ဂရိအတွေးအခေါ်ပညာ—ခရစ်ယာန်ဘာသာကို တိုးမြှင့်ပေးခဲ့သလော
“ခရစ်ယာန်ဘာသာသည် အယူမှားသောဂရိနှင့်ရောမယဉ်ကျေးမှုကို ဆန့်ကျင်သော်ငြားလည်း ရှေးခေတ်အတွေးအခေါ်ပညာကို အတော်အတန်ခံယူခဲ့သည်။”—အမေရိကန်နားစွယ်စုံကျမ်း။
“ခရစ်ယာန်” အတွေးအခေါ်ကို ဩဇာလွှမ်းခဲ့ကြသူတို့တွင် “စိန့်” ဩဂက်စတင်းသည် အရေးပါသောနေရာတွင်ပါဝင်ကြောင်း အများလက်ခံထားကြသည်။ ဗြိတဲန်နစ်ကာစွယ်စုံကျမ်းသစ်အရ ဩဂက်စတင်း၏ “စိတ်ထဲတွင် ဓမ္မသစ်ကျမ်း၏ဘာသာတရားနှင့် ပလေတို၏ဂရိအတွေးအခေါ်ထုံးတမ်းစဉ်လာပေါင်းစပ်လာပြီးနောက် ထွက်ပေါ်လာသောဤအယူသည် အလယ်ခေတ်မှ ရိုမန်ကက်သလစ်နှင့် ရီနေစော့န်စ် ပရိုတက်စတင့်ဘာသာဝင်များ၏ ခရစ်ယာန်ဘောင်အသိုင်းအဝိုင်းသို့ ရောက်ရှိသွားခဲ့သည်။”
ဩဂက်စတင်း၏အမွေသည် အမှန်ပင်တည်မြဲသည်။ ဂရိအတွေးအခေါ်ပညာသည် ခရစ်ယာန်ဘောင်ကို အဘယ်အထိလွှမ်းမိုးခဲ့ကြောင်းပြောဆိုရာတွင် ဒဂလပ်စ် တီ. ဟိုလ်ဒန်က ဤသို့ဖော်ပြခဲ့သည်– “ခရစ်ယာန်ဓမ္မပညာသည် ဂရိအတွေးအခေါ်ပညာနှင့် မည်မျှရောစပ်လာသနည်းဟူမူ ဂရိအတွေးကိုးဆနှင့် ခရစ်ယာန်အတွေးတစ်ဆပေါင်းစပ်ထားသူများကို မွေးထုတ်ပေးခဲ့ပြီ။”
ဤသို့သောအတွေးအခေါ်ပညာ၏သြဇာသည် ခရစ်ယာန်ဘာသာတရား စတည်ချိန်တွင် ၎င်းကိုတိုးတက်စေခဲ့ပြီး ၎င်း၏သွန်သင်ချက်ကို အဓိပ္ပာယ်ပိုရှိစေကာ ပိုမိုခိုင်လုံစေသည်ဟု ပညာရှင်အချို့က အခိုင်အမာယုံကြည်ကြသည်။ ထိုသို့ဖြစ်ခဲ့သလော။ ဂရိအတွေးအခေါ်ပညာ၏သြဇာသည် မည်သို့နှင့် မည်သည့်အချိန်တွင် စတင်ခဲ့သနည်း။ အမှန်မှာ ၎င်းသည် ခရစ်ယာန်ဘာသာကို တိုးမြှင့်ပေးခဲ့သလော သို့မဟုတ် ညစ်ညမ်းစေခဲ့သလော။
ထူးခြားသော အခေါ်အဝေါ်လေးခုဖြစ်သည့် (၁) “ဂရိဆန်သောယုဒဘာသာ၊” (၂) “ခရစ်ယာန်ဆန်သော ဂရိယဉ်ကျေးမှု၊” (၃) “ဂရိဆန်သော ခရစ်ယာန်ဘာသာ၊” နှင့် (၄) “ခရစ်ယာန်အတွေးအခေါ်ပညာ” တို့ကိုဆန်းစစ်ကြရာ ဘီ.စီ.အီး. သုံးရာစုမှ စီ.အီး. ငါးရာစုအထိ အဖြစ်အပျက်အချို့ကို ခြေရာခံခြင်းဖြင့် ဉာဏ်အလင်းကိုပေးသည်။
“ဂရိဆန်သောယုဒဘာသာ”
ပထမဖြစ်သော “ဂရိဆန်သောယုဒဘာသာ” သည်တကယ်ရှေ့နောက်မညီချေ။ စစ်မှန်သောဘုရားသခင်ယေဟောဝါတည်ထောင်ခဲ့သော ဟေဗြဲလူမျိုး၏မူလဘာသာတရားကို မှားသောဘာသာရေးအယူအဆများနှင့် မညစ်ညမ်းစေရန်ဖြစ်သည်။ (တရားဟောရာ ၁၂:၃၂; သု. ၃၀:၅၊ ၆) သို့သော် ကနဦးကတည်းက ဝတ်ပြုရေး၏စင်ကြယ်မှုသည် ဝန်းရံလျက်ရှိသောအီဂျစ်၊ ခါနာန်နှင့် ဗာဗုလုန်တို့၏လွှမ်းမိုးမှုကိုခံရပြီး မှားသောဘာသာရေးထုံးစံများနှင့်အတွေးအခေါ်တို့ကြောင့် ယိုယွင်းမှု အန္တရာယ်အောက်ရောက်ရှိခဲ့၏။ ဝမ်းနည်းစရာကား ဣသရေလသည် ၎င်း၏စစ်မှန်သောဝတ်ပြုမှုကို အလွန်ယိုယွင်းပျက်ပြားစေခဲ့ခြင်းဖြစ်သည်။—တရားသူကြီး ၂:၁၁-၁၃။
ရာစုနှစ်များစွာကုန်လွန်ပြီးနောက် ဘီ.စီ.အီး. လေးရာစု၌ ရှေးပါလက်စတိုင်းသည် မဟာအလက်ဇန္ဒားလက်အောက် ဂရိအင်ပါယာဝင်ဖြစ်လာသောအခါ အဆိုပါယိုယွင်းပျက်ပြားမှုသည် ပိုဆိုးရွားသွားကာ အမွေဆိုးတစ်ခုစွဲထင်ကျန်ရစ်ခဲ့လေသည်။ အလက်ဇန္ဒားသည် သူ၏တပ်ထဲသို့ ဂျူးများကိုသွင်းခဲ့၏။ ဂျူးများနှင့် သူတို့အပေါ်အောင်နိုင်သူသစ်စပ်ကြားထိတွေ့မှုက ဂျူးဘာသာရေးအတွေးအခေါ်ကို အကြီးအကျယ်လွှမ်းမိုးခဲ့သည်။ ဂျူးပညာရေးစနစ်ထဲ ဂရိအတွေးအခေါ် ထိုးဖောက်ဝင်ရောက်ခဲ့သည်။ ဟိုးမားကိုလေ့လာခြင်းအားတိုးမြှင့်ရန် ဘီ.စီ.အီး. ၁၇၅ ၌ယေရုရှလင်မြို့တွင် ဂရိအကယ်ဒမီတစ်ခုကို ယဇ်ပုရောဟိတ်မင်းကြီးဂျေဆန်ဖွင့်လှစ်ခဲ့၏ဟုဆိုကြသည်။
စိတ်ဝင်စားစရာမှာ ဘီ.စီ.အီး. ဒုတိယရာစု၏ဒုတိယပိုင်း၌ ရှမာရိစာရေးဆရာတစ်ဦးသည် သမ္မာကျမ်းစာသမိုင်းကို ဂရိသမိုင်းပညာရပ်အဖြစ် ဖော်ပြရန်ကြိုးစားခဲ့ခြင်းဖြစ်၏။ ဂျူးဒစ်သ်နှင့် တိုဘစ်ဒ်ကျမ်းများအစရှိသည့် ကျမ်းစစ်ကျမ်းမှန်မဟုတ်သော ဂျူးဘာသာရေးစာစောင်များသည် ဂရိအချစ်ဒဏ္ဍာရီဇာတ်လမ်းများကိုပင် ရည်ညွှန်းဖော်ပြသည်။ ဂျူးဘာသာရေးနှင့် သမ္မာကျမ်းစာကို ဂရိအတွေးအခေါ်နှင့်ညှိယူရန် ကြိုးစားခဲ့သော ဂျူးအတွေးအခေါ်ပညာရှင်အချို့ ပေါ်လာခဲ့သည်။
ထိုသို့ပြုသည်ဟု အများဆုံးမှတ်ယူခံရသူမှာ စီ.အီး. ပထမရာစုမှ ဖီလိုအမည်ရှိဂျူးတစ်ဦးဖြစ်သည်။ သူသည် ပလေတို (ဘီ.စီ.အီး. လေးရာစု)၊ ပိုက်သကိုရီယမ်နှင့် သတောအိတ်တို့၏အယူဝါဒများကို သူ့သဘောဖြင့် သိမ်းကျုံးအသုံးပြုခဲ့သည်။ ဖီလို၏ရှုမြင်ချက်များသည် ဂျူးများကို အလွန်လွှမ်းမိုးခဲ့၏။ ဂျူးယဉ်ကျေးမှုထဲစိမ့်ဝင်လာသည့် ဤဂရိအတွေးအခေါ်ပညာကို အကျဉ်းချုပ်ဖော်ပြရာ၌ ဂျူးစာရေးဆရာ မက်ခ်စ် ဒိုင်မန်တ်ကဤသို့ဆိုသည်– “ဂျူးပညာရှင်များသည် ပလေတိုအတွေးအခေါ်၊ အရစ္စတိုတယ်၏ယုတ္တိဗေဒနှင့် ယူကလစ်ဒ်၏သိပ္ပံအတတ်တို့ကို တတ်မြောက်ထားကြရာ တိုရာကို နည်းအသစ်များနှင့် လေ့လာသုံးသပ်ခဲ့ကြသည်။ . . . သူတို့သည် ဂျူးတို့၏ဖော်ပြချက်ထဲ ဂရိကျိုးကြောင်းဆင်ခြင်ပုံ ထပ်ဆင့်ခဲ့ကြ၏။”
အတန်ကြာလေသော် ရောမများသည် ဂရိအင်ပါယာကို သိမ်းပိုက်ခဲ့ကြရာ ယေရုရှလင်မြို့ကိုသိမ်းယူလေသည်။ ယင်းသည် ပို၍ပင်သိသာထင်ရှားသောပြောင်းလဲမှုဖြစ်ပေါ်လာဖို့အတွက် လမ်းဖွင့်ပေးခဲ့၏။ စီ.အီး. တတိယရာစုတိုင်လေသော် ပလေတို၏အယူအဆများကို ညှိနှိုင်းပေါင်းစပ် အကောင်အထည်ဖော်ရန် ကြိုးစားခဲ့ကြသောတွေးခေါ်ရှင်များ၏ အတွေးအခေါ်ပိုင်းဆိုင်ရာနှင့် ဘာသာရေးဆိုင်ရာအယူဝါဒများသည် အပြီးသတ်ပုံစံပေါ်လာပြီး ယခု ၎င်းတို့ကို ပလေတိုဝါဒအသစ်ဟု အများလက်ခံထားလျက်ရှိသည်။ အများလက်ခံသည့် ဤအတွေးအခေါ်သည် အယူဖောက်ပြန်သောခရစ်ယာန်ဘာသာအပေါ် အမှန်တကယ်ပင် အလွန်သြဇာလွှမ်းမိုးပါလိမ့်မည်။
“ခရစ်ယာန်ဆန်သော ဂရိယဉ်ကျေးမှု”
ကျွန်ုပ်တို့ခေတ်သက္ကရာဇ်၏ ပထမငါးရာစုအတွင်း ပညာရှင်အချို့သည် ဂရိအတွေးအခေါ်ပညာနှင့် ဖော်ပြထားသောကျမ်းစာအမှန်တရားစပ်ကြား ဆက်နွှယ်မှုရှိကြောင်းတင်ပြရန် ကြိုးစားခဲ့ကြသည်။ ခရစ်ယာန်ဘာသာသမိုင်းစာအုပ်က ဤသို့ဖော်ပြသည်– “ဂရိတို့သည် ခရစ်တော်မတိုင်မီ ဆယ်စုနှစ်များစွာအတွင်း ဘုရားသခင်အားသိရန် ရဲရင့်စွာဖြင့် ဆင်ကန်းတောတိုးကြိုးစား၍ အေသင်လေထဲမှ ယေရှုပေါ်လာရန်၊ သူတို့၏ အယူမှားအသိဉာဏ်များဖြင့် ခရစ်ယာန်ဘာသာတရားကို တီထွင်ရန် ကြိုးစားခဲ့ကြသည်ဟု ခရစ်ယာန်အတွေးအခေါ်သမားများက ဖော်ပြခဲ့ကြသည်။”
ဤအတွေးမျိုး၏ရှေ့ပြေးတစ်ဦးဖြစ်သူ ပလိုတီနပ်စ် (စီ.အီး. ၂၀၅-၂၇၀) သည်ပလေတို၏အယူအဆများသီအိုရီအပေါ် အဓိကအခြေခံထားသည့် စနစ်တစ်ခုကို ပြုစုခဲ့၏။ ပလိုတီနပ်စ်သည် ခန္ဓာကိုယ်မှသီးခြားတည်ရှိသော ဝိညာဉ်စိုးလ်အယူအဆကို ထွင်ခဲ့သည်။ ပါမောက္ခ အီး. ဒဗလျူ. ဟုပ်ကင်းစ်က ပလိုတီနပ်စ်နှင့်ပတ်သက်၍ ဤသို့ဆိုခဲ့၏– “သူ၏ဓမ္မပညာသည် ခရစ်ယာန်အယူအဆခံယူသူ ခေါင်းဆောင်များကို များစွာလွှမ်းမိုးခဲ့သည်။”
“ဂရိဆန်သောခရစ်ယာန်ဘာသာ” နှင့်“ခရစ်ယာန်အတွေးအခေါ်ပညာ”
စီ.အီး. ဒုတိယရာစုမှစ၍ “ခရစ်ယာန်” အတွေးအခေါ်ပညာရှင်များသည် အယူမှားပညာရှင်များက မိမိတို့ကိုအထင်ကြီးစေရန် ကြိုးစားလုပ်ဆောင်ခဲ့ကြသည်။ “‘အသိပညာ’ ဟူ၍ လူအချို့တို့ မှားယွင်းစွာခေါ်ဆိုသည့်အသိပညာ၏ ဆန့်ကျင်ဖီလာမှုများ” နှင့်ပတ်သက်၍ တမန်တော်ပေါလု၏တိကျပြတ်သားသော သတိပေးချက်ရှိလျက်နှင့် ထိုသို့သောသွန်သင်သူများသည် ၎င်းတို့၏ပတ်ဝန်းကျင်ဂရိယဉ်ကျေးမှုမှ အတွေးအခေါ်ပညာရပ်ဆိုင်ရာအယူများကို သူတို့၏သွန်သင်ချက်များတွင် ရောသွန်သင်ခဲ့သည်။ (၁ တိမောသေ ၆:၂၀၊ သတင်းကောင်း) ဖီလို၏နမူနာက ပလေတို၏အယူအဆများကို သမ္မာကျမ်းစာနှင့် ညှိယူနိုင်မည့်ပုံရှိစေခဲ့သည်။—၂ ပေတရု ၁:၁၆ နှိုင်းယှဉ်။
အမှန်နစ်နာနေသည်မှာ သမ္မာကျမ်းစာအမှန်တရားဖြစ်ခဲ့၏။ ခရစ်ယာန်ဘာသာတရားသည် ဂရိ-ရောမတို့၏လူအဓိကပြုဝါဒနှင့် တူညီသည်ဟုတင်ပြရန် “ခရစ်ယာန်” သွန်သင်သူများ ကြိုးစားခဲ့ကြသည်။ အလက်ဇန္ဒရီးယားမြို့မှ ကလီးမင့်နှင့် အော်ရီဂျင် (စီ.အီး. ဒုတိယနှင့်တတိယရာစု) တို့သည် ပလေတိုဝါဒအသစ်ကို “ခရစ်ယာန်အတွေးအခေါ်ပညာ” ၏အခြေခံဖြစ်လာအောင် ပြုလုပ်ခဲ့ကြသည်။ မီလန်ခရစ်ယာန်ဘုန်းကြီးအမ်ဘရို့စ် (စီ.အီး. ၃၃၉-၃၉၇) သည် “ခရစ်ယာန်နှင့် အယူမှားအတွေးအခေါ်ပါအပါအဝင် ကာလပေါ်ဂရိပညာကို ဆည်းပူးခဲ့သည်။ အထူးသဖြင့် အယူမှားသူပလေတိုဝါဒအသစ်ခံယူသူ ပလိုတီနပ်စ်၏ . . . အရေးအသားများဖြစ်သည်။” သူသည် ပညာတတ်လက်တင်များကို ဂန္ထဝင်မြောက်ခရစ်ယာန်ဘာသာတရား သင်ကြားပေးရန် ကြိုးစားခဲ့၏။ ဩဂက်စတင်းလည်း သူ၏ပုံနမူနာကို လိုက်ခဲ့သည်။
အနှစ်တစ်ရာကြာပြီးနောက်၊ ဆီးရီးယန်းဘုန်းကြီးတစ်ပါးဖြစ်ဖွယ်ရှိသည့် ဂရိခုံရုံးအဖွဲ့ဝင်ဒယောနုသိ (အရေခြုံဒယောနုသိလည်းဖြစ်) သည် “ခရစ်ယာန်” ဓမ္မပညာကို ပလေတိုအတွေးအခေါ်နှင့် ပေါင်းစပ်ရန်ကြိုးစားခဲ့သည်။ စွယ်စုံကျမ်းတစ်ကျမ်းအရ “သူ၏စာပေသည် အလယ်ခေတ်ခရစ်ယာန်အယူဝါဒနှင့် ဝိညာဉ်ရေးပိုင်းတွင် ပလေတိုဝါဒအသစ်ကို သိသိသာသာတွေ့ရှိရသည်။ . . . ၎င်းသည် လက်ရှိအချိန်အထိ ခရစ်ယာန်ဘာသာရေးနှင့် ဝတ်ပြုမှုပုံစံ၏အသွင်အမျိုးမျိုးကို ဖြစ်ပေါ်စေခဲ့သည်။” “လူအဆက်ဆက်ခံသော . . . လောကီပညာနှင့်အချည်းနှီးသောပရိယာယ်” တို့ကိုသတိပြုရန် တမန်တော်ပေါလု၏သတိပေးချက်ကို ဗြောင်ကျကျဖီဆန်နေပါသည်တကား!—ကောလောသဲ ၂:၈။
ယိုယွင်းသောညစ်ညမ်းမှုများ
“ခရစ်ယာန်ပလေတိုဝါဒီသမားများသည် ဗျာဒိတ်တော်ကို ဦးစားပေးခဲ့ကြသည့်အပြင် သမ္မာကျမ်းစာနှင့် ချာ့ချ်ထုံးတမ်းစဉ်လာဝါဒအသစ် သွန်သင်ချက်များကို နားလည်ဖို့နှင့် ထုချေဖို့အတွက် ပလေတိုအတွေးအခေါ်ကို အကောင်းဆုံးလက်နက်အဖြစ် ယူမှတ်ခဲ့ကြ” ကြောင်းသတိပြုမိခဲ့ကြသည်။
ပလေတိုကိုယ်တိုင် မသေနိုင်သောဝိညာဉ်စိုးလ်ရှိသည်ဟု ယုံကြည်ခဲ့သည်။ “ခရစ်ယာန်” ဓမ္မပညာထဲသို့စိမ့်ဝင်လာခဲ့သော အထင်ရှားဆုံးသွန်သင်ချက်အမှားများထဲမှတစ်ခုမှာ မသေနိုင်သောဝိညာဉ်စိုးလ်အယူဖြစ်သည်မှာ သိသာထင်ရှားသည်။ ယင်းသွန်သင်ချက်ကို လက်ခံလိုက်ခြင်းဖြင့် လူထုအတွက် ခရစ်ယာန်ဘာသာသည် ပို၍နှစ်သက်သဘောကျစရာဖြစ်၏ဟု အဘယ်နည်းဖြင့်မျှ အကြောင်းမပြသင့်ပေ။ တမန်တော်ပေါလုသည် ဂရိယဉ်ကျေးမှု၏အချက်အချာ အာသင်မြို့တွင် ဟောပြောခဲ့စဉ်က ဝိညာဉ်စိုးလ်နှင့်ပတ်သက်သော ပလေတိုအယူဝါဒကို မသွန်သင်ပေးခဲ့ချေ။ ယင်းအစား သူ၏ဂရိပရိသတ်များစွာက သူ့စကားကို လက်ခံရန်ခက်ခဲကြသည်ကို တွေ့ရှိခဲ့သော်လည်း ခရစ်ယာန်အယူဝါဒဖြစ်သည့် ရှင်ပြန်ထမြောက်ခြင်းအကြောင်းကို သူဟောပြောခဲ့သည်။—တမန်တော် ၁၇:၂၂-၃၂။
ဂရိအတွေးအခေါ်ပညာနှင့်ဆန့်ကျင်စွာ သမ္မာကျမ်းစာက ဝိညာဉ်စိုးလ်ဟူသည် လူတစ်ဦး၌ ရှိသည့်အရာမဟုတ်ဘဲ သူပင်ဖြစ်သည်ဟု ရှင်းလင်းစွာဖော်ပြသည်။ (ကမ္ဘာဦး ၂:၇) သေဆုံးသောအခါ ဝိညာဉ်စိုးလ်မတည်ရှိတော့ပါ။ (ယေဇကျေလ ၁၈:၄) ဒေ. ၉:၅ ကကျွန်ုပ်တို့ကို ဤသို့ပြောသည်– “အသက်ရှင်သောသူသည် မိမိသေရမည်ကိုသိ၏။ သေသောသူမူကား၊ အဘယ်အရာကိုမျှမသိ။ အကျိုးအပြစ်ကိုလည်းမခံရ။ သူ့ကိုလည်း မေ့လျော့တတ်ကြ၏။” မသေနိုင်သောဝိညာဉ်စိုးလ်အယူဝါဒအကြောင်းကို သမ္မာကျမ်းစာက မသွန်သင်ပေးချေ။
ထင်ယောင်ထင်မှားဖြစ်စေသော နောက်သွန်သင်ချက်တစ်ခုမှာ လူ့ဘဝမတိုင်မီကယေရှု၏အနေအထား၊ သူသည် ခမည်းတော်နှင့်တန်းတူဖြစ်သည်ဟူသော အယူအဆနှင့်သက်ဆိုင်၏။ ပထမသုံးရာစုမှချာ့ချ်စာအုပ်က ဤသို့ရှင်းပြသည်– “သုံးပါးပေါင်းတစ်ဆူအယူဝါဒသည် . . . ဂျူးနှင့်ခရစ်ယာန်ကျမ်းစာစောင်များ၏ပြင်ပအရင်းအမြစ်မှ စတင်ဖြစ်ပေါ်လာခဲ့သည်။” ထိုအရင်းအမြစ်ကားအဘယ်နည်း။ ထိုအယူဝါဒသည် “ပလေတိုအယူကို လက်ခံသောချာ့ချ်ဖခင်များ၏လက်ချက်ဖြင့် တဖြည်းဖြည်းအကောင်အထည်ပေါ်လာပြီး ခရစ်ယာန်ဘာသာတရားအတွင်း ထည့်သွင်းဆက်ခံယူခဲ့သည်။”
အချိန်ကုန်လွန်သည်နှင့်အမျှ ချာ့ချ်ဖခင်များသည် ပလေတိုဝါဒအသစ်များ၏ လွှမ်းမိုးမှုကိုတိုး၍ခံကြရသောအခါ သုံးပါးပေါင်းတစ်ဆူဝါဒီများ အနိုင်ရရှိခဲ့ကြ၏။ သုံးရာစုမှ ပလေတိုဝါဒအသစ်အတွေးအခေါ်ပညာက သူတို့အား မဖြစ်နိုင်ရာကိုဖြစ်လာစေပုံရခဲ့၏။—ဘုရားသုံးပါးကို တစ်ဆူသဖွယ်ဖြစ်စေခြင်းပင်။ အတွေးအခေါ်ပညာအရ ကျိုးကြောင်းဆင်ခြင်ခြင်းအားဖြင့် ပုဂ္ဂိုလ်သုံးပါးသည် သူတို့၏တစ်ပါးစီအရည်အသွေးကိုထိန်းထားစဉ် ဘုရားတစ်ဆူဖြစ်နိုင်သည်ဟု အဆိုတင်သွင်းခဲ့ကြသည်!
သို့ရာတွင် ယေဟောဝါတစ်ပါးတည်းသာ မတိုင်းမဆနိုင်သောတန်ခိုးရှင်ဘုရားသခင်ဖြစ်ကြောင်း၊ ယေရှုခရစ်သည် ကိုယ်တော်ထက်နိမ့်သောဖန်ဆင်းခံသားတော်ဖြစ်ကြောင်းနှင့် သန့်ရှင်းသောဝိညာဉ်တော်သည် ကိုယ်တော်၏တက်ကြွလှုပ်ရှားသောစွမ်းအားဖြစ်ကြောင်း သမ္မာကျမ်းစာအမှန်တရားက ရှင်းလင်းစွာဖော်ပြသည်။ (တရားဟောရာ ၆:၄; ဟေရှာယ ၄၅:၅; တမန်တော် ၂:၄; ကောလောသဲ ၁:၁၅; ဗျာဒိတ် ၃:၁၄) သုံးပါးပေါင်းတစ်ဆူအယူဝါဒသည် တစ်ပါးတည်းသောစစ်မှန်သည့်ဘုရားသခင်အား မခန့်မညားပြုရာရောက်ပြီး လူတို့ကို ရှုပ်ထွေးစေသည့်အပြင် သူတို့နားမလည်နိုင်သောဘုရားသခင်ထံမှ လှည့်ထွက်သွားစေသည်။
ခရစ်ယာန်အယူအဆအပေါ် ပလေတိုဝါဒအသစ်သြဇာသက်ရောက်ခြင်း၏ နောက်ထပ်သားကောင်တစ်ခုမှာ ကျမ်းစာကိုအခြေခံထားသည့် အနှစ်တစ်ထောင်မျှော်လင့်ချက်ဖြစ်သည်။ (ဗျာဒိတ် ၂၀:၄-၆) အော်ရီဂျင်သည် အနှစ်တစ်ထောင်သမားများကို ပြစ်တင်ရှုတ်ချခဲ့သည့်အတွက် ကျော်ကြားခဲ့သည်။ သူသည် ကျမ်းစာအယူဝါဒဖြစ်သည့် ခရစ်တော်၏အနှစ်တစ်ထောင်အုပ်ချုပ်ရေးကို အဘယ်ကြောင့် ဤမျှဆန့်ကျင်ခဲ့ရသနည်း။ ကက်သလစ်စွယ်စုံကျမ်းက ဤသို့ဖြေ၏– “သူ၏အယူဝါဒများသည် ပလေတိုဝါဒအသစ်အပေါ်အခြေခံသည့်အတွက် . . .၊ [အော်ရီဂျင်] သည်အနှစ်တစ်ထောင်သမားများဘက်မပါနိုင်ခဲ့ချေ။”
အမှန်တရား
အထက်ဖော်ပြပါ အဖြစ်အပျက်မှန်သမျှသည် အမှန်တရားနှင့်မည်သို့မျှမသက်ဆိုင်ချေ။ ဤအမှန်တရားသည် သမ္မာကျမ်းစာတွင်တွေ့ရှိရသည့် ခရစ်ယာန်သွန်သင်ချက်ရှိရှိသမျှဖြစ်သည်။ (၂ ကောရိန္သု ၄:၂; တိတု ၁:၃၊ ၁၄; ၂ ယောဟန် ၁-၄) သမ္မာကျမ်းစာသည် တစ်ကျမ်းတည်းဖြစ်၍ အမှန်တရား၏တစ်ခုတည်းသောဇာစ်မြစ်ဖြစ်ပါသည်။—ယောဟန် ၁၇:၁၇; ၂ တိမောသေ ၃:၁၆။
သို့သော် ယေဟောဝါ၊ အမှန်တရား၊ လူသားနှင့် ထာဝရအသက်၏ရန်သူ—“လူအသက်ကိုသတ်သောသူ” နှင့် “မုသာ၏အဘ” စာတန်—သည်အမှန်တရားကို အစစ်အမှန်မဖြစ်စေရန် ကလိမ်ကကျစ်နည်းအမျိုးမျိုးကို အသုံးပြုခဲ့၏။ (ယောဟန် ၈:၄၄; ၂ ကောရိန္သု ၁၁:၃ နှိုင်းယှဉ်။) ခရစ်ယာန်သွန်သင်ချက်များတွင်ပါဝင်သည့်အကြောင်းအရာကို ကြိုးစားပြောင်းလဲပစ်ရန် သူအသုံးပြုခဲ့သော အထိရောက်ဆုံးကိရိယာများထဲတွင် သူ့ကိုယ်ပိုင်ယူဆချက်ကိုရောင်ပြန်သော အယူမှားဂရိအတွေးအခေါ်ပညာရှင်များ၏ သွန်သင်ချက်များပါဝင်သည်။
ဂရိအတွေးအခေါ်ပညာနှင့် ခရစ်ယာန်သွန်သင်ချက်ကို အဆိုပါသဘာဝမကျရောစပ်ခြင်းသည် သမ္မာကျမ်းစာအမှန်တရားကို လျော့ပေါ့လိုက်ရန်၊ ၎င်း၏ခိုင်ခံ့မှုကို အားလျော့သွားစေရန်နှင့် စိတ်နှိမ့်ချသော၊ ရိုးသားသော၊ သွန်သင်ခြင်းကိုလက်ခံနိုင်သော အမှန်တရားရှာဖွေသူများနှစ်သက်စရာမဖြစ်စေရန် ကြိုးစားအားထုတ်မှုတစ်ခုဖြစ်သည်။ (၁ ကောရိန္သု ၃:၁၊ ၂၊ ၁၉၊ ၂၀) အမှန်တရားနှင့် မုသာကို မသဲမကွဲဖြစ်စေခြင်းဖြင့် အလွန်သန့်ရှင်းစင်ကြယ်သော သမ္မာကျမ်းစာအယူဝါဒကို ညစ်ညမ်းစေသည်။
ယနေ့ အသင်းတော်ဦးခေါင်းယေရှုခရစ်၏ ညွှန်ကြားမှုအောက်တွင် စစ်မှန်သောခရစ်ယာန်သွန်သင်ချက်ကို မူလအတိုင်းပြန်ဖြစ်စေခဲ့ပြီ။ ထို့ပြင် စိတ်ရင်းမှန်ဖြင့် အမှန်တရားရှာဖွေသူများသည် စစ်မှန်သောခရစ်ယာန်အသင်းတော်၏အသီးများကိုတွေ့မြင်ပြီး ၎င်းကိုအလွန်လွယ်ကူစွာခွဲခြားသိရှိနိုင်သည်။ (မဿဲ ၇:၁၆၊ ၂၀) ယေဟောဝါသက်သေများသည် အမှန်တရားရေစစ်စစ်ကို ဤသူများရှာတွေ့စေရန် ကူညီပေးဖို့၊ ကျွန်ုပ်တို့၏ခမည်းတော်ယေဟောဝါကမ်းလှမ်းထားသော ထာဝရအသက်အမွေကို ကိုင်စွဲနိုင်ဖို့ စိတ်အားထက်သန်စွာ ကူညီပေးလိုကြသည်။—ယောဟန် ၄:၁၄; ၁ တိမောသေ ၆:၁၉။
[စာမျက်နှာ ၁၁ ပါ ရုပ်ပုံ]
ဩဂက်စတင်း
[Picture Credit Lines on page 10]
ဂရိကျမ်းစာသား– ရှေးဂရိစာရေးဆရာများစာအုပ်မှ–Plato’s Phaedo, 1957, Ioannis N. Zacharopoulos, Athens;ပလေတို– Musei Capitolini, Roma