ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ပြင်သစ်နိုင်ငံတွင် သက်သေခံများ လူထုရှေ့ရောက်
၁၉၉၉ ခုနှစ်၊ ဇန်နဝါရီ ၂၉ ရက်၊ သောကြာနေ့အစောပိုင်းမှစ၍ ရက်သတ္တပတ်အဆုံးပိုင်းအထိ ပြင်သစ်နိုင်ငံမှ ယေဟောဝါသက်သေများသည် ပြင်သစ်ပြည်သူပြည်သားတို့၊ သင်တို့လှည့်ဖြားခံနေရကြပြီ! အမည်ရှိဝေစာ စောင်ရေ ၁၂ သန်းကို စိတ်ထက်သန်စွာဖြင့် လမ်းပေါ်၌လည်းကောင်း၊ တစ်အိမ်မှတစ်အိမ်၌လည်းကောင်း ဝေငှခဲ့ကြသည်။ ယင်းလှုပ်ရှားမှုကို အဘယ်ကြောင့်ပြုလုပ်ခဲ့ရသနည်း။
၎င်းလှုပ်ရှားမှုပြုလုပ်ခဲ့ရသည့် အကြောင်းရင်းကို ထိုသောကြာနေ့နံနက်ပိုင်းတွင် ပါရီမြို့၌ပြုလုပ်သော သတင်းစာရှင်းလင်းပွဲ၌ တင်ပြခဲ့သည်။ သက်သေခံပြောရေးဆိုခွင့်ရှိသူတစ်ဦးက ဤသို့ရှင်းပြခဲ့သည်– “ဒီနေ့ကျွန်တော်တို့လုပ်ချင်တာကတော့ ကျွန်တော်တို့ဘယ်သူဘယ်ဝါတွေဖြစ်တယ်ဆိုတာ လူတွေသိဖို့နဲ့ ကျွန်တော်တို့နဲ့ပတ်သက်တဲ့ အသရေဖျက်ပြောဆိုစကားတွေတိတ်သွားဖို့ပါပဲ။ ဝေဖန်ကြတာကို တလိုတလားလက်ခံပေမဲ့ ကျွန်တော်တို့ရဲ့ဂုဏ်သိက္ခာထိခိုက်စေတဲ့ လိမ်လည်ပြောဆိုချက်တွေကိုတော့ ကျွန်တော်တို့ဆက်နားထောင်နေကြတော့မှာမဟုတ်ဘူး။”
ပြင်သစ်နိုင်ငံတွင် ယေဟောဝါသက်သေများသည် တတိယအကြီးဆုံးခရစ်ယာန်ဘာသာအသင်းဖြစ်သော်လည်း သက်သေခံကလေးများစွာတို့မှာ ကျောင်းတွင် စော်ကားခံရကြ၊ နှောင့်ယှက်ခံခဲ့ကြရပြီ။ လူကြီးများမူ အလုပ်ဖြုတ်ခံခဲ့ကြရပြီး သူတို့၏ဘာသာရေးကြောင့် ခြိမ်းခြောက်ခံရကြသည်။ မယုံနိုင်စရာမှာ၊ သူတို့ရရှိသောဘာသာရေးဆိုင်ရာ အလှူငွေများပင် အခွန် ၆၀ ရာခိုင်နှုန်းသတ်မှတ်ခံရခြင်းဖြစ်သည်။ ဤသို့သောခွဲခြားဆက်ဆံမှုကို ထိုလှုပ်ရှားမှုက မည်သို့ဖြေရှင်းခဲ့သနည်း။
ဝေစာက ဤသို့ကြေညာသည်– “ယေဟောဝါသက်သေများသည် ပြင်သစ်နိုင်ငံတွင် ၁၉၀၀ ပြည့်နှစ်မှစ၍ တည်ရှိခဲ့သော မိမိတို့၏ခရစ်ယာန်ဘာသာကို ၁၉၉၅ ကတည်းက အန္တရာယ်ရှိသည့်ဂိုဏ်းများနှင့် တစ်တန်းတစ်စားတည်းဖြစ်သည်ဟု မရိုးသားသောနည်းဖြင့်သမုတ်ခြင်းကို ပြင်သစ်နိုင်ငံ၌နေထိုင်ကြသူ သက်သေခံ ၂၅၀,၀၀၀ နှင့် သူတို့၏အပေါင်းအသင်းများ ကန့်ကွက်ကြသည်။ . . . သူတို့ခံခဲ့ကြရသော အဆက်မပြတ်နှောင့်ယှက်မှုများကို ကန့်ကွက်ကြသည်။” ပြင်သစ်နိုင်ငံရှိ သက်သေခံများကိုရည်ရွယ်ပြီး သွားပုပ်လေလွင့်ပြောဆိုမှုများနှင့် လူအများအဆိုးမြင်စေရန် အသရေဖျက်သူတို့၏ မရိုးသားသည့်နည်းများသည် ဖော်ထုတ်ခံခဲ့ရသည်။ ဝေစာက ဤသို့ကောက်ချက်ချထားသည်– “ယခုအခါ ဥရောပတွင် ယေဟောဝါသက်သေများနှင့် သူတို့၏အပေါင်းအသင်းနှစ်သန်းကျော်ရှိပါသည်။ ခရစ်ယာန်တရား၏တန်ဖိုးထားရာများကို ထောက်ခံအားပေးခြင်းဖြင့် မိမိတို့နိုင်ငံ၏ဥပဒေများကို လေးစားကြသည်။ ပြင်သစ်ပြည်သူပြည်သားတို့၊ ဤကားအဖြစ်မှန်များတည်း။ အမှန်အတိုင်းတင်ပြဖို့မှာ ကျွန်ုပ်တို့တာဝန်ဖြစ်သည်!”
လျင်မြန်သော အပြုသဘောပါသည့်တုံ့ပြန်မှု
ဦးဆုံးနေ့တွင် ဝေစာသန်းပေါင်းများစွာဝေငှခဲ့ကြ၏။ ပါရီမြို့တော်တစ်ခုတည်းတွင် နေ့လယ်ပိုင်းရောက်သော် သက်သေခံ ၇,၀၀၀ ကျော်တို့သည် လူထုလက်သို့ ဝေစာ ၁.၃ သန်းကျော်ဝေငှခဲ့ပြီဖြစ်သည်။ ဤမျှများစွာသောသက်သေခံများက လမ်းများပေါ်တွင် ဝေစာများဝေပေးနေကြခြင်းကို လူတို့တွေ့မြင်ခဲ့ရခြင်းသည် တကယ်ပင် ဦးဆုံးအကြိမ်ဖြစ်သည်။ ပြည်သူ့သတင်းစာနှင့် ဒေသခံသတင်းစာများ၊ ရုပ်မြင်သံကြားတို့အပါအဝင် သတင်းဖြန့်ချိရေးက ဤဆက်သွယ်ရေးလှုပ်ရှားမှုကို အားပေးထောက်ခံခဲ့သည်။ လာပရိုကရေးဒါလီရောန် သတင်းစာက ဤသို့ဖော်ပြခဲ့သည်– “ဤအစပြုလုပ်ဆောင်မှုက . . . စကားလုံးတစ်လုံးနှင့်ပတ်သက်၍ နားလည်လွဲမှားမှုကို ထုတ်ဖော်ပြသည်။ လွန်ခဲ့သည့်ဆယ်နှစ်အတွင်း ‘ဂိုဏ်း’ ဟူသောစကားလုံးသည် . . . ကတ်တီးကတ်ဖဲ့နိုင်သော၊ အန္တရာယ်ရှိ၍ ထိခိုက်နစ်နာစေသည့်အဓိပ္ပာယ်သက်ဝင်သည်။ . . . ယေဟောဝါသက်သေများသည် လူ့အဖွဲ့အစည်းကို မတည်မငြိမ်၊ ဆူပူထကြွစေမည့် အန္တရာယ်ပေးသူများဖြစ်နိုင်စရာအကြောင်းမရှိချေ။”
ယေဟောဝါသက်သေများကို သိထားကြသူများသည် သူတို့၏အေးဆေးစွာနေတတ်သည့်သဘောနှင့် လူမှုရေးအစီအစဉ်များကို သူတို့အလွန်လေးစားကြကြောင်း သတိထားမိကြသည်။ ထို့ကြောင့် ၎င်းလှုပ်ရှားမှုတွင်ပါဝင်ခဲ့ကြသော ထောင်နှင့်ချီသည့်သက်သေခံတို့ကို လမ်းပေါ်မှပြည်သူလူထုမြောက်မြားစွာက လေးစားတန်ဖိုးထား၍ ထောက်ခံအားပေးကြကြောင်း ထုတ်ဖော်ပြောဆိုခဲ့ကြသည်။ ချက်ချင်းဆိုရမလောက် ဝေစာအတွက်ကျေးဇူးတင်ကြောင်းဖော်ပြသည့် တယ်လီဖုန်း၊ ဖက်စ်နှင့်စာများကိုရရှိခဲ့ကြသည်။ ထို့ထက်ကား စိတ်ရင်းမှန်သူတို့သည် မဟုတ်မမှန်၊ ယုတ္တိမရှိပြောဆိုချက်များအစား သက်သေခံများနှင့်ပတ်သက်သည့် သတင်းမှန်ကို ကြားသိခွင့်ရခဲ့ကြပြီး မိမိတို့၏ခံယူချက်များ ပြစ်တင်ဝေဖန်ခံခဲ့ရသူများကလည်း သူတို့မြတ်နိုးရာနှင့်ပတ်သက်၍ သူတို့၏ခံစားချက်များကို ဖော်ပြနိုင်ခဲ့ကြသည်။