာပြုလုပ်ပေးသနည်း) ကိုကျွန်မတို့အသုံးပြုခဲ့ရတယ်။ ရောင်စုံအဖုံးတွေနဲ့ စာအုပ်အမျိုးမျိုး ကျွန်မတို့မှာရှိတာ တစ်ပန်းသာတာပဲ!
အီတူးမြို့မှာ တစ်နှစ်လောက်နေပြီးတဲ့နောက် အပြည်ပြည်ဆိုင်ရာစည်းဝေးအတွက် ကြိုတင်ပြင်ဆင်ဖို့ ရီယိုဒီဂျနေရိုက ယေဟောဝါသက်သေတွေရဲ့ ဌာနခွဲရုံးဗေသလအိမ်မှာ ခေတ္တလုပ်အားလာပေးဖို့ ကျွန်မကိုဖိတ်ခေါ်တဲ့ ကြေးနန်းစာတစ်စောင်ကို ကျွန်မရရှိခဲ့တယ်။ အားရဝမ်းသာစွာနဲ့ ကျွန်မလက်ခံလိုက်တယ်။
ထပ်ဆင့်အခွင့်အရေးများနှင့် စိန်ခေါ်ချက်များ
ဗေသလမှာ အလုပ်အတော်များတယ်၊ တတ်နိုင်သ၍ကူညီပေးရတာကို ကျွန်မပျော်ရွှင်ခဲ့တယ်။ မနက်တိုင်း နေ့စဉ်ကျမ်းချက်ဆွေးနွေးတာ၊ တနင်္လာညနေပိုင်းမှာ မိသားစု ကင်းမျှော်စင် သင်တန်းကိုတက်ရတာတွေဟာ တကယ့်ကိုအကျိုးရှိလိုက်တာ! အောတို အက်စ်တာလ်မာန်နဲ့ တခြားအတွေ့အကြုံရင့်ကျက်တဲ့ ဗေသလမိသားစုဝင်တွေရဲ့ နှလုံးပါပါဆုတောင်းချက်တွေဟာ ကျွန်မအတွက် တကယ်ပဲအကျိုးသက်ရောက်ခဲ့တယ်။
အပြည်ပြည်ဆိုင်ရာစည်းဝေးပြီးတဲ့နောက် အီတူးမြို့ကိုပြန်သွားဖို့ ကျွန်မရဲ့အိတ်တွေကိုပြင်နေတုန်းမှာ ဌာနခွဲအမှုထမ်း ဂရန့်တ်မေလာက ကျွန်မကို ဗေသလမိသားစုဝင်တစ်ဦး အမြဲဖြစ်ဖို့ ဖိတ်ခေါ်စာတစ်စောင်ပေးလို့ ကျွန်မအံ့သြရပြန်ရော။ ကျွန်မရဲ့အခန်းဖော်ကတော့ ဘရာဇီးဗေသလမှာ အမှုထမ်းဆောင်နေဆဲရှိတဲ့ ညီမဟောဇာ ယာဇာဂျီအဲန်ဖြစ်တယ်။ အဲဒီတုန်းက ဗေသလမိသားစုက နည်းနည်းလေး၊ ၂၈ ယောက်ပဲရှိတော့ ကျွန်မတို့အားလုံးဟာ ခင်မင်ရင်းနှီးကြတဲ့မိတ်ဆွေတွေဖြစ်ကြတယ်။
၁၉၆၄ ခုနှစ်မှာ အချိန်ပြည့်အမှုဆောင်လူငယ် ဇွာအု ဇာနာရ်ဒီဟာ သင်တန်းတက်ဖို့ ဗေသလကိုရောက်လာတယ်။ အဲဒီတုန်းက သူဟာ အနီးအနားမှာ တိုက်နယ်အမှုထမ်း ဒါမှမဟုတ် နယ်လှည့်ကြီးကြပ်မှူးတာဝန်ကို ထမ်းဆောင်ခဲ့ရတယ်။ ဗေသလကို မှတ်တမ်းတွေ သူလာပို့တဲ့အခါ ကျွန်မတို့ မကြာခဏတွေ့ဆုံကြတယ်။ ဌာနခွဲအမှုထမ်းက ဇွာအုကို တနင်္လာနေ့ညနေပိုင်း မိသားစုသင်တန်းကို တက်ရောက်ခွင့်ပြုခဲ့လို့ ကျွန်မတို့ ပိုပြီးတွေ့ဆုံပေါင်းသင်းနိုင်ခဲ့ကြတယ်။ ဒီလိုနဲ့ ၁၉၆၅၊ ဩဂုတ်လမှာ ဇွာအုနဲ့ကျွန်မ လက်ထပ်ခဲ့ကြတယ်။ တိုက်နယ်လုပ်ငန်းမှာ ကျွန်မခင်ပွန်းနဲ့အတူ ပူးပေါင်းဆောင်ရွက်ဖို့ ဖိတ်ခေါ်ချက်ကို ကျွန်မ အားရဝမ်းသာလက်ခံခဲ့တယ်။
အဲဒီအချိန်က ဘရာဇီးနိုင်ငံမှာ နယ်လှည့်လုပ်ငန်းဟာ စွန့်စားခန်းတစ်ခုဖြစ်ခဲ့တယ်။ မီနာ ဇာရစ္စပြည်နယ်၊ အာရာန်အာမြို့က ကြေညာသူအုပ်စုဆီ ကျွန်မလည်ပတ်ခဲ့တာကို ဘယ်တော့မှမေ့မှာမဟုတ်ဘူး။ အဝတ်သေတ္တာတွေ၊ လက်နှိပ်စက်၊ ဆလိုက်ပြစက်၊ လုပ်ငန်းတော်အိတ်တွေနဲ့ စာအုပ်စာတမ်းတွေကို သယ်ပြီး မီးရထားစီးပြီးတော့ ကျန်တဲ့ခရီးကို လမ်းလျှောက်ခဲ့ရတယ်။ ကျွန်မတို့အိတ်တွေကို ကူသယ်ပေးဖို့ ဘူတာရုံမှာ အမြဲတမ်းစောင့်နေတတ်တဲ့ သက်ကြီးပိုင်းညီအစ်ကို လွတ်အီဗာ ချန်းတာလ်ကိုတွေ့ရတာ ကျွန်မတို့ တကယ်ပဲဝမ်းသာခဲ့ရပါတယ်။
အာရာန်အာမြို့က စည်းဝေးတွေကို ငှားထားတဲ့အိမ်တစ်အိမ်မှာ ကျင်းပကြတယ်။ အနောက်ဘက်မှာရှိတဲ့ အခန်းကျဉ်းလေးတစ်ခုထဲမှာ ကျွန်မတို့အိပ်ကြရတယ်။ အခန်းရဲ့တစ်ဖက်မှာ ချက်ပြုတ်ဖို့၊ ရေနွေးတည်ဖို့အတွက် ဆွဲပုံးနဲ့ ညီအစ်ကိုတွေယူလာပေးတဲ့ ထင်းမီးဖိုရှိတယ်။ အနားကဝါးရုံအလယ်မှာ တွင်းတူးပြီး အိမ်သာလုပ်ထားတယ်။ ညဆိုရင် ရှာဂါရောဂါကူးစေတဲ့ ဘာဘာအင်းဆက်ပိုးမွှားတွေ မလာရအောင် ဂက်စ်မီးထွန်းထားရတယ်။ မနက်ဆိုရင် ကျွန်မတို့ရဲ့နှာခေါင်းပေါက်တွေက မီးခိုးတွေနဲ့ အမြဲတမ်းမည်းနေတတ်တယ်။ အတော်စိတ်ဝင်စားစရာကောင်းတဲ့ အတွေ့အကြုံတစ်ခုပါပဲ!
ပယ်ရနားပြည်နယ်မှာ တိုက်နယ်လှည့်နေတုန်း ဌာနခွဲရုံးကနေ အညိုရောင်စာအိတ်ကြီးတစ်အိတ်ကို ကျွန်မတို့ရခဲ့ပြန်တယ်။ ယေဟောဝါရဲ့အဖွဲ့အစည်းကနေ နောက်ထပ်ဖိတ်ခေါ်ချက်ဖြစ်တယ်၊ ဒီတစ်ခါတော့ ပေါ်တူဂီမှာအမှုဆောင်ဖို့ဖြစ်တယ်! ကျွန်မတို့ရဲ့ခရစ်ယာန်လုပ်ငန်းကို ပေါ်တူဂီအစိုးရက ပိတ်ပင်ထားပြီး ညီအစ်ကိုအတော်များများ ဖမ်းဆီးခံရတဲ့အတွက်ကြောင့် ဒီတာဝန်ကို လက်မခံခင် လုကာ ၁၄:၂၈ ကမူကို ဆင်ခြင်သုံးသပ်ပြီး ချင့်တွက်ဖို့ အဲဒီစာထဲမှာ အကြံပေးထားတယ်။
အဲဒီလိုညှဉ်းပန်းနှိပ်စက်မှုခံနေရတဲ့ တိုင်းပြည်ကို ကျွန်မတို့သွားကြမလား။ “ကျွန်မတို့ရဲ့ပေါ်တူဂီညီအစ်ကိုတွေတောင် အဲဒီမှာနေပြီး ယေဟောဝါရဲ့အမှုတော်ကို တည်ကြည်စွာထမ်းဆောင်နိုင်တယ်ဆိုရင် ကျွန်တော်တို့က ဘာကြောင့်မလုပ်နိုင်ရမှာလဲ” လို့ဇွာအုပြောခဲ့တယ်။ ကျွန်မအဖေရဲ့အားပေးစကားတွေကို ပြန်ကြားယောင်ရင်း “ကျွန်မတို့ကို ယေဟောဝါ ဖိတ်ခေါ်မယ်ဆိုရင် ဒါကို လက်ခံပြီး ကိုယ်တော့်ကို ယုံကြည်ကိုးစားသင့်တယ်” လို့ ကျွန်မသဘောတူလက်ခံခဲ့တယ်။ မကြာခင် ဆောပိုလိုဗေသလကို ကျွန်မတို့ရောက်ပြီး နောက်ထပ်ညွှန်ကြားချက်တွေရခဲ့တယ်၊ ခရီးသွားစာရွက်စာတမ်းကိုလည်း ပြင်ဆင်ခဲ့ကြတယ်။
ဇွာအု မာရီယာနှင့် မာရီယာ ဇွာအု
၁၉၆၉၊ စက်တင်ဘာ ၆ ရက်နေ့မှာ ဆောပိုလိုပြည်နယ်၊ ဆန်တိုဆိပ်ကမ်းကနေ ယူဂျီနီယို စီ သင်္ဘောနဲ့ ကျွန်မတို့ထွက်ခွာခဲ့ကြတယ်။ ပင်လယ်မှာ ကိုးရက်ကြာပြီးတဲ့နောက် ပေါ်တူဂီနိုင်ငံကိုရောက်လာကြတယ်။ အစပိုင်းမှာ လစ္စဘန်ခရိုင်ဟောင်းရဲ့ အယ်လ်ဖာမာနဲ့ မိုရာရီယာ လမ်းကျဉ်းတွေမှာ အတွေ့အကြုံရင့်ကျက်တဲ့ညီအစ်ကိုတွေနဲ့အတူ လအတန်ကြာ ကျွန်မတို့အမှုဆောင်ခဲ့ကြတယ်။ ကျွန်မတို့ကို ရဲတွေ အလွယ်တကူမဖမ်းနိုင်အောင် မျက်စိရှင်ရှင်ထားတတ်ကြဖို့ သူတို့ကလေ့ကျင့်ပေးခဲ့တယ်။
အသင်းတော်စည်းဝေးတွေကို သက်သေခံတွေရဲ့အိမ်တွေမှာ ကျင်းပခဲ့တယ်။ အိမ်နီးချင်းတွေက သံသယဝင်လာပြီဆိုတာ ကျွန်မတို့သတိပြုမိတဲ့အခါ အိမ်ကို ဝင်မစီးနိုင်ရအောင်၊ ညီအစ်ကိုတွေကို မဖမ်းနိုင်ရအောင် စည်းဝေးတွေကို မြန်မြန်ဆန်ဆန်ပဲ နောက်တစ်နေရာကိုပြောင်းရွှေ့လိုက်ရတယ်။ ပျော်ပွဲစားလို့ခေါ်တဲ့ ကျွန်မတို့ရဲ့စည်းဝေးတွေကို လစ္စဘန်မြို့စွန်နားက မောန်ဆာန်တူပန်းခြံနဲ့ ကမ်းခြေနားက ကောစ်တာ ဒါ ကာပါရီကာတောထဲမှာ ကျင်းပခဲ့ကြရတယ်။ ဒီလိုအချိန်အခါမျိုးမှာ ကျွန်မတို့က အိမ်နေအဝတ်အစားကိုပဲဝတ်ကြပြီး အချက်အချာကျတဲ့နေရာတွေမှာ သတိရှိတဲ့အစောင့်တွေက စောင့်ကြည့်နေကြတယ်။ မသင်္ကာစရာလူတစ်ယောက် ရောက်လာရင် ပျော်ပွဲစားပုံစံမျိုးနဲ့ ချက်ချင်းကစားကြပြီး ရိုးရာသီချင်းတွေစပြီးဆိုကြပါလေရော။
ကျွန်မတို့ဘယ်သူဘယ်ဝါလဲဆိုတာကို လုံခြုံရေးရဲတွေမသိရအောင် ကျွန်မတို့ရဲ့နာမည်အရင်းတွေကို မသုံးကြဘူး။ ညီအစ်ကိုတွေက ကျွန်မတို့ကို ဇွာအု မာရီယာနဲ့ မာရီယာ ဇွာအုလို့ပဲ သိကြတယ်။ စာဆက်သွယ်တဲ့အခါပဲဖြစ်ဖြစ် ဒါမှမဟုတ် မှတ်တမ်းရေးတဲ့အခါပဲဖြစ်ဖြစ် ကျွန်မတို့ရဲ့နာမည်ကို မသုံးကြဘူး။ အဲဒီအစား၊ ကျွန်မတို့ကို နံပါတ်တွေပေးထားတယ်။ ညီအစ်ကိုတွေရဲ့လိပ်စာတွေကိုလည်း ကျွန်မ,မမှတ်ထားဖို့ဆုံးဖြတ်ထားတယ်။ ဒါမှ ကျွန်မကိုဖမ်းမိခဲ့ရင် သူတို့ကိုသစ္စာဖောက်မိမှာ မဟုတ်တော့ဘူး။
ဇွာအုနဲ့ကျွန်မဟာ အချိန်မရွေးအချုပ်ခံရနိုင်တယ်ဆိုတာကို သိထားကြလို့ ချုပ်ချယ်မှုတွေကြားထဲကနေ သက်သေခံခွင့်ရတိုင်း သက်သေခံဖို့ စိတ်ဆုံးဖြတ်ထားကြတယ်။ ကျွန်မတို့ရဲ့ကောင်းကင်ခမည်းတော်ယေဟောဝါကို မှီခိုအားထားတတ်လာကြတယ်။ ကျွန်မတို့ရဲ့ကာကွယ်ရှင်ဖြစ်တဲ့ ကိုယ်တော်ဟာ “မျက်မြင်မရသောဘုရားသခင်ကိုမြင်” နေရသလိုပဲ ကိုယ်တော်ရဲ့ကောင်းကင်တမန်တွေကို အသုံးပြုနေတယ်လို့ ကျွန်မတို့ခံစားခဲ့ရတယ်။—ဟေဗြဲ ၁၁:၂၇။
တစ်ခါ ပိုတူးမြို့မှာ ကျွန်မတို့ တစ်အိမ်မှတစ်အိမ် ဟောပြောနေတုန်း ကျွန်မတို့ကို အိမ်ထဲဝင်ဖို့ အတင်းဖိတ်ခေါ်တဲ့ လူတစ်ယောက်နဲ့ဆုံတယ်။ ကျွန်မရဲ့တွဲဖက်ညီအစ်မက ချက်ချင်းလက်ခံလိုက်လို့ ကျွန်မလည်း သူနဲ့အတူဝင်သွားရတော့တယ်။ ဧည့်ခန်းအဝင်ဝမှာ စစ်ယူနီဖောင်းနဲ့ လူတစ်ယောက်ရဲ့ဓာတ်ပုံကို ကျွန်မတွေ့လိုက်တာနဲ့ ထိတ်လန့်သွားမိတယ်။ အခု ဘာလုပ်ကြမလဲ။ အိမ်ရှင်က ကျွန်မတို့ကိုထိုင်ခိုင်းပြီး “တကယ်လို့ ခင်ဗျားရဲ့သားကို စစ်တပ်က စစ်ထဲဝင်ရမယ်လို့ပြောရင် ခင်ဗျားခွင့်ပြုမလား” ဆိုပြီး ကျွန်မကိုမေးပါလေရော။ သတိထားဖြေဆိုရမယ့် အနေအထားမျိုးတစ်ခုပဲ။ တိတ်တိတ်လေးဆုတောင်းပြီးနောက် အေးအေးဆေးဆေးနဲ့ပဲ “ကျွန်မမှာ သားသမီးတစ်ယောက်မှမရှိဘူး၊ ရှင့်ကို ဒီလိုကြံဖန်မေးတဲ့မေးခွန်းမျိုး ကျွန်မမေးခဲ့မယ်ဆိုရင် ဒီအတိုင်းပဲ ရှင်ဖြေမယ်ဆိုတာ သေချာတယ်” လို့ပြန်ဖြေခဲ့တယ်။ သူတိတ်သွားတယ်။ ဒါနဲ့ ကျွန်မကပဲဆက်ပြီး “မောင်လေး ဒါမှမဟုတ် အဖေဆုံးရှုံးသွားရင် ဘယ်လိုခံစားရသလဲလို့ ကျွန်မကိုမေးမယ်ဆိုရင်တော့ ကျွန်မမောင်လေးရော၊ အဖေပါ ဆုံးသွားလို့ ကျွန်မဖြေနိုင်မယ်” လို့ပြောခဲ့တယ်။ ကျွန်မစကားပြောရင်းနဲ့ မျက်ရည်တွေလည်လာတယ်၊ သူလည်း ငိုတော့မလိုဖြစ်နေတာကို ကျွန်မသတိပြုမိတယ်။ မကြာသေးခင်ကမှ သူ့ဇနီးဆုံးသွားတဲ့အကြောင်း သူပြောပြတယ်။ ရှင်ပြန်ထမြောက်ခြင်း မျှော်လင့်ချက်အကြောင်း ကျွန်မပြောပြတော့ အာရုံစိုက်ပြီး သူနားထောင်ခဲ့တယ်။ နောက်တော့ ယဉ်ယဉ်ကျေးကျေးနဲ့နှုတ်ဆက်ပြီး ဘေးမသီရန်မခ ပြန်ထွက်လာခဲ့ကြတယ်၊ ကိစ္စရပ်ကို ယေဟောဝါလက်ထဲပဲ အပ်ထားလိုက်တော့တယ်။
ပိတ်ပင်မှုကြား စိတ်ရင်းမှန်သူတွေ အမှန်တရားသိလာကြဖို့ အကူအညီရခဲ့ကြတယ်။ ပိုတူးမြို့မှာပဲ ကျွန်မခင်ပွန်းဟာ အမြန်အဆန်တိုးတက်လာတဲ့ စီးပွားရေးသမား ဟိုရေစီအိုနဲ့ စပြီးကျမ်းစာသင်အံမှုပြုလုပ်ခဲ့တယ်။ နောက်ပိုင်းမှာ သူ့ရဲ့သား ထူးချွန်တဲ့ဆရာဝန် အဲမီလီယိုလည်း ယေဟောဝါဘက်ရပ်တည်ပြီး နှစ်ခြင်းခံခဲ့တယ်။ ယေဟောဝါရဲ့သန့်ရှင်းသောဝိညာဉ်တော်ကို ဘာမှတားဆီးလို့မရနိုင်ဘူးဆိုတာ အမှန်ပါပဲ။
“ယေဟောဝါဘာခွင့်ပြုမယ်ဆိုတာကို ဘယ်လိုမှမခန့်မှန်းနိုင်ဘူး”
၁၉၇၃ ခုနှစ်မှာ ဘယ်လ်ဂျီယံနိုင်ငံ၊ ဘရပ်စဲလ်စ်မြို့မှာကျင်းပမယ့် “မြင့်မြတ်သောအောင်ပွဲ” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို တက်ရောက်ဖို့ ဇွာအုနဲ့ကျွန်မ ဖိတ်ခေါ်ခံခဲ့ရတယ်။ စပိန်နဲ့ ဘယ်လ်ဂျီယံညီအစ်ကို ထောင်နဲ့ချီရောက်ရှိနေကြတဲ့အပြင် မိုဇမ်ဘစ်၊ အင်ဂိုလာ၊ ကိပ်ဗဒ်၊ မဒေးရားနဲ့ အဇိုးရီးစ်တို့ကနေ ကိုယ်စားလှယ်တွေလည်းရောက်လာကြတယ်။ နယူးယောက်၊ ဌာနချုပ်က ညီအစ်ကိုနောရ်ရဲ့ နိဂုံးချုပ်စကားမှာ သူက “ယေဟောဝါရဲ့အမှုတော်ကို ဆက်ပြီးသစ္စာရှိရှိထမ်းဆောင်ကြပါ။ ယေဟောဝါဘာခွင့်ပြုမယ်ဆိုတာကို ဘယ်လိုမှမခန့်မှန်းနိုင်ကြဘူး။ နောက်အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ပေါ်တူဂီနိုင်ငံမှာ သင်တို့သွားတက်ကြရမယ်ဆိုတာ ဘယ်သူသိနိုင်မလဲ!” ဆိုပြီး အားပေးခဲ့တယ်။
နောက်တစ်နှစ်မှာပဲ ဟောပြောခြင်းလုပ်ငန်းကို ပေါ်တူဂီနိုင်ငံမှာ တရားဝင်အသိအမှတ်ပြုခဲ့တယ်။ ဒါနဲ့ ညီအစ်ကိုနောရ်ပြောတဲ့အတိုင်းပဲ ၁၉၇၈ ခုနှစ်မှာ လစ္စဘန်မြို့မှာ ကျွန်မတို့ရဲ့ပထမဦးဆုံးအပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ကျင်းပခဲ့ကြတယ်။ ကြော်ငြာကတ်ပြားတွေ၊ မဂ္ဂဇင်းတွေနဲ့ သက်သေခံပြီး လူထုဟောပြောချက်ကိုတက်ကြဖို့ ဖိတ်ခေါ်စာတွေနဲ့ လစ္စဘန်မြို့ရဲ့လမ်းတွေပေါ်မှာ ချီတက်သွားရတာ တကယ်အခွင့်ထူးတစ်ခုပါပဲ! မျှော်လင့်ချက်လေးတစ်ခု တကယ်ဖြစ်လာပြီကိုး။
ခရစ်ယာန်ကြားနေမှုကို ဆက်ထိန်းထားကြလို့ အကျဉ်းချခံရပြီး အရိုက်ခံခဲ့ကြရတဲ့ ပေါ်တူဂီညီအစ်ကိုတွေကို ကျွန်မတို့ချစ်တဲ့မေတ္တာဟာ ကြီးထွားခဲ့တယ်။ ပေါ်တူဂီမှာပဲ ဆက်ပြီးအမှုဆောင်ချင်တယ်။ ဒါပေမဲ့ ဒီအတိုင်းဖြစ်မလာပါဘူး။ ၁၉၈၂ ခုနှစ်မှာ ဇွာအုဟာ နှလုံးရောဂါအကြီးအကျယ်ဖြစ်လာတဲ့အတွက် ဘရာဇီးနိုင်ငံကိုပြန်ဖို့ ဌာနခွဲရုံးက ကျွန်မတို့ကို အကြံပြုတယ်။
ဆင်းရဲခက်ခဲချိန်
ဘရာဇီးဌာနခွဲရုံးက ညီအစ်ကိုတွေဟာ ကျွန်မတို့ကို အကြီးအကျယ်အကူအညီပေးခဲ့ကြတယ်၊ ဆောပိုလိုပြည်နယ်၊ တွာတ်ဗာတာမြို့က ကီရီရီမ်အသင်းတော်မှာ အမှုဆောင်ဖို့ ကျွန်မတို့ကို တာဝန်ပေးခဲ့တယ်။ ဇွာအုရဲ့ကျန်းမာရေးက တစ်မုဟုတ်ချင်းကျသွားပြီး မကြာခင်မှာပဲ အိမ်ပြင်မထွက်နိုင်တော့ဘူး။ စိတ်ဝင်စားသူတွေက အိမ်ကိုလာပြီး ကျမ်းစာသင်တယ်၊ နေ့တိုင်း လယ်ကွင်းလုပ်ငန်းတော်အတွက် စည်းဝေးတဲ့အပြင် အပတ်စဉ် အုပ်စုလိုက်လေ့လာမှုတွေလည်းရှိတယ်။ ဒီအစီအစဉ်တွေက ကျွန်မတို့ရဲ့ဝိညာဉ်ရေးကို ဆက်ထိန်းထားနိုင်ဖို့ အထောက်အကူပေးခဲ့တယ်။
ဇွာအုဆုံးတဲ့ ၁၉၈၅၊ အောက်တိုဘာ ၁ ရက်နေ့အထိ ယေဟောဝါရဲ့လုပ်ငန်းတော်မှာ သူဆက်ပြီးလုပ်ဆောင်နိုင်ခဲ့တယ်။ ကျွန်မဝမ်းနည်းပြီး အတော်လေးကိုစိတ်အားငယ်ပေမဲ့လည်း ကျွန်မရဲ့တာဝန်ကို ဆက်ပြီးထမ်းဆောင်ဖို့စိတ်ဆုံးဖြတ်ခဲ့တယ်။ နောက်အခက်အခဲကတော့ ၁၉၈၆၊ ဧပြီလမှာ ကျွန်မရဲ့အိမ် ဖောက်ထွင်းခံရပြီး ပစ္စည်းအားလုံးနီးပါး အခိုးခံရတယ်။ ကျွန်မရဲ့ဘဝမှာ ပထမဦးဆုံးအကြိမ် အထီးကျန်ပြီး ကြောက်လန့်ခဲ့တယ်။ ဇနီးမောင်နှံတစ်စုံက သူတို့နဲ့အတူ ခဏလာနေဖို့ မေတ္တာနဲ့ဖိတ်ခေါ်တဲ့အတွက် သူတို့ကို အရမ်းပဲကျေးဇူးတင်မိတယ်။
ဇွာအုဆုံးသွားတာရော အိမ်ဖောက်ထွင်းခံရတဲ့အတွက်ပါ ယေဟောဝါအတွက် ကျွန်မရဲ့လုပ်ငန်း အတော်လေးထိခိုက်သွားတယ်။ ခရစ်ယာန်ဓမ္မအမှုမှာ ကျွန်မရဲ့ယုံကြည်စိတ်ချမှု လျော့သွားတယ်။ အဲဒီအခက်အခဲအကြောင်း ဌာနခွဲရုံးကို စာရေးအကြောင်းကြားပြီးတဲ့နောက် ကျွန်မစိတ်ပိုင်းဆိုင်ရာပုံမှန်ပြန်ဖြစ်လာဖို့ ဗေသလမှာတစ်ခဏနေဖို့ ဖိတ်ခေါ်ချက်ကို ကျွန်မရခဲ့တယ်။ အဲဒီအချိန်ဟာ တကယ့်ကိုအားရှိစရာပါပဲ!
နည်းနည်းစိတ်သက်သာလာတာနဲ့ ဆောပိုလိုပြည်နယ်၊ အီပူးရာန်မြို့မှာ အမှုဆောင်ဖို့ တာဝန်ကို ကျွန်မလက်ခံခဲ့တယ်။ ဟောပြောခြင်းလုပ်ငန်းမှာ ကျွန်မအလုပ်များနေပေမဲ့လည်း တစ်ခါတလေ ကျွန်မစိတ်ဓာတ်ကျမိတယ်။ အဲဒီလိုအချိန်အခါမျိုးတွေမှာ ကီရီရီမ်အသင်းတော်က ညီအစ်ကိုတွေဆီ ကျွန်မဖုန်းဆက်လိုက်တာနဲ့ မိသားစုတစ်စုက ကျွန်မနဲ့အတူ ရက်အနည်းငယ်လာနေပေးတယ်။ အဲဒီလိုသူတို့လာလည်တဲ့အခါတွေဟာ တကယ်ပဲအားရှိစရာဖြစ်တယ်! အီပူးရာန်မြို့မှာ ကျွန်မနေထိုင်ခဲ့တဲ့ ပထမနှစ်အတွင်းမှာပဲ ညီအစ်ကို၊ ညီအစ်မ ၃၈ ယောက်ဟာ ခရီးဝေးကနေ ကျွန်မဆီလာလည်ပတ်ကြတယ်။
ဇွာအုဆုံးပြီးခြောက်နှစ်၊ ၁၉၉၂ ခုနှစ်မှာ ယေဟောဝါအဖွဲ့အစည်းကနေ နောက်ထပ်ဖိတ်ခေါ်ချက်တစ်ခုကို ကျွန်မရရှိတယ်၊ ဒီတစ်ခါတော့ ကျွန်မအခုထိ အချိန်ပြည့်အမှုဆောင်အနေနဲ့ ဆောင်ရွက်နေသေးတဲ့ ဆောပိုလိုပြည်နယ်၊ ဖရန့်ကာမြို့ကို ပြောင်းရွှေ့သွားဖို့ဖြစ်တယ်။ ဒီရပ်ကွက်ဟာ အရမ်းတိုးတက်တဲ့ရပ်ကွက်ပဲ။ ၁၉၉၄ ခုနှစ်မှာ မြို့တော်ဝန်နဲ့ ကျွန်မကျမ်းစာသင်အံမှုစခဲ့တယ်။ အဲဒီအချိန်တုန်းက သူဟာ ဘရာဇီးကွန်ကရက်ဝင်တစ်ဦးဖြစ်ဖို့ မဲဆွယ်ပွဲနဲ့ အလုပ်ရှုပ်နေတဲ့ကြားက တနင်္လာနေ့အပတ်တိုင်း နေ့ခင်းပိုင်းမှာ ကျွန်မတို့သင်အံမှုပြုလုပ်ခဲ့ကြတယ်။ အနှောင့်အယှက်မရှိရအောင် သူ့ရဲ့ဖုန်းကြိုးကို ဖြုတ်ထားတတ်တယ်။ နိုင်ငံရေးကနေ သူတဖြည်းဖြည်းနုတ်ထွက်လာပြီး အမှန်တရားရဲ့အကူအညီနဲ့ သူ့ရဲ့အိမ်ထောင်ရေးကိုပြန်တည်ဆောက်တာကို တွေ့ရတော့ ကျွန်မဝမ်းသာခဲ့ရတယ်! သူနဲ့သူ့ဇနီးပါ ၁၉၉၈ ခုနှစ်မှာ နှစ်ခြင်းခံခဲ့ကြတယ်။
နောက်ကြောင်းကို ပြန်ကြည့်လိုက်ရင် အချိန်ပြည့်အမှုဆောင်တစ်ယောက်အနေနဲ့ ကျွန်မရဲ့အသက်တာဟာ အတိုင်းမသိကောင်းချီးတွေနဲ့ အခွင့်အရေးတွေခံစားခဲ့ရတာပဲလို့ ကျွန်မပြောနိုင်ပါတယ်။ ယေဟောဝါဟာ ကိုယ်တော်ရဲ့အဖွဲ့အစည်းကနေ ကျွန်မကို ဖိတ်ခေါ်စာတွေပေးခဲ့တာကို ကျွန်မလက်ခံခဲ့တာက ကျွန်မအတွက်ဆုကျေးဇူးတွေ အများကြီးခံစားစေခဲ့ပါတယ်။ နောင်လည်း ဘယ်ဖိတ်ခေါ်ချက်ကိုမဆို ကျွန်မရခဲ့ရင် အဲဒါကိုလက်ခံချင်တဲ့စိတ်က အရင်ကလိုပဲ ထက်သန်နေဆဲပါ။
[စာမျက်နှာ ၂၅ ပါ ရုပ်ပုံ]
အချိန်ပြည့်လုပ်ငန်းတော်၌ ကျွန်မစပါဝင်ခဲ့သည့် ၁၉၅၇ ခုနှစ်နှင့် ယနေ့အချိန်
[စာမျက်နှာ ၂၆ ပါ ရုပ်ပုံ]
၁၉၆၃ ခုနှစ်တွင် ဘရာဇီးဗေသလမိသားစုနှင့်အတူ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
၁၉၆၅၊ ဩဂုတ်လမှာ ကျွန်မတို့၏မင်္ဂလာပွဲ
[စာမျက်နှာ ၂၇ ပါ ရုပ်ပုံ]
ပေါ်တူဂီတွင် လုပ်ငန်းပိတ်ပင်ခဲ့စဉ်က အစည်းအဝေးတစ်ခု
[စာမျက်နှာ ၂၈ ပါ ရုပ်ပုံ]
၁၉၇၈ “အောင်ပွဲခံယုံကြည်ခြင်း” အပြည်ပြည်ဆိုင်ရာစည်းဝေးကြီး အတွင်း လစ္စဘန်မြို့မှာ လမ်းပေါ်သက်သေခံနေခြင်း